မင်္ဂလာပါ ... ကြွရောက်လာကြသော မိတ်သင်္ဂဟအပေါင်းတို့ကို "မြန်မာအလုပ်သမားများကွန်ယက်" ဆိုဒ်မှ နွေးထွေးစွာဖြင့် ကြိုဆိုပါတယ်ခင်ဗျာ....

ကမ္ဘာ့အလုပ်သမားလှုပ်ရှားမှု (အပိုင်း ၇)

၁၈၄၈ ဇွန်လ အရေးနိမ့်မှု

ဖေဖော်ဝါရီ တော်လှန်ရေးကြောင့် ပဲရစ်တွင် စစ်တပ်မျိုးဆက် ပြုတ်သွားသည်။ ယာယီအစိုးရတွင် အမျိုးသား ကာကွယ်ရေးတပ်သာ ရှိတော့သည်။

ဒီတခုတည်း ရှိနေရုံနဲ့ ပစ္စည်းမဲ့လူတန်းစား၏ရန်ကို စိတ်ချထားလို့ မရ။ ဒါ့အပြင် အမျိုးသား ကာကွယ်ရေးတပ်ထဲ ပစ္စည်းမဲ့များ ဝင်ရောက်မလာနိုင်အောင် အတားအဆီး အမျိုးမျိုးတွေ မရေမတွက်နိုင်အောင် လုပ်ထားသည့်ကြားက လက်နက်ကိုင် ထားတဲ့ ပစ္စည်းမဲ့တွေ တပ်ထဲ ဝင်လာတာကို မတားမဆီးနိုင် ဖြစ်နေသည်။

ဒီတော့ လမ်းတလမ်းပဲ ကျန်တော့သည်။ အဲဒါကတော့ ပစ္စည်းမဲ့လူတန်းစား၏ အစိတ်အပိုင်း တခုက အခြားအစိတ်အ ပိုင်းတခုကို ဆန့်ကျင်တိုက်ခိုက်နေစေရေးပဲ။ အိမ်ကြက်ချင်း အိုးမဲသုတ အခွပ်ခိုင်းဖို့ပဲ။

ဤသည်မှာ ဓနရှင်လူတန်းစား၏ ရည်ရွယ်ချက်။ ယာယီအစိုးရ၏ ရည်ရွယ်ချက်။

ဒီရည်ရွယ်ချက်အရ ယာယီအစိုးရက ကာကွယ်ရေးလှုပ်ရှားမှုတပ်များကို တပ်ရင်းကြီး(၂၄) ရင်း ဖွဲ့လိုက်သည်။ တပ်ရင်းတခုစီတွင် အသက် ၁၅ နှစ်မှ အနှစ် ၂ဝ အကြား လူတန်းစားပျက်တွေ တထောင်စီ ပါသည်။ အများစုက လေလွင့် ပစ္စည်းမဲ့တွေ။ မြို့ပေါ်မှာ နေထိုင်ကြသူတွေ။ စက်မှုပစ္စည်းမဲ့များနှင့် သူတို့က သိသိသာသာကြီး ခြားနားသည်။ သူခိုးများ၊ ရာဇဝတ်မှု ကျူးလွန်သူများ ပေါ်ပေါက်လာစေရေးအတွက် သူတို့က ရေခံမြေခံ ဖြစ်သည်။ သူတို့တွင် တိကျသည့် အရောင်းအဝယ်လုပ်ငန်း ဟူ၍ ဘာမျှ မရှိ။ ကလေကချေ လှည့် လည်လေလွင့်နေကြသူတွေ။ အိုးမဲ့အိမ်မဲ့စားဖိုမဲ့နေသူတွေ။ အစိုးရများက တန်ပြန် တော်လှန်ရေး ရည်ရွယ်ချက်နှင့် အသုံးချလေ့ ရှိတတ်သော သူများပင် ဖြစ်သည်။

ယာယီအစိုးရက သူတို့ကို တရက်လျှင် ပြင်သစ် ငွေ တဖရန့်နှင့် ဆင့် ငါးဆယ်စီပေးသည်။ ဒီနည်းနဲ့ သူတို့ကို ဝယ် ထားလိုက်ခြင်း ဖြစ်သည်။ သူတို့ကို ယူနီဖောင်း ပေးသည်။ အလုပ်သမား ဝတ်စုံများ ဝတ်ထားကြသော ပစ္စည်းမဲ့များနှင့် ကွဲ ပြားခြားနားစေရန် ဖြစ်သည်။ အမြဲတမ်းတပ်ထဲက အရာရှိတွေကို ခေါ်ပြီး သူတို့ထဲမှာ ခေါင်းဆောင်ခန့်သည်။ ဓနရှင်လူတန်းစားတို့

၏ သားများထဲမှ နိုင်ငံတော်အတွက် အသက်စွန့်လိုသူဟု ထင်ရသူများ၊ သမ္မတနိုင်ငံကို အလုပ်အကျွေး ပြုလိမ့်မည်ဟု ထင်ရသူများကို သူတို့ကိုယ်တိုင်ရွေးချယ်ပြီး ခေါင်းဆောင်ခန့်သည်။

ယင်းအတွက် ပစ္စည်းမဲ့လူတန်းစားအနေဖြင့် သူတို့အနီးပတ်ဝန်းကျင်ကနေ အစိုးရက ခေါ်ထုတ် သွားသော ငယ်ရွယ်နုပျိုပြီး ကျန်းမာသန်စွမ်းသည့် မိုက်ရူးရဲလူငယ် ၂၄, ဝဝဝ ပါရှိသည့် စစ်တပ်တခုနှင့် ထိပ်တိုက်ရင်ဆိုင်ရတော့သည်။ ပဲရစ်ကို ဒိုးယိုပေါက် ဖြတ်သန်းထားသော လမ်းအတိုင်း စစ်ချီတက်မှု လုပ်ကြ သည့် ဒီတပ်ကို သြဘာပေး ကြိုဆိုတာတောင် လုပ်လိုက်ရသေး။

ပစ္စည်းမဲ့လူတန်းစားက ဒီတပ်သားများသည် သူတို့၏ လမ်းပေါ်တိုက်ပွဲတွေမှာ ရှေ့တန်းအရောက် ဆုံး တိုက်ခိုက်ရေးသမားတွေ ဖြစ်လာလိမ့်မယ်-ဟုပင် ယုံမှတ်မှားခဲ့ကြသေးသည်။ သူတို့က ဒီတပ်ကို ဓနရှင် အမျိုးသား ကာကွယ်ရေးတပ်အား ဆန့်ကျင်ယှဉ်ပြိုင်မည့် တပ်ဟူ၍ပင် သဘောထားခဲ့ကြသေးသည်။ ပစ္စည်းမဲ့ လူတန်းစားရဲ့ ဒီအမှားကိုတော့ နားလည်ခွင့်လွှတ် ပေးရမှာပါ။

ဒီလို ကာကွယ်ရေးလှုပ်ရှားတပ်အပြင် အစိုးရက သူ့ပတ်လည် ဝန်းကျင်အနီးမှာ ပစ္စည်းမဲ့ အလုပ်သမား တပ်တတပ် ရှိနေအောင် နေရာချထားပေးဖို့ ဆုံးဖြတ်လိုက်ပြန်သည်။ အမျိုးသား အလုပ်စခန်းတပ်-တဲ့။ နာမည်ကတော့ ဟိန်းနေတာပဲ။ အလုပ်သမား တသိန်းလောက်သည် စီးပွားရေးကပ်ကာလနှင့် တော်လှန် ရေးကာလတွေတုန်းက လမ်းတွေပေါ် ပွင့်အန်ကျလာခဲ့ကြသည်။ ယခုအခါတွင်မူ သူတို့သည် အမျိုးသား အလုပ် စခန်းတပ်အတွင်းသို့ လှိမ့်ဝင်လာကြသည်။ အမျိုးသား အလုပ်စခန်းတပ်ဖွဲ့ဆိုပေမယ့် ဒီတပ်က ထုတ်လုပ်ရေး အလုပ် လုပ်ရသည်လည်း မဟုတ်။ တကြိုးတည်း ပျင်းရိငြီးငွေ့စရာ။ ဒီတပ်ဟာ ‘မြေကြီးအလုပ်’ လုပ်ဖို့ အလုပ်သမားတွေကို လခပေးပြီး အလုပ်ခန့်လိုက်တာကလွဲလို့ တခြား ဘာမျှ မဟုတ်။

( အင်္ဂလိပ် အလုပ်စခန်းဆိုတာမျိုး ရှိခဲ့ဖူးသည်။ ၁၈၃၄ ခုနှစ်တုန်းက အင်္ဂလန်တွင် ‘ဆင်းရဲ သားများဆိုင်ရာ ဥပဒေ’ ဆိုသည်ကို ထုတ်ခဲ့ဖူးသည်။ ဒီဥပဒေအရ ဆင်းရဲသားများအား ကယ်ဆယ်ရေးငွေကြေး ထောက်ပံ့ပေးမည့်အစား ဆင်းရဲသားများ အတွက် အလုပ်စခန်းဆိုသည်များ ဆောက်ပေးလိုက်သည်။ ‚အလုပ် စခန်းများအား Bastilles for the poor ဆင်းရဲသား များအတွက် ဘာစတီးလ် အကျဉ်းထောင်ဟုလည်း ခေါ်သည်။ ဆင်းရဲသားများက အစိုးရကို ဒုက္ခမပေးအောင် ကာကွယ်ထားလိုက် ခြင်းသာ ဖြစ်သည်။)

ယာယီအစိုးရ၏တွက်ကိန်းက ဒီအမျိုးသား အလုပ်စခန်းတပ်ဖွဲ့ကို ဖွဲ့ပေးလိုက်ပြီး အလုပ်သမား များအား အိမ်ကြက်ချင်း အိုးမဲသုတ် အခွပ်ခိုင်းရာတွင် ဒုတိယမြောက်တပ်အဖြစ် အသုံးချဖို့ ဖြစ်သည်။ သို့ရာတွင် ဤတကြိမ် အစိုးရက အမျိုးသား အလုပ်စခန်းဆပ်ဖွဲ့ ဖွဲ့ပေးလိုက်ခြင်းသည် ကိုယ့်ဖာသာ ကိုယ်ကျိုးကြီး နည်းအောင် လုပ်လိုက်သကဲ့သို့ ဖြစ်သွားခဲ့လေသည်။ အလုပ်သမားများက ကာကွယ်ရေးတပ်အပေါ် အကဲ ဖြတ်ချက် လွဲခဲ့သလိုမျိုး အစိုးရသည်လည်း အလုပ်စခန်းတပ်ဖွဲ့အပေါ် အကဲဖြတ်ချက် လွဲမှားသွားခြင်း ဖြစ်သည်။ (နောင်တွင် ဒီတပ်က တပ်တွင်းပုန်ကန်မှု ဖြစ်လာခဲ့သည်။)

အမျိုးသား အလုပ်စခန်းတပ်ဖွဲ့ဆိုတာ လူဇင်ဘတ်နန်းတော်တွင် လူဝီဘလန့် ဟောပြောပို့ချမှု ပြုခဲ့စဉ်က ပြည်သူ့ အလုပ်စခန်းများအတွက် ရည်ညွှန်းပြီး ပေးလိုက်သော နာမည်ဖြစ်သည်။ ဒီအမျိုးသား အလုပ်စခန်းတပ်ဖွဲ့ကို ဖွဲ့လိုက်ခြင်း၏ တကယ့် ရည်ရွယ်ချက်ကတော့ လူဇင်ဘတ်နန်းတော်ကို ဆန့်ကျင်ရေး ဖြစ်သည်။ ‘အမျိုးသား အလုပ်စခန်းတပ်ဖွဲ့’ဆိုသည်မှာ လူဝီဘလန့်၏ ရှာဖွေတွေ့ရှိထားမှုသာ ဖြစ်သည်-ဟူ၍ အစိုးရက တိတ်တိတ်ပုန်း ဝါဒဖြန့်ထားသည်။ လူဝီဘလန့်က ယာယီအစိုးရ အဖွဲ့ဝင် တဦးလည်း ဖြစ်၊ လူဇင်ဘတ်နန်းတော်နှင့် အမျိုးသားအလုပ်စခန်းတပ်ဖွဲ့၏ ပညာရှိပရောဟိတ်တဦးလည်း ဖြစ်လေတော့ ဒီလို ဝါဒဖြန့်ထားလိုက်ခြင်းအားဖြင့် ပိုမို ကျိုးကြောင်းဆီလျော်ကာ အလုပ်သမားများ ယုံကြည်မှု ပိုမို ရှိလာလိမ့်မည်ဟု အစိုးရက တွက်ဆထားခဲ့သည်။ အမျိုးသား အလုပ်စခန်းတပ်ဖွဲ့ဆိုသည်မှာ အနှစ်သာရအားဖြင့် ဘာမှ မဟုတ် သော်လည်း အပြင်ဘန်း နာမည်အရတော့ ဓနရှင်သမ္မတနိုင်ငံကို ဆန့်ကျင်ပြီး ပစ္စည်းမဲ့လူတန်းစားကို အကာ အကွယ်ပေးမည့်တပ်ဟု ထင်စရာ ရှိနေသည်။

ဤတွင် ဓနရှင်လူတန်းစားတရပ်လုံး၏မုန်းတီးမှုသည် ဒီတပ်ဖွဲ့အပေါ်သို့ မြားဦးလှည့်သွားသည်။ ဒီတပ်သာ ဒါ့ထက် အင်အားတောင့်တင်းသွားရင် မလွယ်တော့ဘူးဆိုပြီး ဓနရှင်လူတန်းစားက ဒီတပ်ကို ပစ်မှတ်ထားလာခြင်း ဖြစ်သည်။ ဓနရှင်ပေါက် စတွေကလည်း ဒီတပ်ကို မလိုလားနိုင်ကြ။ သည်အခါ အမျိုးသား အလုပ်စခန်းတပ်ဖွဲ့သည် ဓနရှင်များအတွက် ဘုံရန်သူကဲ့သို့ ဖြစ်လာသည်။

ဓနရှင်လူတန်းစားသည် ပစ္စည်းမဲ့လူတန်းစားအတွက် သုံးစွဲခြင်းပြုရသည့် ငွေကြေးပမာဏကို တွက်ချက်လာကြသည်။ နိုင်ငံတော်က လစာငွေဆိုတာ ဒီလို ဟန်ပြအလုပ်မျိုးအတွက် ပေးနေရတာလား၊ ဒါလား ဆိုရှယ်လစ်စနစ်.... စသဖြင့် ဓနရှင်လူတန်းစားက ညည်းညူမြည်တမ်းလာကြသည်။ အမျိုးသား အလုပ်စခန်း တပ်ဖွဲ့ကို ဝန်တိုငြိုငြင်မှုနှင့် အပြစ်ရှာလာကြသည်။ လူဇင်ဘတ် နန်းတော်၏ ကြေညာချက်များအပေါ်၊ ပဲရစ်မြို့ ပေါ်မှာ အလုပ်သမားတွေ ပိုင်ဆိုင်ထားမှုအပေါ် အဆိုးမြင်လာကြသည်။

ဤသို့ဖြင့် ပစ္စည်းမဲ့လူတန်းစားနှင့် ဓနရှင်လူတန်းစားတို့၏ ရှုပ်ထွေးပြင်းထန်သည့် တိုက်ပွဲရက် သည် နီးကပ်သထက် နီးကပ်လာချေပြီ။

တိုးတက်မှုတွေ အားလုံးက ဓနရှင်လူတန်းစား၏လက်တွင်းမှာ။

အဆုံးအဖြတ်ကျတဲ့ နေရာဌာနတွေအားလုံး ဓနရှင်လူတန်းစား၏လက်တွင်းမှာ။

ဤသည်နှင့် တချိန်တည်းတွင် ဖေဖော်ဝါရီတော်လှန်ရေး၏ လှိုင်းဂယက်တို့သည် ဥရောပတိုက် တခုလုံးတွင် ရိုက်ခတ် မြည်ဟည်းလျက် ရှိသည်။ နေရာတခုစီကနေ ကြေညာချက်အသစ်တခုစီ ထွက်လာနေ သည်။ အီတလီက ယခု ထွက်လာလိုက်။ တော်ကြာ ဂျာမဏီက ပေါ်လာလိုက်။ ဥရောပ အရှေ့တောင်ပိုင်း ဝေးလံလှတဲ့ နေရာတခုဆီက နောက်တခု ကြားရလိုက်နဲ့။ ဒီအသံတွေက အလုပ်သမားထုကို ရွှင်လန်းအား တက်စေခဲ့သည်။

မတ်လ ၁၇ ရက်နေ့။ နောက်ပြီး ဧပြီ ၁၆ ရက်နေ့။ ဒီရက်တွေမှာ ကြီးမားတဲ့ လူတန်းစား တိုက်ပွဲကြီးရဲ့ အကြိုတိုက်ပွဲတွေ ဖြစ်လာခဲ့တယ်။ ဓနရှင်သမ္မတနိုင်ငံဟာ သူ့တောင်ပံကြားမှာပဲ သူ့ဘာသာ ခေါင်း ထိုးပုန်းအောင်းနေရသော တိုက်ပွဲကြီး ဖြစ်မလာသေးမီ အကြိုတိုက်ပွဲတွေပါ။

မတ်လ ၁၇ ရက်။

ပစ္စည်းမဲ့ လူတန်းစားက သူ့၏ ပြတ်သားသော လုပ်ဆောင်ချက်တွေ လုပ်သေးတာတော့ မဟုတ်ပါ။ ပစ္စည်းမဲ့ လူတန်း စား၏ နဂိုရည်ရွယ်ချက်မှာ ယာယီအစိုးရကို တော်လှန်ရေးလမ်းပေါ် ပြန်လျှောက် လာစေရန် တွန်းအားပေးရုံမျှသာ ဖြစ်သည်။ အမျိုးသားညီလာခံနှင့် အမျိုးသား ကာကွယ်ရေးတပ်တို့၏ ရွေး ကောက်ပွဲများကို အချိန်ရွှေ့ဆိုင်းထားအောင် ဖိအားပေးဖို့နှင့် ယာယီအစိုးရအဖွဲ့တွင်းမှာ ဓနရှင်တွေ အဖွဲ့ဝင်အဖြစ် မပါရှိနိုင်တော့ရန် တွန်းအားပေးဖို့လောက်သာ ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။

သို့ရာတွင် မတ်လ ၁၆ ရက်နေ့တွင် အမျိုးသားကာကွယ်ရေးတပ်ဖွဲ့အတွင်းမှ ဓနရှင်ကိုယ်စား လှယ်တို့သည် ယာယီ အစိုးရကို ဆန္ဒပြသော လူထုလှုပ်ရှားမှုကို ရမ်းရမ်းကားကား တုံ့ပြန်လိုက်သည်။ ဒီသတင်း က အစိုးရုံးစိုက်ရာ မြို့တော်ခန်းမအထိ လှိုင်းဂယက် ရိုက်ခတ်သွားသည်။ သည့်နောက်တွင်မူ လူထုသည် မတ်လ ၁၇ ရက်နေ့တွင် ယာယီအစိုးရကို ထောက်ခံသော ကြွေးကြော်သံများ ဟစ်ကြွေးဖို့ ဖိအားပေးခြင်း ခံရသည်။ ဓနရှင်လူတန်းစားကိုဆန့်ကျင်ဖို့(လူထုလှုပ်ရှားမှုကို ရမ်းကားစွာ တုံ့ပြန်ခဲ့ သည်မှာ ဓနရှင်လူတန်းစား ကိုယ်စား လှယ်များ ဖြစ်သည်ကို သတိပြု) ဓနရှင်သမ္မတနိုင်ငံ(ယာယီအစိုးရ ကိုယ်စားပြုထားသည်ကို သတိပြု)ကို ကာကွယ်ခဲ့ရသည့်အဖြစ်ပါ။ လူထုသည် ယာယီအစိုးရကို ဖီဆန်ရမည့်အချိန်တွင် ယာယီအစိုးရကို အားဖြည့် ထောက်ခံလိုက်ရခြင်းပင် ဖြစ်သည်။

သို့ရာတွင် မတ်လ ၁၇-ရက်နေ့တွင် စိတ်လှုပ်ရှားစရာကောင်းသည့် ကိစ္စတခု ပေါ်ခဲ့သည်။

၎င်းနေ့က ဖီအားအပေးခံခဲ့ရသောကြောင့် ယာယီအစိုးရကို ထောက်ခံဆန္ဒပြခဲ့ရသော ပဲရစ် ပစ္စည်းမဲ့တို့သည် သူတို့၏ ကြီးမားလှသော အင်အားကို အလုံးအထည်နှင့် ထုတ်ဖော်ပြသလိုက်သလို ဖြစ်သွား သည်။ သည်အခါတွင် ဒီအင်အားကို တွေ့မြင်ပြီး ကြောက်လန့်သွားကြသော ယာယီအစိုးရ၏အတွင်းနှင့်အပြင်မှ ဓနရှင်လူတန်းစားတို့သည် ဒီအင်အားကို ဖြိုဖျက်ပစ်ရန် အားလုံးက ပိုင်းဖြတ်လိုက်ကြခြင်းပင် ဖြစ်သည်။

ဧပြီလ ၁၆ ရက်နေ့။

ယာယီအစိုးရသည် ဓနရှင်လူတန်းစားနှင့်အတူ လွဲမှားစွာ ကပြတင်ဆက်လိုက်သော ဇာတ်ကွက် ပြကွင်း တခုကို တွေ့မြင်ရသည်။

၎င်းနေ့တွင် အလုပ်သမားများသည် Field of Mars နှင့် Hippodrome နေရာဌာနများတွင် အင်အားများစွာဖြင့် စုဝေးရောက်ရှိလာခဲ့ကြသည်။ အမျိုးသားကာကွယ်ရေးတပ်၏ အထွေထွေ ရုံးဌာနဆိုင်ရာ ရွေးကောက်ပွဲ ကျင်းပမည် ဖြစ်သဖြင့် သူတို့ကျရာတာဝန်၊ ကျရာအလုပ်ကို ပြင်ဆင်လုပ်ကိုင်ရန် ရည်ရွယ်ချက်နှင့် ရောက်ရှိလာကြခြင်းသာ ဖြစ်သည်။ သို့ရာတွင် အကျိုးရလဒ်ကတော့ ဒါနဲ့ ပြောင်းပြန်။

ရုတ်တရက်ဆိုသလို ပဲရစ်မြို့အနှံ့ ထုတ်ချင်းပေါက်အောင် ကောလာဟလ သတင်းတွေ ပျံ့ထွက် လာသည်။ သတင်းပျံ့နှံ့ ပုံကလည်း နေရောင်ခြည် ဖျတ်ခနဲ လင်းချင်းလာပြီး အလင်းရောင်တွေ ဖြာဝေသွား သကဲ့သို့။

(Field of Mars)ကွင်းထဲမှာ သေနတ်ကိုင်အလုပ်သမားတွေ တွေ့ခဲ့ရသတဲ့။

လူဝီဘလန့်၊ ဘလန်ကွီး၊ ကာဘက်နဲ့ ရက်စ်ပီးလ် တို့က ခေါင်းဆောင်လာကြတာ-တဲ့။

မြို့တော်ခန်းမဆီ ချီတက်ပြီး ယာယီအစိုးရကို ဖြုတ်ချမလို့-တဲ့။

ကွန်မြူနစ်အစိုးရဆိုတာကို ကြေညာမလို့-တဲ့။)

ဤသို့လျှင် အထွေထွေ ထိတ်လန့်မှုကြီးတွေ ဖြစ်ကုန်ကြသည်။

(နောက်ပိုင်းကျမှ ၎င်းသတင်းမှားကို လီဒရူး၊ ရိုလင်၊ မားရတ်စ်နှင့် လာမာတင်းတို့က ဖန်တီးခဲ့ ကြောင်း အတည်ပြုချက် ရရှိခဲ့သည်။)

အစိုးရက တနာရီအတွင်းမှာပင် လူ ၁ဝဝ, ဝဝဝ လောက်ကို လက်နက်တပ်ဆင်လိုက်သည်။ မြို့ တော်ခန်းမတွင်လည်း နေရာလပ်မရှိအောင် အမျိုးသားကာကွယ်ရေးတပ်တွေ ချထားလိုက်သည်။ တပ်ဖြင့် မြို့ တော်ခန်းမကို စောင့်ကြပ်ထားလိုက်သည်။

လက်နက်တပ်ဆင်ထားသူများကို ကြွေးးကြော်သံတွေ အော်ဟစ်စေသည်။

(ကွန်မြူနစ်တွေ ကျဆုံးပါစေ-

လူဝီဘလန့် ကျဆုံးပါစေ-

ဘလန်ကွီး ကျဆုံးပါစေ-

ရက်စ်ပီးလ် ကျဆုံးပါစေ-

ကာဘက် ကျဆုံးပါစေ-)

ဒီကြွေးးကြော်သံတွေက မိုးခြိမ်းသံတွေလို ပဲရစ်တမြို့လုံး ညံသွားခဲ့သည်။ ယာယီအစိုးရကို သစ္စာခံကြောင်း ဖော်ပြသူ များနှင့် အဖနိုင်ငံတော်အတွက်၊ လူ့အဖွဲ့အစည်းကို ကယ်တင်ဖို့အတွက် အသင့်ရှိပါ သည်ဟု ဆိုလာသူများသည် ရိုက်သတ်လို့ ကုန်နိုင်ဖွယ်မရှိအောင် အရေအတွက် များပြားစွာ ရှိလာသည်။ သည် အချိုန်တွင်.....

နောက်ဆုံး၌ အလုပ်သမားများသည် မြို့တော်ခန်းမဆီသို့ ရောက်ရှိလာကြသည်။ နိုင်ငံအတွက် သစ္စာခံ အလုပ်လုပ် မည့် ပြည်ချစ်တပ်ဖွဲ့ကို Field of Mars ကွင်းပြင်မှာ သူတို့ရွေးကောက်လာခဲ့ပြီး ယာယီ အစိုးရထံ လွှဲအပ်ပေးမည် ဆိုသော ရည်ရွယ်ချက်နှင့်သာ။

မြို့တော်ခန်းမဆီ ရောက်သွားမှ အလုပ်သမားများ အံအားအသင့်ကြီး သင့်သွားရသည်။ ပဲရစ်က ဓနရှင်လူတန်းစားသည် ကိုယ်အရိပ်ကိုပင် ကိုယ်ပြန်၍ လန့်နေကြသူများပါလား။ တကယ်တိုက်ရမည် မဟုတ် သည့်တိုက်ပွဲအတွက် အကွက်ချတွက်ချက်ပြင်ဆင်ထားကြတာပါကလား။

မတ်လ ၄ ရက်နေ့။ အမျိုးသားညီလာခံ။

အထွေထွေ ရွေးကောက်ပွဲ၏ တိုက်ရိုက်ရလဒ်အဖြစ် ဒီညီလာခံကို ကျင်းပခဲ့သည်။ ဓနရှင် ဂိုဏ်းသားတို့ အသာစီးရ လိုက်သည့် ပွဲပါ။

အကယ်စင်စစ်တွင် သမ္မတနိုင်ငံ၏ နေ့စွဲသည် မေလ ၄ ရက်နေ့က စတင်ရမည် ဖြစ်သည်။ ဖေဖော်ဝါရီ ၂၅ ရက်နေ့ မဟုတ်။ ဤသို့သာလျှင် ပြည်သူက ယုံကြည်သည်။ အသိအမှတ်ပြုသည်။ ယခု ပေါ်လာသည့် သမ္မတနိုင်ငံကမူ ပစ္စည်းမဲ့တွေက ယာယီအစိုးရအပေါ် ယုံကြည်ထားချက်များနှင့် မကိုက်ညီ။ သူတို့ ယုံကြည်မျှော်လင့်ထားသည့် သမ္မတနိုင်ငံမျိုးမဟုတ်။ ဆိုရှယ်လစ်ဖွဲ့စည်းပုံအရ ဖွဲ့စည်းသည့် သမ္မတနိုင်ငံမျိုး မဟုတ်။ ယခု အမျိုးသားညီလာခံက ကြေညာလိုက်သော သမ္မတနုငိငံသည် ဓနရှင် အစီအစဉ်များ၊ စနစ်များကို တိုက်ဖျက်ပစ်ရေးအတွက် တော်လှန်ရေး၏ လက်နက်သဖွယ် အားထားရမည့် သမ္မတနိုင်ငံမျိုး မဟုတ်။

တခွန်းတည်း ပြောရလျှင်တော့ ဓနရှင်လူတန်းစား၏ သမ္မတနိုင်ငံသာ ဖြစ်သည်။

အမျိုးသားညီလာခံအတွင်းတွင် (ပြင်သစ်ပြည်သူပြည်သားတွေသာ ဖြစ်သော) တက်ရောက်သူ အားလုံးတို့သည် ပဲရစ်ပစ္စည်းမဲ့လူတန်းစားကို တရားစီရင်ဖို့အတွက် အစည်းအဝေးထိုင်လိုက်ကြသည်။ သူတို့သည် ပစ္စည်းမဲ့လူတန်းစား ကိုယ်စားလှယ်တွေဖြစ်ကြသော လူဝီဘလန့်နှင့် အဲလ်ဘတ်တို့ကို ထုတ်ပစ်လိုက်ကြသည်။ အထူးအလုပ်သမားဝန်ကြီးဌာနဆိုသည်ကိုလည်း ဖျက်သိမ်းပစ်လိုက်သည်။ အစိုးရဝန်ကြီးတဦးက ကြေညာချက် ထုတ်လိုက်သည်။

“လက်ငင်းပြဿနာကတော့ အလုပ်ကို သူ့နဂိုနေရာဟောင်းဆီ ပြန်ခေါ်သွားဖို့ပဲ။”တဲ့။

• • • •

ဖေဖော်ဝါရီတော်လှန်ရေးတွင် အလုပ်သမားတို့သည် ဓနရှင်လူတန်းစား၏ ထောက်ခံမှုနှင့် အောင် ပွဲဆင်နွှဲနိုင်ခဲ့သည်။ ပစ္စည်းမဲ့လူတန်းစားသည် သူတို့ကိုယ်သူတို့ ဖေဖော်ဝါရီတော်လှန်ရေး၏ အောင်ပွဲခံသူ၊ အနိုင်ရလိုက်သူဟူ၍ ခပ်ရိုးရိုးသဘောထား ခဲ့သည်။ ကြေညာခဲ့သည်။

သို့ရာတွင် သူတို့သည် လမ်းမပေါ်က တိုက်ပွဲများမှာ ဆက်လက်အနိုင်ယူဖို့ လိုပေလိမ့်ဦးမည်။ သူတို့သည် ဓနရှင် လူတန်းစားကို ဆန့်ကျင်ရုံသာ ဆန့်ကျင်ပြီး တိုက်ပွဲများနှင့် တိုက်ခိုက်ခြင်း မပြုပါက သူတို့၏ အခြေအနေ မည်သို့မျှ ကောင်းလာနိုင်မည်မဟုတ်ဟူသော အချက်အပေါ် လေးနက်ရပေလိမ့်ဦးမည်။

ပစ္စည်းမဲ့လူတန်းစားအတွက် ဆုံးဖြတ်ချက် အမြန်ချဖို့ လိုလာသည်။

ဘလန်ကွီးအပါအဝင် ခေါင်းဆောင်တစု ဦးဆောင်ပြီး ဆန္ဒပြပွဲလုပ်သည်။ အစိုးရအဖွဲ့ထဲမှာ အလုပ်သမားကိုယ်စားလှယ် ပါဝင်စေရေး၊ အလုပ်ဆိုင်ရာဌာနတခု ဖွဲ့စည်းပေးရေး တို့ကို တောင်းဆိုခဲ့သည်။ ဘလန်ကွီးဦးဆောင်သည့် (၆) ဦး ကော်မတီ တော်လှန်ရေးအဖွဲ့ ဖွဲ့စည်းကြောင်း ထုတ်ပြန်ကြေညာသည်။

ဤသည်က မေလ ၁၅ ရက်နေ့မှာ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

သူတို့သည် အမျိုးသားလွှတ်တော်ထဲသို့သွားပြီး ပစ္စည်းမဲ့လူတန်းစား၏ တော်လှန်ရေးသြဇာ ပြန်လည် တက်လာစေ ရေးအတွက် အချည်းနှီး ကြိုးစားကြည့်သည်။ တောင်းဆိုကြည့်သည်။ ရလဒ်ကမူ ခေါင်း ဆောင်လုပ်သူတွေကို ဓနရှင်တို့၏ ထောင်သားများအဖြစ် ကိုယ်ထိလက်ရောက် အပ်နှံလိုက်ရခြင်းသာ ဖြစ်ခဲ့ လေသည်။ အဲလ်ဘတ် ရက်စပီးလ်၊ Barbe နှင့် Sobrier တို့ အဖမ်းခံလိုက်ရပြီး Vincennes အကျဉ်းထောင်မှာ အကျဉ်းချထားခြင်း ခံလိုက်ရသည်။ ရက်အနည်းငယ်အကြာတွင် ဘလန် ကွီးကိုယ်တိုင် အဖမ်းခံလိုက်ရပြန်သည်။

“ဒါမျိုးတွေ အဆုံးသတ်ပစ်ရမယ်”တဲ့။ ဒီလိုတောင်းဆိုလာတာတွေကို ခွင့်မပြုနိုင်ဆိုသည့် သဘော။ ဤသည်က လွှတ်တော်ထဲမှ အာဏာပိုင်များ၏ တုံ့ပြန်ချက်ပါ။ ဤအချက်က ပစ္စည်းမဲ့တို့အား ပြတ်သား သည့်တိုက်ပွဲကို ဆင်နွှဲစေဖို့ တွန်းဆော် ပေးလိုက်သည်။

အမျိုးသားလွှတ်တော်အာဏာပိုင်အဖွဲ့သည် ပစ္စည်းမဲ့တို့ ဒေါသထွက်စေမည့် အမိန့်တွေကို တသီ တတန်းကြီး ထုတ်ပြန်ခဲ့သည်။ ပြည်သူလူထု လွတ်လပ်စွာ စုရုံးးခွင့်ကို တားမြစ်သောအမိန့်နှင့် အလားတူ အမိန့် မျိုးတွေ ဖြစ်သည်။ အလုပ်သမားထုက အမျိုးသားလွှတ်တော်အပေါ် နာကြည်းရသည်။ ဒေါသထွက်ကြရသည်။

သို့ရာတွင် တကယ်တမ်း တိုက်ပွဲဖြစ်လာရခြင်း အကြောင်းရင်းသည် အမျိုးသားအလုပ်စခန်း တပ်ဖွဲ့ ပြဿနာက စခဲ့ ခြင်း ဖြစ်သည်။

အာဏာပိုင်အဖွဲ့သည် အမျိုးသားအလုပ်စခန်းတပ်ဖွဲ့အတွင်း ဝင်ခွင့်ပြုရေးတွင် အခက်အခဲ အ တားအဆီးများ ပိုမို၍ လုပ်လာကြသည်။ (ဓနရှင်တွေက ဘုံရန်သူအဖြစ် သဘောထားခဲ့ကြတဲ့ တပ်ဖွဲ့မဟုတ် ပါလား။) တနေ့ချင်း လုပ်ခပေးမည့်အစား လုပ်ခကို အရစ်ကျပေးခြင်းဖြင့် အစားထိုးလာသည်။ ပဲရစ်မှာ မွေးဖွားသူမဟုတ်သော အလုပ်သမားတွေကို မြေလုပ်ငန်းအလုပ်ခိုင်း ရန်အတွက် Sologna သို့ ပြောင်းရွှေ့ပစ် လိုက်သည်။ ဒါဟာ နယ်နှင်ဒဏ်ပေးလိုက်ခြင်းသာ ဖြစ်၏။ ပြန်လည်ထွက်ပြေးလာသည့် အလုပ်သမားတွေက ဒီအကြောင်းတွေကို ဘဝတူတခြားရဲဘော်များအား ပြန်ပြောပြသည်။ အာဏာပိုင်တို့အကြောင်း ဖွင့်ချ လိုက်သည်။ နောက်ဆုံး၌ ဂျွန်လ ၂၅ ရက်နေ့တွင် လက်မထပ်ရသေးသူများဖြစ်ပါက အမျိုးသားအလုပ်စခန်းကနေ ထုတ်ပစ်ဖို့၊ တပ်ထဲတွင် လက်မခံဖို့ အမိန့်ထုတ်လာသည်။

အလုပ်သမားများအတွက် ရွေးလမ်းမရှိတော့။ ငတ်သေမလား။ ဒါမှမဟုတ် တိုက်ရင်း ပျံသန်းမ လား။ (တိုက်ရင်း သေမလား။)

ဤမေးခွန်းကို အလုပ်သမားများက ဂျွန်လ ၂၅ ရက်နေ့မှာ အကြီးမားဆုံးသော လူထုအုံကြွမှုကြီး နှင့် အဖြေပေးလိုက် သည်။ ဒီတိုက်ပွဲသည် ခေတ်သစ်လူ့အဖွဲ့အစည်းအတွင်း ကွဲပြားခြားနားနေသော လူတန်းစား ၂ ရပ်တို့အကြား ပထမဆုံးအကြိမ် ကြီးမားသည့် တိုက်ပွဲတပွဲပင် ဖြစ်သည်။ ဓနရှင်စနစ်ကို ဆက်လက် ထိန်းသိမ်းကာကွယ်ရေးနှင့် ဖြိုချဖျက်ဆီးရေးတို့အကြားက တိုက်ပွဲလည်း ဖြစ်သည်။ သမ္မတနိုင်ငံဆိုတာ၏ အတွင်းသရုပ်ကို ဖုံးကွယ်ပေးထားသည့် မျက်နှာဖုံး ဇာပုဝါပါးသည်လည်း အပိုင်း ပိုင်း စုတ်ပြတ်ကုန်သည်။

အလုပ်သမားတို့၏ ဒီတိုက်ပွဲသည် ကျော်ကြားခဲ့ပါသည်။

သူတို့မှာ တူညီသော ဘုံစီမံကိန်းဆိုသည်လည်း မရှိ။ နည်းလမ်းနည်းနာများလည်း မရှိ။ အလုပ် သမားအများစုမှာ လက်နက်မရှိ။

ကာကွယ်ရေးလှုပ်ရှားတပ်၊ ပဲရစ်အမျိုးသားကာကွယ်ရေးတပ်နှင့် ပြည်လုံးဆိုင်ရာအမျိုးသား ကာ ကွယ်ရေးတပ်တို့သည် ပြည်နယ်များမှနေ၍ တဖွဲဖွဲရောက်ရှိလာကာ စုစည်းပြီး ငါးရက်တိုင်တိုင် အလုပ်သမားထုကို ရင်ဆိုင်စောင့်ကြပ်ထားကြသည်။ ဤကြားထဲမှနေ၍ အလုပ်သမားတို့သည် ယခင်က စံနမူနာမရှိခဲ့ဖူးသေးသည့် သူရသတ္တိနှင့် ပါးနပ်လိမ္မာမှုတို့ကို ပြသခဲ့ကြသည်။

သည့်အပြင် ဒီတိုက်ပွဲတွင် ကျော်ကြားမှုနောက်တခုလည်း ရှိသေးသည်။ ဓနရှင်လူတန်းစားသည် သူတို့၏ သေလုမတတ် နာကြည်းခံပြင်းမှုအတွက် လက်စားချေသည့်အနေနှင့် တခါမျှ မကြုံဖူး၊ မကြားဖူးသေး သော ရက်စက်ကြမ်းကြုတ်မှုကို လုပ်ခဲ့သည်။ အစုလိုက် အပြုံလိုက် ဖမ်းဆီးထားသော လူ ၃,ဝဝဝ ကို အကုန်သတ်ပစ်လိုက်သော လူသတ်ပွဲကြီးပင် ဖြစ်သည်။ ဂျွန်လ ရှုံးနိမ့်မှုကို စာရင်းချုပ်ကြည့်လိုက်သည့်အခါ အလုပ်သမားနှင့် တော်လှန်သောလူထုအတွင်းမှ အသတ်ခံရသူ ၁၁,ဝဝဝ။ အဖမ်းခံရ သူ ၂၅,ဝဝဝ။ နယ်နှင်ခံရသူ ၃၅ ,ဝဝဝ ကျော် ရှိခဲ့သည်။

ပြင်သစ်ဒီမိုကရေစီ၏ တရားဝင်ကိုယ်စားလှယ်တို့သည် သမ္မတနိုင်ငံအပေါ် စူးစူးနစ်နစ် ယုံကြည် ချက် ပြင်းထန်ခဲ့ကြသည်။ ဘယ်လောက်တောင် ယုံကြည်လိုက်သလဲဆိုရင် ဒီအရေးအခင်း ဖြစ်ပွားပြီး သီတင်း ပတ်တချို့ ကြာလာသည့် အချိန်မျိုး ရောက်မှသာ ဂျွန်လတိုက်ခိုက်မှု၏ အရေးပါသည့်လက္ခဏာကို သူတို့ စတင် မှန်းဆလာနိုင်ခဲ့ကြသည်။ သေနတ်ယမ်းမီးခိုးငွေ့တွေအကြား သူတို့ကိုးစားယုံကြည်ခဲ့သည့် သမ္မတနိုင်ငံဆိုတာကြီး အရည်ပျော်ပျောက်ကွယ်သွားသောကြောင့် သူတို့ မှင်တက်မေ့မောကုန် ကြသည်။

ဖေဖော်ဝါရီတော်လှန်ရေးတုန်းက အခြေအနေကို တချက်လောက် ပြန်ပြောင်းကြည့်ကြဦးစို့။ အဲဒီတုန်းက “ညီနောင်သဖွယ် ချစ်ကြည်ရေး” ဆိုတာကို ကြွေးကြော်ခဲ့ကြသည်။ ပဲရစ်မြို့၏ မျက်ခုံးပေါ်မှာတောင်မှ စာလုံးကြီးတွေနှင့် ရေးထိုးထားခဲ့သည်။ အကျဉ်းထောင်အသီးသီးမှာရော စစ်တန်းလျားတွေမှာပါ ဒီကြွေးကြော် သံပါပဲ။ ချစ်ကြည်ရေးတဲ့။ ရန်ဘက်လူတန်းစား ၂ ရပ်ရဲ့ ချစ် ကြည်ရေးပါ။ လူတန်းစားတရပ်က အခြားလူတန်းစား တရပ်ကို သွေးစုပ်နေတဲ့ ချစ်ကြည်ရေးပါ။

ယခုအချိန်ရောက်တော့ ဒီကြွေးကြော်သံရဲ့ အရောအနှောမပါဘဲ တကယ့်အစစ်အမှန် ဖော်ပြ ချက်ကတော့ “ပြည်တွင်းစစ်”သာလျှင် ဖြစ်ပေသည်။ ကြောက်စရာအကောင်းဆုံးပုံသဏ္ဌာန်နှင့် ပြည်တွင်းစစ်....။ အလုပ်နှင့်အရင်းအကြားက စစ်ပွဲ။ ဂျွန်လ ၂၅ ရက်နေ့ညနေပိုင်းတွင် ချစ်ကြည်ရေးဆိုသည်ကို ဝါးမြိုပစ်လိုက်သော မီးတောက်မီးလျှံတို့သည် ပဲရစ်မြို့က ပြတင်းပေါက်တွေ အားလုံး၏ ရှေ့မှောက်တွင် လောင်ကျွမ်းပြာကျခဲ့ပါပကော။

ဂျွန်လ ရှုံးနိမ့်မှုအတွင်း ဥရောပအာဏာရ အုပ်စိုးသူများက လျှို့ဝှက်ချက်တခုကို ဖွင့်လှစ်ဖော်ပြ လိုက်သည်။ ၎င်းမှာ ပြင်သစ်ပြည်တွင်း ပြည်တွင်းစစ်ဆိုသည်ကို ဆင်နွှဲနိုင်ဖို့အတွက် ဥရောပအာဏာရ အုပ်စိုး သူအချင်းချင်း ပြည်ပမှာ ဘယ်လိုတန်ဘိုးပဲ ပေးရပေးရ သူတို့အကြားက ငြိမ်းချမ်းရေးကို ထိန်းသိမ်းထားဖို့ နားလည်မှုယူလိုက်ကြခြင်းပင် ဖြစ်သည်။ ဤနည်းဖြင့် သူတို့၏ အမျိုးသားလွတ်မြောက်ရေးအတွက် တိုက်ပွဲကို စတင်ဆင်နွှဲနေကြသူ ပြည်သူများသည် ရုရှား၊ သြစတီးရီးယားနှင့် ပရပ်ရှားဆိုသော အင်အားကြီးနိုင်ငံတို့၏ ဝိုင်းပယ်စွန့်ပစ်ထားခြင်းကို ခံလိုက်ကြရသည်။တချိန်တည်းတွင် အမျိုးသားတော်လှန်ရေးတိုက်ပွဲများသည် ပစ္စည်း မဲ့တော်လှန်ရေးကံကြမ္မာနှင့် တသီးတခြားဖြစ်ပြီး ကင်းကွာနေလျှင် ၎င်းတို့အားလုံးတို့၏ အချုပ်အခြာအာဏာပိုင်မှု၊ ဆိုရှယ်လစ်တော်လှန်ရေးကြီး၏ လွတ်လပ်အမှီခိုကင်းမှု စသည်တို့အားလုံး လုယူတိုက်ဖျက်ခြင်း ခံရမည်မှာ မုချဖြစ်ကြောင်း ပိုမို ထင်ရှားပေါ်လွင်လာသည်။ အလုပ်သမားများ ကျွန်အဖြစ်မှာ ရှိနေသေးသမျှ ဟန်ဂေရီလည်း မလွတ်မြောက်နိုင်၊ ပိုလန်နှင့် အီတလီတို့သည်လည်း မလွတ်လပ်နိုင်သေး။

ချုပ်လိုက်လျှင် ဥရောပတိုက်သည် ဓနရှင်လူတန်းစား၏ သူတော်စင်မဟာမိတ်ဖွဲ့မှုနှင့်အတူ ပုံသဏ္ဌာန်အနေအထားတရပ်ကို ရယူလိုက်ပြီဖြစ်သည့်အတွက် ပြင်သစ်ပြည် ပစ္စည်းမဲ့တို့၏ အုံကြွတော်လှန်မှု တိုင်းတို့သည် ကမ္ဘာာ့စစ်ပွဲတခုနှင့် တိုက်ရိုက် အချိန်ကိုက်အောင် ညှိဖို့လိုအပ်လာသည်။ ပြင်သစ်ပြည်က အသစ်ဖြစ်ပေါ်လာမည့်တော်လှန်ရေးသည် သူ၏အမျိုးသားနယ်မြေဆိုသည်ကို စွန့်ပစ်ထားခဲ့ပြီး ဥရောပတိုက်၏ ကျယ်ပြန့်သည့်နယ်မြေတလွှားကို အောင်နိုင်ဖို့ လိုလာသည်။ ဤအခြေအနေပေါ်ကသာ ၁၉ ရာစုနှစ်၏ တော် လှန်ရေးတရပ် အောင်ပွဲဆင်နိုင်မှာ ဖြစ်သည်။ (သူတော်စင်မဟာမိတ်ဖွဲ့မှုဆိုသည်မှာ ၁၈၁၅ ခုနှစ်၊ နိုဝင်ဘာလတွင် ရုရှား၊ အင်္ဂလိပ်၊ ဂျာမဏီနှင့် သြစတီးရီးယား စသည့် အင်အားကြီးနိုင်ငံတို့က သူတို့အချင်းချင်း သူတော်စင်မဟာ မိတ်အဖွဲ့ သို့မဟုတ် မွန်မြတ်သော မဟာမိတ်အဖွဲ့ ဖွဲ့လိုက်ကြခြင်းကို ဆိုလိုသည်။ အနှစ် ၂ဝ စာချုပ်တရပ်လည်း ချုပ်ဆိုခဲ့ကြ သည်။ အဓိကအနှစ်သာရမှာ သူတို့အချင်းချင်း ရိုင်းပင်းကူညီရေးပင် ဖြစ်သည်။ )

ပြင်သစ်ပြည်က ဥရောပတော်လှန်ရေးကို စတင်သူဖြစ်လာနိုင်စေသည့် အခြေအနေအားလုံးကို ဤနည်းဖြင့် ဇွန်လ တော်လှန်ရေးက ဖန်တီးပေးခဲ့ခြင်း ဖြစ်သည်။ ဇွန်လတော်လှန်ရေး၏ သွေးအိုင်ထဲမှ တူးဖော် ထုတ်ယူလိုက်ပြီးမှသာလျှင် သုံးရောင်ခြယ်အလံသည် ဥရောပတိုက်၏အလံတလက်အဖြစ် ရောက်လာခဲ့ခြင်း ဖြစ်သည်။(ဤအလံသည် နပိုလီယံသုံးခဲ့သောအလံ ဖြစ်သည်။ နောက်ပိုင်းတွင် ဓနရှင်သမ္မတဂိုဏ်းသားတွေက လည်း အသုံးပြုခဲ့သည်။)

ပစ္စည်းမဲ့တို့က ကြွေးကြော်လိုက်သည်။ ကြေညာလိုက်သည်။

“တော်လှန်ရေး သေဆုံးသွားခဲ့လေပြီ။ တော်လှန်ရေး အဓွန့်ရှည်ပါစေ”

• • • • •

ပြင်သစ်ပြည် ၁၈၄၈ ဖေဖော်ဝါရီတော်လှန်ရေးနှင့် ဇွန်လ ရှုံးနိမ့်မှုအရေးအခင်းတို့အပေါ် အိန်ဂယ် ၏ ကြည့်မြင်ချက်မှာ အောက်ပါအတိုင်း ဖြစ်သည်။

မာ့က်စ် ရေးသားဖော်ပြခဲ့သည့်အတိုင်း ၁၈၄၈ ‘ဆိုရှယ်’တော်လှန်ရေးမှ ခွဲထွက်လာသော ဓနရှင် သမ္မတနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုသည် ဓနရှင်ကြီး လူတန်းစား၏ လက်တွင်း တကယ့်အာဏာ စုစည်းမိနေခြင်းပင် ဖြစ်သည်။

အခြားတဖက်တွင်မူ လူမှုလူတန်းစားအသီးသီးတို့သည် စုဖွဲ့လာမိကြသည်။ ပစ္စည်းမဲ့လူတန်းစား ၏ ပတ်လည်တွင် ဓနရှင်လူတန်းစားတို့ စုစည်းမိသကဲ့သို့ လယ်သမားလူတန်းစားလည်း စုဖွဲ့မိလာသည်။ သည့် အတွက် စုပေါင်းအောင်ပွဲရရှိချိန်နှင့် ရပြီးကာစအချိန်တို့တွင် အဆုံးအဖြတ်ဖြစ်လာသော အင်အားစုသည် အတွေ့ အကြုံပေါ်မှာ အသိဉာဏ်ရင့်ကျက်လာသော ပစ္စည်းမဲ့လူတန်းစားသာ ဖြစ်ခြင်းကြောင့် အလားအလာအားလုံး တို့သည် လူနည်းစုတို့၏တော်လှန်ရေးဘက်သို့ မဟုတ်ဘဲ လူများစုတို့၏ တော်လှန်ရေးဘက်ဆီသို့ လှည့်ပြောင်း လာပြီလော။

ကျွန်တော်တို့နှင့်အလားတူ ယင်းသို့ ထင်မြင်ယူဆသူများအားလုံး မှားယွင်းကြောင်း သမိုင်းက သက်သေပြခဲ့သည်။

ထိုအချိန်က ဥရောပတိုက်၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအခြေအနေသည် အရင်းရှင်စနစ် ထုတ်လုပ်ရးမှ လွတ်မြောက် ရန် ရင့်မှည့်မှု မရှိသေးပါ။ ၁၈၄၈ ခုနှစ်က စပြီး စီးပွားရေးဆိုင်ရာ တော်လှန်ရေးသည် ဥရောပတတိုက်လုံးကို လွှမ်းခြုံခဲ့သည်။ ထို့ ကြောင့် စက်မှုလက်မှုလုပ်ငန်းကြီးများသည် ပြင်သစ်၊ သြစတီးရီးယား၊ ဟန်ဂေရီ၊ ပိုလန်နှင့် များမကြာမီကာလက ရုရှားပြည်မှာပင်လျှင် အစစ်အမှန် အမြစ်တွယ်လာခဲ့သည်။ ယင်း အချိန်မှာပင် ၎င်းသို့သော အခြေအနေက ဂျာမဏီပြည်ကို ပထမတန်းစား စက်မှုနိုင်ငံအဖြစ်သို့ ရောက်ရှိစေခဲ့ သည်။ ၁၈၄၈ ခုနှစ်ကာလတွင် ဂျာမဏီပြည်၌ လုပ်ငန်းအားလုံးတို့သည် အရင်းရှင်စနစ်အခြေခံပေါ်မှာ တည်ရှိ နေကြသည်ဖြစ်ရာ နယ်မြေချဲ့ထွင်ဖို့ ကြီးမားသော စွမ်းဆောင်ရည် ရှိနေဆဲပင် ဖြစ်၏။

စက်မှုတော်လှန်ရေးက နေရာတကာမှာ လူတန်းစားဆက်သွယ်မှုများကို ထုတ်လုပ်ပေးခဲ့သည်။ အရှေ့ဥရောပတိုက်မှာဆိုလျှင် လက်မှုလုပ်ငန်းကသည်ပင်လျှင် ဓနရှင်လူတန်းစားစစ်စစ်တရပ်နှင့် အရေအတွက် ကြီးမားသော ပစ္စည်းမဲ့လူတန်းစားစစ်စစ်တရပ်ကို ဖန်တီးမွေးထုတ်လိုက်ပြီး လူမှုဆက်ဆံရေးတိုးတက်မှုအတွက် ရှေ့ပြေးအဖြစ် တွန်းပို့လိုက်ပါသည်။

ဤသို့သော ကြီးမားသည့် လူတန်းစား၂ ရပ်အကြားက (အင်္ဂလန်မှလွဲ၍ ၁၈၄၈ ခုနှစ်တွင် ပဲရစ်နှင့် စက်မှုအချက်အချာနေရာများမှာသာ ရှိခဲ့သည့်) ဒီတိုက်ပွဲသည် ဥရောပတတိုက်လုံးသို့ ပျံ့နှံ့သွားခဲ့သည်။

ယင်းအချိန်က ဒေသနှင့်အမျိုးသားအရ မတူကွဲပြားခြားနားနေကြသည့် လူထုများသည် တူညီ သော ဒုက္ခခံစားမှုများအပေါ်မှာ ဆက်စပ်မှုရှိနေကြသည်။ ယနေ့အခါတွင် နိုင်ငံတကာဆိုရှယ်လစ်များ ၏ကြီးမား သော တပ်မတော်ကြီးသည် နေ့စဉ်နှင့်အမျှ တိုးများလာနေသည့်အရေအတွက်၊ စည်းရုံးစုဖွဲ့မှု၊ စည်းကမ်း၊ သိနား လည်နိုင်စွမ်းရှိမှုနှင့် အောင်ပွဲအပေါ် အာမခံချက်ရှိမှုတို့နှင့် အတူရှေ့သို့ ချီတက်လျက်ရှိသည်။ ဤပစ္စည်းမဲ့ တပ် မတော်ကြီးသည် သူ၏ပန်းတိုင်သို့ မရောက်သေးဘူးဆိုလျှင်....၊ အားကောင်းကောင်းနှင့် တချက်တည်းထိုးလိုက်ရုံ ဖြင့် အောင်ပွဲမရနိုင်သေးဘူးဆိုလျှင်....၊ ပြင်းထန်ကြမ်းတမ်းသည့် တိုက်ပွဲများဖြင့် တလှမ်းချင်း တဆင့်ချင်း ရှေ့သို့ တက်လှမ်းသွားရလိမ့်မည် ဖြစ်သည်။ ထို့ကြောင့် ၁၈၄၈ တုန်းက သာမန်လျှပ်တပြက်တိုက်ခိုက်မှုကလေး လုပ်ရုံ မျှဖြင့် လူမှုပြုပြင်ပြောင်းလဲရေးလုပ်နိုင်ဖို့ဆိုသည်မှာ ဖြစ်နိုင်ရန် အလွန်ခဲယဉ်းကြောင်း သိသာလှပါသည်။

ခေတ်သစ်တော်လှန်ရေးအားလုံးတို့သည် ၁၇ ရာစု အင်္ဂလိပ်တော်လှန်ရေးက အစပြုပြီး အခြား တော်လှန်ရေးများနှင့် ဆက်စပ်ကာ ပေါ်ပေါက်လာခဲ့ကြတာချည်း ဖြစ်သည်။ ဤတော်လှန်ရေးများသည် အဆက် အစပ်နှင့် ဖြစ်ပေါ်လာကြသလို ၁၈၄၈ တော်လှန်ရေးကစပြီး ဘက်အသီးသီးမှနေ၍ လွတ်မြောက်ရေးလမ်းကို ရှာဖွေခဲ့ကြသည်။ ပစ္စည်းမဲ့လူတန်းစားကိုယ်တိုင်ပင်လျှင် ပဲရစ်မှာ အောင်ပွဲရပြီးသည့်နောက်မှာတောင်မှ သူတို့ လျှောက်လှမ်းရမည့် လမ်းကြောင်းနှင့် စပ်လျဉ်း၍ အမှောင်ထဲမှာ စမ်းတဝါးဝါး နှင့် ရှာဖွေနေရဆဲ ဖြစ်သည်။

၁၇၈၉ ခုနှစ်က အစပြုခဲ့သည့် ပြင်သစ်ပြည်၏ စီးပွားရေးနှင့် နိုင်ငံရေးဖွံ့ဖြိုးးမှုများကြောင့် ပဲရစ် သည် ပြီးခဲ့သည့် အနှစ် ၅ဝ အတွင်း ပစ္စည်းမဲ့လူတန်းစားလက္ခဏာတရပ် မပါဘဲနှင့် မည်သို့သော တော်လှန် ရေးမျိုးမှ မပေါ်ပေါက်နိုင်တော့သည့် အနေအထားသို့ ရောက်ရှိလာခဲ့သည်။ ပစ္စည်းမဲ့လူတန်းစား လက္ခဏာ တရပ်မပါဘဲနှင့်-ဆိုသည်ကို ရှင်းပြရလျှင် အောင်ပွဲကို သူ၏ သွေးနှင့် ရယူခဲ့ပြီး အောင်ပွဲအပြီးတွင်လည်း သူ၏ ကိုယ်ပိုင်တောင်းဆိုချက်များကို ဆက်တင်ထားနိုင်သည့် ပစ္စည်းမဲ့လူတန်းစား မပါရှိဘဲနှင့်-ဟူ၍ ဆိုလိုခြင်း ဖြစ်သည်။ သူတို့၏တောင်းဆိုချက်များသည် အခိုင်အမာကာလတခုတွင် ပဲရစ်အလုပ်သမားများကြောင့် ရောက်ရှိ လာရသော ဖြစ်ထွန်းတိုးတက်မှုအခြေအနေများအလိုက် မရှင်းမလင်း၊ မသဲမကွဲ ဖြစ်ခဲ့ရသည်များ ရှိသည်။ ရှုပ်ထွေးမှုတောင် ရှိခဲ့သည်။

သို့ရာတွင် တောင်းဆိုချက်ကိုယ်၌က ဘယ်လောက်မသေချာပဲ ဖြစ်နေဖြစ်နေ ဤတောင်းဆို ချက်ထဲတွင် လူအဖွဲ့ အစည်း၏ တည်ရှိနေဆဲ စနစ်အစီအစဉ်အား ခြိမ်းခြောက်မှုပြုနိုင်သည့် အချက်တရပ် ပါဝင်နေသည်။ ယင်းတောင်းဆိုချက်ကို တင် လာသည့် အလုပ်သမားများသည်လည်း လက်နက်ကိုင်ထားသူများ ဖြစ်နေသည်။ ထို့ကြောင့် နိုင်ငံတော်၏အချုပ်အခြာနေရာမှာ ရှိနေကြသည့် ဓနရှင်လူတန်းစားအတွက် အလုပ် သမားများအား လက်နက်ðဖတ်ရေးသည် ပထမဆုံးတော် ပညတ်တော် ဖြစ်နေပါ တော့သည်။ အလုပ်သမားများ ဆင်နွှဲခဲ့ကြသည့်တော်လှန်ရေးတိုင်း တကြိမ်နိုင်ပြီး ဖြစ်စေကာမူ ၎င်းနောက် အသစ်ဆင်နွှဲရသည့် တိုက်ပွဲများ ကျတော့ အလုပ်သမားများဘက်က အရှုံးနှင့် နိဂုံးချုပ်ရတတ်သည်။

ဤသို့ ဖြစ်ခဲ့ရသော ပထမဆုံးအကြိမ်သည် ၁၈၄၈ ခုနှစ်တွင် ဖြစ်သည်။ ပါလီမန်တွင် အတိုက် အခံအဖြစ် ရပ်တည်ခဲ့ကြသော လစ်ဘရယ်ဓနရှင်လူတန်းစားသည် မဲပေးခွင့်ပြုပြင်ရေးလုပ်ဖို့ စိတ်ချရအောင် ထမင်းစားပွဲများ ကျင်းပခဲ့ကြသည်။ ဤမဲပေးခွင့် ပြုပြင်ရေးဆိုသည်ကိုလုပ်မှ သူတို့အာဏာရရေး သေချာမှာကိုး။ အစိုးရကို တိုက်ရာမှာ လူထုထောက်ခံမှုရအောင် တိုးပြီးတိုးပြီး လုပ်ရင်းက သူတို့သည် တစတစနှင့် ဓနရှင်နှင့် ဓနရှင်ပေါက်စလူတန်းစားထဲက ရက်ဒီကယ်(ပြုပြင်ရေးသမား) များနှင့် ရီပတ်ဘလစ်ကင်(သမ္မတဂိုဏ်းသား) များအား ပို၍ပို၍ ဦးစားပေးလာရသည်။ သို့ရာတွင် သူတို့နောက်မှာက တော်လှန်သော အလုပ်သမားများ ရှိနေကြသည်။

၁၈၃ဝ ခုနှစ်ကစပြီး သူတို့သည် ဓနရှင်လူတန်းစားထက် (ထိုမျှမက) ရီပတ်ဘလစ်ကင် (သမ္မတ

ဂိုဏ်းသား) တို့ ထက်တောင်မှ နိုင်ငံရေးလွတ်လပ်ခွင့် ပိုရှိသည်ဟု ထင်မှတ်မှားစရာ ဖြစ်ခဲ့သည်။ အစိုးရနှင့် အတိုက်အခံတို့အကြား အကျပ်ဆိုက် အခက်ကြုံနေရသည့် ယင်းအခြေအနေအတွင်းမှာပင် အလုပ်သမားတို့က လမ်းပေါ်တိုက်ပွဲများကို စတင်ခဲ့ကြခြင်း ဖြစ်သည်။ လူဝီဖိလစ်ဘုရင် ထွက်ပြေးသွားပြီး သူနှင့်အတူ မဲပေးခွင့် ပြုပြင်ရေး ရည်ရွယ်ချက်ကြီးလည်း ပါသွားပါလေရော။ မဲပေးခွင့်ပြုပြင်ရေး ဆိုသည်၏နေရာတွင် သမ္မတနိုင်ငံတော် ပေါ်ထွက်လာသည်။ အမှန်ပဲ အောင်ပွဲခံ အလုပ်သမားများကိုယ်တိုင်က “ဆိုရှယ်လစ်” သမ္မတနိုင်ငံဟူ၍ အမည်တပ်ပေးခဲ့သည့် သမ္မတနိုင်ငံပါ။

သို့ရာတွင် ၎င်းဆိုရှယ်လစ်သမ္မတနိုင်ငံဟာ ဘာကိုရည်ညွှန်းသလဲဆိုတာ မည်သူမျှ ရှင်းရှင်းလင်း လင်း မသိကြ။ အလုပ်သမားများကိုယ်တိုင်လည်း မသိ။ သို့ရာတွင် ယခုအခါ သူတို့မှာ လက်နက်များ ရှိနေကြပြီ။ ပြီးတော့ နိုင်ငံတော်၏ အင်အားတရပ် ဖြစ်နေပြီ။ ထို့ကြောင့် ဓနရှင် သမ္မတဂိုဏ်းသားများအတွက် သူတို့အခြေ ခိုင်ခိုင် ရပ်နိုင်ပြီဆိုသည်နှင့် သူတို့၏ ပထမဆုံးသော ပစ်မှတ်သည် အလုပ်သမားများအား လက်နက်ðဖတ်ရေးပင် ဖြစ်သည်။

သဘောတူခဲ့သည်များ၊ သစ္စာခံခဲ့သည်များကို အတိအလင်း ချိုးဖျက်ကာ အလုပ်သမားများအား ၁၈၄၈ ဇွန်လ ပုန်ကန်မှုအတွင်း မောင်းပို့လိုက်ခြင်းဖြင့်လည်းကောင်း၊ အလုပ်လက်မဲ့များကို ဝေးလံလှသော ပြည်နယ်သို့ နယ်နှင်ဒဏ်ပေးဖို့ ကြိုး စားခြင်းဖြင့်လည်းကောင်း အလုပ်သမားများအား ချိုးနှိမ်ရေးကို ဖန်တီးခဲ့ကြ သည်။ အစိုးရတရပ်လုံးက အင်အားအသာစီးရရေးကို ဂရုတစိုက် ပြင်ဆင်ခဲ့သည်။ ငါးရက်အကြာ သူရဲကောင်း ပြီသသည့် တိုက်ပွဲအပြီးတွင် အလုပ်သမားများ အရေးနိမ့်သွားသည်။ သည့် နောက်ကျတော့ မခုခံနိုင်တော့သည့် အလုပ်သမားများကို သွေးချောင်းစီးသတ်ဖြတ်ပွဲကြီး လုပ်ခဲ့သည်။ ရောမသမ္မတနိုင်ငံ ကျဆုံးခဲ့စဉ်က ဤသတ်ဖြတ် မှုမျိုး ပထမဆုံးအကြိမ် ကြုံခဲ့ဖူးသည်။ ၎င်းကလွဲ၍ ပြည်တွင်းစစ်နေ့ရက်များကစပြီး ခုချိန်အထိ ဤလိုမျိုးလူ သတ်ပွဲမျိုး သည့်အရင်က တခါမှ မမြင်မတွေ့ခဲ့ဖူးပါ။ ပစ္စည်းမဲ့လူတန်းစားက တသီးတခြား လူတန်းစားတရပ် အဖြစ်နှင့် သူ၏ ကိုယ်ပိုင်အကျိုးစီးပွားတောင်းဆိုချက်များအတွက် ဓနရှင်လူတန်းစားကို ဆန့်ကျင်ကာ နေရာယူရဲ-ယူဝံ့လာသည်နှင့် တပြိုင်နက် ဓနရှင်လူတန်းစားဘက်မှ မည်မျှရူးသွပ်ပြီး မည်မျှရက်စက်သော လက်စားချေမှု လုပ်လာလိမ့်မလဲဆိုတာကို ပထမဆုံးအကြိမ် ပြသ လိုက်ခြင်းပင် ဖြစ်သည်။

၁၈၇၁ ခုနှစ်မှာ ထပ်မံဖြစ်ပေါ်လာသည့် ဓနရှင်လူတန်းစား၏ ရူးသွပ်မိုက်ရိုင်းမှု(ပဲရစ်ကွန်မြွန်း-တနည်းအားဖြင့် ပဲရစ်ဘုံအဖွဲ့ ကာလကို ဆိုလိုသည်) နှင့် နှိုင်းယှဉ်ကြည့်လျှင်မူ ဤ ၁၈၄၈ အဖြစ်အပျက်များသည် ကလေးကစားတာလောက်မျှသာ ဖြစ်နေပါလိမ့်မည်။

၁၈၄၈ ဖေဖော်ဝါရီတော်လှန်ရေးသည် အရင်းစစ်လိုက်လျှင် ဓနရှင်လူတန်းစားလုပ်ရမည့် အလုပ်ကို ပစ္စည်းမဲ့လူတန်းစားအား အလုပ်ခိုင်းလိုက်ခြင်း သက်သက်ပင် ဖြစ်နေသည်။ တော်လှန်ရေးအတွင်း နေရာတိုင်းမှာ အလုပ်သမားလူတန်းစား၏ အလုပ်သာ ရှိခဲ့သည်။ လမ်းဆုံလမ်းခွ ခံကတုတ်များဆောက်လုပ်သူနှင့် မိမိ၏အသက်သွေးချွေးတို့ကို ပေးလှူခဲ့သူမှာ အလုပ်သမားလူတန်းစားသာ ဖြစ်သည်။ ပဲရစ်အလုပ်သမားများ သည်သာ အစိုးရကို ဖြိုချရင်း တပါတည်း ဓနရှင်လူတန်းစားကိုပါ ဖြိုချရန် အလွန် တိကျရှင်းလင်းသော ရည်ရွယ်ချက် ရှိခဲ့သည်။ သို့ရာတွင် အလုပ်သမားလူတန်းစားက မိမိ၏လူတန်းစားနှင့် ဓနရှင်လူတန်းစား အကြား မရှောင်မလွှဲနိုင်သည့် ရန်ဘက်ဖြစ်မှုတည်ရှိနေသည်ကိုသိသော်လည်း တိုင်းပြည်၏စီးပွားရေးတိုးတက်မှုအရ ဖြစ် ဖြစ်၊ ပြင်သစ်အလုပ်သမားထု၏ အသိဉာဏ် ဖြစ်ပေါ်တိုးတက်မှုအရပဲဖြစ်ဖြစ် လူမှုစနစ် ပြန်လည်ပျိုးထောင်ရေး ဖြစ်နိုင်စေသည့် အဆင့်အထိ မရောက်ရှိခဲ့သေးပေ။ ထို့ကြောင့် အရင်းစစ်လိုက်လျှင် တော်လှန်ရေး၏ အောင်သီး အောင်ပွင့်များကို အရင်းရှင်လူတန်း စားက ဆွတ်ခူးသွားကြောင်း တွေ့ရှိရပေလိမ့်မည်။

အီတလီ၊ ဂျာမဏီနှင့် သြစတီးရီးယား စသည့် အခြားတိုင်းပြည်များတွင် အလုပ်သမားများသည် အစကတည်းက ဓနရှင်လူတန်းစားကို အာဏာရရန် လုပ်ပေးခြင်းမျှသာ ဖြစ်သည်။ သို့ရာတွင် ဘယ်တိုင်းပြည်မှာ မဆို အမျိုးသားလွတ်လပ်ရေးမရှိ ဘဲ ဓနရှင်လူတန်းစားအုပ်စိုးမှု မရှိနိုင်ပါ။ ထို့ကြောင့် ၁၈၄၈ တော်လှန်ရေးက အီတလီ၊ ဂျာမဏီနှင့် ဟန်ဂေရီတို့ထံ ယခင်က မရှိခဲ့ဖူးသေးသော အမျိုးသားစည်းလုံးမှုနှင့် အမှီခိုကင်းမှုတို့ကို တဆက်တည်း ဆောင်ကြဉ်းပေးလိုက်သည်။

ပဲရစ်ပုန်ကန်ထကြွမှု၏ ပဲ့တင်သံအဖြစ် ဗီယင်နာ၊ မီလန်နှင့် ဘာလင်တို့တွင် အောင်မြင်သည့် ပုန်ကန်ထကြွမှုများ ဖြစ်ပေါ်လာခဲ့သည်။ ရုရှားနယ်နိမိတ်အထိ ဥရောပတိုက်တခုလုံးသည် ဒီလှုပ်ရှားမှုအရေး တော်ပုံ အတွင်းသို့ တွန်းပို့ခြင်းခံခဲ့ရသည်။

ဒီလူတန်းစား၏အောင်ပွဲကြောင့် တိုင်းပြည်အားလုံးက ဓနရှင်လူတန်းစားတို့ တုန်လှုပ်ချောက်ချား ကုန်ကြသည်။ ထို့ကြောင့် ပဒေသရာဇ်တို့ကို ဖြိုချပြီးစကာလမှာပဲ ဘုရင်အုပ်ချုပ်သော ပဒေသရာဇ်စနစ်ရင်ခွင် တွင်းသို့ ပြန်လည် ပြေးဝင်သွားခဲ့ ကြသည်။

ဤသို့ဖြင့် ၁၈၄၈ တော်လှန်ရေးသည် ဆိုရှယ်လစ်တော်လှန်ရေးမဟုတ်သော်ငြားလည်း သူက ဆိုရှယ်လစ်တော်လှန် ရေးအတွက် ပြင်ဆင်လမ်းခင်းပေးလိုက်သည်။ ဤသို့ဖြင့် ၁၈၄၈ ခုနှစ်အတွင်း တိုက်ခဲ့ ရသော တိုက်ပွဲများသည် အချည်းနှီးတိုက်ခိုက်ခဲ့ခြင်းဟူသော အဓိပ္ပာယ်မဆောင်တော့ပေ။

ထို့အတွက် ကျွန်တော်တို့အတွက် သံသယရှိစရာ မလိုသည်မှာ ထိုစဉ်အခါက တည်ရှိနေခဲ့သော အခြေအနေအောက် မှာပင် အဆုံးအဖြတ်ကျသော တိုက်ပွဲကြီးကို အစပျိုးခဲ့သည်ဆိုသောအချက်ပင် ဖြစ်သည်။ ဒီတိုက်ပွဲသည် ရှည်လျားလှသည့် တခုတည်းသော တိုက်ပွဲဖြစ်သော်ငြားလည်း နိဂုံးခန်းရောက်လျှင် ပစ္စည်းမဲ့လူတန်းစား၏အောင်ပွဲနှင့်သာ အဆုံးသတ်ရမည်မှာ သေချာသည်။


အရှေ့မိုးကောင်းကင်ဝက်ဆိုဒ် မှ ကူးယူဖော်ပြပါသည်။

0 comments:

Post a Comment