အခန်း(၅)
လူဝီဘိုနာပတ်၏
ဘရူမေးလ် တစ်ဆယ့်ရှစ်ရက်နေ့ (ဒုတိယလ ၁၈ ရက်နေ့)
(၁၈၄၈) ဖေဖော်ဝါရီ တော်လှန်ရေးမတိုင်မီက တော်လှန်ရေးဆိုသည်မှာ အစိုးရပုံသဏ္ဌာန် ဖြိုချဖျက် သိမ်းရေး ဖြစ်သည်။
ဓနရှင်လူတန်းစားသည် မင်းဆက်ဘုရင်စနစ် အုပ်စိုးမှုကို ထောက်ခံသည့်ဘက်တွင် အပိုင်း (၂) ပိုင်းကွဲသွား ခဲ့သည်။ ( ၂) ပါတီ ဟုဆိုရမည်။
တပါတီကတော့ ပြင်သစ် လက်ဂျီတမစ်(တရားဝင်) ဝါဒီတို့၏ဂိုဏ်း။ သူတို့က ဘော်ဘွန် မင်းဆက်ကိုထောက် ခံသည်။ ဒီ မင်းဆက်ဆိုတာက မြေရှင်ကြီးများနှင့် အထက်တန်းလွှာ ဘုန်းတော်ကြီးတို့၏ အကျိုးစီးပွားကို ကိုယ် စားပြုသည့် မင်းဆက်။ ဤမင်းဆက်မှာ (၁၇၉၂) တုန်းက တခါ ဖြိုချခံခဲ့ရသည်။ (၁၈၃ဝ) ခုနှစ်ကျတော့လည်း တခါ ဖြိုချခံရပြန်သည်။ ဤသို့ ဖြိုချမှုတွေ ခံရပြီးသည်၏ နောက်မှာ ဒီ မင်းဆက်ကို လိုလားထောက်ခံ သူများ သည် တရားဝင်ဝါဒီတို့၏ပါတီအဖြစ် ပါတီတရပ် ထူထောင်လိုက်သည်။
နောက်တပါတီမှာ အော်လီယန်မင်းဆက်ကို ထောက်ခံသူများ (Orleanists) ဖြစ်သည်။ သူတို့သည် ဘဏ္ဍာ ဘုရင်အုပ်စုနှင့် ဓနရှင်ကြီးလူတန်းစားတို့ကို ဒေါက်တိုင်အဖြစ် ထားရှိသည်။ သူတို့သည် (၁၈၃ဝ) ဂျူလိုင် တော်လှန်ရေး၌ အာဏာရယူ နိုင်ခဲ့ကြသည်။ အော်လီယန်မြို့စား လူဝီဖိလစ်ကို ဘုရင်အဖြစ်တင်သည်။ ဒီဘုရင် မင်းဆက်ကို ဂျူလိုင်မင်းဆက် ဟုခေါ်ကြသည်။ အော်လီယန်မင်းဆက် ဟုလည်း တချို့က ခေါ်ကြသည်။ (၁၈၄၈) ဖေဖော်ဝါရီ တော်လှန်ရေးက ဒီမင်းဆက်ကို ဖြိုချလိုက်သည်။
ဤသည်ကို ကြည့်လျှင် ဓနရှင်လူတန်းစား အစိတ်အပိုင်း အသီးသီးတို့သည် ဓနရှင်အာဏာ ကျင့်သုံးရေးအတွက် အုပ်ချုပ်ပုံစနစ်များအပေါ် အကြိုက်ချင်း မတူညီကြကြောင်း တွေ့ရသည်။ တစိတ်တပိုင်းက ဘော်ဘွန်မင်းဆက် အုပ်စိုးမှုကိုကြိုက်ကြပြီး နောက်တစိတ်တပိုင်းက အော်လီယန်မင်းဆက်ကိုကြိုက်သည်။ တချို့က သမ္မတစနစ် အစိုးရပုံသဏ္ဌာန်ကို လိုလားသည်။ တချို့က စည်းမျဉ်းခံ ဘုရင်စနစ်ကို သဘောကျသည်။ သမ္မတစနစ်ကို ကြိုက်ကြရာမှာလည်း ပုံသဏ္ဌာန်အမျိုးမျိုး ထပ်ကွဲသေးသည်။
ထို့ကြောင့် ဓနရှင်လူတန်းစား၏ အစိတ်အပိုင်းတခုက အာဏာရအစိုးရအတွင်း ပါဝင်နေသော်ငြားလည်း ၄င်း အစိုးရ ပုံသဏ္ဌာန်ကို မကြိုက်သည့် နောက် ဓနရှင်အစိတ်အပိုင်းတခုက ၄င်းအစိုးရကို ဖြိုချတော်လှန်သည်များ ဖြစ်ခဲ့သည်။ မည်သို့ပင်ဖြစ်စေ အရင်းစစ်လိုက်လျှင်မူ ဓနရှင်လူတန်းစား လုံးဝအာဏာရရေး ကြိုးပမ်းမှုဖြစ်စဉ် သာလျှင် ဖြစ်ပေသည်။
(၁၈၄၈) ဂျွန်လ ပဲရစ် အလုပ်သမားအရေးအခင်း ရှုံးးနိမ့်သွားပြီးသည်၏ နောက်ပိုင်း ထပ်မံပေါ်ပေါက် လာသော တော်လှန်ရေးများသည် ဓနရှင်တော်လှန်ရေးနှင့် ၄င်းတို့၏ အာဏာကို ဖြိုချဖျက်သိမ်းရေးတို့ ဖြစ်လာ ကြသည်။ “၁၈၇၁ ခုနှစ် ပဲရစ်ဘုံအဖွဲ့” ပေါ်လာသည့်အခါတွင် ဤအချက်သည် အထူးထင်ရှားပေါ်လွင်လာသည်။
သို့ရာတွင် ၄င်းကာလ၏ကြားမှာ ပေါ်ပေါက်ခဲ့သော ထူးခြားသည့်အရေးကိစ္စတချို့ကိုလည်း ပြောဖို့ လိုပါသေး သည်။
ထူးခြားသည့် အဖြစ်အပျက်အနေနှင့် ပြောရမည်ဆိုလျှင် နပိုလီယံ (ပထမ) ၏ “တူ” ဖြစ်သူ လူဝီဘိုနာပတ် နိုင်ငံရေးဇာတ်ခုံပေါ်တက်လာပြီး အာဏာရရှိသွားပုံနှင့် နောက်တဖန် စစ်တပ်အင်အားဖြင့် သူက အာဏာ ဆက်လက် သိမ်းပိုက်ပုံအကြောင်းတို့ပင် ဖြစ်သည်။ ကာလအနေနှင့် ပြောရမည်ဆိုလျှင် (၁၈၄၈) ခုနှစ်မှသည် (၁၈၅၁) ခုနှစ် ဒီဇင်ဘာ (၂ )ရက်နေ့အထိဟု ဆိုရ မည်။
ဒီကာလအတွင်းတွင်လည်း အပြောင်းအလဲများသည် နိုင်ငံရေးရုန်းကန်လှုပ်ရှားမှုများနှင့် တိုက်ပွဲများ၏ရလဒ် အဖြစ် ပေါ်ထွက်လာခဲ့ခြင်းသာ ဖြစ်သည်။
• • •
ဖေဖော်ဝါရီတော်လှန်ရေး၏ရလဒ်အဖြစ် ပထမဆုံး ပေါ်ထွက်ခဲ့တာကတော့ ယာယီအစိုးရပါ။
ယာယီအစိုးရက ပြည်လုံးဆိုင်ရာ ရွေးကောက်ပွဲတခု ကျင်းပခဲ့ရာတွင် ယင်းရွေးကောက်ပွဲ၏ ရလဒ်အဖြစ် တိုင်းပြုပြည်ပြု အမျိုးသား လွှတ်တော်တရပ်ပေါ်လာသည်။ ဒီတိုင်းပြုပြည်ပြု အမျိုးသားလွှတ်တော်၏တာဝန်က ဓနရှင်သမ္မတနိုင်ငံအတွက် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေရေးဆွဲပေးရေးဖြစ်သည်။ တော်လှန်ရေး၏ အကျိုးရ လဒ်များကို ဓနရှင်အတိုင်းအတာနှင့် ကိုက်ညီသည့်အဆင့်အထိ လျှော့ချရေးသည် ဒီလွှတ်တော်၏ အဓိကဦး တည်ချက်ဟု ဆိုနိုင်သည်။
ဒီလွှတ်တော်သည် (၁၈၄၈) မတ်လ (၄) ရက်နေ့တွင် အစည်းအဝေးစထိုင်သည်။ လွှတ်တော် အစည်းအဝေး စထိုင်ပြီး ရက်အနည်းငယ်အကြာတွင် သူ၏ရည်ရွယ်ချက်များကို သိနားလည်လာသည့် ပဲရစ်အလုပ်သမားများက ဆန္ဒပြပွဲများ ဆင်နွှဲလာကြတော့ သည်။ အစိုးရကို တောင်းဆိုချက်တွေ တင်ခဲ့သည်။ သို့ရာတွင် ဘလန်ကွီးနှင့် တခြားအလုပ်သမားခေါင်းဆောင်များ အဖမ်းခံရတာပဲ အဖတ် တင်ခဲ့သည်။
တိုင်းပြုပြည်ပြုလွှတ်တော်၏ ဥပဒေအရဆိုလျှင် ပြင်သစ်ပြည်ကို ဓနရှင်လူတန်းစား တရပ်လုံးက “ပြည်သူ” ဟူသော နာမည်တပ်ကာ အုပ်စိုးသွားတော့မည်ဖြစ်သည်။ ပစ္စည်းမဲ့တို့၏ တောင်းဆိုချက်များမှာ မျှော်လင့်စရာ မရှိတော့။ ပစ္စည်းမဲ့တို့၏ ဘဝသည်လည်း အာမခံချက် မရှိတော့။
ထို့ကြောင့် ဇွန်လ ပုန်ကန်မှု ပေါ်ပေါက်လာခဲ့ရခြင်း ဖြစ်သည်။ သိခဲ့ကြပြီး ဖြစ်သည့်အတိုင်း ဇွန်လ ပုန်ကန်မှုတွင် ပစ္စည်းမဲ့တို့ အရေးနိမ့်ပြီး ဓနရှင်သမ္မတနိုင်ငံက အောင်ပွဲခံခဲ့တာပါ။
ဓနရှင်သမ္မတနိုင်ငံဘက်က ရပ်တည်သူတွေကလည်း များပါသည်။ ဘဏ္ဍာဘုရင်အုပ်စု၊ စက်မှုဓနရှင်၊ အလယ် အလတ်လွှာ လူတန်းစား၊ စစ်တပ်၊ ကာကွယ်ရေးလှုပ်ရှားတပ်အဖြစ် ဖွဲ့စည်းထားသည့် လေလွင့်ပစ္စည်းမဲ့များ၊ ပညာရေးဆိုင်ရာ ပုဂ္ဂိုလ်များ၊ ဘာသာရေးဆိုင်ရာပုဂ္ဂိုလ်များ၊ ကျေးလက်လူထု....စသည်တို့အားလုံးသည် တိုင်းပြုပြည်ပြု အမျိုးသားလွှတ်တော်ဘက်ကချည်းသာ။ ပစ္စည်းမဲ့ လူတန်းစားဘက်မှာကတော့ သူကိုယ်တိုင်က လွဲလို့် တခြားဘယ်သူမှ မရှိခဲ့ကြပါ။
အဲဒီ ဇွန်လ နေ့ရက်များတုန်းက ပစ္စည်းမဲ့လူတန်းစားကလွဲ၍ ကျန်လူတန်းစားအားလုံးတို့သည် (Party of Order) ပါတီထဲ သွားစုခဲ့ကြသည်။ ဒီလိုစုပြီး ပစ္စည်းမဲ့လူတန်းစားကို ဆိုရှယ်လစ်ဝါဒ၊ ကွန်မြူနစ်ဝါဒတို့၏ တရားဝင်ပါတီ အဖြစ်ဝိုင်းဝန်း တိုက်ခိုက်ခဲ့ကြသည်။ နောက်ပြီး သူတို့က ပြောလိုက်ကြသေးသည်။ “လူ့အဖွဲ့ အစည်း၏ ရန်သူများလက်တွင်း ရောက်ရှိနေသော လူ့အဖွဲ့အစည်း ကို ကယ်တင်လိုက်နိုင်ပြီ”တဲ့။
ဇွန်လတိုက်ပွဲမှာ ပစ္စည်းမဲ့တို့ရှုံးနိမ့်တဲ့နေ့ရက်ကစပြီး တိုင်းပြုပြည်ပြု လွှတ်တော်၏သမိုင်း စတင်ခဲ့သည်။ လူတန်း စားအရ ပြောရမည်ဆိုလျှင်တော့ ဓနရှင်လူတန်းစားအတွင်းမှာ သမ္မတစနစ်ဝါဒီဂိုဏ်း၏ သြဇာလွှမ်းမိုးမှုသမိုင်း ဟုပြောရပေလိမ့်မည်။ (ကာလ သိပ်မကြာခင်မှာပဲ သူ၏ကျဆုံးမှုသမိုင်းသည်လည်း ဆက်တိုက် လိုက်ပါလာ ခဲ့သည်။)
ဒီသမ္မတစနစ် ဂိုဏ်းသားတွေဆိုတာကလည်း အမျိုးမျိုး ကွဲပြားနေကြသည်။ သုံးရောင်ခြယ်သမ္မတစနစ် ဂိုဏ်း သားများ၊ သမ္မတနိုင်ငံစနစ် စစ်စစ်ကိုသာ လိုလားသူများ၊ နိုင်ငံရေးဆိုင်ရာ သမ္မတနိုင်ငံစနစ်ကို လိုလားသူများနှင့် အစဉ်အလာ သမ္မတနိုင်ငံစနစ် ကို လိုလားသူများ ....စသဖြင့် နာမည်အမျိုးမျိုးနှင့် ရှိနေကြသည်။
လက်ရှိ သမ္မတနိုင်ငံစနစ်ကို လိုလားသည့် ဂိုဏ်းသည် လူဝ်ီဖိလစ်ဘုရင်၏ လက်ထက်တုန်းက အတိုက်အခံ ပါတီအဖြစ် ရပ်တည်ခဲ့သော အင်အားစုဖြစ်သည်။ လတ်တလော အချိန်ကာလ၏ နိုင်ငံရေးဖွဲ့ တည်မှုအရ သူတို့ သည် ခိုင်မာသော အင်အားစုတရပ် ဖြစ်လာသည်။ လွတ်တော်တွင်းမှာလည်း သူတို့၏ ကိုယ်စားလှယ်များပါ သည်။ ပဲရစ်မှာ ထုတ်သည့် သူတို့၏ဂျာနယ် “နေရှင်နယ်” ဆိုသည်မှာလည်း သူ့နည်းသူ့ ဟန်အရ လေးစားခြင်း ခံရသော ဂျာနယ်တစောင်ပါ။ (ထို့ကြောင့် သူတို့ပါတီကို ‘နေရှင်နယ်ပါတီ’ ဟူ၍လည်း ခေါ်ခဲ့ကြသည်။) သမ္မတ နိုင်ငံစနစ်ကို လိုလားကြသော စာရေးဆရာများ၊ အရာရှိများ၊ အမှုထမ်းများ စသည်တို့သည်လည်း သူတို့ အထဲမှာ ပါသည်။
သူတို့က ဘဏ္ဍာဘုရင်အုပ်စုကို ဆန့်ကျင်ကြသည်။ သူတို့(နေရှင်နယ်ပါတီ) ၏ အဓိက ယုံကြည်မှုမှာ အရင်းစစ်လိုက်လျှင် ဓနရှင်စနစ် လိုလားမှုသက်သက်သာ ဖြစ်သည်။ ဓနရှင်စနစ် အုပ်စိုးမှုပုံသဏ္ဌာန်တွင်မူ သူတို့က သမ္မတနိုင်ငံစနစ်ကို လိုလားသည်။ ဘုရင်စနစ်ကို မကြိုက်။ ဒါပဲကွဲသည်။ သည့်အပြင် အုပ်ချုပ်ရေး ဘက်မှာကျ သူက ခြင်္သေ့မင်း၏ဝေစုမျိုး ရချင်သည်။ အောင်ပွဲခံအပြီး ရာထူးနေရာအများစုကို သူက ရချင်သည်။
(၁၈၄၈) ဖေဖော်ဝါရီတော်လှန်ရေးအပြီး ယာယီအစိုးရတွင်းမှာ သူက နေရာဝင်ယူခဲ့သည်။ သူတို့အဖွဲ့ထဲက ဇွန်လ ပုန်ကန်မှုအတွင်း ဦးစီးညွှန်ကြားခဲ့သူ ဗိုလ်ချုပ်(Cavaignac)သည် အာဏာပိုင်အဖွဲ့ထဲမှာ နေရာ ရရှိသွားခဲ့သည်။ နေရှင်နယ် ဂျာနယ်က မားရက်စ်(Marrast) သည်လည်း တိုင်းပြုပြည်ပြု လွှတ်တော်၌ အမြဲတမ်းသဘာပတိ ဖြစ်လာသည်။ အရေးကြီးသော ဝန်ကြီးနေရာများနှင့် အရေးကြီးသော ရာထူးနေရာများကို သူတို့ပဲ ရခဲ့ကြသည်။ သူတို့ အာဏာရလာမှုကို အခွင့်ကောင်းယူကာ ဇွန်လ ပုန်ကန်မှုကိစ္စအကြောင်း ရမယ်ရှာ၊ စွပ်စွဲအပြစ်တင်ပြီး လီဒရူးရိုလင် ခေါင်းဆောင်သည့် ဒီမိုကရေစီသမ္မတဂိုဏ်းသားများကို ဘေးကန်ထုတ် လိုက် သည်။
ဒီသမ္မတနိုင်ငံစနစ် လိုလားသူဂိုဏ်း၏ အုပ်စိုးမှုသည် (၁၈၄၈) ဇွန် ၂၄ ရက်မှသည် (၁၈၄၈) ဒီဇင်ဘာ (၁ဝ) ရက်နေ့အထိ သာဖြစ်ခဲ့သည်။ ဒီကာလအတွင်းမှာ အခိုင်အမာလုပ်ငန်း၂ခုကို သူလုပ်ခဲ့သည်။ တခုက သမ္မတနိုင်ငံ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ရေးဆွဲရေး။ နောက်တခုက ပဲရစ်မြို့မှာ “အရေးပေါ်အခြေအနေ” အမိန့်ထုတ်ပြန်ခြင်း။ ဒီနှစ်ခု ဖြစ်သည်။ “ပဲရစ်မြို့ဟာ အန္တရာယ်အတွင်း ကျရောက်နေတယ်။ မငြိမ်မသက် ဖြစ်နေတယ်။ ဒါကြောင့်မို့ လိုအပ်ရင် သေနတ်သုံးရလိမ့်မယ်”ဟု ဆိုလိုက်ခြင်း ဖြစ်သည်။
ဓနရှင်သမ္မတဂိုဏ်းသားများက တိုင်းပြုပြည်ပြုလွှတ်တော်ထဲမှာ အစည်းအဝေးထိုင်နေကြတုန်း သူတို့၏ ဗိုလ်ချုပ် (Cavaignac) က လွှတ်တော်၏ အပြင်ဘက်မှာ ပဲရစ်အရေးပေါ်အခြေအနေကို ကွပ်ကဲနေရရသည်။ ဒီအ ရေးပေါ်အခြေအနေသည် တိုင်းပြုပြည်ပြုလွှတ်တော်မှ အခြေခံဥပဒေမွေးဖွားလာနိုင်စေဖို့ ဝမ်းဆွဲလက်သည် အလုပ်ကို လုပ်ခဲ့ရခြင်းဖြစ်သည်။ သူတို့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေရေးဆွဲနိုင်ဖို့အတွက် အရေးပေါ် အခြေအနေ ထုတ်ပြန်ပြီး လှံစွပ်တွေနှင့် ကျားကန်ပေးခဲ့ခြင်းမျှသာ ....။ ဒီလိုလုပ်ရတာက ပြည်သူတွေကို ကြောက်လန့်လို့ပါ။ ကျားကန်ပေးထားရသော လှံစွပ်များသည် ပြည်သူတွေဘက်သို့ ဦးလှည့်ထားသည်။ ယင်းဖွဲ့စည်း အုပ်ချုပ်ပုံအခြေခံဥပဒေသည် သူ့မိခင် ဝမ်းပိုက်တွင်းမှာ ရှိနေစဉ် ကာလကတည်းက လှံစွပ်များနှင့် အကာအကွယ်ပေးခဲ့ရပြီး ဒီလှံစွပ်များနှင့်ပဲ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို မွေးဖွားပေါ်ထွက်စေခဲ့သည်။ သည့်နောက် လှံစွပ်များ၏ အကာအကွယ်နှင့်သာ ဆက်လက် ရှင်သန်တည်ရှိခဲ့ရသည်။
ဒီသမ္မတဂိုဏ်းသားတွေ၏ ဘိုးဘေးဖြစ်သူများက သူတို့၏ အမှတ်တံဆိပ်ဖြစ်သည့် သုံးရောင်ခြယ်အလံကို ဥရောပတလွှား လွှမ်းခြုံဖြန့်ကြက်ပေးခဲ့ကြသည်။ (ပထမဦးဆုံး သမ္မတနိုင်ငံထူထောင်စဉ်ကာလကို ရည်ညွှန်းခြင်း ဖြစ်သည်)။ သည့်နောက်ကျတော့ ဥရောပတိုက်တွင် သမ္မတနိုင်ငံအသီးသီး ပေါ်ထွက်လာခဲ့သည်။ ပြင်သစ်က တီထွင်ပေးလိုက်သော ဒီနည်းလမ်းသည် ဥရောပကို လွှမ်းခြုံ ပြီး၍ ပြင်သစ်နိုင်ငံသို့ တဖန် ပြန်လည် ရောက်ရှိလာသည့်အခါကျတော့ (ပြင်သစ်နိုင်ငံ နောက်တကြိမ် သမ္မတ နိုင်ငံ ပြန်ဖြစ်လာသည့် အခါကျတော့) ဒီသမ္မတနိုင်ငံကို အရေးပေါ်အခြေအနေ အမိန့်ထုတ်ပြန်ပြီး ကာကွယ်ထားရသည့် အခြေအနေ ဆိုက်နေပါပြီ။
တိုင်းပြုပြည်ပြု လွှတ်တော်အစည်းအဝေးက ပထမဆုံး ထုတ်ပြန်သော အမိန့်များထဲတွင် စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့ဖို့ဆိုတာလည်း ပါရှိခဲ့သည်။ ဤသည်မှာ အလုပ်သမားတိုက်ပွဲ ခေါင်းဆောင် လူဝီဘလန့်နှင့် ဆိုရှယ်ဒီမိုကရေစီပါတီခေါင်းဆောင် ‘လီဒရူး ရိုလင်’တို့ကို ဦးတည်ခြင်း ဖြစ်သည်။ ဓနရှင်သမ္မတဂိုဏ်းသားတွေ အဖို့ ဒီလူတွေရှိနေသမျှ ရတက်မအေးနိုင်ကြလို့ပါ။ ထို့ကြောင့် အညှာအတာကင်းပြီး ရက်စက်မှုမှာ စိတ်ချရ သော၊ ဘုရင်စနစ်ကို ထောက်ခံသူ ယခင်အတိုက်အခံ ခေါင်းဆောင်ဟောင်း အိုဒီလန်ဘားရော့(Odilon Barrot) ကို စုံစမ်းရေးကော်မရှင်၏ ဥက္ကဋ္ဌအဖြစ် ခန့်အပ်လိုက်သည်။
စုံစမ်းရေးကော်မရှင်သည် လူဝီဘလန့်နှင့် တခြားလူထုခေါင်းဆောင်များကို စုံစမ်းစစ်ဆေးခဲ့ကြသည်။ ‚နောက် တရားရုံးသို့ စွဲချက်တင်အပြစ်ပေးဖို့ ထပ်မံလွှဲအပ်လိုက်သည်။
တိုင်းပြုပြည်ပြု လွှတ်တော်သည် အာမခံကြေး ပုံသဏ္ဌာန်ဖြင့် အရင်းအနှီးအပေါ် အခွန်ကောက်ခံနေမှုကို ဖျက်သိမ်းလိုက်သည်။ (ဓနရှင်များကို အလုပ်အကျွေးပြုလိုက်တာပါ။)
တနေ့အလုပ်ချိန် (၁ဝ) နာရီသာ ကန့်သတ်ထားမှုကို ဖျက်သိမ်းလိုက်သည်။ အေºကးမပေးပါက ထောင်ချသည့် ပြစ်ဒဏ်ခတ် မှုကို ပြန်လုပ်လာသည်။ လွတ်လပ်စွာ စု±ုံးခွင့်၊ စည်းဝေးခွင့်များကို ခွင့်မပြုတော့။ (အလုပ်သမားများနှင့် လူထုကို ဖိနှိပ်တာပါ။)
တိုင်းပြုပြည်ပြုလွှတ်တော်၏ ဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေ ရေးဆွဲသောအလုပ်သည် စက်တင်ဘာ (၄) ရက်နေ့မှာ စတင်ပြီး အောက်တိုဘာ (၂၃) ရက်နေ့မှာ ပြီးစီးသည်။ သည့်အပြင် ဒီလွှတ်တော်ကပဲ ဒီဇင်ဘာ ၁ဝ ရက်နေ့တွင် သမ္မတရွေးကောက်ပွဲ လုပ်မည်ဟု သတ်မှတ်လိုက်သည်။ (၁၈၄၈) ခုနှစ် စက်တင်ဘာ (၁၉) ရက်နေ့။ သမ္မတအတွက် အကြိုကိုယ်စားလှယ်(သမ္မတလောင်းလျာ) များကို ရွေးကောက်ရာ မင်းသားလူဝီဘိုနာပတ် (နပိုလီယံ၏ တူတော်သူ) နှင့် (Vinicennes) အကျဉ်းထောင်တွင်းမှာ အကျဉ်းသား ဖြစ်နေသူ ကွန်မြူနစ် “ရက်စ်ပီးလ်” တို့ကို ပဲရစ်မြို့ကိုယ်စားပြု သမ္မတလောင်းများအဖြစ် ရွေးကောက်ခဲ့ကြသည်။
ဒီဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေအရ ရွေးကောက်ပွဲဆိုင်ရာ သတ်မှတ်ထားသော စည်းကမ်းချက်များထဲတွင် အရေးကြီး သော အချက်တချက်ပါရှိသည်။ ၎င်းမှာ မည်သည့်အရွေးခံ သမ္မတလောင်းဖြစ်စေ ရွေးကောက်ပွဲတွင် မဲအရေ အတွက် (၂) သန်း မရရှိပါက ရွေးကောက်ပွဲရလဒ်ကို အတည်မပြု -ဟူသော အချက်ပင် ဖြစ်သည်။ မဲတွေပြား သွားပြီး သမ္မတလောင်းများအနက် မည်သူမျှ အတည်ပြုခြင်းမခံရပါက တိုင်းပြုပြည်ပြုလွှတ်တော် ကတော့ဆက် လက်တည်ရှိနေမည်။ သူက သူ့စိတ်ကြိုက် သမ္မတကို ရွေးချယ်လိမ့်မည်။ မိခင် ဖြစ်သူ တိုင်းပြုပြည်ပြုလွှတ်တော် သည် သူ့သားဖြစ်သူ သမ္မတစနစ်ဂိုဏ်းသားကိုပဲ နန်းတင်ချင်မည်မှာ သေချာသည်။ လူဝီဘိုနာပတ်ကို ဖြစ်စေ၊ ကွန်မြူနစ် ရက်စ်ပီးလ်ကို ဖြစ်စေ သို့မဟုတ် ဓနရှင်ကြီးလူတန်းစားက သမ္မတလောင်း အဖြစ် ရွေးထားသည့် အတိုးကြီးစား ငွေကုန်သည် (Fould) ကို ဖြစ်စေ သူတို့မလိုချင်ပါ။ သူတို့ဓနရှင် သမ္မတဂိုဏ်းသားထဲက ဗိုလ် ချုပ်ဖြစ်နေသူ (Cavaignac) ကိုသာ သူတို့က သမ္မတ ဖြစ်စေချင်သည်။
ဒီဇင်ဘာလ (၁ဝ) ရက်နေ့ ရောက်လာခဲ့ပါပြီ။
တိုင်းပြုပြည်ပြု လွှတ်တော်အတွက်ဆိုလျှင် ဒီမဲပုံးတွေထဲမှာ သူ၏သေမိန့််ပါ တည်ရှိနေသည်ဟု ဆိုရပါလိမ့်မည်။ သူ သေဆုံးရမည်လား၊ ဆက်လက်ရှင်သန်ရမည်လား ဆိုသည်ကို မဲဆန္ဒတွေက အဖြေပေးပါလိမ့်မည်။
မဲရေတွက်ပြီးသည့်အခါ ထွက်လာသည့်အဖြေမှာ တိုင်းပြုပြည်ပြုလွှတ်တော်က “သူ့အမေဖြစ်သူ၏သား”ကို ရှာ ခဲ့သည်။
သို့ရာတွင် တွေ့ရှိလာရသည်မှာ “သူ့ဦးလေးဖြစ်သူ၏တူ”သာ ဖြစ်ခဲ့သည်။ လူဝီဘိုနာပတ်က နပိုလီယံ၏ တူမဟုတ်လား။
(Cavaignac) က မဲတသန်းသာ ရပေမယ့် ဒေးဗစ်နပိုလီယံ( လူဝီဘိုနာပတ်) ကတော့ မဲ ( ၆ )သန်းနီးပါး (၅, ၅ဝဝ, ဝဝဝ) သန်း ရရှိခဲ့ပါသည်။
• • •
ရွေးကောက်ပွဲ ကျင်းပသည့်နေ့ဖြစ်သော (၁၈၄၈) ဒီဇင်ဘာ (၁ဝ) ရက်နေ့သည် လယ်သမားများ အုံကြွတော်လှန်သောနေ့ဟု ဆိုရမည်။ ဒီနေ့သည် လယ်သမားများ၏ ဖေဖော်ဝါရီတော်လှန်ရေးနေ့ဟုလည်း ဆိုနိုင်သည်။
သမ္မတနိုင်ငံသည် သူ့ကိုယ်သူ အခွန်ကောက်သူ အဖြစ်နှင့် လယ်သမားများကို မိတ်ဆက်ခဲ့သည်။
လယ်သမားတွေကလည်း သူတို့ကိုယ်သူတို့ အင်ပါယာနိုင်ငံတော်၏ ဧကရာဇ်အဖြစ် သမ္မတနိုင်ငံကို ပြန်မိတ်ဆက်ပြလိုက် သည်။
ပထမ နပိုလီယံသည် လယ်သမားလူတန်းစား၏အကျိုးစီးပွားနှင့် မျှော်လင့်ချက်တို့ကို အစွမ်းကုန် ကိုယ်စားပြု လိုက်လျောပေးသည့် တယောက်တည်းသော ပုဂ္ဂိုလ်အဖြစ် (၁၇၈၉) နှစ်မှာ စတင်ပေါ်ထွက်လာခဲ့သည်။ သမ္မတနိုင်ငံ၏ အဖွင့်စာမျက်နှာမှာ သူ့အမည်ကို ရေးထိုးပြီး ပြည်ပစစ်ပွဲများကို စစ်ကြေညာခဲ့သည်။ ပြည်တွင်းမှာ ဆိုလျှင် လယ်သမားလူတန်းစား၏ အကျိုးစီးပွားကို ဦးစားပေးခဲ့သည်။ လယ်သမားတွေအတွက် နပိုလီယံ ဆိုသည်မှာ လူပုဂ္ဂိုလ်တယောက်မဟုတ်၊ လမ်းစဉ်တရပ်သာ ဖြစ်သည်။
ထို့ကြောင့် လယ်သမားများသည် မဲရုံတွေဆီသို့ အိုးစည်ဗုံမောင်းများတီးပြီး ချီတက်လာကြသည်။ ကြွေးကြော်သံများတိုင် ကြသည်။
“အခွန်တော်တွေ တိုးပြီး မကောက်နဲ့”
“လူချမ်းသာတွေ ကျဆုံးပါစေ”
“သမ္မတနိုင်ငံ ကျဆုံးပါစေ”
“အင်ပါယာ ဧကရာဇ်မင်းမြတ် သက်တော်ရှည်ပါစေ”
အင်ပါယာဧကရာဇ်မင်းမြတ်၏နောက်ကွယ်တွင် ပုန်းကွယ်တည်ရှိနေသည်မှာကား လယ်သမားထု၏ တိုက်ပွဲများ။
မဲစနစ်အရ သူတို့ဖြူတ်ချလိုက်သည့် သမ္မတနိုင်ငံသည် လူချမ်းသာတို့၏ သမ္မတနိုင်ငံသာ ဖြစ်သည်။
ဒီဇင်ဘာ (၁ဝ) ရက်နေ့တွင် လယ်သမားများက အာဏာသိမ်းပြီး အစိုးရ အပြောင်းအလဲလုပ်လိုက် သကဲ့ သို့ဖြစ်သည်။ သူတို့သည် ပြင်သစ်နိုင်ငံတွင် အစိုးရတရပ်ကို ဆွဲနုတ်ယူလိုက်ပြီး နောက်အစိုးရတရပ်ကို အစားထိုးပေးလိုက်သည်။ သူတို့၏ မျက်လုံး များသည် ပဲရစ်မြို့ပေါ်မှာ စူးစိုက်ကျရောက်ခဲ့သည်။
တော်လှန်ရေးကဇာတ်တခုမှာ တက်ကြွသူ သူရဲကောင်းများအဖြစ် သူတို့ တက်ရောက်ကပြလိုက်သည့်အခါ လက်ခုပ် သြဘာသံတွေ ညံမစဲ ဖြစ်ခဲ့သည်။ ထို့ကြောင့် နောက်တကြိမ်အတွက် လက်ခုပ်သြဘာသံများ မတက် မကြွနှင့် ခပ်ကြဲကြဲသာ ရနိုင်သည့် ကကွက်မျိုး သူတို့ ကချင်တော့မှာ မဟုတ်။ သူတို့ကို နောက်ပြန်ဆုတ်ခိုင်းလို့် ရတော့မှာ မဟုတ်တော့။
ရွေးကောက်ပွဲတွင် လယ်သမားများ၏ အောင်ပွဲကို ပြီးပြည့်စုံသွားအောင် တခြားလူတန်းစားတွေကလည်း ကူညီ ခဲ့ကြသည်။ ပစ္စည်းမဲ့တို့အတွက် ဆိုလျှင် နပိုလီယံကို ရွေးကောက်တင်မြှောက်ရေးသည် သူတို့လုံးဝလက်မခံနိုင် သည့်(Cavaignac) ကိုဖယ်ရှားရေးအတွက်ပါပဲ။ တိုင်းပြုပြည်ပြုလွှတ်တော်ကို ဖယ်ရှားနိုင်ရေးအတွက်ပါပဲ။ ဓနရှင်သမ္မတနိုင်ငံစနစ်ကို ဖယ်ထုတ်ပစ်ရေးအတွက်ပါပဲ။
ဓနရှင်ပေါက်စ လူတန်းစားအတွက်ဆိုလျှင် နပိုလီယံဆိုသည့် အဓိပ္ပယ်သည် ကြွေးရှင်တွေကို အကြွေးဆပ်ဖို့ လိုအပ်နေသူ လူတွေရဲ့ အုပ်ချုပ်ရေးသာ ဖြစ်သည်။ (ဓနရှင်ပေါက်စလူတန်းစားသည် အကြွေးတွေတင်နေပြီး ကြွေးရှင်ဖြစ်သူ ဓနရှင် လူချမ်းသာတွေ ကိုမလိုလားနိုင် ဖြစ်နေကြသော အချိန်ပါ။)
ဓနရှင်ကြီး လူတန်းစား၏အများစုကလည်း နပိုလီယံကို ရွေးကောက်တင်မြှောက်ရေးဆိုသည့် အဓိပ္ပာယ်သည် တော်လှန်ရေးများကို ဆန့်ကျင်ဖို့ နပိုလီယံကို အသုံးချရေးဖြစ်သည်။ (နောက်ပိုင်းတွင် သူတို့သည် မှန်းချက်နှင့် နှမ်းထွက် မကိုက်ညီကြောင်း တွေ့ရှိ လာရသည်။)
မတူခြားနားသည့် လူတန်းစားများသည် မတူခြားနားသည့် အဓိပ္ပာယ်နှင့် နပိုလီယံဆိုသည့်အမည်ကို ပါးစပ်က တတွတ်တွတ် ရွတ်ခဲ့ကြသည်။ နပိုလီယံဆိုသည့် အမည်သည် ရေပန်းစားခဲ့လေသည်။
လူတိုင်းက မဲစာရွက်တွေပေါ်မှာ ဒီအမည်နှင့်အတူ ရေးသားခဲ့သည်များကတော့ ....
“နေရှင်နယ်ဂျာနယ်ရဲ့ နေရှင်နယ်ပါတီ ကျဆုံးပါစေ”
“Cavaignac ကျဆုံးပါစေ”
“တိုင်းပြုပြည်ပြုလွှတ်တော် ကျဆုံးပါစေ”
“ဓနရှင်သမ္မတနိုင်ငံ ကျဆုံးပါစေ”
ဓနရှင်လူတန်းစား အစိတ်အပိုင်းတချို့နှင့် ပစ္စည်းမဲ့လူတန်းစားတို့သည် မဲမပြားအောင် သူတို့၏မဲတွေကို လယ်သ မားတွေနှင့် အတူပုံအောလိုက်ကာ တိုင်းပြုပြည်ြပုလွှတ်တော်၏ နောက်ဆုံး ဆုံးဖြတ်ချက်ကို ပျက်အောင်လုပ် ခဲ့ကြသည် (Cavaignac) ကို မဲဖြင့် ဆန့်ကျင်လိုက်ကြသည်။
ဒီလူတန်းစား (၂) ရပ်၏ ပိုမိုတိုးတက်သည်ဆိုသော အပိုင်းတွေကတော့ သူတို့လူတန်းစား၏ ကိုယ်ပိုင်သမ္မတ လောင်းတွေ ကိုသာ မဲပေးခဲ့ကြပါသည်။ ဓနရှင်ပေါက်စ ဆိုရှယ်ဒီမိုကရေစီပါတီ၏ ကိုယ်စားလှယ်ဖြစ်သူ လီဒရူးအိုလင် ကို ဓနရှင်ပေါက်စလူတန်းစား၏ တိုးတက်သည့် အစိတ်အပိုင်းက မဲပေးခဲ့ပါသည်။ ပစ္စည်းမဲ့ပါတီ၏ တိုးတက်သည့် အစိတ်အပိုင်းကလည်း ရက်စ်ပီးလ် ကိုသာမဲပေး ခဲ့ကြသည်။ သို့ရာတွင် လီဒရူးအိုလင်နှင့် ရက်စ် ပီးလ်တို့သည် ကိုယ့်ပါတီ၏ အခိုင်အမာ အမည်သာ ဖြစ်ခဲ့သည်။
နပိုလီယံ ဆိုတာကတော့ ဓနရှင်သမ္မတနိုင်ငံကို ပါတီအားလုံးက ပူးပေါင်းတိုက်ခိုက်ရေးအတွက် ဘုံနာမည် ဖြစ်ခဲ့ပါသည်။
ဒီဇင်ဘာ (၂ဝ) ရက်နေ့တွင် တိုင်းပြုပြည်ပြုလွှတ်တော်က နပိုလီယံကို သမ္မတနိုင်ငံ၏သမ္မတအဖြစ် ကြေညာ ခဲ့သည်။ ဒီလွှတ်တော်က နောက်ဆုံး ထွက်ခတ်ခတ်သည့်အနေဖြင့် သူ့အာဏာသက်၏ နောက်ဆုံးရက်ဖြစ် သည့် ဒီဇင်ဘာ (၁၉ ) ရက်နေ့တွင် ဇွန်လ ပုန်ကန်ထကြွသူများအား လွတ်ငြိမ်းချမ်းသာခွငြ်ု့ပဖို့ အဆိုပြုချက်ကို ငြင်းဆန်ဖျက်သိမ်းသွားခဲ့ခြင်း ဖြစ်သည်။
လူဝီဖိလစ်ဘုရင်၏ အစိုးရလက်ထက်တုန်းက နောက်ဆုံးဝန်ကြီးဖြစ်ခဲ့သူ (Odilon Barrot) သည် နပိုလီ ယံ၏ ယခုအစိုးရ လက်ထက်တွင် ပထမဆုံးဝန်ကြီး ဖြစ်လာသည်။ နပိုလီယံသည် သူ့အုပ်ချုပ်မှုသက်တမ်းကို ဒီဇင်ဘာ (၂ဝ) ရက်နေ့ကဟု စတင်သတ် မှတ်ခဲ့သည်။ သူက ရေအေးဖျန်း၊ ချွေးသိပ်သည့်အနေဖြင့် အစိုးရ အပြောင်းအလဲလုပ်ရာတွင် ဝန်ကြီးအဖွဲ့ဟောင်းကိုပဲ ဆက်လက်ထိန်း သိမ်း ခန့်အပ်ခဲ့သည်။
သည့်နောက်မှာတော့ လယ်သမားတို့အတွက် သူတို့မဲပေးခဲ့ရသည့် လူဝီဘိုနာပတ်နှင့် ပတ်သက်၍ မမေ့နိုင်စရာ ကိစ္စတခု ဖြစ်ပွားခဲ့သည်။ “အခွန်တော်တွေ တိုးမကောက်နဲ့”ဟု တိုင်းပြုပြည်ပြု လွှတ်တော်ကိုေºကးကြော်ပြီး လူဝီဘိုနာပတ်အပေါ် မျှော်လင့် ချက်ကြီးစွာနှင့် မဲပေးရွေးကောက်ခဲ့ကြတာပါ။
လူဝီဘိုနာပတ် သမ္မတထိုင်ခုံ ထိုင်ပြီးလို့ ၆ ရက်အလွန်၊ ၇ ရက်နေ့အရောက် ဒီဇင်ဘာလ ၂၇ ရက်နေ့မှာ သူ့၏ ဝန်ကြီး အဖွဲ့သည် ယာယီအစိုးရခေတ်တုန်းက အမိန့်ထုတ်ပြန်ပြီး ဖျက်သိမ်းခဲ့သည့် ဆားအခွန်တော်ကို ပြန်လည်အသက်သွင်းဖို့ (ပြန်ကောက်ဖို့) အဆိုပြုလိုက်သည်။ ဝိုင်အရက်ခွန်နှင့် တွဲကောက်သော ဆားအခွန် သည် ပြင်သစ်ပြည်၏ ဘဏ္ဍာရေးစနစ်တွင် အပြစ် တင်ကဲ့ရဲ့စရာ အချက်တချက် ဖြစ်ခဲ့သည်။ အထူးသဖြင့် ကျေး လက်ပြည်သူလူထု၏ မျက်စိထဲမှာ အမြင်မတည့်သည့် ကိစ္စရပ်ပါ။ ဒီ ဆားခွန်တော် ကိစ္စနှင့်ပတ်သက်ပြီး လူဝီ ဘိုနာပတ်၏ တော်လှန်ရေး ဆားပွင့်များသည်လည်း ဆုံးရှုံးပျောက်ကွယ်သွားတော့သည်။ လူထုအုံ ကြွမှုအတွင်း မှာလည်း နပိုလီယံသည် လွင့်ပျယ်ပျောက်ကွယ်သွားချေပြီ။ ဘာဆိုဘာမျှ မကျန်တော့။ ဘုရင်စနစ် လိုလားသော ဓနရှင်များ၏ ကြီးမားသော်လည်း နာမည်မထွက်ခဲ့သည့် လုပ်ကြံ ကြံစည်မှုများကလွဲလို့ ဘာဆိုဘာမျှ မကျန် တော့။
• • •
အမှန်ကတော့ နပိုလီယံကို သမ္မတအဖြစ် ကြေညာလိုက်သည့် ၁၈၄၈ ဒီဇင်ဘာလ ၂ဝ ရက်နေ့မှစပြီး တိုင်းပြုပြည်ပြုလွှတ်တော်၏ အခန်းကဏ္ဍ ကုန်သွားပြီဟု ဆိုနိုင်သည်။ သို့ရာတွင် လွှတ်တော်ထဲမှာ နေရာအများ စုရထားတဲ့ သမ္မတဂိုဏ်းသား များကို အပြီးအပိုင် ဖယ်ရှားမပစ်ရသေးပါ။ တိုင်းပြုပြည်ပြုလွှတ်တော်သည်လည်း တရားဝင်တည်ရှိနေဆဲ ဖြစ်သကဲ့သို့ သူ ရေးဆွဲခဲ့သည့် ဖွဲ့စည်းအုပ်ချုပ်ပုံကလည်း ဆက်လက်တည်ရှိဆဲပင် ဖြစ်သည်။ ဒီဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေသည် သမ္မတနှင့် သူ၏ ဝန်ကြီးအဖွဲ့ကို တိုက်ခိုက်နိုင်စွမ်း ရှိနေဆဲပင်။
ဒီဖွဲ့စည်းအုပ်ချုပ်ပုံသည် (၁၈၃ဝ) တုန်းက ဖွဲ့စည်းအုပ်ချုပ်ပုံဆိုင်ရာ အမိန့်ထုတ်ပြန်ချက်ကို တည်းဖြတ်ပြီး အသစ်ထုတ်ဝေ လိုက်ခြင်း ဖြစ်၏။ ရွေးကောက်ပွဲလုပ်ဖို့ဆိုသည်ကတော့ (၁၈၄၈) ဖေဖော်ဝါရီတော်လှန်ရေးက ကြေညာခဲ့ပြီးသားအချက် ဖြစ်သည်။ ဒါနှင့် ပတ်သက်၍ သူတို့ ဘာမျှမတတ်နိုင်။ ဖျက်သိမ်းလို့မရ။
ဒီဖွဲ့စည်းအုပ်ချုပ်ပုံသည် သူရဲကောင်း အာချိးလိစ် (Achiles ) ကဲ့သို့ပင် သူ့မှာ အားနည်းချက်တခု ရှိသည်။ ဒီအားနည်း ချက်သည် အာချီးလိစ် ကဲ့သို့ သူ၏ဖနောင့်မှာ မဟုတ်။ သူ၏ ဦးခေါင်းမှာ။ တကယ်တမ်းကျတော့ ဦးခေါင်းသည် တလုံးတည်း မဟုတ်။ နှစ်လုံး။ တလုံးမှာ တိုင်းပြုပြည်ပြုလွှတ်တော်။ နောက်တလုံးက သမ္မတ။ ဖွဲ့စည်းအုပ်ချုပ်ပုံကို စောင်းငဲ့ကြည့်လျှင် ရုတ်တရက်တော့ ဘာပဋိပက္ခမှ ရှိသည်ဟု မထင်ရ။ သို့ရာတွင် ဒီဖွဲ့စည်းအုပ်ချုပ်ပုံမှာ သည်ကဲ့သို့ ပါရှိနေသည်။
သမ္မတကို တိုင်းပြုပြည်ပြုလွှတ်တော်က ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေစည်းမျဉ်းအရ ဖယ်ရှားနိုင်ခွင့် ရှိနေသည်။ ဖွဲ့စည်းအုပ်ချုပ်ပုံအရ သမ္မတကတော့ တိုင်းပြုပြည်ပြုလွှတ်တော်ကို ဖယ်ရှားနိုင်ခွင့်မရှိ။ ဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေကို ဘေးဖယ်ထားတဲ့ နည်းဖြင့်သာ ဖယ်ရှားနိုင်မှာ ဖြစ်သည်။
သို့ရာတွင် သမ္မတဆိုသည်ကို တိုင်းပြည်က တိုက်ရိုက် ရွေးကောက်တင်မြှောက်ထားခြင်း ဖြစ်သည်။ သမ္မသည် တိုင်းပြည်၏ ဂုဏ်ကျက်သရေ။ တိုင်းပြုပြည်ပြု အမျိုးသားလွှတ်တော်ဆိုသည်ကတော့ လွှတ်တော်ကိုယ်စား လှယ်တဦးစီ စုပေါင်းလိုက်ပြီးမှ အမျိုးသားနှင့်တိုင်းပြည်ဆိုသည့် စိတ်ဓာတ်ဝိညာဉ်ကို ခံယူရရှိနိုင်တာ ဖြစ်သည်။ သမ္မတက လွှတ်တော်ကို ဆန့်ကျင်ရာတွင် သူ့မှာ အစွမ်းထက်သည့် အခွင့်အရေးတမျိုး၊ လက်နက်တမျိုးတော့ ရှိသည်။ သူက ပြည်သူလူထု၏ ဂုဏ်ကျက်သရေ ဖြစ်သည့် သမ္မတ ဖြစ်နေသည် မဟုတ်လား။
ပင်လယ်နတ်သမီး (Tactis) က သူရဲကောင်းအာချီးလိစ်ကို အရွယ်ကောင်းစဉ်မှာပဲ သေဆုံးရလိမ့်မည်ဟု နိမိတ်ပြခဲ့ သည်။ ဗျာဒိတ်ပေးခဲ့သည်။ ဖွဲ့စည်းအုပ်ချုပ်ပုံသည်လည်း အာချီးလိစ်ကဲ့သို့ပင် အသေစောမည့် ကံဇာတာ ပါလာခဲ့သည်။ ဖွဲ့စည်းအုပ်ချုပ်ပုံ စည်းမျဉ်းဥပဒေအရ ဖွဲ့စည်းအုပ်ချုပ်ပုံကို ဆက်လက်တည်ရှိဖို့ဆိုလျှင် အနည်းဆုံး မဲဆန္ဒစုစုပေါင်း၏ (၄) ပုံ( ၃) ပုံက ထောက် ခံရမှာ ဖြစ်သည်၊ လွှတ်တော်၏မဲများအရ ဆိုလျှင် လွှတ်တော်အဖွဲ့ဝင်များ၏ မဲဆန္ဒ (၅) ရာထက်မနည်း ရရှိရမည်။ ဤသည်က သိပ်တော့ မလွယ်။ ပါလီမန် ကိုယ် စားလှယ်အများစုကို သူတို့က အမိန့်ပေးနိုင်ခဲ့သော အချိန်မျိုးမှာတောင်မှ သူတို့၏ အာဏာသည် လက်ကြား ရေယို၊ ဟိုက ပေါက်ထွက်လိုက်၊ ဒီက ပေါက်ထွက်လိုက်နှင့်....
(၁၈၄၈) ဒီဇင်ဘာလ (၂ဝ) ရက်နေ့မှသည် တိုင်းပြုပြည်ပြုလွှတ်တော်ကို တကယ်ဖျက်သိမ်းပေးလိုက်ရသည့် (၁၈၄၉) မေလ အထိ ဒီကာလသည် ဓနရှင်သမ္မတနိုင်ငံစနစ် ဂိုဏ်းသားများ၏ ကျဆုံးမှုသမိုင်းပါပဲ။ သမ္မတနိုင်ငံ ဖွဲ့စည်း တည်ထောင်ပြီးသည့် နောက်ပိုင်းကစပြီး အာဏာရ ဓနရှင်လူတန်းစားသည် ပစ္စည်းမဲ့လူတန်းစားကို ဘေးရောက်အောင် ကန်ထုတ်ပစ်ခဲ့ ကြသည်၊ ဓနရှင်ပေါက်စ လူတန်းစား ကိုတော့ သူတို့အာဏာရ နေစဉ်အချိန် အတွင်း ငြိမ်အောင် လုပ်ထားခဲ့သည်။ နှုတ်ပိတ်ထားခဲ့သည်။ အာဏာရ ဓနရှင်လူတန်းစားသည် ဓနရှင်လူတန်း စား အများစုနှင့်လည်း သိပ်အစေးကပ်လှသည်မဟုတ်။
ဓနရှင်လူတန်းစား အများစုကလည်း သမ္မတနိုင်ငံဆိုသည်ကို သူတို့ကိုယ်ပိုင်ပစ္စည်းလို သဘောထားခဲ့ကြသည်။ သို့ရာတွင် ဤ ဓနရှင်လူတန်းစားအများစုကြီးသည် တကယ်တမ်းတွင် ဘုရင်စနစ် လိုလားသူတွေကများ သည်။ သူတို့၏အစိတ်အပိုင်း တခုက မြေရှင်ကြီးလူတန်းစား။ သူတို့သည် ဘုရင်စနစ် ပြန်လည်ထူထောင်ရေး ကာလတုန်းက တိုင်းပြည်ကို အုပ်ချုပ်ခဲ့ကြသည်။ ယခုတော့ သူတို့က တရားဝင်ဝါဒီတွေ၊ ဘော်ဘွန်မင်းဆက် ဥပဒေပြုစိုးမိုးရေးကို ထောက်ခံခဲ့ကြသူတွေ ....။ တခြားအစိတ်အပိုင်းတခု ကတော့ ဘဏ္ဍာဘုရင်အုပ်စု။ (၁၈၃ဝ) ဂျူလိုင်မင်းဆက်အဖြစ် အုပ်ချုပ်ခဲ့ကြသူတွေ။ ယခုကျတော့ အော်လီယန်မင်းဆက်ကို လိုလားထောက်ခံ သူများ အဖြစ် ရပ်တည်နေကြလေပြီ။ စစ်တပ်၊ ဘုရားကျောင်း၊ တက္ကသိုလ်၊ အကယ်ဒမီကျောင်း စသည်တို့တွင် သူတို့ (၂ ) ဖွဲ့စလုံးက အဆင့်မြင့်နေရာတွေ ယူထားနိုင်ခဲ့ကြသည်။ ကိုင်ထားနိုင်ခဲ့ကြသည်။
သို့ရာတွင် ဓနရှင်သမ္မတနိုင်ငံတော်ဆိုသည်မှာ ဘော်ဘွန်မင်းဆက်နာမည်နှင့်ပဲ ပေါ်လာလာ၊ အော်လီယန် မင်း ဆက်နာမည်နှင့်ပဲ ပေါ်လာလာ အရင်းစစ်လိုက်လျှင်မူ အရင်းရှင်စနစ်ပါပဲ။ ဒီနာမည်တွေဆိုသည်က အရင်းရှင် စနစ်အတွက်ပဲ။ အရင်းရှင်ဂိုဏ်းသားတွေက တိုင်းပြည်ကို သူတို့အုပ်ချုပ်လို့ ရနိုင်မည့် ပုံသဏ္ဌာန်တခုကို ရွေးချယ် ရှာဖွေကြခြင်းသာ ဖြစ်သည်။
(၁၈၄၈) ဂျွန်လပုန်ကန်မှုအရေးအခင်း ပေါ်ပေါက်လာခဲ့တုန်းကတော့ သူတို့အားလုံးသည် (Party of Order) ပါတီထဲမှာ သွားရောက်စုစည်းခဲ့ကြသည်။ ညီညွတ်ခဲ့ကြသည်။ ယခုအခါကျတော့ သူတို့ဓနရှင် လူ တန်းစား အများစုအနေဖြင့် ပထမဦးဆုံး လုပ်ရမည့် အလုပ်မှာ တိုင်းပြုပြည်ပြုလွှတ်တော်အတွင်း ယခုအထိ နေရာတွေရရှိထားဆဲဖြစ်သော ဓနရှင်သမ္မတစနစ် လိုလားသူအုပ်စုကို ဖယ်ရှားပစ်ရေးဖြစ်သည်။ (၁၈၄၉) မေလ တွင် သူတို့တည်ရှိမှုကို သက်တမ်းကုန်ဆုံးအောင် လုပ်လိုက်ကြသည်။ သူတို့၏သမိုင်းကို ထာဝစဉ် ရပ်နားသွား စေခဲ့သည်၊ လွှတ်တော်တွင်းမှာရော၊ လွှတ်တော်၏အပြင်ဘက်မှာပါ။
ဒီလိုဖြစ်သွားအောင် ဘယ်လို လုပ်လိုက်ပါသလဲ။
(၁၈၄၉) ဇန်နဝါရီ (၂၉) ရက်နေ့က ဖြစ်ပါသည်။ ဒီနေ့သည် တိုင်းပြုပြည်ပြုလွှတ်တော်အနေနှင့် ကိုယ့်အဖွဲ့ အစည်းကို ဖျက်သိမ်းကြောင်း ကိုယ့်ဘာသာ ကြေညာဖို့ ဆုံးဖြတ်ရမည့်နေ့ ဖြစ်ခဲ့သည်။ ထိုနေ့တွင် တိုင်းပြု ပြည်ပြု လွှတ်တော်သည် သူ၏ အဆောက်အဦး ဌာနအသီးသီးကို စစ်တပ်က ဝိုင်းရံသိမ်းပိုက်ထားကြောင်း တွေ့ရှိ လိုက်ရသည်။ ဝိုင်းထားသူများထဲတွင် လူဝီဘိုနာပတ်လည်း ပါသည်။ သူက မြင်းကြီးစီးလို့။ သူ့နောက်မှာက စစ်တပ်တွေ။ တိုင်းပြုပြည်ပြု လွှတ်တော်ကို ခြိမ်းခြောက်ပြလိုက်ခြင်းပါ။
(Party of Order) ပါတီ၏ ဗိုလ်ချုပ်ဖြစ်သူ (Changarnier) သည် အမျိုးသား ကာကွယ်ရေးတပ် အပါအဝင် စစ်တပ် အားလုံး၏ အမြင့်ဆုံးအာဏာကို သူ့လက်ထဲမှာ ကိုင်ထားသည်။ ထိုနေ့က သူသည် ပဲရစ်မြို့တွင် စစ်ရေးပြပွဲ အခင်းအကျင်းသဏ္ဌာန်မျိုး လုပ်ပြခဲ့သည်။ တိုင်းပြုပြည်ြပုလွှတ်တော်က ဆန့်ကျင်လာခဲ့ လျှင် ဒီအင်အားနဲ့ ချပစ်လိုက်မယ် ဆိုတဲ့သဘောကို ပြလိုက်တာပါပဲ။ ဘုရင်စနစ်လိုလားသူများက ညွန့်ပေါင်း အင်အားဖွဲ့ပြီး တိုင်းပြုပြည်ပြုလွှတ်တော်နှင့် သမ္မတစနစ်လိုလားသူ ဂိုဏ်းသားများကို ဖိအားပေးလိုက်ခြင်း ဖြစ်သည်။
သမ္မတဂိုဏ်းသားတို့၏ တိုင်းðပပြည်ðပလွှတ်တော်နှင့် လူဝီဘိုနာပတ်ကို လိုလားသူ၊ ဘုရင်စနစ်လိုလားသူများ အကြားက တိုက်ပွဲကို စစ်အင်အားဖြင့် ဖြေရှင်းမည်ဟု ပြောပြလိုက်ခြင်း ဖြစ်သည်။ ဤသည်မှာ (၁၈၅၁) ခုနှစ် ဒီဇင်ဘာ (၂ )ရက် အာဏာသိမ်း ပွဲ၏ အကြိုဇာတ်တိုက်မှုဟုလည်း ဆိုနိုင်သည်။
• • •
(၁၈၄၉) ခုနှစ်၊ မေ (၂၈) ရက်နေ့မှာ ဥပဒေပြု အမျိုးသားလွှတ်တော် ကို စတင်ဖွင့်လှစ်ခဲ့သည်။ (၁၈၅၁) ခုနှစ်၊ ဒီဇင်ဘာ (၂ ) ရက်နေ့မှာကျတော့ သူ့အခန်း ပြီးဆုံးသွားပြီး ဇာတ်သိမ်းသွားခဲ့သည်။ သူတည်ရှိဆဲ အချိန်ကာလကို ဖွဲ့စည်းအုပ်ချုပ်ပုံဆိုင်ရာ သမ္မတ နိုင်ငံ၏ကာလ (သို့မဟုတ်) ပါလီမန်ဆိုင်ရာ သမ္မတနိုင်ငံ၏ ကာလဟု ဆိုရမည်။
ပြင်သစ်ပြည်၏ ပထမဦးဆုံး တော်လှန်ရေးကာလတုန်းက အုပ်စိုးခဲ့သူများသည် ဓနရှင် ဖွဲ့စည်းအုပ်ချုပ်ပုံ သမား များဖြစ်ခဲ့သည်။ ဒီနောက်ကတော့ ဓနရှင်အလယ်အလတ်ဂိုဏ်းသားများ၊ ဒီနောက်ကျတော့ ဂျက်ကိုဘင်ဂိုဏ်း သားများ။ ထို အစီအစဉ်အတိုင်း အာဏာရအုပ်စိုးလာခဲ့ကြသည်။
(Party of Order) ပါတီဆိုတာကတော့ ပါလီမန်ထဲမှာ ဝင်ဆန့်ပြီး ထဲထဲဝင်ဝင်ဖြစ်နေသော ပါတီတခု။ အော်လီယန် မင်းဆက်လိုလားသူများနှင့် တရားဝင်ဝါဒီများ ပူးပေါင်းပါဝင်ကြသည်။ (Party of Order) ပါတီဆိုသည်မှာ နိုင်ငံရေးအမည် မဟုတ်၊ လူမှုရေးအမည်သာ ဖြစ်သည်။ ဓနရှင်ကမ္ဘာာ့အစီအစဉ်များ၊ ဓနရှင် အဆင့်အတန်းများ၏ ကိုယ်စားလှယ် တွေဟု ဆိုရမှာပါ။
ပါလီမန်သမ္မတနိုင်ငံ ပုံသ¿ာန်အောက်မှာသာ ဒီပါတီက အခြားလူတန်းစားများအပေါ် လွှမ်းမိုးနိုင်ခဲ့ခြင်း ဖြစ်သည်။ ပါလီမန် သမ္မတနိုင်ငံဆိုသည့် ပုံသ¿ာန်အောက်မှာသာ ဓနရှင်လူတန်းစား၏ ကွဲနေသော အစိတ်အပိုင်း (၂) ခု (ဒါမှမဟုတ်) ဂိုဏ်း (၂) ဂိုဏ်း ပြန်ပေါင်းနိုင်ခဲ့ကြတာပါ။
ဥပဒေပြုလွှတ်တော်ကာလသည် (Party of Order) ပါတီ၏ ကာလပါပဲ။ ဒီဂိုဏ်း (၂) ဂိုဏ်း ပူးပေါင်းမှုက လွှမ်းမိုးကြီးစိုး ထားနိုင်သော ကာလပါ။ လူဝီဘိုနာပတ်၏ သမ္မတအာဏာနှင့်အတူ သူတို့အာဏာသည်လည်း ပူးတွဲတည်ရှိနေသည်ဟု ဆိုရမည် ဖြစ်သည်။
ယင်းသို့ ပူးပေါင်းလက်တွဲထားသော ဓနရှင်လူတန်းစား၏ပါတီကို တိုက်ဖို့ဆိုလျှင် ကျန်လူတန်းစားများကလည်း ပူးပေါင်းမှု မလုပ်ဘဲ တိုက်၍မရနိုင်ပါ။ ထို့ကြောင့် ဓနရှင်ပေါက်စလူတန်းစားနှင့် အလုပ်သမားလူတန်းစားတို့ တပ်ပေါင်းစုဖွဲ့ကြရသည်။ ဓနရှင် ပေါက်စတို့သည် ဂျူလိုင်ပုန်ကန်မှုတုန်းက အလုပ်သမားများကို ဆန့်ကျင်ခဲ့ကြ သော်လည်း ထို့နောက်ပိုင်းတွင် သူတို့အနေအထားကို သူတို့ ပြန်စဉ်းစားလာကြရသည်။ သူတို့အပေါ် အာဏာရထားသူတွေက ဆိုးဆိုးဝါးဝါး ဆက်ဆံခဲ့ကြသည်။ ဆိုးဝါးသည့် တုံ့ပြန်မှု ရလဒ်ကိုသာ သူတို့ ရရှိခဲ့ကြသည်။ ဒီအခြေအနေကြောင့် သူတို့သည် အလုပ်သမားများနှင့် ပြန်လည်နီးစပ် လာခဲ့ကြပြန်သည်။
ထိုမျှသာမက ဒီဓနရှင်လူတန်းစား၏ ပါလီမန်ကိုယ်စားလှယ်အစု (Montagne) သည် ဓနရှင်သမ္မတစနစ် ဂိုဏ်းသားများ အာဏာရထားစဉ်ကာလတုန်းကလည်း ဘေးထုတ်ထားခြင်း ခံခဲ့ရသည်။ တိုင်းပြုပြည်ပြုလွှတ် တော်၏ ဒုတိယသက်တမ်းကာလ ကျတော့ သူတို့သည် သူတို့ဆုံးရှုံးခဲ့ရသည့် ရေပန်းစားမှုကို ပြန်လည် ရရှိလာခဲ့ကြသည်။ အဘယ်ကြောင့်ဆိုသော် လူဝီဘိုနာပတ်နှင့် ဆင်နွှဲရသည့်တိုက်ပွဲ၊ ဘုရင်စနစ်လိုလားသူများ နှင့် ဆင်နွှဲခဲ့ရသော တိုက်ပွဲများကြောင့်ပင် ဖြစ်သည်။
ဓနရှင်ပေါက်စ လူတန်းစားသည် ဆိုရှယ်လစ်ခေါင်းဆောင်များနှင့် မဟာမိတ်ဖွဲ့မှုကို ပြီးမြောက်အောင် လုပ်လိုက် သည်။ ပြန်ပေါင်းထုတ်ဖို့အတွက် ထမင်းစားပွဲကြီးများ ကျင်းပခဲ့ကြသည်။ (၁၈၄၉) ခုနှစ် ဖေဖော်ဝါရီလထဲတွင် သူတို့သည် ပူးတွဲလမ်းစဉ် မူကြမ်း တရပ်ကို ရေးဆွဲခဲ့သည်။ ရွေးကောက်ပွဲမှာ လှုပ်ရှားဖို့ ကော်မရှင်တခု ဖွဲ့သည်။ ပူးတွဲကိုယ်စားလှယ်များ၏ အမည်စာရင်းကို တင်သွင်း ခဲ့ကြသည်။
သူတို့သည် ပစ္စည်းမဲ့လူတန်းစား၏ တောင်းဆိုချက်များနှင့် ဦးတည်ပစ်မှတ်အတွက် တိုက်ပွဲဝင်လိုက်၊ အဲဒီ ရည် ရွယ်ချက် ပျက်ပြားသွားသည့်အခါ ဒီမိုကရေစီဘက် ပြန်လှည့်လာလိုက်နှင့် ထိုကဲ့သို့ လှုပ်ရှားခဲ့ကြသည်။ ဓနရှင်ပေါက်စတို့၏ ဓနရှင်ပုံသဏ္ဌာန် သက်သက် ရည်ရွယ်ချက်နှင့် ဒီမိုကရေစီရေး ဦးတည်လှုပ်ရှားမှုများ ကျိုး ပျက်သွားသည့်အခါတွင် ဆိုရှယ်လစ် ရည်မှန်းချက်များဘက် ပြန်လှည့်လာကြပြန်သည်။ သည်လိုနှင့် ဆိုရှယ် ဒီမိုကရေစီရေး လှုပ်ရှားမှု ပေါ်ထွက်လာခြင်း ဖြစ်သည်။ ဆိုရှယ်ဒီမိုကရက်တစ်ပါတီ ပေါ်ထွက်လာခြင်း ဖြစ်သည်။
ဤနည်းဖြင့် လွှတ်တော်တွင်းက ဓနရှင်လူတန်းစား ဂိုဏ်း ၂ ဂိုဏ်းကို ပူးပေါင်းထားသည့် (Party of Order) ပါတီကို တိုက်ဖို့အတွက် ဓနရှင်ပေါက်စလူတန်းစားနှင့် ဆိုရှယ်လစ်အသွေးအရောင် ပါရှိသည့် အစိတ်အပိုင်း တခုတို့ ပူးပေါင်းလာမိခြင်းဖြစ် သည်။ သူတို့ကို ပါလီမန်လွှတ်တော်ထဲတွင် လီဒရူးရိုလင်က ကိုယ်စားပြုခဲ့သည်။
ဥပဒေပြုအမျိုးသားလွှတ်တော် စပြီး ဖွင့်လှစ်လိုက်သည်နှင့် တòပင်နက်တည်း ဓနရှင်လူတန်းစား၏ (Party of Order) ပါတီက ဓနရှင်ပေါက်စတွေ၏ လွှတ်တော်တွင်း ပါတီအစု (Montagne) ကို မနှစ်မြို့နိုင်။ ကြည့်မရ။ ဓနရှင်လူတန်းစားအနေဖြင့် ယခု အချိန်အခါတွင် ဒီမိုကရေစီလိုလားသူ ဓနရှင်ပေါက်စတွေကို အဆုံးစီရင်ဖို့ လိုအပ်လာပြီဟု သူ ခံစားလာမိသည်။ ဓနရှင်လူတန်းစားသည် လွန်ခဲ့သည့် (၁) နှစ်လောက်က ပစ္စည်းမဲ့လူတန်းစားနှင့် လက်တွဲဖို့အထိ သူ ဆုံးဖြတ်ခဲ့သည်။ ဆုံးဖြတ်သည့်အတိုင်းလည်း သူ လုပ်ခဲ့သည်။ သူ လက်တွဲခဲ့သူတွေကို အဆုံးစီရင်ဖို့ လိုအပ်လာပြီဟု ယူဆလာလျှင်လည်း နည်းနည်းမှ အညှာအတာ မရှိ။ ပုတ်သင်ညို အရောင်ပြောင်းတတ်သလို သူလည်း အချိန်အခါ ရာသီဥတုအလိုက် အရောင်ပြောင်းတတ်သည်။ ထို့ကြောင့် ဓနရှင်ပေါက်စတွေ၏ ပါလီမန်ပါတီအစု (Montagne) ကို အဆုံးစီရင်ဖို့ သူ ဆုံးဖြတ်လိုက်ခြင်း ဖြစ်၏။
ယခု လက်ရှိကာလတွင် ပစ္စည်းမဲ့ပါတီ၏ အင်အားသည် လမ်းများပေါ်မှာသာ ရှိသည်။ သို့ရာတွင် ဓနရှင် ပေါက်စတွေကတော့ ပါလီမန်လွှတ်တော်တွင်းအထိ ရောက်ရှိလာနေသည်ဟု သူ စဉ်းစားမိသည်။ ထို့ကြောင့် သူတို့ကို လမ်းပေါ် ပြန်ရောက်အောင် လုပ်ပစ်ရမည်။ ၄င်းတို့၏ ပါလီမန်အာဏာကို ကိုယ့်ဘာသာ ရိုက်ချိုး ဖျက်ဆီးစေသလိုဖြစ်အောင် လုပ်သည့်နည်းလမ်းကို ကြံဆရမည်။ ဒါက ဓနရှင်လူတန်းစား (Party of Order) က လျှို့ဝှက်ပြင်ဆင်ထားတဲ့ အကြံအစည်၊ ထောင်ချောက်။
သည်ထောင်ချောက်တွင်းသို့ ပါလီမန်အတွင်းရှိ ဓနရှင်ပေါက်စ ပါတီအစုသည် ခေါင်းလျှိုဝင်လိုက်သလိုမျိုး ဖြစ် သွားခဲ့သည်။
‘ရောမ’ကို ပြင်သစ်တပ်တွေက သွားရောက်တိုက်ခိုက်သည့် ကိစ္စသည် ငါးစာပမာ ဖြစ်ခဲ့သည်။ သို့မဟုတ် ထောင်ချောက်တွင်းက အသားတစ်တတုံးပေါ့။ ပါတီတွင်းက ဓနရှင်ပေါက်စ ပါတီအစုသည် ဒီအသားတစ်ကို သွားဟပ်လိုက်သည်။ ရောမကို ပြင်သစ် စစ်တပ်က သွားတိုက်သည့် ကိစ္စသည် ဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေအရ တားမြစ်ထားသည့်ကိစ္စ ဖြစ်သည်။ ပြင်သစ် စစ်တပ်အင်အားက တခြား တိုင်းတပါး ပြည်သူများ၏ လွတ်လပ် ခွင့်ကို မထိပါးရ၊ မထိခိုက်ရဟု ဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေမှာပါရှိသည်။ အမျိုးသားလွှတ်တော်၏ သဘော တူညီချက် မရပါက စစ်ကြေညာချက်ထုတ်ပြန်နိုင်သည့် အခွင့်အာဏာမရှိ - ဟူ၍လည်း အခြေခံဥပဒေက သတ်မှတ် ထားသည်။ ထို့ကြောင့် ရောမကို ပြင်သစ်စစ်တပ်တွေက သွားရောက်တိုက်ခိုက်သည့်ကိစ္စကို ဓနရှင်ပေါက်စ ပါတီကမကျေနပ်။ ဒီကိစ္စသည် ဖွဲ့စည်း အုပ်ချုပ်ပုံအခြေခံဥပဒေကို ချိုးဖောက်ခြင်းဟု ဓနရှင်ပေါက်စပါတီက ခံစားရသည်။
(၁၈၄၉) ခုနှစ်၊ ဂျွန် (၁၁) ရက်။
ဓနရှင်ပေါက်စတို့၏ ပါလီမန်အတွင်း ခေါင်းဆောင်ဖြစ်သူ လီဒလင်သည် လူဝီဘိုနာပတ်နှင့် ၄င်း၏ ဝန်ကြီးအဖွဲ့ကို စွဲချက်တင်သော ကန့်ကွက်စာတစောင်ကို လွှတ်တော်အတွင်း ယူသွားခဲ့သည်။ သူက လှည့်ပတ်ပြော နေရ တာတွေ၊ ဝေ့လည်ကြောင်ပတ်လုပ် နေရတာတွေကိုကြိုက်သူမဟုတ်။ “ဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေကို နည်းလမ်း မျိုးစုံနဲ့ ကာကွယ်သွားမယ်၊ လိုအပ်ရင် ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေကို လက်နက်ကိုင်ပြီး ကာကွယ်သွားမယ်”ဟု သူ ပြောလိုက်သည်။
(၁၈၄၉) ခုနှစ်၊ ဂျွန် (၁၂) ရက်နေ့။
၎င်းစွဲချက်တင်ကန့်ကွက်စာကို ဥပဒေပြုအမျိုးသားလွှတ်တော်က ပယ်ချလိုက်သည်။ လွှတ်တော်တွင် ဓနရှင်ပေါက်စ ပါတီက လွှတ်တော်ကို သပိတ်မှောက်ပြီး ထွက်လာခဲ့သည်။
(၁၈၄၉) ခုနှစ်၊ ဂျွန် (၁၃) ရက်နေ့။
လွှတ်တော်တွင်းရှိ ဓနရှင်ပေါက်စပါတီ (Montagne) က ကြေညာချက်တရပ် ထုတ်ပြန်လိုက်သည်။ လူဝီဘိုနာပတ်နှင့် သူ၏ ဝန်ကြီးအဖွဲ့ကို “ဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေ၏ ပြင်ပသို့ ရောက်ရှိနေကြသူများ” ဟူ၍ အတိအလင်း စွပ်စွဲလိုက် ခြင်းပင် ဖြစ်သည်။
ဒီမိုကရေစီလိုလားသူများ ပါဝင်သည့် အမျိုးသားကာကွယ်ရေးတပ်က လမ်းမပေါ်သို့ ထွက်၍ ဆန္ဒပြသည်။ လက်နက်မဲ့ ဆန္ဒပြမှုပါ။ သည်အခါ ဗိုလ်ချုပ် (Changarnier) ဦးဆောင်သော လက်နက်ကိုင်တပ်များနှင့် ထိပ်တိုက်တိုးတော့သည်။ ဆန္ဒပြပွဲကို လက်နက်ကိုင်တပ်နှင့် òဖခွင်းလိုက်သည့် အရေးအခင်းပါပဲ။ လွှတ်တော်တွင်းက ဓနရှင်ပေါက်စ ပါတီအစုသည် တချို့ ပြည်ပသို့ ထွက်ပြေး သွားကြရသည်။ တချို့ တရားရုံးမှာ စွဲချက်တင်ပြီး စစ်ဆေးအပြစ်ပေးခြင်း ခံခဲ့ကြရသည်။
ပဲရစ်တွင် အရေးပေါ်အခြေအနေကာလအဖြစ် တခါ ထပ်မံကြေညာရပြန်သည်။ အမျိုးသားကာကွယ်ရေး တပ်ထဲက ဒီမို ကရေစီ အစိတ်အပိုင်းကို ရုပ်သိမ်းဖျက်ဆီးလိုက်သည်။ ဤနည်းဖြင့် ပါလီမန်လွှတ်တော်တွင်းက ဓနရှင်ပေါက်စလူတန်း စား၏ တန်ခိုး အာဏာ(သို့မဟုတ်) သြဇာအရှိန်အဝါတို့ ရိုက်ချိုးဖျက်ဆီးခြင်း ခံခဲ့ရလေ သည်။
‘လီယွန်မြို့’တွင်လည်း သွေးထွက်သံယို ပုန်ကန်မှုလုပ်ကြဖို့ အလုပ်သမားများ၏ အချက်ပြမှုသည် အာဏာပိုင်တို့ ၏ အင်အားသုံးပြီး ဝိုင်းဝန်းထိန်းသိမ်းထားခြင်းကို ခံလိုက်ရသည်။ အရေးပေါ်ကာကွယ်ရေးအခြေအနေ ထုတ်ပြန်သည့်ကာလနှင့် ထိပ် တိုက်တိုးသည်၊ ဒီအခြေအနေနှင့် အကြာကြီး ရင်ဆိုင်နေရသည်။
ပါတီတွင်းက ဓနရှင်ပေါက်စ ပါတီအစုသည် သူတို့အနေဖြင့် ပါလီမန်တွင်းမှာပဲ အောင်ပွဲခံလို သည်ဆိုလျှင် လက်နက်ကိုင် တိုက်ပွဲ လေသံတောင် မဟသင့်ခဲ့။ သူတို့အနေဖြင့် ပါလီမန်တွင်းမှာ လက်နက် ကိုင်တိုက်ပွဲ လေသံဟပြီးခဲ့ပြီဆိုလျှင်လည်း လမ်းတွေ ပေါ်မှာ ပါလီမန်နည်းနှင့် ဆက်လက်စခန်း မသွားသင့် တော့။
ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ဆန္ဒပြပွဲသည် ပြင်းထန်သည်းသန်သည့် အခြေအနေ ဆိုက်ရောက်လာခဲ့ပြီဆိုလျှင် ဒါဟာ စစ်ပွဲ (သို့မဟုတ်) ပြင်းထန်တဲ့ တိုက်ပွဲကို ဖိတ်ခေါ်လိုက်တာပဲ။ ဒါကို ကြိုတင်မမြင်ခြင်းဟာ မိုက်မဲရာ ကျသည်။ တကယ်တမ်းစစ်ပွဲ (ဒါမှမဟုတ်) ပြင်းထန်တဲ့ တိုက်ပွဲကို ရည်မှန်းထားသည် ဆိုလျှင်လည်း လက် နက်များကို အလွန်လေးလံလှသလို သဘောထားပြီး လက်နက်များကို ပစ်ချထားခြင်းဟာ အလွန်ထူးဆန်း အံ့သြဖွယ်ရာ အတွေးအခေါ် ဖြစ်မနေဘူးလား။
ဇွန်လ (၁၃) ရက်နေ့တွင် လွှတ်တော်တွင်းက ဓနရှင်ပေါက်စ ပါတီအစုသည် ဘိုနာပတ်အပေါ် စွဲချက်တင်ဖို့ လိုလားခဲ့ သည်။ အယုံအကြည်မရှိ အဆိုတင်သွင်းဖို့ လိုလားခဲ့သည်။ သို့ရာတွင် သူတို့ပါတီအစု ရှုံးသွားခဲ့ရ သည်။ သူတို့အရှုံးသည် ဘိုနာပတ်၏ တိုက်ရိုက်အောင်ပွဲ ဖြစ်လာခဲ့သည်။ (Party of Order) ပါတီကလည်း အလားတူ အောင်ပွဲရခဲ့သည်။
ဇွန်လ (၁၃) ရက်နေ့ ဆန္ဒပြပွဲသည် တခြားအရေးကိစ္စများထက် ဒီမိုကရေစီလိုလားသော အမျိုးသား ကာကွယ်ရေး တပ်၏ ဆန္ဒပြပွဲသာ ဖြစ်ခဲ့သည်။ (၁၈၃ဝ) ခုနှစ် ဘုရင်စနစ် ပြန်လည်ထူထောင်ရေး အုပ်စိုးမှုကို ဖြုတ်ချခဲ့ကတည်းက အမျိုးသား ကာကွယ်ရေးတပ်သည် အဆုံးအဖြတ်အခန်းက ပါခဲ့သည်။ လူဝီဖိလစ်၏ အုပ်စိုးမှုလက်ထက်မှာ ပုန်ကန်သူတွေကို လူသတ်ပွဲကြီးတွေလုပ်တိုင်း အမျိုးသားကာကွယ်ရေးတပ်သည် တခြား တပ်ဖွဲ့များနှင့်အတူ ရပ်တည်လုပ်ဆောင်ခဲ့သည်။ (၁၈၄၈) ဖေဖော်ဝါရီ တော်လှန်ရေးတုန်း ကတော့ ပုန်ကန်မှုကို နှိမ်နင်းဖို့ သူ မတက်ကြွခဲ့။ လူဝီဖိလစ် ရှုံးသွားမည်ဟု သူထင်ထားသည်။ တကယ်လည်း ရှုံးသွားခဲ့တာပဲ။ ထို့ကြောင့် လူဝီဖိလစ်၏ သဘောထားအပေါ်မှာ သူက ဟိုလိုလို ဒီလိုလိုနှင့် မပြတ်မသား လုပ်လာခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့် ပြင်သစ်ပြည်တွင် အမြင်တရပ် အမြစ်တွယ်လာသလို ဖြစ်ခဲ့သည်။ အဲဒါကတော့ အမျိုးသားကာကွယ် ရေးတပ်မပါဘဲ တော်လှန်ရေး မအောင်နိုင်၊ သို့မဟုတ်လျှင်လည်း အမျိုးသားကာကွယ်ရေးတပ်ကို ယှဉ်ပြိုင် တိုက်ခိုက်နိုင်သည့် စစ်တပ်တခု ကိုယ့်မှာ ရှိနေရမည်-ဆိုသော အမြင်တရပ်ပင် ဖြစ်သည်။ ၁၈၄၈ ဂျွန်လ ပုန်ကန် မှုအရေးအခင်းမှာကျတော့ အမျိုးသားကာကွယ်ရေးတပ်သည် တခြားစစ်တပ်တွေနှင့် ပေါင်းပြီး ပုန်ကန်မှုကို နှိမ် နင်းခဲ့တာပဲ ဖြစ်သည်။
ဘိုနာပတ်တက်လာပြီးသည်၏ နောက်ပိုင်းတွင်တော့ အမျိုးသား ကာကွယ်ရေးတပ်၏ အရေးပါမှုအခန်း သည် အတိုင်းအတာ တခုအထိ ကျဆင်းလာသည်။ မှေးမှိန်လာသည်။ (၁၈၄၉) ဇွန် (၁၃) ရက်နေ့ကိစ္စကျတော့ အဲဒီ ကစပြီး သူ၏ တန်ခိုးသြဇာသည် ထိုးကျသွားသည်၊ သူ့တပ်တွင်းက ဒီမိုကရေစီအစိတ်အပိုင်းတချို့ ဖယ်ရှားခံ လိုက်ရလို့ မဟုတ်။ အဲဒီအချိန်ကစပြီး ကာလအလိုက် သူ့သြဇာသည် ပြင်သစ်ပြည်တဝန်းမှာ ထပ်ပြန်တလဲလဲ လျော့နည်းကျဆင်းလာ၍သာ ဖြစ်သည်။ နောက်ဆုံးကျ တော့ သူ၏ ဂုဏ်သတင်းသည်လည်း အတိတ်မှာသာ ကျန်ရစ်ခဲ့ပြီ ဆိုသည်အထိ ဖြစ်လာသည်။
ဇွန်လ (၁၃) ရက်နေ့က အမျိုးသားကာကွယ်ရေးတပ်၏ ဆန္ဒပြပွဲတွင် သူတို့သည် လက်နက်ကိုင် မထားခဲ့ကြ။ အသေအချာပဲ သူတို့ လက်နက်ကိုင်မထားခဲ့ကြ။ တခြားစစ်တပ်များကို ရင်ဆိုင်ရေးအတွက် သူတို့၏ စစ်ဝတ်စုံ ကိုသာ သူတို့ ဝတ်ဆင်ထားခဲ့ကြသည်။ ဒီစစ်ဝတ်စုံတွေက သူတို့အောင်မြင်ဖို့အတွက် အထောက် အကူပြု ပေးလိမ့်မည်ဟု သူတို့ အလေးအနက် သဘောထားခဲ့ကြသည်။ သို့ရာတွင် တခြားစစ်တပ် များအတွက်ကတော့ စစ်ဝတ်စုံဆိုသည်မှာ အဝတ်စတွေ ချုပ်ထားတာပဲ - ဆိုသည့်အချက်ကိုသာ သူတို့ သိ သည်။ ဒါ့ထက်ပိုပြီး နား လည်စရာလည်း မလို၊ ဂရုလည်း မစိုက်။ ထို့ကြောင့် စစ်ဝတ်စုံသာ ဝတ်ထားပြီး လက်နက်မပါသည့် အမျိုးသား ကာကွယ်ရေးတပ်ကို သူတို့က လက်နက်မပါသော တော်လှန်ပုန်ကန်သူဟူ၍သာ သဘောထားပြီး လက်နက်နှင့် ဖိနှိပ်òဖခွဲတာ လုပ်ခဲ့ ကြခြင်းဖြစ်သည်။ ဒီမှာတင် အမျိုးသားကာကွယ်ရေးတပ်၏ တန်ခိုးသြဇာ ကျဆင်းသွား ခဲ့ရခြင်း ဖြစ်သည်။
(၁၈၄၈) ဇွန်လ အရေးအခင်းတုန်းက ပစ္စည်းမဲ့လူတန်းစားကို ဆန့်ကျင်ဖို့အတွက် ဓနရှင်နှင့် ဓနရှင် ပေါက်စလူတန်းစားတို့ ညီညွတ်ခဲ့ကြသကဲ့သို့ ကျန်စစ်တပ်အင်အားများနှင့် အမျိုးသားကာကွယ်ရေးတပ်တို့သည် လည်း ညီညွတ်ခဲ့ကြသည်။ ယခု (၁၈၄၉) ခုနှစ် ဇွန်လ (၁၃) ရက်နေ့မှာကျတော့ ဓနရှင်လူတန်းစားက အမျိုး သားကာကွယ်ရေးတပ်နှင့် တခြားစစ်တပ်တွေကို ကွဲကွာသွားစေ လိုက်သည်။
(၁၈၅၁) ခုနှစ်၊ ဒီဇင်ဘာ (၂) ရက်နေ့ကျတော့ အမျိုးသားကာကွယ်ရေးတပ်သည် သူ့ဘာသာ ပြိုကွဲပျက်စီးပြီး ပျောက်ကွယ် သွားရခြင်းဖြစ်သည်။ သူပြိုကွဲပျက်စီးသွားပြီးမှ အမျိုးသားကာကွယ်ရေးတပ်အား ဖျက်သိမ်းလိုက်ကြောင်း အမိန့်ကို လူဝီဘိုနာပတ်က မှတ်တမ်းတင် သဘောမျိုးဖြင့် လက်မှတ်ရေးထိုး ပေးလိုက်ခြင်း ဖြစ်သည်။
(၁၈၄၈) ဇွန် (၂၃) ရက်နေ့တုန်းက ပစ္စည်းမဲ့လူတန်းစား ပုန်ကန်မှုအရေးနိမ့်သွားခဲ့ရသည်။
ယခု (၁၈၄၉) ဇွန် (၁၃) ရက်နေ့အရေးအခင်းတွင် အရေးနိမ့်သွားရသူကတော့ ဓနရှင်ပေါက်စ လူတန်း စားပါ။
အရှေ့မိုးကောင်းကင်ဝက်ဆိုဒ် မှ ကူးယူဖော်ပြပါသည်။
0 comments:
Post a Comment