မင်္ဂလာပါ ... ကြွရောက်လာကြသော မိတ်သင်္ဂဟအပေါင်းတို့ကို "မြန်မာအလုပ်သမားများကွန်ယက်" ဆိုဒ်မှ နွေးထွေးစွာဖြင့် ကြိုဆိုပါတယ်ခင်ဗျာ....

မြ၀တီမြို့မှ ၀န်ထမ်းတချို့ပေါ်ပေါ်တင်တင်တောင်းစားနေ

မင်္ဂလာပါ ....

မြ၀တီမှာဝန်ထမ်းအရာရှိတွေရဲ့တရားဝင်ပေါ်ပေါ်တင်တင် တောင်းစားနေကြတဲ့အဖြစ်တွေ မြ၀တီမြို့က လက်လုပ်လက်စားပြည်သူများရဲ့အခက်အခဲကိုအများသိအောင်တင်ပြပေးစေချင်ပါတယ်။

အဒေါ်တို့မြ၀တီမှာ မဲဆောက်ဘက်ကိုသွားလုပ်စားဘို့အတွက် အဆင်ပြေအောင်တဲ့တစ်နှစ်စာ Boder Pass ဆိုတဲ့စာအုပ်တွေလုပ်ပေးပါတယ်။ မည်သူမဆို သန်းခေါင်စာရင်း ရှိတာနဲ့ဓါတ်ပုံ(၃)ပုံပေးပြီးလုပ်လို့ရတယ်။ အရင်ကတော့ စာအုပ်တစ်အုပ်ကို ၆၅၀၀ ကျပ် မှ ၈၀၀၀ ကျပ် အထိပေးရတယ်။ ခုကစီမံချက်ဆိုပြီး စာအုပ်ဖိုး ၅၀၀ ကျပ်ဘဲပေးရတယ်။ အပိုမပေးရဘူးတဲ့ အစပါ

ခု လက်ထောက်ဦးစီမှူးရှိန်ဝင်း ကဦးဆောင်ပြီး အဓမ္မတောင်းရမ်းမှုတွေလုပ်လာပါပြီ။ မပေးနိုင်တဲ့သူတွေကို မပေးချင်တာလို့ဘဲသဘောထားပြီး ဆောင်ရွက်မပေးပါဘူး ရစ်ပါတယ်။

Sky Net လုပ်တဲ့သူဆိုရင် အဲဒီရှိန်ဝင်းအိမ်မှာ တစ်လုံးအလကားသွားတပ်ပေးရတယ်။ နောက်တစ်ယောက်က CDMA တစ်လုံးပေးရတယ်။ နောက်အဒေါ်တို့အိမ်ကျတော့ ၅ ယောက်စာဆိုတော့ သူအိမ်မှာ ကျောင်အိမ် မရှိလို့ ကျောင်အိမ် တစ်လုံးလာပို့ပေးရမယ်တဲ့ကွယ်၊ အဒေါ့် မိတ်ဆွေတယောက်ဆို သူ့တစ်ယောက်စာသွားလုပ်တာ ရုံးအတွက် ခုံတစ်လုံးဝယ်ခိုင်းတယ်တဲ့ ။ သူက မ၀ယ်ပေးနိုင်သေးဘူးလို့ပြောတော့ စာအုပ်ထုတ်မပေးသေးဘူးတဲ့ကွယ်။ ခုအခြေအနေတော်တော်ဆိုးနေပါပြီ၊ မြ၀တီမှာနေတဲ့လူတိုင်းဒီစာအုပ်ကိုလုပ်ကြရမှာပါ၊ ဘယ်လိုလုပ်ကြမလဲကွယ်။ အဲဒါဆရာတို့ကနေပြီး ဒီမိုကရေစီအစိုးရ ရဲ့အရာရှိတွေ တရားဝင်တောင်းရမ်း စားသောက်နေကြတာကို အများပြည်သူတွေသိအောင် တင်ပြပေးဖို့တောင်းပန်ပါတယ်၊ သူတို့ပြောတော့ပြည်သူတွေအဆင်ပြေအောင်ဆို ခုတော့အရင်အကျင့်အတိုင်းပါဘဲကွယ် ။ ဟိုဘက်ကမ်းနဲ့ဆက်စပ်နေတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေမို့တောင်းတယ်ဆိုတော်သေးတာပေါ့။

စာအုပ်ပုံစံတွေ ပို့ပေးလိုက်ပါတယ်

မြန်မာပြည်သားများကိုယ်စား ကျေးဇူးတင်ပါတယ်။

အမြန်ဆုံး ဖေါ်ပြပေးပါ။




မြ၀တီမြို့မှ ဒေသခံတဦးပေးပို့လာသည့် မူရင်းအတိုင်း တင်ပြခြင်းဖြစ်ပါသည်။

မြ၀တီမှာ အဓမ္မ ငွေတောင်းသူများကို အရေးယူပြီ

ထိုင်း-မြန်မာနယ်စပ်မဲဆောက်မြို့မှတဆင့် မြန်မာနိုင်ငံ မြ၀တီမြို့ဘက်သို့ ပြန်ပို့ခြင်းခံရသည့် မြန်မာအလုပ်သမားများထံမှ ကရင် နယ်ခြားစောင့် တပ်နှင့်လူပွဲစားများ၏ တရားမ၀င် ငွေတောင်းခံနေသည့် လုပ်ရပ်များကို စနေနေ့က စတင်၍ မြ၀တီ ခရိုင် အာဏာပိုင်များက ဖမ်းဆီး အရေးယူမှုများ ပြုလုပ်နေပြီ ဖြစ်သည်။
မြ၀တီဘက်ပြန်မပို့မီ မဲဆောက်ရှိ ထိုင်း လ၀က ရုံးတွင် မြန်မာ အလုပ်သမားများ စစ်ဆေးမှု ခံယူနေစဉ်(ဓာတ်ပုံ - ဧရာဝတီ)

ထို့ကြောင့် အလုပ်သမားများကို ငွေတောင်းခံသည့် မြ၀တီမြို့အမှတ် ၅ ရပ်ကွက်ရှိ အမှတ် ၁၀ ဂိတ်မှ လူပွဲစားများတနင်္ဂနွေ နေ့ က စတင်ကာ ထိုင်းနိုင်ငံ မဲဆောက်ဘက်သို့ တိမ်းရှောင်လျက် ရှိသည်။
အမှတ် ၁၀ ဂိတ်တွင်နေထိုင်သည့် ကုန်သည်တဦးက“နေပြည်တော် အမိန့်နဲ့ လူပွဲစားတွေနဲ့ ကရင်နယ်ခြားစောင့် တပ်ဖွဲ့တွေကို မြ၀တီအာဏာပိုင်တွေက ထိန်းချုပ်လိုက်တယ်။ လက်ရှိအမှတ် ၁၀ ဂိတ်ကို စစ်တပ်နဲ့ ရဲတွေက ထိုင်ပြီ၊ ထိုင်းဘက်က ပြန် လာတဲ့လူတွေဆီက ငွေတောင်းတာ မရှိတော့ဘူး၊ ပိုက်ဆံမပါဘဲ ပြန်လာတဲ့ အလုပ်သမားတွေကိုလည်း ဘားအံ မြို့အထိ အခမဲ့ပို့ဆောင် ပေးတာတွေ ရှိတယ်၊ အရင်ကငွေ တောင်းတဲ့ လူပွဲစားတွေကိုလည်း လိုက်ဖမ်းနေတယ်”ဟု ပြောသည်။
ကရင် နယ်ခြားစောင့် တပ်နှင့် လူပွဲစားများက အလုပ်သမား တဦးလျှင်ထိုင်း ဘတ်၂၅၀၀ တောင်းခံ ခဲ့ခြင်း ဖြစ်သည်။
ယခုလဆန်းမှ စတင်ပြီး ထိုင်းနိုင်ငံအတွင်း ရေကြီးမှုကြောင့် အယုဒ္ဓယ ခရိုင်၊ ဘန်ကောက်မြို့အနီး ပထုံဌာနီနှင့် စက်မှုဇုန်ကြီး များရှိ စက်ရုံအလုပ်ရုံများပိတ်လိုက်၍ နေရပ်ပြန်လာကြသည့် မြန်မာ အလုပ်သမား များကို မြ၀တီမြို့တွင် လူပွဲစားများက နယ်ခြားစောင့်တပ်ဖွဲ့ဝင်များနှင့်ပေါင်း၍ အဓမ္မ ငွေကြေးကောက်ခံမှု များ ပြုလုပ်နေခြင်း ဖြစ်သည်။ ပြန်လာသူများမှာ အောက် တိုဘာ ၁၅ ရက်ခန့်မှ စတင်၍ လူ ရာဂဏန်း မှ ထောင်ဂဏန်း ၀န်းကျင်ရှိသည်။
အဓမ္မ ငွေတောင်းခံရသူ အများစုမှာ ထိုင်းဘက်မှ အဖမ်းခံရပြီး ပြန်လာသော မြန်မာ အလုပ်သမား များ ဖြစ်ကြောင်း သိရသည်။
ထိုင်းနိုင်ငံတွင် အဖမ်းခံရပြီး မြ၀တီဘက် ပြန်ရောက်လာသည့် မြန်မာအလုပ်သမားများကို လူပွဲစားများက မတရားငွေတောင်း သည့်ဖြစ်ရပ်များကို ပြည်ပ သတင်းဌာနများက သတင်း ထုတ်ပြန် ခဲ့ခြင်းကြောင့် ဖြစ်သည်ဟု မြ၀တီမြို့မှ ကုန်သည်ကြီး တဦး က ပြောသည်။
၎င်းက“ဒီလဆန်းကစပြီး ဘန်ကောက်မှာရေကြီးတော့ စက်ရုံအလုပ်ရုံတွေပိတ်လိုက်ရ တယ်၊ သောင်းနဲ့ချီတဲ့မြန်မာအလုပ် သမားတွေ ဒီလလယ်နောက်ပိုင်း မြ၀တီလမ်းက နေရပ်ပြန်ကြတာ တရက်ကိုလူ ၃၀၀၀ ထောင်နီးပါးရှိတယ်၊ အဲဒီအထဲက ၂၀၀၀ လောက်က တရားမ၀င်နေထိုင်မှုနဲ့ အဖမ်းခံရပြီးပြန်လာကြတဲ့လူတွေ၊ သူတို့ကိုအမှတ် ၁၀ ဂိတ် (၉၉၉ ဂိတ်)မှာ တ ယောက်ကို ဘတ်၂၅၀၀ တောင်းတယ်၊ ပြန်လာကြတဲ့လူတွေ အတော့်ကိုဒုက္ခရောက်ကြတယ်၊ ဘယ်သူမှမပြောရဲ မဆိုရဲဖြစ် နေတာ၊ အခုမှ ဒီပြဿနာ ပြီးသွားတော့တယ်၊ ဒါက ပြည်ပ သတင်း ဌာနတွေကြောင့် ဖြစ်သွားတာ”ဟုလည်း ဆိုသည်။
ကရင်ပြည်နယ် ဘားအံမြို့သို့ ပြန်ရောက်သွားသည့် အလုပ်သမတဦးကလည်း ငွေတောင်းခံမှု မရှိတော့ သော်လည်း အာဏာ ပိုင် များ၏ စစ်ဆေးမေးမြန်းမှုများကို အချိန်ကြာမြင့်စွာကြုံတွေ့ခဲ့ရသည့် အတွက် အလုပ်သမားများသည် တရက်ခြား ယာဉ် တန်း မမီဘဲ မြ၀တီတွင် အများ အပြား သောင်တင်ခဲ့ကြရသည်ဟု ပြောပြသည်။
“ကျမတို့ ဘန်ကောက်မှာအဖမ်းခံရပြီး မဲဆောက်ကထိုင်းလူဝင်မှုကြီးကြပ်ရေးရုံးကိုရောက်တော့ တယောက်မကျန် ကိုယ်ရေး ရာဇ၀င်ဖြည့်ကြရတယ်၊ လက်ဗွေနှိပ်ရတယ်၊ နေရပ်လိပ်စာ မိဘအမည်နဲ့ မှတ်တမ်းဓာတ်ပုံတွေ အရိုက်ခံရသလို မြ၀တီဘက်ပြန်ရောက်တော့လည်း နေရပ်လိပ်စာ မိဘအမည်တွေကောက်ပြီး အုပ်စုလိုက် ဓာတ်ပုံအရိုက်ခံရတာတွေ ရှိတယ်။ တကယ် ပိုက်ဆံမ ရှိတဲ့လူတွေကိုကျတော့ အိမ်ပြန်ဖို့ ကားကြုံနဲ့ထည့်ပေးတာတော့ ရှိတယ်၊ မြ၀တီခရိုင် အာဏာပိုင်တွေက အလုပ်သမား တယောက်ကို ကျပ် ၁ သောင်းစီ ပေးတယ်ဆိုတဲ့ သတင်းကတော့ လုံးဝမဟုတ်ဘူး”ဟု ဘားအံ ပြန်ရောက် သွားသော အလုပ်သမက ပြောသည်။
မြန်မာလူပွဲစား တဦး၏ အဆိုအရ အမှတ် ၁၀ ဂိတ် တွင် ထိုင်းနိုင်ငံမှပြန်လာကြသည့် မြန်မာများ ကိုငွေကြေးကောက်ခံ လာ သည်မှာ ၁၀ ကျော်ရှိပြီဖြစ်ကြောင်း၊ လူပွဲစားများနှင့် ယခင်က တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) အထူးတပ်ရင်း ၉၉၉ တို့ပူးပေါင်း ၍ ကောက်ခံခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
ယမန်နှစ်က DKBA အဖွဲ့သည် နယ်ခြားစောင့်တပ် အသွင်ပြောင်းသွားပြီးနောက်တွင် လူပွဲစားများမှာ ကရင်နယ်ခြားစောင့် တပ်များနှင့် လက်ရှိအချိန်အထိ ပုံမှန်လုပ်ကိုင်လျက်ရှိပြီး ရရှိလာသည့်ငွေကြေးများကို လူပွဲစားများ၊ နယ်ခြားစောင့် တပ်၊ ထိုင်း လ၀က အဖွဲ့နှင့် အချိုးကျခွဲဝေကြရကြောင်း၊ ဝေစုအများစုကို လက်ရှိတွင် နယ်ခြားစောင့်တပ်က ရရှိကြောင်း၊ နယ်ခြားစောင့်တပ်မှရရှိသည့်ငွေကြေးတချို့ကို မြ၀တီခရိုင် အာဏာပိုင်တချို့ကိုခွဲဝေပေးရ သေးကြောင်းလည်း ၎င်း လူပွဲစားက ဆိုသည်။
နောက်ဆုံးရရှိသည့် သတင်းများအရ မြန်မာအလုပ်သမားများထံမှ တရားမ၀င်ငွေကြေးကောက်ခံသည့် အမှတ် ၁၀ ဂိတ်မှ တိမ်းရှောင်နေသည့် လူပွဲစားများကို တဦးတယောက်မျှ ဖမ်းဆီးနိုင်ခြင်းမရှိသေးသည့်အပြင် တခြားပါဝင် ပတ်သက်သူများကို လည်း တစုံတရာအရေးယူနိုင်ခြင်း မရှိသေးကြောင်း သိရှိရသည်။

မဲဆောက်မြို့ရှိ မြန်ဘုန်းတော်ကြီးကျောင်းအား ထိုင်းတချို့က အဓ္မပြု မောင်းချနေခြင်း

မဲဆောက်မြို ဘာဝနာနိရာမတောရကျောင်းဆရာတော် ဘဒ္ဒန္တမဟိန္ဒ အား ထိုင်းသတင်းစာအယ်ဒီတာတစ်ဦးက ဦးဆောင်၍ ခြိမ်းခြောက်နေမှု အား ဗုဒ္ဓဘာသာဝင် ထိုင်း-မြန်မာ အပေါင်းတို့ မှာ စိုးရိမ်ပူပန်နေရသည်။ ထိုကြောင်းမှာ အလွန်ကျယ်ဝန်းပြီး ဟိုးယခင်ကတည်းက မြန်မာ ဆရာတော်ကြီးများကိုယ်ပိုင် ပိုင်ဆိုင်ခဲ့သောကျောင်းဖြစ်ပါတယ်။ ဆရာတော်
ကျောင်းထိုင်းလာသည်မှာလည်းနှစ်ပေါင်း ၄၀ရှိပြီဖြစ်ပါတယ်။ ဆရာတော်ကြီးဟာကရင်လူမျိုးဖြစ်ပြီး
မဲဆောက်ရှိ မြန်မာ၊ ကရင်၊မွန်၊ မူစလင်၊ဟင်ဒီ ကျောင်းသား၊ အပေါင်းတို့ အားကိုးမှီခိုနေရသောတခုတည်းသောကျောင်းဖြစ်ပါတယ်။ နာဂစ်မုန်တိုင်း တိုက်ခတ်ခဲ့စဉ်က
ဆရာတော်ဦးစီးပြီး အလျူငွေများကောက်ခံပေးခြင်း၊ သပိတ်အိုင်ဆရာတော်ဦးညဏသာရ ကိုယ်တိုင်
လာရောက်တရားဟောခဲ့သောကြောင်းလည်းဖြစ်ပါတယ်။

အကြောင်းမှာ လက်၇ှိကျောင်းထိုင်ဆရာတော်သည် ထိုင်းနိုင်ငံသားလက်မှတ်မရှိသည်ကို အကြောင်းပြ၍ ဖေါ်ပြပါထိုင်းနိုင်ငံသားအချို့ 
(ရယောက်ဝန်းကျင်)မှ ထိုင်းနို်င်ငံသားလက်မှတ် ကိုင်ဆောင်ထားသည့် ထိုင်းကရင် လူမျိုး ဆရာတော်ကြီးထက် ၀ါတော်များစွာငယ်သည့် ကိုယ်တော်တပါး
အား ကျောင်းထိုင်တင်ရန် ကြိုးစားခဲ့ကြသည် ။ ၄င်းကိစ္စနှင့် ပတ်သတ်၍ ၂၅-၁၀-၂၀၁၁ တွင် မဲဆောက်ရှိထိုင်းအာဏာပိုင်များ သံဃာ့
နာယက ဆရာတော် ကြီးများ မှ လာရောက်ဖြေရှင်းပေးခဲ့ကြပါသည် ။
ဆုံးဖြတ်ချက်မှာ - မူလကျောင်ထိုင်ဆရာတော်ကြီးဘဒ္ဒန္တမဟိန္ဒ ကိုသာဆက်လက် တစ်နှစ်ခြောက်လ ကျောင်းထိုင်အဖြစ် ဆက်လက် တာဝန်ယူစေပြီး ထိုင်နိုင်ငံတွင် နှစ်ပေါင်း၄၀ နီးပါ သာသနာေ၇းကို ဆောင်ရွက်ခဲ့သည့်အတွက် ထိုင်းဒကာတို့ နှင့် သံဃာတော်များမှ ထိုင်နိုင်ငံသား လက်မှရရှိရန်ဝိုင်းဝန်းကြိုးစားပေးကြရန် နှင့် ထိုင်းလက်မှတ်အပြည့်အစုံရလျှင်ဘဒ္ဒန္တမဟိန္ဒ အား ကျောင်းထိုင်ဆရာတော်ကြီးအဖြစ် ထပ်မံအသိအမှတ်ပြုအောင်ပွဲကျင်းပရန် မဲဆောက်သာသနာပိုင်များမှ ဆုံးဖြတ်ခဲ့ကြသည်။

ထိုဆုံးဖြတ်ချက်ပြီးနောက် ၂၅-၁၀-၂၀၁၁ ည ၇း၀၀ အချိန်တွင် ဖေါ်ပြပါ သတင်းဂျာနယ် အယ်ဒီတာ မှဦးဆောင်၍ ရဲများကို ခေါ်ပြီးနိုင်ငံသားလက်မှတ်မရှိသည့် ကျောင်းထိုင်အား သံဒေါက်မှု (လက်မှတ်မရှိ သည့်အမှု) နှင့်ဖမ်းဆီးရန် ကျောင်းရှေ့ ပရ၀ဏ်တွင်
ဝိုင်းထားကြသည် ။ဆရာတော်မှ ၀ရန်းမပါသည့်အတွက် အဖမ်းမခံပဲ ကျောင်းပေါ်တွင်ပင် သီတင်းသုံးလျှက်ရှိနေသည် ဆရာတော်အတွက်စိုးရိမ်သော ဒကာဒကာမများ ၅၀ ၀န်းကျင်းဝန်းရံ လာသဖြင့် ရဲများ ပြန်သွားကြသည်။ထိုညတွင်ပင် ၂း၀၀၀န်းကျင်၌ သတင်းအယ်ဒီတာ စစ်စမ် ဦးဆောင်၍ ဆရာတော် ကောင်းမွန်စွာ မကျိမ်းနိုင်ရန် အနှောက်အယှက်မျိုးစုံပြုခဲ့ကြသည် ။မြန်မာဒကာများထိုင်းဒကာအချို့ က ဆရာတော်အား အကာအကွယ်ပေးပြီးကျောင်း၌ပင် ညမအိပ်ပဲစောင့်ခြ့ကြရသည်။ ၂၆-၁၀-၂၀၀၁၁ ည ၁၀း၀၀ ကျော်တွင် ၄င်းသတင်းအယ်ဒီတာနှင့်အတူ နောက်လိုက်တပည့်များ က ဆရာတော်ကြီးသီတင်းသုံးသောကျောင်းပတ်လည်သေနတ်ရှည်တစ်လက်ကိုင်ပြီး လမ်းလျောက် ၍ ခြိမ်းခြောက်သမှုပြုခဲ့ကြသည် ။တပည့်ဒယကာများမှ ဆရာတော်ကြီးအား ဆက်လက်၍ မအိပ်မနားဝိုင်းဝန်းစောင့်ရှောက်နေကြသည်။၂၇-၁၀-၂၀၁၁ ည ၁၀း၃၀တွင်
၎င်းသတင်းစာအယ်ဒီတာမှ ရဲ ၁၀ယောက်ခန့် ခေါ်ပြီး ဆရာတော်ကြီးအားလာရောက်စောင့်ရှောက်နေသည့်ဒကာများအားဖမ်းဆီးခိုင်းခဲ့သည်။ရဲမှ ဘတ်များစစ်ဆေးပြီး မပြန်လျှင် ဖမ်းသွားမည်ဟုခြိမ်းခြောက်ခဲ့ရာ မြန်မာဒကာများမှ တဦးချင်းဖန်းဆက်၍ အကြောင်းကြားခဲ့ရာ ဒကာ ၅၀ကျော်ဝန်ရံလာပြီး ဆရာတော်ကြီး၏ကျောင်းဒကာ ထိုင်းအဖိုးအိုမှ လာရောက်ဖြေရှင်းပေးခဲ့သဖြင့် ရဲများပြန်သွားခဲ့သည်။ ဤကဲ့သို့  ညအချိန်မတော်မှ ဆရာတော်ကြီးအား နည်းပေါင်းစုံဖြင့် ခြိမ်းခြောက်နေခြင်း ဆရာတော် အာကာကွယ်စောင့်ရှောက်နေသည့် ဒကာဒကာမများအား ရန်လိုခြိမ်းခြောက်နေခြင်း တို့ နေ့ စဉ်ရက်ဆက် ပြုလုပ်နေသည်မှာ ဗုဒ္ဓဘာသာဝင်များ အမြင်ဖြင့်အင်မတန် အရုပ်ဆိုး အကျည်းတန် လှပါသည်။ သို့ အတွက်ကြောင့် မဲဆောင်တွင်ရှိနေသော မြန်မာအလုပ်သမားများ တော်လှန်ရေး အဖွဲ့ အစည်း များမှ မခံမရပ်နိုင် ဖြစ်သဖြင့် နေ ည အလှည့်ကျ ကျောင်းရှေ့ဝန်းကျင်တွင်စောင့်ကြည့်ပေးနေရပါသည် .နေ့  ၂၈-၁၀-၂၀၁၁ တွင် ၄င်းသတင်းစာအယ်ဒီတာ နှင့် အဖွဲ့ မှ ပြင်ပသို့ ထွက်သွားပြီး ဆရာတော်နှင့်အတူ ဆရာတော်အားစောင့်ရှောက်နေကြသော အဖွဲ့ အစည်းအသီးသီး နှင့် ရွှေ့ ပြောင်းအလုပ်သမား အချို့ အား ဖမ်းဆီးရန် အကြမ်းဖက်မောင်းထုတ်နိုင်ရန် အစီအစဉ်ရှိကြောင်းသတင်းရရှိပါသည်။
ပုံတွင်ပါသော နှုတ်ခမ်းမွေး နှင့် ကုတ်အကျီ င်္အနက်ဝတ်၍ လက်နှင့်ညွန် ပြနေသူ (Get Wind of News ) သတင်းစာ အယ်ဒီတာစစ်(ခ်)စမ် (ဖုန်း-- ၀၈၁၄၀၄၂၀၀၂) ဦးဆောင်သည့် ၄င်းသတင်းစာတိုက် အဖွဲ့ ဝင် တစ်ချို့ပါသော ထိုင်းနိုင်ငံသားများမှ တောရကျောင်းမဲဆောက်မြို့တွင်နှစ် ၄၀နီးပါး သီတင်းသုံးခဲ့ပြီး၂၂နှစ်ကြာ တောရကျောင်းထိုင် အဖြစ် သီတင်းသုံးခဲ့သော ဆရာတော် ဘဒ္ဒန္တမဟိန္ဒ
အား မြန်မာနိုင်ငံသား ဘုန်းကြီးဖြစ်သည်ကို အကြောင်းပြု၍ တောရကျောင်းထိုင်အဖြစ်မှ ၄င်းတောရကျောင်းမှ လည်းကောင်း မောင်းထုတ်နိုင်ရန် ဥပဒေအားဖြင့်တနည်း ခြိမ်းခြောက်သောအားဖြင့်တနည်း ကြိုးစား အားထုတ်နေသည်မှာ ဗုဒ္ဓဘာသာဝင် တို့ အဖို့ အရှက်ရဖွယ် ကိစ္စဖြစ်သလို ထိုင်းမြန်မာဗုဒ္ဓသာသနာ အတွက် လည်း ဂုဏ်သိက္ခါငြိုးနွမ်းစေသည့်ဖြစ်ရပ်ဖြစ်သည်။



သူဖုန်းကိုခေါ်ပြီး ကန်ကွက်ပေးကြပါရန်ပန်ကြားပါတယ်။
ဆရာတော်ကြီးကိုနှောက်ယှက်နေသူနာမည်- စစ်(ခ်)စမ် (ဖုန်း-- ၀၈၁၄၀၄၂၀၀၂)
ကလေးကိုဖက်ထားသူ ဟာ စစ်ခ်စမ်း ဖြစ်တယ်။

မြန်မာပြည်တွင်းရှိသူများက ထိုင်းသံရုံးကိုကန့် ကွက်စာပို့ ပါ။
အမေရိကန်နိင်ငံဆိုင်ရာထိုင်းသံရုံးကိုဖုံးဆက်ကြပါ။ ကန်ကွက်ကြပါ။

ရေ ကြီးပြီး စက်ရုံတွေ ပိတ်ထားရတာကြောင့် အလုပ်ပြတ်သူနဲ့ အိမ်ပြန်သူ မြန်မာတွေ ပိုများလာ

ထိုင်းမှာ ရေကြီးလို့ မြန်မာပြည်ပြန်တဲ့ လုပ်သမားတွေကို နယ်ခြားစောင့်တပ်က လူတယောက်ကို ဘတ် ၂,၅၀၀ ကောက်ခံ

ဘန်ကောက်ရေကြီးမှုတွင် ကူကယ်ရာမဲ့နေသည့် မြန်မာအလုပ်သမားများ

လက်မှတ်မရှိသည့် မြန်မာအလုပ်သမားများ ရေဘေးလွတ်ရာ သွားခွင့်ရရေး ထိုင်းအစိုးရ စီစဉ်

အလုပ်သမားလက်မှတ်နဲ့ အထောက်အထားမရှိတဲ့ မြန်မာအလုပ်သမားတွေ ရေဘေးလွတ်ရာ သွားလာခွင့်ရဖို့အတွက် ထိုင်းအစိုးရက ဆောင်ရွက်နေတယ်လို့ ထိုင်းအလုပ်သမားရေး ၀န်ကြီး ဖဒိန်ချိုင်းက ပြောပါတယ်။

photo-reuters

မြန်မာရေဘေးဒုက္ခသည်တွေ ခိုလှုံနေတဲ့ ဘန်ကောက်အနောက်ဘက်က နခွန်ပထုံခရိုင် ၀ပ်ရိုက် ခင်ဝစ်ထယာ ဘုန်းကြီးကျောင်း ရေဘေးဒုက္ခသည်စခန်းမှာ ခုလို ၀န်ဆောင်မှုပေးတာကို ယာယီလုပ်ဆောင်မှာ ဖြစ်တယ်လို့ ပြောကြောင်း ၀န်ကြီးနဲ့ ဆွေးနွေးခွင့်ရခဲ့တဲ့ HRDF ခေါ် လူ့အခွင့်အရေးနဲ့ ဖွံ့ဖြိုးရေးဖောင်ဒေးရှင်းက ပြောပါတယ်။

HRDF အဖွဲ့ ပြောခွင့်ရ ဦးစိန်ဌေးက “ဘာလက်မှတ်မှ မရှိတဲ့အလုပ်သမားတွေ ဆိုရင်လည်း အလုပ်သမားဝန်ကြီးဌာန ရေဘေးစခန်းမှာ လာပြီးနေထိုင်ဖို့၊ သူတို့ကနေ သက်ဆိုင်ရာ နိုင်ငံသံမှူးတွေကို ဆက်သွယ်ပြီးတော့ နိုင်ငံသားဖြစ်ကြောင်း အထောက်အထားတခု ဆောင်ရွက်ပေးဖို့ စီစဉ်ထားတယ်။ ခေတ္တနေထိုင်ခွင့် ရလာမယ်ဆိုရင် မြန်မာပြည်ကို ပြန်မယ်ဆိုရင်လည်း လုံခြုံစွာ ပို့ဆောင်ပေးမယ်လို့ အဲလိုမျိုး စီစဉ်ထားပါတယ်။ ဒုက္ခရောက်နေတဲ့အချိန်မှာ ဖမ်းဆီး ချုပ်နှောင်တာမခံရအောင် ယာယီ စီစဉ်ထားပေးတဲ့ သဘောပဲ” လို့ ပြောပါတယ်။

မြန်မာအလုပ်သမားတွေရဲ့ ယာယီနိုင်ငံကူးလက်မှတ်နဲ့ ပြည်ဝင်ခွင့် ဗီဇာရှိသူတွေရဲ့ စာရွက်စာတမ်းတွေ သိမ်းထားတဲ့ အလုပ်ရှင်တွေကိုလည်း ပြန်ပေးအပ်ဖို့ အလုပ်သမားရေးဝန်ကြီးက အလုပ်ရှင်တွေကို ညွှန်ကြားလိုက်ပြီလို့ ဆိုပါတယ်။

ဒါ့အပြင် အလုပ်သမားတွေဟာ မိမိတို့ရဲ့ သက်တမ်းကုန်ခါနီး ဗီဇာတွေကို နီးစပ်ရာ လ၀ကရုံးတွေမှာ သွားလုပ်နိုင်ဖို့ လူဝင်မှုကြီးကြပ်ရေးဌာနကို အကြောင်းကြားထားတယ်လို့ ပြောကြားကြောင်း ဦးစိန်ဌေးက ဆိုပါတယ်။

ထိုင်းနိုင်ငံအတွင်း ယာယီလုပ်ကိုင်ခွင့် အလုပ်သမားလက်မှတ် ရရှိ ကိုင်ဆောင်ထားသူတွေဟာ ရေလွှမ်းမိုးနေတဲ့ခရိုင်တွေကနေ ရှောင်တိမ်းသွားကြတုန်း လမ်းခရီးမှာ မဖမ်းဆီးဖို့ ရဲဌာနတွေကို အကြောင်းကြားထားပြီ်လို့လည်း ထိုင်းအစိုးရ အလုပ်သမားရေးဝန်ကြီးက ပြောကြောင်း ဦးစိန်ဌေးက ဆိုပါတယ်။

ရေဘေးကျရောက်နေခြင်း မရှိတဲ့ ပုံမှန်အခြေအနေမှာ အလုပ်သမား လက်မှတ် ကိုင်ဆောင်ထားသူတွေဟာ ကန့်သတ်နယ်မြေတွေကလွဲပြီး တခြားခရိုင်တွေကို ဖြတ်ကျော်ခွင့် မရှိပါဘူး။

ဝပ်ရိုက်ခင်ဝစ်ထယာ ဘုန်းကြီးကျောင်း ရေဘေးဒုက္ခသည်စခန်းမှာ ယာယီခိုလှုံနေတဲ့ မြန်မာအလုပ်သမားတဦးက မြန်မာတွေ အိမ်ပြန်လမ်း ခရီးတလျှောက် အရေးယူဖမ်းဆီး ခံရတာတွေ၊ ငွေညှစ်ခံရတဲ့ ကိစ္စတွေကို အလုပ်သမားရေး ၀န်ကြီးဌာန၀န်ကြီးနဲ့ အတူပါလာတဲ့ ဒု-၀န်ကြီးချုပ်တို့ကို အဲန်ဂျီအိုတွေက တင်ပြဆွေးနွေးတာကို ကြားသိရတယ်လို့ ပြောပါတယ်။

“ဒီမှာ ထိုင်းလိုတတ်တဲ့ အလုပ်သမား စကားပြန်တယောက်ရှိတယ်။ သူပြောတာတော့ ကျနော်တို့ ဗမာပြည်သားတွေ ပြန်ကြတဲ့အခါမှာ ဂိတ်တွေမှာ ဆွဲချတာ၊ ၉၉၉ ဂိတ်မှာ ဆွဲချတာတို့၊ ပိုက်ဆံပေးရွေးရတာတို့ ဘာတို့အဲဒါတွေလည်း ထည့်ဆွေးနွေးသွားတယ်လို့ ပြောတယ်။”

နခေါင်ပထုံခရိုင်မှာရှိတဲ့ ၀ပ်ရိုက် ခင်ဝစ်ထယာ ဘုန်းကြီးကျောင်း ရေဘေးဒုက္ခသည်စခန်းမှာ ဘန်ကောက်မြို့အနားက နုံထဘူရီ၊ အယုဒ္ဒယနဲ့ စမွတ်ပရာကန် စတဲ့ ရေလွမ်းခရိုင်တွေက က​မ္ဘောဒီး​ယား၊ လာအိုနဲ့ မြန်မာ အလုပ်သမား ၅၀၀ ခန့် လာရောက် ခိုလှုံနေကြပြီး မြန်မာက အများဆုံး ဖြစ်ပါတယ်။


DVB သတင်းဌာနမှ ကူးယူဖော်ပြပါသည်။

မြန်မာ ရေဘေး ဒုက္ခသည်များကို ထိုင်း လ၀က ငွေညှစ်

ထိုင်းနိုင်ငံ ရေကြီးမှုကြောင့် ဘန်ကောက်မြို့မှ ရာနှင့်ချီသည့် နေရပ်ပြန် မြန်မာ အလုပ်သမားများကို လူဝင်မှုကြီးကြပ်ရေး (လ၀က)နှင့် ထိုင်းအာဏာပိုင်များက လမ်းခရီးနှင့်မဲဆောက်မြို့ရှိ စစ်ဆေးရေးဂိတ်များတွင် ဖမ်းဆီး၍ငွေကြေးကောက်ခံနေကြ သည်။

ထိုင်းအာဏာပိုင်များက ဖမ်းဆီး၍ မဲဆောက်သို့ ပို့ဆောင်မည့် မြန်မာ အလုပ်သမားများကို အချုပ်ကား တစီးပေါ်တွင်တွေ့ရစဉ် (ဓာတ်ပုံ - စိုင်းစိုးဝင်းလတ်)

မြန်မာ အလုပ်သမား ၃၀၀၀ ခန့်ရှိ အပြည့်အကြပ်တင်ထားသော ဘတ်စ်ကား ၁၃ စီးနှင့် မီနီဗင်၂ စင်းတို့ကို အောက်တိုဘာ ၂၅ ရက်နေ့က ၁ နာရီ မှ ၄ နာရီအတွင်း ထိုင်းနိုင်ငံ မဲဆောက်မြို့မှ မြန်မာနိုင်ငံ မြ၀တီမြို့တဖက်ကမ်းသို့ ထိုင်းအာဏာပိုင်များက ပို့ဆောင်ခဲ့သည်ကို တွေ့မြင်ခဲ့ရကြောင်း စိုင်းစိုးဝင်းလတ်က ပြောပြသည်။

ယင်း ကားများပေါ်တွင် ကလေးငယ်များ နှင့် ဖျားနာနေသူများလည်း ပါဝင်သည်ဟုလည်း ၎င်းက ဆိုသည်။

“အဲဒီ အမျိုးသမီးတဦးက လမ်းဆိုတာ လျှောက်နိုင်ရုံလေးပါ၊ သူတို့ကို တိရစ္တာန်တွေ တင်တဲ့ ကားမျိုးထဲမှာ ပြည့်ကြပ်နေ အောင် ထည့် တင်သွားတာက လူ့အခွင့်အရေး ချိုးဖောက်မှု တခုပါ၊ ဂိတ်မှာ အလုပ်လုပ်နေသူတွေကလည်း သူတို့ကို ဖယ်ရီပေါ်ကို နွားတွေလို မောင်းတင်နေတယ်”ဟု စိုင်းစိုးဝင်းလတ်က ဆက်ပြောသည်။

ပြန်ပို့ခံရသော မြန်မာအလုပ်သမားများ လှေပေါ်သို့ တက်နေစဉ် (ဓာတ်ပုံ - စိုင်းစိုးဝင်းလတ်)

အဖမ်းခံရသည့် မြန်မာ အလုပ်သမား အများစုသည် ထိုင်းတွင် တရားဝင်နေထိုင် လုပ်ကိုင်ခွင့်လက်မှတ် ရရှိရန် မှတ်ပုံတင် ထားသူများ ဖြစ်ကြောင်း အလုပ်သမားအရေး ဆောင်ရွက်နေသည့် အဖွဲ့များက ဆိုသည်။

ထို မှတ်ပုံတင်ထားသူများတွင် သတ်မှတ်ထားသော အလုပ်နှင့် နယ်မြေကန့်သတ်ထားခြင်း ခံရသူများ ပါဝင်ကြောင်း သိရ သည်။

ထိုင်းအာဏာပိုင်များက ယင်းအလုပ်သမားများကိုဖမ်းဆီးရခြင်းမှာ ရေဘေးကြောင့်ထွက်ပြေးလာသော်လည်း နယ်ကျော်သော ကြောင့်ဖြစ်သည်ဟု အကြောင်း ပြခဲ့သည်။

သို့သော်လည်း အဖမ်းခံရသူများသည် ထိုင်း ဘတ်ငွေ ၂၈၀၀ ခန့် ပေးဆောင်ပါက ပြန်လည်လွှတ်ပေးကြောင်း မကြာသေးခင် ရက်ပိုင်းက မဲဆောက်တွင် အဖမ်းခံရပြီး ပြန်လွတ်လာသူ တဦးက ပြောသည်။

သောင်ရင်းမြစ်ကို လှေဖြင့်ဖြတ်၍ ပြန်ပို့ခံရသည့် မြန်မာအလုပ်သမားများ (ဓာတ်ပုံ - စိုင်းစိုးဝင်းလတ်)

“ကျနော်က ထိုင်း လ၀က ကို ပိုက်ဆံ ၂၈၀၀ ပေးပြီး ပြန်လွတ်လာတာ၊ အခု ဘယ်သွားသွား သွားလို့ရတယ်”ဟု ၎င်းက ဆို သည်။

ထိုသို့ ဖြစ်ပွားနေမှုများနှင့် ပတ်သက်ပြီး ဧရာဝတီ က မဲဆောက် လ၀က ဌာနကို ဆက်သွယ်မေးမြန်းသော်လည်း ပြန်လည်ဖြေ
ကြားခြင်း မရှိချေ။

မြ၀တီမြို့သို့ ပြန်ပို့ခံရသည့် တခြားသော အလုပ်သမား တဦးကလည်း“DKBA (တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော်)ဂိတ်ကို ဘတ် ၂၅၀၀ ပေးလိုက်ရတယ်”ဟု ပြောပြသည်။

ယခုလလယ်ပိုင်းကလည်း ဘန်ကောက်မြို့မှ နေရပ်ပြန် မြန်မာအလုပ်သမားများကို မြ၀တီမြို့တွင် DKBA နှင့် လူပွဲစားများ ပူးပေါင်း၍ အဓမ္မ ငွေတောင်းခံမှု ပြုလုပ်ခဲ့သည်။

မြန်မာနိုင်ငံဘက်သို့ ပြန်မပို့မီ မဲဆောက် လ၀က ရုံးတွင် တွေ့ရသော မြန်မာနိုင်ငံသား အမျိုးသမီးများကို တင်ဆောင်ထား သည့် ကားတစီး (ဓာတ်ပုံ - စိုင်းစိုးဝင်းလတ်)

လူ့ အခွင့်အရေးနှင့် ဖွံ့ဖြိုးရေး ဖောင်ဒေးရှင်း(HRDF)မှ ညွှန်ကြားရေးမှူး အန်ဒီ ဟောလ်က အလုပ်သမားများအပေါ် ယင်းသို့ပြုလုပ်နေမှုများနှင့် ပတ်သက်၍ လက်ခံနိုင်ဖွယ် မရှိကြောင်း၊ ၂ နိုင်ငံ အစိုးရက အလျင်အမြန် အရေးယူဆောင်ရွက်သင့်ကြောင်း ဧရာဝတီသို့ ပြောသည်။
“ဒုက္ခရောက်လာသူတွေဆီကနေ အကျိုးအမြတ်ယူနေတဲ့ အရာရှိတွေရဲ့လုပ်ရပ်က ဆိုးဝါးလွန်းတယ်”ဟု ၎င်းက ဆိုသည်။

ယမန်နေ့က ပထုံဌာနီ ဒေသ လိုင်ခိုင် ဘုန်းကြီးကျောင်းရှိ ရေဘေး ကယ်ဆယ်ရေး စခန်းသို့ လာရောက်သည့် ထိုင်း ဒု ၀န်ကြီး ချုပ်နှင့် အလုပ်သမား ၀န်ကြီးတို့ကို တွေ့ဆုံခဲ့ပြီး အလုပ်သမားအရေး ဆွေးနွေးခဲ့ကြောင်း အန်ဒီ ဟောလ်က ဆက်ပြောသည်။

“မြန်မာသံရုံးနဲ့ လက်တွဲပြီး ပြဿနာတွေကို ဖြေရှင်းဖို့ပြောတော့ သူတို့က ဆောင်ရွက်နေပြီလို့ ပြောပါတယ်”ဟု ၎င်းက ရှင်းပြ သည်။

ထိုင်းရှေ့နေ စူလဖောင်ကလည်း“ဘန်ကောက်မှာ ရေကြီးလို့ ဒုက္ခရောက်ပြီး ပြန်လာတဲ့ လူတွေကို ကူညီသင့်တယ်၊ ထပ်ပြီး ဒုက္ခထပ်ရောက်အောင် မလုပ်သင့်ဘူး”ဟု ပြောသည်။

စူလဖောင် သည် ထိုင်းလွှတ်တော်၏ နိုင်ငံမဲ့များဆိုင်ရာ ဥပဒေပြဌာန်းရေး ဆပ်ကော်မတီဝင် လွှတ်တော် အမတ် တဦးဖြစ် သည်။

ထိုင်း ရေကြီးမှုကြောင့် မြန်မာအလုပ်သမားများ ရပ်တည်ရန် အခက်အခဲနှင့် ရင်ဆိုင်နေရပြီး ယခင်တပတ် စနေနေ့မှ စတင်၍ နေ့စဉ် လူ ထောင်နှင့်ချီ၍ နေရပ်သို့ ပြန်နေခဲ့ကြသည်။

ထိုင်းတွင်ရောက်ရှိနေကြသည့် မြန်မာ အလုပ်သမားများက နေရပ် ဒေသအသီးသီးသို့ ပြန်လျှင် မြ၀တီနယ်စပ် လမ်းကို အများဆုံး အသုံးပြုကြခြင်းမှာ မြ၀တီ-ရန်ကုန် ခရီး အကွာအဝေး၂၆၅ မိုင်ကို ကားဖြင့် ၁၄ နာရီခန့်သာ သွားရခြင်းကြောင့် ဖြစ်သည် ဟု သိရသည်။

ထိုင်းနိုင်ငံအတွင်း နေထိုင် အလုပ်လုပ်နေသော မြန်မာနိုင်ငံသား၂ သန်းမှ ၄ သန်းကြားရှိကြောင်း အလုပ်သမားအရေး ဆောင် ရွက်နေသူများက ပြောဆိုကြသည်။


ဧရာဝတီသတင်းဌာနမှ ကူးယူဖော်ပြပါသည်။


ထိုင်း​ရေကြီး​မှု​ကြောင့်​ ​နေရပ်ပြန်မြန်မာအလုပ်သမား​များ​ ဒဏ်​ငွေတပ် ဖမ်း​ဆီး​ခံရ

ထိုင်း​ နိုင်ငံ​ရေလွှမ်း​လို့​ပိတ်ထား​ရတဲ့​အလုပ်ရုံ​တွေက မြန်မာအလုပ်သမား​တွေ ​နေရပ်အပြန် လမ်း​မှာ ဒဏ်​ငွေရိုက်၊​ ဖမ်း​ဆီး​ခံ​နေရပါတယ်။

နေရပ်ပြန်မြန်မာအလုပ်သမားအချို့ကို မဲဆောက်လူဝင်မှုကြီးကြပ်ရေးရုံးတွင် တွေ့ရစဉ်

ရေကြီး​မှု​ ကြောင့်​ မြန်မာအလုပ်သမား​တွေ ​ထောင်နဲ့​ချီ ​နေရပ်ပြန်ကြရာ လမ်း​တ​လျှောက် စစ်​ဆေး​ရေး​ဂိတ်​တွေမှာ ထိုင်း​ပုလိပ်​တွေက အလုပ်သမား​လက်မှတ်ရှိသူ​တွေကို နယ်​ကျော်သွား​လာမှု​တွေနဲ့​ဒဏ်​ငွေရိုက်ပြီး​ လက်မှတ်မရှိသူ​တွေကို ဖမ်း​ဆီး​ထား​တယ်လို့​ မြန်မာအလုပ်သမား​တဦး​က ​ပြောပါတယ်။

“မဲ​ဆောက်​ ရောက်တဲ့​အခါကျ​တော့​ မဲ​ဆောက်ရဲ​တွေက ဖမ်း​ပြီး​တော့​ ပိုက်ဆံ​တောင်း​တာရှိတယ်။ စာရွက်စာတမ်း​စစ်​ဆေး​တယ်။ ဟိုဟာမပြည့်​စုံဘူး​။ ဒီဟာမပြည့်​စုံဘူး​ဆိုပြီး​ ပိုက်ဆံ​တောင်း​တာ​ပေါ့​။ အဲဒါက မဲ​ဆောက်မှာ။”

နယ်ခံပုလိပ်​ တွေနဲ့​သိတဲ့​ တချို့​အလုပ်သမား​တွေက​တော့​ ထိုင်း​ကား​သမား​ ​တွေကို ဘတ် ၄,၀၀၀ – ၅,၀၀၀ နဲ့​ ငှား​ပြီး​ မဲ​ဆောက်အ​ရောက် လိုက်ပို့​ခိုင်း​တယ်လို့​ ဆိုပါတယ်။

မဲ​ဆောက်ကို နည်း​အမျိုး​မျိုး​နဲ့​ ဖြတ်သန်း​လွတ်​မြောက်လာတဲ့​ မြန်မာအလုပ်သမား​တွေဟာ မြဝတီနား​က ၉ သုံး​လုံး​ဂိတ်မှာ နယ်ခြား​စောင့်​တပ်ဖွဲ့​ရဲ့​ ပြည်ဝင်ခ​ကောက်တာ ခံရတယ်လို့​ ဆိုပါတယ်။

“ဟိုဘက်​ရောက်သွား​လို့​ရှိရင် ၉၉၉ ဂိတ်မှာ အကြီး​အကျယ် အ​တောင်း​ခံရတယ်။ လူတ​ယောက်ကို ဘတ် ၂၅၀၀ ​ပေး​ရတယ်။”

ထိုင်း​ ပုလိပ်နဲ့​ မြန်မာနယ်စပ် နယ်ခြား​စောင့်​တပ်ဖွဲ့​တွေက ဒုက္ခ​ရောက်​နေတဲ့​ မြန်မာအလုပ်သမား​တွေကို ဖမ်း​ဆီး​ဒဏ်ရိုက် ​ငွေ​ကောက်ခံ​နေတာ​တွေကို ထိုင်း​၊​ မြန်မာ နှစ်ဖက်လုံး​က သက်ဆိုင်ရာအာဏာပိုင်​တွေကို တင်ပြမယ်လို့​မြန်မာအလုပ်သမား​တွေကို အကူအညီ​ပေး​နေတဲ့​ HRDF ​ခေါ် လူ့​အခွင့်​အ​ရေး​နဲ့​ဖွံ့​ဖြိုး​ရေး​ဖောင်​ဒေး​ရှင်း​ အကြံ​ပေး​အရာရှိ မစ္စတာ အန်ဒီ​ဟောလ်က ​ပြောပါတယ်။

နေရပ်ပြန်ကြတဲ့ ​ အလုပ်သမား​လက်မှတ်ရှိသူ မြန်မာအလုပ်သမား​တွေဟာ ရီအန်ထရီ (Re-entry Visa) ​ခေါ် ထိုင်း​နိုင်ငံထဲ ပြန်ဝင်ခွင့်​ဗီဇာကို တပါတည်း​ ​လျှောက်ယူကြရတယ်လို့​ ​ပြောပါတယ်။

ဘန်​ ကောက်မြို့​ မြဘုရား​တခွင်နဲ့​ ဒွန်​မောင်း​လေဆိပ်​တွေကို ​ရေလုံး​ဝ လွှမ်း​သွား​ပြီလို့​ ဘန်​ကောက်ကပြန်လာတဲ့​ မြန်မာအလုပ်သမား​တွေက ​ပြောပါတယ်။

ထိုင်း​အစိုး​ ရက ​ရေလွှမ်း​မိုး​မှု​ကြောင့်​ လူ ၃၆၆ ဦး​ ​သေဆုံး​ပြီး​ ဒုက္ခ​ရောက်​နေသူ ၁၀ သန်း​ခန့်​ ရှိ​နေပြီလို့​ ဒီက​နေ့​ သတင်း​ထုတ်ပြန်ထား​ပါတယ်။

DVB သတင်းဌာနမှ ကူးယူဖော်ပြပါသည်။


ထောင်နှင့်ချီသည့် ဌာနေပြန် မြန်မာအလုပ်သမားများ အဖမ်းခံရ

ထောင်နှင့်ချီသည့် ဌာနေပြန် မြန်မာအလုပ်သမားများ အဖမ်းခံရ
အောက်တိုဘာလ ၂၄ရက်။ စောခါးစူးညား (ကေအိုင်စီ)

ထိုင်းနိုင်ငံအတွင်း ရေကြီးမှု ဆက်လက် ဖြစ်ပွားနေခြင်းကြောင့် ဘန်ကောက်မြို့ ရေလွှမ်းမိုးရာနယ်များမှ မြန်မာပြည်သို့ ပြန်ကြ သည့် မြန်မာအလုပ်သမားများ ထောင်နှင့်ချီ၍ ထိုင်းလူဝင်မှုကြီးကြပ်ရေးအဖွဲ့(လ၀က)၏ ဖမ်းဆီးခြင်းကို ခံခဲ့ကြရသည်။

လက်ရှိ မဲဆောက်မြို့တွင် အဖမ်းခံနေရသည့် ဘန်ကောက်မှ မြန်မာအလုပ်သမားဖြစ်သူ စောဖိုးချောက “အခု တောမောရုံး (ထိုင်းလ၀ကရုံး)မှာ အဖမ်းခံရတဲ့သူ တစ်ထောင်ကျော်ရှိမယ်။ အားလုံးဟာ နိုင်ငံကူးလက်မှတ် (Passport)မရှိသူချည်းပဲ။”ဟု ကေအိုင်စီသို့ ပြောသည်။

၎င်းအနေဖြင့် အဖမ်းခံရသူများ စာရင်းတွင် နံပါတ် ၇၀၀ကျော်ဖြစ်ပြီး နောက်ပိုင်း နံပါတ်စဉ်များစွာ ကျန်နေသေးကြောင်းနှင့် ထို အထဲတွင် ကိုယ်ဝန်ဆောင် အမျိုးသမီးအချို့လည်း ပါဝင်သည်ဟု သူက ပြောပြသည်။

ယခု ထိုင်းလူဝင်မှုကြီးကြပ်ရေး တာဝန်ရှိသူများ၏ ဖမ်းဆီးခြင်းကိုခံရသူ မြန်မာများမှာ ထိုင်းနိုင်ငံတွင်း အလုပ်လုပ်ကိုင်ခွင့် လက်မှတ်(ဘတ်)များ ရှိသော်လည်း နိုင်ငံကူးလက်မှတ် မရှိသူများဖြစ်သည်ဟု သိရသည်။

အဖမ်းခံရသူများကို ထိုင်းလ၀က တာဝန်ခံများက ထိုင်း-မြန်မာနယ်စပ် မဲဆောက်-မြ၀တီ ချစ်ကြည်ရေးတံတားထိပ် မြန်မာ ပြည်ဘက်ခြမ်းရှိ နယ်ခြားစောင့်တပ်-BGF ဂိတ်သို့ ပို့ဆောင်သည်။ ထိုဂိတ်သို့ ပို့ဆောင်ခံရသူများကို BGF က တစ်ဦးလျှင် ထိုင်းဘတ်ငွေ ၂,၀၀၀မှ ၂,၅၀၀အထိ ဒဏ်ငွေသဘောမျိုး ကောက်ခံလျှက်ရှိကြောင်းလည်း BGF ဂိတ်သို့ ပြန်လည် ရောက်ရှိ သွားသည့် မြန်မာအလုပ်သမား အမျိုးသမီးတစ်ဦးက ပြောသည်။

သူမက “ဘန်ကောက်ကနေ မဲဆောက်ကို လိုင်းကားနဲ့ဆို ဘတ်ငါးရာကျော်ပဲ ကုန်တယ်။ တောမောက ဖမ်းတော့ ဒုက္ခရောက် ကြတော့တာပဲ။ လမ်းစရိတ် မလောက်တဲ့သူအတွက်တော့ အဆိုးဆုံးပဲ။ နောက် ကျမတို့ကို ပြန်လာသွန်တော့လည်း တော မောကို တစ်ယောက် ဘတ် ၈၀ ပေးခဲ့ရသေးတယ်။”ဟု ပြောသည်။

ငွေကြေးတတ်နိုင်သည့် အချို့မြန်မာအလုပ်သမားများသည် ကယ်ရီမှတဆင့် လူတစ်ဦးလျှင် ဘတ် ၄,၅၀၀မှ ၅,၀၀၀အထိ ပေး စေပြီး ကရင်ပြည်နယ် ဖားအံနှင့် မွန်ပြည်နယ် သထုံ၊ ဘီးလင်းမြို့များသို့ အရောက်ပို့ဆောင်ပေးသည်ဟု ၎င်းက ဆက်ပြော သည်။

ဘန်ကောက်မြို့ ရေကြီးမှုကြောင့် မြန်မာနိုင်ငံတွင်းရှိ ဒေသအသီးသီးမှ မိဘဆွေမျိုးများက စိုးရိမ်ပူပန်နေကြပြီး မိမိတို့၏ သား သမီး၊ မိသားစုဝင်များကို နေရပ်ပြန်လာကြရန် ဆက်သွယ်ခေါ်ယူလျှက်ရှိသည်။

မဲဆောက်မြို့အ၀င်၌ ထိုင်းလ၀ကအဖွဲ့က ယခုရက်ပိုင်းအတွင်း ဘန်ကောက်မှ နေရပ်ပြန်မည့် မြန်မာအလုပ်သမားများကို ဖမ်း ဆီးလျှက်ရှိရာ ယနေ့မှာ လူဦးရေ အများဆုံး ဖြစ်သည်။

ထိုင်းနိုင်ငံရှိ ခရိုင် ၇၇ခုအနက် ၆၁ခုမှာ ရေကြီးမှုဒဏ်ခံနေရပြီး လူဦးရေ ၈၂သိန်းကျော် ရေဘေးဒုက္ခနှင့် ရင်ဆိုင်နေရကာ သေဆုံးသူမှာ ၃၅၀ဦးကျော်ရှိပြီဟု သတင်းဌာနများက ထုတ်လွှင့်ဖော်ပြနေကြသည်။


KIC သတင်းဌာနမှ ကူးယူဖော်ပြပါသည်၊

ထိုင်းရေဘေးဒုက္ခ မြန်မာတွေလည်း ကြုံရ

ထိုင်းနိုင်ငံအနှံ့ ရေကြီးမှုကြောင့် အနည်းဆုံး လူ ၂၆၀ ကျော် သေဆုံး၍ ၆ ဦး ပျောက်ဆုံးနေပြီး မြန်မာနိုင်ငံသားများ အပါ အ၀င် ဒေသခံ ၂ သန်းကျော် ရေဘေးဒုက္ခ ကြုံတွေ့နေရကြောင်း မကြာခင် ရက်ပိုင်းက ထိုင်းသတင်းများတွင် ဖော် ပြထားသည်။

ထိုင်းမြို့ဟောင်း အယုဒ္ဓယ ရေကြီးသည့် မြင်ကွင်း (ဓာတ်ပုံ - Getty Images)

ထိုင်းနိုင်ငံတွင် စုစုပေါင်း ရေလှောင်တမံ ၃၃ ခုရှိသည့်အနက် တချို့ ရေလှောင်တမံများမှ ရေဖွင့်ချခဲ့မှုကြောင့် ရေလွှမ်းမှု ဖြစ်ကာ ဆူခိုထိုင်း၊ ဖိကျစ်၊ နခွန်စ၀မ်၊ ဥထိုင်းဌာနီ၊ ချိုင်န၊ ဆင်ဘူရီ၊ အန်ထောင်း၊ အယုဒ္ဓယ၊ လွတ်ဘူရီ၊ ဆလာဘူရီ၊ ဆူဖန် ဘူရီ၊ ပထုံဌာနီ စသည့် မြို့နယ်များတွင် ရေလွှမ်းမှုများ ဆက်လက် ဖြစ်ပွားနေကြောင်း သိရသည်။

ရေဘေးဒုက္ခသည်များ အတွက် ဘန်ကောက်မြို့တွင် ယာယီ စခန်းများ ဖွင့်လှစ်ရန် ထိုင်းအာဏာပိုင်များက စီစဉ်ထားကြောင်း ထိုင်းသတင်းများက ဆိုသည်။

ထိုင်းနိုင်ငံ၏ မြို့ဟောင်းဖြစ်သည့် အယုဒ္ဓယမြို့တွင် ရေလွှမ်းမှု အဆိုးရွာဆုံး ကြုံတွေ့နေရပြီး ယင်းဒေသ အလုပ်ရုံများရှိ မြန် မာ ရွှေ့ပြောင်း အလုပ်သမားများလည်း ရေဘေးဒုက္ခ ကြုံတွေ့နိုင်သည်ဟု မြန်မာနိုင်ငံ ဒီမိုကရေစီ ရရှိရေး ထိုင်း လှုပ်ရှားမှု ကော်မတီ (TACDB) မှ လက်ထောက် ဒါရိုက်တာ ဦးမြင့်ဝေက ဧရာဝတီသို့ ပြောသည်။

“အဲဒီက အလုပ်သမားတွေ ဒုက္ခတွေ့နိုင်တာပေါ့။ စိတ်ဓာတ် ရေးရာအရ အားပေးမှုကတော့ အပြည့်အ၀ လိုအပ်တယ်။ ကျနော်တို့ကလည်း ဘယ်က စလုပ်ရမလဲ မသိဘူး ဖြစ်နေတယ်” ဟု ၎င်းက ဆိုသည်။

TACDBက ဦးဆောင်၍ ရေဘေး ဒုက္ခသည် ထိုင်းနှင့် မြန်မာနိုင်ငံသားများကို ကူညီနိုင်ရန်အတွက် ဘန်ကောက်မြို့တွင် အလှူငွေများ မကြာခင်ရက်ပိုင်းက စတင်ကောက်ခံနေရာ ဘတ် ၄၀၀၀ ကျော် (ကျပ် ၁ သိန်းခန့်) ရရှိထားကြောင်း ဦးမြင့်ဝေ က ဆက်ပြောသည်။

အယုဒ္ဓယ မြို့နယ်အတွင်း ခန့်မှန်ခြေ မြန်မာအလုပ်သမား ၁ သောင်း ၀န်ကျင်ရှိကြောင်း သိရသည်။

အလားတူပင် ပထုံဌာနီဒေသရှိ စက်ရုံများတွင် အလုပ်လုပ်ကိုင်နေကြသည့် မြန်မာ အလုပ်သမားများလည်း ရေဘေးဒုက္ခ ကြုံနေရကြောင်း သိရသည်။

ထိုဒေသရှိ အလုပ်သမား တဦးက “တချို့ သူငယ်ချင်တွေဆိုရင် ရေမြုပ်တော့ တခြား သူငယ်ချင်းတွေရဲ့ အခန်းမှာ သွားနေကြ ရတယ်” ဟု ပြောသည်။

တချို့သော မြန်မာ အလုပ်သမားများသည် ၎င်းတို့၏ စက်ရုံထဲသို့ ရေမ၀င်နိုင်စေရန် သဲအိတ်များ ချထားခြင်းဖြင့် ကြိုတင် ပြင်ဆင်နေကြောင်း ၎င်းက ဆိုသည်။

ယခုလ ၁၅ နေ့မှ ၂၀ ရက်နေ့ အတွင်း ဘန်ကောက်မြို့ပေါ် တွင် ရေကြီးမှုများ ဖြစ်ပွားလာနိုင်သည်ဟု ထိုင်းအာဏာပိုင်များက အသိပေးထားကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင် အလုပ်လုပ်နေသည့် မြန်မာအလုပ်သမား ၂ သန်းခွဲမှ ၄ သန်းအထိ ရှိနိုင်ကြောင်း အလုပ်သမားအရေး ဆောင် ရွက်နေသော အဖွဲ့ အစည်းများက ခန့်မှန်းထားသည်။

ဧရာဝတီသတင်းဌာနမှ ကူးယူဖော်ပြပါသည်

လူကုန်ကူး ခံခဲ့ရသည့် မြန်မာအမျိုးသမီးနှစ်ဦး အသက်အန္တရာယ် စိုးရိမ်ရ

20110916aအတူတကွ လူကုန်ကူး ခံခဲ့ရသူများ အားလုံးကို ထိုင်းအစိုးရက မြန်မာနိုင်ငံသို့ ပြန်လည် ပို့ဆောင်ခဲ့ပြီး ဖြစ်သော်လည်း အကြောင်းပြချက် မယ်မယ်ရရ မသိရပဲ ဘန်ကောက်မြို့ IDC အချုပ်ခန်းထဲတွင် ကျန်နေခဲ့ရသည့် အမျိုးသမီး နှစ်ဦး၏ အသက် အန္တရာယ်အား စိုးရိမ်ရကြောင်း ၎င်းတို့အား အကူအညီ ပေးနေသည့် အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အလုပ်သမားအရေး ဆောင်ရွက်သည့် ဘန်ကောက် အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ အဖွဲ့ BAT မှ ကိုစိုင်းအေးက “ကျနော်တို့ ကူညီထားတဲ့ အလုပ်သမား တွေထဲကIDC အချုပ်ခန်းထဲက အလုပ်သမား (၈)ယောက်ကို မပို့ပဲ ကြာနေလို့ ထိုင်းလူကုန်ကူးမှု တိုက်ဖျက်ရေး အဖွဲ့ကို အကူအညီ တောင်းနေတာ ကြာပြီ။ ဒီနေ့ (၆)ယောက် ပို့လိုက်တယ်။ မသွယ်နဲ့ မဇင်မာတို့ကို ဘာဖြစ်လို့ ချန်ထားလိုက်လဲ မသိဘူး။ သူတို့စိတ် ဓါတ်ကျပြီး ကိုယ့်ကိုကိုယ် သတ်သေမှာကို ကျနော် စိုးရိမ်နေတယ်’’ဟု ပြောသည်။

ယခု ကျန်ရှိနေခဲ့သူ မသွယ်က “ကျမတို့ အချုပ်ထဲ၊ ထောင်ထဲမှာ နေရတာ (၅)လ ပြည့်တော့မယ်။ ကျမတို့ IDC အချုပ်ခန်းမှာ အခင်းဖျာလည်း မရှိဘူး။ စောင်လည်း မရှိဘူး၊ ထမိန်ခြုံပြီး အိပ်ရတယ်။ ကျမတို့ တစ်ယောက်ပြီး တစ်ယောက် ဖျားနာ နေကြတယ်။ ဒီနေ့ (၆)ယောက်ကို ပို့လိုက်တယ်။ ကျမနဲ့ မဇင်မာကို ဘာဖြစ်လို့ ချန်ထားခဲ့တာလဲ။ ကိုယ့်ကိုကိုယ် သတ်သေချင် စိတ်ပေါက်နေတယ်”ဟု BAT သို့ ပြောဆိုခဲ့သည်။

ပြန်ပို့ခံရသည့် အလုပ်သမားအနက် နှစ်ဦးကို မိသားစုများက မြ၀တီမြို့ ကိုးသုံးလုံးဂိတ်မှ တစ်ဦးလျှင် ဘတ်ငွေ (၂၅၀၀)ဖြင့် ရွေးထုတ်ခဲ့သည်။ မရွေးနိုင်သည့် အလုပ်သမား (၄)ဦးတို့က ဘန်ကောက် အခြေစိုက် ပင်လယ်ပျော်များ သမဂ္ဂ SUB နှင့် BAT တို့က ကုလသမဂ္ဂ လူကုန်ကူးမှု တိုက်ဖျက်ရေး UNIAPသို့ အကူအညီ တောင်းခံခဲ့ကြသည်။

နေ့လည်ပိုင်းက မြ၀တီမြို့ လူကုန်ကူးမှု ရဲတပ်ဖွဲ့က အမျိုးသမီး (၄)ဦးအား လာရောက် ခေါ်ယူခဲ့ကြောင်း ဘန်ကောက် UNIAP မှ မြန်မာ အရာရှိက ပြောသည်။

SUB မှ ဥက္ကဌ ဦးအောင်သူရက “ဒီအလုပ်သမတွေဟာ အခန်းပိတ်လှောင်ြပီး လပေါင်းများစွာ လုပ်အားခ မရပဲ အလုပ် လုပ်ခဲ့ကြရတယ်။ ကယ်ဆယ်ရေး စခန်းလို့ အမည်ခံထားတဲ့ အကျဉ်းထောင်တွေမှာ လပေါင်းများစွာ နေခဲ့ရတယ်။ သူတို့ကို နယ်စပ်ပြန်ပို့တော့ တစ်ယောက်ကို ဘတ် (၂၅၀၀)နဲ့ ရွေးရမယ်။ ဒီလောက် ဒုက္ခရောက်ခဲ့တဲ့ မြန်မာ အလုပ်သမားတွေကို မြ၀တီ ကိုးသုံးလုံးဂိတ်မှာ ဘာကြောင့် ငွေပေးပြီး ရွေးရတယ်ဆိုတာ ကျနော် လုံးဝနားမလည်ဘူး”ဟု ပြောသည်။

အဆိုပါ အလုပ်သမားများမှာ ပြီးခဲ့သည့် ဧပြီလ (၁၉)ရက်နေ့က ဘန်ကောက်မြို့ ဒင်းဒဲန် ရပ်ကွက် စက်ချုပ်ရုံ (၄)ရုံမှ နာရီပေါင်းများစွာ အခန်းပိတ်လှောင် ခိုင်းစေ ခံနေသဖြင့် BATနှင့် ထိုင်းအစိုးရ လူကုန်ကူးမှု တိုက်ဖျက်ရေး အဖွဲ့တို့ ပူးပေါင်း ကယ်ထုတ် ခဲ့သူများဖြစ်သည်။

ကယ်ထုတ်ခဲ့သည့် အလုပ်သမား (၄၃)ဦးအနက် လူကုန်ကူးမှု မမြောက်ဟုဆိုကာ အလုပ်သမား (၂၂)ဦးတို့အား ဇွန်လဆန်းက ထိုင်းမြန်မာ နယ်စပ်သို့ ပြန်လည် ပို့ဆောင်ပေးခဲ့သည်။ နယ်စပ်သို့ အသုတ်လိုက် ပြန်လည် ပို့ဆောင်ခဲ့ပြီးနောက် သြဂုတ်လ (၁၂)ရက်နေ့တွင် နွန်ထဘူရီ ကယ်ဆယ်ရေး စခန်းထဲမှ အလုပ်သမား (၁၅)ဦးကို ဘန်ကောက်မြို့ IDC အချုပ်ခန်းသို့ ပို့ဆောင်ခဲ့သည်။

သြဂုတ်လ (၁၅)ရက်နေ့ ညက (၇)ဦးအား နယ်စပ်သို့ ပြန်လည် ပို့ဆောင်ပေးခဲ့ပြီး (၈)ဦမှာ IDC အချုပ်ခန်းထဲ၌ ကျန်နေခဲ့သည်။ ထိုအထဲမှ (၆)ယောက်ကို ထိုင်းအာဏာပိုင်များက ယနေ့ မြ၀တီသို့ ပြန်လည်ပို့ ဆောင်ပေးခဲ့ခြင်း ဖြစ်သည်။

လူကုန်ကူး ခံခဲ့ရသည့် မြန်မာအလုပ်သမားများမှာ အစိုးရ သက်သေအဖြစ် (၅)လတိုင်တိုင် အချုပ်ခန်းနှင့် အကျဉ်းထောင် တို့တွင် နေခဲ့ကြရသော်လည်း ဆုံးရှုံးခဲ့သည့် လုပ်အားခများနှင့် နစ်နာကြေး တစ်စုံတစ်ခုမှ မရရှိခဲ့ကြောင်း ပြန်လည် ပို့ဆောင် ခံခဲ့ရသူများက ပြောပြသည်

ထိုင်းနိုင်ငံရောက် မြန်မာတို့ နေ့တွက်ခ တိုးရမည်လော


ထိုင်းနိုင်ငံ အလုပ်သမားတဦး၏ အနည်းဆုံး နေ့တွက်ခ အဖြစ် ဘတ် ၃၀၀ (၁၀ ဒေါ်လာ) ပေးရန် သတ်မှတ်မည့် အစီအစဉ်ကို ထိုင်းဝန်ကြီးချုပ်က အတည်ပြုခဲ့သည့်တိုင် မြန်မာပြည်သား အလုပ်သမားတို့ အကျိုးခံစားခွင့် ရဦးမည်မဟုတ်ဟု အလုပ်သမား အခွင့်အရေး ဆောင်ရွက်နေသူများက ခန့်မှန်းနေကြသည်။

ပြီးခဲ့သည့်နှစ်ကုန်ပိုင်းက ထိုင်းနိုင်ငံ မြောက်ပိုင်း Khon Kaen မြို့ရှိ ငါးဖမ်းပိုက်ကွန်စက်ရုံတွင် အလုပ်သမားအခွင့်အရေးအတွက် ဆန္ဒပြနေကြသော မြန်မာပြည်သား အလုပ်သမားများ (ဓာတ်ပုံ - ဧရာဝတီ)

သို့သော်လည်း ထိုင်းအခြေခံဥပဒေ၊ နိုင်ငံတကာ အလုပ်သမား ဥပဒေတို့တွင် ပြဋ္ဌာန်းထားချက်အရ အလုပ်သမားဆိုင်ရာ ရပိုင်ခွင့်များသည် ထိုင်းနိုင်ငံသားများသာမက ထိုင်းတွင်ရောက်ရှိနေသော မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား နိုင်ငံတို့မှ အလုပ်သမားများနှင့်လည်း အကျုံးဝင်ကြောင်း သိရသည်။

“အခြေခံ သတ်မှတ်ထားတဲ့ လစာရဖို့က လက်တွေ့မှာ နည်းနည်း ခက်တယ်၊ ဘာဖြစ်လို့လဲ ဆိုတော့ သူတို့တွေက ခွဲခြားခံနေရတယ်၊ အလုပ်ရှင်တွေကလည်း အနိမ့်ဆုံး လစာကို မပေးချင်ကြဘူး၊ ရွှေ့ပြောင်း အလုပ်သမားတွေမှာ စုစည်းထားတဲ့ သမဂ္ဂလို အဖွဲ့မျိုး မရှိတာကလည်း အနိမ့်ဆုံး လုပ်အားခ သတ်မှတ်ချက်ကို ရဖို့ မလွယ်ဘူး” ဟု လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးရေး ဖောင်ဒေးရှင်း ညွှန်ကြားရေးမှူး အန်ဒီဟောလ်က ဧရာဝတီသို့ ပြောသည်။

အနိမ့်ဆုံး လစာ သတ်မှတ်ချက်တွင် အချိန်ပို၊ အလုပ်ခွင်လုံခြုံမှု စသည့်တို့ ပါဝင်မှု ရှိမရှိ ရှင်းလင်းလင်း မသိရသေးကြောင်း၊ လာမည့်နှစ်တွင် အကောင်အထည်ဖော်နိုင်လိမ့်မည်ဟု ယူဆထားကြောင်း ၎င်းက ဆိုသည်။

အာဏာရပါတီသည် မကြာသေးမီက ရွေးကောက်ပွဲ မဲဆွယ်စဉ် နေ့တွက်ခ ဘတ် ၃၀၀ သတ်မှတ်ရန် ကတိပေးခဲ့သော်လည်း ယခု အကောင်အထည် ဖော်ဆောင်ရာတွင် အတိုက်အခံပြုမှုများနှင့် ရင်ဆိုင်နေရသည်။

လုပ်ငန်းရှင်များ နှင့် ထိုင်းဝန်ကြီးချုပ်ဟောင်း အဖိဆစ် ဝေ့ချာချီဝတို့က ယင်းအစီအစဉ် အလုပ်မဖြစ်နိုင်ကြောင်း ကန့်ကွက် ပြောဆိုထားပြီးဖြစ်သည်။

ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမား အများအပြားကလည်း ၎င်းတို့နှင့် ဘတ် ၃၀၀ အစီအစဉ် သက်ဆိုင်လိမ့်မည် မဟုတ်ဟု ဆိုသည်။

“ပေးမယ် ဆိုရင် မြန်မာ နိုင်ငံသားတွေကိုလည်း ပေးဖို့ မျှော်လင့်ပါတယ်၊ ဒါပေမယ့် မရနိုင်ဘူး ထင်တယ်၊ သတင်းကြားတာက ထိုင်းလူမျိုးတွေကိုပဲ ပေးမယ်၊ မြန်မာ နိုင်ငံသားတွေကို မပေးဘူးလို့ ကြားတယ်” ဟု ဘန်ကောက်မြို့အနီး မဟာချိုင် ဒေသရှိ ဆေးဆိုးပန်းရိုက် လုပ်ငန်းတခုတွင် လုပ်ကိုင်နေသည့် မောင်မြင့်ထွန်းက ပြောသည်။

သူက တနေ့ လုပ်အားခ ၂၁၅ ဘတ်သာ ရရှိသည်ဟု ဆိုသည်။ သူ၏ ၀င်ငွေမှာ ထိုင်းအလုပ်သမားဌာနက ထိုဒေသအတွက် သတ်မှတ်ထားသည့် အနိမ့်ဆုံးနေ့တွက်ခအတိုင်း ရရှိခြင်း ဖြစ်သည်။

အလုပ်သမား နေ့တွက်ခကို ခရိုင်အလိုက်ခွဲခြားထားရာ မြန်မာပြည်သား အလုပ်သမားအများစုမှာ သတ်မှတ်ထားချက်ထက် နည်းပါးသည့် လုပ်အားခကိုသာ ရကြသည်ဟု ထိုင်းနိုင်ငံတောင်ပိုင်း အခြေစိုက် ပညာရေးနှင့် ဖွံ့ ဖြိုး တိုးတက်ရေး ဖောင်ဒေးရှင်း ဒါရိုက်တာ ဦးထူးချစ်က ပြောသည်။

“လုပ်အားခကို ၃၀၀ သတ်မှတ်မယ် ဆိုရင်တော့ မြန်မာ အလုပ်သမားတွေလည်း အကျိုးခံစားခွင့်ရှိရမယ်၊ တကယ်လို့ အကျိုးခံစားခွင့် မရှိဘူးဆိုရင် အလုပ်သမား အရေး ဆောင်ရွက်နေတဲ့ NGO အဖွဲ့အစည်းတွေ၊ ကာယကံရှင် အစိုးရတွေကသာ အဲဒါကို ရအောင် လုပ်ပေးသင့်တယ်” ဟု ဦးထူးချစ်က ဆိုသည်။


ထိုင်းအစိုးရသစ်၏ နေ့တွက်ခ ဘတ် ၃၀၀ အစီအစဉ်ကြောင့် ကုန်းဈေးနှုန်းတက်လာနိုင်သဖြင့် အလုပ်သမားများ ယခင်ဝင်ငွေနှင့် ရပ်တည်ရန် ခက်ခဲလိမ့်မည်ဟု ဦးထူးချစ်က ဆက်ပြောသည်။

“ဒါကြောင့် ရွှေ့ပြောင်း အလုပ်သမားတွေနဲ့ ဒီထိုင်းအလုပ်သမားတွေနဲ့ တပြေးညီ ဆောင်ရွက်ပေးသင့်တယ်လို့ မြင်ပါတယ်” ဟု ၎င်းက ရှင်းပြသည်။

မြန်မာပြည်သားအလုပ်သမား အများအပြား တည်ရှိရာ မဲဆောက်မြို့တွင် နေ့တွက်ခ ၁၆၂ ဘတ် သတ်မှတ်ထားသော်လည်း ဘတ် ၁၀၀ အောက်သာ ရရှိကြသည်။

“လတ်တလော ၁၆၂ ဘတ် မရကြဘူး ဆိုတော့ နောက် ၃၀၀ ဆိုရင် ဖြစ်နိုင်ခြေ မရှိဘူးလို့ ထင်တယ်” ဟု မဲဆောက်မြို့အခြေစိုက် ရောင်ခြည်ဦး အလုပ်သမားအဖွဲ့မှ ကိုမိုးဆွေက ပြောသည်။

မကြာသေးမီက ကုလသမဂ္ဂ လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ အထူး ကိုယ်စားလှယ် Ms. Joy Ngozi Ezeilo ကလည်း ရွှေ့ပြောင်း အလုပ်သမားများကို အကာအကွယ်ပေးရန် ထိုင်းအစိုးရကို တိုက်တွန်းထားသည်။

ထိုင်းနိုင်ငံတွင် မြန်မာ ရွှေ့ပြောင်းအလုပ်သမား အရေအတွက် ၄ သန်းအထိ ရှိနိုင်ကြောင်း အလုပ်သမားအရေး ဆောင်ရွက်သူများက ခန့်မှန်းထားသည်။

ဧရာဝတီ သတင်းဌာနမှ ကူးယူဖော်ပြပါသည်။

ယာယီပတ်စ်ပို့ ကိုင်ဆောင်ထားသူများကို ထိုင်းရဲက ခရီးသွားခွင့်မပြု




20110824a

မောင်ချစ်ကိုကိုခင်နှင့် မဟေမာန်သွယ်

ယမန်နေ့ညက ထိုင်းနိုင်ငံ မဲဆောက်မြို့မှ ဘန်ကောက်နှင့် ဖန်ငမြို့များသို့ သွားရောက်ကြမည့် ယာယီပတ်စ်ပို့ ကိုင်ဆောင်ထားသော မြန်မာအလုပ်သမား (၆)ဦးကို တာ့ခ်ခရိုင် စစ်ဆေးရေး ရဲဂိတ်မှ သွားလာခွင့် မပြုဘဲ မဲဆောက်မြို့သို့ ပြန်လည် ပို့ဆောင်လိုက်ကြောင်း သိရသည်။

အဆိုပါ ခရီးသွားလာခွင့် မရသည့် မြန်မာ (၆)ဦးတွင် ဖန်ငခရိုင် အခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (FED)မှ ၀န်ထမ်း နှစ်ဦးလည်း ပါဝင်သည်။ ၎င်းတို့ နှစ်ဦးမှာ FED၏ မဲဆောက်ရုံးခွဲမှ ၀န်ထမ်းများဖြစ်ပြီး ဖန်ငခရိုင်ရှိ FED ရုံးချုပ်သို့ အလုပ်ကိစ္စဖြင့် လာကြသူများ ဖြစ်သည်။

FEDမှ လက်ထောက် ဒါရိုက်တာ ဒေါ်အိုက်ချမ်းလည်း ထိုဝန်ထမ်းများနှင့်အတူ လိုက်ပါလာရာ ၎င်းတွင် နိုင်ငံကူးလက်မှတ် ပတ်စ်ပို့ ကိုင်ဆောင်ထားသော်လည် မိမိဌာနမှ ၀န်ထမ်းများနှင့်အတူ ကားပေါ်မှ ဆင်းကျန်နေခဲ့သည်။

ဒေါ်အိုက်ချမ်းက “ပိုက်ဆံ အများကြီး အကုန်ခံပြီး ယာယီပတ်စ်ပို့ လုပ်ကြတာ အလုပ်သမားတွေ လွတ်လွတ်လပ်လပ် သွားလာချင်လို့ လုပ်ကြတာဖြစ်တယ်။ ဒီလို ခရီးသွားလာခွင့် မရရင် ဒီယာယီပတ်စ်ပို့ကို ဘယ်သူလုပ်အုံးမလဲ။ ဘယ်လို ယုံကြည် ရတော့မလဲ။ ဒါဆိုရင် လူကုန်ကူးမှုတွေ ပိုဖြစ်လာတော့မှာပေါ့။ ထိုင်းအာဏာပိုင်တွေ အနေနဲ့ ဒါမျိုး မလုပ်သင့်ပါဘူး”ဟု ပြောသည်။

ထိုင်းရဲများက မဲဆောက်မြို့ ထိုင်းလူဝင်မှု ကြီးကြပ်ရေးဌာနမှ ခရီသွားလာရန် ခွင့်ပြုချက် မပါသဖြင့် ခွင့်မပြုနိုင်ကြောင်း ပြောဆိုပြီး မဲဆောက်မြို့သို့ ပြန်လည်ပို့ဆောင် ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ခရီးသွားလာခွင့် မရသည့် FED ၀န်ထမ်းနှစ်ဦးမှာ မဟေမာန်သွယ် ယာယီပတ်စ်ပို့ အမှတ် (KT- 373 704)နှင့် မောင်ချစ်ကိုကိုခင် ယာယီပတ်စ်ပို့ အမှတ်(KT-373 748)တို့ ဖြစ်ကြသည်။

FEDမှ အမှုဆောင် ဒါရိုက်တာ ဦးထူးချစ်က “ကျနော်တို့က မြန်မာအလုပ်သမားတွေအတွက် အကူအညီပေးနေတဲ့ အဖွဲ့အစည်း ဖြစ်သလို ထိုင်းနိုင်ငံအတွက်လည်း အများကြီး အကျိုးပြုနေတဲ့ အဖွဲ့အစည်း ဖြစ်တယ်။ ဒီလို အဖွဲ့အစည်းက တရားဝင် ယာယီပတ်စ်ပို့ လုပ်ထားတဲ့ ၀န်ထမ်းတွေကိုတောင် ထိုင်းရဲတွေက ဒီလို အနှောက်အယှက်ပေးရင် ရိုးရိုးသာမန် အလုပ်သမားတွေ ဆိုရင် ထိုင်းရဲတွေ လုပ်ချင်သလို လုပ်တော့မှာပေါ့”ဟု ပြောသည်။

ငွေကြေးများစွာ အကုန်အကျခံပြီး ယာယီပတ်စ်ပို့ လုပ်ထားသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများအတွက် မြန်မာနှင့် ထိုင်း နှစ်နိုင်ငံ အစိုးရများ ထုတ်ပြန် ပြောဆိုခဲ့သည့်အတိုင်း လွတ်လပ်စွာ သွားလာခွင့်နှင့် နေထိုင် အလုပ်လုပ်ကိုင်ခွင့်များ အာမခံချက် ရှိကြောင်း ပြသရန် လိုအပ်သည်ဟု ဦးထူးချစ်က ထောက်ပြ ပြောဆိုသည်။

ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငခရိုင် အခြေစိုက် FED သည် ထိုင်းနိုင်ငံတွင် တရားဝင် မှတ်ပုံတင်ထားပြီး ၀န်ထမ်းအင်အား (၉၀)ခန့်ဖြင့် အခြေခံလူထု ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်နေသော အဖွဲ့အစည်းတစ်ခု ဖြစ်သည်။

www.ghre.org မှ ကူးယူဖော်ပြပါသည်။





ထိုင်းရောက် မြန်မာအလုပ်သမားများအရေး (၁)

(ဓာတ်ပုံ - Photojournale)

မင်းလွမ်းနောင်

စီးပွားရေး တိုးတက်ကောင်းမွန်လျက်ရှိသော ထိုင်းနိုင်ငံ အတွင်းသို့ ရွှေမြန်မာများ တစ်နေ့တစ်ခြား ၀င်ရောက်လျှက်ရှိသည်မှာ ယခုအခါ အလုပ်သမားရေး လေ့လာဆောင်ရွက်သူများ အဆိုအားဖြင့် လူဦးရေ ၄ သန်းကျော် ရှိနေပြီဖြစ်သည်။ ထိုအထဲမှ ၁ သန်းခွဲမျှလောက်သော ရွှေမြန်မာများသည် ထိုင်းအစိုးရမှ ထုတ်ပေးသော ၁ နှစ်ခံ အလုပ်လုပ်ကိုင်ခွင့် (ထိုင်းအခေါ် “ဘတ်”)၊ ပြည်နယ်ဒေသများတွင် ၁၀ နှစ်ခံ နေထိုင်ခွင့်နှင့် နှစ်နိုင်ငံသဘောတူ ဆောင်ရွက်ထားသော ယာယီနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူများ ဖြစ်ပေသည်။

သို့သော်အများစုမှာ မည်သည့် စာရွက်စာတမ်းမှ မရှိဘဲ တရားမ၀င် နေထိုင် အလုပ်လုပ်ကိုင်နေသူများ ဖြစ်သည့်အားလျော်စွာ အဘက်ဘက်မှ လူ့အခွင့်အရေး ချိုးဖောက်ခံနေကြရသူများလည်း ဖြစ်သည်။ တရားဝင် စာရွက်စာတမ်း ကိုင်ဆောင်ထားသော်လည်း အများစုမှာ ဖိနှိပ်ခံ၊ လူ့အခွင့်အရေး ချိုးဖောက်ခံနေရဆဲဖြစ်သည်။

အဘယ့်ကြောင့် ၀င်ရောက်လာရပါသနည်း

မြန်မာနိုင်ငံတွင် အခြေခံ စားသောက်ကုန်စရိတ် ကြီးမြင့်ခြင်း၊ အလုပ်အကိုင်ရှားပါးခြင်း၊ ရရှိသော လုပ်အားလစာနှင့် မိသားစုစားဝတ်နေရေး ပြေလည်စေရန် ဖြေရှင်းနိုင်မှုမရှိခြင်း၊ အလုပ်အကိုင်ရှိသော်လည်း ၀င်ရောက်မည့် အရည်အချင်း မရှိခြင်း၊ ကောင်မွန်သော အလုပ်အကိုင်ရှာဖွေရန် ခက်ခဲသော အခြေအနေတို့ကို အခြေခံပါသည်။ မြန်မာနိုင်ငံ၏ ငွေကြေးထက် ထိုင်းငွေကြေးက ပိုမိုမာခြင်း၊ အလုပ်အကိုင် ရှာဖွေရလွယ်ကူခြင်း၊ ရရှိသော လုပ်အားလစာမှာ ပြည်တွင်းမှရရှိသော လုပ်အားလစာထက် များခြင်း၊ အိမ်နီးချင်းနိုင်ငံဖြစ်သည့် အားလျော်စွာ တရားမ၀င် ၀င်ရောက်ရန်လွယ်ကူခြင်း တို့ကြောင့် ယနေ့ကာလတွင် ထိုင်းရောက်ရွှေမြန်မာများ ထူထပ်များပြားလာရခြင်းပင် ဖြစ်ပါသည်။

လာရောက်ကြသည့်နည်းလမ်းများ

ရေလမ်း (ကော့သောင်းဘက်) မှ လာလျှင် လူပွဲစားများ တဆင့်ဆက်သွယ်ပြီး လူစုကာ အယောက် ၃၀ အထက်တွင် လှေတစ်စီးစာ သတ်မှတ်ကာ ကော့သောင်းမှ ညလူခြေတိတ်ချိန်တွင် လှေပေါ်၌ လှဲအိပ်စေပြီး အပေါ်မှ တာလဘတ် အမိုးဖြင့်ဖုံးအုပ်ပြီး သက်ဆိုင်ရာ အာဏာပိုင်များအား လိုင်းကြေးပေးဆောင်၍ ဝင်ပါသည်။ အသက်အန္တရာယ် အလွန်များသော ခရီင်္းလမ်းဖြစ်ပြီး လမ်းခရီးတွင် ကျွန်းများ၌ နားခိုရခြင်း၊ အစာရေစာငတ်ပြတ်ခြင်း ဒဏ်များကိုခံကာ ထိုင်းနိုင်ငံတောင်ပိုင်း နန်ယွန်၊ မီးသွေးဖောင်း အစရှိသော လှေဆိပ်များသို့ သယ်ဆောင်ကာ ထိုင်းအာဏာပိုင်များနှင့် ချိတ်ဆက်လျှက် ပို့ဆောင်ရမည့် နယ်မြေဒေသများသို့ ပို့ဆောင်ပေးလေ့ရှိသည်။

ကုန်းလမ်း (ကော့သောင်းဘက်) မှ လာလျှင်လည်း လူပွဲစားများတဆင့် (သို့) အသိမိတ်ဆွေများ အကူအညီဖြင့် ရနောင်းဘက်ကမ်းသို့ တရားဝင် (သို့) တရားမ၀င် ကူးကာ ထိုင်းနိုင်ငံအတွင်းရှိ ပွဲစားများမှတဆင့် သက်ဆိုင်ရာ သွားလိုသည့်နယ်မြေများသို့ သွားရောက်လျှက် ရှိပေသည်။ ကော့သောင်းဘက်မှ ရနောင်းဘက်သို့ ကူးရာတွင် တရားဝင် ၇ ရက် အလည်အပတ် စာအုပ်ပြုလုပ်ရန် မှတ်ပုံတင်မရှိသူများက ဘတ်ငွေ ၂၀၀၀ ၀န်းကျင်၊ မှတ်ပုံတင် (၆/မဟုတ်သူများ) ရှိသူများအနေနှင့် ဘတ်ငွေ ၁၃၀၀ ခန့်ကုန်ကျခံပြီး ပြုလုပ်ပေးသော လှေသမား (သို့) ပွဲစား များမှ တာဝန်ရှိသူများနှင့် ပူးပေါင်းကာ လုပ်ဆောင်ပေးသည်။ ရနောင်းမြို့ပေါ်သို့ရောက်လျှင် စုရပ်တစ်ခုအတွင်း စုဆောင်းပြီး ကားအမျိုးစုံဖြင့် ထိုင်းနိုင်ငံအတွင်းသို့ သယ်ဆောင်ပေးခြင်းလည်း ရှိသည်။

တချို့ဆိုလျှင် လမ်းခရီး၌ အဖမ်းအဆီးခံရခြင်း၊ ယာဉ်တိမ်းမှောက်ပြီး သေဆုံးခြင်း၊ ကားအတွင်း ကျပ်တည်းစွာ လိုက်ရပြီး အသက်ရှုကျပ်ပြီး သေဆုံးခြင်းများလည်း မကြာခဏ ဖြစ်ပေါ်လေ့ရှိသည်။

မြ၀တီမှ မဲဆောက်သို့ တရားဝင် (သို့) တရားမ၀င် သွားရောက်ပြီး ကားလမ်းမှ တဆင့် ဘန်ကောက်နှင့် တခြားသော အလုပ်အကိုင်ရှိရာ ဒေများသို့ ထိုင်းဘတ်ငွေ ၁၀၀၀၀ ကျော် ပေးကာ ၀င်ရောက်ကြသူများလည်း ရှိသည်။ ထိုသို့ပို့ဆောင်ရာတွင် လူပွဲစားများနှင့် ထိုင်း လူဝင်မှုကြီးကြပ်ရေးမှ တာဝန်ရှိသူများ လက်ဝါးချင်းရိုက်ကာ လုပ်ဆောင်ပေးနေသည်။ ထိုကဲ့သို့ နည်းမျိုးစုံဖြင့် မြန်မာပြည်သားများ ထိုင်းနိုင်ငံအတွင်းသို့ ၀င်ရောက်လာကြသည်မှာ ယခုအခါ တိတိကျကျပြောရန်ပင် ခက်ခဲသော ပမာဏ ဖြစ်နေပေသည်။

နောက်ဆက်တွဲ

ထိုသို့ ဒုက္ခ ပေါင်းများစွာခံရပြီး မိမိတို့သွားလိုသော နေရပ်သို့ရောက်ရှိလျှင် ပြီးဆုံးသွားပါမည်လား။ မပြီးသေး။ အလုပ်ခွင်သို့ရောက်ရှိပြီး မကြာခဏ ထိုင်းရဲများ၏ ဖမ်းဆီးခြင်းခံရပြီး မတန်တဆသော ငွေကြေး ပေးဆောင်ပြီးမှ လွတ်မြောက်သူ၊ မပေးဆောင်နိုင်သောကြောင့် နယ်စပ်သို့ ပြန်လည်ပို့ဆောင်ခံရသူများမှာလည်း ဒုနဲ့ဒေးပင်။
တချို့ဆိုလျှင် အဆင့်ဆင့် ရောင်းစာခံရခြင်း၊ မိန်းကလေးများဆိုလျှင်လည်း မသမာသူလက်ထဲ ရောက်သွားပါက မကောင်းသည့် နေရာများသို့ အတင်းအကြပ် ရောင်းစားခံရခြင်းများ ရှိသည်။

ဧရာဝတီ ဘလော့ဒ် မှ ကူးယူဖော်ပြပါသည်။

ထိုင်းရောက် မြန်မာအလုပ်သမားများအရေး (၂)


မင်းလွမ်းနောင်

(ပထမပိုင်း ဖတ်ရှုရန်)

သာမန် လုပ်ငန်များဖြစ်သော အိမ်ဖော်အလုပ်နှင့် အထွေထွေလုပ်ငန်းများ၊ စက်ရုံအလုပ်ရုံများတွင်လည်း အလုပ်ချိန်နှင့် အချိန်ပိုကြေးများ၊ လုပ်အားလစာများ ခေါင်းပုံဖြတ်ခံရခြင်း လူ့အခွင့်အရေး ချိုးဖောက်ခံရခြင်း၊ အလုပ်သမား အခွင့်အရေး မရရှိခြင်းများဖြင့် ခေါင်းငုံခံကာ အလုပ်လုပ်ကိုင်နေကြရသည်။ ဆောက်လုပ်ရေးလုပ်ငန်းများတွင် ကန်ထရိုက်များ၊ အလုပ်ရှင်များ၏ လိမ်လည်မှု ခေါင်းပုံဖြတ်မှုများလည်း ရှိသည်။ ရော်ဘာခြံများတွင် လုပ်ကိုင်ကြသော သူများမှာလည်း အလုပ်ရှင်များ၏ လှည့်ဖျားမှု၊ နကလိန် ခေါ် ဓားပြများ၏ ရန်ကိုကြုံတွေ့နေရသည်။

ပြည်တွင်းမှ အခက်အခဲ အကြပ်အတည်းများကြောင့်သာ မျှော်လင့်ချက်ကြီးစွာ အန္တရာယ်ကို အမှုမထားဘဲ အလုပ်လုပ်ကိုင်နေကြခြင်းသာ။

ထို့အပြင် ၁ နှစ်စာ အလုပ်လုပ်ခွင့် လက်မှတ်ရှိသူများအနေဖြင့် တချို့သောအလုပ်ရှင်များ၏ ချုပ်ကိုင်ခြင်း ခံရပြီး အလုပ်အကိုင်ပြောင်းလဲရန် အခက်အခဲများရှိခြင်း၊ ယာယီနိုင်ငံကူးလက်မှတ် ရှိသူများလည်း စာအုပ်အသိမ်းခံရခြင်းတို့ ရှိသည်။ တချို့ဆိုလျှင် တရားဝင် စာရွက်စာတမ်းရှိသော်လည်း အလုပ်ရှင်များက ချုပ်ကိုင်ထားသောကြောင့် တာဝန်ရှိသူများ စစ်ဆေးသည့်အခါ ပြသရန် အထောက်အထားမရှိပေ။ ထို့ကြောင့် ငွေကြေးမကုန်သင့်ပဲ ကုန်လျှက်ရှိနေကြသည်။

ထိုင်းနယ်မြေခံရဲ အများစုနှင့် ထိုင်းလူဝင်မှုကြီးကြပ်ရေး၊ ထိုင်းအလုပ်ရှင်များ၊ ယာယီနိုင်ငံကူးလက်မှတ် ပွဲစားများအပါအဝင် ပွဲစားအမျိုးမျိုးအဖို့ မြန်မာရွှေ့ပြောင်း အလုပ်သမားများမှာ ခေါင်းပုံဖြတ် အမြတ်ထုတ်စရာ စားကျက်ဖြစ်နေပေသေးသည်။ ထိုင်းနိုင်ငံအတွင်းရှိ အလုပ်သမားရေး ဆောင်ရွက်သည့်အဖွဲ့များ၏ ထိရောက်သော ကူညီဆောင်ရွက်ပေးနိုင်မှုမှာလည်း အနည်းငယ်မျှသာ။

ထိုင်းနိုင်ငံသို့ရောက်လျှင် အလုပ်သမားမှတ်ပုံတင် ပြုလုပ်ရန် အခွင့်အရေးရပါက ပြုလုပ်ကြသည်။ ထိုမှတဆင့် ယာယီနိုင်ငံကူးလက်မှတ် တရားဝင် အလုပ်လုပ်ခွင့်ပါမစ် စသည်တို့ကို ထိုင်းဘတ်ငွေ ၂၀၀၀၀ ခန့် အကုန်အကျခံ ပြုလုပ်ကြရသည်။ ထိုကဲ့သို့ အကုန်အကျခံကာ ပြုလုပ်ထားသောလည်း အလုပ်နာမည်မတူခြင်း၊ အလုပ်ရှင်အမည် မှားယွင်းခြင်း၊ အလုပ်လုပ်သည့် နယ်နိမိတ် မမှန်ကန်ခြင်း၊ ယာယီနိုင်ငံကူးလက်မှတ်များတွင် လ၀က စာရွက်မပါရှိခြင်း၊ ရက် ၉၀ တိုင်း လဝကသို့ အကြောင်းမကြားမိဘဲ ရက်ကျော်ခြင်း၊ စစ်ဆေးသည့်အချိန်တွင် စာရွက်စာတမ်းများ လက်ဝယ်မရှိခြင်းတို့ကြောင့် စစ်ဆေးခံရသောအခါ ငွေညှစ်ခံရခြင်း၊ ဒဏ်ငွေရိုက်ခံရခြင်းများ ကြုံနေရဆဲဖြစ်ပြီး ပလိုင်းပေါက်နှင့် ဖားကောက်နေကြသကဲ့သို့ ရှိသည်။

ထို့ကြောင့် မြန်မာအလုပ်သမားများအနေနှင့် မိမိဘက်မှ စိတ်ချရအောင် အလေးထား ဆောင်ရွက်သင့်ပေသည်။ စာရွက်စာတမ်းများအား ကိုယ်နှင့်မကွာ ထားရှိခြင်း၊ အလုပ်ရှင် အမည်မတူပါက အလုပ်သမားရုံးတွင် သွာရောက်ပြီး အမည်ပြောင်းခြင်း၊ အလုပ်အကိုင်အမျိုးအစား မှန်ကန်အောင်ဖြည့်စွက်ခြင်း၊ အလုပ်ခွင်ဒေသ တူညီအောင်ပြောင်းလဲခြင်း စသည်ဖြင့် လုပ်ဆောင်သင့်သည်။
မြန်မာအလုပ်သမားများနှင့် ထိုင်းအလုပ်ရှင်

ထိုင်းအလုပ်ရှင်မှ အောက်ခြေ အထွေထွေအလုပ်သမားများကို ခေါ်ယူရာတွင် ထိုင်းလူမျိုးများကို ခေါ်ယူပါက လုပ်ခ ဈေးကြီးခြင်း၊ အလုပ်သမားအခွင့်အရေး အပြည့်အ၀ပေးရခြင်းတို့ ရှိသည်။ ထို့ကြောင့် ဈေးပေါပြီး လုပ်သမားအခွင့်အရေး ပေးရန်မလိုဘဲ ခိုင်းစေနိုင်သော၊ လွယ်ကူစွာချုပ်ကိုင်နိုင်သော မြန်မာအလုပ်သမားများကို ခေါ်ယူသုံးစွဲနေကြခြင်းဖြစ်သည်။ မြန်မာအလုပ်သမားများက အလုပ်ကြိုးစားသောကြောင့်လည်း ထိုင်းအလုပ်ရှင်များက ခေါ်ယူလိုကြသည်။

မြန်မာအလုပ်သမား တချို့တလေသာ အလုပ်ရှင်အား ပေးရန်ရှိသော အကြွေးများကို မပေးဘဲ ထွက်ပြေးခြင်း၊ အလုပ်သစ်ရှာခြင်းတို့ ရှိသည်။

ကူညီဆောင်ရွက်ရန်

ထိုင်းရောက် မြန်မာအလုပ်သမားအရေးအား ဘန်ကောက်ရှိ မြန်မာသံရုံး၊ အလုပ်သမားအရေး ဆောင်ရွက်နေသော NGO အဖွဲ့အစည်းများ၊ ထိုင်းအာဏာပိုင်များက လူကုန်ကူးမှု တာဆီးရေးပညာပေးခြင်း၊ အလုပ်သမား အခွင့်အရေးဆိုင်ရာများနယ်မြေအလိုက် ဟောပြောပညာပေးခြင်း၊ အလုပ်ရှင်နှင့် အလုပ်သမားကြားနားလည်မှု ရရှိစေရန် ထိရောက်စွာ ညှိနှိုင်းပေးခြင်း၊ ခေါင်းပုံဖြတ် ဖိနှိပ်စော်ကားခြင်းတို့ကို ပူးပေါင်းပြီး ထိရောက်စွာ အကူအညီပေးခြင်းများဖြင့် ဆောင်ရွက်သင့်ပေသည်။

နယ်မြေအလိုက် အလုပ်သမားအရေး ဆောင်ရွက်ပေးနေသော အဖွဲ့အစည်းများနှင့် အလုပ်သမားများအကြား နွေးထွေးသော ဆက်ဆံရေး ရှိရန်လည်း လိုအပ်သည်။ အလုပ်သမားများအနေဖြင့်လည်း လက်လှမ်းမှီသလောက် ပတ်ဝန်ကျင်အတွင်း ထပ်ဆင့်ပြန်လည် ဖြန့်ဝေခြင်း၊ ဆွေးနွေးခြင်းများကို ၀ိုင်းဝန်ဆောင်ရွက်သင့်ပေသည်။

တရားမဝင် မြန်မာလုပ်သားများ ကျန်ရှိဆဲဟု ကျွမ်းကျင်သူပြော

ထိုင်းနိုင်ငံတွင် တရားဝင် အသိအမှတ်ပြု မြန်မာရွှေ့ပြောင်းအလုပ်သမား ၁.၄၅ သန်းကျော် ရှိသွားပြီဖြစ်သော်လည်း မှတ်ပုံမတင်ရသေးသူ အများအပြား ရှိသေးကြောင်း မဟီဒေါ တက္ကသိုလ် လူဦးရေနှင့် လူမှုရေး သိပ္ပံဌာနမှ နိုင်ငံခြားရေးရာ ကျွမ်းကျင်သူ အန်ဒီဟော Andy Hall က ပြောသည်။

“ဒီကိစ္စက ခန့်မှန်းပြောဆိုဖို့ ခက်ပါတယ်။ ဒါပေမဲ့ မြန်မာ ၂ သန်းလောက် ရှိနေတယ်ဆိုတာတော့ အခု တရားဝင် စာရင်းတွေအရ သိနေရပါပြီ။ ခန့်မှန်းချေ ၅ သိန်းလောက် မှတ်ပုံမတင် ရသေးတာ ရှိချင်ရှိမယ်။ ဒါကလည်း
အတိအကျ မသိနိုင်ပါဘူး” ဟု Andy Hall က မဇ္ဈိမကို ပြောသည်။

ဇူလိုင် ၁၄ ရက်နေ့ အဆုံးသတ်ခဲ့သော တလကြာ တရားမဝင် လုပ်သားများ မှတ်ပုံတင်ခွင့် ပြုခဲ့ချိန်အတွင်း
လျှောက်ထားသူ ၆ သိန်း ၄ သောင်းကျော်ရှိကာ ယခင်နှစ်များတွင် မှတ်ပုံတင်ထားသူ ၈ သိန်းကျော် ရှိခဲ့သည်။

မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား ၃ နိုင်ငံမှ ရွှေ့ပြောင်းလုပ်သားပေါင်း ၉၈၄, ၅၄၅ ဦး မှတ်ပုံတင်ကြသည့် အထဲ၌
မြန်မာနိုင်ငံသား ၆၄၃, ဝ၉၂ ဦး ပါဝင်ပြီး လာအိုနိုင်ငံသား ၁ဝ၂, ၈၅၄ ဦးနှင့် ကမ္ဘောဒီးယား ၂၃၈, ၅၈၆ ဦးသာ ရှိသည်။

ဘန်ကောက်မြို့ အခြေစိုက် လူအခွင့်အရေး တိုးတက်ရေးအဖွဲ့ HRDF ၏ အကြံပေး ပုဂ္ဂိုလ်လည်းဖြစ် သူ Andy Hall
က ထိုင်း-မြန်မာ အစိုးရများက တရားဝင် မှတ်ပုံတင်နိုင်ရန် ထပ်မံခွင့်ပြုခဲ့သည်မှာ အပြုသဘောဆောင်သည်ဟု
ဆိုပြီး၊ “အလုပ်တွေအနေနဲ့ ကိုယ့်ကိုယ်ကို ပိုယုံကြည်လာမယ်၊ လုံခြုံမှု ပိုရှိလာမှာဖြစ်တယ်။ သန်းနဲ့ချီပြီး မှတ်ပုံတင်ပြီးတယ် ဆိုတော့ ဒီလုပ်ငန်းအောင်မြင်တယ်လို့ ဆိုရမှာပေါ့” ဟု ဆိုသည်။

တနှစ်သက်တမ်းအတွက် ဒေသန္တရနှင့် လုပ်ငန်း အမျိုးအစားပေါ် မူတည်၍ ကျန်းမာရေး စစ်ဆးခ၊ ကျန်းမာရေး အာမခံခ၊ အလုပ်လုပ်ခွင့် တို့အတွက် ထိုင်းဘတ်ငွေ ၂၉၈ဝ နှင့် ၃၈၈ဝ အကြား အလုပ်သမားက ကျခံရမည်ဟု တရားဝင် သတ်မှတ်ထားသည်။

အလုပ်သမားများနှင့် အလုပ်သမားအရေး ဆောင်ရွက်သူများကမူ ကြားပွဲစားများနှင့်သာ လုပ်ရသဖြင့် အနည်းဆုံး
ဘတ် ၆ဝဝဝ ခန့် ကုန်ကျခြင်း၊ အလုပ်ရှင်များက မှတ်ပုံမတင်စေလိုခြင်းနှင့် လုပ်ငန်းစဉ် ရှုပ်ထွေးခြင်းတို့ကြောင့် မှတ်ပုံမတင်သေးသည့် အလုပ်သမားများ ရှိနေရသည်ဟု ပြောဆိုကြသည်။

မြန်မာရွှေ့ပြောင်းလုပ်သားများတွင် မြန်မာနိုင်ငံသား ဖြစ်ကြောင်း စိစစ်ပြီး၍ ယာယီ မြန်မာနိုင်ငံကူး လက်မှတ် ရှိပြီးသူ၊ နိုင်ငံသားဖြစ်ကြောင်း စိစစ်ရန် ပုံစံတင်ထားသော်လည်း အလှည့်မကျသေးသဖြင့် စောင့်နေရသူ၊ ထိုင်းနိုင်ငံတွင် တရားဝင် အလုပ်လုပ်ခွင့် လျှောက်ထားပြီးသော်လည်း နိုင်ငံသား စိစစ်ရန် ပုံစံကိုပင် မတင်ရသေးသူ ဟူ၍ ၃ မျိုး ရှိနေသည်။

တရားဝင် လုပ်ကိုင်နေသော မြန်မာ ၁.၄၅ သန်းအနက် ယာယီနိုင်ငံကူး လက်မှတ် ရှိပြီးသူ ၅ သိန်းခန့်ရှိပြီး ကျန် ၉ သိန်းခန့်မှာ နိုင်ငံသား စိစစ်မှု မပြီးသေးကြောင်း Andy Hall က ပြောသည်။

ယာယီ မြန်မာနိုင်ငံကူး လက်မှတ်အတွက် မြန်မာဘက်ကို ငွေကျပ် ၃ဝဝဝ နှင့် ထိုင်းဗီဇာကြေး ဘတ် ၅၀၀ သာ ကုန်ကျရမည် ဖြစ်သော်လည်း ပွဲစားကုမ္ပဏီများဖြင့်သာ လုပ်ကိုင်ကြမှသာ အဆင်ပြေသဖြင့် ဘတ်ငွေ ၆၀၀၀ မှ ၇၀၀၀ ကြား ကုန်ကျလေ့ ရှိသည်။

မြန်မာနိုင်ငံ ဒုနိုင်ငံခြားရေးဝန်ကြီး ဦးမောင်မြင့်က သူ၏ ဇွန်လ ထိုင်းနိုင်ငံ ခရီးစဉ်အတွင်း ထိုင်းအလုပ်သမား ဝန်ကြီးဌာန တာဝန်ရှိသူများနှင့် ဆွေးနွေးပြီးနောက် ယခင်က ယာယီနိုင်ငံကူး သက်တမ်းကို ၃ နှစ်သာ
ပေးခဲ့သော်လည်း ဇူလိုင် ၁ ရက်နေ့တွင် စတင်လျှောက်သူများကို သက်တမ်း ၆ နှစ်အထိ ပေးရန် သဘောတူညီခဲ့သည်။

တရားမဝင် အလုပ်သမားခိုင်းသည့် လုပ်ငန်းရှင်ကို အလုပ်သမားတဦးအတွက် ဘတ်ငွေ တသောင်းမှ တသိန်းအထိ လည်းကောင်း၊ အလုပ်သမားအား ၂,၀၀၀ မှ တသိန်းထက် မပိုသော ဒဏ်ငွေ သို့မဟုတ် ၅ နှစ်ထက် မပိုသော
ထောင်ဒဏ် သို့မဟုတ် ဒဏ်နှစ်ရပ်ပေါင်း ပြစ်ဒဏ်ချမှတ်မည်။ သို့သော် ပုံမှန်အားဖြင့် အလုပ်သမားများကို ဖမ်းဆီး၍ မြန်မာဘက်သို့ ပြန်ပို့လေ့ရှိသည်။

ခိုးဝင် လုပ်ကိုင်နေသူများ အပါအဝင် ရွှေ့ပြောင်းမြန်မာလုပ်သား အရေအတွက်မှာ တိတိကျကျ မသိနိုင်ချိန်မှာ ဝင်ရောက်မှု ပိုမိုတိုးပွားလာနေပြီး ၃ သန်းနီးပါးပင် ဖြစ်နိုင်သည်ဟု ခန်မှန်းမှုများလည်း ရှိသည်။

မဇ္ဈိမ သတင်းဌာနမှ ကူးယူဖော်ပြပါသည်၊Link

ဘန်ကောက်သွားမည့်သူများ နယ်စပ်တွင် အဖမ်းခံရ

ဘန်ကောက်မြို့သို့ သွားရောက်မည့် မြန်မာနိုင်ငံသား ၅၀၀ ခန့် ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့တွင် ယမန်နေ့က အဖမ်းခံလိုက်ရသည်။

"ဒီလူတွေက တရားမ၀င်တဲ့ နည်းနဲ့ ထိုင်းနိုင်ငံ အတွင်းပိုင်းကို ခိုးဝင်မှာ ဖြစ်တဲ့ အတွက် ဖမ်းဆီးရတာ ဖြစ်တယ်" ဟု မဲဆောက်မြို့ ရဲတပ်ဖွဲ့ ရဲဗိုလ်မှူးကြီး ဒေချာဝထနဖနုံက ဒေသခံ သတင်းထောက်များကို ပြောသည်။

news_Maesot2

ယမန်နေ့က အဖမ်းခံရသည့် မြန်မာပြည်သားများ (ဓာတ်ပုံ - ဧရာဝတီ)

၎င်းတို့အား မည်သို့ အရေးယူနိုင်ဖွယ် ရှိကြောင်း ပြောဆိုခြင်း မရှိပေ။

မဲဆောက်တွင် ယာယီ နေထိုင်ခွင့်လက်မှတ် လျှောက်ထားပြီး ဘန်ကောက်သို့ သွားရောက်ရေးအတွက် အလုပ်ရှင်၊ ပွဲစားများနှင့် ညှိနှိုင်းစဉ် ကာလအတွင်း အဖမ်းခံရခြင်းဖြစ်သည်ဟု အလုပ်သမားတဦးက ဧရာဝတီကို ပြောသည်။

"အရင် ကျနော်တို့အသိတွေ ဒီလိုပဲ နေထိုင်ခွင့် လုပ်ပြီး ဘန်ကောက်ကို တက်ကြပါတယ်။ ဘန်ကောက်က သူဌေးတွေ ကိုယ်တိုင် လာခေါ်တာ ဖြစ်တယ်။ ကျနော်တို့ကို ဖမ်းတာက အလုပ်သမား မှတ်ပုံတင် လုပ်ပေးတဲ့ရက် ကျော်သွားလို့ ဆိုပြီး ပြောတယ်" ဟု မဲဆောက်မြို့ လူဝင်မှု ကြီးကြပ်ရေးဌာနတွင် ထိန်းသိမ်းခံနေရသူ တဦးက ပြောသည်။

ထိုင်းနိုင်ငံတွင် တရားမ၀င် အလုပ် လုပ်ကိုင်နေကြသည့် မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား အလုပ်သမားများကို ယခင်လ ၁၅ ရက်နေ့မှ ယခုလ ၁၄ ရက် နေ့အတွင်း မှတ်ပုံတင်ခွင့် ပြုခဲ့သည်။

မှတ်ပုံတင် ကာလ ကျော်လွန်သွားပြီး ဖြစ်သောကြောင့် မဲဆောက်ဒေသအတွင်း တရားမ၀င် နေထိုင်လုပ်ကိုင်သူများကို ဖမ်းဆီးမှုများ မကြာမီ ပိုမို များပြားလာဖွယ် ရှိသည်ဟု မြန်မာ အလုပ်သမားအရေး ဆောင်ရွက်နေသည့် အဖွဲ့များက ခန့်မှန်းနေကြသည်။

မဲဆောက်မြို့ အပါအ၀င် တာ့ခ်ခရိုင်အတွင်း စက်ရုံအလုပ်ရုံများ၊ စိုက်ပျိုးရေး လုပ်ငန်းခွင်များတွင် မြန်မာပြည်သား လေးသိန်းခန့် ရှိသည့် အနက် တရားဝင် မှတ်ပုံတင်သည့် အရေအတွက်မှာ သုံးသောင်းကျော်သာ ရှိသည်ဟု အလုပ်သမား ရှာဖွေရေးရုံး၏ မှတ်တမ်းများအရ သိရသည်။

ထိုင်းအာဏာပိုင်တို့က တရားမ၀င် အလုပ်သမား ခန့်ထားသည့် အလုပ်ရှင်ကို ထိထိရောက်ရောက် အရေးယူမည်ဟု ကြိုတင် သတိပေး ကြေညာထားပြီးဖြစ်သည်။

အလုပ်ရှင်ကို တရားမ၀င် အလုပ်သမားတဦးအတွက် ဒဏ်ငွေ ထိုင်းဘတ် ၁ သောင်းမှ ၁ သိန်းအထိ၊ တရားမ၀င် အလုပ်သမားကို ဘတ် ၂ ထောင်မှ ၁ သိန်း အထိ (သို့မဟုတ်) ၅ နှစ်ထက် မပိုသော ထောင်ဒဏ် (သို့မဟုတ်) ပြစ်ဒဏ် နှစ်ရပ်ပေါင်းပြီး ဖြစ်စေ ချမှတ်သွားမည်ဟု ဆိုသည်။

သို့သော်လည်း ဖမ်းဆီးခံရသူ မြန်မာပြည်သား အများအပြားကို ကာလကြာမြင့်စွာ ထိန်းသိမ်းထားခြင်း မရှိဘဲ ရက်ပိုင်းအတွင်း မြန်မာပြည်ဘက်သို့ ပြန်လွှတ်ပေးလေ့ရှိသည်။

ဧရာဝတီသတင်းဌာနမှ ကူးယူဖော်ပြပါသည်၊

မြန်မာအလုပ်သမား ၅ သိန်းခွဲ ထိုင်းမှာ မှတ်ပုံတင်

ထိုင်းနိုင်ငံ အတွင်းမှာ ရှိတဲ့ တရားမဝင် ရွှေ့ပြောင်း အလုပ်သမားတွေကို ဇွန်လ ၁၅ ရက်က စတင်ပြီး ဇူလိုင် ၁၄ ရက်နေ့ အထိ မှတ်ပုံတင်ခွင့် ပြုခဲ့ရာမှာ မြန်မာ ရွှေ့ပြောင်း အလုပ်သမား ၅-သိန်းခွဲကျော် ပါဝင် မှတ်ပုံတင်ခဲ့ပါတယ်။

RFA

၂၀၁၁ ခုနှစ် ဇွန် ၁၅ ရက်နေ့မှ ဇူလိုင်လ ၁၄ ရက်နေ့အထိ မြန်မာရွေ့ပြောင်းအလုပ်သမား မှတ်တင်ကိစ္စကို ဆောင်ရွက်ပေးနေသည့် ထိုင်း လူဝင်မှုကြီးကြပ်ရေး မှတ်ပုံတင်ဌာနတခုတွင် အလုပ်သမားမှတ်ပုံတင် စာရင်းသွင်းနေသော မြန်မာရွေ့ပြောင်းအလုပ်သမားတဦး။

ထိုင်း လုပ်ငန်းရှင်ပေါင်း ၁ သိန်း ၃ သောင်းကျော်က မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို အလုပ်သမားပေါင်း ၈-သိန်းခွဲကျော်ကို မှတ်ပုံတင်ခဲ့ကြတာ ဖြစ်ပြီး အဲဒီ အထဲမှာ ကမ္ဘောဒီးယား နိုင်ငံသား ၂-သိန်းနီးပါးနဲ့ လာအို ၈-သောင်းခန့်တို့ ပါဝင်ပါတယ်။ မြန်မာ အလုပ်သမား အများဆုံး မှတ်ပုံတင်တဲ့ ဘန်ကောက်မြို့ အမှတ် ၇ ရုံးရဲ့ ညွှန်ကြားရေးမှူး ခွန် ဖိရိုင်ဆန် က “ဒီနေ့အထိ နောက်ဆုံးလာ မှတ်ပုံတင်တာ ၃ သောင်းခွဲ ရှိပါတယ်။ အဲဒီ အထဲမှာ မြန်မာ ၂ သောင်းခွဲ ပါပါတယ်” လို့ ပြောပါတယ်။ အလုပ်သမား ဘတ်လက်မှတ် ပြုလုပ်တဲ့ အချိန်ကာလ သတ်မှတ်ချက်ကို ထပ်မံ သက်တမ်း တိုးပေးမယ်လို့ ကောလဟာလတွေ ထွက်ပေါ်နေတာ မမှန်ကန်ကြောင်း၊ ၁၄ ၇က်နေ့ဟာ နောက်ဆုံး ဖြစ်ကြောင်းလည်း ညွှန်ကြားရေးမှူး က ပြောသွားပါတယ်။ အခုလို မှတ်ပုံတင် စာရင်းသွင်းမှုတွေ ပြီးစီးသွားပေမယ့် အလုပ်သမားတွေ အနေနဲ့ ကျန်းမာရေး စစ်ဆေးမှု ခံယူကာ အလုပ်သမား ဘတ်လက်မှတ် လက်ဝယ် ပိုင်ဆိုင်မှု ရဖို့ ဆက်လက် လုပ်ဆောင်ရမှာ ဖြစ်တယ်လို့ ထိုင်းအလုပ်သမား ဝန်ကြီးဌာနက ညွှန်ကြားထား ပါတယ်။

မြန်မာ ၅ သိန်းကျော် ထိုင်းအလုပ်သမား မှတ်ပုံတင်

ချင်းမိုင် (မဇ္ဈိမ) ။ ။ ၂ ရက်သာ လိုတော့သည့် ထိုင်းအလုပ်သမား မှတ်ပုံတင် Work permit ပြုလုပ်ပြီးချိန်တွင် မြန်မာရွှေ့ပြောင်းလုပ်သား ၅ သိန်းကျော် မှတ်ပုံတင်ပြီးပြီဟု လူ့အခွင့်အရေး ဆောင်ရွက်ပေးနေသူများက ပြောသည်။

“မနေ့ညထိတော့ ၄ သိန်း ၉ သောင်းကျော် လုပ်ပြီးပြီ၊ ဒီနေ့က ၅ သိန်းကျော်ပြီ” ဟု ထိုင်းနိုင်ငံတွင် လူအခွင့်အရေး
များ ဆောင်ရွက်နေသည့် ဘန်ကောက်အခြေစိုက် လူအခွင့်အရေး တိုးတက်ရေးအဖွဲ့ HRDF ၏ အကြံပေးပုဂ္ဂိုလ် အန်ဒီဟော Andy Hall က မဇ္ဈိမကို ပြောသည်။

ထိုင်းအစိုးရက ဇွန် ၁၅ ရက်မှ ဇူလိုင် ၁၄ ရက်အထိ တလတာအတွင်း မှတ်ပုံတင်ခွင့် ပြုထားပြီး၊ တရားဝင် မှတ်ပုံတင် ပြုလုပ်ခ ၃၉၈ဝ ဘတ် ကုန်ကျသည်။ သို့သော် အလုပ်သမား အများစုကမူ မြန်ဆန်လွယ်ကူသည့် ပွဲစားများဖြင့်သာ ပြုလုပ်ခဲ့ကြသည်။

ပွဲစားဖြင့် လုပ်ပါက ထိုင်းဘတ်ငွေ ၅ဝဝဝ ကျော်မှသည် ၇ဝဝဝ ထိ ကုန်ကျမှုများရှိသည်။

တရားဝင်လုပ်သား မှတ်ပုံတင် ပြုလုပ်ရာ၌ အလုပ်ရှင်၏ ထောက်ခံချက်၊ ဆေးစစ်ချက်အပြင်၊ ကိုယ်ရေးအကျဉ်း စသည်တို့ ဖြည့်သွင်းရသည်။

ထိုင်းတွင် မြန်မာရွှေ့ပြောင်း အလုပ်သမားများမှာ ၂ သန်းအထက် ရှိသည်ဟု ခန့်မှန်းထားသည့်အနက် ယာယီ
နိုင်ငံကူးလက်မှတ် ရပြီးသူနှင့် တရားဝင် အလုပ်သမား မှတ်ပုံတင် ပြုလုပ်ပြီးသူ ၁ သန်းခွဲကျော် ရှိသည်ဟု အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးသူများက ပြောသည်။

အလုပ်သမား မှတ်ပုံတင် ပြုလုပ်စဉ်အတွင်း အလုပ်သမားများကို မဖမ်းဆီးရန် ထိုင်းအလုပ်သမား ဝန်ကြီးဌာနက
ညွှန်ကြားထားသည်။

ထိုင်းအစိုးရသစ် နဲ့ မြန်မာရွှေ့ ပြောင်းအလုပ်သမားများ

ဦးသန်းလွင်ထွန်း ။ ။ ထိုင်းဝန်ကြီးချုပ်သစ် ယင်းလပ် ရှင်နာဝပ် (YinLuck Shinawatra) ရဲ့  လက်ထက်မှာ စီးပွားရေးတိုးချဲ့  လုပ်ကိုင်လာတာနဲ့အတူ ထိုင်းနိုင်ငံအတွင်း အလုပ်အကိုင် အခွင့်အလမ်းတွေ ပိုမိုလာပြီး နိုင်ငံရပ်ခြားက ကျွမ်းကျင်အလုပ်သမားတွေ နေရာရလာမယ့် အခြေအနေရှိမယ်လို့ ဆိုပါတယ်။ ထိုင်းအခြေခံ အလုပ်သမားတွေရဲ့  လစာတွေကို မြှင့်တင်ပေးဖို့လည်း ရှိတာမို့ ဈေးနှုန်းသက်သာမယ့် ရွှေ့ ပြောင်းအလုပ်သမားတွေ ပိုသုံးလာဖို့လည်း ဖြစ်နိုင်တယ်လို့ ဘန်ကောက်မြို့ မှာရှိတဲ့ မြန်မာရွှေ့ ပြောင်းအလုပ်သမားရေးရာ ကျွမ်းကျင်သူတဦးဖြစ်တဲ့ ဦးမြင့်ဝေ က သုံးသပ်ပြောဆိုပါတယ်။

ဦးမြင့်ဝေ ။ ။ မြန်မာရွှေ့ ပြောင်းအလုပ်သမားတွေက ဒီ အနီရောင်ဆန္ဒပြကြသူတွေနဲ့ တော်တော်နီးစပ်ကြတယ်။ အနီရောင်တွေကလည်း အောက်ခြေလူတန်းစာတွေ ဖြစ်တာကို။ သူတို့ကြားထဲမှာ နီးစပ်မှုရှိတယ်။ နောက်တခါ တက်ဆင် ဝန်ကြီးချုပ်ဘဝတုန်းကလည်း မြန်မာအလုပ်သမားတွေအားလုံး အလုပ်သမားလက်မှတ် မှတ်ပုံတင်ရေးကို သူက စပြီလုပ်လို့ လူဦးရေတသန်းနဲ့ နှစ်သိန်းကျော်လောက် မှတ်ပုံတင်ခွင့်ပေးခဲ့တယ်။ ဆိုတော့ ခွန်ယင်းလပ် လက်ထက်မှာ ဖြစ်နိုင်စရာက အစိုးရက migrant workers ပေါ်မှာတော့ ဖိနှိပ်မှုတွေ ပေါ်လစီအရ ထိခိုက်အောင် မလုပ်နိုင်ဘူး။ သို့သော် ဖြစ်နိုင်ချေတခုရှိတာကတော့ သူက အနှိမ့်ဆုံး လုပ်အားခကို ဘတ် ၃၀၀ ကို သူက တိုးချဲ့ မယ်။ တိုးမြှင့်ပေးမယ်။ အဲဒီလို တိုးမြှင့်ပေးလို့ရှိရင် ထိုင်းလုပ်ငန်းရှင်တွေက သူတို့ ထိုင်းအလုပ်သမားတွေကို ခန့်ရင် သူတို့ ဘယ်လိုပဲဖြစ်ဖြစ် တနေ့ကို ၃၀၀ ရာနှုန်းပေးရမယ်ဆိုရင် သူတို့က ဗမာအလုပ်သမားတွေကို အစားထိုးခန့်ဖို့များတယ်။

ဦးသန်းလွင်ထွန်း ။ ။ လာမယ့် ခွန်ယင်းလပ် အစိုးရလက်ထက်မှာ စီးပွားရေးတိုးချဲ့ လာလို့ရှိရင် ထိုင်းနိုင်ငံအတွင်းမှာ လုပ်ငန်း အလုပ်အကိုင် အခွင့်အလမ်းတွေ ပိုများလာမယ်ဆိုတဲ့ သဘောလား။ အခုလောလောဆယ်ရော ထိုင်းနိုင်ငံအတွင်းမှာက မြန်မာနိုင်ငံကလာတဲ့ ရွှေ့ ပြောင်းအလုပ်သမားတွေ လိုအပ်ချက်က ဘယ်လောက်လောက် ရှိနေသလဲ။

ဦးမြင့်ဝေ ။ ။ အခုလောလောဆယ်ကတော့ ပိုပြီးတိုးနေပြီတော့ board of investment နိုင်ငံတကာရင်းနှီးမြုပ်နှံရေးဆိုတာက နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေနဲ့ ပတ်သက်ရင် တော်တော်အရှိန်အဝါကြီးတယ်။ လုပ်ပိုင်ခွင့်လည်း အတော်ရှိတယ်။ အခုတောင် သူတို့က ဘာတောင်အဆိုတင်သွင်နေသလဲဆိုရင် မြန်မာအလုပ်သမားတို့၊ လာအို၊ ကမ္ဘောဒီယား တို့က မကျွမ်းကျင်သော အဆင့်နှိမ့်အလုပ်သမားကို။ အခု သူတို့က Industry စက်ရုံကြီးတွေမှာ ရွှေ့ ပြောင်းအလုပ်သမားတွေက ကျွမ်းကျင်အလုပ်သမားတွေအဖြစ် သုံးပြီးခန့်အပ်ဖို့အထိ သူတို့က အစိုးရဆီကနေ ခွင့်ပြုချက်တွေ တင်သွင်းနေပြီ။ ဆိုတော့ အဓိပ္ပါယ်က မျှော်လင့်ကြည့်တာက စီးပွားရေးလုပ်ငန်းတွေလည်း ဖွံ့ဖြိုးလာနိုင်တယ်။ နောက် အလုပ်သမား လိုအပ်ချက်မှာလည်း ရိုးရိုး အောက်ခြေ မကျွမ်းကျင်အဆင့်ကနေ၊ ကျွမ်းကျင်အလုပ်သမားအဆင့်အထိ ဘာသာစကားလည်းတက်တယ်။ နည်းပညာ၊ အတတ်ပညာတခုခုနဲ့ လာတဲ့အလုပ်သမားတွေဆိုရင် စက်မှုလုပ်ငန်းနဲ့ဆိုင်တဲ့ စက်ရုံကြီးတွေမှာ၊ ကားတပ်ဆင်တဲ့ စက်ရုံတို့၊ စက်မှုလက်မှုနဲ့ လုပ်ရတဲ့ စက်ရုံနေရာမျိုးတွေအထိ သူတို့က ခန့်ဖို့အထိ စဉ်းစားနေတာတွေ ရှိနေပြီ။

ဦးသန်းလွင်ထွန်း ။ ။ ထိုင်းနိုင်ငံမှာက ဘယ်လိုအစိုးရပဲတက်တက် ထိုင်းနိုင်ငံရဲ့  စီးပွားရေးနဲ့ မြန်မာနိုင်ငံ စီးပွားရေးအခြေအနေ ယှဉ်လိုက်လို့ရှိရင် ထိုင်းဘက်မှာက လုပ်ငန်းကိုင်ငန်းတွေက ဖွံ့ဖြိုးနေပြီတော့ အလုပ်သမားလိုအပ်ချက်က အမြဲတမ်းရှိနေတော့ ဒီ ရွှေ့ ပြောင်းအလုပ်သမားတွေက ဆင်းရဲတဲ့ အိမ်နီးချင်းနိုင်ငံတွေကနေ ထိုင်းနိုင်ငံထဲကို အမြဲတမ်းဝင်ပြီး လုပ်နေကြတာပဲ။ ဒါပေမဲ့ ဒီ ရွှေ့ ပြောင်းအလုပ်သမားတွေကို တရားဝင်ဖြစ်ရေး၊ တရားဝင်ခန့်အပ်ရေး၊ နောက်ပြီးတော့ ဒါမှမဟုတ်လို့ရှိရင် ရွှေ့ ပြောင်းအလုပ်သမားတွေကို အခွင့်အရေး တန်တူပေးပြီးတော့ အလုပ်အကိုင်တွေ စောင့်ရှောက်မှုတွေ ပေးရေးကိစ္စတွေနဲ့ ပတ်သက်လို့ အရင် democratic အဘီစစ် အစိုးရလက်ထက်နဲ့ အခုလာမယ့် ခွန်ယင်းလပ် အစိုးရတို့ ဘာတွေများ ကွာခြားလာနိုင်စရာတွေ ရှိနေသလဲ။

ဦးမြင့်ဝေ ။ ။ သိပ်တော့ အများကြီးတော့ ကွာခြားမှာမဟုတ်ဘူး။ သိပ်တော့လည်း အများကြီး မျှော်လင့်မထားဘူး။ ဘာကြောင့်လည်းဆိုတော့ ဒီမိုကရက်အစိုးရလက်ထက်မှာတော့ အစိုးရက ပါမန်နစ် အစိုးရဝန်ထမ်းတွေရဲ့  အဆိုတင်သွင်းမှုတွေ နည်းနည်းပိုပြီ အားသန်တယ်။ အဲဒါကြောင့်မို့ သူက အလုပ်သမားတွေ ထိန်းချုပ်ရေးကော်မတီတို့ immigration တို့၊ ရဲတို့ရဲ့  တင်းတင်းကြပ်ကြပ် ကိုင်တွယ်မှုတွေကို မြန်မာအလုပ်သမားတွေ ရင်ဆိုင်ရတယ်။ ဒါပေမဲ့ ခွန်ယင်းလပ် တက်လာရင်တော့ ဘယ်လိုအခြေအနေ ပြောင်းမလဲတော့ မသိဘူး။ ဒါပေမဲ့ အစိုးရဌာနဆိုင်ရာ အမြဲတမ်းဝန်ထမ်းတွေကလည်း သူတို့ဘာသာသူတို့ ဌာနဆိုင်ရာအလိုက် အလုပ်သမားဝန်ကြီးဌာန၊ ကျန်းမာရေး၊ ပညာရေးဝန်ကြီး၊ ကာကွယ်ရေးဦးစီးဌာန။ အဲဒါတွေ အကုန်လုံးက သက်ဆိုင်တာဆိုတော့ သူတို့ ဝန်ကြီးဌာနတွေရဲ့  ပေါ်လစီပေါ်မှာလည်း ရိုက်ခတ်တယ်။ ဝန်ကြီးချုပ်တဦးတည်းအပေါ်မှာ မူမတည်ဘူးဆိုတော့ အလုပ်သမားတွေရဲ့  ကာကွယ်စောင့်ရှောက်မှုရယ်။ အလုပ်သမားတွေရဲ့  ဘဝ ဖွံ့ဖြိုးတိုးတက်မှုတို့၊ လုပ်ငန်းခွင်မှာ ပျော်ပျော်ရွှင်ရွှင်နဲ့ အဆင့်ကတော့ မျှော်လင့်သလောက်နဲ့ တကယ့် ဥပဒေပြဌာန်းချက်တွေကိုတော့ လုံးဝမမှီသေးပါဘူး။ ဒီ အစိုးရက အခုန ရွှေ့ ပြောင်းအလုပ်သမားတွေရဲ့  လုပ်စွမ်းအားကို သူတို့ရဲ့  အလုပ်သမားအခွင့်အရေး၊ ဘာညာသေချာ ပံ့ပိုးပေးပြီးတော့ သူတို့ရဲ့  ကုန်ထုန်စွမ်းအားနဲ့ အစိုးရရဲ့  GDP ကို သူက တိုးအောင်နဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ များများအလုပ်လုပ်နိုင်အောင် လုပ်မယ်ဆိုရင်တော့ သက်တောင့်သက်သာဖြစ်မယ်။ စိတ်ချမ်းချမ်းသာသာနဲ့ ဝင်ငွေကောင်းပြီး လုပ်လို့ရမယ်လို့ မျှော်လင့်တယ်။

ဦးသန်းလွင်ထွန်း ။ ။ အခုလောလောဆယ် ထိုင်းနိုင်ငံမှာ ရွှေ့ ပြောင်းအလုပ်သမားဦးရေ ဘယ်လောက်လောက် ရှိနေသလဲ။ သူတို့အပေါ်ကို တရားဝင်မှတ်ပုံတင်ရေးကိစ္စတွေကရော ဘယ်အခြေအနေအထိ ခရီးရောက်နေပြီလဲ။

ဦးမြင့်ဝေ ။ ။ အခု အလုပ်သမား လက်မှတ်မရှိတဲ့လူတွေကို လက်မှတ်လုပ်ဖို့ ပြီးခဲ့တဲ့လ (၁၅) ရက်ကနေ ဒီလ (၁၄) ရက်နေ့အထိ သက်တမ်းတလ ဖွင့်ပေးတဲ့အချိန်မှာ လူဦးရေ ခန့်မှန်းချေ ငါးသိန်း နီးပါးလောက် အလုပ်သမား မှတ်ပုံလာတင်သွားပြီ။ အဲဒီတော့ ပထမရှိပြီးသာ တသန်းနဲ့ သုံးသိန်း - လာအို၊ ကမ္ဘောဒီယား၊ ဗမာ - နိုင်ငံသားစီစစ်တဲ့ကိစ္စ၊ ပတ်စ်ပို့စ်တွေလည်း လုပ်နေကြပြီ။ work-permit တွေလည်း ရှိတယ်ပေါ့။ ခန့်မှန်ချေ တသန်းနဲ့ ခုနှစ်သိန်း၊ ရှစ်သိန်းတို့ ရှိနေပြီ။ လောလောဆယ်ရှိနေတာ။ ဒါက တရားဝင်ပေါ့။

ဦးသန်းလွင်ထွန်း ။ ။ အထူးသဖြင့် ဗမာပြည်က ရွှေ့ ပြောင်းအလုပ်သမားတွေ မှတ်ပုံတင်ရေးကိစ္စကရော လွယ်လွယ်ကူကူ ရှိရဲလား။

ဦးမြင့်ဝေ ။ ။ လွယ်လွယ်ကူကူတော့ရှိတယ်။ အစိုးရက အလုပ်သမားလက်မှတ်လုပ်ဖို့ ချပေးတဲ့ကိစ္စက လွယ်လွယ်ကူကူရှိတယ်။ ဒါပေမဲ့ ပြဿနာက အလုပ်သမားလုပ်တဲ့အချိန်မှာ အလုပ်ရှင်ရှိရတယ်။ အလုပ်ရှင်က စက်ရုံကြီးတွေနဲ့ အလုပ်ရုံကြီးတွေပဲဖြစ်ဖြစ် အလုပ်ရှင်က အလုပ်သမားတယောက်ကို တရားဝင်ခန့်ဖို့အတွက်ကို သွားပြီးဆောင်ရွက်ရတာကလည်း သိပ်ပြီးတော့ ယိုးဒယားတွေပြောသလိုဆိုရင် ယိုးဒယားတယောက် အမေရိကသွားလိုက်တာက ဗမာအလုပ်သမားတယောက် အိမ်မှာခန့်ဖို့က ပိုလွယ်တယ်။ အချိန်အခါ အဲဒီလောက် မကုန်ဘူးတဲ့။ အဲဒီလို ဖြစ်နေတယ်။ အခု အလုပ်ရှင်တွေက သူတို့ကိုယ်စားလှယ်လွှဲတဲ့ တယောက်ကို ငှားပြီးတော့ လွှတ်တာရှိတယ်။ နောက်တခါ မြန်မာပွဲစားတွေကလည်း အရမ်းလွန်ကဲတယ်။ မြန်မာအလုပ်သမားတွေက အလုပ်ရှင်တွေနဲ့ မှတ်ပုံတင်ရဖို့ကို ကြားကပွဲစားတွေက လိုနေတယ်။ ဘာကြောင့်လည်းဆိုရင် စကားတို့၊ စာတို့၊ လုပ်ထုံလုပ်နည်းတွေ မသိဘူး။ မသွားတက်၊ မလာတက်ဘူး။ အဲဒီတော့ အဲဒါကို ကြားထဲက ဗမာပွဲစားတွေ ဆောင်ရွက်မှုနဲ့ဆိုတော့ အစိုးရက သုံးထောင်ရှစ်ရာ ကုန်ကျပြီးတော့ မြန်ဆန်တဲ့ တနေ့ချင်း one stop service လုပ်ပြီးတော့ အလုပ်သမားတွေ လက်ထဲကို original အလုပ်သမားကဒ်ပြားကို ထည့်ပြီးတော့ အလုပ်ရှင်က သိမ်းထားလို့ မရအောင်ဆိုတဲ့ ရည်ရွယ်ချက်ကို သူက စီစဉ်ပေးသော်လည်း အခုန ကြားပွဲစားတွေနဲ့၊ အစိုးရပေါ်လစီအရ နည်းနည်း အလုပ်ရှင်ဘက်မှာ အလုပ်သမားကို ထိန်းချုပ်စေချင်တဲ့ ဘက်ကများတဲ့အခါကြတော့ အလုပ်သမားတချို့ က သုံးထောင်ရှစ်ရာလို့ ပြောသော်ငြားလည်း တချို့ ဆိုရင် ခြောက်ထောင်၊ ခုနှစ်ထောင် ကုန်ရတယ်။

ဦးသန်းလွင်ထွန်း ။ ။ မြန်မာအလုပ်သမားတွေအနေနဲ့ ဘယ်လိုကဏ္ဍတွေမှာ အလုပ်များလဲ။ အထူးသဖြင့် အဲဒီလုပ်ငန်းတွေမှာ ဒေသခံထိုင်းတွေက မလုပ်ကြဘူးလား။ လုပ်ခလစာအနေနဲ့ ဘယ်လောက်ကွာခြားမှုတွေ ရှိနေသလဲ။

ဦးမြင့်ဝေ ။ ။ ဘန်ကောက်မြို့ ကြီးအနေနဲ့တော့ မြို့ တော်ကြီးတွေမှာတော့ သိပ်မကွာခြားဘူး။ တချို့ လုပ်ငန်းဆိုရင် ဗမာအလုပ်သမားတွေရဲ့  လစာက ထိုင်းနဲ့ ယှဉ်မယ်ဆိုရင် ကျွမ်းကျင်မှု - ဥပမာ ဆောက်လုပ်ရေးလုပ်ငန်းမှာဆိုရင် ကျွမ်းကျင်တဲ့ မြန်မာပြည်သား ဗမာ၊ မွန်တို့၊ ကရင်တို့က ထိုင်းထက်တောင် လစာများတယ်။ သူတို့က ဖိုမင် အသေးစားတွေတောင်ရှိတယ်။ ဒါပေမဲ့ နယ်တွေမှာတော့ နယ်က ထိုင်းအလုပ်ကိုယ်တိုင် လစာနည်းတော့ ဘုရားသုံးဆူ၊ ကမ်ချနာဘူရီး ဧရီယာဆိုရင် ဆန္ဒပြပြီးတော့ တနေ့ လုပ်အားခ ရှစ်ဆယ်ပဲ ရတာတွေ ဖြစ်နေတယ်။ မဲဆော့လည်း ဒီအတိုင်းပဲ။ လုပ်အားခအနေနဲ့ကတော့ မြို့ ကြီးတွေမှာ လုပ်နေတဲ့ အလုပ်သမားတွေရဲ့  ဝင်ငွေအနေနဲ့ ပြန်တွက်မယ်ဆိုရင် ထိုင်းအလုပ်သမားနဲ့ သိပ်မကွာဘူး။ တချို့ စက်ရုံကြီးတွေမှာဆိုရင် တကယ်ကို တန်းတူရတယ်။ နိုင်ငံခြားကို အားကစားပစ္စည်းချုပ်ပြီး ပို့တဲ့စက်ရုံမျိုး။ နိုင်ငံခြားကို ပို့တဲ့စက်မှုလုပ်ငန်းမျိုးတွေမှာ လုပ်ရတယ်၊ စက်ရုံကြီးတွေမှာ လုပ်ရတဲ့ ဗမာပြည်သားအလုပ်သမားတချို့ က ထိုင်းအလုပ်သမားသမဂ္ဂ အဖွဲ့ဝင်တွေတောင် ဖြစ်နေတာတောင်ရှိတယ်။ ပြီးတော့ ထိုင်းအလုပ်သမားသမဂ္ဂတွေက သူတို့နဲ့အတူတူ ပူးပေါင်းပြီးတော့ ကာကွယ်တာတွေလည်းရှိတယ်။ Level တခုမှာ လူဦးရေသိပ်မများလှတဲ့အဆင့်က ဝင်ငွေကောင်းတဲ့အဆင့်မှာ ရှိနေတယ်။ ဒါပေမဲ့ အများစုက အများအားဖြင့် စက်ပျိုးရေး၊ ဆောက်လုပ်ရေးလုပ်ငန်း။ နောက်တခါ လုပ်ငန်းအသေးစားတွေ စားသောက်ဆိုင်တို့၊ အိမ်တွင်းပစ္စည်းထုတ်လုပ်တဲ့ကိစ္စတို့၊ အထည်ချုပ်တဲ့လုပ်ငန်းတို့ - အသေးစားမိသားစု စက်ကလေး လေးငါးဆယ်လုံးနဲ့ ချုပ်တဲ့လူမျိုးတွေမှာတော့ လုပ်အားခနည်းတယ်။ နောက်တခါ အဲဒီလို လူမျိုးတွေကလည်း ဗမာအလုပ်သမား ငှားကြတယ်။

ဦးသန်းလွင်ထွန်း ။ ။ အခုတော့ ဒီအလုပ်သမားတွေက ထိုင်းနိုင်ငံထဲမှာရတဲ့ ဝင်ငွေတွေကို မြန်မာပြည်မှာရှိတဲ့ သူတို့ရဲ့  အိမ်ကို ပြန်ပို့ဖို့ အရေးကိစ္စမှာ ဘယ်လိုအခြေအနေတွေ ရှိပါသလဲ။

ဦးမြင့်ဝေ ။ ။ အဲဒါကတော့ အခုက ငွေကြေးမှာ မြန်မာပြည်က မြှင့်တက်သွားတဲ့ကိစ္စနဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့ တလောမှာတော့ အလုပ်သမားတွေ ညီးညူးကြတယ်။ နောက်တခါ ငွေကြေးကို တရားဝင် အခုအချိန်အထိ - အခုမှာတော့ တရားမဝင် ငွေလွှဲနေတဲ့လူတွေနဲ့ပဲ သုံးနေရတုန်းပဲ။ ထိုင်းနိုင်ငံထဲမှာတော့ ဘဏ်စနစ်နဲ့ ဘဏ်စာရင်းတွေပါတွေ ဖွင့်ခွင့်ရပြီးတော့ တချို့ ဘဏ်တွေဆိုရင် ဗမာလို အေတီအမ်စက်က ကွန်ပြူတာမှာ ဗမာလို ဖတ်လို့ရအောင်ပါ စီစဉ်ပေးတဲ့ ဘဏ်တွေဘာတွေ ရှိနေပြီ။ သို့သော် မြန်မာပြည်ထဲကို ယိုးဒယားကနေ လုံလုံခြုံခြုံ လုပ်အားခ စုထားတဲ့ငွေကို တရားငွေအနေနဲ့ လွှဲဖို့အဆင့်တော့ မရောက်လာသေးဘူး။ ထိုင်းဘဏ်နှစ်ခုကတော့ ဗမာပြည်မှာသွားပြီး ဘဏ်ခွဲဖွင့်ဖို့တော့ ကြိုးစားနေတယ်။ သို့သော် ဗမာအစိုးရဘက်က ဘယ်လောက် international marketing ငွေကြေးတန်းဖိုး exchange နဲ့ လှဲပေးမှာလား။ သူတို့ဘဏ်က သူတို့ ဗမာပြည်သားတွေ ဗမာပြည်တွင်းမှာ ထိုင်းငွေနဲ့ ထုတ်ပေးလို့ရမှာလား ဘယ်လိုလုပ်မလဲဆိုတာတော့ မသိသေးဘူး။

VOA သတင်းဌာနမှ ကူးယူဖော်ပြပါသည်။

ရနောင်းမှာ ရောင်းစားခံရတဲ့ လိင်ဖျော်ဖြေရေးလုပ်သားများ

ယာယီ နိုင်ငံကူး လက်မှတ်သစ်များ ၆ နှစ်အထိ သက်တမ်းတိုးပေး

ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်မည့် မြန်မာ ရွှေ့ပြောင်း အလုပ်သမားများ အတွက် ဇူလိုင်လ ၁ ရက်နေ့မှစ၍ ယာယီ နိုင်ငံကူး လက်မှတ်အသစ် လျှောက်ထားသူများကို သက်တမ်း ၆ နှစ်အထိ စတင်ပေးနေပြီဖြစ်ကြောင်း သိရသည်။

temporary-passport-issue-office

ထိုင်းနိုင်ငံ ရနောင်းမြို့တွင် ဖွင့်လှစ်ထားသော ယာယီနိုင်ငံကူးလက်မှတ်ရုံး ဆိုင်းဘုတ် (ဓာတ်ပုံ - ဧရာဝတီ)

ထိုင်း-မြန်မာ နယ်စပ်ရှိ တာချီလိတ်၊ ကော့သောင်းနှင့် မြဝတီတို့ရှိ ရုံးများတွင် ထိုင်းနိုင်ငံ၌ စိစစ်ထုတ်ပေးနေကြောင်း ယာယီ နိုင်ငံကူးလက်မှတ် သွားရောက်ပြုလုပ်သူများက ပြောသည်။

ရနောင်းမြို့မှ ယာယီ နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူ ကိုကျော်ဇေယျက “အရင် ပတ်စပို့တွေကတော့ ပြီးခဲ့တဲ့ လကုန်အထိ ၃ နှစ်ပဲ ရခဲ့တယ်။ အခု ပတ်စပို့ လုပ်ချင်တဲ့သူတွေက ပွဲစားတွေနဲ့ ချိတ်လုပ်ရတယ်” ဟု ပြောသည်။

ယာယီ နိုင်ငံကူးလက်မှတ်များကို ဘန်ကောက်ရှိ မြန်မာသံရုံးတွင်လည်း ပြုလုပ်ပေးနေကြောင်း၊ သို့သော် ယာယီ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးမှုများကို ပွဲစားများမှတဆင့် ဈေးပိုပေးရကြောင်း သိရသည်။

ကိုကျော်ဇေယျက “အရင်ကဆို ၂ နှစ် သက်တမ်းတိုးဖို့ ဘတ် ၅၀၀ (ကျပ် ၁၃၀၀၀ ခန့်) ပေးရတယ်။ အခုဆို ဘတ် ၁၉၀၀ (၄၉၄၀၀ ကျပ်ခန့်) အထိ ပေးရတယ်” ဟု ပြောသည်။ ထိုသို့ ပေးပြီးလုပ်ကြသည်မှာ သက်တမ်းတိုးရန် နယ်စပ်သို့ ပြန်သွားရခြင်း၊ ထိုင်းဘက် ပြန်ဝင်ရခြင်း စသည်တို့ကို မလုပ်လိုသောကြောင့် ဖြစ်ကြောင်း သိရှိရသည်။

ထိုင်းနိုင်ငံတွင် အလုပ်လုပ်ခွင့်သက်တမ်း ၄ နှစ်ပေးထားသော်လည်း ယာယီ နိုင်ငံကူးလက်မှတ်က ၃ နှစ်သက်တမ်းသာ ရှိသဖြင့် အခက်အခဲများရှိကြောင်း၊ ထို့ကြောင့် ထိုင်းအစိုးရနှင့် ညှိနှိုင်း၍ ၆ နှစ်အထိ သက်တမ်းတိုးပေးခြင်းဖြစ်ကြောင်း ပြည်ပလုပ်သားရေးရာနှင့် လူကုန်ကူးမှုဆိုင်ရာ သုတေသီ စာရေးဆရာ ၀င်းနိုင်ထွန်းကို ကိုးကား၍ Eleven Media Group က သတင်းတွင် ဖော်ပြထားသည်။

ယာယီ နိုင်ငံကူးလက်မှတ် သက်တမ်းများ တိုးမြှင့်ပေးခြင်းနှင့် အတူ ပွဲစားများကလည်း မြန်မာအလုပ်သမားများထံမှ ငွေပိုတောင်းပြီး အမြတ်ထုတ်မှုများ များပြားလာမည်ဟု ထိုင်းနိုင်ငံ အခြေစိုက် လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းမှ အတိုင်ပင်ခံ အန်ဒီ ဟောလ်က ပြောသည်။

မြန်မာသံရုံးက ပွဲစားများဆောင်ရွက်ခြင်းကို လက်ခံပေးခြင်းများရှိပြီး ယာယီ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေး စိစစ်မှုတွင် လာဘ်ပေးလာဘ်ယူမှုများ ရှိနေသည်ဟုလည်း အန်ဒီ ဟောလ်က ထောက်ပြသည်။

၂၀၀၉ ခုနှစ် ဇူလိုင်လအတွင်း ယာယီ နိုင်ငံကူး လက်မှတ်များကို ထိုင်း-မြန်မာ နယ်စပ် ဒေသများ၌ ရုံးများ ဖွင့်လှစ်၍ ထုတ်ပေးခဲ့ပြီး မြန်မာရွှေ့ပြောင်း အလုပ်သမား ၅ သိန်းခန့် ယာယီ နိုင်ငံကူးလက်မှတ်များ ပြုလုပ်ပြီး ဖြစ်သည်ဟု သိရသည်။

ထိုင်းနိုင်ငံအနှံ့တွင် မြန်မာပြည်သား စုစုပေါင်း ၂ သန်းမှ ၄ သန်း အထိရှိသည်ဟု အလုပ်သမားအဖွဲ့များက ခန့်မှန်း ထားကြသည်။

ဧရာဝတီသတင်းဌာနမှ ကူးယူဖော်ပြပါသည်။

သေဆုံးသူ အလုပ်သမားအတွက် လျော်ကြေးရလိုမှု

မလေးရှားနိုင်ငံမှာ တရားဝင် အလုပ်လုပ်နေတဲ့ မြန်မာ အလုပ်သမား တဦး တာဝန် ထမ်းဆောင်စဉ်မှာ မတော်တဆ ဖြစ်မှုကြောင့် ကွယ်လွန်ခဲ့ပြီးနောက် နှစ်နှစ်ကျော် ကြာမြင့်တဲ့ အထိ နစ်နာကြေး မရရှိတဲ့ အတွက် အိုင်အယ်လ်အို အပြည်ပြည် ဆိုင်ရာ အလုပ်သမား အဖွဲ့ ချုပ်ကို တိုင်ကြားလိုက်တယ်လို့ သတင်းရရှိပါတယ်။

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ နိုင်ငံခြား အလုပ်သမားများ နေထိုင်ရာ အဆောင်တခု ဖြစ်ပါသည်။ (Photo: AFP)

မွန်ပြည်နယ် သိမ်ဆိပ်တိုက်နယ် မရမ်းကုန်း ကျေးရွာနေ ဦးစံသွင်ရဲ့ သားဖြစ်သူ မောင်ဝင်းမျိုးလတ် ဟာ မလေးရှား နိုင်ငံမှာ မြန်မာနိုင်ငံကူး လက်မှတ် ကိုင်ဆောင်ပြီး ကွာလါလမ်ပူမြို့  Putra Perdana ဆောက်လုပ်ရေး လုပ်ငန်းအောက်ရှိ Hong Lee အလူမီနီယမ် မှန်ဘောင် တပ်ဆင်ရေး လုပ်ငန်းမှာ လုပ်ကိုင်နေစဉ် ၂၀၀၉ ခုနှစ် ဧပြီလ ၁၄ ရက် မှာ ကွယ်လွန်ခဲ့တာပါ။ အလုပ်ချိန်မှာ ဖြစ်ပွါးခဲ့တဲ့ မတော်တဆမှုကြောင့် ဒဏ်ရာရပြီး ဆေးရုံမှာ သေဆုံးခဲ့တာ ဖြစ်ကြောင်း၊ မလေးရှားရှိ မြန်မာ သံရုံးက ဆောင်ရွက်ပေးမယ် ဆိုပေမဲ့ အခု ၃ နှစ်နီးပါးရောက်လာချိန် အထိ ဘာမှ မရရှိကြောင်း ဖခင်ဖြစ်သူ ဦးစံသွင်က ပြောပြပါတယ်။ မလေးရှားနိုင်ငံရှိ မြန်မာ သံရုံးက လိုအပ်သလို ဆက်လက် ဆောင်ရွက်နိုင်ဖို့ အတွက် နိုင်ငံခြားရေး ဝန်ကြီးဌာနက တဆင့် ကိုယ်စားလှယ်လွှဲစာကို တောင်းခံလာလို့  ၂၀၁၀ ခုနှစ် ဇန်နဝါရီလ ၂၇ ၇က်နေ့တွင် နိုတြီ ပတ်ဗလစ် ပြုလုပ်ပြီး နေပြည်တော်မှာ သွားရောက် ပေးအပ်ခဲ့ပြီးပြီ လို့လည်း သိရပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး အိုင်အယ်လ်အို ကို အကူအညီ တောင်းခံခဲ့ပြီး၊ အလုပ်သမား ဝန်ကြီးဌာန ကိုလည်း မိတ္တူ ပေးပို့ခဲ့တဲ့ အတွက် ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်း ဖခင်ဖြစ်သူ ဦးစံသွင်ကို မွန်ုပြည်နယ် အလုပ်သမား ညွှန်ကြားမှု ဦးစီးဌာနက ခေါ်ယူ တွေ့ဆုံခဲ့သလို ဆောင်ရွက်ပေးမှာ ဖြစ်တဲ့အကြောင်း ပြောဆိုခဲ့တယ်လို့ ဦးစံသွင်က ပြောပြပါတယ်။ မောင်ဝင်းမျိုးလတ် အလုပ်လုပ်ကိုင်ရာ လုပ်ငန်းခွင် ပိုင်ရှင် Putra Perdana ဆောက်လုပ်ရေးကို RFA က ဆက်သွယ် မေးမြန်းရာမှာတော့ တိတိကျကျ ပြန်ကြားခြင်း မရှိပဲ လုပ်ငန်းခွင်မှာ သေဆုံးသူ အလုပ်သမားများ စာရင်းမှာ မောင်ဝင်းမျိုးလတ် နံမည်ကို မတွေ့ ရှိရဘူးလို့ သာ အီးမေးက တဆင့် ဖြေကြားပါတယ်။

ထိုင်းနိုင်ငံတွင်း ရွှေ့ပြောင်းအလုပ်သမားများ လက်မှတ်လုပ်ပုံ အဆင့်ဆင့်

Flyer for Migrants Rev 5 June 2011 Bur by CBOs REV2

လက်မှတ်လုပ်ခြင်း ဗီဒီယို ရှင်းပြချက်

မြန်မာအိမ်ဖေါ်များ ကိစ္စ အိုင်အယ်လ်အို ဆွေးနွေး

ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာ အလုပ်သမားတွေ မှတ်ပုံတင်နိုင်ရေး ကိစ္စ နဲ့  အိမ်ဖေါ် အလုပ်သမားတွေရဲ့ အခွင့်အရေး ကာကွယ်ပေးနိုင်ဖို့ အတွက် အပြည်ပြည် ဆိုင်ရာ အလုပ်သမား အဖွဲ့ ချုပ် (ILO) က မြန်မာနိုင်ငံသား ရွှေ့ပြောင်း အလုပ်သမား အဖွဲ့ အစည်းတွေနဲ့  ပြီးခဲ့တဲ့ သီတင်းပတ် အတွင်းက ခေါ်ယူ တွေ့ ဆုံ ဆွေးနွေးခဲ့ ပါတယ်။

(Photo: AFP)

မြန်မာနိုင်ငံမှ မိန်းကလေးငယ်များစွာသည် ပြည်တွင်းတွင် စားဝတ်နေရေး မဖူလုံသောကြောင့် အခြားနိုင်ငံများသို့ စွန့်စား သွားရောက်ပြီး အလုပ် လုပ်ကိုင်နေကြရပါသည်။ (Photo: AFP)

ထိုင်းနိုင်ငံ အတွင်း မြန်မာ ရွှေ့ပြောင်း အလုပ်သမားတွေ လွတ်လပ်စွာ သွားလာခွင့် မိမိတို့ ပိုင်ဆိုင်တဲ့ နိုင်ငံကူး လက်မှတ် လက်ဝယ် ကိုင်ဆောင်ထားနိုင်ခွင့် အပတ်စဉ် အားလပ်ရက် ရရှိခွင့် တွေကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ကျန်းမာရေး စောင့်ရှောက်ခွင့် အထူးသဖြင့် အမျိုးသမီး အလုပ်သမားတွေ သားဖွားတဲ့ အခါမှာ ကုန်ကျစားရိတ် နည်းပါးရေး အတွက် နှစ်စဉ် ကျန်းမာရေး စောင့်ရှောက်မှု စားရိတ် ပေးဆောင်ထားရင် သက်သာနိုင်တဲ့ အကြောင်းတွေကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ အစည်းအဝေး တက်ရောက်ခဲ့တဲ့ ရောင်ခြည်ဦး အလုပ်သမားအဖွဲ့  ကိုယ်စားလှယ် ဦးအောင်မြင့်သိန်းက ပြောပါတယ်။ တချိန်တည်းမှာပဲ မနေ့ က အိုင်အယ်လ်အို ညီလာခံကနေ အိမ်ဖေါ် အလုပ်သမားတွေရဲ့ ရပိုင်ခွင့် အခွင့်အရေးတွေကို အကာအကွယ် ပေးနိုင်မယ့် ပြဌာန်းချက် တရပ် ချမှတ်ခဲ့ပါတယ်။ အဲဒီ ပြဌာန်းချက်ကိုလည်း ထိုင်းနိုင်ငံက ထောက်ခံကြောင်း မဲပေးခဲ့ပါတယ်။ ဒါပေမယ့် ထိုင်းနိုင်ငံမှာ ရှိတဲ့ မြန်မာ အိမ်ဖေါ် အလုပ်သမားတွေဟာ ရပိုင်ခွင့်တွေ ရဖို့ ဆိုရင် ထိုင်းအစိုးရ အနေနဲ့  လက်မှတ်ရေးထိုးပြီး ထိုင်းပြည်တွင်း အလုပ်သမား ဥပဒေကိုလည်း ပြင်ဆင်ဖို့ လိုအပ်နေသေးကြောင်း သိရပါတယ်။ ထိုင်းနိုင်ငံမှာ ရှိနေတဲ့ မြန်မာ နိုင်ငံသား ရွှေ့ပြောင်း အလုပ်သမားတွေ အနေနဲ့ တရားဝင် မှတ်ပုံတင်နိုင်ပြီး အလုပ်လုပ်နိုင်ခဲ့ရင် သူတို့ အတွက် လုံခြုံရေး နဲ့ လုပ်ခ လစာလည်း ထိုင်းနိုင်ငံက သတ်မှတ်ချက် အတိုင်း ရရှိလာနိုင်မှာ ဖြစ်ကြောင်း မြန်မာ ရွှေ့ပြောင်း အလုပ်သမား အရေး အစည်းအဝေး တက်ရောက်ခဲ့တဲ့ အိုင်အယ်လ်အို အပါအ၀င် ကျန်တဲ့ နိုင်ငံတကာ အဖွဲအစည်းတွေက ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

RFA သတင်းဌာနမှ ကူးယူဖော်ပြပါသည်။

လူပွဲစားလက်ထဲမှာ ဖမ်းဆီးခံထားရတဲ့ မြန်မာ အလုပ်သမား ၅၄ ဦး ထိုင်းရဲ လွှတ်ပေး

ထိုင်းနိုင်ငံ ဆဖန်ဘူရီခရိုင်က အိမ် ၃ လုံးမှာ ပြန်ပေးငွေနဲ့ ရွေးယူဖို့ လူမှောင်ခိုပွဲစားတွေက ဖမ်းဆီးထားတဲ့ မြန်မာအလုပ်သမား ၅၄ ဦးကို ထိုင်းအာဏာပိုင်တွေက ပြန်လွှတ်ပေးလိုက်တယ်လို့ ထိုင်းရဲတပ်ဖွဲ့က မနေ့က ပြောပါတယ်။

(Photo: AFP)

ထိုင်းနိုင်ငံတွင် အလုပ်လုပ်မည့် မြန်မာနိုင်ငံမှ အလုပ်သမားများ နယ်စပ်ဂိတ်တွင် စောင့်ဆိုင်းနေပုံ ဖြစ်ပါသည်။ မြန်မာ အလုပ်သမား အများစုသည် တရားဝင် စာရွက်စာတမ်းမရှိပဲ ထိုင်းနိုင်ငံထဲတွင် နေထိုင် အလုပ်လုပ်နေကြသည်။ (Photo: AFP)

တချိန်ထဲမှာလည်း မြန်မာ ၂ ဦးအပါဝင် ထိုင်း ၄ ဦးပါတဲ့ အဲဒီလူမှောင်ခိုအဖွဲ့ကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပြီး တရားမ၀င် ဖမ်းဆီးချုပ်နှောင်မှု၊ အတင်းအကြပ် ငွေကြေးတောင်းခံမှုတွေနဲ့ ဖမ်းဆီး အရေးယူလိုက်ပါတယ်။ လူပွဲစားတွေဟာ မြန်မာ အလုပ်သမားတွေကို ဒီ အိမ် ၃ လုံးမှာ ရက်အနည်းငယ် ချုပ်နှောင်ထားခဲ့တယ်လို့ လူမှောင်ခိုကူးမှု တိုက်ဖျက်ရေး ဒေသဆိုင်ရာ ရဲမင်းကြီး ဗိုရာပေါင်းက ပြောပါတယ်။ ဒါပေမယ့် အခု မြန်မာ အလုပ်သမား ၅၄ ဦးကိုလည်း ထိုင်းနိုင်ငံထဲ တရားမ၀င် ၀င်ရောက်မှုနဲ့ တရား စီရင်ပြီး ပြည်နှင်ဒဏ်ပေးမယ်လို့လည်း သူက ပြောပါတယ်။ ဒီလူမှောင်ခိုဂိုဏ်းကို ဖမ်းဆီးခံရတဲ့ အလုပ်သမားတွေထဲက တဦးရဲ့ ဆွေမျိုး နီးစပ်သူ တဦးက သတင်းပေးချက် အရ ထိုင်းရဲက တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။ တချိန်ထဲမှာလည်း ထိုင်းနိုင်ငံ တပ်ခရိုင် အနောက်ဖက်မှာ ထရပ်ကားငယ်တွေမှာ တင်ခေါ်လာတဲ့ တရားမ၀င် မြန်မာ အလုပ်သမား ၇၆ ဦးကို ဖမ်းဆီးခဲ့ သလို နောက်ထပ် မြန်မာ အလုပ်သမား ၁၀၀ ခန့်လည်း မြို့တော် ဘန်ကောက် အနီးမှာ ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။ ထိုင်းနိုင်ငံမှာ နိုင်ငံခြားသား အလုပ်သမား ၂ သန်းခန့်ရှိပြီး အများစုဟာ မြန်မာ၊ ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံတွေကဖြစ်ပါတယ်။

RFA သတင်းဌာနမှ ကူးယူဖော်ပြပါသည်။

ထိုင်းစက်ရုံက ကယ်တင်ခဲ့တဲ့ အလုပ်သမား ၃၀ ကျော် မြန်မာဖက် ပြန်ပို့

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မှာ နေ့ရောညပါ ပိတ်လှောင် အလုပ်ခိုင်းစေ ခံရပြီး ထိုင်းရဲတွေရဲ့ ကယ်တင်မှုကြောင့် လွတ်မြောက်ခဲ့တဲ့ မြန်မာ အလုပ်သမား ၃၂ ဦးကို ထိုင်း အာဏာပိုင်တွေက စနေနေ့ က မြန်မာနိုင်ငံကို ပြန်ပို့လိုက်တယ်။

Photo: RFA

၂၀၁၀ ခုနှစ် မေလအတွင်းက မဲဆောင်မြို့မှ လူမှောင်ခိုများနှင့် မဲဆောင်မြို့မှ ဘန်ကောက်မြို့ကို တောလမ်းကတဆင့် သွားရောက်ဖို့ ကြိုးစားခဲ့ကြသော တရားမ၀င် မြန်မာအလုပ်သမားများကို ထိုင်းလူဝင်မှုအဖွဲ့က ဖမ်းဆီးခေါ်ဆောင်လာပုံ။

စာရွက်စာတမ်း မပြည့်စုံဘဲ နိုင်ငံဖြတ်ကျော် ၀င်ရောက်မှုနဲ့ ချုပ်ရက် အပါအ၀င် စုစုပေါင်း ၅၂ ရက် အကျဉ်းကျ ခံခဲ့ရပြီးနောက် သူတို့ကို အချုပ်ကားတွေနဲ့ မြန်မာနိုင်ငံ မြ၀တီမြို့ ကို ပြန်ပို့လိုက်တာ ဖြစ်တယ်လို့ ထိန်းသိမ်းခံခဲ့ရသူ တစ်ဦးက RFA ကို ပြောပါတယ်။ "တောမောရုံးက ကားကြီးနဲ့ လူ ၄ ရာလောက်ရှိတယ်။ မဲဆောက် တောမောရုံးကနေ မြန်မာပြည်ကို အချုပ်ကားနဲ့ ပြန်ပို့တယ်။ ဒီဘက်နဲ့ ညှိထားလားမသိဘူး။ ကျမတို့ဆီက ပိုက်ဆံလည်း မတောင်ဘူုး ပလိပ်တွေက။ လူတွေကို ၀ယ်လိုက်တဲ့ သဘောပေါ့။ ဒီဘက်က လူတွေက ကျမတို့ကို ၂၅၀၀ နဲ့ ပြန်ရွေးခိုင်းတယ်။ ပေါက်ဈေးက ၂၅၀၀ တဲ့။ လျှော့ဈေးနဲ့ ၂၂၀၀ တောင်းတယ်။ ဒီဖက်က လူစုတဲ့ လူတွေပေါ့။" ဘန်ကောက် မြို့လယ်က အိမ်တွင်း အထည်ချုပ် စက်ရုံ ၃ ရုံမှာ တံခါးပိတ်ပြီး နေ့ ရောညပါ အလုပ်ခိုင်းခံနေရတဲ့ မြန်မာ အလုပ်သမား ၃၉ ယောက်ကို ထိုင်း လူကုန်ကူးမှု တိုက်ဖျက်ရေး အထူး တပ်ဖွဲ့ ဝင်တွေက ဧပြီလ ၁၉ ရက်နေ့ က စက်ရုံတွင်း ၀င်ရောက်ပြီး ကယ်တင်ခဲ့တာ ဖြစ်ပါတယ်။ ရဲစခန်းက သူတို့ တွေကို စစ်ဆေး မေးမြန်းပြီး အမျိုးသမီး ၂၅ ဦးနဲ့ အမျိုးသား ၈ ဦးကို စာရွက်စာတမ်း မပြည့်စုံဘဲ နိုင်ငံ ဖြတ်ကျော် ၀င်ရောက်မှုနဲ့ ထောင်ဒဏ် ၄၅ ရက် ချမှတ်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီ အထည်ချုပ်စက်ရုံ ၃ ရုံမှာ အလုပ်လုပ်တဲ့ မြန်မာ အလုပ်သမားတွေကို လုပ်ငန်းရှင်က လူကယ်ရီ ကနေ တဆင့် ဘတ်ငွေ ၁ သောင်း ၂ ထောင်ကနေ ၁ သောင်း ၄ ထောင် အထိ အကုန်အကျခံ ခေါ်ယူခဲ့တယ်လို့  သိရပါတယ်။ လုပ်ငန်းရှင်က စရိတ် ငွေကြေတဲ့ အထိ အလုပ်ကို မနားတမ်း ခိုင်းစေခဲ့ပြီး လုပ်အားခလည်း အဆမတန် နည်းပါးကြောင်းနဲ့  ငွေကြေပြီးနောက် ဘယ်မှ ထွက်မသွားနိုင်အောင် စက်ရုံတွင်း ပိတ်လှောင် ခိုင်းစေခဲ့ကြောင်း၊ လုပ်ခငွေကို ကိုင်ဆောင်ခွင့် မရရှိခဲ့ကြကြောင်း အလုပ်သမား တချို့ က ထိုင်းရဲတွေဆီမှာ စစ်ဆေးခံခဲ့ပါတယ်။

အထူးအစီအစဉ်ဖြင့် အလုပ်သမား မှတ်ပုံတင်လုပ်ရန် ဖိအားပေး

အထူးလျှော့ပေါ့ရေး အစီအစဉ်အရ ထိုင်း-မြန်မာ နယ်စပ် တာ့ခ်ခရိုင် အတွင်းတွင် မြန်မာ ရွှေ့ပြောင်းအလုပ်သမားများ တနှစ်တာ အလုပ်လုပ် နေထိုင်ခွင့်ကို ယခု ဇွန်လ ၁၅ ရက်မှ နောက် ဇူလိုင်လ ၁၄ ရက်နေ့အတွင်း မှတ်ပုံတင်ရန် ထိုင်းအစိုးရက နှိုးဆော်ဖိအားပေးလျက်ရှိပြီး သတ်မှတ်ရက် ကျော်သွားပါက ထိရောက်စွာ အရေးယူမည်ဟု သိရသည်။

Labor-News-13-6-11

မဲဆောက်အလုပ်သမားရုံးမှ အလုပ်သမားမှတ်ပုံတင်ရန် မော်တော်ယာဉ်ဖြင့် လိုက်လံနှိုးဆော်နေစဉ် (ဓာတ်ပုံ - ဧရာဝတီ)


မဲဆောက် အပါအဝင် တာ့ခ်ခရိုင်အတွင်း တရားမဝင် ရွှေ့ပြောင်း အလုပ်သမားများကို အသုံးပြုနေသည့် အလုပ်ရှင်များသည် အလုပ်သမားများနှင့် အတူ သက်ဆိုင်ရာ အလုပ်သမားရုံးများတွင် သတ်မှတ်ရက်အတွင်း သွားရောက်မှတ်ပုံတင်ရန်၊ မပြုလုပ်ပါက အလုပ်သမားနှင့် အလုပ်ရှင်များကိုပါ ဖမ်းဆီး အရေးယူမည်ဖြစ်ပြီး အလုပ်ရှင်များကို ဒဏ်ငွေ ဘတ် ၁ သောင်းမှ ၁ သိန်းအထိ ဒဏ်ရိုက်မည်ဖြစ်ကြောင်း ထိုင်းအလုပ်သမားဌာနက မော်တော်ယာဉ်ဖြင့် လိုက်လံ ကြေညာလျက်ရှိသည်။

မြန်မာရွှေ့ပြောင်း အလုပ်သမား ၄ သိန်းခန့်ရှိသည့် မဲဆောက်အပါအ၀င် တာ့ခ်ခရိုင်တွင် အလုပ်သမားများ မှတ်ပုံတင်သည့် အရေအတွက်မှာ ၂ သောင်း ခန့်သာရှိသည်ဟု မဲဆောက် အလုပ်သမားရုံး၏ စာရင်းများအရ သိရသည်။

မဲဆောက်မှ မြန်မာ ရွှေ့ပြောင်းအလုပ်သမား ၆၀၀ ခန့်ရှိသည့် အထည်ချုပ်စက်ရုံမှ မန်နေဂျာတဦးက “အလုပ်ရှင်ကတော့ အလုပ်သမား မှတ်ပုံတင်မယ့်ကိစ္စကို ဘာမှမပြောဘူး။ ကျနော်တို့အလုပ်ရုံက အလုပ်သမားတွေ အရင်ကလည်း မှတ်ပုံမတင်ကြဘူး။ ဒီလိုပဲ လုပ်နေကြတာပဲ။ အလုပ်သမား လက်မှတ်လုပ်တာက တနှစ်ကို ဘတ် ၃၀၀၀ လောက်ကုန်မယ်။ ဒီမှာက လုပ်အားခ တနေ့ကို ဘတ် ၆၀ (ကျပ် ၁၅၀၀)၊ ဘတ် ၇၀ (ကျပ် ၁၇၅၀) လောက်ပဲ ရကြတော့ လုပ်ချင်တဲ့လူက မရှိသလောက်ပဲ။ အလုပ်ရှင်ကတော့ သူ့စက်ရုံအတွက် အာဏာပိုင်တွေကို လစဉ်ကြေး ပုံမှန်ပေးတဲ့နည်းနဲ့ပဲ ဖြေရှင်းတယ်” ဟု ရှင်းပြသည်။

တာ့ခ်ခရိုင်အတွင်း ထိုင်းအလုပ်သမားဝန်ကြီးဌာနက သတ်မှတ်ပေးထားသည့် အနိမ့်ဆုံး တနေ့လုပ်အားခမှာ ၁၆၂ ဘတ် (၄၀၅၀ ကျပ်) ဖြစ်သော်လည်း မဲဆောက်ရှိ အထည်ချုပ်စက်ရုံ ၂၀၀ ခန့်တွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာရွှေ့ပြောင်း အလုပ်သမား ၁ သိန်းခန့်၏ တနေ့တာ လုပ်အားခမှာ ဘတ် ၆၀ မှ ၁၀၀ အောက်တွင်သာ ရရှိကြသည့်အတွက် အလုပ်သမားလက်မှတ် လုပ်သည့်ကိစ္စကို အလုပ်သမားများ စိတ်ဝင်စားမှု နည်းပါးခြင်းဖြစ်သည်ဟု မြန်မာအလုပ်သမားအရေး ဆောင်ရွက်နေသည့် အဖွဲ့များက ပြောသည်။

တာ့ခ်ခရိုင်အတွင်း အလုပ်သမား မှတ်ပုံတင်သည့် လုပ်ငန်းစဉ်သည် ထိုင်းအစိုးရ၏ ထိရောက်သည့် ကိုင်တွယ်မှုမရှိပါက ယခင်ကဲ့သို့ပင် မအောင်မြင်နိုင်ဟု မဲဆောက်အခြေစိုက် မြန်မာအလုပ်သမားအရေး ဆောင်ရွက်နေသည့် မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ ဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောသည်။

၎င်းက “ဒီကိစ္စ မူကောင်းတယ်၊ လူဖြစ်တဲ့ မြန်မာအလုပ်သမားတွေက လိုက်ပါနိုင်မှု အားနည်းတယ်။ မဲဆောက်ဒေသမှာ တရားဝင်သတ်မှတ်ထားတဲ့ လုပ်အားခ ၁၆၂ ဘတ်ကို မရကြဘူး။ ဒီကိစ္စ အောင်မြင်စေချင်ရင်တော့ အလုပ်ရှင်တွေက ကုန်ကျငွေကို အရင်စိုက်ပေးရမယ်။ ထိုင်းအစိုးရဘက်ကလည်း မှတ်ပုံတင်ခကို သိသိသာသာ လျှော့ပေးရမယ်။ အဲလိုမှ မဟုတ်ရင်တော့ အရင်ကလုပ်သလိုပဲ ဘာမှသိသာများပြားလာမှာ မဟုတ်ဘူး” ဟု ဧရာဝတီသို့ ပြောသည်။

မြန်မာ ရွှေ့ပြောင်းအလုပ်သမား အများစုက အလုပ်သမား မှတ်ပုံတင်အစား ထိုင်းနှင့် နှစ်နိုင်ငံ သဘောတူညီချက်အရ မြန်မာနိုင်ဘက်က ထုတ်ပေးသည့် ၂ နှစ်ဗီဇာ သက်တမ်းရှိ ယာယီ နိုင်ငံကူးလက်မှတ်ကိုသာ လျှောက်ထားရန် စိတ်ဝင်စားကြသည်ဟု အလုပ်သမားများက ပြောသည်။

ဘန်ကောက်မြို့အနီး ပထုံဌာနီရှိ ပလပ်စတစ်စက်ရုံမှ စောကူးက “ဘန်ကောက်မှာရှိတဲ့ လူတွေလည်း ဒီတနှစ်ခံ အလုပ်သမားလက်မှတ်ကို စိတ်ဝင်စားတဲ့လူ နည်းသွားပြီ။ ဘတ် ၃၀၀၀ လောက် ကုန်တဲ့အပြင် ဘယ်မှလည်း သွားလာခွင့်မရှိဘူး။ ဒါကြောင့် မြန်မာဘက်က ထုတ်ပေးတဲ့ ယာယီနိုင်ငံကူးလက်မှတ်ကိုပဲ လျှောက်ကြတယ်။ ၂ နှစ် သက်တမ်းဗီဇာအတွက် အပြီးအစီးမှ ဘတ် ၈၆၀၀ ပဲကျတယ်။ ထိုင်းတနိုင်ငံလုံး အချိန်မရွေး ခရီးသွားခွင့်ရှိတယ်။ အခုဆို အလုပ်သမားတွေ ကိစ္စကြီးငယ်ရှိရင် ဒီလက်မှတ်နဲ့ မြန်မာဘက် အချိန်မရွေး ပြန်လို့ရတယ်” ဟု ပြောသည်။

မဲဆောက်ရှိ အလုပ်သမားတချို့က မြန်မာဘက်မှ ထုတ်ပေးသည့် ယာယီနိုင်ငံကူးလက်မှတ်ကို လျှောက်ထားလိုသော်လည်း အလုပ်ရှင်အများစုက ခွင့်ပြုခြင်းမရှိဟု မဲဆောက်ရှိ ကုန်တိုက်တခုမှ မြန်မာ အရောင်းစာရေးမတဦးက ဆိုသည်။

မဲဆောက်မြို့နယ် အုပ်ချုပ်ရေးအဖွဲ့ဝင်တဦးက အလုပ်သမားများကို မှတ်ပုံတင်ပေးသည့် သတ်မှတ်ရက်ကုန်ဆုံးလျှင် မဲဆောက်ဒေသအတွင်း တရားမ၀င် အလုပ်သမားများကို ဖမ်းဆီးမည့် အထူးစစ်ဆင်ရေးတရပ် ရှိသည်ဟု ပြောသည်။

ထိုင်းနိုင်ငံ၏ ၁၉၇၉ ခုနှစ် လူဝင်မှုကြီးကြပ်ရေး ဥပဒေအရ တရားမ၀င် အလုပ်သမားတဦးကို စေခိုင်းသည့် အလုပ်ရှင်သည် ပြစ်ဒဏ်အနေဖြင့် ဒဏ်ငွေဘတ် ၁ သောင်းမှ ၁ သိန်း အထိ ပေးဆောင်ရမည်ဖြစ်သည်။

ထိုင်းနိုင်ငံတွင် မြန်မာ ရွှေ့ပြောင်းအလုပ်သမား ၂ သန်းခွဲမှ ၄ သန်းအထိရှိသည်ဟု မြန်မာ အလုပ်သမားအရေး ဆောင်ရွက်နေသူများက ခန့်မှန်းပြောဆိုသည်။

ဖူးကက်၌ အလုပ်သမားလက်မှတ် လုပ်ရက် တိုးချဲ့သတ်မှတ်ပေး

ထိုင်းနိုင်ငံ ဖူးကက်ဒေသ အတွင်းရှိ မြန်မာ အလုပ်သမားများ အပါအ၀င် ရွှေ့ ပြောင်း အလုပ်သမားများ အတွက် အလုပ်သမား လက်မှတ်သစ် ပြုလုပ်ရန် မူလ သတ်မှတ်ရက်ထက် ၂ လ ခန့် တိုးချဲ့ သတ်မှတ်လိုက်သည်။

Burmese_workers_at_the_Noom_Broker_offices_in_Rassada

ဖူးကက် ဒေသရှိ အလုပ်သမားလက်မှတ် ရရှိရေး ဆောင်ရွက်ပေးသည့် နေရာတခု (ဓာတ်ပုံ - phuketgazette.net)

ထိုင်းနိုင်ငံအတွင်းသို့ တရားမ၀င်ရောက်ရှိလာကြသော ရွှေ့ ပြောင်းအလုပ်သမားများကို အလုပ်သမား လက်မှတ်သစ် ပြုလုပ် ပေးရန် မူလက ရက်ပေါင်း ၃၀ သာသတ်မှတ်ပေးခဲ့သည်။ ယင်းကာလမှာ ဇွန်လ ၁၅ ရက်မှ ဇူလိုင်လ ၁၄ ရက်နေ့အထိ ဖြစ် သည်။

ဖူးကက်ခရိုင် အလုပ်သမား ခန့်ထားရေးဌာနမှ အကြီးအကဲ Mr. Noppadon Ployoudee က လုပ်ခ လစာ နည်းပါးသည့် အိမ်နီးချင်း လာအို၊ ကမ္ဘောဒီးယားနှင့် မြန်မာနိုင်ငံမှ ရွှေ့ ပြောင်းအလုပ်သမားများအတွက် အလုပ်သမား မှတ်ပုံတင်ပြုလုပ်ရန် ရက်တိုးပေးခဲ့ခြင်းဖြစ်ကြောင်း ရှင်းပြသည်ဟု Phuket gazette အင်တာနက် စာမျက်နှာတွင် ရေးသားထားသည်။

“တိုးချဲ့သတ်မှတ်လိုက်တာက ဇွန်လ ၁၅ ရက်ကနေ စက်တင်ဘာလ ၁၂ ရက်ထိဖြစ်ပါတယ်။ ဇွန်လ ၁၅ရက် ကနေ ဇူလိုင်လ ၁၄ရက်နေ့အထိ ရက် ၃၀ အတွင်းမှာ မှတ်ပုံတင်ဖို့ ပုံစံ(၁)ကို ပြီးအောင် ဖြည့်ရမယ်။ ဇူလိုင်လ ၁၄ ရက်နေ့ နောက်ပိုင်း ကျန် တဲ့၂လတာအတွင်းမှာ ကျန်းမာရေး ဆေးစစ်တာကို အပြီးဆောင်ရွက်ရမှာ ဖြစ်တယ်”ဟု Mr. Noppadon Ployoudee က ပြောကြားသည်။

ဖောင်ဖြည့်ခြင်းနှင့် ဆေးစစ်ခြင်း လုပ်ငန်းစဉ်များကို ရက် ၉၀ အတွင်း အပြီးအစီး ဆောင်ရွက်ရမည်ဟု သိရသည်။ ယင်း မတိုင်မီ ရှေးဦးစွာ ရွှေ့ ပြောင်းအလုပ်သမားများသည် မည်သည့်နိုင်ငံသား ဖြစ်ကြောင်း တင်ပြရမည်ဖြစ်သည်။

အလုပ်သမားလက်မှတ်သစ် ရရှိသူများသည် ယာယီ နိုင်ငံကူးလက်မှတ် ပြုလုပ်ရန် လျှောက်ထားနိုင်မည် ဖြစ်သည်။ ယင်း ယာယီ နိုင်ငံကူး လက်မှတ်သည် သုံးနှစ် သက်တမ်းရှိပြီး နေထိုင် အလုပ်လုပ်ခွင့် ဗီဇာ၂ နှစ် ရရှိမည်ဖြစ်သည်။

ဖူးကက်ဒေသတွင် မြန်မာ ရွှေ့ပြောင်းအလုပ်သမား၂ သိန်းကျော်ရှိကြောင်း ဖူကက်အာဏာပိုင်များ၏ ထုတ်ပြန်ချက်အရ သိရသည်။

ထိုင်း တနိုင်ငံလုံးတွင်မဟုတ်ဘဲ ဖူးကက် ဒေသ၌သာ ယခုကဲ့သို့ ရက်တိုးချဲ့ရခြင်းအကြောင်းတခုမှာ ယင်းဒေသများတွင် ရေ လုပ်သားများ ရှိသောကြောင့် ဖြစ်နိုင်ကြောင်း အလုပ်သမားများအရေး ကူညီဆောင်ရွက် ပေးနေသော မြန်မာနိုင်ငံ ဒီမိုကရေစီ ရရှိရေး ထိုင်း လှုပ်ရှားမှု ကော်မတီ(TACDB) မှ လက်ထောက် ဒါရိုက်တာ ဦးမြင့်ဝေက ဧရာဝတီသို့ ပြောသည်။

“ဖူးကက်မှာ ရက် ၉၀ သတ်မှတ်ရတာက အဲဒီမှာ ရေလုပ်သားတွေရှိတယ်။ ပင်လယ်ပြင်ကို ထွက်နေရတော့ ဒီ ရက် ၃၀ အတွင်း ရေလုပ်သား အားလုံး လက်မှတ်သစ်လုပ်ရာမှာ ပါဝင်ဖို့ မလွယ်ဘူး။ လှေ အ၀င်အထွက်က အမြဲတမ်းရှိနေတယ်လေ။ နောက်တခုက ဖူးကက် အလုပ်သမား ခန့်ထားရေးမှာ သိန်းနဲ့ချီ ရှိနေတဲ့ အလုပ်သမားတွေကို တလ အတွင်း လုပ်ငန်းစဉ် ပြီးပြတ်အောင် ဆောင်ရွက်ဖို့ လူအင်အား မရှိလို့။ မလွယ်လို့လည်း ဖြစ်နိုင်ပါတယ်”ဟု သူက ဆိုသည်။

ဖူးကက်ကဲ့သို့ပင် အခြားသော ခရိုင်များတွင်လည်း မိမိတို့ခရိုင်အလိုက် လုပ်ငန်းဆောင်ရွက်နိုင်မှု အခြေအနေပေါ်မူတည်ပြီး ရက်တိုးချဲ့မှုများရှိနိုင်ကြောင်း၊ သို့သော် ဘန်ကောက်မြို့တွင်မူ ရက် ၃၀ အတွင်း အပြီးသတ်ပြုလုပ်မည်ဟု ထုတ်ပြန် ကြေ ညာကြောင်း ၎င်းက ဖြည့်စွက် ပြောဆိုသည်။

ဖူးကက်ဒေသရှိ မြန်မာ ရွှေ့ ပြောင်း အလုပ်သမားများသည် ဆောက်လုပ်ရေး၊ ဟိုတယ်လုပ်ငန်းနှင့် ရေလုပ်ငန်းများတွင် အဓိက လုပ်ကိုင်နေကြခြင်းဖြစ်သည်။

ယင်းသို့ အလုပ်သမားမှတ်ပုံတင်အသစ် ပြုလုပ်ရန် ရက်တိုးချဲ့သတ်မှတ်ပေးခြင်းမှာ အလုပ်သမား အများစုအတွက် ၀မ်းသာ စရာဖြစ်ကြောင်း ဖူးကက်မြို့မှ ကိုအတ က ပြောသည်။

“အရင်တခေါက် လက်မှတ်လုပ်ပေးတုန်းကတော့ ရေလုပ်သားတွေအတွက် ဆိုပြီး ရက်၂၀ တိုးပေးတာ ရှိခဲ့ဖူးတယ်။ အခုက ၂လလောက်တောင် တိုးချဲ့ပေးတာဆိုတော့ ကျနော့်အမြင်အရ အင်မတန်ကောင်းပါတယ်။ မပြေလည်တဲ့သူတွေလည်း အတင်းအကျပ်ကြီး ငွေချေးရ ငှားရတာတွေ မဖြစ်တော့ဘူးပေါ့။ ဒီသတင်းကတော့ အလုပ်သမားတွေအတွက် ၀မ်းသာစရာသတင်း ကောင်း တခုပါ”ဟု ကိုအတက ဆိုသည်။

ထိုင်းနိုင်ငံအတွင်းတွင် ၀င်ရောက်အလုပ်လုပ်နေကြသော ရွှေ့ ပြောင်းမြန်မာ အလုပ်သမားများမှာ၂ သန်းခွဲမှ ၄ သန်း အတွင်း ရှိကြောင်း အလုပ်သမားအရေး ဆောင်ရွက်သူများက ခန့်မှန်းပြောဆိုကြသည်။

ဧရာဝတီသတင်းဌာနမှ ကူးယူဖော်ပြပါသည်။