မင်္ဂလာပါ ... ကြွရောက်လာကြသော မိတ်သင်္ဂဟအပေါင်းတို့ကို "မြန်မာအလုပ်သမားများကွန်ယက်" ဆိုဒ်မှ နွေးထွေးစွာဖြင့် ကြိုဆိုပါတယ်ခင်ဗျာ....

ကမ္ဘာ့အလုပ်သမားလှုပ်ရှားမှု (အပိုင်း ၁)

ကမ္ဘာ့အလုပ်သမားလှုပ်ရှားမှု အတွေ့အကြုံသင်ခန်းစာများ



မြို့တော်ခန်းမထက်က အလံတော်



(အလုပ်သမားလူတန်းစား၏ ပွဲဦးထွက် မုန်တိုင်းတိုက်ပွဲများနှင့် မာ့က်စ်၊ အိန်ဂယ်တို့၏ ကြည့်မြင်သုံးသပ်ချက်များ)


စာတမ်းပြုစုသူ၏ အမှာ

ဤစာတမ်းကို ပြုစုပြီးခဲ့သည်မှာ ကြာပြီ။
ထိုအချိန်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲမှာ အနိုင်ရရှိပြီးသည့် အချိန်။ သို့သော် စစ်အစိုးရက လွှတ်တော်ကို ခေါ်ဆိုပေးခြင်း မပြု၊ ရွေးကောက်ပွဲမှာ အနိုင်ရရှိထားသည့်ပါတီကို အာဏာလွှဲပေး မည့်သဘောထားမျိုး သူတို့မှာ စိုး စဉ်းမျှ မရှိ။ ဒီလိုအခြေအနေမျိုးတွင် ဒီမိုကရေစီအင်အားစုများ၊

တော်လှန်ရေးအင်အားစုများဘက်မှာ ရှေ့ဆက်၍ မည်သို့သော ခြေလှမ်း လှမ်းကြရမည်နည်း။ ‘ဘာလုပ်ကြမလဲ’ဆိုသည်ကို ပြည်ချစ်ပုဂ္ဂိုလ်များနှင့် တော်လှန်ရေးသမားများတိုင်း စဉ်းစားကြံ ဆနေကြသည့်အချိန် ဖြစ်သည်။ သည်လိုအခြေအနေမျိုးတွင် ဒီမိုကရေစီအင်အားစုများနှင့်တော်လှန်ရေးအင်အားစုများ စဉ်းစားကြံဆရာတွင် အထောက်အကူ ဖြစ်စေရေးအတွက် ဤစာအုပ်ကို ရေးသားပြုစုဖို့ ခေါင်းဆောင်တဦးက တာဝန်ပေးခဲ့ပါသည်။
အနီးခေတ်သမိုင်းမှ ပြင်သစ်အလုပ်သမားလူတန်းစား၏ ပွဲဦးတိုက်ပွဲများတွင် သင်ခန်းစာယူစရာအချက်အလက်များပါရှိသကဲ့သို့ လေ့လာအတုယူစရာများလည်း ပါဝင်လေသည်။ ဥပမာ ၁၇၈၉ ပြင်သစ်တော်လှန်ရေးတွင် တော်လှန်သော ပဲရစ်လူထုသည် ‘အစိုးက လွှတ်တော် ခေါ်ပေး၊ မပေးရင်
ကိုယ့်ဘာသာခေါ်မယ်’ ပြတ်ပြတ်သားသား ဆုံးဖြတ်ထားကြလေသည်။

လက်တွေ့ တွင်လည်း ပဲရစ်မှ တော်လှန်သောလူထုသည် တင်းနစ်ကစားကွင်းတွင် လွှတ်တော်ကို ကိုယ့်ဘာသာ အောင်မြင်စွာ ခေါ်ယူ ကျင်းပနိုင်ခဲ့ကြလေသည်။ သက်ဆိုင်ရာ အင်အားစုများသည်လည်း ဒီသဘောမျိုး စဉ်စားကြံဆနိုင်စေရန် အကြံပေးဖို့ ရည်ရွယ်ခဲ့ခြင်း ဖြစ်ပါသည်။

ဤစာအုပ်ငယ်ကို ပြုစုရေးသားပြီးခဲ့သော်လည်း ထိုစဉ်ကာလ အချိန်အခါ အဖျက်အလက်များအရ စာအုပ်ကို ထုတ်ဝေခြင်း မပြုနိုင်ခဲ့ပါ။
ယခုအချိန်အခါတွင်မူ ဗမာပြည်နိုင်ငံရေးတွင် အခြေအနေ အချက်အလက်များသည် ထိုစဉ်က အနေအထားမျိုး မဟုတ်တော့ဘဲ ပြောင်းလဲသွားခဲ့ချေပြီ။ သို့သော် မပြောင်းလဲသော အခြေအနေ၊ အချက်အလက်များလည်း ရှိနေကြသည်။ ဒီမိုကရေစီတော်လှန်ရေး မအောင်သေး။ ပြည်သူများနှင့် တော်လှန်ရေးသမားများ ဆက်လက်တိုက်ပွဲဝင်နေဆဲ။


ပြည်သူလူထု၏ တိုက်ပွဲများ ဆက်လက် ဖြစ်ပေါ်နေဆဲ။ ပြည်သူနှင့် တော်လှန်ရေးသမားများအတွက် တိုက်ပွဲနည်းနာများ စဉ်းစားကြံဆဖို့ လိုအပ်နေဆဲ။ ဤစာအုပ်ငယ်ပါ ပြင်သစ်အလုပ်သမားထု၏ တိုက်ပွဲဝင်စိတ်ဓာတ်၊ တိုက်ပွဲနည်းနာနှင့် သူရသတ္တိများကို လေ့လာရလျှင် ဗမာပြည်တော်လှန်ရေးအင်အားစုများနှင့် ပြည်သူများအတွက် တစုံတရာ အထောက်အကူပြု
ပေးနိုင်သည် ဟု ယုံကြည်မျှော်လင့်မိပါသည်။ ယခုအချိန်တွင်လည်း ဗမာပြည်တော်လှန်ရေးတိုက်ပွဲများနှင့် တော်လှန်ရေးနည်းနာများ စဉ်းစားကြံဆရာတွင် ဤစာအုပ်ပါ တော်လှန်သော ပဲရစ်လူထု၏ တိုက်ပွဲများ၊ တိုက်ပွဲဝင်နည်းနာများက တနည်းနည်းဖြင့် အထောက်အကူပြုစရာ ရှိနေဆဲဟု မြင်မီပါသည်။
သည့်အပြင် ဤစာအုပ်ပါအချက်အလက်များသည် ကားလ်မာ့က်စ်ရေးသားသော “ပြင်သစ်ပြည် ပြည်တွင်းစစ်”နှင့် “လူဝီဘိုနာပတ်၏ ဘရူးးမေးလ်လ တစ်ဆယ့်ရှစ်ရက်နေ့”စာအုပ်များပါ အချက်အလက်များ ဖြစ်ပါသည်။ မာ့က်စ်ရေးသောကျမ်းများ ထဲတွင် “ဘရူးးမေးလ်လ တစ်ဆယ်ရှစ်ရက်မြောက်နေ့”စာအုပ်သည် တော်လှန်ရေးအနုပညာ အမြောက်ဆုံးဟု ကျွန်တော်တို့၏ ခေါင်းဆောင်တဦးက ညွှန်ပြခဲ့သဖြင့် ဤကျမ်းကို ကြိုးစားဖတ်ရှုကာ မှတ်စုထုတ်ထားသော အချက်အလက်များ ဖြစ်ပါသည်။ ယခုထုတ်ဝေလိုက်သော စာအုပ်ငယ်မှာ ဘာသာပြန်မဟုတ်ပါ။ မှတ်စုထုတ်ထားသော အချက်အလက်များကို ပြန်လည် ရေးသားပြစုထားခြင်း ဖြစ်ပါသည်။ သို့ရာတွင် မာ့က်စ်နှင့် အိန်ဂယ်တို့၏ အရေးကြီးသော
သုံးသပ်ကြည့်မြင်ချက်များကိုမူ တိုက်ရိုက်ဘာသာပြန်ထားပါသည်။ အမှန်ပင် မာ့က်စ်၏ ဤကျမ်းစာ ၂ အုပ်ပါရေးသားချက်များသည် တော်လှန်ရေး အနုပညာကြွယ်ဝသကဲ့သို့ ရေးသားပြောဆိုချက်များသည်လည်း ပြောင်မြောက်လှပါသည်။ ၄င်းရေးသားချက်များကို စာဖတ်သူများ ထံ အကုံလုံဆုံးသယ်ဆောင်ပေးဖို့ကား ကျွန်တော့်အနေဖြင့် မတတ်နိုင်ပါ။
ပတ္တမြားသည်ကား ပတ္တမြားပင်ဖြစ်၍ ထုပ် သိမ်းယူငင်သည့် ကြာဖက်၏ချွတ်ယွင်းချက်ကိုကား ကြာဖက်ကပင် တာဝန်ယူရပေလိမ့်မည်။
နောက်တချက်ပြောဖို့လိုသည်မှာ ဤစာတမ်း၏ အမည်ပင် ဖြစ်ပါသည်။ ပြင်သစ် ပစ္စည်းမဲ့လူတန်းစား၏ သူရသတ္တိ ပြောင်မြောက်လှသော တိုက်ပွဲများကို ကျွန်တော် ဂုဏ်ပြုပြီး ဤစာအုပ်ကို အမည်ပေးလိုပါသည်။ သည်အခါ ၁၈၇၁ ခုနှစ်၊ မတ်လ ၁၈ ရက်နေ့မှာ အလုပ်သမားထုက ပဲရစ်မြို့ကို သိမ်းပြီး ပဲရစ်မြို့တော်ခန်းမထက်မှာ တော်လှန်ရေးအောင်လံနီစိုက်ထူလိုက်ပုံကို မျက်လုံးထဲမှာ(စိတ်ထဲမှာ) ပြေးမြင်လိုက်မိပါသည်။ သည့်အတွက် ဤစာအုပ်ငယ်၏အမည်က “မြို့တော်ခန်းမထက်က အလံတော်”...။ တချိန်တည်းတွင် ဗမာပြည်၏ ရန်ကုန်မြို့တော်နှင့် မြို့ အသီးသီးတို့၏ မြို့တော်ခန်းမများထက်တွင် တော်လှန်ရေးသမားများက အောင်လံတော် လွှင့်ထူကြမည့်အချိန်ကိုလည်း လှမ်း၍

မျှော်ရည်မိပါသည်။ ။

မောင်လှဝင်း(မြင်းခြံ)
၁၄၊ ၁၊ ၂ဝဝ၈

အပိုင်း(၁)

သမိုင်း(သို့မဟုတ်) လူတန်းစားတိုက်ပွဲများ

“ကျွန်ပြေးကို ဝှက်ထားသူအတွက် သေဒဏ်။ ကျွန်ရဲ့ကိုယ်က ကျွန်အမှတ်အသားကို ဖျက်ပေးသောလက် အဖြတ်ခံရမည်။”

ပြင်းထန်သော ဤအမိန့်မှာ စာရွက်ပေါ် ရေးထားခြင်းမဟုတ်။ ကျောက်စာတိုင်မှာ ထွင်းထုထားသည့် အမိန့်။ ဤကျောက်စာမှာ အမြင့် ရှစ်ပေ ရှိသည်။ အမိန့်စာ ရေးထိုးခဲ့သူမှာ “ဟမ္ဗူရာဘီ ဘုရင်”။ သူက ကိုဓဥပဒေ (Code of Hammurabi
)ကို ပြုစုခဲ့သည်။ ကျောက်စာတိုင်မှာ ဤအမိန့်ပါရှိသော “ဟမ္ဗူရာဘီ ကိုဓဥပဒေ”ကို ထွင်းထုစေခဲ့သည်။ လွန်ခဲ့သော နှစ်ပေါင်း ၆ ထောင်လောက်က ရေးထိုးခဲ့သော ကျောက်စာ ဖြစ်သည်။ ခေတ်ကာလမှာ ဘေဘီလိုနီးယားနိုင်ငံခေတ်။ ကျွန်ပိုင်ရှင်စနစ် လူ့အဖွဲ့အစည်း၏ ခေတ်ကာလ။
လူတန်းစားကွဲပြားမှုနှင့် လူတန်းစားဖိနှိပ်မှုတို့သည် ကျွန်ပိုင်ရှင်ခေတ်ကတည်းက တည်ရှိလာခဲ့ကြောင့် အထက်ပါကျောက်စာက သက်သေပြနေသည်။
ကမ္ဘာပေါ်မှာ လူသားတို့ဖန်တီးခဲ့ကြသော ကမ္ဘာ့အံ့ဖွယ်တွေ အများအပြား ရှိခဲ့ကြသည်။ လူအများ ကြားသိ ဖူးကြသော ကမ္ဘာ့အံ့ဖွယ် တခု နှစ်ခုလောက်ပဲ ဥပမာအဖြစ် တင်ပြပါမည်။ အီဂျစ်က ရှင်ဘုရင်နှင့် နန်းတွင်းမိသားစုတို့၏ အလောင်း များကို သိမ်းဆည်းထားရှိရာ ပိရမစ်များ။ အာရှတိုက် အိန္ဒိယမှ တာ့ဂ်ျမဟာ အဆောက်အအုံ။
အီဂျစ်မှာ ဘုရင့်အလောင်းတွေ ထားရှိဖို့ ပိရမစ်တလုံး ဆောက်လုပ်ရာမှာတောင် ကြာပွတ် ရို က်နှက်မှုတွေ အောက်မှာ သိန်းနှင့်ချီသည့် အရေအတွက် ရှိသော ကျေးကျွန်များ အလွန်တရာ ပင်ပန်းဆင်းရဲခြင်းကြီးစွာ လုပ်ကိုင်တည်ဆောက် ပေးခဲ့ကြရသည်။ ပီရမစ်တလုံးအတွက် ထောင်နှင့်ချီသော လူသားများ သေဆုံးခဲ့ကြရသည်။ သည်လိုမျိုး ပိရမစ်တွေ အရေအတွက် မည်မျှလောက် ဆောက်လုပ်ခဲ့ကြပါသလဲ။ လူသားပေါင်း အရေအတွက် မည်မျှလောက် များပြားအောင် သေဆုံးခဲ့ကြရပါသလဲ။
အိန္ဒိယ ပဒေသရာဇ်လူတန်းစား၏ ချစ်ခြင်းမေတ္တာကို သက်သေတည် မော်ကွန်းထူဖို့ တာ့ဂ်ျမဟာ အဆောက် အအုံဆောက်လုပ်ခဲ့ရာတွင်ကော၊ အိန္နိယပြည်သူတွေ အရေအတွက်မည်မျှလောက် အသက်ဆုံးပါးခဲ့ကြရပါသလဲ။ ထောင်သောင်းချီ သော အိန္ဒိယ ဆင်းရဲသားများ နှလုံးကြေကွဲခဲ့ရ၊ မျက်ရည်ချောင်းစီးခဲ့ရသည်ကတော့ သေချာသည်။
ဤသို့သော ကမ္ဘာ့အံ့ဖွယ်များသည် လူတန်းစားကွဲပြားမှုနှင့် လူတန်းစားဖိနှိပ်မှုများကို သက်သေထူပြသော အဆောက်အအုံများလည်း ဖြစ်နေကြပါသည်။
တကယ့် ဖြစ်ရပ်များတွင် လူတန်းစားကွဲပြားမှုနှင့် လူတန်းစားဖိနှိပ်မှုများချည်းသာ ရှိခဲ့သည် မဟုတ်ပါ။ ဘီစီ ၁၃၅ က စစ္စလီကျွန်း ကျေးကျွန်များ ပုန်ကန်မှု။ ဘီစီ ၇၄ က စပါတာကတ်ခေါင်းဆောင်ခဲ့သော ကျေးကျွန် လွတ်မြောက်ရေးတိုက်ပွဲများ။ ဤသည်မှာ လူတန်းစားဖိနှိပ်မှုကို တွန်လှန်ခဲ့သော လူတန်းစားတိုက်ပွဲများ ဖြစ်သည်။ တချို့တိုက်ပွဲ များမှာ သေးငယ်သော တိုက်ပွဲကလေးများ မဟုတ်ခဲ့ကြ။ စပါတာကတ်၏ ကျေးကျွန်လွတ်မြောက်ရေးဆိုပါလျှင် စစ်သား ၈ ထောင် ခန့်ရှိသော ရောမစစ်တပ်ကြီးကိုပင်လျှင် အနိုင်တိုက်နိုင်ခဲ့သော တိုက်ပွဲများ ဖြစ်သည်။ လေးနှစ် လေးမိုး ရှည်လျားပြင်းထန်စွာ တိုက်ပွဲတွေ ဆင်နွှဲခဲ့ကြရသည်။ ရောမတမြို့လုံး တုန်လှုပ်ချောက်ချားစေခဲ့သည့် တိုက်ပွဲများ ဖြစ်သည်။

အာရှတိုက် ပဒေသရာဇ်တရုတ်ပြည်မှ လယ်သမားတော်လှန်ရေး တိုက်ပွဲများသည်လည်း အလားတူ ကြီးမား ပြင်းထန်သော တိုက်ပွဲများပင် ဖြစ်သည်။

လွတ်လပ်သူနှင့် ကျေးကျွန်..၊ ဘုရင်၊ မင်းညီမင်းသားနဲ့ လူသာမန်များ...၊ အရှင်သခင် နှင့်လယ်ကျွန်...၊ လက်မှု ပညာသည်( အခွင့်အရေးအပြည့်အဝရှိသော လုပ်ငန်း ခေါင်းဆောင်သူ) နှင့် ကျပန်းအလုပ်သမားများ...တခွန်းတည်း ပြောရလျှင် ဖိနှိပ်သူ လူတန်းစားနှင့် အဖိနှိပ်ခံ လူတန်းစားများသည် တဦးနှင့်တဦး အစဉ်အမြဲ(ခေတ်အဆက်ဆက်) ဆန့်ကျင်ဖက် ဖြစ်ခဲ့ရသည် ချည်း။ ပုန်းကွယ်၍တမျိုး၊ အတိအလင်းနှင့်တဖုံ အဆက်မပြတ် တိုက်ခိုက်လာခဲ့သည်ချည်း...။
ကျွန်ပိုင်ရှင်စနစ် လူ့အဖွဲ့အစည်း၊ ပဒေသရာဇ်စနစ်လူ့အဖွဲ့အစည်း၊ အရင်းရှင်စနစ်လူ့အဖွဲ့အစည်း...စသဖြင့် ခေတ်အဆက်ဆက်မှာ ဤအတိုင်း တိုက်ပွဲများ ဖြစ်တည်လာခဲ့သည်မှာ ငြင်းမရနိုင်ပါ။

“ယနေ့အထိ တည်ရှိနေဆဲ လူ့အဖွဲ့အစည်းအားလုံး၏သမိုင်းသည် လူတန်းစားတိုက်ပွဲသမိုင်းသာ ဖြစ်သည်။”

ကွန်မြူနစ်ပါတီကြေညာစာတမ်းထဲက ဝါကျတကြောင်း၊ စကားတခွန်း။ အခန်း(၁) ၏ ပထမဆုံးဝါကျ။
၎င်းတွင် ဆိုထားသည့်သမိုင်းသည် မှတ်တမ်းတင်ထားပြီးသည့် သမိုင်းကို ဆိုလိုခြင်း ဖြစ်သည်။ ၄င်းကြေညာစာတမ်းကို ကားလ်မာ့က်စ်နှင့် ဖရက်ဒရစ်အိန်ဂယ်တို့က ၁၈၄၈ ခုနှစ်၊ ဇန္ဒဝါရီလမှာ ရေးသားခဲ့သည်။ စတင်ပုံနှိပ်ခဲ့သည်က ၁၈၄၈ ခုနှစ်၊ ဖေဖေါ်ဝါရီလ။ (လန်ဒန်မှာ) ထိုစဉ်က မှတ်တမ်းတင်ပြီးဖြစ်သည့် သမိုင်း၏ သမိုင်းမတိုင်မီ ကာလအကြောင်း လုံးဝ မသိသလောက် နီးပါး ဖြစ်သည်။


သည့်နောက်ပိုင်းကျမှ ဟက်သောဆင် (HAXTHAUSEN)ဆိုသူက ရုရှားပြည်မှ မြေယာဘုံပိုင်ဆိုင်သော ရှေးဦးဘုံမြေခေတ်ကို စတင်တွေ့ရှိပြီး ထုတ်ဖော်ခဲ့ခြင်း ဖြစ်သည်။ သူ့နောက်ပိုင်း ထပ်မံတွေ့ရှိသူတဦးမှာ မောရာ ဆို သူ ဖြစ်သည်။ သူ့တွေ့ရှိမှုမှာ “ကျူတောနစ်မျိုးနွယ်အားလုံး၏သမိုင်းသည် မြေယာပိုင်ဆိုင်မှုဆိုသည့် လူမှုရေးအုတ်မြစ်အပေါ်က စတင်ခဲ့ခြင်း”ဆိုသည့်အချက် ဖြစ်သည်။ ထို့အပြင် “ကျေးလက်မြေယာပိုင်ဆိုင်မှုသည် အိန္ဒိယပြည်မှ အိုင်ယာလန်ပြည်အထိ နေရာတကာမှာ ရှေးဦးလူ့အဖွဲ့အစည်းသဏ္ဍာန်အဖြစ် တည်ရှိခဲ့ကြောင်း”ကိုလည်း သူက တွေ့ရှိထုတ်ဖော်နိုင်ခဲ့ရုံမက သက်သေပြ နိုင်ခဲ့သည်။

သူတို့အပြင် မော်ဂန် (MORGAN)ဆိုသူကလည်း မျိုးရိုး၏အစစ်အမှန်သဘာဝ၊ မျိုး ရိုးနှင့် မျိုး ရိုးတူအုပ်စုတို့၏ ဆက်ဆံရေးတို့အကြောင်းကို အခိုင်အမာ ရှာဖွေတွေ့ရှိလိုက်ပြန်သည်။ ထို့ကြောင့်ပင် သူက ၄င်းရှေးဦးကွန်မြူ နစ်လူ့အဖွဲ့အစည်း၏ အတွင်းပိုင်းဖွဲ့စည်းပုံကို စံတင်လောက်သည့် သဏ္ဍာန်နှင့် ရှင်းလင်းပြသနိုင်ခဲ့သည်။
ယင်း ရှေးဦးလူ့အဖွဲ့အစည်းသည် ပြိုကွဲသွားခဲ့ရသည်။ ရှေးဦးဘုံအဖွဲ့အစည်းများ ပြိုကွဲသွားမှုနှင့်အတူ လူ့အဖွဲ့အစည်း သည်လည်း အပိုင်းပိုင်း စတင် ပြိုကွဲတော့သည်။ ပုဂ္ဂလိက ပိုင်ဆိုင်မှုစနစ် တစတစ ဖြစ်တည်လာခြင်းသည် လူ့အဖွဲ့အစည်း အပိုင်းပိုင်း ပြိုကွဲမှု၏ အဓိက အကြောင်းရင်းပင် ဖြစ်သည်။ နောက်ဆုံးတွင်မူ အပိုင်းလိုက်ပြိုကွဲသွားသော လူ့အဖွဲ့အစည်းသည် ရန်ဘက်လူတန်းစားများအဖြစ် ပြောင်းလဲဖြစ်တည်လာကြသည်။
ဤအချက်များကို ထပ်မံသိရှိလာသောအခါတွင် အိန်ဂယ်က လူသားသမိုင်းနှင့်ပတ်သက်၍ ကြည့်မြင်ရာမှာ ပိုမိုရှင်း လင်းအောင် ထပ်မံဖြည့်စွက် ရေးသားလိုက်သည်။
“လူသားသမိုင်းတခုလုံး(မြေယာဘုံပိုင်ဆိုင်သည့် ရှေးဦးမျိုး ရိုးတူအုပ်စု လူ့အဖွဲ့အစည်း ပြိုကွာသွားပြီးကတည်းက) သည် လူတန်းစားတိုက်ပွဲများ၏သမိုင်း၊ သွေးစုပ်သူနှင့် သွေးစုပ်ခံများအကြားက အားပြိုင်မှု၊ အုပ်စိုးသူနှင့် အုပ်စိုးခံလူတန်းစားများ အကြားက အားပြိုင်မှုသာ ဖြစ်သည်။”

အလယ်ခေတ် လယ်ကျွန်များလူအဖွဲ့အစည်းတွင်းမှာ အစောဆုံးမြို့များ ပေါ်ထွက်လာခဲ့သည်။ ဘူး(Bourg)ဟု ခေါ်သောမြို့တွေပါ။ ဒီအစောဆုံးမြို့များမှာ လွတ်လပ်သောမြို့သားများ ပေါ်ထွက်လာခဲ့ပြန်သည်။ ဘူဇွာ (Bourgeois) ဆိုသူ တွေပါ။ ဒီမြို့သားတွေကနေ ဓနရှင်လူတန်းစား၏ ကနဦး အစိတ်အပိုင်းများ ဖြစ်ပေါ်တိုးပွားလာခဲ့သည်။

ပဒေသရာဇ်ခေတ် တနည်းပြောရလျှင် လယ်ကျွန်များကိုပိုင်သော အရှင်သခင်များ၏ခေတ်ကို ထိုးဖောက်ပြီး ပဒေသ ရာဇ် စက်မှုလုပ်ငန်းစနစ် ဖြစ်ထွန်းလာခဲ့သည်။ ၄င်း စနစ်မှာ လက်မှုလုပ်ငန်းအများပိုင်းနှင့် စက်မှုလုပ်ငန်းတစိတ်တပိုင်းပါဝင်သည့် ထုတ်လုပ်ရေးလုပ်ငန်းကိုဆိုလိုခြင်း ဖြစ်သည်။
ပဒေသရာဇ်စက်မှုလုပ်ငန်းသည် ဈေးကွက်၏ကြီးထွားလာနေသော တောင်းဆိုမှုများကို ဖြည့်ဆည်းမပေးနိုင်တော့ သည့် အခြေအနေသို့ ဆိုက်ရောက်လာခဲ့ပြန်သည်။ ပဒေသရာဇ်စက်မှုလုပ်ငန်း၏နေရာတွင် စက်မှုလက်မှုလုပ်ခင်းစနစ်က အစားထိုး ဝင်ရောက်လာရသည်။
အမေရိကတိုက်ကို ရှာဖွေတွေ့ရှိမှုနှင့်...အာဖရိကတိုက်ကို ကွေ့ပတ်ပြီး အာရှနိုင်ငံများသို့ သွားသော လမ်းခရီးကို ရှာဖွေတွေ့ရှိမှုသည် ထွန်းသစ်စ ဓနရှင်လူတန်းစားအတွက် စားကျက်သစ် ဖွင့်လှစ်ပေးလိုက်ခြင်းပင် ဖြစ်သည်။ အရှေ့အိန္ဒိယနှင့် တရုတ်ပြည်တို့မှာ ဈေးကွက်သစ်များ ဖြစ်လာခဲ့ကြသည်။ ထိုအချိန်တွင်ပင် အမေရိကတိုက်အား ကိုလိုနီအဖြစ် သွတ်သွင်းခဲ့ခြင်း ဖြစ်သည်။
ကိုလိုနီနိုင်ငံများနှင့် ကုန်ဖလှယ်ရေးနည်းလမ်းသစ်များ၊ ‚အပြင် ကုန်စည်အရေအတွက် ယေဘုယျ တိုးများလာမှုတို့ က ကူးသန်းရောင်းဝယ်ရေး၊ ပင်လယ်ခရီးသွားလာရေးနှင့် စက်မှုလုပ်ငန်းတို့ကို မကြုံစဖူးသော အတိုင်းအတာဖြင့် တွန်းအားပေး လိုက်သည်။
ဈေးကွက်များက ဆက်လက်ဖြစ်ပေါ်တိုးပွားနေသည်။ ဈေးကွက်၏တောင်းဆိုမှုများကလည်း မြင့်တက်လာနေ သည်။ ယင်းတောင်းဆိုချက်များကို စက်မှုလက်မှုလုပ်ခင်းစနစ်ကပင်လျှင် ဆက်လက်ဖြည့်ဆည်းပေးနိုင်ခြင်း မရှိတော့ပါ။ ထိုအခါတွင် ရေနွေးငွေ့နှင့်လည်ပတ်သော စက်ကိရိယာတို့က စက်မှုတော်လှန်ရေးကို တော်လှန်ပြောင်းလဲစေခဲ့သည်။ ဒါကို စက်မှုတော်လှန်ရေး လို့ ခေါ်ခဲ့ကြတာပဲ။ စက်မှုလက်မှုလုပ်ခင်းနေရာမှာ အကြီးစားခေတ်မီစက်မှုလုပ်ငန်းက နေရာဝင်ယူလိုက်သည်။ (၁၇၅ဝ-၁၇၆ဝ) နှစ်များက စတင်ခဲ့ခြင်း ဖြစ်သည်။
စက်မှုလက်မှုလုပ်ငန်းရှင် အလယ်အလတ်လူတန်းစား၏နေရာကို စက်မှုတပ်မတော်တခုလုံးအား ခေါင်းဆောင်သူ- စက်မှုလုပ်ငန်း သန်းကြွယ်သူဌေးကြီးများ ဖြစ်ကြသည့် ခေတ်သစ်ဓနရှင်လူတန်းစားက ဝင်ရောက်နေရာယူလိုက်သည်။ စက်မှုလုပ် ငန်း၊ ကူးသန်းရောင်းဝယ်ရေးနှင့် မီးရထားလမ်းများ ချဲ့ထွင်လာသည့် အချိုးအစားအတိုင်း ဓနရှင်လူတန်းစားက ဆက်လက် ကြီး ထွားလာသည်။ ဓနရှင်တို့၏ အရင်းအနှီင်္း တိုးပွားလာသည်။ သည်အခါ ဓနရှင်လူတန်းစားက အလယ်ခေတ်မှ ကြွင်း ကျန်နေသေး သည့် လူတန်းစားများမှန်သမျှတို့ကို နောက်တန်းသို့ ဖယ်ထုတ်ပစ်လိုက်သည်။
ဓနရှင်လူတန်းစား၏ ဖြစ်ပေါ်တိုးပွားမှုခြေလှမ်းတိုင်းမှာ ၄င်းနှင့် လျော်ညီသည့် ယင်းလူတန်းစား၏ နိုင်ငံရေးတက် လှမ်းမှုသည်လည်း အတူ ယှဉ်တွဲလိုက်ပါလာခဲ့သည်။ ပဒေသရာဇ်ခေတ်တုန်းကဆိုလျှင် သူသည်လည်း(ဓနရှင်လူတန်းစားကို ဆိုလို သည်) အဖိနှိပ်ခံလူတန်းစားထဲမှာ ပါခဲ့တာပါ။ သို့ရာတွင် ခေတ်သစ်စက်မှုလုပ်ငန်းကြီးနှင့် ကမ္ဘာ့ဈေးကွက်ကို တည်ထောင်လိုက် သည့် အချိန်ကစပြီး ဓနရှင်လူတန်းစားသည် ခေတ်သစ်ကိုယ်စားလှယ်စနစ် နိုင်ငံတော်မှာ နိုင်ငံရေးစိုးမိုးမှုကို တဦးတည်းပိုင်အဖြစ် သိမ်းပိုက်လိုက်ပါတော့သည်။

ဥရောပတိုက်တွင် ပထမဆုံးသော အရင်းရှင်နိုင်ငံအဖြစ် ပေါ်ထွက်လာသူမှာ အီတလီ ဖြစ်သည်။သို့ရာတွင် ဤသို့သော နိုင်ငံရေးသိမ်းပိုက်စိုးမိုးမှုတို့မှာ လွယ်ကူချောမွေ့စွာ ဖြစ်ပေါ်လာခဲ့ခြင်း မဟုတ်ပါ။ ပြင်းထန် သည်းသန်လှသော လူတန်းစားတိုက်ပွဲတွေ အများကြီး ဖြတ်သန်းဆင် နွှဲခဲ့ရပါသည်။ တိုက်ခိုက်ခဲ့ရပါသည်။ သွေးထွက်သံယို အရေး အခင်းကြီးတွေ အများကြီး ဖြစ်ခဲ့ပါသည်။

အခြားတဖက်တွင်လည်း အရင်းရှင်စနစ်သည် မိမိတို့ အမြတ်ရရှိစေရေးအတွက် ပစ္စည်းမဲ့လူတန်းစားကို မွေးဖွားပေးခဲ့ ရသည်။
ဓနရှင်လူတန်းစားတည်ရှိမှုနှင့် စိုးမိုးမှုတို့၏ အရင်းခံအကြောင်းရင်းမှာ အရင်းအနှီင်္း ဖြစ်တည်လာခြင်းနှင့် တိုးပွားလာ ခြင်းပင် ဖြစ်သည်။ အရင်းအနှီးတည်ရှိခြင်း၏ အဓိကအကြောင်းအချက်တခုမှာ အခစား အလုပ်ပင် ဖြစ်သည်။
၎င်းအခစား အလုပ်ကို လုပ်ကိုင်ရသူများမှာ ပစ္စည်းမဲ့များ ဖြစ်သည်။
အလယ်အလတ်လူတန်းစား အောက်လွှာများ ဖြစ်ကြသည့် လုပ်ငန်းပိုင်ရှင်ကလေးများ၊ ဆိုင်ရှင်ကလေးများ၊ လုပ်ငန်း မှ အနားယူသွားကြသည့် လုပ်ငန်းပိုင်ရှင်အားလုံးနီးပါး၊ လက်မှုပညာသည်များ၊ လယ်သမားများ...စသည်တို့သည် အခစားအလုပ် အတွင်းသို့ ဝင်ရောက်ခဲ့ကြရသည်။ ပစ္စည်းမဲ့လူတန်းစားအတွင်းသို့ တစတစ သက်ဆင်း ဝင်ရောက်သွားခဲ့ကြသည်။
ဤသို့ဖြင့် ပစ္စည်းမဲ့လူတန်းစားသည် လူတန်းစားအားလုံးအတွင်းမှ လူများကို သူ့တပ်ဖွဲ့၏ တပ်သားသစ်များအဖြစ် စုဆောင်းရယူလိုက်ခြင်း ဖြစ်သည်။
ဓနရှင်လူတန်းစားသည် ဤနည်းဖြင့် ပစ္စည်းမဲ့လူတန်းစားကို ဖြစ်ပေါ်ကြီးထွားစေခဲ့ခြင်းသည် မိမိတို့(ဓနရှင်စနစ်နှင့် အရင်းရှင်စနစ်) တို့အား မြေမြှုပ်သဂြိုဟ်မည့်သူများကို မိမိတို့ကိုယ်တိုင် မွေးဖွားပေးလိုက်ခြင်းပင် ဖြစ်သည်။
ဤနေရာတွင် အခြားသော သတိပြုစရာ အချက်တခုလည်း ရှိသေးသည်။
ဓနရှင်လူတန်းစားသည် သူဖြတ်သန်းလာခဲ့ရသော ခေတ်ကာလတလျှောက်လုံးတွင် (ပဒေသရာဇ်ဆန့်ကျင်ရေးတိုက် ပွဲ၊သည့်အပြင် ခေတ်နောက်ကျသော လူတန်းစားများနှင့် ၄င်းတို့၏အယူအဆများကို တွန်းလှန်ဖြိုဖျက်ရာတွင်) အလွန်တော်လှန် သော အခန်းမှ ပါဝင်လာခဲ့ခြင်းပင် ဖြစ်သည်။
သူ တိုကိခိုက်ခဲ့ရသည့် တိုက်ပွဲတွေကလည်း များမှများ။

ပဒေသရာဇ်လူတန်းစားနှင့် ပွဲဦးထွက် တိုက်ခဲ့ရသည်။ မြေရှင်များနှင့် ချိတ်ဆက်ထားသော ဘာသာရေးဂိုဏ်းများနှင့် တိုက်ခိုက်နိုင်ဖို့ အမျိုးသားဘုရင်စနစ်ကို ထောက်ခံခဲ့ရသည်။
အကျိုးစီးပွားချင်း အတိုက်အခံဖြစ်နေသော နိုင်ငံခြားတိုင်းပြည်များမှ ဓနရှင်လူတန်းစားကိုလည်း တိုက်ခဲ့ရသည်။
ဤတိုက်ပွဲများတွင် ဓနရှင်လူတန်းစားသည် မလွှဲမရှောင်သာ ပစ္စည်းမဲ့လူတန်းစားထံမှ အကူအညီကို တောင်းခံရယူခဲ့ ရသည်။ ဤနည်းဖြင့် ပစ္စည်းမဲ့လူတန်းစားကို နိုင်ငံရေးနယ်ပယ်တွင်းသို့ သူကိုယ်တိုင် ဆွဲသွင်းပေးခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ဓနရှင်လူတန်းစားကိုယိတိုင်က သူ၏ကိုယ်ပိုင်နိုင်ငံရေးနှင့် ကိုယ်ပိုင်အတတ်ပညာများကို (ဆိုလိုသည်မှာ ဓနရှင်လူတန်းစားအား ပြန်လည်တိုက်ခိုက်စေမည့် လက်နက်များကို) ပစ္စည်းမဲ့လူတန်းစားလက်တွင်းသို့ ကိုယ်တိုင်ကိုယ်ကျ ပေးအပ်ခဲ့ခြင်း ဖြစ်သည်။
ဤအကြောင်းအချက်များမှာ ဥရောပဓနရှင်လူတန်းစား ဖြစ်တည်လာမှု၏ ကောက်ကြောင်းခဲခြစ်ရာ ပုံကြမ်းပင် ဖြစ်သည်။ ဤအကြောင်းအချက်များထဲမှ အထူးသတိပြုမှတ်သားသင့်သော အချက်မှာ ဓနရှင်လူတန်းစား အာဏာရယူရေးဖြစ် သော ဓနရှင်တော်လှန်ရေးများတွင် ပစ္စည်းမဲ့လူတန်းစားက ပါဝင်ကူညီ တိုက်ခိုက်ပေးခဲ့ရခြင်းဆိုသည့် အချက်ပင် ဖြစ်သည်။
ဥရောပတိုက်မှ အနီးခေတ် ဓနရှင်တော်လှန်ရေးများကို လေ့လာကြည့်ပါက အီတလီ၊ ဂျာမဏီနှင့် သြစတီးရီးယား စသည့် တိုင်းပြည်များတွင် အလုပ်သမားများသည် အစကတည်းက ဓနရှင်လူတန်းစားအာဏာရရှိရေးအတွက် အလုပ်အကျွေးပြု လာခဲ့ရကြောင်း တွေ့ရသည်။ ပဲရစ် အလုပ်သမားလူတန်းစားကသာလျှင် အစိုးရကို ဖြိုချသည်နှင့် တပါတည်း ဓနရှင်လူတန်းစား အုပ်စိုးမှုကိုလည်း ဖြိုချရန် အလွန် ရှင်းလင်းတိကျသည့် ရည်ရွယ်ချက် ရှိခဲ့ပါသည်။
လူတန်းစားတိုက်ပွဲများသမိုင်းကို လေ့လာမည်ဆိုပါက အနီးခေတ် ပြင်သစ်ပြည် လူတန်းစားတိုက်ပွဲများကို မည်သို့မျှ ရှောင်ရှားကျော်လွှားသွားရန် မဖြစ်နိုင်ပါ။ အထူးပြု လေ့လာရန် ပို၍ပင် လိုအပ်ပါသည်။

မာ့က်စ်ဝါဒ စတင်မြစ်ဖျားခံရာ ရင်းမြစ်ဒေသ(၃) ခု ရှိပါသည်။ ရေသောက်မြစ်သုံးသွယ်ဟုလည်း ဆိုကြပါသည်။ ဂျာမန် စံတင်အဘိဓမ္မာ၊ အင်္ဂလိပ်နိုင်ငံရေးဘောဂဗေဒနှင့် ပြင်သစ်ဆိုရှယ်လစ်ဝါဒ ဟူ၍ အကြမ်းအားဖြင့် နားလည်ကြပါသည်။ ဤရေ သောက်မြစ်သုံးသွယ်မှ ပြင်သစ်ဆိုရှယ်လစ်ဝါဒဆိုသည်မှာ ပြင်သစ်ပြည်လူတန်းစားတိုက်ပွဲများ၏ အသီးအပွင့်တခု ဖြစ်ပါသည်။ ဆိုရှယ်လစ်စနစ်တည်ဆောက်မည့် ကွန်မြူနစ်များ၏ သဘောတရားရေးနိဂုံးချုပ်ချက်များသည် ဘယ်က ရရှိလာခဲ့ပါ သနည်း။ ထိုထိုဤဤ ပုဂ္ဂိုလ်များ တီထွင်ဖန်တီးခဲ့သော (သို့မဟုတ်) ရှာဖွေတွေ့ရှိခဲ့သော အယူအဆများ၊ မူများအပေါ်မှာ မှီခိုခြင်းသက်သက်အဖြစ် အခြေခံခဲ့သည်မဟုတ်ပါ။ လူတန်းစားတိုက်ပွဲများနှင့် သမိုင်းလှုပ်ရှားမှုများ၏ လက်တွေ့ဖြစ်ရပ်မှန်အပေါ် မှာသာ အခြေခံခဲ့ခြင်း ဖြစ်ပါသည်။
ပြင်သစ်ပြည်တွင် ပဒေသရာဇ်စနစ်၊ လယ်ကျွန်စနစ် ယိုယွင်းလာမှုနှင့်အတူ ပေါ်ထွက်လာခဲ့သော တော်လှန်ရေးမုန် တိုင်းများက“လူတန်းစားတိုက်ပွဲသည် ဖြစ်ပေါ်တိုးပွားမှုဖြစ်စဉ်တရပ်လုံး၏ အုတ်မြစ်နှင့်တွန်းအား ဖြစ်ကြောင်း”ပိုမိုရှင်းလင်းအောင် သက်သေထူခဲ့ပါသည်။

· · · · ·

၁၈၄၈-ခုနှစ် ပတ်ဝန်းကျင်တဝိုက်တုန်းက(မာ့က်စ်နှင့် အိန်ဂယ်တို့ လက်ထက်တုန်းက) သမိုင်းခေတ်များနှင့် ပတ်သက် ၍ ခွဲခြမ်းစိတ်ဖြာရာတွင် ရှေးခေတ်၊ အလယ်ခေတ်နှင့် ခေတ်သစ် ဟူ၍ ပိုင်းခြားသတ်မှတ်မှုတရပ် ရှိခဲ့ပါသည်။ အလယ်ခေတ်ကို ခရစ်သက္ကရာဇ် ၁ဝဝဝ ခုနှစ်မှသည် ၁၄ဝဝ ခုနှစ်အထိဟု သတ်မှတ်ခဲ့သည်။ ခေတ်သစ်ဟူသည်မှာ ကာလအပိုင်းအခြား၏ အဓိပ္ပာယ်ကိုသာ ဆိုလိုခြင်း ဖြစ်သည်။ ၁၄ ရာစုနောက်ပိုင်း ဥရောပတိုက်တွင် ပဒေသရာဇ်လယ်ကျွန်စနစ်ကို တွန်းလှန်သည့် တော်လှန်ရေးများနှင့်အတူ အရင်းရှင်စီးပွားရေးစနစ် ပေါ်ထွန်းလာသည့်ခေတ်ကာလမှ စတင်သည်ဟု သတ်မှတ်ပါသည်။
ဥရောပတိုက်၏အနီးခေတ်သမိုင်းဆိုသည်မှာလည်း ထိုကာလမှ ယေဘုယျအားဖြင့် စတင်သတ်မှတ်လေ့ရှိပါသည်။ ဥရောပတိုက် အရင်းရှင်စနစ် ခေတ်ထမှုကာလမှ စတင်သည်ဟုလည်း ဆိုနိုင်သည်။ ၁၄ ရာစုနှင့် ၁၅ ရာစု ခေတ်ကာလများပါ။
ပြင်သစ်ပြည် အနီ်းခေတ်သမိုင်း၏ အရေးအပါဆုံးသမိုင်းဖြစ်ရပ်များမှာ မိုးသက်မုန်တိုင်းများပမာ အရှိန်အဟုန်နှင့် ရိုက်ခတ်ခဲ့ကြသော တော်လှန်ရေးများပင် ဖြစ်သည်။ အထင်ရှားဆုံးမှာ ၁၇၈၉ ခုနှစ် ပြင်သစ်ဓနရှင်တော်လှန်ရေး၊ ၁၈၄၈ ခုနှစ် ပြင်သစ်တော်လှန်ရေးများမှသည် လူဝီဘိုနာပတ်၏ ဒုတိယလ တစ်ဆယ့်ရှစ်ရက်နေ့၊ ၁၈၇၁ ခုနှစ် ပဲရစ်ဘုံအဖွဲ့...စသည်တို့ ဖြစ်သည်။ ဤတော်လှန်ရေးများနှင့် စပ်လျဉ်းသော မာ့က်စ်နှင့် အိန်ဂယ်တို့၏ မှတ်ချက်များကို လေ့လာကြည့်ပါ။

[၁၇၈၉ ခုနှစ်က ပြင်သစ်တော်လှန်ရေးဟာ ဓနရှင်တော်လှန်ရေးပဲ။ ဒီတော်လှန်ရေးလည်း ဖြစ်ပွားလာရော ပြင်သစ်တော်လှန်ရေးရဲ့အတွေ့အကြုံဟာ ဥရောပသမိုင်းတခုလုံးအပေါ်မှာ လွှမ်းမိုးသွားခဲ့ တယ်။
ပြင်သစ်ပြည်က ၁၈၄၈ ခုနှစ် တော်လှန်ရေးများဟာလည်း ဆိုရှယ်လစ်တော်လှန်ရေး မဟုတ်ပါ ဘူး။ ဒါပေမဲ့ သူက ဆိုရှယ်လစ်တော်လှန်ရေးအတွက် လမ်းခင်းပေးခဲ့တယ်။
၁၈၄၈ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ ဇွန်လ ပဲရစ်အရေးအခင်းမှာ ရီပတ်ဘလစ်ကင်(သမ္မတဂိုဏ်းသား) ဓနရှင်လူ တန်းစားက အလုပ်သမားတွေကို ပစ်သတ်ခဲ့တဲ့ ဖြစ်ရပ်ကနေ ညွှန်ပြလိုက်တဲ့အချက်ကတော့ ပစ္စည်းမဲ့ လူတန်းစားတခုတည်းသာလျှင် ဆိုရှယ်လစ်လက္ခဏာရှိကြောင်း နောက်ဆုံးအခိုင်အမာပြု သက် သေပြလိုက်တာ ဖြစ်တယ်။
အဲဒီအချိန် အဲဒီကာလအထိ ဖြစ်ပွားခဲ့တဲ့ သမိုင်းစဉ်အဆက်ဆက် တော်လှန်ရေးများအားလုံးရဲ့ အဆုံးသတ် ရလဒ်ဟာ (နိဂုံးချုပ်ချက်ဟာ) “အုပ်စိုးသူလူတန်းစားတရပ်ရဲ့ နေရာမှာ အခြားအုပ်စိုးသူ လူတန်းစားတရပ်က အစားထိုးတဲ့ ဖြစ်စဉ်ပဲ” ဖြစ် တယ်။ ဒါပေမဲ့ အဲဒီအစားထိုးလိုက်တဲ့ လူတန်းစားဟာ အုပ်စိုးခံ ပြည်သူလူထုနဲ့ ဆက်စပ်နေတဲ့ လူနည်းစု ကလေးမျှသာ ဖြစ်ခဲ့တယ်။
ပစ္စည်းမဲ့လူတန်းစားရဲ့ လှုပ်ရှားမှုတွေကတော့ တော်လှန်ရေးဆင်နွှဲရာမှာ အများတကာ့ အများစု ပြည်သူလူထု ရဲ့အကျိုးစီးပွားအတွက် အများတကာ့အများစုကြီးရဲ့ ကိုယ်ပိုင်အသိရှိပြီး အမှီခိုကင်းတဲ့ လှုပ်ရှားမှုတွေ ဖြစ်လာတယ်။
ပဲရစ်ဘုံအဖွဲ့ကာလမှာကျတော့ ပြင်သစ်ပစ္စည်းမဲ့လူတန်းစားရဲ့သမိုင်းမှာ ပထမဦးဆုံး အကြိမ်အဖြစ်နဲ့ နိုင်ငံရေး အာဏာကို (၂) လတိုင်တိုင် သိမ်းပိုက်နိုင်ခဲ့တယ်။ ဒါကြောင့် အိန်ဂယ်က “အဲဒီ ပစ္စည်းမဲ့အာဏာဟာ ဘယ်လိုမျိးလဲဆိုတာ သိလိုကြပါသလား၊ ပဲရစ်ဘုံအဖွဲ့ကိုသာ ကြည့်လိုက်ကြပါတော့” လို့ ညွှန်ပြခဲ့တယ်။]

ပြင်သစ်ပြည် လူတန်းစားတိုက်ပွဲများထဲမှ မာ့က်စ်နှင့် အိန်ဂယ်တို့က ယင်းသို့ အလွန်တရာတန်ဖိုးရှိသည့် နိဂုံးချုပ်ချက်များနှင့် သဘောတရားများ ဆွဲထုတ်ယူနိုင်ခဲ့ကြသည်။
ယင်းကဲ့သို့ နိဂုံးချုပ်ချက်များနှင့် သဘောတရားများ ဆွဲထုတ်ယူနိုင်လောက်အောင်လည်း ပြင်သစ်ပြည် လူတန်းစား တိုက်ပွဲများသည် သမိုင်းအရ အရေးပါမှုရှိပြီး ကြွယ်ဝလှသည့် အတွေ့အကြုံများ ရှိခဲ့ပါသည်။

လူသားတို့သည် မိမိတို့သမိုင်းကို မိမိတို့ကိုယ်တိုင် ရေးခဲ့ကြသည်။ သို့ရာတွင် အဲဒီသမိုင်းကို သူတို့ဆန္ဒအတိုင်း သူတို့ စိတ်တိုင်းကျ ရေးနိုင်ခဲ့ကြသည်မဟုတ်ပါ။ သူတိုင်းကိုယ်တိုင် ရွေးချယ်ထားသည့် အခြေအနေအောက်မှာ ရေးနိုင်ခဲ့ကြသည်လည်း မဟုတ်။ အတိတ်ကာလက လက်လွှဲပေးလိုက်ပြီး မျက်မှောက်ကာလမှာ တိုက်ရိုက်ရင်ဆိုင်တွေ့ကြုံနေရသည့် အခြေအနေများ အောက်မှာသာ ယင်းသမိုင်းကို ရေးခဲ့ကြရခြင်း ဖြစ်သည်။ ကွယ်လွန်သွားပြီဖြစ်သည့် မျိုးဆက်အားလုံးတို့၏အစဉ်အလာတွေက သက်ရှိ(လက်ရှိ) နေထိုင်သူများ၏ ဦးနှောက်ထဲ မှာ ခြောက်အိပ်မက်တခုလို အနှောင့်အယှက်ပြုနေတဲ့ အတွေ့အကြုံအဖြစ် ဝန်ထုပ်ဝန်ပိုးတခုပမာ ဖိထားပါသည်။

ယင်းအတွက် လက်ရှိလူသားများသည် မိမိကိုယ်ကို တော်လှန်ပြောင်းလဲရာမှာနှင့် အရာကိစ္စတွေကို တော်လှန် ပြောင်းလဲကြရာတွင် (သို့မဟုတ်) အရင် ဘယ်တုန်းကမှ မတည်ရှိဖူးသေးသော အရာများကို ဖန်တီးကြရာတွင်...အတိအကျ ပြော ရလျှင် အကျပ်အတည်းတွေနှင့် ရင်ဆိုင်ရသည့်ကာလ၊ တော်လှန်ရေး အရေးတကြီး အပူတပြင်း ဖြစ်လာသည့် ကာလများတွင် စိုး ရိမ်ပူပန်စိတ်များ ပေါ်လာတတ်ပြီး အတိတ်တုန်းက လှုပ်ရှားပြုမူဆောင်ရွက်ရာတွင် ထားရှိခဲ့ကြသည့် စိတ်ဓာတ်များကို ပြန်လည်၍ ထုတ်ယူသုံးစွဲကြရပါသည်။ အတိတ်ကာလ လူသားတို့ထံမှ နာမည်တွေ...တိုက်ပွဲတွေ...ကြွေးကြော်သံတွေ...လုပ်နည်းလုပ်ဟန်နှင့် ထုံးတမ်းစဉ်လာတွေ ...အစရှိသည်တို့ကို ကမ္ဘာ့သမိုင်းမြင်ကွင်းသစ်မှာ အသုံးပြုဖို့အတွက် ချေးငှားထုတ်ယူတာမျိုးတွေ ဖြစ်တတ် သည်။

အတွေ့အကြုံတွေကို လူသားတို့ အသုံးချလေ့ရှိတဲ့ နည်းနာများထဲက အကြောင်းရင်းဥပမာတရပ်ပါ။
လက်ရှိတော်လှန်ရေးတွေဟာလည်း ဒီသဘောအတိုင်း အတိတ်တော်လှန်ရေးအတွေ့အကြုံတွေကို အသုံးချကြရပါ သည်။
၁၈ ရာစုတုန်းကလိုမျိုး ဓနရှင်တော်လှန်ရေးတွေဟာ မုန်တိုင်းတွေလို အရှိန်လျင်မြန်စွာနှင့် အောင်ပွဲတွေ တခုပြီးတခု ရရှိခဲ့သည်။ အကျိုးဆက်တွေမှာလည်း ပို၍ပို၍ မြင့်မားလာခဲ့သည်။ လူတွေရော၊ အရာကိစ္စတွေပါ တောက်ပပြီး အရောင်လက်နေ ခဲ့ကြသည်။ စိတ်ထဲတွင် ပျော်ရ¸င်မှုတွေနှင့် ပြည့်လျှမ်းနေခဲ့ကြသည်။
သို့ရာတွင် ဤအခြင်းအရာများသည် သက်တမ်းတိုခဲ့ကြသည်။ နောက်ဆုံးအဆင့်အထိ အောင်ပွဲအရှိန်တက်ခဲ့ပြီး မကြာမီမှာပဲ တနည်းအားဖြင့် မုန်တိုင်း±ိုက်ခတ်မှုကာလ၏ အကျိုးဆက်တွေ၊ ရလဒ်တွေကို ရှင်းရှင်းလင်းလင်း နိဂုံးမချုပ်ရသေးမီမှာ ပဲ လူ့အဖွဲ့အစည်းသည် ပြန်လည် နိမ့်ကျသွားခဲ့ရပြန်သည်။ ကာလရှည် နိမ့်ကျမှုဟု ဆိုရပါလိမ့်မည်။ ဓနရှင်လူ့အဖွဲ့အစည်း အတွင်းမှ နိမ့်ကျမှုဟုလည်း ဆိုနိုင်သည်။
ထို့ကြောင့် ၁၉ ရာစုနှစ် တော်လှန်ရေးမျိုးကဲ့သို့သော ပစ္စည်းမဲ့တော်လှန်ရေးများသည် ကိုယ့်ကိုယ်ကို ဝေဖန်သုံးသပ်မှု များ လုပ်ရတော့သည်။ သူတို့၏ ကိုယ်ပိုင်အရေးကိစ္စတွေ၊(တဦးချင်းကိုယ်ကျိုးစီးပွား ထိပ်တင်မှုတွေ) ရိုက်ချိုးဖို့ ကိုယ့်ဘာသာ ကြိုး စားရတော့သည်။ အသစ်ပြန်စနိုင်ဖို့အတွက် နောက်ပြန်လှည့်ပြီး ရှင်းရှင်းလင်းလင်း နားလည်အောင် ပြန်လည်သုံးသပ်ရသည်။
ပစ္စည်းမဲ့တို့က ရန်သူကို òဖချတိုက်ပွဲဝင်ခဲ့သည့်အတွေ့အကြုံတွင် သူတို့တိုက်ခိုက်ပစ်လိုက်သည့် ရန်သူများသည် မြေကြီးပေါ်မှာ အားယူကာ အသစ်ပြန်လည် ရှင်သန်ပေါက်ဖွားလာခြင်းကို တွေ့မြင်ရသည်။ သူတို့ရှေ့မှာ ကြီးမားသည့် အလုံး အထည် ဖြစ်လာသည်။( ဒါဟာ မာ့က်စ်နဲ့အိန်ဂယ်တို့ရဲ့ သုံးသပ်ချက်ပါ။ မျက်မှောက် ၂၁ ရာစု အခြင်းအရာများကလည်း ဒီသုံးသပ်ချက် မှန်ကန်နေကြောင်းတွေ့ရှိရပါတယ်။ စာရေးသူ) အားကောင်းမောင်းသန် ပြန်ဖြစ်လာသည်။
ထိုကြောင့် သူတို့၏ ပထမဆုံးအကြိမ် ကြိုးပမ်းတိုက်ပွဲဝင်ခဲ့သည့်ကာလက မိမိတို့၏ ချို့ယွင်းချက်၊ အားနည်းချက်၊ မပြည့်စုံမှုများကို ပစ္စည်းမဲ့လူတန်းစားသည် ကိုယ့်ကိုယ်ကို အည‡ာတာ ကင်းမဲ့စွာ ရက်ရက်စက်စက် သရော်သည်။ လှောင်ပြောင် သည်။ အမြဲတမ်း နောက်ဆုတ်တပ်လန်နေရတဲ့ အဖြစ်မျိုး ခဏခဏ မကြုံစေရန်အတွက် နောက်ပြန်ဆုတ်လို့ မရတော့တဲ့ အနေ အထား မရောက်မီအချိန်အတွင်းမှာ ကိုယ့်ကိုယ်ကို ပြင်းပြင်းထန်ထန် ဝေဖန်ရေးလုပ်ရခြင်း ဖြစ်သည်။
ရှေ့တိုက်ပွဲများအတွက် နောက်ပြန်လှည့်ပြီး ရှင်းလင်းအောင် သုံးသပ်ခြင်းသည် ပစ္စည်းမဲ့လူတန်းစားနှင့် အဖိနှိပ်ခံ ပြည်သူများအတွက် လိုအပ်ချက်တခုဖြစ်ကြောင်း ထင်ရှားပါသည်။
ထိုစဉ်က ပြင်သစ်တော်လှန်ရေးအတွင်းဝယ် အလွန်လှပသော ကြွေးကြော်တပ်လှန့်သံကလေးတခု ရှိခဲ့ဖူးသည်။ တော် လှန်ရေးတိုက်ပွဲအတွင်း ပါဝင်လာစေဖို့ လှုံ့ဆော်သံဖြစ်သလို ကိုယ့်ကိုယ်ကို ဝေဖန်ရေးအတွက် လှုံ့ဆော်သည်လည်း ဖြစ်နိုင်သည်။

“အခြေအနေတွေကိုယ်တိုင်က သင်တို့ကို ဖိတ်ခေါ်နေပါတယ်။
ဒီမှာ နှင်းဆီတွေလေ...
ဒီမှာ လာရောက် ကခုန်ကြ။
သင်စွမ်းနိုင်သမျှ
ဒီမှာ ပါဝင်ကပြလှည့်။”


အရှေ့မိုးကောင်းကင် ၀က်ဆိုဒ် မှ ကူးယူဖော်ပြပါသည်။

0 comments:

Post a Comment