မင်္ဂလာပါ ... ကြွရောက်လာကြသော မိတ်သင်္ဂဟအပေါင်းတို့ကို "မြန်မာအလုပ်သမားများကွန်ယက်" ဆိုဒ်မှ နွေးထွေးစွာဖြင့် ကြိုဆိုပါတယ်ခင်ဗျာ....

နာရေးကူညီမှုအသင်း (မဲဆောက်) လပတ်အစည်းအဝေးပြုလုပ်

နာရေးကူညီမှုအသင်း (မဲဆောက်)၏ လပတ်အစည်းဝေးကို သြဂုတ်လ 29 ၊ 2010 ခုနှစ် (တနင်္ဂနွေ)နေ့တွင် ကပ်ဖိဘန့်ရှိ အဝေးရောက်ဧရာဝတီအသင်း ရုံးခန်းတွင်း ပြုလုပ်ကျင်းပခဲ့ပါသည်။
ထိုအစည်းဝေးပွဲတွင် နာရေးကူညီမှုအသင်း(မဲဆောက်)၏ နာယကဆရာတော် နှင့် နာရေးကူညီမှုအသင်း(မဲဆောက်)၏ ကော်မတီဝင်များ၊ အသင်းဝင်များ တက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေးတွင် အသင်း၏လက်ရှိ အခြေအနေနှင့် နာရေးလုပ်ငန်းစဉ်များကို ယခင်ထက် ပို၍လုပ်ဆောင်နိုင်ရန်အတွက် ၀ိုင်းဝန်း အကြံပြုဆွေးနွေးခဲ့ကြပါသည်။
မြန်မာအလုပ်သမားများကွန်ယက်

ထိုင်းနိုင်ငံအတွင်း ဆယ်စုနှစ်ကျော် နေထိုင်ခဲ့သူများ တရားဝင်နေထိုင်ခွင့် ရမည်

မြတ်ခိုင်ဦး / ၁၉ သြဂုတ် ၂၀၁၀

ဆယ်စုနှစ်နှင့်ချီ၍ ထိုင်းနိုင်ငံအတွင်း နေထိုင်နေသော တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများအား အမြဲတမ်း နေထိုင်ခွင့်ပေးအပ်ရန် ထိုင်းအမျိုးသား လုံခြုံရေးကောင်စီမှ စဉ်းစားနေပြီဖြစ်ကြောင်း ယနေ့ထုတ် ဘန်ကောက်ပို့စ် သတင်းစာတွင် ဖော်ပြပါရှိသည်။

ထိုင်းနိုင်ငံအတွင်း တရားမဝင်အဖြစ် နှစ်ပေါင်း (၂၀၊ ၃၀) နေထိုင်လာခဲ့သည့် ရွှေ့ပြောင်းနေထိုင်သူများအား အမြဲတမ်းနေထိုင်ခွင့် အဆင့်အတန်းနှင့်ညီမျှသော အဆင့်အတန်းတခု ပေးအပ်ရန် ထိုင်းအမျိုးသား လုံခြုံရေးကောင်စီက စဉ်းစားနေပြီဖြစ်ကြောင်း ကော်မတီအထွေထွေအတွင်းရေးမှူး ခွန်သဝီ ပလီယန်စရီက ပြောကြားသည်။

ထိုင်းနိုင်ငံအတွင်း ဝင်ရောက်နေထိုင် အလုပ်လုပ်ကိုင်နေသော လူဦးရေ (၃) သန်းနှင့် ပတ်သက်၍ ယမန်နေ့က ကျင်းပသော အစည်းအဝေးတွင် အမျိုးအစား (၄) မျိုး ခွဲခြားသတ်မှတ်ခဲ့ပြီး (၈၀) ရာခိုင်နှုန်းသည် ရွှေ့ပြောင်းအလုပ်သမားများဖြစ်ကြသည်ဟု သိရသည်။

ထိုင်းနိုင်ငံတွင် လာရောက် နေထိုင်နေသောသူများအား သက်ဆိုင်ရာနံပါတ်ဖြင့် အမျိုးအစားခွဲခြားထားပြီး ထိုင်းနိုင်ငံသား အပါအဝင် အထောက်အထားလက်မှတ် ကိုင်ဆောင်ထားသူများသည် ဂဏန်း (၁၃) လုံးပါသော ကိုယ်ပိုင်သက်သေခံအမှတ် ရှိကြကာ ရွှေပြောင်းအလုပ်သမားများ၏ အမှတ်စဉ်မှာ (၀၀) ဖြင့် စတင်သည်။

ထိုင်းနိုင်ငံအတွင်း အမြဲတမ်းနေထိုင်ခွင့်ရမည့်သူများသည် ပထမအဆင့် အုပ်စုတွင်ပါဝင်ပြီး လူဦးရေ (၂) သိန်းခန့် ရှိကာ ၎င်းတို့ကို ထုတ်ပေးထားသော ယာယီနေထိုင်ခွင့် မှတ်ပုံတင်တွင် နံပါတ် (၆) ဖြင့် စတင်သည်။ ထိုသူတို့၏ ရင်သွေးများမှာ နံပါတ် (၇) ဖြင့် စတင်ပြီး ယင်းကလေးသူငယ်များသည် ထိုင်းနိုင်ငံသားအဖြစ် ခံယူခွင့်ရရှိမည်ဖြစ်သည်။

ဒုတိယအမျိုးအစားမှာ နေထိုင်ခွင့် (၁၀) နှစ်ကတ်ဟု လူသိများပြီး (၀) ဖြင့်စတင်၍ လူဦးရေ (၅) သိန်းခန့် ရှိနေပြီး တရားဝင်အထောက်အထား ထုတ်ပေးထားသူများမှာ (၁) သိန်းခန့်သာ ရှိသေးကာ ကျန်သူများကို ဆက်လက်စာရင်း ကောက်ယူရန် စဉ်းစားမည်ဖြစ်သည်။

တတိယအမျိုးအစားမှာ အထူးသဖြင့် ဒုက္ခသည်များကို ဆိုလိုပြီး ထိုင်းခရိုင် (၄) ခုတွင်ရှိသော စခန်း (၉) ခုတွင် နေထိုင်သူများဖြစ်ကာ အချို့မှာ ရိုဟင်ဂျာနှင့် မြောက်ကိုးရီးယား လူမျိုးများ ပါဝင်မည်ဖြစ်သည်။ ထိုသူများအား လူသားချင်းစာနာမှုအဖြစ် ယာယီနေထိုင်ခွင့် ပေးထားမည် ဖြစ်သော်လည်း အမြဲတမ်းနေထိုင်ခွင့် ရဦးမည်မဟုတ်ပေ။

စတုတ္ထအမျိုးအစားမှာ ထိုင်းနိုင်ငံသို့ တရားဝင်ဗီဇာဖြင့် လာရောက်ပြီး နေထိုင်ခွင့်လွန်သွားသူများဟု သတ်မှတ်သည်။

ထို့အပြင် ၁၉၉၅ ခုနှစ် ဇန်နဝါရီလ (၁၈) ရက်နောက်ပိုင်းတွင် ထိုင်းနိုင်ငံအတွင်း မွေးဖွားလာသော ကလေးသူငယ်များအား နိုင်ငံသားဖြစ်ခွင့်ကိုလည်း စဉ်းစားသွားမည်ဖြစ်သည်။ အဆိုပါကလေးများအကြားတွင် မိဘမဲ့ကလေးဦးရေ (၂,၉၀၀) ခန့် ရှိနေသည်ဟု သိရသည်။

ထိုသို့အမြဲတမ်း နေထိုင်ခွင့်ရရှိမည့်သူများသည် အစိုးရထံ အခွန်ဆောင်ရမည်ဖြစ်ပြီး နေထိုင်စဉ်ကာလအတွင်း နေထိုင်ရာဒေသ၏ လုပ်သားလိုအပ်ချက်အပေါ် မူတည်၍ အလုပ်ရရှိမည်ဖြစ်သည်။

မဲဆောက်မြို့နေ မြန်မာနိုင်ငံသားတဦးက သူမကိုင်ဆောင်ထားသော လက်မှတ်သည် နံပါတ် (၆) ဖြင့် စတင်ပြီး ရင်သွေးငယ်မှာလည်း အလားတူဖြစ်သည်ဟု ဆိုသည်။ သို့ရာတွင် အဆိုပါကလေးသည် ၁၉၉၅ နောက်ပိုင်း မွေးဖွားလာသူဖြစ်၍ နိုင်ငံသား ဖြစ်ခွင့်ရှိမည်ဖြစ်သည်။

ခေတ်ပြိုင်ဝက်ဆိုဒ်မှ ကူးယူဖော်ပြပါသည်။

LLC နှင့် 6 လပတ်အစည်းဝေး

ယနေ့(၂၁၊ ၈၊ ၂၀၁၀) ညနေ ၃ နာရီတွင် မဲ့ဆောက်မြို့ ရုဂျီတာဟိုတယ်တွင် မြန်မာအလုပ်သမားများအရေးကို ဆောင်ရွက်နေသော အဖွဲ့အစည်းများ အလုပ်သမားမျာ၏ လက်ရှိအခြေအနေနှင့် ပတ်သတ်၍ အစည်းဝေးပွဲ ပြုလုပ်ခဲ့ကြပါသည်။
ထိုအစည်းဝေးပွဲကို . ထိုင်းရှေ့နေများအဖွဲ့(LLC) မဲ့ဆောက်တာဝန်ခံ၊ ရှေ့နေများနှင့်အတူ FTUB, BW-Network, PKGWU, ALC, FED, BLC စသည့် အလုပ်သမားရေးဆောင်ရွက်နေသော အဖွဲ့များတတ်ရောက်ခဲ့ပါသည်။
အစည်းဝေးတွင် လက်ရှိအလုပ်သမားများ၏ ယာယီပတ်စ်ပို့စ် နှင့်ပတ်သတ်ပြီး အလုပ်သမားများ၏ ဖြစ်ပေါ်နေသော အခတ်အခဲပြဿနာများ၊ အလုပ်သမားများ၏ လက်ရှိလုပ်ငန်းခွင် ပြဿနာများ၊ အခြေအနေများနှင့် အလုပ်သမားများ အသိပညာမြှင့်တင်ရေးလုပ်ငန်းများ စသည်တို့ကို ဆွေးနွေးတိုင်ပင်ခဲ့ကြပါသည်။


မြန်မာအလုပ်သမားများကွန်ယက်

စုပ်ချက်ကြမ်းကြမ်း မဲဆောက်

(က)

ကျနော်သူနှင့်လူချင်းမတွေ့ဖြစ်ကြသည်မှာ…. ဆယ်နှစ်ခန့်ပင်ရှိပြီ။ သူက …မွန်ပြည်နယ် ကျိုက်ကော် သိမ်ဆိပ့်ဘက်က ဖြစ်သည်။ သူ့အသားအရည်က ဖြူဖြူ…. အလုံးအထည်က သေးသေးညှပ်ညှပ်ပင်…။ ပအို့၊ မြန်မာကပြားဟု ထင်ရသည်။ ဆံပင်အားတိုတိုညှပ်ထားသဖြင့် သူ၏လေးထောင့်ကျကျမျက်နှာက ပို၍ပေါ်နေသည်။ ထိုင်းလယ်သမားအကျ ညိုညိုပြာပြာ အရောင်အဆင်းအား အမြဲလိုလို ၀တ်ဆင်ထားတတ်သည့် သူ့အား ကျနော်က ‘အာဋာဝကချန်မလောင်း’ ဟူ၍ ထိုင်းလူထုခေါင်းဆောင် ချန်မလောင်းနှင့် ရေနံမြေမှ အာဋာဝက သခင်ဖိုးလှကြီးအမည်နှစ်ခုအား တွဲ၍ခေါ်၏။ သူကမူ ကျေနပ်နှစ်သက်စွာနှင့် ပြုံး၍သာနေသည်။

ကျနော်တို့မြို့လေးအတွင်း ကြည့်မိတော့ ဘွဲ့ဒီဂရီရရှိခဲ့ကြသည့် သူများပင်လျှင်…. မူလတန်းပြ ဆရာလုပ်လား လုပ်ရဲ့...။ စာရေး စာချီ လုပ်လားလုပ်ရဲ့...။ အချို့ကျတော့လည်း... ချဲ ရောင်းနေကြပြန်၏။ ဤတွင် ကျနော် ဘာလုပ်မလဲ။ နောက်ဆုံးတော့... ထိုင်းသို့ ထွက်ခဲ့မိသည်ပင်။

သူက... ထိုင်းသို့ ၁၉၉၃-၉၄ ခုနှစ်ဝန်းကျင်ကတည်းက ရောက်ခဲ့ပြီး မဲဆောက်၊ သာဆောင်ရန်း၊ ဖုတ်ဖ၊ မဲဟန်ဆောင်၊ အတာ စသည့် ထိုင်းမြို့များ၌ အလုပ်စုံ လုပ်ခဲ့ဖူးသည့်အတွက် ထိုင်းဘာသာစကားအား ထိုင်းတစ်ယောက်ကဲ့သို့ပင် ပြောနိုင်၏။

မြန်မာပြည်၌ အတန်းပညာ ဆယ်တန်းအောင်မြင်သည့်အထိ သင်ကြားခဲ့ပြီး…. အဝေးသင်ပညာအား ဆက်၍ သင်ယူရင်း…. ထိုင်းနိုင်ငံသို့ တက်၍ အလုပ်လုပ်ကိုင်နေခြင်း ဖြစ်သည်။

ကျနော်သူနှင့် စတွေ့၍ သိရှိခဲ့သည်က လွန်ခဲ့သည့် ဆယ်နှစ်ကျော်ခန့်က ဖြစ်သည်။ ၁၉၉၇ခုနှစ်..။ ကျနော် ထိုင်းသို့ ထွက်ခဲ့ပြီး ကယ်ရီကပင် ကျနော့်အား မဲဆောက်ရှိ ‘ယူနီအိုးရှင်း’ အထည်ချုပ်စက်ရုံတွင် အလုပ်သွင်းပေး၏။ မော်တာအထည်ချုပ်အလုပ်က ကျနော့်အတွက် ခက်လွန်းလှသည့်လုပ်ငန်း။ ကျနော်က ကြံတောင်သူ…။ ကျနော်မိဘများကလည်း ကြံတောင်သူများပင်…။ ငယ်စဉ်ကတည်းက ကျနော် ထိတွေ့သိရှိ ကြီးပြင်းခဲ့ရသည်က.. ကြံစိုက်မည်။ ကြံခုတ်မည်။ ကြံစည်းမည်။ ပြီးလျှင် သကြားစက်သို့ လှည်းနှင့်တိုက်၍ ကြံသွင်းမည်။ ဤသည်ပင်... ကျနော်သိရှိ ကျွမ်းဝင်ခဲ့သည့် အလုပ်….။ တခါတရံတွင်မူ သကြားစက်သို့ တာဝန်ကျေ ကြံသွင်းပြီး ပိုလျှံသည်တို့အား ကြံသကာချက်သည်တို့လည်းရှိ၏။ ဤအခါများတွင် ကျနော်က မီးထိုးပေးရ၏။ မိုးဗြဲဒယ်အိုး... လေးလုံး... ငါးလုံး ဆက်၍ မီးထိုးရခြင်းဖြစ်သည်။ အစွန်ဆုံးတွင်ရှိသည့် ဒယ်အိုးအား ဆူပွက်သည်အထိ မီးထိုးရသည်မှာ မလွယ်….။ ချွေးပြိုက်ပြိုက် ကျရသည်။

ထားတော့...။ နောက်ဆုံး ကျနော် ကြံတောင်သူ တစ်ယောက်ဘ၀နှင့်ပင် ကြံခင်းအလယ်၌ ဘ၀အား အဆုံးသတ်မည်လား။ ဒါမှမဟုတ်…. ဘယ်လုပ်မလဲ….။ ကျနော့်၏ အတန်းပညာကလည်း မယ်မယ်ရရ မရှိ။ ရှိသည်ပဲထားဦး... ကျနော်တို့မြို့လေးအတွင်း ကြည့်မိတော့ ဘွဲ့ဒီဂရီရရှိခဲ့ကြသည့် သူများပင်လျှင်…. မူလတန်းပြ ဆရာလုပ်လား လုပ်ရဲ့...။ စာရေး စာချီ လုပ်လားလုပ်ရဲ့...။ အချို့ကျတော့လည်း... ချဲ ရောင်းနေကြပြန်၏။ ဤတွင် ကျနော် ဘာလုပ်မလဲ။ နောက်ဆုံးတော့... ထိုင်းသို့ ထွက်ခဲ့မိသည်ပင်။

‘ယူနီအိုးရှင်း’ စက်ရုံတွင် အလုပ်စ၀င်ရန် ပထမ အင်တာဗျူး၏။ ပြီးလျှင်... မော်တာစက်အား ချုပ်ပြရသည်။ ဤတွင် ကျနော်သူနှင့် စတင် တွေ့ဆုံမိခြင်းဖြစ်သည်။ ထိုင်းတစ်ယောက်က ကျနော့်အား ထိုင်းလိုမေး၏။ သူက မြန်မာလို ဘာသာပြန်ပေး၏။ အစမ်း မော်တာ ချုပ်ပြတော့လည်း သူကပင် အဆင်ပြေအောင် ဆောင်ရွက်ပေးခဲ့၏။ ဤမှစ၍ သူ့အား ကျနော်စ၍ သိကျွမ်းခဲ့၏။

(ခ)

ယူနီအိုးရှင်း အထည်ချုပ်စက်ရုံတွင် ကျနော်က အထည်ချုပ်သမား... သူက ကျနော်တို့ လိုင်း၏ လိုင်းဝဏ္ဏ….။ လိုင်းဝဏ္ဏ ဆိုသော်လည်း သူက အခြား ထိုင်းဝဏ္ဏများကဲ့သို့ မဟုတ်။ ကျနော်တို့နှင့် အတူပင် ရင်းရင်းနှီးနှီး နွေးနွေးထွေးထွေး လုပ်ဖော်ကိုင်ဖက်များ ကဲ့သို့ပင် အလုပ်အားလုပ်၏။ မှားလျှင် စိတ်ရှည် လက်ရှည်နှင့်ပင် ရှင်းပြ၏။ သူတင်မက... ကျနော်တို့ စက်ရုံ၏ မန်နေဂျာအမျိုးသမီးကလည်း အလုပ်သမားများအပေါ် နားလည်မှုရှိ၏။ နားလည်မှုဟူသည်က အလုပ်သမားများ၏ ခံစားခွင့်၊ လုပ်ခနှင့် သက်သာ ချောင်ချိရေးအား နားလည်း သဘောပေါက်၍ စာနာခြင်းဖြစ်သည်။ မန်နေဂျာကြီးကလည်း ထိုင်းမဟုတ်။ အလုပ်ရုံပိုင်ခွင့်နှင့်အတူ ထိုင်ဝမ်က ပါလာသည့် တရုတ်အမျိုးသမီးကြီးဖြစ်၏။ ထိုစဉ်က ညစဉ် (၁၁)နာရီအထိ O.T (အချိန်ပို)ဆင်းရ၏။ လုပ်ခကလည်း တစ်လလျှင်... နှစ်ထောင့်ငါးရာ၊ သုံးထောင်လောက်ရသည်။ လွန်ခဲ့သည့် ဆယ်နှစ်က နှစ်ထောင့်ငါးရာ သုံးထောင်သည် မက်လောက်သည့် မြန်မာအလုပ်သမား တစ်ယောက်၏ ၀င်ငွေဟု ဆိုရမည်။ ယူနီအိုးရှင်းတွင် တစ်နှစ်လောက် လုပ်ပြီး မဟာချိုင်သို့တက်ရန် အဆက်အသွယ်ရ၏။ အဆက်အသွယ်ကလည်း ကျနော်တို့မြို့ကပင် ဖြစ်သည်။ ဤတွင် ကျနော် ယူနီအိုးရှင်းမှထွက်ပြီး မဟာချိုင်သို့ တက်ခဲ့သည်။ ၁၉၉၈ခုနှစ်...။ ဤမှစ၍ သူနှင့်ကျနော် ကွဲသွားခဲ့ကြ၏။

(ဂ)

မဟာချိုင်ခရီးက... ကျနော့်အတွက် အဆင်မပြေခဲ့...။ ချုပ်ရပါမူ နောက်ဆုံး... အဖမ်းခံရပြီး မြ၀တီသို့သာ ရောက်ခဲ့ရ၏။ မြ၀တီတွင် တစ်ပါတ်ခန့် သောင်တင်နေပြီး မဲဆောက်သို့ ပြန်ကူးခဲ့၏။ မဲဆောက်သို့ ပြန်ရောက်ပြီး မဲကုရှိ ‘ဘွန်ချိုင်း’ ရုံတွင် အလုပ်ပြန်ဝင်၏။ နှစ်တွေကြာခဲ့၏။ သူနှင့်က လူချင်းပြန်မတွေ့တော့...။ ယခုပြန်တွေ့တော့... မဲဆောက် အချုပ်ထောင်အတွင်း၌...။ သူလည်း တရားမ၀င်၊ ၀င်ရောက်မှုနှင့် ထိုင်းအချုပ်ထောင်သို့ ရောက်နေ၏။ ကျနော်သည်လည်း... ဤသို့ပင်။

သပိတ်ကာလအတွင်း သပိတ်သမား (၁၅၂)ယောက်၏ စားဝတ်နေရေးက အရေးတကြီး ဖြေရှင်းနေကြရသည့် ပြဿနာတရပ်ပင်...။ တနေ့လျှင်... ဆန်တစ်အိတ်ကုန်၏။ ဟင်းရံဖိုးက ဘတ် (၅၀၀)သည် အနည်းဆုံး...။

ထိုင်းထောင်အတွင်း သူနှင့်ကျနော် စကားများပြောဖြစ်ကြသည်။ ရှေ့ဟောင်း နှောင်းဖြစ်များ...။ သူတို့၏ ‘ယူနီအိုးရှင်း’ တိုက်ပွဲအကြောင်းက ကျနော်တို့ စကားဝိုင်းတွင် အချိန်များများ နေရာယူ၏။ ကျနော်ကလည်း ‘ယူနီအိုးရှင်း’ အလုပ်သမားဟောင်း တစ်ယောက်ဖြစ်၍ စိတ်ဝင်စား၏။ သူတို့ဦးဆောင်ခဲ့သည့် ‘ယူနီအိုးရှင်း - ၂၀၀၅’ တိုက်ပွဲက စိတ်ဝင်စားစရာလည်း ကောင်း၏။ ပြီးလျှင်... သူတို့၏ ဦးဆောင်မှု။ အားလုံး၏ ညီညွှတ်မှု…..။ စသည့်တို့က တိုက်ပွဲအား အောင်ပွဲသို့ ချီစေခဲ့၏။ ကျနော်က...။

“ဟို ထိုင်ဝမ် မန်နေဂျာကြီးက ကောင်းတယ်မဟုတ်လား...။ ဘာလို့ အခုလိုဖြစ်ရတာလဲ”

“အရင်အမျိုးသမီး မန်နေဂျာက ကောင်းတယ်။ အလုပ်သမားတွေနဲ့လည်း အဆင်ပြေတယ်။ နောက်ပိုင်း အခု မန်နေဂျာအသစ်ကို ထပ်ခန့်လိုက်တယ်။ မန်နေဂျာနှစ်ယောက် ဖြစ်သွားပြီး သူတို့အချင်းချင်း အာဏာလုတာလည်း ပါတာပေါ့။ နောက်ဆုံးမှာ ကောင်းတယ်ဆိုတဲ့ မန်နေဂျာအမျိုးသမီးကို ချောက်တွန်းပြီး အလုပ်ပြုတ်အောင် လုပ်လိုက်တယ်။ ကျန်ခဲ့တဲ့ ထိုင်း မန်နေဂျာအမျိုးသမီးက တဖြည်းဖြည်းနဲ့ အလုပ်သမားတွေကို နှိပ်ကွပ်လာတယ်။ အလုပ်သမားတွေကို သူကိုယ်တိုင် ဖြုတ်ပစ်တာလည်း ရှိတယ်။ အရင်ကလစာ လေးထောင်လောက်ရတဲ့ သူက သူ့လက်ထက်မှာ နှစ်ထောင်လောက်ပဲ ရတော့တယ်။ စည်းကမ်းတွေကလည်း ပိုပြီးတင်းကျပ်လာတယ်။ ကြာတော့ အလုပ်သမားတွေက မခံနိုင်တော့ဘူး။ အထည်ကောက် ဈေးနှုန်းတွေလည်း လျော့လာတယ်။ ဒါပေမယ့် သည်းခံပြီး ဆက်လုပ်နေကြတာပဲ။ ပြောရင်လည်း ပြောတဲ့သူကို အလုပ်ဖြုတ်ပစ်တယ်။ ဟိုတုန်းက အလုပ်သမားတွေထဲမှာလဲ မညီကြ သေးဘူးလေ...။ လက်သည်းဆိတ်မှ လက်ထိပ်နာဆိုသလိုပဲ ရှိကြတာကိုး...”

သူ့စကားက ပြတ်သွား၏။ ခရာထွက်သံကြောင့် ကျနော်နှင့် သူစကားပြောနေရာမှ ထလိုက်ကြသည်။ ညနေ ထမင်းစားချိန်ရောက်ပြီ။ မဲဆောက်ထောင်ထဲတွင်က... ညနေ -၃နာရီ ထိုးလျှင် ထမင်းကျွေးပြီ။ ထမင်းစားဆောင်သို့ တန်းပြီး သွားကြရသည်။ မဲဆောက် ထောင်အတွင်း ထမင်းဟင်းက... အသားငါး ရေလုံပြုတ်နှင့် ဆန်လုံးညိုထမင်း...။ ကျနော်နှင့်သူ လူတန်းကြီးအတွင်းဝင်၍ တန်းစီပြီး ထမင်းစားဆောင်သို့ သွားကြ၏။ ထမင်းစားပြီးသည့်နောက် ကျနော်တို့အားလုံး လွတ်လွတ်လပ်လပ်ပင် နေ၍ရသည်။ အလုပ်မရှိ၊ ဘုတ်မရှိ။ ဟိုစုစု သည်စုစုနှင့် စကားပြောကြ၊ ဆေးလိပ်သောက်ကြနှင့်...။ ကျနော်က ယူနီအိုးရှင်းအကြောင်း ဆက်၍မေးသည်။

“ပြဿနာ စဖြစ်ဖို့ အကြောင်းဖန်လာတာကတော့ သင်္ကြန်မတိုင်မီ သုံးလပိုင်းလောက်မှာ အလုပ်ကပါးတော့ ကျနော်တို့ ခွင့်ယူကြတယ်။ ခွင့်ယူတဲ့အချိန်မှာ ဒုမန်နေဂျာက အမှိုက်ကောက်ခိုင်းတယ်။ စက်ရုံနဲ့ မဆိုင်တဲ့ လမ်းပေါ်က အမှိုက်တွေပါ လိုက်ကောက်ခိုင်းတယ်။ အဲဒီတော့ လူတွေက မခံနိုင်...။ ပြန်ပြောတော့ မလုပ်နိုင်ရင် ထွက်သွားလို့ ပြောတယ်။ သူ့အထက်က မန်နေဂျာကို အကြောင်းကြားတယ်။ စည်းကမ်းဖောက်တယ်ပေါ့။ မန်နေဂျာက ကျနော်တို့ကို ခေါ်ဆူပြီး နောက်တစ်ခါ အဲဒီလိုမလုပ်ပါဘူးလို့ လက်မှတ်ထိုးခိုင်းတယ်။ အစာတော့ မကြေဘူးပေါ့။ မခံနိုင်ကြဘဲအထဲမှာ တကြိတ်ကြိတ်နဲ့ ဖြစ်နေကြတာပေါ့။ နောက်ပြဿနာဖြစ်တာက သင်္ကြန်ကို နှစ်ရက်ပဲ ပိတ်မယ်လို့ ပြောတယ်။ လစာကိုလည်း (၁၃)ရက်နေ့မှ ထုတ်ပေးမယ်လို့ ပြောတယ်။ ကျနော်တို့က အလုပ်သမား အခွင့်အရေး အပြည့်အ၀ပေးဖို့ တောင်းဆိုတယ်။ အထည်ကောက် ဈေးနှုန်းတွေ တိုးပေးဖို့ တိုးမပေးနိုင်ရင် လစာအဖြစ် ပြောင်းပေးဖို့ သင်္ကြန်ဟာ ကျနော်တို့ရဲ့ ဘာာသာရေးနဲ့ ဆိုင်တဲ့ပိတ်ရက်ဖြစ်လို့ ပိတ်ပေးဖို့ တင်ပြတယ်။ သင်္ကြန်မတိုင်ခင် လစာလည်း ထုတ်ပေးတယ်။ သင်္ကြန်ကိုလည်း ပိတ်ပေးလိုက်တယ်။ လစာကိစ္စ၊ ဈေးနှုန်းကိစ္စနဲ့ စည်းကမ်းပိုင်းဆိုင်ရာတွေကို သင်္ကြန်ပြီး (၁၈) ရက်နေ့မှ ဆက်ပြီး ဆွေးနွေးမယ်လို့ ပြောတယ်။

(၁၈)ရက်နေ့ ကျတော့ ကျနော်တို့ (၃)ယောက် ရုံးခန်းကို သွားပြီးမေးတယ်။ လစာထဲက ဘာတွေ ဖြတ်တောက်ထားလည်း ဆိုတာလည်း သိချင်တယ်။ တိုးပေးဖို့ ပြောတယ်။ သူက ကျနော်တို့ စက်ခန်းထဲ လိုက်လာပြီး အစည်းအဝေး လုပ်တယ်။ သူ ဒီစက်ရုံမှာ လုပ်လာတာ (၆)နှစ်ရှိပြီး ဒီလိုတစ်ခါမှ မဖြစ်ခဲ့ဘူးလို့ ပြောတယ်။ ဒါကြောင့် သူမလိုက်လျောနိုင်ဘူးလို့ ပြောတယ်”

သူကပြောရင်းနှင့် စိတ်အား ထက်သန်လာဟန်ရှိ၏။ သူတို့၏ တိုက်ပွဲက မဲဆောက်အလုပ်သမားသမိုင်းတွင် ကဗည်းတွင် လောက်သည့် တိုက်ပွဲသမိုင်း...။ သူက... စကားအားရပ်ရင်း... ပွတ်ချွန်အား လိပ်၍ဖွာ၏။ ကျနော်က သူတို့ သပိတ်သမားတို့ နေထိုင်ရေးနှင့် ပါတ်သက်၍ မေးသည်။ ပြီးလျှင်... ထိုင်းရဲ၊ ထိုင်းလူဝင်မှု ကြီးကြပ်ရေးတို့နှင့် ပတ်သက်၍ မေးမိ၏။

“အလုပ်ခန်းက ထွက်လာပြီး အဆောင်မှာ သွားနေကြတယ်။ ထမင်းကားလာတော့ ထမင်းတွေကို ရုံးခန်းထဲ ယူသွားပြီး မင်းတို့ကို တစ်ယောက်မှ မကျွေးဘူးလို့ ပြောတယ်။ အချိန်က (၁၂)နာရီ ထိုးနေပြီ။ စက်ရုံ တစ်ရုံလုံးနီးပါး အ၀တ်တစ်ထည် ကိုယ်တစ်ခုနဲ့ ထွက်လာကြတာ။ လူ (၁၆၀)လောက်ရှိတယ်။ စက်ရုံရှေ့ လမ်းမပေါ် ရောက်လာတယ်။ စက်ရုံထဲမှဝဏ္ဏလောက်ပဲ ကျန်တော့တယ်။ သူတို့က ကြားလူဆိုတော့ လိုက်ထွက်လို့ မရဘူး။ လမ်းပေါ်မှာ (၂)နာရီနီးပါးလောက် ရပ်နေရတယ်။ နောက်တော့ ကျောင်းသစ်မှာ ကျနော်တို့လူတွေ နေရာချပြီး ညနေ (၄)နာရီလောက်မှာ အလုပ်သမား ကာကွယ်ရေးရုံးကို ကျနော်နဲ့ ကိုမောင်မြင့်တို့ သွားတိုင်ချက် ဖွင့်တယ်။ ကျနော်က ပြဿနာကို ပြောပြပြီး အလုပ်သမား (၁၅၂)ယောက် ဘုန်းကြီးကျောင်းကို ရောက်နေကြောင်းပြောတော့ အလုပ်သမား ကာကွယ်ရေးရုံးက သူတို့သိပြီးပြီလို့ ပြောတယ်။ ဘယ်လိုသိလဲ မေးတော့အခုပဲ စက်ရုံမန်နေဂျာ ရောက်လာပြီး သူမောင်းထုတ်တာမဟုတ်ဘူး ကိုယ့်သဘောနဲ့ကိုယ် ထွက်သွားကြတာလို့ ပြောသွားတယ်။ ဆန္ဒပြတာလို့လည်း ပြောသွားတယ်။ ရုံးကို ကျနော်တို့က အမှုဖွင့်ဖို့လာတာလို့ ပြောတော့ သူတို့အမှုဖွင့်ပေး လိုက်တယ်။ ရုံးကနေပြန်ရင် စက်ရုံပြန်သွားလိုက်ပါ မန်နေဂျာက သူနဲ့ဆွေးနွေးဖို့ မှာသွားတယ်လို့ ပြောတယ်။ မန်နေဂျာနဲ့ ဆွေးနွေးဖို့ ကိုယ်စားလှယ် (၁၀)ယောက်ပဲ သွားကြတာ။ စက်ရုံကို ရောက်တော့ (၃)ယောက်ပဲ ၀င်ခွင့်ပေးလို့ ကိုမောင်မြင့်ရယ်၊ ကိုလှကြည်ရယ်၊ ကိုနန်းရယ် သုံးယောက်ပဲ မန်နေဂျာနဲ့ တွေ့ရတယ်။ စက်ရုံထဲရောက်ရော မန်နေဂျာက သူတို့သုံးယောက်ကို ဓါတ်ပုံရိုက်တယ်။ ပြီးလည်းပြီးရော သူမခေါ်ဘူး။ ဘာဖြစ်လို့ လာတာလည်းဆိုပြီး မောင်းထုတ်တယ်။ သူတို့ ဓါတ်ပုံရိုက်ချင်လို့ ညာခေါ်တာမှန်း အဲ့ဒီတော့မှ သိတယ်။

ဘုန်းကြီးကျောင်းကို လူဝင်မှုကြီးကြပ်ရေးနဲ့ ရဲတွေ ထောက်လှမ်းရေးတွေ ရောက်လာတယ်။ မဲဆောက် သတင်းဌာနက ဖြစ်ရပ်ကို မေးသွားတယ်။ ရဲကလည်း အလုပ်သမားလက်မှတ်တွေ ထုတ်ပြတော့ မဖမ်းဘဲ ပြန်သွားတယ်”

သပိတ်ကာလအတွင်း သပိတ်သမား (၁၅၂)ယောက်၏ စားဝတ်နေရေးက အရေးတကြီး ဖြေရှင်းနေကြရသည့် ပြဿနာတရပ်ပင်...။ တနေ့လျှင်... ဆန်တစ်အိတ်ကုန်၏။ ဟင်းရံဖိုးက ဘတ် (၅၀၀)သည် အနည်းဆုံး...။ သူသည် ဤအကြောင်းများအား ပြောရင်း... အောင်မြင်ခဲ့သည့် သပိတ်အတွက် ကျေနပ်နေသည့်ဟန်က သူ၏မျက်ဝန်းအစုံ၌ အထင်းသား...။ သူ့မျက်ဝန်းများက လင်းလင်းလက်လက်...။ ပြီးလျှင်....။

“အမှုကို ရုံးတင်လိုက်တော့ မန်နေဂျာက လာပြီးညှိတယ်။ ဥပဒေသတ်မှတ်ထားတဲ့အတိုင်း လစာကိုပေးမယ်။ ဒါပေမယ့် အဆောင်နေခ ဖြတ်မယ်။ ထမင်းဖိုး ဖြတ်မယ်။ တခြားခေါင်းစဉ်မရှိဘဲ ဖြတ်တောက်မှာနဲ့ ဘာနဲ့ဆိုရင် ဘာမှမထူးဘူးတစ်လ ဘတ် (၁၀၀၀)လောက်ပဲ ကျန်မယ်။ ကျနော်တို့ လက်မခံကြဘူး။ အမှုကို ဆက်ရင်ဆိုင်မယ်ဆိုပြီး ရင်ဆိုင်ကြတယ်”

“(၁၃၊ ၆၊ ၀၅) ရက်နေ့မှာ အလုပ်သမားရုံးကို သွားရတယ်။ ဒီကြားထဲ သူဌေးနဲ့ တခါတွေ့ပြီး ဆွေးနွေးတော့ ကိုယ်စားလှယ် (၁၀)ယောက်ကိုပဲ တောင်းဆိုတာတွေပေးမယ်။ ကျန်တဲ့လူတွေကို မပေးဘူး ပြောတယ်။ ကျနော်တို့က ဒါကိုလက်မခံဘူး။ (၂၀၊၇၊၀၅)ရက်နေ့က အမိန့်ချလိုက်တာ။ စာရွက်ကို ကျနော်လက်မှတ်ထိုးပြီး ယူခဲ့တယ်။ သိန်း (၂၀)နီးပါးရမယ်လို့ ပါတယ်။ ဒါကို (၁၅)ရက်အတွင်း အကြောင်းပြန်ရမယ်လို့ ပြောတယ်။ (၈၊၈၊၀၅)ရက်နေ့မှာ ပြန်လာဖို့ ချိန်းတယ်။ မကျေနပ်လို့ရှိရင် သူဌေးဘက်ကရော အလုပ်သမားတွေဘက်ကပါ အမှုဆက်တက်လို့ရတယ်လို့ ပြောတယ်”

“ကျနော်တို့တိုက်ပွဲက... ‘သပိတ်နဲ့ တရားရုံး’ တပြိုင်တည်း တိုက်ရတဲ့ တိုက်ပွဲပါ။ နောက်ဆုံးတော့ ကျနော်တို့ အလုပ်သမားတွေရဲ့ မှန်ကန်တဲ့တိုက်ပွဲဟာ အောင်မြင်ခဲ့ရတယ်လို့ ဆိုရမှာပဲ” သူသည် စကားအားနာ၍ အဝေးသို့ ငေး၍နေ၏။ သူမြင်နေရသည်က မဲဆောက်ထောင်၏ နံရံအုပ်ရိုးကြီးများ...၊ ပြီးလျှင်....။

“ကျနော်တို့ အလုပ်သမားတွေအနေနဲ့ ကိုယ့်အခွင့်အရေးကို ကိုယ်တိုက်ယူမှရမယ်။ ကိုယ်ဗိုက်နာရင် ကိုယ်ဆေးသောက်မှ ကိုယ်ပျောက်မှာလေ။ ကျနော်တို့ အလုပ်သမား အခွင့်အရေးတွေက အများကြီး ချိုးဖောက်ခံနေရတာဆိုတော့ ကိုယ်တိုင်တိုက်ယူမှပဲရမယ်လို့ ပြောချင်တယ်။ ဆုံးဖြတ်ချက်တစ်ခု ကျတဲ့အထိ တိုက်စေချင်တယ်”

သူ့စကားက... အားမာန်အပြည့်... ကျနော်သူ့အား ကြည့်မိ၏။ လေးထောင့်စပ်စပ်မျက်နှာတွင် ကတုံးစထောက် ဆံပင်နှင့်သူသည် ‘အာဋာာဝက ချန်မလောင်း’ ပင်...။ ခရာတွက်သံအား ကြားရ၏။ ထောင်ပိတ်ချိန်ခရာ...။ သူနှင့်ကျနော် ထိုင်ရာမှ ထလိုက်ကြ၏။ သူလည်း... သံတိုင်ကြားအခန်းတွင်သို့ သွားရတော့မည်...။ ကျနော်လည်း... သံတိုင်ကြားသို့...။ မဲဆောက်သည် ဤသို့နှင့်ပင် စုပ်ချပ်ကြမ်းကြမ်းအား ချယ်နေ၏။

မင်းဆွေသစ်

ဆက်လက်ရှင်သန်ခွင့် ရကြပါစေ

ဟိုနေ့က ဆေးရုံရက်ချိန်းသွားတာ ရဲက ဖမ်းသွားတယ်

ကျွန်တော်တို့မှာ သွားရလာရခက်ခဲတယ်။ ကျွန်တော် ဆေးအလွယ်တကူ မရရင် မသောက်တော့ဘူး

အသက် ဆက်ရှင်ချင်စိတ်တောင် မရှိတော့ဘူး။ အဲဒီလတွေ ကျွန်တော်ဆေးတောင် မသောက်ဘူး

တော်ပြီဗျာ….။ သေချင်သေပစေတော့ ဆေးသွားမယူတော့ဘူး။ ဒီနေ့တောင် ဆေးမသောက်ဘူး

လူနာတစ်ဦးနှင့် စကားကောင်းနေသော ကျနော့် အာရုံက ထိုအသံများလာရာ စကားဝိုင်းဆီသို့ ရောက်သွားသည်။ လူငါး ယောက် သစ်ပင် တစ်ပင်အောက်က ၀ါးကွပ်ပျစ်ပေါ်တွင် ထိုင်ကာ ထိုစကားများကို စိတ်ပျက်လက်ပျက်ဖြင့် ပြောနေကြသည်။ သူတို့တွေ မည်သူတွေနည်း။ ကျနော်နှင့် စကားပြောနေသော တီဘီဝေဒနာရှင်တစ်ဦးကသူတို့က HIV/AIDS ဝေဒနာသည်တွေလေ။ Grassroots HRE က ဆောက်ပေးထားတဲ့ အခန်း (၂၀) (ရွှေ့ပြောင်းအလုပ်သမား ဒုက္ခသည်များ ယာယီစောင့်ရှောက်ရေးဂေဟာ)မှာ နေနေတာပေါ့ဟု ပြောသည်။ အဆိုပါ တီဘီ ဝေဒနာသည်၏ ပြောပြချက်အရ အခန်း (၂၀) တွင် လုပ်ငန်းခွင်အတွင်း ထိခိုက်ဒဏ်ရာရပြီး၊ မသန်မစွမ်းဖြစ်ကာ လုပ်ငန်းခွင်ပြန်ဝင်နိုင်ရန် မူလအခြေအနေအတိုင်း ပုံမှန်ပြန်မဖြစ်သေးသော ရွှေ့ပြောင်းအလုပ်သမား ဒုက္ခသည်များ၊ အိမ်တွင်း အကြမ်းဖက်မှုခံခဲ့ရ သော အမျိုးသမီးများနှင့် တီဘီ၊ HIV/AIDS ဝေဒနာရှင်များ စုစုပေါင်း (၂၄) ယောက်နေသည် ဟုလည်း သိရသည်။

၎င်းတို့၏ ပြောပြချက်အရ တီဘီ၊ HIV/AIDs ဝေဒနာရှင်များကို ဆေးဝါးထောက်ပံ့နေသော နယ်စည်းမထား ဆရာဝန်များအဖွဲ့ (Medicines Sans Frontiers) ဖန်ငခရိုင်မှ ပြောင်းရွှေ့သွားကြောင်းနှင့် အသက်ဆက် ရှင်သန်ခွင့်ရရန်အတွက် MSF ကိုသာ မှီခိုအားထားနေရသော အဆိုပါလူနာများသည် ဆေးဝါးပုံမှန်ရရှိနိုင်ရန် အခက်အခဲဖြစ်နေကြောင်း သိရသည်။ ထို့ကြောင့်လည်း သူတို့အနေနှင့် ယခုကဲ့သို့ စိတ်ပျက်လက်ပျက်ဖြင့် အထက်ပါစကားများကို တစ်ယောက်တစ်ခွန်းကျ ပြောဆိုနေကြခြင်း ဖြစ်သည်။

နယ်စည်းမထား ဆရာဝန်များအဖွဲ့ (MSF) သည် ထိုင်းနိုင်ငံ၌ ၁၉၇၆ ခုနှစ်ကတည်းက စတင်အခြေချခဲ့ပြီး၊ ထိုင်းနိုင်ငံအတွင်းရှိ ခရိုင်မြို့ကြီးများဖြစ်သည့် ဘန်ကောက်၊ ချင်းရိုင်၊ ချင်းမိုင်၊ ဖန်င၊ ပါတာနီ၊ ကန်ချနဘူနီနှင့် ဆန်ခလဘူရီ စသည့် မြို့များတွင်သာမက အဆိုပါခရိုင်အတွင်းရှိ မြို့နယ်၊ ကျေးရွာများတွင် ရုံးခွဲများဖွင့်လှစ်၍ ဆေးဝါးကုသမှုလုပ်ငန်းများ ပြုလုပ် ပေးခဲ့သည်။ ထိုင်းနိုင်ငံအတွင်း၌ စတင်အခြေချစဉ် ကတည်းကပင် ထိုင်းနှင့် ကမ္ဘောဒီးယား နယ်စပ်၊ ဆာကယောက် ခရိုင်ရှိ ဆေးဝါးကုသမှု လိုအပ်နေသော ဒုက္ခသည်များအား လည်းကောင်း၊ ထို့နောက် ထိုင်း-လာအို နယ်စပ်ဒေသများရှိ ဆေးဝါးကု သမှုလိုအပ်နေသော လူနာများအား လည်းကောင်း ဆေးဝါးအကူအညီ၊ အထောက်အပံ့များပေးခဲ့သည်။ ၁၉၉၄ ခုနှစ်မှ စတင်၍ ထိုင်းနိုင်ငံသား HIV/AIDS လူနာများအတွက် ဆေးဝါးထောက်ပံ့မှု အစီအစဉ်ကို စတင်ခဲ့သည်။ ၂၀၀၀ ခုနှစ်တွင် ခူရတ်ဘူရီ ရွာရှိ HIV/AIDS ဝေဒနာရှင်များအတွက် ARV ဆေးဝါးထောက်ပံ့မှု အစီအစဉ်ကို ဒေသခံဝန်ထမ်းများ၊ NGO များ၊ ထိုင်းအာဏာပိုင်များနှင့် ပူးပေါင်းကာ စတင်ခဲ့သည်။

ထိုအချိန်က MSF သည် HIV/AIDS နှင့် ပက်သက်၍ ဆူရင်၊ ဖက်ဘူရီ၊ ကရစင်၊ ဘန်ကောက်၊ ချင်းရိုင် ဒေသများရှိလူနာ များအား ARV ဆေးဝါး ထောက်ပံ့ပေးခြင်းနှင့် ကျန်းမာရေး ပညာပေးခြင်းတို့ကို ဆူနာမီမဖြစ်မီ ကာလအထိ ပြုလုပ်ပေးခဲ့သည်။

ဆူနာမီ ဖြစ်ပြီးနောက်ပိုင်း ၂၀၀၅ ခုနှစ်ဇန်န၀ါရီလတွင် ဆူနာမီ ဒုက္ခသည်များ ကယ်ဆယ်ရေး အဖွဲ့များနှင့်အတူ ထိုင်းနိုင်ငံ တောင်ပိုင်း ဖန်ငဒေသတွင် စတင်အခြေချခဲ့သည်။ ထိုအချိန်က ဖန်ငခရိုင်ရှိ မြို့နယ်နှင့် ကျေးရွာများဖြစ်သည့် တကွာပါ၊ ကော့ကလွိုင်၊ ထပ်လမု စသည့်နေရာများတွင် ကျန်းမာရေးပညာပေးခြင်း၊ HIV နှင့် TB ကူးစက်ခံရသော လူနာများအား ဆေးဝါးထောက်ပံ့ပေးခြင်း စသည့် အစီအစဉ်များကို အကောင်ထည်ဖော်ခဲ့သည်။ ထိုအချိန်က ငါးဖမ်းလုပ်ငန်းနှင့် စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်သော ရွှေ့ပြောင်း အလုပ်သမားများ၏ ပတ်ဝန်းကျင်၌ AIDS ရောဂါ၊ TB ရောဂါနှင့် ပက်သက်၍ လေ့လာမှုများ ပြုလုပ်ပြီး၊ ဆေးဝါးထောက်ပံ့ရန်လိုအပ်သော လူနာများအား TB ဆေးနှင့် ARV ဆေးများ ထောက်ပံ့ပေးခဲ့သည်။

နယ်စည်းမထား ဆရာဝန်များအဖွဲ့ (MSF) မှ TB နှင့် HIV/AIDS ဝေဒနာရှင်များအား ဆေးဝါးထောက်ပံ့ပေးသည့် ရည်ရွယ်ချက်နှင့် ပက်သက်၍ MSF ရုံး (ဖန်ငခရိုင်ရုံးခွဲ) တွင် ကျန်းမာရေးဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့သော ကိုမင်းဦးမှ အခုလို ပြောပြပါသည်။

“MSF က တခြား NGO တွေလိုပါပဲ။ နေရာဒေသ တခုထဲမှာရှိတဲ့ community တွေထဲမှာ ဘာတွေလိုနေလဲ ဆိုတာတွေကို သိရှိပြီး၊ တရားဝင်ဆက်ပြီး ဆေးဝါးကုသမှုတွေ လုပ်နိုင်အောင်လို့ ထိုင်းအစိုးရနဲ့ ပူးပေါင်းပြီး လုပ်တာပါ

ထို့နောက် MSF ဖန်ငဒေသမှ ရွှေ့ပြောင်းသွားရခြင်းနှင့် ပက်သက်ပြီး သူက အခုလို ပြောပါသည်။

နောက်ဆုံးကတော့ ပြီးခဲ့တဲ့ ၂၀၀၉ ဇွန်လမှာ MSF အနေနဲ့ ဖန်ငဒေသမှာရှိတဲ့ သူ့ရဲ့ ကျန်းမာရေးစီမံကိန်းကို ရပ်လိုက်တယ်။ ဒီ ဖန်ငမှာရှိတဲ့ သူ့ရဲ့ စီမံကိန်းကို ရပ်လိုက်ရတဲ့အကြောင်းကတော့ ဘယ်လ်ဂျီယမ်မှာရှိတဲ့ MSF ရုံးချုပ်က ပုဂ္ဂိုလ်တွေ ဖန်င ဒေသကိုလာပြီး ကွင်းဆင်းကြည့်ရှုတယ်။ သူတို့ လက်ရှိ ကျန်းမာရေး စောင့်ရှောက်မှုပေးခဲ့တဲ့ နေရာမှာ ဘယ်လောက်ထိ လုပ်ထားပေးပြီးပြီလဲ။ လူထုအနေနဲ့ ဘာတွေ လိုနေသေးလဲဆိုတာကို ကြည့်တယ်။ တစ်ချိန်ထဲမှာပဲ အာဖရိကနဲ့ တခြားနိုင်ငံ တွေမှာရှိတဲ့ လူနာတွေရဲ့ အခြေအနေတွေနဲ့ နှိုင်းယှဉ်ကြည့်တယ်။ အခု ဒီဒေသမှာက ဟိုဖက် အာဖရိကမှာရှိတဲ့ အခြေအနေတွေနဲ့ နှိုင်းယှဉ်ရင် ကျန်းမာရေး အခြေအနေတွေက သာတယ်။ ဒါကြောင့် ဒီထက်ပိုပြီး အခြေအနေဆိုးတဲ့ ဟိုဖက်က အခြေအနေတွေကို ပိုပြီးဦးစားပေးသင့်တယ်ဆိုတဲ့ အနေမျိုးနဲ့ ဒီဖန်ငမှာရှိတဲ့ သူတို့ရဲ့ လုပ်ငန်းတွေကို ရပ်လိုက်တာပါ

MSF ဖန်ငဒေသမှ ပြောင်းရွှေ့တော့မည်ဖြစ်ကြောင်းကို MSF ရုံး (ဖန်ငခရိုင်ရုံးခွဲ) က ၂၀၀၉ ခုနှစ် မေလတွင် တရားဝင်ထုတ် ပြန်ကြေငြာခဲ့သည်။ MSF အပေါ် မှီခိုအားထားနေရသော၊ MSF ၏ ကျန်းမာရေး စောင့်ရှောက်မှုအောက်တွင် ရှိနေသော TB နှင့် HIV/ADS ဝေဒနာရှင်များမှာ ထိုသတင်းကို ကြားရသောအခါ ဆောက်တည်ရာမရ ဖြစ်ကုန်ကြသည်။ ဖန်ငဒေသရှိ TB နှင့် HIV/ AIDS ဝေဒနာရှင်များအတွက် ဆေးဝါးရရှိနိုင်သည့် အရင်းမြစ်မှာ MSF မှ တပါး အခြားမရှိခဲ့ပေ။ အဆိုပါ ဝေဒနာရှင်များ အတွက် MSFသည် သူတို့၏ မျှော်လင့်ချက်အလင်းရောင်၊ MSF သည်သာ သူတို့၏ အနာဂါတ်ဖြစ်ခဲ့သည်။ MSF ဖန်ငဒေသမှ ပြောင်းရွှေ့သွားခြင်းကြောင့် ဝေဒနာရှင်များ၏ မျှော်လင့်ချက်အလင်းရောင် မှေးမှိန်ရတော့မည်လော၊ သို့တည်းမဟုတ် သူတို့၏ အနာဂါတ်တွေ ပြိုလဲသွားရတော့မည်လော ဟူသော အတွေးများက လူနာများ၏ MSF အပေါ်ထားရှိသော ယုံကြည် ချက်တို့အား လှဲဖြိုပစ်နေသည်။

အလကားပါဗျာ။ ကျုပ်တို့ကို အသက်ရှည်အောင် ဆွဲဆန့်ပြီး ဒုက္ခပေးသွားတာဟူသော HIV ကူးစက်ခံရသော ဝေဒနာသည်တစ်ဦး၏ အသံက ၀မ်းနည်းခြင်း၊ ခံပြင်းဒေါသထွက်ခြင်းတို့ ရောပြွန်းလျှက် စိတ်မကောင်းစွာ ကြားလိုက်ရသည်။

ဖန်ငဒေသတွင် အခြေချနေထိုင်ကြသော MSF မှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ ၀န်ထမ်းများ၊ MSF ၏ ကျန်းမာရေး စောင့်ရှောက်မှု ခံခဲ့ရသော HIV/AIDS နှင့် TB ဝေဒနာရှင်များ စုပေါင်းကာ အစည်းအဝေး တစ်ရပ်ပြုလုပ်ခဲ့သည်။ အစည်းအဝေးတွင် MSFမှ HIV/AIDS နှင့် TB ဝေဒနာရှင်များအား MSF ပြောင်းရွှေ့သွားပြီးနောက် ကျန်းမာရေးနှင့် ပက်သက်လာလျှင် မည်သည့် ကျန်းမာရေး၊ လူမှုရေး အဖွဲ့အစည်းများကို ဆက်သွယ်ရမည်ကို လူနာများအား မှာကြားခဲ့ကြောင်း သိရသည်။ ထိုအစည်းအဝေး၏ ဆုံးဖြတ်ချက်အရ နယ်စည်းမထား ဆရာဝန်များအဖွဲ့ ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငခရိုင်မှ ထွက်ခွာချိန်တွင် လူနာများအား အောက်ပါအတိုင်း စီစဉ်ပေးခဲ့သည်ဟု လူနာများထံမှ တဆင့်သိခဲ့ရသည်။

) ARV ဆေးဝါးအား တစ်သက်စာအတွက် ထိုင်းဆေးရုံများနှင့် ညှိနှိုင်း ဆောင်ရွက် ပေးသွားမည်။

) World Vision က လူနာများ ထိုင်းဆေးပေးခန်းနှင့် ဆေးရုံများတွင် ဆေးဝါးထုတ်ယူရန်အတွက် လမ်းစရိတ်နှင့် နောက်ဆက်တွဲ ရောဂါများအတွက် တာဝန်ယူ ဆောင်ရွက်ပေးမည်။

သို့သော် MSF ပြောင်းရွှေ့သွားပြီးနောက် လူနာများ ကြုံတွေ့ရသော အခက်အခဲမှာ ဆေးရုံသို့ သွားရေးလာရေးအတွက် စရိတ်စက မတတ်နိုင်ခြင်း၊ လမ်းတွင် ရဲများက စစ်ဆေးမေးမြန်းပြီး ငွေတောင်းခြင်း စသည့် အခြေအနေများနှင့် ကြုံတွေ့နေ ရကြောင်းလည်း သိရသည်။

ထိုအကြောင်းနှင့် ပက်သက်ပြီး မကြာသေးမီက တကွာပါဆေးရုံသို့ ဆေးယူရန် သွားခဲ့သော ရွှေ့ပြောင်းမြန်မာ အလုပ်သမား ဒုက္ခသည်များ ယာယီစောင့်ရှောက်ရေးဂေဟာမှ HIV /AIDS ဝေဒနာရှင်တစ်ဦးက အခုလို ပြောပြသည်။

ဟိုနေ့က ဆေးရုံကို ရက်ချိန်းစေ့လို့သွားတာ ရဲကဖမ်းသွားတယ်။ ရဲစခန်းမှာ အကြာကြီးပဲထိုင်နေရတယ်။ ဘယ်သူ့ခွင့်ပြု ချက်ရှိလဲ၊ ဆရာဝန်ထောက်ခံစာ ပါလားလို့လည်း မေးတယ်။ ဆေးရုံကခဏခဏ ချိန်းတာလွယ်တယ်။ ဒါပေမယ့် ကျွန်တော် တို့မှာ သွားရ လာရတာ ခက်ခဲတယ်။ ကျွန်တော် ဆေးအလွယ်တကူမရရင် မသောက်တော့ဘူး

ကျနော် ဒီနေ့ဆေးရုံမှာ ဆေးသွားထုတ်တယ်။ ထိုင်းဆရာဝန်က (၂)လစာပေးဖို့ပြောတာကို ဒီယမ်က တစ်လစာပဲ ထုတ်ပေးလို့ ပြောတယ်။ ဆရာဝန်ကလည်း လက်မှတ်ထိုးလိုက်တယ်။ တကယ်တမ်းပေးတော့ ကျနော့်ကို တပတ်စာပဲပေး လိုက်တယ်။ (၃)ရက်နေ့မှာ ပြန်လာဖို့ နောက်တစ်ကြိမ်ခေါ်တယ်။ ကျွန်တော် ထပ်မသွားနိုင်တော့ဘူး။ လမ်းခရီးမှာ ရဲဖမ်းခံရမှာလည်း စိုးရိမ်တယ်။ နောက်ပြီး လမ်းစရိတ်လည်း မရှိတော့ဘူး။ တော်ပြီဗျာ။ သေချင်သေပစေတော့၊ ဆေးသွားမယူတော့ဘူး။ ဒီနေ့တောင် ဆေးမသောက်ဘူးဟု အခြား ဝေဒနာရှင်တဦးက ပြောပြပါသည်။

နယ်စည်းမထား ဆရာဝန်များအဖွဲ့ ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငခရိုင်မှ ထွက်ခွာရန် ပြင်ဆင်နေချိန်တွင် ပထမအနေနှင့် ARV ဆေး၊ လူနာများအား ထောက်ပံ့ထားသော အစားအစာများနှင့် ခရီးစရိတ်များကို ဖြတ်တောက်ခဲ့သည်။ နယ်စည်းမထား ဆရာဝန်များအဖွဲ့ မပြောင်းရွှေ့မီက လူနာတစ်ဦးအား တစ်လလျှင် ဆန် (၁၀) ကီလို၊ ဆီ () ဗူး၊ ခေါက်ဆွဲထုပ် (၁၀) ထုပ်နှင့် ငါးသေတ္တာ () ဗူးတို့ကို ထောက်ပံ့ပေးခဲ့သည်။ Grassroots HRE (FED)မှ ကျန်းမာရေးဌာန အနေနှင့် အခြား အသီးအနှံနှင့် အသားများ ၀ယ်စားနိုင်ရန် တရက်လျှင် လူနာတစ်ဦးစီအား ဘတ်(၃၀) စီ ထောက်ပံ့ပေးခဲ့သည်။

သို့သော် MSF ပြောင်းရွှေ့သွားပြီးနောက်ရွှေ့ပြောင်းအလုပ်သမား ဒုက္ခသည်များ ယာယီစောင့်ရှောက်ရေးဂေဟာမှ လူနာတစ်ဦးက သူ၏ခံစားချက်ကို ယခုလိုပြောပြသည်။

လူနာတွေကို ရိက္ခာ ဖြတ်မယ်လို့ ပြောသံကြားကတည်းက တော်တော်လေးကို စိတ်ညစ်နေတယ်။ ကျနော့်ဘက်ကလည်း စားသောက်ရေးအတွက် အလုပ်ထွက်လုပ်ရအောင်လည်း နှလုံးရောဂါရှိနေသေးလို့ ဆရာဝန်က အလုပ်ကြမ်း ပေးမလုပ်သေးဘူး၊ အဲဒီတော့ မခက်ဘူးလား။ တကယ်တမ်း ရိက္ခာပေးတော့ ကျုပ်ကို ချန်ထားတော့ စိတ်ထဲ ဘယ်လိုဖြစ် တယ်မသိဘူး။ ထမင်းမှ မစားရရင် သေမှာပဲ။ ဘာဖြစ်လို့ ARV ဆေးတွေ ဆက်သောက်မှာလဲ။ ဆေးသောက် နေလည်း မထူးပါဘူး။ ခင်ဗျား တွေးကြည့်ဗျာ။ ဆေးသောက်ပြီး ထမင်းမစားရရင် ကျုပ်ဘယ်လို ဆက်ပြီး အသက်ရှင်မလဲ။ ဘာထူးမလဲ”

အင်းအဲဒီအသံကြားတော့ ကျနော် အလုပ်ထွက်လုပ်တယ်။ ကိုယ့်စားသောက်စားရိတ် ကိုယ်ရှာဖို့ပေါ့။ ကျနော် ဒီတန်းလျားကို မရောက်ခင် ထန်းလမုမှာ လှေလိုက်တယ်။ ကျနော် ကျွမ်းကျင်တာလည်း အဲဒါပဲ။ အခုဆေးက ဆေးရုံမှာ ပုံမှန် ရက်ချိန်းနဲ့ သွားယူနေရတော့ လှေပြန်လိုက်လို့ကလည်း မရဘူး။ တန်းလျားနဲ့နီးတဲ့ ပန်းရံဆိုက်မှာ အလုပ်သွားလုပ်တာ နှစ်လရှိပြီ၊ ပိုက်ဆံမရဘူး။ အဲဒီတော့ ဘယ်လိုလုပ်မလဲ။ ကျနော် ပင်ပင်ပန်းပန်းနဲ့ လုပ်ထားတာဗျာ၊ သူဌေးက လုပ်ခရှင်းမပေးတော့ ၀မ်းနည်းလို့ ငိုမိတယ်။ အသက်ဆက်ရှင်ချင် စိတ်တောင်မရှိတော့ဘူး

မိမိသာ တီဘီ (သို့မဟုတ်) HIV ကူးစက်ခံထားရသည့် လူနာဆိုလျှင်လည်း အထက်ပါ ဝေဒနာရှင်များကဲ့သို့ပင် ခံစားရမည်ဖြစ်သည်။ မည်သူတဦး တယောက်မဆို လူသားတစ်ဦးဖြစ်လာလျှင် မျှော်လင့်ချက် တစုံတရာတော့ ရှိကြသည် ချည်းပင်ဖြစ်သည်။ လူတိုင်း မျှော်လင့်ချက်တစ်ခုနှင့် အသက်ရှင်နေကြသည်သာ ဖြစ်သည်။ ဘ၀ရှိလျှင် မျှော်လင့်ချက်ရှိသည်။ ထို့နည်း တူပင် မျှော်လင့်ချက် မရှိလျှင်လည်း ဘ၀သည် အဓိပ္ပါယ်မရှိ။

လူနာများအား ရေရှည်တွင် ဆေးဝါးရရှိနိုင်ရေးနှင့် ပက်သက်၍ အခြေခံလူထု လူ့အခွင့်အရေး ပညာပေးဌာန (Grassroots HRE)မှ ကျန်းမာရေးမှူး ကိုအောင်ကြည်က ကျနော်တို့ အဖွဲ့အစည်း အနေနဲ့ကတော့ နောက်ထပ် ကျနော်တို့ဆီကို ရောက်လာတဲ့ HIV/AIDS လူနာတွေ ရှိနေတယ်။ အဲဒီ လူနာတွေ အတွက်ကျတော့ ဘယ်ကနေ ဆေးဝါးအကူအညီ ရမလဲဆိုပြီး အခြားအဖွဲ့အစည်းတွေနဲ့ ဆက်သွယ်ပြီး အကူအညီ ရှာရတာတွေလည်း ရှိတယ်။ ဒါပေမယ့် အခုထိ အကူအညီဆိုတာကတော့ မရသေးပါဘူး။ အခု ကျနော်တို့ အဖွဲ့အစည်းရဲ့ ရွှေ့ပြောင်းအလုပ်သမား ဒုက္ခသည်များ ယာယီစောင့်ရှောက်ရေး ဂေဟာက တီဘီ လူနာဟောင်းတွေဆိုရင်တောင် လက်ရှိဆေးဝါး ထောက်ပံ့ပေးနေတဲ့ အဖွဲ့အစည်းက ဆေးဝါးအထောက်အပံ့ကို ဖြတ်တောက် ပစ်လိုက်တယ်။ ဒါကြောင့် ကျနော်တို့မှာ လူနာဟောင်းတွေရော၊ နောက်ရောက်လာတဲ့ လူနာအသစ်တွေ အတွက်ပါ ဆေးဝါးရရှိဖို့ တော်တော်ကို လိုအပ်နေတယ်ဟု ပြောသည်။

MSF ဖန်ငဒေသမှ ထွက်ခွာသွားခြင်းအတွက် ထိုဒေသရှိ လူနာများ၏ မျှော်လင့်ချက်များ ပြိုလဲခဲ့ရသည်။ အားကိုးရာ မဲ့ခဲ့ရသည်။ သူတို့၏ အနာဂါတ် ရေရှည် ဆက်လက်ရှင်သန်ခွင့်ရရန် ဆေးဝါးရရှိရေးက အဓိကကျလာသည်။ သို့သော် ဆေးဝါးထောက်ပံ့ ပေးနိုင်မည့် အဖွဲ့အစည်းအား ယခုတိုင် မတွေ့သေး။ ရေရှည်တွင် လူနာများ မည်သို့ ဆက်လက်ရှင်သန် မည်နည်း။ လူနာများ သာမက အနီးကပ်ပြုစုကြရသူ ကျန်းမာရေးဝန်းထမ်းများကပါ ဆေးဝါးရရှိရေးအတွက် ပူပန်နေကြရ သည်။ အားလုံး၏ စိတ်ထဲတွင်တော့ လူနာများ၏ မျှော်လင့်ချက်များဆက်လက်ရှင်သန်ခွင့်ရကြပါစေ….” ဟုသာ ဆုတောင်းနေမိသည်။

ကျော်သိင်္ခ

www.ghre.org ၀က်ဆိုဒ်မှ ကူးယူဖော်ပြပါသည်။

နှောင်ကြိုးများကြားမှ ရွှေ့ပြောင်းအလုပ်သမားများ

ဒီကိစ္စအတွက်တော့ မေးစရာမလိုပါဘူး။ ထိုင်းနိုင်ငံအနေနဲ့ လက်ရှိအခြေအနေမှာ လူဦးရေ သုံးသန်းလောက် ရှိနေပြီဖြစ်တဲ့ တရားမဝင် ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ ကိစ္စကို ဖြေရှင်းဖို့ လိုနေပါပြီ။ ပြဿနာက ဘယ်လိုနည်းနဲ့ အကောင်းဆုံး ဖြေရှင်း ပေးရမလဲ ဆိုတာပါဘဲ။

နှစ်စဉ် အလုပ်သမားမှတ်ပုံတင်တဲ့ ကိစ္စတွေဟာလည်း ရှုပ်ထွေးလှတဲ့ စည်းကမ်းသတ်မှတ်ချက်တွေရယ်၊ အကုန်အကျများ တဲ့အတွက်ကြောင့်ရယ်၊ အလုပ်သမား မှတ်ပုံတင်လုပ်ပြီးတဲ့တိုင် ကျန်းမာရေးနဲ့ လူမှုရေးဆိုင်ရာ အခွင့်အရေးတွေကို ထိုင်း အလုပ်သမားတွေနည်းတူ အလိုအလျောက် ခံစားခွင့်မရတာတွေရယ်ကြောင့် အောင်မြင်မှု သိပ်မရှိလှပါဘူး။

အခုလို မအောင်မြင်တဲ့ အနေအထားတွေကြောင့် ထိုင်းအစိုးရအနေနဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကို သက်ဆိုင်ရာ မိခင်နိုင်ငံကိုပြန်ပြီး နိုင်ငံသားစီစစ်မှုတွေ လုပ်ဖို့လိုအပ်လာပါတယ်။ ဒါမှသာ ရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ နိုင်ငံကူး လက်မှတ်နှင့်အတူ ထိုင်းနိုင်ငံထဲကို တရားဝင် ပြန်ဝင်လာပြီး အလုပ် ဆက်လုပ်နိုင်မှာဖြစ်ပါတယ်။ နှစ်စဉ် အလုပ်သမား မှတ်ပုံတင်တွေ လုပ်သလိုပါဘဲ ဒီနိုင်ငံသား စီစစ်ရေးစနစ်ဟာလည်း ကျဆုံးမှုနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဒါဟာ ဘာကြောင့်လဲဆိုတော့ လုပ်ပုံ ကိုင်ပုံ နည်းစနစ်တွေ ရှုပ်ထွေးပြီး အခွင့်အလမ်း နည်းနည်းလေးရတာ တခုထဲကြောင့် မဟုတ်ပါဘူး။ သာမန်ရွှေ့ပြောင်းအလုပ်သမား အများစုအဖို့ ဒါဟာ သိပ်အန္တရာယ်ကြီးလို့လည်း ဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာ တရားမဝင်ရောက်နေတဲ့ ရွှေ့ပြောင်းအလုပ်သမား အများစုဟာ မြန်မာနိုင်ငံကဖြစ်ပြီး ဒီမြန်မာနိုင်ငံက ရွှေ့ပြောင်း အလုပ်သမားတွေဆိုတဲ့ နေရာမှာလည်း အများစုဟာ တိုင်းရင်းသား လူမျိုးတွေဖြစ်ကြပြီး မြန်မာစစ်အစိုးရရဲ့ ဖိနှိပ်မှု အမျိုးမျိုးကြောင့် ထွက်လာရသူတွေဖြစ်ပါတယ်။ ဥပမာအားဖြင့် မွန်၊ ကရင်၊ ရိုဟင်ဂျာ အစရှိသည်ဖြင့်ပေါ့လေ။

အခုလို သူတို့ကို နိုင်ငံသားစီစစ်မှုတွေ လုပ်ခိုင်းတာဟာ သူတို့ရဲ့ ဘဝတွေကိုသာမက အိမ်မှာကျန်ခဲ့တဲ့ မိသားစုတွေရဲ့ ဘဝတွေကိုပါ အန္တရာယ်နဲ့ ကစားခိုင်းနေသလိုပါဘဲ။

နိုင်ငံသား စီစစ်မှုတွေလုပ်ဖို့ ပေးထားတဲ့ နောက်ဆုံးသတ်မှတ်ချက်ရက် ကုန်ဆုံးချိန်ကတော့ ဖေဖေါ်ဝါရီလ၊ ၂ဝ၁ဝမှာ ဖြစ်ပါတယ်၊ နောက်ဆုံး အစိုးရဝန်ကြီးများ အစည်းအဝေး ဆုံးဖြတ်ချက်အရဆိုရင် ထိုင်းနိုင်ငံမှာ တရားဝင် နိုင်ငံသား စီစစ်ရေးနဲ့ ပတ်သက်တဲ့ အထောက်အထား ကိုင်ထားသူတွေကသာ နေထိုင်ခွင့်နဲ့ အလုပ်လုပ်ခွင့် ရမှာဖြစ်ပါတယ်။ ဘာမှမရှိတဲ့ သူတွေက တော့နေရပ်ပြန်ပို့တာ ခံရမှာပါ။ သုံးသန်းလောက်ရှိတဲ့ ရွှေ့ပြောင်း အလုပ်သမားတွေအတွက် သတ်မှတ်ရက်အမှီ လုပ်နိုင်ဖို့ လေးလ လောက်တော့ အချိန်ရှိပါသေးတယ်။

ဒီနိုင်ငံသား စီစစ်မှု အစီအစဉ်အရ ရွှေ့ပြောင်း အလုပ်သမားတွေဟာ ဗြူရိုကရက်တစ် ကြိုးနီစနစ် အဆင့်ဆင့်ကို မြန်မာနဲ့ ထိုင်းနှစ်နိုင်ငံစလုံးမှာ ဖြတ်ကျော်ရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ရွှေ့ပြောင်းအလုပ်သမားတွေဟာ လုပ်ရမဲ့အဆင့်တွေနဲ့ ပတ်သက်လို့ သတင်းအချက်အလက် အနည်းကိုသာ ရရှိခဲ့ပါတယ်။ ဒါမှမဟုတ် စနစ်တကျ အကူအညီပေးမှု မရရှိခဲ့ဘူးလို့လည်း ဆိုနိုင်ပါတယ်၊ ဒီလို ရှုပ်ထွေးမှုတွေနဲ့ စိုးရိမ်စရာ အခြေအနေတွေဟာ ရွှေ့ပြောင်း အလုပ်သမားတွေကို နှစ်နိုင်ငံလုံးမှာရှိတဲ့ အကျင့်ပျက် အာဏာပိုင်တွေနဲ့ ပေါင်းပြီး လုပ်စားနေတဲ့ ပွဲစားတွေရဲ့ သားကောင်ဘဝကို လွယ်လွယ်လေးနဲ့ ရောက်သွားစေနိုင်ပါတယ်။ ပြဿနာက အဆမတန် အပိုကြေးတွေ ပေးဆောင်ရနိုင်တာ တခုထဲမကပါဘူး။ အတုအယောင် ပွဲစားတွေရဲ့ ညစ်ပတ်လှည့်ဖြားမှုကိုလည်း ကြုံတွေ့နိုင်ပါတယ်။

ရှုပ်ထွေးတဲ့ အနေအထား၊ မရေရာတဲ့ ခံစားခွင့်နဲ့ အရေးယူခံရမှာကို ကြောက်တဲ့အတွက် ရွှေ့ပြောင်းအလုပ်သမား အများစုဟာ နေရပ်ပြန်ပို့ခံရနိုင်တဲ့ ခြိမ်းခြောက်မှုတွေကို အန်တုပြီး စောင့်ကြည့် အကဲခတ်နေမယ်ဆိုတဲ့ လမ်းကြောင်းကိုဘဲ ရွေးချယ်ခဲ့ကြပါတယ်။ ထိုင်းနိုင်ငံမှာ ချစားနေတဲ့ အာဏာပိုင်တွေနဲ့ ကျွန်သာသာ ဈေးပေါအလုပ်သမားတွေကို ရချင်တဲ့အလုပ်ရှင်တွေ ရှိနေသေးသ၍ သူတို့အတွက်ကတော့ နေရပ်ပြန်ပို့ခံရတဲ့တိုင် နယ်စပ်ကို အသာလေး ပြန်ကျော်ဖြတ်ပြီး ငွေပေးလိုက်ရင် ထိုင်းနိုင်ငံထဲကို ပြန်ဝင်လာဖို့ဆိုတာ သိပ်ပြီးခက်ခဲလှတာ မဟုတ်ပါဘူး။

အလုပ်သမား အခွင့်အရေးနဲ့ လူ့အခွင့်အရေး လှုပ်ရှားတဲ့အုပ်စုတွေက နိုင်ငံသားစီစစ်ရေး လုပ်ငန်းနဲ့ပတ်သက်ပြီး ထိုင်းအစိုးရကို အကြံပြုချက်တွေ တင်ပြလာပါတယ်။ ဒီအကြံပြုချက်တွေထဲမှာ နောက်ဆုံး သတ်မှတ်ချိန်ကို သက်တမ်းတိုးပေးဖို့၊ ဒီစီစစ်ရေးလုပ်ငန်း ပြည့်စုံအောင် မလုပ်ရသေးတဲ့သူတွေကို အလုပ်ဆက်လက်လုပ်ခွင့်ပေးဖို့၊ အလုပ်သမားတွေကို ရှင်းလင်းတိကျတဲ့ သတင်းအချက်အလက်တွေကို ချပြပေးဖို့၊ ပွဲစားတွေ လူလည်ကျတာ၊ အကြွေးနွံနစ်ပြီး ကျွန်ဖြစ်အောင်လုပ်တာ၊ လူကုန်ကူးမှုတွေ ကျူးလွန်တာစတဲ့ အန္တရာယ်တွေကနေ အကာအကွယ် ပေးနိုင်အောင် ဆောင်ရွက်ပေးဖို့ စတာတွေပါဝင်ပါတယ်။

ဒီနိုင်ငံသားစီစစ်မှု လုပ်ငန်းစဉ်ကြီး အောင်မြင်စေဖို့ဆိုရင် နည်းစနစ်တွေ ပွင့်လင်းမြင်သာရှိအောင်၊ လက်ခံနိုင်တဲ့ အနေအထားရှိအောင်နဲ့ အလုပ်သမားတွေဖက်က တတ်နိုင်တဲ့ အနေအထားတွေရှိအောင် လုပ်ပေးဖို့လိုပါတယ်။ ဒီအကြံပြုချက်တွေကို လှစ်လျူရှုခဲ့မယ်ဆိုရင် ထိုင်းအစိုးရအနေနဲ့ အမှားကို ကျူးလွန်မိရာ ရောက်ပါလိမ့်မယ်။ အခက်ခဲဆုံး လုပ်ရမယ့်အပိုင်းကတော့ နအဖအာဏာပိုင်တွေအနေနဲ့ နိုင်ငံသားစီစစ်ရေး လုပ်ငန်းဗဟိုရုံးကို ထိုင်းနိုင်ငံမှာ လာဖွင့်ခိုင်းဖို့ပါ။ ဒီလူတွေကို လူမြင်ကွင်းမှာ ပြောတာက သူတို့ကို သတ်သတ်လုပ်ခိုင်းတာထက် ပိုအလုပ်ဖြစ်မှာပါ။

နေရပ်ပြန်ပြီး အချက်အလက်တွေ ပြန်လည်ရယူဖို့ဆိုတာ မြန်မာလိုနိုင်ငံမျိုးမှာ အဓိကပြဿနာပါ။ မိမိလူထုအပေါ် ကိုယ်တိုင် အကြမ်းဖက်မှု ကျူးလွန်နေတဲ့ အာဏာရှင်တွေ အုပ်စိုးနေသမျှ ဒီလိုပြဿနာတွေက ဖြေရှင်းနိုင်မှာ မဟုတ်ပါဘူး။ တဆက်ထဲမှာ ဒီအဆက်အစပ် ရှိနေတာတွေကို ပြည်တွင်းပြည်ပ ဖိအားတွေနဲ့ ပြေလည်အောင် မဖြေရှင်းနိုင်သေးသ၍ ထိုင်းနိုင်ငံ အနေနဲ့ နိုင်ငံတွင်းမှာရှိတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေအတွက် သင့်တင့်မျှတတဲ့ လူမှုဖူလုံရေး စနစ်တွေ၊ ခံစားခွင့်တွေကို ထောက်ပံ့ပေးဖို့ တာဝန်ရှိတယ်ဆိုတာကတော့ ငြင်းလို့မရတာ အသေအခြာပါဘဲ။

(၁၆- ၁ဝ- ၂ဝဝ၉ ရက်နေ့ထုတ် ဘန်ကောက်ပို့စ်မှ အယ်ဒီတာ့ အာဘော်အား ဆီလျော်အောင် ဘာသာပြန်ဆို ပါသည်။)

သောသီခို

မူရင်း http://www.bangkokpost.com/news/investigation/25873/cheating-the-system

www.ghre.org ၀က်ဆိုဒ်မှ ကူးယူဖော်ပြပါသည်။

အလုပ်ရှာဖွေသည်နှင့်ပတ်သတ်ပြီး သိထားသင့်သည်များ(အပိုင်း ၂ )

အင်တာဗျူးလုပ်သည့်အခါ ကြုံရတတ်သော လှည့်ထားသည့် အမေးများကို ပြင်ဆင်ရာတွင်

မင်းအကြောင်းကို ပြောပါဆိုလျှင် အလုပ်နှင့်သက်ဆိုင်သော မိမိ၏ အရည်အချင်းများနှင့် ပညာရေးအကြောင်းများ၊ အတွေ့အကြုံများကို ပြောပြပါ။ အားလုံးသည် လျှောက်ထားသောအလုပ်နှင့် သက်ဆိုင်သည့် အရာများ ဖြစ်စေရမည်။ မည်သည့် အခါမျှ မိမိနောက်ကြောင်း ပြန်မပြောနေရပေ။ မိမိအား ဘဝပုံပြင်ပြောရန် ခေါ်ခြင်းမဟုတ်ပါ။

ဒီအလုပ်အကြောင်း မကောင်းတာကြားထားတာ တခုခုလောက် ပြောပါလားဆိုလျှင် မိမိကြားထားသော အတင်းအဖျင်းများကို ပြန်မပြောနေရပေ။ ထိုအကြောင်းများကို မပြောပဲ မကောင်းတဲ့ အလုပ်မှာ မိမိ ဘယ်လျှောက်မှာလဲ ဆိုသည့် အဖြေမျိုးနှင့် ဝိပါတ်လွတ် ဖြေကြားသင့်သည်။

ဘာ့ကြောင့် မင်းကို ဒီအလုပ် ခန့်သင့်တယ် ထင်လဲဆိုတာမေးရင် ဒီအလုပ်အကြောင်း သိထားတာတွေထဲက ကိုယ့်အရည်အချင်းနဲ့ ကိုက်ညီပြီး ကိုယ်စွမ်းဆောင်နိုင်တာတွေနဲ့ ဘယ်လိုမျိုး ဒီအလုပ်ကို တိုးတက်အောင် လုပ်နိုင်မယ်ထင်တယ် ဆိုတာမျိုးနဲ့ အဖြေပေးပါ။ ကျွန်တော်ဟာ အရမ်းကိုတော်နေတော့ ဒီအလုပ်အတွက် ကျွန်တော့ထက်ပိုပြီး ထိုက်တန်တဲ့လူ မရှိပါဘူးဆိုပြီးများ ဘယ်တော့မှ သွားမပြောပါနဲ့။ ကိုယ့်အရည်အချင်းတွေဟာ ဒီအလုပ်မှာ လိုအပ်တဲ့ အရည်အချင်းတွေနဲ့ ဘယ်လို ကိုက်ညီတာကိုပဲ ဦးစားပေး ပြောဆို ဆွေးနွေးပါ။

နောက်ငါးနှစ်၊ ဆယ်နှစ်အကြာမှာ မင်းဘာဖြစ်နေမယ်လို့ ထင်လဲလို့မေးရင် - မသိဘူးလေ။ ဘဝဆိုတာမသေချာဘူး။ ဘာဖြစ်မလဲ ကြိုပြောလို့ ဘယ်ရမလဲ ဆိုတာမျိုးကို သွားမပြောပါနဲ့။ ဒီလာမယ့် ငါးနှစ်မှာ အလုပ်အတွေ့အကြုံတွေရယ်၊ သင်တန်းတွေရယ်၊ သင့်အရည်အချင်းတွေရယ်၊ သင့်ကြိုးစားမှုတွေရယ်နဲ့ သင့်ရဲ့ အောင်မြင်အောင် လုပ်တတ်တာတွေရယ်ဟာ ဒီလုပ်ငန်းမှာ ပိုကောင်းသထက်ကောင်းတာ၊ ပိုအံဝင်သထက် အံဝင်တာ ဖြစ်လာမယ်ဆိုတာကို မြင်မိတယ်လို့ ပြောလို့ရပါတယ်။ တကယ့်လက်တွေ့ဘဝ သိပ်ဆန်လို့ မရပါဘူး။ ဒီလုပ်ငန်းကို ပိုတိုးတက်အောင် လုပ်မယ့်သူ၊ ဒီအလုပ်နဲ့ မြဲမယ့်သူကို သူတို့ ပိုစိတ်ဝင်စားပါတယ်။

အင်တာဗျူးမှာ မင်းဖြေတာ တော်တော်ဆိုးတယ်လို့ ငါပြောရင် မင်းဘယ်လိုတုံ့ ပြန်မလဲလို့မေးရင် တခါထဲ ကြောက်လန့် တုံလှုပ်သွားတာ မဖြစ်ပါနဲ့။ သူပြောတကာက လို့ လို့ ပြောတာဆိုတော့ တကယ်ဖြစ်နေတာ ဟုတ်ချင်မှလည်း ဟုတ်မှာပါ။ ဒါမျိုးပြောတာက တကယ်အရေးအကြောင်းမှာ မထင်ထားတာပြောခံရရင် ဘယ်လို ထိမ်းမနိုင် ဖြစ်မလဲကို စမ်းသပ် မေးတာမျိုး ဆိုတာကို သဘောပေါက်ပါ။ ပြုံးပြီး ကျွန်တော်တော့ ကြိုးစားတာပါပဲ။ ဒါပေမဲ့ သိတဲ့အတိုင်း အင်တာဗျူးတွေက လူတွေကို လန့်စေတတ်တယ်မဟုတ်လား ဆိုတာမျိုး ပြောနိုင်ပါတယ်။ ဘယ်နေရာမျိုးမှာ အားနည်းသွားတာရှိလဲ အသိပေးနိုင်ရင် အသိပေးစေချင်ပါတယ်။ အဲ့ဒါမှ ကျွန်တော့်ကိုယ်ကို နောက်အဲ့ဒီ အားနည်းချက်မျိုး မဖြစ်အောင် ပြုပြင်နိုင်မှာ မို့လို့ပါလို့ သူ့ကို စိတ်အရမ်း မလှုပ်ရှားတဲ့ ပုံစံနဲ့ တုံ့ပြန်ပြီး သူပြောတာကို ကောင်းကောင်းမှတ်သားတဲ့ ပုံစံနဲ့ တုန့်ပြန်ပါ။

နောက်ဆုံး ဖတ်ခဲ့တဲ့ စာအုပ်က ဘာစာအုပ်လဲလို့များမေးရင် မဖတ်ထားပဲနဲ့ ဖတ်ထားသယောင် လိမ်ညာမပြောပါနဲ့။ ကိုယ်ဖတ်ထားတဲ့ အထဲက မေးနေတဲ့သူလည်း သိလောက်မယ့် ကြော်ကြားတဲ့ စာအုပ်တအုပ် အကြောင်းကို ပြောပါ။ စာအုပ်ကို သင့်ထင်မြင်ချက်လည်း ပြောပြပါ။

ဖိအားတွေအောက်မှာကော ကောင်းကောင်း အလုပ်လုပ်နိုင်လားလို့ မေးခံရရင် (ဒီမေးခွန်းက တော်တော်များများ မေးခံရတတ်ပါတယ်) - ကျွန်တော်လုပ်နိုင်ပါတယ်လို့ပဲပြောပြီး ငြိမ်နေတာမျိုး မလုပ်ပါနဲ့။ လုပ်နိုင်ပါတယ်ဖြေပြီးရင် ကိုယ်တကယ်လုပ်ခဲ့ရတဲ့ အခြေအနေနဲ့ အကြောင်းအရာ တခုအကြောင်းကို ဆက်စပ်ပြီးပြောပြပါ။

မင်းဘယ်သူ့ကို လေးစားသလဲ၊ ဒါမှမဟုတ် မင်းရဲ့သူရဲကောင်းက ဘယ်သူလဲလို့များ အမေးခံရရင် မထင်မှတ်တာ မေးခံရတာအတွက် ထိုင်စဉ်းစား အကြပ်ရိုက်တဲ့ ပုံစံမဖြစ်ပါစေနဲ့။ ဒီလို မထင်မှတ်တာတွေကို မေးနိုင်တာတွေအတွက် ကြိုတင်ပြင်ဆင် စဉ်းစားထားပါ။ ကိုယ်လေးစားတဲ့ တယောက်ယောက်ကို ဘာ့ကြောင့် သူ့ကို လေးစား အတုယူ ရတယ်ဆိုတာနဲ့ သူ့ကိုလေးစားမှုက ကိုယ့်အလုပ်ထဲမှာ ဘယ်လိုလုပ်ဘို့ အားဖြစ်စေတယ်၊ ဘာတွေလုပ်ဘို့ ဆုံးဖြတ်လုပ်နေတယ် ဆိုတာမျိုးနဲ့ ဆက်စပ်ပြောပါ။

ကိုယ့်ဘာသာကိုယ် စီးပွါးရေးလုပ်ငန်းတခု ထောင်ဘို့စဉ်းစားမိလား ဆိုတာမျိုးမေးရင် - တနေ့မှာ ကိုယ်လုပ်ငန်း ကိုယ်ထောင်ပြီး ကိုယ်သာကိုယ့်ရဲ့လူကြီး ဖြစ်နေမှာမျိုးတွေကို စိတ်ကူးယဉ်မပြောနေပါနဲ့။ သူတို့ လိုချင်တာအဲ့ဒီ အဖြေမျိုး မဟုတ်ပါဘူး။ အခုလျှောက်တဲ့ အလုပ်မျိုးမှာ အလုပ်လုပ်ရတာ ဘယ်လောက် ပျော်တယ်ဆိုတာနဲ့ အဲ့ဒါက ကိုယ့်ကို ဘယ်လောက် အဓိပါယ်ရှိစေတယ် ဆိုတာရယ်၊ ဘယ်လောက် ကျေနပ်နှစ်သိမ့်မှု ဖြစ်စေတယ်ဆိုတာတွေရယ်ကို ပြောပြတာမျိုးကို သူတို့က ကြားချင်တာပါ။

တကယ်လို့များ ထီပေါက်ရင် အလုပ်လုပ်ဦးမှာပဲလားလို့ မေးတယ်ဆိုပါစို့။ ထီပေါက်ရင်တော့ ကမ္ဘာလှည့်မယ်၊ အိမ်ဝယ်၊ ကားဝယ်မယ်၊ ဘာလုပ်မယ် ညာလုပ်မယ်တွေ ရှောက်မပြောပါနဲ့။ တကယ်လား၊ အခုပေါက်တာလား ဘာညာနဲ့ ဟာသနဲနဲ နှောနိုင်ပါတယ်။ ဒါပေမယ့် မျက်နှာပြန်တည်ထားပြီး တကယ်သာ ပေါက်ရင်တော့ သိပ်ပျော်စရာ ကောင်းမှာပဲ ဘာညာပြောပြီး၊ ဘာပဲဖြစ်ဖြစ် ကိုယ်စိတ်ဝင်စားတဲ့ ဒီအလုပ်မျိုး လုပ်ရတာက ကိုယ့်ရေရှည် ပျော်ရွှင်မှုကို ပေးမှာဖြစ်လို့ ဒီအလုပ်မျိုးကိုတော့ ရှာဦးမှာပါပဲဆိုတာမျိုး ရိုးရိုးသားသား ပြောရပါလိမ့်မယ်။ တကယ်လည်း ထီမှမပေါက်တာပဲကိုး။

သတိရဘို့က အင်တာဗျူးလုပ်တဲ့ သူက သူမေးတဲ့ မေးခွန်းတွေကို သင်တည်တည်ငြိမ်ငြိမ်နဲ့ အေးအေးဆေးဆေး ဘယ်လောက် တုန့်ပြန်နိုင်တယ်နဲ့ သူ့မျက်နှာကို အေးအေးဆေးဆေးကြည့်ပြီး ဆွေးနွေးနိုင်တယ်ကိုသာ စိတ်ဝင်စားတာပါ။ ဒီအချက်ကို မမေ့ဘို့လိုပါတယ်။ ဘယ်တော့မှ ကိုယ့်ရဲ့ စိတ်လှုပ်ရှားမှုက ကိုယ့်ကို အခြေပျက်တာမျိုး အဖြစ်မခံပါနဲ့။ နောက်ပြီး ဘယ်လောက်ဆိုးဆိုးဝါးဝါးကြီး ပြောနေ၊ အော်ငေါက်နေနေ ကိုယ့်ကိုကိုယ် အေးအေးဆေးဆေး ထိမ်းသိမ်းနိုင် တုန့်ပြန်နိုင်နေအောင် လေ့ကျင့်ထားပါ။ ကိုယ့်ကို လှောင်ပြောင် ပျက်ရယ်ပြုနေတာကို သိရင်တောင်မှ အဲ့ဒါကို ရီစရာ သဘောထားပြီး အေးအေးဆေးဆေး ဟာသနားလည်သူတယောက်အနေနဲ့ တုံ့ပြန်ပါ။ ကိုယ့်ကိုကိုယ် အရမ်းအလေးအနက်ထားပြီး အတင်းခုခံကာကွယ်တာမျိုး မလုပ်မိဘို့ သတိပြုပါ။

အင်တာဗျူး လုပ်တဲ့အခါမှာ

အင်တာဗျူးကို သွားတ့အခါမှာ ဖရိုဖရဲ၊ ပျာရိပျာယာ သွားတာ၊ အရမ်း တောက်တောက်ပြောင်ပြောင်၊ အရမ်းညှိုးညှိုးနွမ်းနွမ်း ဝတ်စား ဆင်ယင်သွားတာ၊ အလွန်အမင်း အလှပြင်ဆင်သွားတာ၊ ဘာမှ သပ်သပ်ယပ်ယပ်မရှိပဲ သွားတာတွေကို ရှောင်ရှားပါ။ အစွန်းနှစ်ဘက်ကို လွတ်အောင်ရှောင်ပါ။ လုပ်ငန်းခွင်နှင့် မည်သို့မျှ မအပ်စပ်သော ဝတ်စား ဆင်ယင် သွားမှုမျိုးကို အထူးသတိထား ရှောင်ရှားပါ။ လုပ်ငန်းခွင်နှင့် လိုက်ဘက်ညီထွေမည့် အဝတ်အစားများကို အင်တာဗျူးအတွက် ဝတ်စားဆင်ယင်ပါ။

အင်တာဗျူးကို အလွန်အစောကြီး ရောက်သွားတာ၊ အလွန်နောက်ကျမှ ရောက်တာမျိုးကိုလည်း မဖြစ်ပါစေနှင့်။ အကယ်၍ အရေးပေါ်တခုခုကြောင့် နောက်ကျနေပြီဆိုလျှင် အင်တာဗျူးမည့်နေရာသို့ ကြိုတင်ဖုန်းဆက် အကြောင်းကြားပါ။

နေကာမျက်မှန် ဝတ်ဆင်ထားခြင်း၊ နားကျပ်ဖုန်းကို မဖြုတ်ထားမိခြင်း၊ ဦးထုတ် မချွတ်ထားခြင်းတို့ကိုလည်း ရှောင်ရှားပါ။ သန်းခြင်း၊ ငိုက်မျဉ်းသည့် အမူအရာ ပြသခြင်း၊ နာရီကြည့်ကြည့်နေခြင်း၊ အပြင်နှင့် အဝေးတို့သို့ ကြည့်နေတတ်ခြင်း၊ ခါးမတ်မတ် ထားမထိုင်ပဲ ပြင်းရိငြီးငွေ့စွာ ကိုယ်ကို ဖျော့၍ ထိုင်ခြင်း၊ ဆံပင်ကို ကိုင်တွယ် ပွတ်သပ်နေခြင်း၊ လက်က အငြိမ်မနေပဲ ဟိုကုပ်သည်ကုပ် လုပ်နေခြင်း၊ မျက်နှာကို ခဏခဏချွေးသုတ်ခြင်း၊ ပါးစပ်ကိုက်ကိုက်ထားခြင်း၊ ပြုံးရုံထက်မကသော အလွန်အမင်း ရီမောမှု ပြုလုပ်ခြင်း။ ကွမ်း၊ ပီကေ၊ ချိုချဉ်ဝါးနေခြင်း၊ စကားလွှဲခြင်းတို့ကို ရှောင်ရှားပါ။

ဆေးလိပ် မီးညှိသောက်ခြင်း၊ ဆေးလိပ်စော်နှင့် အခြား ကိုယ်အနံအသက်များ၊ ရေမွှေးအနံများ ထွက်နေခြင်းကို မဖြစ်စေရန် အထူးဂရုစိုက်ပါ။ ဖုန်းကို ဖွင့်ထားခြင်းနှင့် ဖုန်းမည်လာလျှင် ကိုင်ခြင်းတို့က သင့်အား အလွန်အမင်း ဒုက္ခဖြစ်စေမည် ဖြစ်သည်။ အင်တာဗျူး ခန်းမဝင်မှီ ဖုန်းကို ပိတ်ထားရန် သတိမမေ့ပါနှင့်။ အင်တာဗျူး အတွင်း အိမ်သာ တောင်းတက်ခြင်း၊ အပေါ့၊ အလေးသွားရခြင်းတို့ကို ရှောင်ရှားပါ။ ထိုသို့ ဖြစ်လျှင် နှစ်ဘက်စလုံးကို စိတ်ဝင်စားမှု လုံးလုံးပျက်ပြားစေသည်။ အင်တာဗျူးမဝင်မှီ ကတည်းက အပေါ့အလေး ကိစ္စများကို ရှင်းလင်းထားသင့်သည်။ အင်တာဗျူးတွင် အချိန်ကြာကြာ ယူချင်လည်း ယူနိုင်သည်ကို သတိပြုပါ။ အစားစားခြင်းကိုလည်း ရှောင်ရှားပါ။ မည်သည်မျှ မစားပါနှင့်။ ရေချပေးလျှင် သောက်နိုင်သည်။ သို့သော် အကုန်လုံး တခါတည်းသောက်ပစ်ခြင်း မပြုလုပ်ပဲ ဖြေးဖြေးနှင့် နဲနဲစီသာသောက်ပါ။

လက်ဆွဲ နှုတ်ဆက်သည့်အခါ အလွန်ပျော့ပြောင်းစွာ လက်ဆွဲနှုတ်ဆက်ခြင်းနှင့် လက်ချင်း အားပြိုင်ညှစ်နေသကဲ့သို့သော လက်ဆွဲ နှုတ်ဆက်ခြင်းမျိုးတို့ကို ရှောင်ရှားပြီး ပုံမှန် လက်ဆွဲနှုတ်ဆက်မှု လုပ်သည့်အနေအထားထက် မပိုမလိုအောင် လုပ်ပါ။ အင်တာဗျူး လုပ်မည့်သူများ မထိုင်မှီ မိမိကထိုင်ချခြင်းကိုလည်း ရှောင်ရှားပါ။ သူတို့ နေရာယူ ထိုင်ချကြပြီးမှ မိမိထိုင်ပါ။ လက်ပိုက်ထားခြင်းက ကျွန်တော်တို့ လူမျိုးအတွက် အကျင့်ဖြစ်နေတတ်ပါတယ်။ လက်ပိုက်တာကို ကျွန်တော်တို့လူမျိုး စရိုက်မှာ ရိုသေလေးစားကြောင်း ပြတာလို့ ယူဆပေမယ့် အခြားလူမျိုးတွေ စရိုက်မှာ လက်ပိုက်ထားတာဟာ ကိုယ့်ကိုကိုယ် မောက်မာတာ၊ တခြားတဘက်သားကို မတန်မရာ ဆက်ဆံလိုတဲ့ အပြုအမူလို့ ယူဆကြတာလဲရှိပါတယ်။

အင်တာဗျူး လုပ်မည့်သူများ၏ အမည်များကို မမေ့ပါစေနှင့်။ အင်တာဗျူးမတိုင်မှီ ထိုအလုပ်နှင့် ပတ်သက်သော အချက်အလက်များကို လေ့လာထားပါ။ အင်တာဗျူးတွင် ထိုအလုပ်အကြောင်း မကောင်းသည့် အချက်များ ကြားထားတာရှိလဲဟု မေးခံရလျှင် ကိုယ်ကြားထားသည်တို့ကို ပြောပြစရာမလိုပေ။ လိမ်မည့်အစား ပြသနာရှိမည့် အလုပ်တွင် မိမိအလုပ်လျှောက်မည် မဟုတ်ကြောင်းပြော၍ ဖြေနိုင်သည်။

လူအားလုံးကို လေးလေးစားစား ဆက်ဆံပါ။ သန့်ရှင်းရေး ဖြစ်ဖြစ်၊ အဝင်ကောင်တာက လူပဲဖြစ်ဖြစ် အားလုံးကို လေးလေးစားစား ဆက်ဆံပါ။ ဟန်လုပ် ဆက်ဆံခြင်းမျိုးတော့ မဖြစ်သင့်ပါ။ တခါတလေ ထိုသူများ၏ မှတ်ချက်က သင့် အင်တာဗျူးတွင် ဖြေခ့၊ဲ လုပ်ခဲ့တာတွေထက် ရွေးချယ်မည့်သူတွေကို ပို၍ အားကောင်းသော အလေးပေးမှုကို ဖြစ်စေတတ်ပါသည်။

အင်တာဗျူးလုပ်မယ့် လူတွေကိုလည်း သက်တောင့်သက်သာ ဖြစ်နေစေအောင် ဆက်ဆံပါ။ စိတ်ထဲစိုးရိမ်ပြီး တင်းကျပ်နေတာ မေးခံရတဲ့သူ တယောက်တည်း မဟုတ်ပါဘူး။ အင်တာဗျူး လုပ်တဲ့ သူတွေလည်း ဖြစ်နေပါတယ်။ ရင်းနှီးမှု တည်ဆောက်နိုင်မှုက အဲ့ဒါကို ကျော်လွှားနိုင်စေမှာ ဖြစ်ပါတယ်။ ဒါပေမယ့် အလွန်အကျွံ ရင်းနှီးမှုမျိုးကြီး ပြသတာလည်း မဖြစ်သင့်ပါဘူး။ အေးအေးဆေးဆေး သက်တောင့်သက်သာ စကားပြောနေရတာမျိုး ဖြစ်အောင် ဖန်တီးထားနိုင်ရင် ကိုယ့်အတွက် အကျိုးရှိစေပါတယ်။ သူ့မှာ စိုးရိမ်စိတ်များလေလေ သူနဲ့ဆွေးနွေးရတာ ဒုက္ခရောက်စေလေလေ ဖြစ်တတ်ပါတယ်။ တခါတရံ ဟာသဖေါက်ရန် ကောင်းပေမယ့် အကြိမ်များများ နောက်ပြောင် နေခြင်းများ မလုပ်နေမိရန်ကိုလည်း သတိပြုပါ။ မိမိအိုးတိုးအန့်တန့်နှင့် စိတ်ဂဏှာမငြိမ် ဖြစ်နေသည်ကို မည်သည့်အခါမျှ မပြပါနှင့်။ မျက်နှာကို အေးအေးဆေးဆေး ထားပါ။ စိတ်ကိုလည်း အေးအေးဆေးဆေးသာ ထိမ်းထားပါ။ အလွန်အမင်း ထိမ်းချုပ် နေထိုင်ရသည့် ပုံစံမပေါက်နေပါစေနှင့်။

အင်တာဗျူး လုပ်တဲ့အခါမှာ လုပ်မယ့် အလုပ်အကြောင်း စိတ်ဝင်စားမှုပြပါ။ အလုပ်အကြောင်းကို မေးမြန်းမှုလည်း ပြုလုပ်ပါ။ ဒါပေမယ့် အလွန်အကျွံ မေးမြန်းမှုနဲ့ ခံစားခွင့်တွေ မေးမြန်းမှုတွေကို ရှောင်ရှားပါ။ နောက်ပြီး စိတ်ဝင်စားမှုပြတယ် ဆိုပေမယ့် အလုပ်ကို မရမနေ အသည်းအသန် အရမ်းလိုအပ်နေတဲ့ အနေအထားမျိုးနဲ့ အတင်းကြီး အလုပ်လိုချင်နေတဲ့ပုံမျိုး ဘယ်တော့မှ မပြပါနဲ့။ လခနှင့် ခံစားမှုများအကြောင်းကို မိမိဘက်က စမပြောပါနှင့်။ အလုပ် ကမ်းလှမ်းသည့် အခါတွင်မှ ထိုအချက်များ ညှိနှိုင်း၍ ရသည်။ အလုပ်အကြောင်းကိုသာ အဓိကထားပြောပါ။ အလုပ်အကြောင်းကို လုံးဝ မမေးမြန်း မစူးစမ်းခြင်းနှင့် အလွန်အများကြီး ရှောက်မေးနေခြင်းတို့က သင့်အပေါ် ထင်မြင်မှုကို ထိခိုက် စေနိုင်သည်။

အင်တာဗျူး လုပ်သည့်သူ၏ စကားများကို ဂရုစိုက် နားထောင်ပါ။ ဂရုစိုက် နားထောင်မှု မရှိက သူ့ကို စိတ်မဝင်စားကြောင်း ပြရာရောက်ပြီး မိမိအတွက် စဉ်းစားတော့မည် မဟုတ်ပါ။ စကား ပြောဆိုသည့်အခါတွင် မျက်နှာကိုကြည့်၍ ပြောဆိုပါ။ မျက်နှာနှင့် မျက်လုံးလွှဲခြင်း မလုပ်ပါနှင့်။ သို့သော် မျက်လုံးများက အင်တာဗျူး လုပ်သည့်သူအား စိန်ခေါ်သော မျက်လုံး၊ မျက်နှာပေးမျိုး မဖြစ်စေဘဲ ရင်းနှီးတည်ကြည်သော မျက်လုံး အမူအရာများသာ ဖြစ်စေရမည်။ စကားစကိုဖြတ်၍ မည်သည့်အခါမျှ မပြောပါနှင့်။ စာဖတ်ထား၊ အလွတ် ကျက်ထားသည်များ ပြန်ပြောသကဲ့သို့ ပြောခြင်းများ မဖြစ်အောင် အလွန် သတိထားပါ။

ကိစ္စရပ် တခုခုကို ဆွေးနွေးသည့်အခါ စိတ်ဆိုးခြင်း၊ မိမိယုံကြည်ထားသော အကြောင်းအရာကို အလွန်အမင်း ခုခံပြောဆိုနေသော ပုံစံပေါက်အောင် ပြောဆို ဆွေးနွေးခြင်းတို့ကို လုံးလုံးမလုပ်ပါနှင့်။ အင်တာဗျူးတွင် သင်၏ အမြင်နှင့် ယုံကြည်ချက်များကို စစ်ဆေးနေခြင်း မဟုတ်သည်ကို သတိပြုပါ။

စောင့်နေရခြင်းကို ညည်းညူခြင်းနှင့် အခြားကိစ္စများကို ညည်းညူခြင်းများကို ရှောင်ရှားပါ။ ညည်းညူတတ်သူဟု ထင်သွားလျှင် သင့်အား အလုပ်ပေးချင်စိတ် လျော့နည်းလာလိမ့်မည်။ မညည်းညူတတ်သူကို ပိုနှစ်သက်လေ့ ရှိတတ်ကြသည်။

အင်တာဗျူးတခုမှာ အချက်အလက်တွေ၊ ပွိုင့်တွေအများကြီး မပြောဖြစ်အောင် သတိထားပါ။ အများကြီး ပြောလေလေ ကိုယ့်ကို သူတို့ မေးစရာ၊ အားနည်းချက် ရှာစရာပိုများများရလေလေ ဖြစ်တတ်ပါတယ်။ အချက်အလက် မပြောပဲတော့လည်း နေလို့မရပါဘူး။ နဲနဲတော့ ပြောရမှာ ဖြစ်ပါတယ်။ အလွန်အကျွံ မများစေအောင် သတိထားရန် ဖြစ်ပါတယ်။ ဘာ့ကြောင့် ဒီအလုပ်အတွက် သင်က အသင့်အလျှော်ဆုံး ဖြစ်တယ်ဆိုတာကို သူတို့ လက်ခံလာအောင် ဒီလို တိုက်ရိုက်မပြောပဲ ဆွေးနွေးပြနိုင်ဘို့ လိုပါသည်။ ဤသို့ လုပ်မှသာ သင့်အား အလုပ်အတွက် ငှားချင်လာပေလိမ့်မည် ဖြစ်သည်။ မေးသည့်သူ မေးခွန်းများကို တလုံးမေး၊ တလုံးဖြေ လုပ်နေလျှင် သင့်အား မည်သူကမျှ အလုပ်အတွက် သင့်လျှော်သည်ဟု သတ်မှတ်လိမ့်မည် မဟုတ်ပေ။ စကားအလွန်များသည့် ပုံစံမပေါက်စေရန်လည်း အထူးသတိထားပါ။ စကား အလွန်များများ ပြောသည့်သူများကို အင်တာဗျူး လုပ်သူများက သိပ်အထင်ကြီးလေ့ မရှိပေ။ တချိန်လုံး မိမိကပဲ စကားပြောနေသည်မျိုး မဖြစ်အောင် အလွန်သတိထားပါ။

ပုံမှန် မေးမြန်းတတ်သည်များကို အလွယ်တကူနှင့် မထစ်ပဲ၊ မစဉ်းစားနေပဲ မှန်မှန် ဖြေနိုင်စေရမည်။ ထိုအချက်များတွင်ပင် တွေဝေပြနေလျှင် အထင်သေး ခံရတတ်သည်။ စကားကို ဝါကျအပြည့်ပြောပါ။ You know, Umm, I guess, ကျွန်တော် ထင်တာပဲ၊ ဟုတ်မှာပေါ့၊ စသည်ဖြင့် မရေမရာပြောသည်များနှင့် စကားတဝက်တပျက်နှင့် စဉ်းစားနေရသည်တို့ကို ရှောင်ရှားပါ။

ထင်ရှား အရေးကြီးသည့် သူများကို မည်သူ့ကို သိသည်၊ မည်သူက သူငယ်ချင်း၊ စသည်ဖြင့် ကိုယ့်ကို အထင်ကြီးစေရန် လုပ်ခြင်းများကို ရှောင်ရှားပါ။ ထိုသို့ အခြားသူများ၏ အမည်များကို ထည့်ခြင်းက မိမိကိုယ်ကို အားမကိုးတတ်ပဲ အခြားသူများအား အသုံးပြု၍ မိမိကိုယ်ကို မြှင့်တင်ခြင်းဟု ထင်ခံရနိုင်သည်။ အရာရာကို သိနေတတ်နေသော ပုံစံမျိုးနှင့် ပြောဆိုခြင်းမျိုးကိုလည်း ရှောင်ရှားရမည်။ စူးစမ်းလိုစိတ်၊ သိရှိအောင် လုပ်လိုစိတ်ကို ပြသတတ်ရမည်။ အလွန်အကျွံတော့ မဖြစ်အောင် အထူးသတိပြုပါ။ အလုပ်များတွင် လျှောက်ထားသည့် အလုပ်ထက် လိုအပ်ချက် မကိုက်ညီသော သူများနှင့် လျှောက်ထားသော အလုပ်ထက် အလွန်ပိုတတ်နေသူများကို သိပ်ငှားလေ့ မရှိကြပေ။ မကိုက်ညီသည့် သူများကို ငှားရမ်းခြင်းဖြင့် လုပ်ငန်းထုတ်လုပ်နိုင်သလောက် မထုတ်လုပ်နိုင်မည်ကို စိုးရိမ်သောကြောင့်ဖြစ်ပြီး အလွန်အမင်း ပိုတတ်ကျွမ်းသူကလည်း ထိုလုပ်ငန်းတွင် အတည်တကျ နေမည်မဟုတ်ပဲ ယာယီ ခိုရန်အတွက် လုပ်သည်ကိုသာ စိုးရိမ်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် အလုပ်အင်တာဗျူးတွင် မိမိ၏ အရည်အချင်းကို လျှောက်ထားသော အလုပ်နှင့် ကိုက်ညီရန် ညှိနှိုင်းပြောဆိုရသည်။ လို၍ ပို၍မကောင်းပေ။

အလုပ်အင်တာဗျူးမှာ ကိုယ်ဘယ်လောက် ကြိုးစားတယ်ဆိုတာထက် ဘာအောင်မြင်မှုတွေ၊ ဘာတွေ လုပ်ဆောင်နိုင်ခဲ့ လုပ်ဆောင်ပြီးခဲ့တယ် ဆိုတာကို အလေးထား ဆွေးနွေးပါ။ အရမ်းကြွားသလိုလည်း မဖြစ်အောင် အေးအေးဆေးဆေး ပြောပါ။ တဘက်သား ပြောတဲ့စကားကိုလည်း ဖြတ်မပြောပဲ သေသေချာချာ နားထောင်ပါ။ သူပြောပြီးတဲ့ အချိန်အထိ သေသေချာချာ စောင့်ပြီးမှ ကိုယ်ပြောလိုတာကို ပြောပါ။ အင်တာဗျူး လုပ်တဲ့သူကို စကားဖြတ်ပြောတာက အလွန်ကြီးလေးတဲ့ အမှားလုပ်သလိုပါပဲ။ အောင်မြင်မှုတွေ၊ လုပ်ခဲ့ပြီးတာတွေကို ဖော်ပြတဲ့ အခါမှာလည်း ကိုယ့်လုပ်ဖော် ကိုင်ဘက်တွေရဲ့ ပါဝင်ဆောင်ရွက်မှုတွေကို အသိအမှတ်ပြု ပြတတ်ဘို့ လိုပါတယ်။ ဒီလိုလုပ်ပြခြင်းဟာ ကိုယ့်တကိုယ်ကောင်းသမား မဟုတ်ပဲ၊ အများနဲ့ တူတူ တွဲလုပ်တတ်တဲ့ သူဆိုတာကို အင်တာဗျူး လုပ်တဲ့သူက သိစေလိမ့်မှာ ဖြစ်ပါတယ်။ အလုပ်အများစုမှာ တယောက်ကောင်း လုပ်တတ်သူထက် အသင်းအဖွဲ့နဲ့ တွဲပြီး အသင်းအဖွဲ့ကို အားတက်အောင်လုပ်ပြီး လုပ်တတ်တဲ့သူကို ပိုပြီး အလိုရှိလေ့ ရှိပါတယ်။

အရင်က အလုပ်နှင့် ကိုယ့်အထက်လူကြီးအကြောင်း မကောင်းပြောခြင်းကို ရှောင်ရှားပါ။ ထိုသို့ ပြောလျှင် မေးမြန်းသည့်သူက စိတ်ဝင်တစား မေးမြန်းသည့် ပုံစံပြကောင်းပြမည် ဖြစ်သော်လည်း သူ့နောက်ကွယ်တွင်လည်း မိမိက ထိုသို့ ပြောသောအကျင့် ရှိနိုင်လိမ့်မည်ဟု သတ်မှတ်ကာ မိမိအား အစကတည်းက မယုံတော့ပဲ ငှားရမ်းရန် ဝန်လေး ပေလိမ့်မည်။ အလုပ်ရပြီးနောက်ပိုင်း အလွန်ရင်းနှီးလျှင်တောင်မှ ထိုသို့ပြောခြင်းမျိုးကို သတိထားပါ။

ကိုယ်မလုပ်နိုင်သော အလုပ်နှင့် အရည်အချင်းကို မရှိပဲနှင့် ရှိသည်ဟု မပြောပါနှင့်။ မလုပ်နိုင်ဟုလည်း မပြောပဲ ထိုကိစ္စကတော့ အသစ်ဖြစ်သည်။ မည်သို့ ကြိုးစားကြည့်ချင်သည်ကို ပြောဆို ဆွေးနွေးပါ။ မလုပ်တတ်၊ မလုပ်နိုင်ပဲနှင့် လုပ်နိုင်သည်ပြောလျှင် အလွန်ကြီးမားသော ပြဿနာ ဖြစ်နိုင်ပေသည်။ မိမိလည်း ရေရှည်တွင် စိတ်ညစ်ရပေလိမ့်မည်။

အလွန်အမင်းကြီး အတင်းတောင်းသည် မဖြစ်စေပဲ အလုပ်ရလျှင်ဖြင့် ဝမ်းမြောက်စွာဖြင့် လုပ်ဆောင်လိမ့်မည် ဖြစ်ကြောင်းပြောဆိုရန် မမေ့ပါနှင့်။ တောင်းတောင်းပန်ပန်နှင့် အလွန်အကျူး လိုအပ်နေ၍ တောင်းသည့် ပုံစံလုံးလုံး မဖြစ်စေရပဲ သာမန်ရိုးရိုးပုံစံနှင့် ပြောရမည်။ သို့ရာတွင် သူ့အား ထွက်ပေါက်ပိတ်ပြီး ပြောရန် ခက်သော အခြေအနေမျိုး မဖြစ်စေအောင် ရှောင်ရှားသင့်သည်။

အင်တာဗျူးပြီးတိုင်း အင်တာဗျူးခေါ်တဲ့အတွက် ကျေးဇူးတင်ကြောင်းနဲ့ အဆုံးအဖြတ်ကို နားထောင်နေမယ့် အကြောင်း အတိုလေး ရေးပို့ပါ။ အလုပ်ရလား မရလားကို ဒီအထဲမှာ လုံးလုံးမမေးပါနဲ့။

အင်တာဗျူးများတွင် မှားယွင်း ပြောလေ့ရှိကြသော အတုံးဆုံး အပြောများ

ကျွန်တော်က ဒီအလုပ်အတွက် အသင့်တော်ဆုံးလူ ဖြစ်တယ်။ ဒီလိုဟာမျိုးကို ကာဗာစာမှာ ရေးတာက ပြဿနာ မရှိပေမဲ့ စကားထဲမှာ ပြောရင်တော့ မကောင်းပါ။ ကိုယ့်ကိုကိုယ် အထင်ကြီးနေသည့်လူပုံစံ ပေါက်သွားမည် ဖြစ်သည်။ စကားပြောသည့် အခါတွင် အရည်အသွေးများကို ကိုက်ညီကြောင်းသာ ဆက်စပ်ပြောဆိုရပြီး ဤစကားမျိုး မည်သည့်အခါမျှ မပြောသင့်ပေ။

အခုလခအကြောင်း စိတ်မဝင်စားသေးဘူး။ တကယ်လို့ ဒီလိုဖြေရင် အလုပ်တော်တော်များများမှာ ပြဿနာ ရှိတတ်ပါတယ်။ ဖြစ်သင့်သော လစာအကြောင်းကို ဆွေးနွေးမှု ပြုရလိမ့်မည်ဖြစ်သည်။ မိမိအနေဖြင့် ကြိုတင် လေ့လာထားပြီး ထိုက်သင့်သည့် ပမာဏထက် များလည်း မများလွန်း၊ နည်းလည်း မနည်းလွန်းသော ဈေးနှုန်းကို ပြောဆို ဆွေးနွေးနိုင်သည်။ နည်းလွန်းပါကလည်း မိမိအရည်အချင်း မပြည့်မှီ၍ လျှော့ဈေးနှင့် ရောင်းသည် ထင်တတ်ကြပြီး များလွန်းပါကလည်း ငွေနောက်လိုက်လွန်းသည် ထင်တတ်ကြသည်။ ထို့ကြောင့် ကြိုတင် လေ့လာမှု သေသေချာချာ လုပ်ထားလျှင် အကျိုးပိုရှိမည် ဖြစ်သည်။

ကိုယ်ကိုကိုယ် ဘာမှချို့ယွင်းချက်ရှိတယ် မထင်မိဘူး။ လူတိုင်းတွင် ချို့ယွင်းချက် ရှိကြသည်။ မိမိကိုယ်တွင် ချို့ယွင်းချက်ရှိတာကို လူတိုင်း ကိုယ့်ဘာသာကိုယ် သိကြသည်။ အမှန်တကယ် မသိသော သူများသည် ကိုယ့်ကိုကိုယ် အလွန် အထင်ကြီးနေတတ်ကြသူများ ဖြစ်တတ်၍ ထိုသူများကို အလုပ်မည်သူမျှ ပေးထားလိုကြလိမ့်မည် မဟုတ်ပေ။ မိမိ၏ ချို့ယွင်းချက် အချို့ကို ဖေါ်ပြရန် လိုပေလိမ့်မည်။ အလုပ်ကို မထိခိုက်စေသော ချို့ယွင်းချက်မျိုးကို ပြောပြ ဆွေးနွေး၍ မည်သို့သော ပြောင်းလဲမှု ကြိုးစားနေကြောင်း ပြောဆိုခြင်းမျိုးက ပိုမိုကောင်းမွန်သည်။

အားလုံး ဘက်ပေါင်းစုံ၊ ရှုထောင့်ပေါင်းစုံက ကောင်းနေတာပဲ လိုချင်တယ်။ မည်သည့်အရာမျှ ဘက်ပေါင်းစုံမှ ကောင်းနေလိမ့်မည် မဟုတ်ပေ။ အကောင်းဆုံးရအောင် အတတ်နိုင်ဆုံး ကြိုးစားကာ အများစုကို အင်တိုက် အားတိုက် လုပ်ကြစေရန် တက်တက်ကြွကြွ ဖြစ်လာအောင် တိုက်တွန်း ပြောဆိုလုပ်ရမည်ဖြစ်ပြီး ထိုမျှရသော ရလာဒ်ကိုလည်း ကျေနပ်နိုင်ကြောင်း ဖေါ်ပြရမည်ဖြစ်သည်။ ဘက်ပေါင်းစုံက ကောင်းနေတဲ့ ပုံစံရှိတာပဲ ကြိုက်သည်ဆိုသော သူများကို စစ်မေးသူအများစုက ကြိုက်လေ့မရှိပေ။

ကျွန်တော့်မှာ ဒီအလုပ်နဲ့ ပတ်သက်ပြီးတော့ မေးစရာမေးခွန်း မရှိပါဘူး။ ဒီအလုပ်မှာ အချိန်ပြည့်လုပ်မည့်သူက ဒီအလုပ်နှင့် ပတ်သက်၍ စိတ်မဝင်စားဘူးဟု ပြောလိုက်သကဲ့သို့ ဖြစ်နေသည်။ ထို့ကြောင့် အလုပ်နှင့် ပတ်သက်သော မေးလိုရာများကို ရှာဖွေလေ့လာထား သင့်သည်။ အလွန်အကျွံ မေးကလည်း မကောင်းသည်ကို သတိရသင့်သည်။

ငြိမ်းချမ်း

အလုပ်ရှာဖွေသည်နှင့် ပတ်သက်ပြီး သိထားသင့်သည်များ (အပိုင်း - ၃)ကို ဧပြီလ (၂)ရက်၊ သောကြာနေ့တွင် ဆက်လက် ဖော်ပြပါမည်။


www.ghre.org မှ ကူးယူဖော်ပြပါသည်။

အလုပ်ရှာဖွေသည်နှင့်ပတ်သတ်ပြီး သိထားသင့်သည်များ(အပိုင်း ၁)

အလုပ်ရှာတဲ့အခါ

ကိုယ်လျှောက်မဲ့ အလုပ်ဟာ ကိုယ်လုပ်နိုင်တဲ့ အလုပ်ဟုတ်၊ မဟုတ်ကို စုံစမ်းမှုလုပ်ပါ။ လျှောက်မဲ့အလုပ်နဲ့ ပတ်သက်တဲ့ သိသင့်တဲ့ အချက်တွေကိုလည်း ကြိုပြီးသိအောင် စုံစမ်းထားနိုင်လေ ကိုယ့်အတွက် အကျိုးရှိလေ ဖြစ်ပါလိမ့်မယ်။ တချို့အလုပ်တွေက လခတော့ ကောင်းချင် ကောင်းပါလိမ့်မယ်။ ကိုယ့်အတွက် အန္တရာယ်ရှိတဲ့ အလုပ်တွေ ဖြစ်နေရင် ဒီအလုပ်မျိုး သွားလုပ်လို့က ကိုယ်ဒုက္ခ ရောက်ပါလိမ့်မယ်။ မြန်မာလူမျိုး သင်္ဘော ဒုအရာရှိတယောက်က မလေးရှား သင်္ဘောတခုမှာ အလုပ်ရလို့ သွားလုပ်ပါတယ်။ ဒီသင်္ဘောက မှောင်ခိုပစ္စည်းတွေကို ပစိဖိတ်ထဲက ကျွန်းနိုင်ငံလေးတခုကို ခိုးသွင်းတာကို တရားဝင် သွင်းကုန်တွေ သွင်းတာနဲ့ အတူလုပ်ပါတယ်။ မကြာသေးခင်က စစ်ဆေးရာမှာ တွေ့သွားတော့ ဒီအရာရှိကော၊ နောက် သူ့အထက်က တယောက်ကော သင်္ဘောနဲ့ အတူတူ အဖမ်းခံရပါတယ်။ သင်္ဘောကုမ္ပဏီက သင်္ဘောအတွက် လာဘ်ထိုးပြီး သင်္ဘောပြန်ရွေး သွားပြီးတော့ ဒီအမှုကို ကပ္ပတိန်နဲ့ ဒုကပ္ပတိန်တို့ကို အမှုပုံချခဲ့တော့ အဲဒီ့ မြန်မာအမျိုးသား ဒုကပ္ပတိန်ဟာ တခြားနိုင်ငံသား ကပ္ပတိန်နဲ့အတူတူ ထောင်ကျခံနေရပါတယ်။ ဒါ့ကြောင့် ကိုယ်လျှောက်တဲ့ အလုပ်က ကိုယ့်ကို အန္တရာယ်ပေးမဲ့ အလုပ်လား ဆိုတာကို သေသေချာချာ စုံစမ်းလေ့လာပြီးမှ လျှောက်တာက ကိုယ့်အတွက် ပိုကောင်းပါလိမ့်မယ်။

လျှောက်လွှာခေါ်တဲ့ အလုပ်က သုံးလေးလကြာလျှင် နောက်တခါ ခေါ်ပြန်၊ ခဏကြာလျှင် တခါ လျှောက်လွှာထပ်ခေါ်ပြန် လုပ်လေ့ရှိတဲ့ အလုပ်မျိုးကို သေသေချာချာ လေ့လာသင့်ပါတယ်။ ကိုယ့်အရှေ့က လူတွေဘာကြောင့် ခဏခဏ ပြောင်းလဲနေရတာ၊ ဝင်လိုက်ထွက်လိုက် လုပ်နေရတာလဲကို တော်တော် စဉ်းစားသင့်ပါတယ်။ ဒီလို ခဏခဏ လူအပြောင်းအလဲ ဖြစ်နေတဲ့ အလုပ်မျိုးကို လျှောက်ဘို့ အလွန်သတိထားပါ။ ဒီလို ဖြစ်နေရတာ အကြောင်းတခုခုတော့ ရှိပါလိမ့်မယ်။ ဒီလိုနေရာမျိုး ရသွားပြီးတော့ ကိုယ်လဲခုနကလို နှုတ်ထွက်ရတဲ့အထဲ ပါလာတဲ့အခါ နောက်အလုပ် လျှောက်တဲ့အခါ ကိုယ့်အတွက် တော်တော်ထိခိုက်နိုင်ပါတယ်။ နောက်အလုပ်အတွက် အင်တာဗျူးမှာ အရင် အလုပ်အကြောင်းနဲ့ အရင် အုပ်ချုပ်မှု အကြောင်းကို ရှုတ်ချသလို မပြောပဲ ဘာ့ကြောင့် ထွက်ရတာပါ ဆိုတာကို ပြောရ ခက်ပါလိမ့်မယ်။ ဒီလို ရှုတ်ချပြောတယ်ဆိုရင်လည်း နောက်အလုပ်က ငှားဘို့ တော်တော် စဉ်းစားရ ခက်ပါလိမ့်မယ်။ ဒါ့ကြောင့် ဒီလို အလုပ်မျိုးကို အစောကြီးကတည်းက သေသေချာချာ သတိထားမိနိုင်ဘို့ လိုပါတယ်။

အလုပ်တခုကနေ တခုကို ခဏခဏ ပြောင်းနေတာကလည်း နောက်အလုပ်တခု လျှောက်တဲ့အခါမှာ ကိုယ့်အတွက် မကောင်းတာ ဖြစ်လာပါလိမ့်မယ်။ ဒါ့ကြောင့် တတ်နိုင်ရင် ကိုယ်ရေရှည်စွဲမြဲ လုပ်နိုင်မယ့်အလုပ် ဟုတ်မဟုတ်လည်း စဉ်းစားဘို့ လိုပါတယ်။ နှစ်နဲ့လုပ်ပြီးမှ အခြားအလုပ်ကို ပြောင်းလဲလုပ်တာက ကိုယ့်ရဲ့ စွဲမြဲ လုပ်ကိုင်မှုကို ပြသပေးပြီး အလုပ်ရှင်က စိတ်ဝင်စား စေလိမ့်မယ် ဖြစ်ပါတယ်။

အလုပ်တာဝန် သေသေချာချာ ပြတ်ပြတ်သားသား ကွဲကွဲပြားပြား မပြောထားတဲ့ အလုပ်မျိုးဆိုရင်လည်း တော်တော်စဉ်းစားပါ။ အရမ်း လိုအပ်တုံးအချိန်မှာ တွေ့ကရာ အကုန်လိုက်လုပ်ပေးရတာကို စိတ်ထဲက ဘာမှမဖြစ်ပေမယ့် မကြာခင် ညောင်းအီလာပြီး အလွန်ပင်ပမ်း စိတ်ဆင်းရဲစရာ ဖြစ်လာတာကို တွေ့ရပါလိမ့်မယ်။ ကိုယ့်ကို ငှားမဲ့နေရာနဲ့ သက်ဆိုင်တဲ့ အလုပ်ကို သေသေချာချာ သတ်မှတ်ထားပေးတဲ့ အလုပ်မျိုးကို အဓိက ဦးစားပေး စဉ်းစားပါ။ အလုပ်ထဲမှာ တခါတလေ ကိုယ်နဲ့ မသက်ဆိုင်ပေမယ့် ကိုယ့်လုပ်ငန်းအတွက် လိုအပ်ချက်အရ လုပ်ပေးရတာမျိုးတော့ ရှိပါတယ်။ ဒါက တခါတလေ လိုအပ်ချက်အရသာ ဖြစ်သင့်ပါတယ်။ ဒီလိုကြုံလာတဲ့ အခါမျိုးမှာ ဆိုင်ဆိုင်၊ မဆိုင်ဆိုင် တက်တက်ကြွကြွ စိတ်ပါလက်ပါ လုပ်ပေးတာဟာ ကိုယ့်အတွက် အလုပ်မှတ်တမ်းမှာ အကောင်း ဖြစ်လာစေပါလိမ့်မယ်။

ကိုယ်ကျိန်းသေပေါက်ရမယ် ထင်နေတဲ့ အလုပ်ကိုလည်း ကိုယ်ရချင်မှရမှာပါ။ ဒါ့ကြောင့် အရံနောက်တခုခုကိုလည်း ရှာဖွေထားသင့်ပါတယ်။ လျှောက်ထားတဲ့ အလုပ် အားလုံးရတဲ့ အခါကျလျှင်တော့ ကိုယ်စိတ်ကြိုက်ကို ရွေးချယ်ပါ။ နောက် အခြား အလုပ်တွေကိုလည်း မိမိ အလုပ်လက်ခံထားပြီး ဖြစ်တဲ့အကြောင်းကို အကြောင်းကြား ပေးတာက ကိုယ့်ယဉ်ကျေးမှုကို ပြသရာ ရောက်ပါတယ်။ ဒီလို တခြားအလုပ်ကို ရွေးလိုက်တဲ့အတွက် အားနာစရာ မလိုပါဘူး။ အလုပ်တွေကလည်း ဘယ်တော့မှ အားနာပြီး ငှားတယ်မရှိပါဘူး။ ကိုယ်က သူ့ထက်ကောင်းမယ် ကိုယ်ယူဆတဲ့အလုပ်ကို လက်ခံတာကို ဘယ်သူမှ အပြစ်ပြောမယ် မဟုတ်ပါဘူး။ တခုပဲရှိတာက တခြားအလုပ်ကို လက်ခံလိုက်ပြီ ဆိုတဲ့အခါမှာ လျှာရှည်ပြီး ဟိုအလုပ်က ဒီအလုပ်ထက် ပိုကောင်းလို့ ဘာခံစားခွင့်ပိုလို့ ဆိုတာတွေ ဘာမှမပြောနေဘို့ပဲ လိုတာပါ။ ဟိုအလုပ်ကို ရွေးလိုက်ပြီးဖြစ်လို့ ဆောရီးပါပဲဆိုတာ ပြောရင် လုံလောက်ပါတယ်။ အလုပ် ကမ်းလှမ်းမှု ရှိလာတဲ့အခါ ချက်ခြင်း လက်ခံလိုက်တာ မလုပ်ပါနဲ့။ သူ့မှာ ပေးထားတဲ့ အချိန်အတွင်းမှာ အခြားအလုပ်တွေက ထပ်ကမ်းလှမ်းလာတာ ရှိမရှိကို စောင့်ကြည့်ပါ။ တကယ်လို့ ကမ်းလှမ်းလာတဲ့အလုပ်က ကိုယ့်စိတ်ကြိုက် အဖြစ်ဆုံး ဆိုရင်တော့ ချက်ခြင်း လက်ခံတာ မမှားပါဘူး။ ဒုတိယ၊ တတိယ ထားထားတဲ့ ဟာတွေဆိုရင် အဲ့ဒီကမ်းလှမ်းတဲ့ အချိန်အတွင်း စောင့်ကြည့်ပြီး စိတ်ကြိုက် အလုပ်က ကမ်းလှမ်းလာတာ ရှိမရှိကို စောင့်ကြည့်လို့ ရပါတယ်။ တကယ်လို့ ကမ်းလှမ်းတာ လက်ခံပြီးမှ ကိုယ့်စိတ် အကြိုက်ဆုံး အလုပ်က ကမ်းလှမ်းလာတာရှိရင်လည်း ဘာမှ မလွန်သေးခင်ဆိုရင် စကားလှလှသုံးပြီး ပထမ လက်ခံထားတဲ့ အလုပ်ကို နောက်ဆုတ်လို့ ရပါတယ်။ အများကြီး စကားမလွန်ရ အဆင့်တွေ မကျော်သွားရသေးဘူး ဆိုရင်ပေါ့။ အားနာလို့ လက်ခံထားပြီးသား အလုပ်ကိုပဲ ဆက်ယူလိုက်တာ မလုပ်ပါနဲ့။ ကိုယ့်အတွက်ကိုယ် သေသေချာချာ ကြည့်ပါ။

ဘွဲ့တခုခု လိုအပ်တဲ့အလုပ်တွေမှာ ကိုယ်ရထားတဲ့ဘွဲ့နဲ့ အဲ့ဒီအလုပ် ဆက်စပ်မှု ရှိမရှိရှာပါ။ အဲ့ဒီအလုပ်မှာ လိုအပ်ချက် အတွက် ကိုယ်ဘာလုပ်ပေးနိုင်တာကို အဓိက ဦးစားပေး ဆွေးနွေးနိုင်ရင် အလားအလာ ကောင်းပါလိမ့်မယ်။ အများစုက ဘွဲ့တွေထဲက အဆင့်ဘယ်လောက် ကောင်းကောင်းရတယ်။ ကျောင်းမှာ ဘယ်လိုကြိုးစားတယ် ဆိုတာကို သိပ်မသိချင်ပါဘူး။

ဆက်ဆံရေး ဘယ်လောက်ပြေပြစ်သလဲနဲ့ လုပ်မယ့် အလုပ်အပေါ်ကို ဘယ်လောက် ထိထိမိမိ လုပ်ပေးနိုင်မယ့်လူ ဖြစ်မယ်ရယ် ကိုယ်သင်ထားတာကို ဘယ်လောက် အသုံးချနိုင်တဲ့လူ ဖြစ်မလဲဆိုတာကို အလေးထားလေ့ ရှိကြပါတယ်။ ကျောင်းတက် နေစဉ်ကတည်းက ကိုယ်ယူထားတဲ့ ဘာသာရပ်ရယ်၊ ကိုယ်လုပ်ချင်တဲ့ အလုပ်ရယ်နဲ့ ပတ်သက်တဲ့ အလုပ်တွေမှာ စေတနာ့ဝန်ထမ်း လုပ်တာတို့၊ အချိန်ပိုင်း အလုပ်လုပ်တာတို့၊ အလုပ်သင် အလုပ်လုပ်တာတို့တွေက ကျောင်းပြီး အလုပ်လျှောက်တဲ့ အခါမှာ အများကြီး အထောက်အကူ ပြုပါတယ်။ ဒါတွေက ကိုယ့်ကို အတွေ့အကြုံနဲ့ အလုပ်အတွက် ထောက်ခံမှုတွေ အများကြီးပေးပါတယ်။

ကိုယ့်စီဗွီ(အလုပ်မှတ်တမ်း)မှာ အီးမေးလ်လိပ်စာ ထည့်တဲ့အခါမှာ ရိုးရိုးသားသား ပြင်းစရာ ကောင်းလောက်တဲ့ အီးမေးလ်လိပ်စာက ချစ်စရာလေးဖြစ်တဲ့၊ လှတဲ့ အီးမေးလ် လိပ်စာတွေထက်ကို အများကြီး ပိုကောင်းပါတယ်။ အီးမေးလ်လိပ်စာကို ချစ်စရာ၊ ကြိုက်ချင်စရာ လိပ်စာမျိုး မဖြစ်နေပါစေနဲ့။

အလုပ်တွေ ရှားပါးနေတဲ့အချိန်မှာ လုပ်ငန်းအကြီးကြီးတွေမှာ လျှောက်တာထက် လုပ်ငန်းငယ်ငယ်တွေမှာ အလုပ်လုပ်တာက ပိုပြီး တည်မြဲမှု ရစေနိုင်ပါတယ်။ ဒီလို အလုပ် အလွန်ရှားတဲ့ကာလမှာ အလုပ်ရှာရရင် လုပ်ငန်းငယ်ငယ်တွေမှာ ဦးစားပေးရှာပါ။

အင်တာဗျူးမသွားခင်မှာ ကိုယ့်ကိုမေးနိုင်တဲ့ မေးခွန်းတွေအားလုံးကို စဉ်းစားချထားပြီး အဲ့ဒီမေးခွန်းတွေကို အကောင်းဆုံးဘယ်လို ဖြေဆိုမလဲဆိုတာကို စဉ်းစား ရေးချထား ကြည့်သင့်ပါတယ်။ ဒါပေမဲ့ အလွတ်ကျက်ထားတာကို ပြန်ပြောနေတာမျိုးမဖြစ်ပဲ ပုံမှန်စကားပြောနေတာမျိုး ပြောနေအောင် လုပ်ရပါမယ်။ ဘာဖြစ်လို့ မင်းကို ဒီအလုပ်မှာ ငှားသင့်တယ်ထင်လဲဆိုတဲ့ မေးခွန်းမျိုးလည်း လာနိုင်တာကို သတိပြုပါ။ အဲ့ဒီလိုအခါမျိုးမှာ ကိုယ့်ရပ်တည်ချက်အတွက် လိုနေတာကို လုံးလုံးမပြောပဲ ကိုယ်သာ ဒီအလုပ်ရရင် ဒီအလုပ်အတွက် ကိုယ့်ရဲ့ ဘယ်အားသာချက်တွေကို အသုံးပြုပြီး ဒီအလုပ်ကို ကောင်းအောင်လုပ်နိုင်မယ် ဆိုတာကို အလေးပေးပြီး ဆွေးနွေးဘို့ ပြင်ထားပါ။ တခုခုမှာ နဲနဲမှားယွင်းပြောဆိုမိရင်လည်း အဲဒီမှာကြီးပဲ စိတ်မရောက်နေပဲ အခြားနေရာတွေမှာ ကောင်းကောင်းဖြစ်အောင် ပြောဆိုနိုင်ဘို့ကိုလည်း လေ့ကျင့်ထားပါ။ တခုမှားတာကိုကြီးပဲ စိတ်စွဲနေရင် အခြားနေရာတွေမှာ ဖါထေးပေးနိုင်တာတွေကို အလကား ဖြစ်ပါစေလိမ့်မယ်။ အနဲဆုံး အလေ့အကျင့် ပိုရတယ်ဆိုတဲ့အသိ စိတ်ထဲမှာစွဲထားရင် အေးအေးဆေးဆေး အင်တာဗျူးလုပ်နိုင်မှာပါ။

ကိုယ့်အရည်အချင်းများနှင့် လုပ်နိုင်ရည်များက လျှောက်ထားသော အလုပ်အတွက် မည်သို့ အကျိုးရှိနိုင်ကြောင်းနှင့် မည်သို့ အသုံးပြုမည်ဖြစ်ကြောင်းကို ရှင်းလင်းပြနိုင်ရန် ကြိုတင်ပြင်ဆင် စဉ်းစားထားရမည်။ ထိုအချက်များကို သေသေချာချာ ရှင်းပြနိုင်ရပေမည်။ အလုပ်အတွက် မထိခိုက်စေနိုင်သော ကိုယ့်အားနည်းချက်ကိုလည်း ဖေါ်ပြ၍ ထိုအားနည်းချက်ကို မည်သို့ ပြင်ဆင် ကုစားနေကြောင်း ပြောပြနိုင်ရမည်။ အသိတယောက်က အင်တာဗျူးတခုတွင် သူ၏ အဓိက အားနည်းချက်မှာ အထက်အရာရှိများနှင့် ဘယ်တော့မှ မတည့်ခြင်းဖြစ်သည်ဟု ဖြေခဲ့သဖြင့် သူသေချာပေါက် ရနိုင်သော ထိုအလုပ်ကို သေချာပေါက် လက်လွှတ်ခဲ့ရသည်။

ကိုယ်၏ အလုပ်မှတ်တမ်း (စီဗွီ)တွင် ရေးသားထားသည်များကို သေသေချာချာ မှတ်မိနေပါစေ။ အင်တာဗျူး သွားသည့်အခါတွင်လည်း ၄င်းကို တပါတည်း ယူသွားရန် မမေ့ပါနှင့်။

အလုပ်တခု လျှောက်တယ်၊ အင်တာဗျူးသွားတယ်၊ ဒါပေမဲ့ အလုပ်မရတာ၊ တခါတလေ အင်တာဗျူးတောင် မခေါ်ခံရတာကိုဘာမှ စိတ်ထဲမှာ မထားပါနဲ့။ အဲ့ဒါအတွက် ကိုယ့်ကိုကိုယ် မညှဉ်းဆဲပါနဲ့။ ဒါက သူတို့ လိုအပ်ချက်နဲ့ ကိုယ့်နဲ့ မကိုက်ညီလို့သာ ဖြစ်ပါတယ်။ ကိုယ်အသုံးမကျလို့ မဟုတ်ပါဘူး။ ကိုယ့်ကိုကိုယ် ညှဉ်းဆဲပြီး စိတ်ပျက်ခြင်းဟာ ကိုယ့်အောင်မြင်မှုကို ပြန်ပြီးကိုယ့်ဘာသာကိုယ် ပိတ်ဆို့တာသာ ဖြစ်ပါတယ်။ တခြား ဘာအကျိုးမှ မရှိပါဘူး။ မရသေးရင် ဆက်လျှောက်ပါ။ တချိန်ချိန်၊ တခုခုတော့ ရလာမှာပါ။ များများ ထပ်လျှောက်ပါ။ များများ ထပ်လျှောက်လေ၊ ကိုယ့်အတွက် ကျွမ်းကျင်မှု ပိုရလာလေပါပဲ။

ငြိမ်းချမ်း


www.ghre.org မှ ကူးယူဖော်ပြပါသည်။