မင်္ဂလာပါ ... ကြွရောက်လာကြသော မိတ်သင်္ဂဟအပေါင်းတို့ကို "မြန်မာအလုပ်သမားများကွန်ယက်" ဆိုဒ်မှ နွေးထွေးစွာဖြင့် ကြိုဆိုပါတယ်ခင်ဗျာ....
Showing posts with label အတွေးနဲ့အရေး. Show all posts
Showing posts with label အတွေးနဲ့အရေး. Show all posts

ထိုင်းရောက် မြန်မာအလုပ်သမားများအရေး (၁)

(ဓာတ်ပုံ - Photojournale)

မင်းလွမ်းနောင်

စီးပွားရေး တိုးတက်ကောင်းမွန်လျက်ရှိသော ထိုင်းနိုင်ငံ အတွင်းသို့ ရွှေမြန်မာများ တစ်နေ့တစ်ခြား ၀င်ရောက်လျှက်ရှိသည်မှာ ယခုအခါ အလုပ်သမားရေး လေ့လာဆောင်ရွက်သူများ အဆိုအားဖြင့် လူဦးရေ ၄ သန်းကျော် ရှိနေပြီဖြစ်သည်။ ထိုအထဲမှ ၁ သန်းခွဲမျှလောက်သော ရွှေမြန်မာများသည် ထိုင်းအစိုးရမှ ထုတ်ပေးသော ၁ နှစ်ခံ အလုပ်လုပ်ကိုင်ခွင့် (ထိုင်းအခေါ် “ဘတ်”)၊ ပြည်နယ်ဒေသများတွင် ၁၀ နှစ်ခံ နေထိုင်ခွင့်နှင့် နှစ်နိုင်ငံသဘောတူ ဆောင်ရွက်ထားသော ယာယီနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူများ ဖြစ်ပေသည်။

သို့သော်အများစုမှာ မည်သည့် စာရွက်စာတမ်းမှ မရှိဘဲ တရားမ၀င် နေထိုင် အလုပ်လုပ်ကိုင်နေသူများ ဖြစ်သည့်အားလျော်စွာ အဘက်ဘက်မှ လူ့အခွင့်အရေး ချိုးဖောက်ခံနေကြရသူများလည်း ဖြစ်သည်။ တရားဝင် စာရွက်စာတမ်း ကိုင်ဆောင်ထားသော်လည်း အများစုမှာ ဖိနှိပ်ခံ၊ လူ့အခွင့်အရေး ချိုးဖောက်ခံနေရဆဲဖြစ်သည်။

အဘယ့်ကြောင့် ၀င်ရောက်လာရပါသနည်း

မြန်မာနိုင်ငံတွင် အခြေခံ စားသောက်ကုန်စရိတ် ကြီးမြင့်ခြင်း၊ အလုပ်အကိုင်ရှားပါးခြင်း၊ ရရှိသော လုပ်အားလစာနှင့် မိသားစုစားဝတ်နေရေး ပြေလည်စေရန် ဖြေရှင်းနိုင်မှုမရှိခြင်း၊ အလုပ်အကိုင်ရှိသော်လည်း ၀င်ရောက်မည့် အရည်အချင်း မရှိခြင်း၊ ကောင်မွန်သော အလုပ်အကိုင်ရှာဖွေရန် ခက်ခဲသော အခြေအနေတို့ကို အခြေခံပါသည်။ မြန်မာနိုင်ငံ၏ ငွေကြေးထက် ထိုင်းငွေကြေးက ပိုမိုမာခြင်း၊ အလုပ်အကိုင် ရှာဖွေရလွယ်ကူခြင်း၊ ရရှိသော လုပ်အားလစာမှာ ပြည်တွင်းမှရရှိသော လုပ်အားလစာထက် များခြင်း၊ အိမ်နီးချင်းနိုင်ငံဖြစ်သည့် အားလျော်စွာ တရားမ၀င် ၀င်ရောက်ရန်လွယ်ကူခြင်း တို့ကြောင့် ယနေ့ကာလတွင် ထိုင်းရောက်ရွှေမြန်မာများ ထူထပ်များပြားလာရခြင်းပင် ဖြစ်ပါသည်။

လာရောက်ကြသည့်နည်းလမ်းများ

ရေလမ်း (ကော့သောင်းဘက်) မှ လာလျှင် လူပွဲစားများ တဆင့်ဆက်သွယ်ပြီး လူစုကာ အယောက် ၃၀ အထက်တွင် လှေတစ်စီးစာ သတ်မှတ်ကာ ကော့သောင်းမှ ညလူခြေတိတ်ချိန်တွင် လှေပေါ်၌ လှဲအိပ်စေပြီး အပေါ်မှ တာလဘတ် အမိုးဖြင့်ဖုံးအုပ်ပြီး သက်ဆိုင်ရာ အာဏာပိုင်များအား လိုင်းကြေးပေးဆောင်၍ ဝင်ပါသည်။ အသက်အန္တရာယ် အလွန်များသော ခရီင်္းလမ်းဖြစ်ပြီး လမ်းခရီးတွင် ကျွန်းများ၌ နားခိုရခြင်း၊ အစာရေစာငတ်ပြတ်ခြင်း ဒဏ်များကိုခံကာ ထိုင်းနိုင်ငံတောင်ပိုင်း နန်ယွန်၊ မီးသွေးဖောင်း အစရှိသော လှေဆိပ်များသို့ သယ်ဆောင်ကာ ထိုင်းအာဏာပိုင်များနှင့် ချိတ်ဆက်လျှက် ပို့ဆောင်ရမည့် နယ်မြေဒေသများသို့ ပို့ဆောင်ပေးလေ့ရှိသည်။

ကုန်းလမ်း (ကော့သောင်းဘက်) မှ လာလျှင်လည်း လူပွဲစားများတဆင့် (သို့) အသိမိတ်ဆွေများ အကူအညီဖြင့် ရနောင်းဘက်ကမ်းသို့ တရားဝင် (သို့) တရားမ၀င် ကူးကာ ထိုင်းနိုင်ငံအတွင်းရှိ ပွဲစားများမှတဆင့် သက်ဆိုင်ရာ သွားလိုသည့်နယ်မြေများသို့ သွားရောက်လျှက် ရှိပေသည်။ ကော့သောင်းဘက်မှ ရနောင်းဘက်သို့ ကူးရာတွင် တရားဝင် ၇ ရက် အလည်အပတ် စာအုပ်ပြုလုပ်ရန် မှတ်ပုံတင်မရှိသူများက ဘတ်ငွေ ၂၀၀၀ ၀န်းကျင်၊ မှတ်ပုံတင် (၆/မဟုတ်သူများ) ရှိသူများအနေနှင့် ဘတ်ငွေ ၁၃၀၀ ခန့်ကုန်ကျခံပြီး ပြုလုပ်ပေးသော လှေသမား (သို့) ပွဲစား များမှ တာဝန်ရှိသူများနှင့် ပူးပေါင်းကာ လုပ်ဆောင်ပေးသည်။ ရနောင်းမြို့ပေါ်သို့ရောက်လျှင် စုရပ်တစ်ခုအတွင်း စုဆောင်းပြီး ကားအမျိုးစုံဖြင့် ထိုင်းနိုင်ငံအတွင်းသို့ သယ်ဆောင်ပေးခြင်းလည်း ရှိသည်။

တချို့ဆိုလျှင် လမ်းခရီး၌ အဖမ်းအဆီးခံရခြင်း၊ ယာဉ်တိမ်းမှောက်ပြီး သေဆုံးခြင်း၊ ကားအတွင်း ကျပ်တည်းစွာ လိုက်ရပြီး အသက်ရှုကျပ်ပြီး သေဆုံးခြင်းများလည်း မကြာခဏ ဖြစ်ပေါ်လေ့ရှိသည်။

မြ၀တီမှ မဲဆောက်သို့ တရားဝင် (သို့) တရားမ၀င် သွားရောက်ပြီး ကားလမ်းမှ တဆင့် ဘန်ကောက်နှင့် တခြားသော အလုပ်အကိုင်ရှိရာ ဒေများသို့ ထိုင်းဘတ်ငွေ ၁၀၀၀၀ ကျော် ပေးကာ ၀င်ရောက်ကြသူများလည်း ရှိသည်။ ထိုသို့ပို့ဆောင်ရာတွင် လူပွဲစားများနှင့် ထိုင်း လူဝင်မှုကြီးကြပ်ရေးမှ တာဝန်ရှိသူများ လက်ဝါးချင်းရိုက်ကာ လုပ်ဆောင်ပေးနေသည်။ ထိုကဲ့သို့ နည်းမျိုးစုံဖြင့် မြန်မာပြည်သားများ ထိုင်းနိုင်ငံအတွင်းသို့ ၀င်ရောက်လာကြသည်မှာ ယခုအခါ တိတိကျကျပြောရန်ပင် ခက်ခဲသော ပမာဏ ဖြစ်နေပေသည်။

နောက်ဆက်တွဲ

ထိုသို့ ဒုက္ခ ပေါင်းများစွာခံရပြီး မိမိတို့သွားလိုသော နေရပ်သို့ရောက်ရှိလျှင် ပြီးဆုံးသွားပါမည်လား။ မပြီးသေး။ အလုပ်ခွင်သို့ရောက်ရှိပြီး မကြာခဏ ထိုင်းရဲများ၏ ဖမ်းဆီးခြင်းခံရပြီး မတန်တဆသော ငွေကြေး ပေးဆောင်ပြီးမှ လွတ်မြောက်သူ၊ မပေးဆောင်နိုင်သောကြောင့် နယ်စပ်သို့ ပြန်လည်ပို့ဆောင်ခံရသူများမှာလည်း ဒုနဲ့ဒေးပင်။
တချို့ဆိုလျှင် အဆင့်ဆင့် ရောင်းစာခံရခြင်း၊ မိန်းကလေးများဆိုလျှင်လည်း မသမာသူလက်ထဲ ရောက်သွားပါက မကောင်းသည့် နေရာများသို့ အတင်းအကြပ် ရောင်းစားခံရခြင်းများ ရှိသည်။

ဧရာဝတီ ဘလော့ဒ် မှ ကူးယူဖော်ပြပါသည်။

ထိုင်းရောက် မြန်မာအလုပ်သမားများအရေး (၂)


မင်းလွမ်းနောင်

(ပထမပိုင်း ဖတ်ရှုရန်)

သာမန် လုပ်ငန်များဖြစ်သော အိမ်ဖော်အလုပ်နှင့် အထွေထွေလုပ်ငန်းများ၊ စက်ရုံအလုပ်ရုံများတွင်လည်း အလုပ်ချိန်နှင့် အချိန်ပိုကြေးများ၊ လုပ်အားလစာများ ခေါင်းပုံဖြတ်ခံရခြင်း လူ့အခွင့်အရေး ချိုးဖောက်ခံရခြင်း၊ အလုပ်သမား အခွင့်အရေး မရရှိခြင်းများဖြင့် ခေါင်းငုံခံကာ အလုပ်လုပ်ကိုင်နေကြရသည်။ ဆောက်လုပ်ရေးလုပ်ငန်းများတွင် ကန်ထရိုက်များ၊ အလုပ်ရှင်များ၏ လိမ်လည်မှု ခေါင်းပုံဖြတ်မှုများလည်း ရှိသည်။ ရော်ဘာခြံများတွင် လုပ်ကိုင်ကြသော သူများမှာလည်း အလုပ်ရှင်များ၏ လှည့်ဖျားမှု၊ နကလိန် ခေါ် ဓားပြများ၏ ရန်ကိုကြုံတွေ့နေရသည်။

ပြည်တွင်းမှ အခက်အခဲ အကြပ်အတည်းများကြောင့်သာ မျှော်လင့်ချက်ကြီးစွာ အန္တရာယ်ကို အမှုမထားဘဲ အလုပ်လုပ်ကိုင်နေကြခြင်းသာ။

ထို့အပြင် ၁ နှစ်စာ အလုပ်လုပ်ခွင့် လက်မှတ်ရှိသူများအနေဖြင့် တချို့သောအလုပ်ရှင်များ၏ ချုပ်ကိုင်ခြင်း ခံရပြီး အလုပ်အကိုင်ပြောင်းလဲရန် အခက်အခဲများရှိခြင်း၊ ယာယီနိုင်ငံကူးလက်မှတ် ရှိသူများလည်း စာအုပ်အသိမ်းခံရခြင်းတို့ ရှိသည်။ တချို့ဆိုလျှင် တရားဝင် စာရွက်စာတမ်းရှိသော်လည်း အလုပ်ရှင်များက ချုပ်ကိုင်ထားသောကြောင့် တာဝန်ရှိသူများ စစ်ဆေးသည့်အခါ ပြသရန် အထောက်အထားမရှိပေ။ ထို့ကြောင့် ငွေကြေးမကုန်သင့်ပဲ ကုန်လျှက်ရှိနေကြသည်။

ထိုင်းနယ်မြေခံရဲ အများစုနှင့် ထိုင်းလူဝင်မှုကြီးကြပ်ရေး၊ ထိုင်းအလုပ်ရှင်များ၊ ယာယီနိုင်ငံကူးလက်မှတ် ပွဲစားများအပါအဝင် ပွဲစားအမျိုးမျိုးအဖို့ မြန်မာရွှေ့ပြောင်း အလုပ်သမားများမှာ ခေါင်းပုံဖြတ် အမြတ်ထုတ်စရာ စားကျက်ဖြစ်နေပေသေးသည်။ ထိုင်းနိုင်ငံအတွင်းရှိ အလုပ်သမားရေး ဆောင်ရွက်သည့်အဖွဲ့များ၏ ထိရောက်သော ကူညီဆောင်ရွက်ပေးနိုင်မှုမှာလည်း အနည်းငယ်မျှသာ။

ထိုင်းနိုင်ငံသို့ရောက်လျှင် အလုပ်သမားမှတ်ပုံတင် ပြုလုပ်ရန် အခွင့်အရေးရပါက ပြုလုပ်ကြသည်။ ထိုမှတဆင့် ယာယီနိုင်ငံကူးလက်မှတ် တရားဝင် အလုပ်လုပ်ခွင့်ပါမစ် စသည်တို့ကို ထိုင်းဘတ်ငွေ ၂၀၀၀၀ ခန့် အကုန်အကျခံ ပြုလုပ်ကြရသည်။ ထိုကဲ့သို့ အကုန်အကျခံကာ ပြုလုပ်ထားသောလည်း အလုပ်နာမည်မတူခြင်း၊ အလုပ်ရှင်အမည် မှားယွင်းခြင်း၊ အလုပ်လုပ်သည့် နယ်နိမိတ် မမှန်ကန်ခြင်း၊ ယာယီနိုင်ငံကူးလက်မှတ်များတွင် လ၀က စာရွက်မပါရှိခြင်း၊ ရက် ၉၀ တိုင်း လဝကသို့ အကြောင်းမကြားမိဘဲ ရက်ကျော်ခြင်း၊ စစ်ဆေးသည့်အချိန်တွင် စာရွက်စာတမ်းများ လက်ဝယ်မရှိခြင်းတို့ကြောင့် စစ်ဆေးခံရသောအခါ ငွေညှစ်ခံရခြင်း၊ ဒဏ်ငွေရိုက်ခံရခြင်းများ ကြုံနေရဆဲဖြစ်ပြီး ပလိုင်းပေါက်နှင့် ဖားကောက်နေကြသကဲ့သို့ ရှိသည်။

ထို့ကြောင့် မြန်မာအလုပ်သမားများအနေနှင့် မိမိဘက်မှ စိတ်ချရအောင် အလေးထား ဆောင်ရွက်သင့်ပေသည်။ စာရွက်စာတမ်းများအား ကိုယ်နှင့်မကွာ ထားရှိခြင်း၊ အလုပ်ရှင် အမည်မတူပါက အလုပ်သမားရုံးတွင် သွာရောက်ပြီး အမည်ပြောင်းခြင်း၊ အလုပ်အကိုင်အမျိုးအစား မှန်ကန်အောင်ဖြည့်စွက်ခြင်း၊ အလုပ်ခွင်ဒေသ တူညီအောင်ပြောင်းလဲခြင်း စသည်ဖြင့် လုပ်ဆောင်သင့်သည်။
မြန်မာအလုပ်သမားများနှင့် ထိုင်းအလုပ်ရှင်

ထိုင်းအလုပ်ရှင်မှ အောက်ခြေ အထွေထွေအလုပ်သမားများကို ခေါ်ယူရာတွင် ထိုင်းလူမျိုးများကို ခေါ်ယူပါက လုပ်ခ ဈေးကြီးခြင်း၊ အလုပ်သမားအခွင့်အရေး အပြည့်အ၀ပေးရခြင်းတို့ ရှိသည်။ ထို့ကြောင့် ဈေးပေါပြီး လုပ်သမားအခွင့်အရေး ပေးရန်မလိုဘဲ ခိုင်းစေနိုင်သော၊ လွယ်ကူစွာချုပ်ကိုင်နိုင်သော မြန်မာအလုပ်သမားများကို ခေါ်ယူသုံးစွဲနေကြခြင်းဖြစ်သည်။ မြန်မာအလုပ်သမားများက အလုပ်ကြိုးစားသောကြောင့်လည်း ထိုင်းအလုပ်ရှင်များက ခေါ်ယူလိုကြသည်။

မြန်မာအလုပ်သမား တချို့တလေသာ အလုပ်ရှင်အား ပေးရန်ရှိသော အကြွေးများကို မပေးဘဲ ထွက်ပြေးခြင်း၊ အလုပ်သစ်ရှာခြင်းတို့ ရှိသည်။

ကူညီဆောင်ရွက်ရန်

ထိုင်းရောက် မြန်မာအလုပ်သမားအရေးအား ဘန်ကောက်ရှိ မြန်မာသံရုံး၊ အလုပ်သမားအရေး ဆောင်ရွက်နေသော NGO အဖွဲ့အစည်းများ၊ ထိုင်းအာဏာပိုင်များက လူကုန်ကူးမှု တာဆီးရေးပညာပေးခြင်း၊ အလုပ်သမား အခွင့်အရေးဆိုင်ရာများနယ်မြေအလိုက် ဟောပြောပညာပေးခြင်း၊ အလုပ်ရှင်နှင့် အလုပ်သမားကြားနားလည်မှု ရရှိစေရန် ထိရောက်စွာ ညှိနှိုင်းပေးခြင်း၊ ခေါင်းပုံဖြတ် ဖိနှိပ်စော်ကားခြင်းတို့ကို ပူးပေါင်းပြီး ထိရောက်စွာ အကူအညီပေးခြင်းများဖြင့် ဆောင်ရွက်သင့်ပေသည်။

နယ်မြေအလိုက် အလုပ်သမားအရေး ဆောင်ရွက်ပေးနေသော အဖွဲ့အစည်းများနှင့် အလုပ်သမားများအကြား နွေးထွေးသော ဆက်ဆံရေး ရှိရန်လည်း လိုအပ်သည်။ အလုပ်သမားများအနေဖြင့်လည်း လက်လှမ်းမှီသလောက် ပတ်ဝန်ကျင်အတွင်း ထပ်ဆင့်ပြန်လည် ဖြန့်ဝေခြင်း၊ ဆွေးနွေးခြင်းများကို ၀ိုင်းဝန်ဆောင်ရွက်သင့်ပေသည်။

မဲဆောက် ၃

ဒီလက်မျိုး

မေ ၁၁၊ ၂၀၁၁


ပြောင်းပြန်စီးနေတဲ့မြစ်ပေါ် မေးတင်ရင်း

ရောင်းဝယ်ဖောက်ကား စည်ကားသယောင်ယောင်နဲ့

အပူရုပ်ကို ဟန်လုပ်နေရတဲ့မြို့။

တနယ်ဝင် တလှေထွက်

စက်ရုံအဆက်ဆက်မှာ

အပ်ချုပ်သမလေးတယောက်ရဲ့ငိုကြွေးသံနဲ့တေးသီပြီး

အပျက်အပျက်နဲ့ နှာခေါင်းသွေးထွက်နေရတဲ့မြို့။

အတူတူရှုခဲ့ဖူးတဲ့လေမှာတောင်

အောက်စီဂျင်နည်းပါးခဲ့ပြီး

လုစားယက်စား

အူယားဖားယားပရီးပရားဖြစ်နေတဲ့မြို့။

သိပ်လှပါတယ်လို့ပြောပြီး

ကြယ်စင်လှလှတွေနဲ့အိပ်မက်တဲ့ညမှာ

မိကျောင်းမျက်ရည်ဘားထဲ

မိကျောင်းမတွေ "စတား" ဖြစ်သွားတဲ့မြို့။

ပြီးတော့တခါ

မိကျောင်းက မိကျောင်းကိုပြန်မြိုတဲ့မြို့။

ဆိုင်ကယ်လေးတဖုတ်ဖုတ်

ကားလေးတ၀ီဝီ

ဝီစကီလေးတကြိုက်ကြိုက်နဲ့

လူတသိုက်ရဲ့ပရောပရီလုပ်တာကို ခံနေရတဲ့မြို့။

သောက်လေသောက်လေငတ်မပြေ

စေလိုရာမစေနိုင်တဲ့ သီပေါမင်းအတုတွေနဲ့

လက်ညှိုးညွန်ရာရေဖြစ်စေတဲ့

ခေတ်သစ်စုဘုရားလတ်တွေ

ငွေညစ်နေတဲ့မြို့။

ပျော်စရာသောင်းခြောက်ထောင်နဲ့

နင်လဲကျား ငါလဲဖား

နင်လဲဘုရင် ငါလဲသခင်ဘ၀မှာ

ကျားနဲ့သမင်ချစ်ကျွမ်းဝင်ခဲ့တဲ့မြို့။

မြွေက ဖားကို ချစ်ရေးဆိုတဲ့မြို့။

မြို့တကာ့မြို့ထဲမှာ ချစ်စရာအကောင်းဆုံးမြို့၊

အလှပဆုံးမြို့

အကြမ်းတမ်းဆုံးမြို့

ဒီလိုနဲ့တောက်တချက်ခေါက်မိတယ်

အိုဘယ့်

မဲဆောက် …။

မေ ၈ရက် မနက်၂နာရီ

ဟန်ထိုင်း သိုးမွှေးစက်ရုံက အလုပ်သမားတိုက်ပွဲ


မဲဆောက်ကနေ အရှေ့တောင်ဘက်ကို စက်ဘီးနဲ့ နာရီဝက်ကျော် တနာရီနီးပါးလောက် နင်းလိုက်ရင် မယ်ကု ဆိုတဲ့ ရွာကြီးကို ရောက်ပါပြီ။ အဲဒီရွာကြီးနားမှာလည်း သိုးမွှေးစက်ရုံတွေ ရှိပါတယ်။ ဟန်ထိုင်း၊ ထိုင်းစန်း၊ အေစီအာ၊ အက်စ်အာ စတဲ့ ရုံတွေပါ။ ကျနော် အခုတင်ပြမှာကတော့ ဟန်ထိုင်း (Hang Thai Knitting) သိုးမွှေးစက်ရုံအကြောင်းပါ။

စက်ရုံရဲ့ လိပ်စာက အမှတ် ၆ဝ၈၊ ၇ ရပ်ကွက် မယ်ကုရွာ ဖြစ်ပါတယ်။ စက်ရုံစဖွင့်တာ ၁၉၉၆ ခုနှစ်ကတည်းကပါ။ စဖွင့်တဲ့အချိန်တုန်းကတော့ အလုပ်သမား ၃ဝဝဝ ကျော်ရှိပါတယ်။ လက်ရှိမှာတော့ အလုပ်သမား ၁၅ဝဝ လောက်ပဲ ရှိပါတော့တယ်။ မိန်းကလေးက များပါတယ်။ ယောက်ျားလေး ၂ဝဝ ကျော်လောက် ပဲရှိပါတယ်။ လက်ရှိသူဋ္ဌေးကို အလုပ်သမားတွေက အဘင် လို့ ခေါ်ပါတယ်။ အရင်တုန်းက သူ့အဖေရဲ့ စက်ရုံကို သူက ဆက်လက်လုပ်ကိုင်တာပါ။ နိုင်ငံခြားသား တရုတ်လူမျိုးတဦးပါ။

စက်ရုံကကြီးတော့ အခြားစက်ရုံတွေထက် အလုပ်ဌာနတွေလည်း ပိုများပါတယ်။ လျှော်စက်၊ မီးပူတိုက်တာတွေအပြင် မော်တာနဲ့ တံဆိပ်ကပ်ပြီး ပါကင်ထုပ်တာတွေလည်း ပါ,ပါတယ်။ စက်ရုံမန်နေဂျာက ထိုင်းလူမျိုးဖြစ်ပြီး မြန်မာလူမျိုး လူမှုရေးမန်နေဂျာ၊ အဆောင်မှူး၊ ဆရာဆရာမတွေ ခန့်ထားပါတယ်။ သူတို့ကိုတော့ သူဋ္ဌေးက အခွင့်အရေး အပြည့်အဝ ပေးထားပါတယ်။ တိုက်ခန်းနဲ့ နေရတဲ့အပြင် အဝတ်လျှော်စက်တို့၊ ကာရာအိုကေတို့ကိုပါ ထားပေးပါတယ်။

ဒါ့အပြင် အလုပ်သမားတွေအပေါ် မိုက်မိုက်ရိုင်းရိုင်း ဆက်ဆံခွင့်တွေ ပေးထားပါတယ်။ အလုပ်သမားတွေနဲ့ ခွဲခြားဆက်ဆံတဲ့ သဘောပေါ့။ အလုပ်သမားတွေကိုတော့ အရှည်ပေ ၃ဝ ၊ အကျယ် ၁၂ ပေလောက်ရှိတဲ့ အခန်းထဲမှာ လူ ၂ဝ လောက် ထားပါတယ်။ နှစ်ထပ်လုပ်ပေးထားပါတယ်။ အောက်ထပ်က လူငုတ်တုပ်ထိုင်ရင် လွတ်ရုံလောက်လေးပါ။ အိမ်ထောင်သည်တွေအတွက် ၈ ပေ၊ ၁ဝ ပေ ပတ်လည်လောက်ရှိတဲ့ အခန်း ကာပေးထားပါတယ်။

အခြားစက်ရုံတွေလိုပဲ ထမင်း တနေ့ကို ၃ ကြိမ်ပေးပါတယ်။ ဟင်းက ကိုယ့်အစီအစဉ်နဲ့ ကိုယ်ပေါ့။ တပတ်မှာ တနင်္ဂနွေ တရက်ပဲ ည ၁ဝ နာရီကျော်မှ ဟင်းချက်ခွင့် ပေးထားပါတယ်။ မီးသွေးတို့၊ ထင်းမီးတို့ သုံးခွင့် မရှိပါဘူး။ လူ ၁၅ဝဝ အတွက် ပလပ်ပေါက် ၂၄ ခု ထားပေးပါတယ်။ အဲဒီမှာ အလှည့်ကျချက်ရပါတယ်။ ကျန်တဲ့ ရက်တွေ ချက်ခွင့်မရှိပါဘူး။

စက်ရုံရဲ့ အလုပ်ချိန်ကတော့ မနက် ၈ နာရီကနေ ည ၉ နာရီအထိပါ။ (နေ့လည် ၁၂ နာရီနဲ့ ညနေ ၅ နာရီ ထမင်းစားလွှတ်)။ အလုပ်အရေးကြီးရင် ကြီးသလို ၂ ညအိပ် ၃ ရက် လုပ်ရတာတာတွေလည်း ရှိပါတယ်။ အချိန်ပို လုပ်အားခ မရပါဘူး။ အဲလို ပင်ပင်ပန်းပန်း လုပ်ရပေမယ့်လည်း နောက်နေ့တွေ ပုံမှန်အတိုင်း အလုပ်ဆင်းရပါတယ်။ စက်ရုံထဲမှာ သူ့ဌာနနဲ့သူ လိုင်းဆရာတွေက အလုပ်ဆင်းတဲ့သူတွေ စာရင်းကောက်ပေးရပါတယ်။ လစာထုတ်ရက်က လစဉ် ၁ဝ ရက်နေ့ပါ။ ဒါဇင်ပိတ်တာက ၂၅ ရက်နေ့။ ရက်ပေါင်ကြေး ၁၅ ရက် ယူထားပါတယ်။ စက်ရုံအလုပ်သမားတိုင်း စက်ရုံယူနီဖောင်း ဝတ်ရပါတယ်။ စက်ရုံက နှစ်စုံထုတ်ပေးပါတယ်။ တစုံ ကိုယ့်ဟာကိုယ် ဝယ်ရပါတယ်။ အလုပ်သမားတွေက ယူနီဖောင်း အဝါရောင်၊ ဆရာ/ဆရာမတွေက အပြာရောင်ဖြစ်ပြီး QC (Quality Control) တွေက မိုးပြာရောင် ဝတ်ရပါတယ်။

လစဉ် လစာထုတ်ပြီး နောက်တနေ့တရက်ပဲ ပိတ်ပေးပါတယ်။ တနင်္ဂနွေနေ့တွေကိုတော့ အလုပ်ဆင်းရပါတယ်။ ဒါပေမဲ့ ယူနီဖောင်းဝတ်စရာ မလိုပါဘူး။ လွတ်လပ်ခွင့် ပေးထားပါတယ်။ မန်နေဂျာနဲ့ ခွင့်တိုင်ပြီး အပြင်သွားလို့လည်း ရပါတယ်။ တနင်္ဂနွေနေ့ကို အလုပ်မခိုင်းဘူးဆိုတဲ့ သဘောမျိုးပေါက်အောင် လုပ်ထားတာပါ။ မဆင်းလို့လည်း မရပါဘူး။ လိုင်းဆရာတွေ စာရင်းကောက်တဲ့အချိန်မှာ မရှိတဲ့ရက်များရင် အလုပ်ပြုတ်ပါတယ်။ ပါကင်ထုပ်၊ ချည်ရစ်၊ ဘွိုင်လာမီးထိုး စတဲ့ နေရာတွေမှာ အလုပ်သမားတွေကို နေ့စားခိုင်းပါတယ်။ ဘွိုင်လာကတော့ မီးပူတိုက်ဖို့အတွက် ရေနွေးငွေ့ရအောင် လုပ်တာပါ။ တချို့စက်ရုံတွေမှာ ဂက်စ်နဲ့ သုံးပါတယ်။

နေ့စားအလုပ်သမားတွေကို မနက် ၈ နာရီကနေ ည ၉ နာရီအထိကို တနေ့ ဘတ် ၆ဝ ကနေ ၈ဝ ထိ ပေးထားပါတယ်။ တခြား အလုပ်သမားတွေက ဒါဇင်စားပါ။ ကိုယ်လုပ်နိုင်ရင် လုပ်နိုင်သလောက် ရပါတယ်။ အလုပ်ကောင်းတဲ့လတွေ (အထက်မှာ ပြောခဲ့သလို ၂ ညအိပ် ၃ ရက် လုပ်ရတဲ့ လတွေ) မှာ အလုပ်ကျွမ်းကျင်တဲ့ သူတွေကတော့ ၅ ထောင်၊ ၆ ထောင်လောက် ထိရကြပေမယ့် ၂ဝဝဝ၊ ၃ဝဝဝ လောက်ရတဲ့သူတွေလည်းရှိပါတယ်။ အခြားစက်ရုံများနည်းတူ အလုပ်မရှိတဲ့လတွေ လည်း ရှိပါတယ်။ အလုပ်သမားလက်မှတ်မရှိတဲ့သူတွေကို ရဲကြေးဆိုပီး တလ ၂ဝဝ ဖြတ်ပါတယ်။ လက်မှတ်ရှိတဲ့သူ တွေကိုတော့ တလ ၄ဝဝ ဘတ်ဖိုးကျေတဲ့အထိ ဖြတ်ပါတယ်။

လက်ရှိသူဋ္ဌေးရဲ့ အဖေ လက်ထက်ကတည်းက အလုပ်လုပ်လာတဲ့ သူတဦးကဆို ''ကျနော်တို့ အလုပ်စဝင်တာ ၁၉၉၆ ကပါ။ မြန်မာပြည်က တက်လာကာစဆိုတော့ စက်ဆွဲမတတ်သေးပါဘူး။ အဲဒီအချိန်မှာ မတတ်သေးတဲ့အတွက် သူဋ္ဌေးက တနေ့ကို ဘတ် ၅ဝ ပေးထားပါတယ်။ ဟင်းဖိုးလည်း ၁ဝ ဘတ် ပေးပါသေးတယ်။ အဲဒီလို ၃ လလောက် ပေးထားပါတယ်။ အလုပ်ချိန်ကတော့ မနက် ၈ နာရီကနေ ည ၁၁ နာရီအထိပါ။ စနေဆို ည ၉ နာရီအထိ။ တနင်္ဂနွေဆို ညနေ ၅ နာရီအထိ ပုံမှန်ဆင်းရတယ်'' လို့ ပြောပါတယ်။

''အလုပ်သမားလက်မှတ်လည်း လုပ်စရာမလိုတော့ သူ့အတွက် ကုန်စရာမလိုဘူး။ စဝင်တုန်းက လူ ၅ဝဝ လောက်ပဲ ရှိပါတယ်။ ရုံကလည်း သေးသေးလေးပါ။ အဲဒီတုန်းက ဒါဇင်ဈေး ကောင်းတော့ အသင်တောင်မှ တလကို ဘတ် ၄ဝဝဝ လောက် ရတယ်။ ကျနော်တို့ဆို လင်မယားနှစ်ယောက်လုပ်တာ ဒီမှာလည်း စားချင်တိုင်းစား၊ သုံးချင်တိုင်း သုံးပြီးတဲ့အပြင် မြန်မာပြည်ကိုလည်း မြန်မာငွေ ၃ဝဝဝဝ (သုံးသောင်း) လောက် ပို့နိုင်သေးတယ်။ အဲလို ပို့ပြီးတာတောင် တလကို ရွှေငါးမူးသားလောက် စုမိတယ်။ အဲဒီအချိန်မှာ ရွှေတကျပ်သားကို ဘတ် ၄ဝဝဝ ကျော်လောက်ပဲ ရှိတယ်။ ကျနော်တို့ရုံက ဖွင့်စဆိုတော့ အလုပ်လည်းကောင်း၊ ဒါဇင်ဈေးလည်း ကောင်းတော့ စက်ရုံမှာ အလုပ်ဝင်ချင်တဲ့သူတွေ တန်းစီနေတာပဲ။ စက်ရုံဝမှာ ထိုင်ကိုစောင့်နေကြတာ။ နောက်ပိုင်းမှာ လုပ်ခတွေကလည်း နည်းလာတယ်။ ဟင်းဖိုးကလည်း ဟိုတုန်းက ဟင်းတထုပ်ကို ၃ ဘတ်ပဲ ပေးရတယ်။ အခု ၅ ဘတ်၊ ၆ ဘတ်။ အလုပ်သမားလက်မှတ်အတွက်လည်း ကုန်သေးတယ်ဆိုတော့ တလကို ၁၅ဝဝ လောက်ရဖို့အတွက် မနည်းစုရတယ်။ အလုပ်မရှိရင်တော့ သွားပြီပေါ့" ဟု ၁၃ နှစ်လောက် လုပ်ခဲ့တဲ့ သူက ဆိုပါတယ်။

အလုပ်သမားတွေလည်း ကျေနပ်တာရှိသလို၊ မကျေနပ်တာတွေလည်း ရှိကြပါတယ်။ ၂ဝဝ၈ ခုနှစ် ၁၁ လပိုင်းမှာတော့ သူဋ္ဌေးက အလုပ်သမားတွေကို ဖောင်ဖြည့်ခိုင်းပါတယ်။ အဲဒီဖောင်ကလည်း အလုပ်သမားအသစ်ငှားတဲ့ စာချုပ်ပါ။ နှစ်တွေ ဘယ်လောက်ကြာကြာလုပ်ခဲ့တဲ့ အလုပ်သမားပဲဖြစ်ဖြစ် စာချုပ်အသစ် ချုပ်ခိုင်းပါတယ်။ အဲဒီစာချုပ်အရ အလုပ်သမားတွေကို ၁၁၉ ရက် အစမ်းခန့်တာဖြစ်ပြီး သူဋ္ဌေးက မကြိုက်ရင် အလုပ်ဖြုတ်မှာပါ။ အဲဒီမှာ အလုပ်သမားတွေက မခံနိုင်တော့ပါဘူး။ အဲဒီစာချုပ်မှာ တခြားမတရားတာတွေလည်း ပါပါတယ်။ အလုပ်သမားတွေ လက်မှတ် မထိုးကြပါဘူး။

အဲဒီလိုနဲ့ အလုပ်လုပ်လာခဲ့ကြတာ စက်ရုံလိုင်းဆရာတွေရဲ့ ညစ်ပတ်မှုနဲ့ အလုပ်သမား ၂၉ ယောက်ကို အလုပ်ဖြုတ်ဖို့ လုပ်ပါတယ်။ အဲဒီ ၂၉ ယောက်က အလုပ်သမားရေးတွေလုပ်လို့၊ အလုပ်သမားတွေကို လက်မှတ် မထိုးဖို့ စည်းရုံးလို့ ဆိုပြီး လုပ်တာပါ။ သူတို့ကို ရုံးခန်းထဲခေါ်ပြီး မြဝတီကတဆင့် နေပြည်တော်အထိပါ ပို့မယ်လို့ ပြောတာပါ။ အဲဒီအချိန်မှာ စက်ရုံမှာရှိတဲ့ အလုပ်သမားအကုန်လုံးက မကျေနပ်လို့ဝိုင်းပြီး ဆန္ဒပြကြတာပါ။ တရုံလုံး ပါလာတဲ့အတွက် သူဋ္ဌေးက အလျှော့ပေးလိုက်ရပါတယ်။ အဲဒီအလုပ်သမား ၂၉ ယောက်ကို ရုံးခန်းထဲမှာ တနေကုန် ခေါ်ထားပါတယ်။

အဲဒီအခြေနေတွေကို မြင်တွေ့ခဲ့ရတဲ့ အလုပ်သမတဦးကတော့ ''အဲဒီ ၂၉ ယောက်မှာ ဘာအပြစ်မှ မရှိပါဘူး။ သူတို့ တမင် အလုပ်ဖြုတ်ချင်လို့ လုပ်တာပါ။ ရုံးခန်းထဲမှာ ခေါ်ထားပြီး ထမင်းလည်း မကျွေးဘူး။ အဲဒါကို အလုပ်သမားတွေက မခံနိုင်လို့ဝိုင်းပြီး ဆန္ဒပြကြတာပါ။ မဲဆောက်မှာရှိတဲ့ ဌာနပေါင်းစုံ လာပါတယ်။ ရဲတွေကော အချုပ်ကားတွေပါ ပါ,ပါတယ်။ မိန်းကလေးတွေက အချုပ်ကားနားမှာ ပိတ်ပြီး ရပ်နေကြပါတယ်။ အဲဒီ ၂၉ ယောက်ကို ဖမ်းရင် မိန်းကလေးတွေ အားလုံးလည်း အချုပ်ကားပေါ် တက်ကြဖို့ပါ။ အဲဒီလို ရုတ်ရုတ်သဲသဲ ဖြစ်နေတုန်း ကျမတို့အထဲက ထိုင်းစကားတတ်တဲ့ သူတယောက်ကို ထိုင်းစစ်သားက မေးတယ်။ မေးတော့ သူက စာချုပ်အသစ် ချုပ်တာကို အလုပ်သမားတွေ လက်မှတ်မထိုးကြလို့ အခုလို ဖြစ်တာပါလို့ ပြန်ရှင်းပြတော့… အဲဒီစစ်သားက သူတို့ အဲဒီအကြောင်းကို မသိကြောင်း၊ သူတို့က စက်ရုံမှာ အလုပ်သမားတွေ သောင်းကျန်းနေတယ်ဆိုလို့ လာရတာပါ။ သူတို့ရောက်လာချိန်မှာ အဲလိုမဟုတ်ဘဲ သူဋ္ဌေး ညစ်ပတ်တာကို သိသွားတော့ မင်းတို့ စက်ရုံရဲ့ ပစ္စည်းတွေကို ဘာတခုမှ မဖျက်ဆီးပါနဲ့၊ ကျန်တဲ့ အခွင့်အရေးတွေ မင်းတို့ အေးအေးဆေးဆေး တောင်းဆိုကြပါဆိုပြီး ပြန်သွားတယ်။ သူဋ္ဌေးလည်း အလျှော့ပေးလိုက်ရတယ်" ဆိုပြီး ပြောပြပါတယ်။ အဲဒီအလုပ်သမား ၂၉ ယောက်စလုံးဟာ ဘတ် (အလုပ်သမား လက်မှတ်) ကိုင်ဆောင်ထားသူတွေ ဖြစ်ပါတယ်။

သူဋ္ဌေးလည်း သူလုပ်ချင်တာ မလုပ်လိုက်ရတော့ ဘယ်ကျေနပ်မလဲ။ အလုပ်သမားတွေလည်း ပုံမှန် အလုပ်ပြန်ဆင်းကြပါတယ်။ သူဋ္ဌေးကတော့ သူ့ရဲ့စာချုပ်မှာ အလုပ်သမားတွေ လက်မှတ်ထိုးအောင် အကြံထုတ်နေတာပေါ့။ အချို့အလုပ်သမားတွေကို ဆရာ/ဆရာမတွေကတဆင့် စည်းရုံးသိမ်းသွင်းတဲ့ အတွက် အရင်လောက် လူမညီတော့ပါဘူး။ တချို့လည်း အလုပ်ပြုတ်မှာ ကြောက်ကြပါတယ်။ အဲဒီလို အားနည်းနေချိန်မှာ သူဋ္ဌေးက စာချုပ်အသစ်ကို လက်မှတ်မထိုးတဲ့သူတွေ အပြင်မှာနေပါ၊ နေ့စားခအဖြစ် ထိုင်းနိုင်ငံမှာ ပြဋ္ဌာန်းထားတဲ့ ဥပဒေအတိုင်း တရက်ကို ၁၅၁ ဘတ်ပေးမယ်၊ ကိုယ့်ဟာကိုယ် နေရမယ်၊ စာချုပ်ကို လက်မှတ်ထိုးမယ့် သူတွေကတော့ အရင်အတိုင်း နေခွင့်ပြုတယ်ဆိုပြီး ပြောလာပါတယ်။ အဲဒီမှာ လက်မှတ်မထိုးတဲ့ အလုပ်သမား ၂၉ဝ ကျော်လောက် အပြင်ရောက်သွားပါတယ်။ ဘတ်မရှိတဲ့ သူတွေကိုတော့ သူဋ္ဌေးက မောင်းထုတ်လိုက်ပါတယ်။ အဲဒီနေ့ ညနေ ၅ နာရီကျော်လောက်မှာ ဘတ်မရှိတဲ့ အလုပ်သမားတွေ ပြန်သွားရပါတယ်။

အပြင်ထွက်တဲ့ ၂၉ဝ ကျော်ထဲကလည်း ၁ဝ ယောက်လောက်က မြန်မာပြည် ပြန်သွားပါသေးတယ်။ ၂၇-၁- ၂ဝဝ၉ ရက်နေ့ကစပြီး ကျန်တဲ့သူတွေ အပြင်မှာ ကိုယ့်အစီအစဉ်နဲ့နေပြီး အလုပ်တက်ရပါတယ်။ အလုပ်တက်ရင် ကားခ အသွားအပြန် ၁ဝ ဘတ် ပေးရပါတယ်။ သူဋ္ဌေးကလည်း ညစ်ပတ်တာပေါ့။ စနေ၊ တနင်္ဂနွေဆို အပြင်က အလုပ်ဆင်းတဲ့ သူတွေကို အလုပ်ပိတ်တယ်။ လုပ်အားခတွေ ပိုပေးရမှာ စိုးတဲ့အတွက်ပါ။ အလုပ်မရှိတဲ့ရက်က များပါတယ်။ အလုပ်မရှိတဲ့ရက်ဆို အလုပ်သမား ဥပဒေအတိုင်း တနေ့ကို တနေ့တာ လုပ်အားခရဲ့ ၇၅ ရာခိုင်နှုန်း ၁၁၃ ဘတ် ပေးပါတယ်။ အဲဒီနှုန်းကလည်း ၂ဝဝ၈ မှာ ပြန်ပြင်ထားတဲ့ ဥပဒေပါ။ အရင်ကဆို တနေ့တာ လုပ်အားခရဲ့ တဝက်ပဲရပါတယ်။ သိပ်ကြာကြာ အလုပ်မဆင်းလိုက်ကြရပါဘူး။ ၂၄-၂-၂ဝဝ၉ ရက်နေ့မှာ အဲဒီအလုပ်သမား ၂၉ဝ လောက်ကို အလုပ်ဖြုတ်လိုက်တော့တာပါပဲ။ အလုပ်ဖြုတ်ကြောင်းကို အလုပ်သမတဦးက ခုလိုပြောပြပါတယ်။ ''ကျမတို့ အပြင်ကနေ အလုပ်ဆင်းနေတဲ့လူတွေကို အလုပ်ဖြုတ်လိုက်ကြောင်း စက်ရုံမှာ စာကပ်ထားပါတယ်။ တိုင်ချင်တဲ့နေရာ တိုင်နိုင်တယ်လို့လည်း ပြောတယ်။"

အဲဒါနဲ့ အပြင်မှာနေတဲ့ အလုပ်သမား ၂၉ဝ ကျော်ဟာ B.L.S.O (Burma Labor Solidarity Organization) ရဲ့ အကူအညီနဲ့ ဆဝါဒီကန်ရုံးမှာ တိုင်ချက်ဖွင့်နိုင်ခဲ့ပါတယ်။ B.L.S.O ကလည်း ဒီအမှုနဲ့ပတ်သက်ပြီး ၂၅-၂-၂ဝဝ၉ နေ့မှာ ထုတ်ပြန်ကြေညာချက် ထုတ်ပါတယ်။ အဲဒီ ကြေညာချက်တစိတ်တပိုင်းမှာ… "ထိုင်းနိုင်ငံ မဲဆောက်မြို့တွင်ရှိ အကြီးဆုံး စက်ရုံတခုဖြစ်သည့် ဟန်ထိုင်းသိုးမွှေးစက်ရုံ (HANG THAI KNITTING INDUSTRIAL Co., LTD.) မှ အလုပ်သမား အခွင့်အရေး အပြည့်အဝ ရရှိရေးအတွက် တိုက်ပွဲဝင်နေကြသည့် အလုပ်သမား ၂၉၃ ယောက်ကို အကြောင်းမရှိ ဥပဒေမဲ့စွာ ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် အလုပ်မှ ထုတ်ပစ်ခဲ့ပါသည်။ ဟန်ထိုင်းစက်ရုံမှ ကြေညာချက်တွင် ပါရှိသည့် စီးပွားရေးပြဿနာ၊ အော်ဒါပျက်ကွက်၍ ကုန်ထုတ်လုပ်ရာတွင် အခက်အခဲရှိခြင်း၊ အလုပ်သမားများ အလုပ်လုပ်ရာတွင် အရည်အသွေး မပြည့်ဝခြင်း စသည့် အကြောင်းရင်းများသည် မခိုင်လုံသော၊ တရားဥပဒေမဲ့သော အကြောင်းရင်းများသာ ဖြစ်သည်။ အဓိက အကြောင်းအရင်းမှာ အလုပ်သမားအများစုသည် နှစ်ရှည်လများ စက်ရုံ၏ ဖိနှိပ်အုပ်ချုပ်မှု၊ အလုပ်သမား အခွင့်အရေး အပြည့်အဝ မရရှိခြင်း၊ လုပ်အားခနည်းခြင်း၊ OT ကြေး မရရှိခြင်း၊ အားလပ်ရက် မရှိခြင်း၊ တနေ့တာ အလုပ်ချိန်များပြားခြင်း စသည့် အကြောင်းအရင်းများကြောင့် အလုပ်သမား အခွင့်အရေး အပြည့်အဝ ရရှိရေးအတွက် တောင်းဆိုတိုက်ပွဲဝင်နေကြသော အလုပ်သမားများသာလျှင် ဖြစ်သည်" လို့ ပါရှိပါတယ်။

၃၊ ၄ လလောက် အကြာမှာတော့ ဆဒါဒီကန်ရုံးက အမိန့်ကျလာပါတယ်။ ဆဝါဒီကန်ရုံးရဲ့ အမိန့်ကို အလုပ်သမားတဦး ပြန်ပြောပြတာက ''သူဋ္ဌေးက အလုပ်သမားတွေကို သက်ညှာတဲ့အနေနဲ့ အလုပ်ခိုင်းထားတယ်။ နေ့စားခလည်း ပေးထားလို့ လျှော်ကြေးပေးစရာမလို" လို့ ရေးထားတဲ့အကြောင်း ပြောပြပါတယ်။ ဒါနဲ့ တိုက်ပွဲဝင် အလုပ်သမားတွေ အကုန်လုံး မကျေနပ်ကြလို့ L.L.C. (Labor Law Clinic) မှာ ဆက်ပြီး တိုင်ချက်ဖွင့်ကြပါတယ်။

ခုချိန်မှာတော့ ဟန်ထိုင်းစက်ရုံဟာ အထက်က ဆန္ဒပြပွဲမှာ မပါဝင်ဘဲ ဆက်လက်လုပ်ကိုင်နေတဲ့ စက်ရုံအလုပ်သမားတွေကို လျှော်ကြေးမပေးဘဲ စက်ရုံပိတ်လိုက်ကြောင်းနဲ့ ၁ဝ-၂-၂ဝ၁ဝ နောက်ဆုံးထားပြီး စက်ရုံကနေ ထွက်ခွာပေးဖို့ ဖိအားပေးနေကြောင်း သိရပါတယ်။ စက်ရုံပိတ်လိုက်ပုံနဲ့ ပတ်သက်လို့ အဲဒီစက်ရုံမှာ လုပ်ခဲ့ဖူးတဲ့ အလုပ်သမားအရေးကို ကူညီဆောင်ရွက်ပေးနေတဲ့ ကိုဝဏ္ဏက ''သူဋ္ဌေးရဲ့ လူယုံဖြစ်တဲ့ မသင်းသင်းစိုးက ဒီစက်ရုံသူဋ္ဌေးက အခြားစက်ရုံသူဋ္ဌေးကို လွှဲလိုက်ပြီးဖြစ်လို့ ၂ဝ၁ဝ ဖေဖော်ဝါရီလ ၁ဝ ရက်နေ့ကစပြီး အလုပ်သမား အားလုံး စက်ရုံက ထွက်ခွာပေးရမယ်လို့ အလုပ်သမားအားလုံးကို ကြေညာတယ်.." လို့ ပြောပြပါတယ်။

ထိုင်းနိုင်ငံမှာတင်မကဘဲ၊ နိုင်ငံတကာမှာ ရောက်နေကြတဲ့ ကျနော်တို့ မြန်မာနိုင်ငံသူ၊ နိုင်ငံသားတွေအပြင် ကိုယ့်နိုင်ငံ၊ ကိုယ့်အစိုးရနဲ့ ကျနော်တို့ မြန်မာနိုင်ငံအတွင်းမှာ အလုပ်လုပ်နေရတဲ့သူတွေ ကိုယ်တိုင်တောင်မှ အလုပ်သမား အခွင့်အရေးတွေ အပြည့်အဝမရ၊ လုပ်ခလစာတွေ အရမ်းနည်းတဲ့အတွက် အခုရက်ပိုင်းအတွင်းမှာ ဆန္ဒပြမှုတွေ နေ့စဉ်ရက်ဆက်ဆိုသလို ဖြစ်နေတာတွေကို အင်တာနက် သတင်းတွေကတဆင့် သိရှိရတဲ့အခါ ကျနော်တို့လို အလုပ်သမား လူတန်းစားတွေအတွက် အခွင့်အရေးဆိုတာ ကိုယ်ကိုယ်တိုင် တိုက်ယူရမယ့် အရာပါလားလို့ တွေးနေမိပါတော့တယ်။

မဇ္ဈိမ၀က်ဆိုက်တွင် မတ်လ 2 ရက်၊ 2010 ခုနှစ်တွင် ဖော်ပြခဲ့သော ဆောင်းပါးအားပြန်လည်ဖော်ပြခြင်းဖြစ်ပါသည်။

စင်္ကာပူက မြန်မာအိမ်တွင်းမှုအလုပ်သမတွေရဲ့ ဘ၀ တစေ့တစောင်း





စင်္ကာပူက မြန်မာအိမ်တွင်းမှုအလုပ်သမတွေရဲ့ ဘ၀ တစေ့တစောင်း
မိုးမခအထောက်တော် စင်္ကာပူ
ဧပြီ ၂၃၊ ၂၀၁၁
အခု ပြောချင်တာက အယင်လတုန်းက မြန်မာအမျိုးသမီးတွေအချို့ စင်္ကာပူပြည်ပမှာ အိမ်တွင်းမှုအလုပ်သမ (ရိုးရိုးအခေါ် - အိမ်ဖော်) အဖြစ် အလုပ်ပွဲစားတွေကတဆင့် လာရောက် အလုပ်လုပ်ကိုင်နေကြတဲ့ အကြောင်းကို ဆက်ရေးမှာ ဖြစ်ပါတယ်။ စင်္ကာပူက အလုပ်အေဂျင်စီ၊ စင်္ကာပူ အစိုးရ၊ စင်္ကာပူက အိမ်ထောင်စုများ (မြန်မာမိသားစုတွေ အပါအ၀င်) က အိမ်တွင်းမှုအလုပ်သမ ဈေးကွက်ကို အားပေးတယ်၊ လိုအပ်တယ်။ သည်လုပ်ငန်းဟာ အစိုးရ၊ အိမ်ထောင်စု၊ အလုပ်သမားအေဂျင်စီ၊ အလုပ်သမားများအတွက် ၀င်ငွေ ဒေါ်လာ စင်္ကာပူ သန်းချီတဲ့ စီးပွားရေးလုပ်ငန်းကြီး ဖြစ်ပါတယ်။

မြန်မာစစ်အုပ်စုက ကြေညာချက်ထုတ်လိုက်ရာမှာ မြန်မာအမျိုးသမီးတွေ ပြည်ပထွက် အလုပ်လုပ်တာကို ကန့်သတ်တယ်လို့ ဆိုတယ်။ ဂျာနယ်ထဲမှာ ပါတာ ပြောတာပါ။ ပြည်ပက အင်တာနက် သတင်းဌာနတွေကတော့ ပြောတာပဲ ရှိတယ်၊ ထွက်ပြီး အလုပ်လုပ်တဲ့သူကတော့ ရှိနေတာပဲ။ ၀န်ဆောင်မှုပေးတဲ့ ပွဲစားကုမ္မဏီတွေကလည်း အလုပ်ဖြစ်နေတုန်းပဲ လို့ ရေးနေကြတယ်။ ဒါက အလုပ်သမားညွှန်ကြားဦးစီးဌာနဘက်က သတင်းတွေဖြစ်တယ်။
နောက်တချက်ကတော့ နိုင်ငံကူးလက်မှတ်ရုံးက အနေအထားက အရင်တုန်းကတော့ အမျိုးသမီးတွေ ပတ်စ်ပို့လျောက်တာကို ကန့်သတ်ဖူးတယ်။ အခုကတော့ အကန့်အသတ်တွေ စိစစ်တာတွေ မရှိတော့ဘူး။ မိန်းကလေးတွေ ပြည်ပထွက်တာကို မျက်လုံးဒေါက်ထောက်ကြည့်ပြီး တဖက်ကလည်း လက်ကြီးတွေ ဖြန့်ထားတော့ ငွေမျက်နှာကြောင့် မျက်လုံးတွေလည်း စုံလုံးကန်းပြီး ပတ်စ်ပို့မှာ ၃ နှစ် သက်တမ်းတုံး နဲ့ မိန်းကလေးတွေ ကြီး ငယ်မဟူ လွတ်လပ်စွာ ပြည်ပထွက်ခွင့်၊ နိုင်ငံကူးလက်မှတ် ရယူခွင့် ရှိနေပါပြီ။ စည်းကမ်းတွေ ဥပဒေတွေနဲ့ ဘယ်လောက်ပဲ တားတယ် ဆိုဆို အကျင့်ပျက် ခြစားမှုတွေက ဥပဒေအပေါ်မှာ ရှိနေတာကို ထည့်စဉ်းစားရမှာ ဖြစ်ပါတယ်။
အခု ပြောချင်တာက အယင်လတုန်းက မြန်မာအမျိုးသမီးတွေအချို့ စင်္ကာပူပြည်ပမှာ အိမ်တွင်းမှုအလုပ်သမ (ရိုးရိုးအခေါ် - အိမ်ဖော်) အဖြစ် အလုပ်ပွဲစားတွေကတဆင့် လာရောက် အလုပ်လုပ်ကိုင်နေကြတဲ့ အကြောင်းကို ဆက်ရေးမှာ ဖြစ်ပါတယ်။ စင်္ကာပူက အလုပ်အေဂျင်စီ၊ စင်္ကာပူ အစိုးရ၊ စင်္ကာပူက အိမ်ထောင်စုများ (မြန်မာမိသားစုတွေ အပါအ၀င်) က အိမ်တွင်းမှုအလုပ်သမ ဈေးကွက်ကို အားပေးတယ်၊ လိုအပ်တယ်။ သည်လုပ်ငန်းဟာ အစိုးရ၊ အိမ်ထောင်စု၊ အလုပ်သမားအေဂျင်စီ၊ အလုပ်သမားများအတွက် ၀င်ငွေ ဒေါ်လာ စင်္ကာပူ သန်းချီတဲ့ စီးပွားရေးလုပ်ငန်းကြီး ဖြစ်ပါတယ်။
အစိုးရနဲ့ အေဂျင်စီကတော့ စည်းကမ်း စည်းမျဉ်းများ ချမှတ်ပြီး အိမ်တွင်းမှုအလုပ်သမလုပ်ငန်းကို စီမံထိန်းသိမ်း ခန့်ခွဲပါတယ်။ အိမ်တွင်းမှုအလုပ်သမားတွေအတွက် ခံစားခွင့်၊ လစာ၊ အခွန်၊ အိမ်ထောင်စုများက ပေးရတဲ့ အလုပ်သမားခွန်၊ ဒဏ်ကြေး၊ လိုင်စင်ကြေး၊ ပွဲစားခ စသည်ဖြင့်တွေကို စနစ်တကျ ပြဌာန်းတာတွေ လုပ်ပါတယ်။ အလုပ်သမတွေကို အရည်အချင်းရှိဖို့၊ အိမ်ထောင်စုကိစ္စတွေ အိမ်တွင်းမှုကိစ္စတွေ ခေတ်နဲ့အညီ အမီ လုပ်ကိုင်နိုင်ဖို့ သင်ပေးတာ၊ စစ်ဆေးတာ၊ ဘာသာစကား အပြောအဆို အနေအထိုင် ဗဟုသု ရှိအောင် သင်ကြား စစ်ဆေး ကြည့်ကြပ်တာတွေ လုပ်ပေးတယ် ဆိုပါတယ်။ သည်တော့ သည်အလုပ်ဟာ ခေတ်သစ်ထဲက ရှေးဟောင်းအလုပ်တခု ဆိုပေမယ့် စည်းစနစ်နဲ့ ခေတ်မီမှုတွေ ရှိတယ်လို့ ဆိုရမယ် ထင်ပါတယ်။
ဥပမာ - အိမ်တွင်းအလုပ်သမဟာ ညအိပ်ရာဝင်ချိန်၊ အလုပ်သိမ်းချိန် သတ်သတ်မှတ်မှတ်ရှိတယ်။ အနားယူချိန်၊ အားလပ်ချိန်ရှိတယ်။ စနေ တနင်္ဂနွေမှာ နားခွင့် လည်ပတ်ခွင့် ရှိတယ်။ မိသားစု ပတ်ဝန်းကျင်နဲ့ ဆက်သွယ် ထိတွေ့ခွင့်တွေ ရှိတယ်။ ဒါ့အပြင် အိမ်တွင်းအလုပ်သမတွေဟာ သူတို့အားလပ်ရက်တွေမှာ အလုပ်လုပ်ရမယ် ဆိုရင်တော့ အိမ်ရှင်က သီးသန်း အပိုငွေကြေးပေးပြီး အချိန်ပိုလုပ်ခနဲ့ လုပ်ကြရတယ် ဆိုတယ်။ အားလပ်ရက်တွေမှာ စင်္ကာပူက စေတနာဝန်ထမ်းအဖွဲ့အစည်းတွေ၊ ဘာသာရေးအဖွဲ့တွေ ဖွင့်လှစ်ထားတဲ့ အသက်မွေးသင်တန်းတွေ တက်ပြီး ဘ၀တက်လမ်း ရှာခွင့် ရှိတယ်လို့ သိရပါတယ်။
သို့သော် စကားချပ် ၀င်ပြောရရင်တော့ - အိမ်တွင်းအလုပ်သမ အထက်ပါအတိုင်း ခံစားခွင့်ရှိဖို့ကတော့ ကာယကံရှင်ကိုယ်တိုင်ရဲ့ ဗဟုသုတ ကိုယ်ခံ အရည်အချင်း၊ ပွဲစားများရဲ့ သဘောထားကြီးမှု၊ အိမ်ရှင်များရဲ့ အမြင်ကျယ်မှု ခွင့်ပြုမှုတွေအပေါ် အများကြီး မူတည်တယ်လို့ ပြောနိုင်ပါတယ်။ မည်သို့ပင် ခံစားခွင့်နဲ့ အခွင့်အရေးတွေ စည်းကမ်း ဥပဒေတွေ သတ်မှတ်ထားပါစေ မလိုက်နာသူတွေ၊ စည်းဖောက်သူတွေကတော့ အလုပ်သမား၊ အလုပ်ရှင်၊ အကျိုးဆောင်တွေ တဖက်ဖက်မှာတော့ ရှိနေမှာပါပဲ။
အလုပ်ပွဲစားတွေက အိမ်တွင်းအလုပ်သမကို အိမ်ရှင်ထံ အပ်ချိန်မှာ ၆ လ အစမ်းလုပ်ခွင့် ရှိတယ်။ နှစ်ဦး နှစ်ဖက် မကျေလည်ရင် ပြောင်းခွင့် ရှိတယ်လို့ ဆိုတယ်။ အဲသည် ၆ လ ကျော်ပြီး နောက်ပိုင်း ကိစ္စကတော့ အလုပ်သမားနဲ့ အလုပ်ရှင်နဲ့ တိုက်ရိုက်ဆိုင်တယ်။ ပွဲစားနဲ့ အစိုးရက ဥပဒေ စည်းကမ်းနည်းလမ်းအရ ၀င်ပြီး ဖြေရှင်းခွင့် ရှိတယ်လို့ ဆိုပါတယ်။
အလုပ်ပွဲစားတွေကိုအလုပ်သမတွေ ပေးရတဲ့ ပွဲစားခက စင်္ကာပူ ဒေါ်လာ ၂၁၀၀ လောက် ရှိတယ် ကြားပါတယ်။ အဲဒါကို ၇လ ဖြန့်ပြီး တလ ၃၀၀ နှုန်းနဲ့ ပွဲစားက ဖြတ်ယူတယ် ဆိုတယ်။ အဲသည်အတွင်းမှာ အလုပ်သမက ကျန်တဲ့ လစာကို ခံစားခွင့်ရှိတယ်။ မြန်မာတွေအတွက် ပျမ်းမျှလစာက ၃၅၀ ဆိုရင် ၅၀ကို ကာယကံရှင်က စုထားလို့ ရတယ်ပေါ့။
မြန်မာအလုပ်သမတွေကတော့ မည်သို့နည်းဖြင့် စင်္ကာပူသို့ ရောက်လာသည်ဖြစ်စေ မြန်မာသံရုံးမှာ အခွန်ဆောင်တာ၊ သက်တမ်းတိုးတာတွေကတော့ သူတို့ လမ်းကြောင်းတွေ လမ်းတွေနဲ့ လုပ်ရတာ ဖြစ်တယ်လို့ ဆိုပါတယ်။ မြန်မာသံရုံးကတော့ သူတို့သတ်မှတ်ထားတဲ့ စာရွက်စာတမ်းတွေ အခွန်ငွေတွေ သတ်မှတ်ကြေးတွေ ရနေရင် ကျန်တာ ဘာကိုမှ သိပ်ပြီး ဂရုမစိုက်ကြဘူးဆိုတာကတော့ အများသိပြီးသားပဲ နေမှာပါ။
အခု ဥပမာ အလုပ်သမ ၂ ဦးအကြောင်း ပြောပါ့မယ်။ ဖြစ်ရပ်မှန် ဗဟုသုတပေါ့။
ပထမ အိမ်တွင်အလုပ်သမကတော့ ခင်ခင်လို့ ဆိုကြပါစို့။ မြန်မာပြည် ပြန်သွားတာ ၁ နှစ်လောက် ရှိပြီ ထင်ပါတယ်။ (အမည်မှန် မဟုတ်ပါ)။ စင်္ကာပူနိုင်ငံသား မိသားစုထံမှာ အလုပ်လုပ်တာ ၄ နှစ် ကြာပါတယ်။ ပွဲစားတွေကတဆင့် လာတာပါပဲ။ အိမ်ရှင်တွေက ခွင့်ပြုလို့ အားပေးလို့ ပိတ်တဲ့ စနေ၊ တနင်္ဂနွေမှာ သက်မွေးပညာသင်တန်းတွေ တက်ပါတယ်။ သင်တန်းတွေကတော့ အစုံရှိပါတယ်။ ချက်နည်း ပြုတ်နည်း၊ ကိတ်ဖုတ်နည်း၊ အထည်ချုပ်၊ သတို့သမီးဝတ်စုံချူပ်နည်း၊ ဆံပင်ညှပ်၊ မိတ်ကပ် အလှပြင် စုံလို့ပါပဲ တဲ့။ အခု သင်တန်းတခု ကောင်းကောင်း ဖြစ်မြောက်အောင်တက်ပြီး မြန်မာပြည်ပြန်ပြီး ကိုယ်ပိုင်အလုပ်ကလေး ဖြစ်နေပြီလို့ သိရပါတယ်။ ဒီက အဆက်အသွယ်တွေနဲ့ စကာင်္ပူကိုလည်း ၀င်ထွက် ကုန်သည်လုပ်နေသေးတယ်လို့ ဆိုတယ်။
သင်တန်းတွေ ဘယ်မှာ ရှိသလဲဆိုတာကို ဒီဝက်ဆိုက်မှာ ကြည့်ပါ
နောက်တဦးကတော့ ကြင်ကြင်လို့ပဲ ဆိုကြပါစို့။ သူကတော့ အိမ်ရှင်ဆီက ပိုက်ဆံတွေ ခိုးပြီး ထွက်ပြေးလို့ အခု စင်္ကာပူအချူပ်ထဲမှာ ရောက်နေပါတယ်။ (နံမယ်မှန်လည်း မဟုတ်ပါဘူး။ ပြောင်းထားတာပေါ့)။ သူကလည်း ပွဲစားက တဆင့် စင်္ကာပူနိုင်ငံသား မိသားစုထံမှာ အလုပ်လုပ်နေတာ ၃ နှစ် ရှိပြီ။ သူက အလုပ်က နားပြီး အိမ်ပြန်ချင်တာ ပေးမပြန်လို့ ဇွတ် အိမ်က ထွက်ပြေးလာတယ် ဆိုတယ်။ သူက အိမ်ရှင်ဆီက ငွေအနည်းငယ်လည်း ခိုးယူလာတယ် ဆိုတယ်။
အခုလိုမျိုး အိမ်တွင်းမှုအလုပ်သမတွေမှာ ပြသနာတွေ ဖြစ်ရင် ဖြေရှင်းပေးဖို့ အဖွဲ့တွေ၊ စေတနာဝန်ထမ်းတွေ၊ ဘာသာရေးအသင်းတွေ ရှိပါတယ်။ ရှေ့နေတွေလည်း ရှိပါတယ်။ ထွက်ပြေးတာက ရိုးရိုးထွက်ပြေးတာဆို သိပ်မဆိုးပေမယ့် အိမ်ရှင်ဆီက ခိုးယူလာတာမျိုတွေဆိုရင် အမှုက ကြီးပါတယ်။ အိမ်ဖော်တွေဖက်က ကူညီင်္ပေးမယ့်သူတွေကလည်း ဒါမျိုးဆိုရင်တော့ အာဏာပိုင်တွေလက်ထဲပဲ ထည့်တာ များပါတယ်။ (မြန်မာသံရုံးကတော့ ဘာမှ ၀င်ကူခြင်း မရှိပါဘူးဆိုတာတော့ ထပ်မပြောတော့ပါဘူးနော်)။
အိမ်ရှင်ထံက အိမ်တွင်းအလုပ်သမ ထွက်ပြေးရင် ၂ ဖက်စလုံး မသက်သာပါဘူးလို့ ဆိုတယ်။ အလုပ်သမကို မိရင် ထောင်ချမယ်၊ လေယာဉ်စရိတ်ကို ပွဲစားသို့မဟုတ် အိမ်ရှင်က စိုက်ပေးရင် ချက်ခြင်း ပြန်ပို့လိုက်မယ်။ မပေးနိုင်ရင်တော့ အကျဉ်းထဲမှာ ချမှတ်ထားတဲ့ ဒဏ်အတိုင်း နေရမယ်လို့ ဆိုတယ်။ အိမ်တွင်းအလုပ်သမကို မမိတော့ရင်တော့ အိမ်ရှင်က အစိုးရထံမှာ အာမခံငွေ တင်တာ ဆုံးတယ်။ ငွေ ၁ သောင်းလောက်တောင် ဆုံးနိုင်တယ်၊ ဒဏ်ချတယ်လို့ ဆိုတယ်။ အိမ်တွင်းအလုပ်သမကို ဖမ်းမိရင်တောင်မှ အိမ်ရှင်က နောက်ထပ် အလုပ်သမငှားဖို့ မလွယ်တော့ဘူး၊ နံမယ်ပျက်စာရင်းထဲ ၀င်သွားလို့ အသနားခံစာ တင်ရ၊ ဘာညာ အလုပ်ရှုပ်တယ် ဆိုတယ်။
ကြင်ကြင်ရဲ့ အမှုကတော့ ပွဲစားကော၊ အိမ်ရှင်ကပါ ဘာမျှ ၀င်ပြီး ကူညီခြင်း မရှိလို့ အချုပ်ထဲမှာ ရက်ပြည့်အောင် နေရမယ်။ နောက်ပြီးမှ ပြည်နှင်မယ်လို့ ခန့်မှန်းကြပါတယ်။ စင်္ကာပူထောင်တို့ အချူပ်တို့ဆိုတာလည်း သက်သာလှတယ် မဟုတ်ဘူးလို့ ပြောပါတယ်။ အချုပ်ခန်းတွင်းမှာ လေအေးစက်ကို အစွမ်းကုန်မြှင့်ဖွင့်ထားလို့ အလွန်အေးစိမ့်တယ်၊ စည်းကမ်းတွေ တင်းကြပ်တယ်။ အစားအသောက် ပုံမှန် ကောင်းစွာ ကျွေးတာကလွဲလို့ တကိုယ်ရေသန့်ရှင်းရေးအတွက် ဘာမှ ကောင်းမွန်အောင် ထားမပေးဘူးလို့ အထဲ ရောက်ဖူးသူ အမျိုးသမီးအချို့က ပြောတာ ကြားရပါတယ်။
မြန်မာအသိုင်းအ၀ိုင်းထဲက မြန်မာအလုပ်သမားနဲ့ မြန်မာအလုပ်သမတွေကို ကာကွယ်ဖို့၊ ပညာပေးဖို့၊ စောင့်ရှောက်ဖို့၊ မြှင့်တင်ရေးတွေ လုပ်ဖို့ ဆောင်ရွက်နေသူတွေ လက်ချိုးရေလို့ ရပါတယ်။ အများကြီး မထွန်းကားသေးဘူး။ အခြား လူမျိုးစုတွေကတော့ သူတို့ သံရုံးတွေ အပါအ၀င် ကူညီမှုတွေ၊ စောင့်ရှောက်မြှင့်တင်မှုတွေ လုပ်နေတာရှိတယ်။ မြန်မာတွေကိုလည်း လက်တွဲ ကူညီမှုပေးတယ် ဆိုတယ်။ တချို့ကတော့လည်း အဲသည်လို ပင်ပန်းဆင်းရဲအလုပ်လုပ်နေသူ၊ ပညာဥာဏ် နဲ့ ကံအကျိုးပေး ချို့တဲ့သူတွေကို မပတ်သက်ချင်တာ ရှိတယ်။ အားနည်းတဲ့သူတို့တတွေကိုပဲ ပြန် လက်ညိုးထိုးပြီး အပြစ်တင်တာမျိုးရှိတယ်။ သူတို့ကြောင့် မြန်မာတွေ နာမည်ပျက်တယ်ပေါ့လေ။ သို့သော် လူသားတဦးအနေနဲ့ ကူညီ စောင့်ရှောက်မှုကတော့ ပေးဖို့ အားပေးဖို့တော့ လိုတယ် ထင်ပါတယ်။ မသိသေးသူတွေ၊ ဥပက္ခာပြုနေသူတွေကိုလည်း အခုလို ဆောင်းပါးမျိုးတွေနဲ့ ဗဟုသုတအဖြစ် မျှဝေပေးဖို့ လိုမယ် ထင်ပါတယ်။

ကျွန်{သို့မဟုတ်}မြန်မာအလုပ်သမားများ

ရှေးရှေးတုန်းကတော့

နယ်ချဲ့တွေကကျွန်ပြုဖို့ ကျွန်တော်တို့ဆီကိုလာတယ် ။

ဒီဘက်ခေတ်မှာတော့
ကျွန်ခံဖို့ကျွန်တော်တို့ကိုယ်တိုင်ခရီးထွက်ရတယ် ။

လူဖြစ်ပေမဲ့…….
ရွေးချယ်ပိုင်ခွင့်ကမရှိဘူး အမေရယ် ။
ကျွန်တော့်အဖြစ်က
အိပ်မက်ထဲကကမ္ဘာကို
ကျွန်ရွာမှသွားရှာမိတဲ့အဖြစ် ။
သေရင်မြေကြီးဆိုတာကတော့မှန်ပါတယ်

ရှင်ရင်တော့
မစို့မပို့ငွေလေးက ကျွန်တ်ေတို့အတွက်
ရွှေထီးပေါ့ ။

တစ်ရွာပြောင်းပေမဲ့
သူကောင်းတော့မဖြစ်ခဲ့ပါဘူး ။
ကျွန်ပဲဖြစ်ခဲ့ရတယ်အမေ………

ကြောက်ရင်လွဲ
ရဲရင်မင်းဖြစ်သတဲ့ ။
ကျွန်တော်လေ
မေနဲ့မိသားစုအတွက်
ရဲခဲ့ပါတယ်
ခု……..ကျွန်ပဲဖြစ်နေသေးတယ် အမေ ။
ကျွန်တော်ရဲ့ရဲရင့်မှု့တွေကပဲ လွဲနေလို့လား ။
ကို့အခွင့်အရေးကိုသိဖို့နေနေသာသာ
တစ်ချို့သူငယ်ချင်းတွေဆို
ကိုယ့်အသက်ကိုယ်ဘယ်လောက်ရှိမှန်းတောင်မသိကြဘူး ။

အမေ……………
အမေပြောတော့ အလုပ်လုပ်ရင်ကြီးပွားမယ်ဆို ။
အလုပ်လုပ်လေ
ပိုပိုပြီးခိုင်းလေ
ကျွန်ဖြစ်လေလေပဲ……..အမေရဲ့ ။
လူအချင်းချင်းဆိုတဲ့အသိ
သူတို့မှာ မရှိဘူး အမေရဲ့
သွေးစုတ်ဖို့ပဲသူတို့သိတယ် ။

အမေရယ်……..
ကျွန်တော်လဲအစကတော့
ချစ်သူရဲ့မျက်နှာသုတ်ပဝါဖြစ်ဖို့
မှန်းပြီးထွက်ခဲ့တာပေါ့ ။
ခုဖြစ်လာတာက
အားလုံးရဲ့ခြေသုတ်ပဆိုး
မရှိသေးတဲ့အစွယ်တောင်ကြိုးခဲ့ပြီ ။

ခုတော့…………….
ကျွန်တော့်အသဲနှလုံးကလည်း
ကျွန်အချင်းချင်းတောင်မှ
ပြန်မစုတ်ချင်တဲ့ သရက်စေ့တစ်စေ့ပေါ့ ။

ကိုယ့်ကိုယ်ကို ကျွန်လို့သုံးလို့
မငိုလိုက်ပါနဲ့ အမေရယ်
သူတို့ဒေါသလေးတစ်ချက်ထွက်ရုံနဲ့
ရာဘာခင်းထဲ ရက်ရက်စက်စက်
အသက်ခံနိုင်ရတယ်ဆိုတာတော့
ကျွန်တော်တို့အသက်တစ်ချောင်းက
ရာဘာတစ်ပင်လောက်တောင်မှ
တန်ဖိုးမရှိဘူး……..အမေ ။
သူတို့အချစ်တော် ခွေးတစ်ကောင်လောက်
တန်ဖိုးမရှိဘူး……….အမေ ။

ဒါကို……..ကိုယ့်ကိုယ်ကို”သခင်”လို့
မျက်လုံးစုံမှိတ်ပြီး ကြွေးကြော် နေရမှာလား ။
အနာရှိတာကိုလက်ခံမှ
ဆေးထည့်လို့ရမှာ…….. အမေ ။

လူတွေကပြောတော့
မြန်မာအချင်းချင်း ရိုင်းပင်းကြတယ်ဆို၊
ကောင်းတဲ့သူတွေရှိသလို………
တစ်ချို့ဆို တော်တော်ကိုဆိုးတယ.် ……အမေ ။

ကျွန်တော်တို့……
ရွှေလို့ခြုံငုံခေါ်နေတဲ့အထဲကပဲ
ပွဲစားအချင်းချင်းရောင်းစားနေကြတာ……..အမေ ။

တိုင်းပြည်မီးလောင်လို့

အချင်းချင်း ချနင်းရက်တာလား?
ဘာပဲဖြစ်ဖြစ်…….

သူတို့လူစိတ်မရှိတာကတော့
သေခြာပါတယ်………အမေ ။

ရွှေဆိုတဲ့စကားလုံးက
အကုန်လုံးနဲ့တော့မတန်ပါဘူး ၊
သူတို့ကို………
ရွှေစာရင်းထဲက ကျွန်တော်ထုတ်တယ်……အမေ ။

ဟိုတစ်လောက………
စာအုပ်ထဲမှာ ကျွန်တော်ဖက်လိုက်ရတယ်
လင်ကွန်း{အမေရိကန်သမ္မတ}ဆိုတဲ့သူက
ကျွန်စနစ်ပပျောက်အောင်
သူလုတ်ဆောင်ပေးခဲ့သတဲ့ ၊
ဘယ်မှာဟုတ်လို့လဲ………အမေရယ် ။
သားတို့ကိုလာကြည့်စမ်းပါ
သူလုတ်နိုင်ခဲ့တာ
သူ့နိုင်ငံကွက်ကွက်လေးပဲ၊
သူ့ကိုလေးစားပေမဲ့
သူဟာ{လင်ကွန်း}
သမိုင်းတင်နိုင်လောက်အောင်
မစွမ်းဆောင်နိုင်သေးပါဘူး……….အမေရယ် ။

အမေ……..
လူ့အဖြစ်ကရခဲတယ်ဆို ၊
ရခဲတာပဲကောင်းပါတယ် အမေ
ကျွန်တော်လူမဖြစ်ချင်တော့ဘူး ။
ကွန်တော်ငှက်ကလေးတွေငေးကြည့်မိတယ်၊
ငှက်အချင်းချင်း……….
အမျိုးအနွယ်မတူလို့
မကူညီနိုင်သော်မှ
မရက်စက်ကြပါဘူး………..အမေ ။

ငှက်ကလေးတွေမှာ……..
ပြည်တွင်းစစ်မရှိဘူး ၊
ငှက်ကလေးတွေမှာ……..
ဘာသာရေးအဓိကရုန်း မရှိဘူး ၊
ငှက်ကလေးတွေမှာ……..
စီးပွားရေးနယ်ချဲ့တာမရှိဘူး ၊
ငှက်ကလေးတွေမှာ……..
ကိုယ့်အသိုက်အမြုံကို ဗိုကြပြီး
အတင်းရွေ့ခိုင်းတာမရှိဘူး ၊
ငှက်ကလေးတွေမှာ……..
ကံဆိုးမိုးမှောင်ကျပြီး
လှောင်အိမ်ထဲမှာနေရရင်တောင်
သူတို့သခင်က
သူတို့ကို အချစ်နဲ့လှောင်ထားတာ ။
ကျွန်တော်တို့ကတော့……….
အမုန်နဲ့လှောင်ထားခြင်း ခံရတယ်………အမေရယ် ။

ကမ္ဘာ့ခေါင်းဆောင်တွေကလည်း
ကျွန်တော်တို့ငိုသံတွေဘယ်လောက်ကျယ်ကျယ်
ဘယ်သူသေသေ၊ငတေမာပြီးရော
အမျိုးသားအကျိုး စီးပွားဆိုတဲ့
စကားလုံးများအောက်မှာ
နားပေါက်တွေပိတ်နေကြတယ်ထင်ပါရဲ့။

လူ့အခွင့်အရေးဆိုတဲ့ ပန်းဟာ
ဖိနှိပ်သူတွေရဲ့နှုတ်ခမ်းမှာ မပွင့်ဘူး……….အမေ ။

ကျွန်စနစ်ဟာ
စာရွက်ပေါ်မှာတောင်မှ
ပျောက်မသွားသေးပါဘူး………..အမေရယ် ။

ချာလီချက်ပလင် ငိုတဲ့သင်္ကြန်



ချာလီချက်ပလင် ရေ
သိကြားမင်းနဲ့တွေ့ရင် ပြောလိုက်စမ်းပါဗျာ
အလည်သက်သက်တော့ မလာပါနဲ့လို့
ဖိုးပါကြီးက ဖိုးပြုံးချို … တဲ့
စိန်မြင့်က အဖေတစ်ခု သားတစ်ခု … တဲ့
နေတိုးက ဇော်က ကနေသည် …. တဲ့
ဒို့အရပ်ထဲ မင်းသားတွေသာ ပြောင်းပြောင်းသွားတယ်
တေးသွားတွေက အရင်လိုပါပဲ …..
ဟင်းပွဲတစ်ရာပြည့်မှ စားတတ်တဲ့
နရသီဟပတေ့ကနေ
ပဲပြုတ်နဲ့နံပြားကို ခင်တွယ်တတ်တဲ့
ကိုအောင်ဆန်းအထိ
သင်္ကြန်ဆိုတာ
မြန်မာတွေက စခဲ့တဲ့အကြောင်း
ကူပြောပေးပါအုံး ချက်လီချက်ပလင် ရေ
ငါတို့က
အညစ်အကြေးတွေ ဆေးကြောတယ် ပြောပြောပြီး
အိုးမဲလေးပဲ သုတ်ကြတာပါ …..
ဒီလိုပါပဲ ချာလီချက်ပလင် ရေ
သူတို့ရဲ့ မဟာရာမဇာတ်ကို ခိုးလာဘူးတော့လည်း
သင်္ကြန်ကို သူတို့ ပြန်ခိုးသွားတာ
ကြေတယ် ကျေတယ်ပေါ့
စတုမဟာဘုံကို ပြန်ရောက်လို့
သခင်မြနဲ့ တွေ့ရင်
ကိုယ်တော်မှိုင်းနဲ့ ဆုံရင်
ဒီးဒုတ်ဦးဘချိုနဲ့ တွေ့ရင်
ဆရာဇော်ဂျီနဲ့ ဆုံရင်
ဗန်းမော်တင်အောင်နဲ့ တွေ့ရင်
မင်းသုဝဏ်နဲ့ ဆုံရင်
လူထုဦးလှနဲ့ တွေ့ရင်
ဂျာနယ်ကျော်ဦးချစ်မောင်နဲ့ ဆုံရင်
မြို့မငြိမ်းနဲ့ တွေ့ရင်
တက္ကသိုလ်ဘုန်းနိုင်နဲ့ ဆုံရင်
ဆရာမြသန်းတင့်နဲ့တွေ့ရင်
မောင်ချောနွယ်နဲ့ ဆုံရင်
ပြောပေးပါနော် ချက်လီချက်ပလင် ရေ
ပဉ္စလက်သင်္ကြန်မှာ
ရေကန်တော့ လိုက်ပါကြောင်း …. ။ ။


-စစ်ငြိမ်းဒီရေ

ပျူနိုင်ငံ ဆိုက်မှ ထပ်မံကူးယူဖော်ပြပါသည်၊

တော်လှန်ရေး စစ်သား


တောတောင်အသွယ်သွယ်

ဖြတ်ကျော်ခဲ့တယ်

စားရတစ်လှည့် ငတ်တစ်လှည့်နဲ့

ကျရာကြုံရာ နားလို့

ရရာနေရာမှာ အိပ်လည်းပဲ

တော်လှန်ရေးစစ်သားဘ၀မှာ

ကျောချရာ မြေပြင်သာ

အကောင်းဆုံးအိပ်ရာခင်း


ရန်သူနဲ့ဆုံ တိုက်ပွဲဇုံမှာ

သင်တို့က အာဏာအတွက်တိုက်ကြတယ်

ငါတို့က

တိုင်းပြည်နဲ့ လူမျိုးအတွက်တိုက်ရတယ်


.. စစ်အာဏာရှင်ရဲ

ဟောင်းနွမ်းပြီး ညစ်ပတ်စုတ်ပြတ်နေတဲ့

စနစ်ဟောင်းအဆောက်အအုံကီးကို

ဖြိုချပစ်ဖို့ ငါတို့မှာခွန်အားတွေရှိတယ်

ငါတို့ရဲ့ အသက်နဲ့သွေးတွေကို

ပေးဆပ်ဖို့အတွက်

ဘယ်တော့မှ နောင်တမရဘူး


အဖေနဲ့ အမေ၊ အစ်ကိုနဲ့ အမ

ညီနဲ့ ညီမလေးတို့

ကျွန်တော့်ကို ခွင့်လွှတ်ကြပါ

အခုချိန်မှာ

ကျွန်တော့်ရဲ့ အချစ်ဆုံးက သေနတ်

ပြီးတော့ ……..

ဒီက တော်လှန်ရေးရဲဘော်တွေ

ရှေ့တန်းစစ်မြေပြင်မှာ

ကြွေလွင့်ခဲ့တဲ့ကြယ်တွေ

ရဲဘော်ရဲဘက် သူငယ်ချင်းတို့ရေ

မင်းတို့အတွက်

ငါစိတ်မကောင်းပေမဲ့

ငါဂုဏ်ယူပါတယ်ကွာ

ငါတို့ရဲ့ ခန္ဓာမှာ

ရက်ပေါင်းများစွာ ရေမချိုးရလို့

ညစ်ပတ်နံစော်နေပေမဲ့

မင်းတို့ ငါတို့ရဲ့ နှလုံးသားတွေ

ခံယူချက်နဲ့ ပေးဆပ်မှုတွေဟာ

ငါတို့မြန်မာနိုင်ငံမှာရှိတဲ့

တိုင်းရင်းသားပြည်သူတွေအတွက်

တစ်ချိန်မှာ အကောင်းဆုံး

ကြိုင်လှိုင်ပြီး သင်းပျံ့လာမှာပါ


ယုံကြည်ချက်နဲ့ ပေးဆပ်မှုတွေအတွက်

ုံးသံတွေ ကျည်ဆံတွေကြားမှာ

ကြမ်းတမ်းလှတဲ့ဘ၀ခရီးကို

ဖျတ်ကျော်ကြရအုံးမှာပဲ

သူငယ်ချင်းတို့

ဒါဟာ

ငါတို့တော်လှန်ရေး စစ်သားတွေရဲ့ဘ၀ပဲ


ကျော်စွာ

ဆို့နင့်နေသောရင်ဘတ်များ

ကျနော်သည်မဲဆောက်နာရေးကူညီမှုအသင်းတွင် လုပ်အားပေးနေသူတဦးဖြစ်သည်။ နာရေးဖြစ်၍ အကြာင်းကြား လာလျှင်လည်း နာရေးကူညီမှုအသင်း၏သက်ဆိုင်ရာတာဝန်ရှိ သူများထံ ပြန်လည်အကြောင်းကြားပေးရသည့် တာဝန်ကို လည်းယူထားပါသည်။ မနေ့က ကျနော် အခြားအလုပ်ကိစ္စများ ရှုပ်နေသဖြင့် ဖုန်းပိတ်ထားလိုက်မိသည်။ ဒီနေ့မနက်ပိုင်း တော့ ဖုန်းဖွင့်လျှင်ဖွင့်ချင်း နာရေးကူညီမှုအသင်းမှသူငယ်ချင်းဖြစ်သူကိုဇော်သူက ကျနော့်ထံဖုန်း ဆက်ပြီး
" ဒီနေ့အလောင်း နှစ်လောင်း မဲဆောက် နာရေးကူညီမှုအသင်းက သင်္ဂြိုလ်ပေး စရာရှိလို့ မဲ့ဆောက်ကျောင်းကြီးမှာ လာဝိုင်းကူပါဦးလို့" ဆိုတော့ ကျနော်လည်းနာရေး ပြင်ဆင်ထားရာ ဘုန်းကြီးကျောင်းကို အသော့နှင်ခဲ့ရသည်။
ဒီနေရာမှာမဲဆောက်နာရေးကူညီမှုအသင်းဖြစ်ပေါ်လာပုံလေးကို အနည်းငယ်ပြောပြလို ပါတယ်။ မဲ့ဆောက်ဆိုတာ မြန်မာနိုင်ငံ ၊မြ၀တီမြို့ တစ်ဖက်ကမ်းမှာရှိတဲ့ ထိုင်းနိုင်ငံ၏နယ်စပ် မြို့လေးတစ်မြို့ပါ။ ၎င်းမြို့လေးသို့ စီးပွားရေး အဆင် မပြေကြသည့် မြန်မာနိုင်ငံတွင်းရှိ အနယ်နယ်အရပ်ရပ်မှအလုပ်သမားများ လာရောက်လုပ်ကိုင်စားရာနေရာဖြစ်သလို ထိုမြို့၌ ရွှေ့ပြောင်းမြန်မာ အလုပ်သမား ၅ သိန်းခန့် နေထိုင်လျှက်ရှိသည်။ မြန်မာနိုင်ငံသား များအတွက် တနယ်တကျေး ဖြစ်သောကြောင့် မိမိတို့၏နာရေးကိစ္စများ ပေါ်လာရင် ဘယ်သူ့ကိုအကူညီ တောင်းရမှန်းမသိသလို ဘယ်ကနေစ၍ လုပ်ကိုင်ဆောင်ရွက်ရမှန်း မသိဖြစ်ရပါသည်။ မဲ့ဆောက် ဆေးရုံကြီးမှာ ကွယ်လွန်လျှင်လည်း အလောင်းကိုမည့်သို့ သင်္ဂြိုလ်ရမည်ကို မသိသဖြင့် ဆေးရုံကို ဘတ် ၅၀၀ ပေးပြီး အပ်လိုက်ရသည်။ လူ့ဘ၀ရဲ့နောက်ဆုံးအချိန်လေးမှာ သံဃာတော်တွေမပါ သရဏံဂုဏ်မတင်လိုက်ရသည့်အလောင်းများမှာ ဒုနဲ့ဒေးဖြစ်သည်။
ထို့အတူ လူမသိသူမသိနှင့် အသတ်ခံလိုက်ရသည်များလည်းရှိသည်။ အချို့ဆိုလျှင်လူပွဲစား များ၏ သတ်ဖြတ်ခံရမှု များရှိသလို ထိုင်းအာဏာပိုင်အဖွဲ့အစည်းများ၏ မတရားသတ်ဖြတ်ခံ ရမှုများမှာလည်း ဖုံးကွယ်ထားပေမယ့် မဲဆောက်မြို့ ၏မဆန်းတော့သည့် လူတိုင်းသိသတင်းများဖြစ်သည်။ လူမှုရေးဆောင်ရွက်နေကြသည့်အဖွဲ့အစည်းများနှင့် ဆက်သွယ် မိရင်တော့ ကာယကံရှင်များမှာ ကောင်းမွန်စွာ သင်္ဂြိုလ်ခွင့်ရလိုက်ပါသည်။ မှုခင်းဆိုင်ရာကိစ္စရပ်များ အတွက်လည်း နစ်နာသည့်အခွင့်အရေးများရရှိအောင် လူမှုရေး အဖွဲ့စည်းများ အနေဖြင့် စေတနာပါစွာကူညီပေးတတ်ကြသည်။ အဖွဲ့အစည်းများမှာလည်း မိမိကိုယ်ကို အနိုင်နိုင်ရပ် တည်နေကြရာ နာရေးအတွက်ဆိုလျှင် အသေးသုံးလောက် သာ, သုံးစွဲနိုင်ကြသည်။ ထို့ကြောင့် ယ္ခင်နာရေးများ,ကူညီတုန်းကဆိုလျှင် ဟိုအဖွဲ့ကိုအလှူခံရ ဒီအဖွဲ့ကိုအကူညီတောင်းရနှင့်အ တော်ပင်ဒုက္ခရောက်ရသည်။
ဒီလိုနှင့် ကျနော်တို့သူငယ်ချင်းတွေအပါအ၀င် နာရေးကိစ္စများ ကို အမြဲကူညီဆောင်ရွက် နေကြသည့် အဖွဲ့အစည်းတွေရော၊ တစ်သီးပုဂ္ဂလများပါမကျန် အဝေး ရောက်မြန်မာနိုင်ငံသားများ၏ နာရေး အခက်အခဲများကို ပိုမိုကူညီဆောင်ရွက်နိုင်အောင် “မဲဆောက်နာရေးကူညီမှုအသင်း”ကို စုဖွဲ့လုပ်ဆောင်ကြခြင်းဖြစ်ပါသည်။
ဤဒေသတွင် မြန်မာနိုင်ငံသားတစ်ယောက် နာရေးဖြစ်လာလျှင် ဘုန်းကြီးကျောင်းများတွင် ထားရလေ့ရှိသည်။ မိမိငှားရမ်းနေထိုင်သည့် အိမ်တွင်သေဆုံးလျှင်လည်း ဘုန်းကြီးသို့သာ ပို့ဆောင်၍ အလောင်းပြင်ဆင်ထားရသည်။ အဘယ်ကြောင့်ဆိုသော် ထိုင်းလူမျိုးအိမ်ပိုင် ရှင်တို့သည် ၎င်းတို့၏နေအိမ်တွင် အသုဘကိုထားခွင့်မပြုချေ။ အချို့နေရာ များတွင် အိမ်ရှင် (သို့)ခြံပိုင်ရှင်များမသိအောင် နာရေးကိစ္စကို လျို့ဝှက်စွာပြုလုပ်ရပါသည်။ စက်ရုံများ အတွင်း နာရေး ဖြစ်ပေါ်လျှင် အချို့လုပ်ငန်းရှင်များမှာ မိမိအလုပ်သမား(သို့) အလုပ်သမားမိသားစု တို့၏ နာရေးကိစ္စတွင် တာဝန်ယူ ကူညီဖို့မဆိုထားနှင့် ၎င်းတို့၏လုပ်ငန်းများနှောင့်နှေးမည် စိုးသဖြင့် နာရေးလိုက်ပါပို့ဆောင်မည့် မိတ်ဆွေသင်္ဂဟ တို့ကို လည်း ခွင့်ရက်မပေးကြပေ။
မဲဆောက်ကျောင်းကြီး ဘုန်းတော်ကြီးကျောင်းရှိ အလောင်းပြင်ဆင်ထားရာသို့ ရောက်လျှင်လိုအပ်သည်များကို ကျနော်လည်းဝိုင်းကူပေးရသည်။ ကျောင်းကြီးတွင် နာရေးကူညီမှု အသင်းမှ တာဝန်ခံရော၊ ဘဏ္ဍာရေးမှူးတို့ပါ ရောက်နှင့် လျက်ရှိသည်။ ဘာဖြစ်လို့ဆုံးတာလဲ၊ ဘယ်နေရာကလဲ၊ ဘယ်အချိန်သင်္ဂြိုလ်မှာလဲ စသဖြင့် ဘုန်ကြီးကျောင်းကို အရင် ရောက်နှင့်နေသူ ကိုဇော်သူ အား ကျနော် မေးမြန်းစပ်စုနေမိသည်။
“ ဒီအလောင်းကတော့ ရိုးရိုးဆုံးတာပါ, ဒါပြီးရင်နောက်ထပ် တစ်လောင်းမဲဆောက် ဆေးရုံကြီးကနေ ၀ပ်ဒုံကယောက် သုဿန်မှာ သင်္ဂြိုလ်ဖို့လုပ်ပေးရဦးမယ်”
“အဲဒါကရော ဘယ်လိုဖြစ်တာလဲသူငယ်ချင်း” ကျနော်လည်းသူ့ကို ဆက်လက်မေးမြန်း နေမိသည်။
“မပြောချင်တော့ပါဘူးကွာ… မယ်ကုလွမ်ဖက်မှာ မြန်မာအချင်းချင်းဓားခုတ်မှုဖြစ်တာ , မဲဆောက်ဆေးရုံမှာ ၁၉ ရက် ကြာတော့ဆုံးသွားတာ , ငါတို့ဆီအကြောင်းကြားလာတော့လည်း ဓလေ့ထုံးစံအတိုင်း ကူညီပေးရတာပေါ့ကွာ”
“မနေ့ကတည်းက ကိုရန်မျိုးတို့ သက်ဆိုင်ရာရဲဆီကနေ သင်္ဂြိုလ်ခွင့်လက်မှတ်ရအောင် ဆောင်ရွက်တာပြီးသွားပြီ, အခုလည်း သေသူရဲ့တူမမိသားစု မယ်ဆောက်ကိုလာမယ်ဆိုလို့ သွားစောင့်နေတယ်, ဟိုမှာပြောရင်းနဲ့ ကိုရန်မျိုးတို့ လာနေကြပြီ”
ကိုရန်မျိုးမှာ မဲဆောက်နာရေးကူညီမှုအသင်းတွင် ဘဏ္ဍာငွေရှာဖွေရေး တာဝန်ယူထားသူ တစ်ဦးဖြစ်သည်။ ကျနော်လည်းသူ့အနားသွားရောက်၍ နောက်ထပ်ကူညီပေးရမည့် သေဆုံးသူ၏ ကာယကံရှင်တွေ ရောက်ပြီလားဟု မေးကြည့်လိုက်ရာ……။
“ ငါ့တို့မြန်မာလူမျိုးတွေရဲ့ဒုက္ခတွေဘယ်အချိန်ကျမှ အဆုံးသတ်မယ်မသိပါဘူး ”
“ ဘယ်လိုဖြစ်လို့ လူမျိုးလိုက်ချီပြီးတော့တောင် ညည်းတွားနေရတာလဲအစ်ကို ”
“ ဟ…..ဘာဖြစ်ရမှာလဲ , သူ့ဦးလေးရဲ့နောက်ဆုံးခရီးကို သင်္ဂြိုလ်ပေးဖို့လာကြတဲ့ တူမ မိသားစုလေ, ဒီကိုအလာ လမ်းမှာ ဘတ် ( အလုပ်သမားလက်မှတ်)မရှိလို့ ရဲဖမ်းခံရတာ, အခု နှစ်ထပ်အချုပ်ထဲရောက်နေတယ်, ငါတို့လည်း သေစာရင်းကိုင်ပြီးတော့ သွားလိုက်ထုတ်သေးတယ်, သူ့တို့ကိုဖမ်းသွားတဲ့ရဲက ဒီနယ်ကမဟုတ်ဘူး ,လမ်းမှာစီမံချက်နဲ့ လိုက်ဖမ်းပြီး နီးစပ်ရာ ရဲစခန်းမှာအမှုအပ်သွားတာ, ဘယ်လိုမှထုတ်လို့မရဘူး , နောက်ပြီးသူတို့ကိစ္စက တိုင်ချက်မဖွင့်ရ သေးဘူး, အဲဒါ မနက်ဖြန်လောက်မှ လွတ်လိမ့်မယ် ”
“ ဒါဆိုပြဿနာဘဲအစ်ကို … သုဿန်မှာသင်္ဂြိုလ်ဖို့အတွက်ရော ၊ နိဗ္ဗာန်ယာဉ်ပါစီစဉ်ပြီး နေပြီ ”
“ ဘယ်တတ်နိုင်မလဲကွာ ….သူ့ကာယကံရှင်မှမပါတာ,အာလုံးကိုအကျိုးအကြောင်း ပြောပြပြီး အစီအစဉ် ဖျက်လိုက် ပေါ့, ကာယကံရှင်တွေအချုပ်ကနေလွတ်တော့မှ ၀ိုင်းကူညီကြ တာပေါ့ ”
“ လောလောဆယ် အခုကူညီပေးရမယ့် အလောင်းကိုကောင်းမွန်စွာ သင်္ဂြိုလ်လို့ရအောင် စီစဉ်လိုက်ကြစို့ ”
ကျနော်တို့အားလုံးလည်း ကိုရန်မျိုး၏ပြောပြချက်များကိုကြားသိရသောအခါ အသီးသီး ဆွံ့အနေကြသည်။ ကိုယ့်တိုင်းပြည်မဟုတ်သောနေရာ၌ ဘယ်သူ့ကိုဘယ်လိုအပြစ်တင်ရမှန်း မသိတော့ပေ။ ထို့အတူအဖြစ်အပျက်များမှာ သိလိုက်သည်ရှိသလို မသိလိုက်ရသည်များလည်း မဲဆောက်ဒေသတွင် အများအပြားရှိနေမှာပါ။ မြန်မာအမျိုးသား အချင်းချင်း ကူညီရိုင်းပင်းကြသူများရှိသလို ကိုယ့်အမျိုးကိုယ်ဖျက်သူများလည်း ဤဒေသတွင် ကျင်လည်လျက် ရှိနေ သည်။ မျိုး ဖျက်ပုဂ္ဂိုလ်များ၏ တနေ့တချိန်၌ ၎င်းတို့မကောင်းမှုများအတွက် ထွက်ပေါက်မရှိချောင်ပိတ်မိ နေမှာ အသေအချာပင် ဖြစ်ပါသည်။
ကိုယ့်နိုင်ငံ၊ ကိုယ့်ရေ၊ ကိုယ့်မြေ ၊ ကိုယ့်အမျိုး ၊ဘာသာ၊ သာသနာ၊ ကိုယ့်မိသားစုနှင့် အဆင်ပြေစွာ ပြန်လည် နေထိုင် နိုင်ရေးမှာ ရွှေ့ပြောင်း လာရောက်လုပ်ကိုင်စားကြသည့် မြန်မာနိုင်ငံသားတိုင်း၏မျှော်လင့်ချက်ပန်းတိုင်ပင်ဖြစ်သည်။ သူတပါး နိုင်ငံမှာ လာရောက်လုပ်ကိုင်နေထိုင်ရသည်မှာ ကျီးလန့်စာစားဖြစ်နေရသလို သေရသည်မှာလည်း လူသား မဆန်စွာ အမှိုက်သဖွယ်ဖြစ်ရပုံတို့ကို မြင်တွေ့ရသည်မှာ ရင်ဘတ်အတွင်းနင့်နေအောင် ဖြစ်ရပါတော့သည်။


မတ်မင်း ( လှိုင် )
၃.၇.၂၀၁၀