မင်္ဂလာပါ ... ကြွရောက်လာကြသော မိတ်သင်္ဂဟအပေါင်းတို့ကို "မြန်မာအလုပ်သမားများကွန်ယက်" ဆိုဒ်မှ နွေးထွေးစွာဖြင့် ကြိုဆိုပါတယ်ခင်ဗျာ....

ကမ္ဘာ့ အလုပ်သမားလှုပ်ရှားမှု (အပိုင်း၂)

ဥရောပတိုက် အရင်းရှင်စနစ် ခေတ်ထလာမှု

၁၄ ရာစုနှစ်နှင့် ၁၅ ရာစုနှစ်က ဥရောပတိုက်.သမိုင်းရုပ်ပုံကားချပ်ကို ကြည့်လျှင် ထုတ် လုပ်ရေးအတတ်ပညာ တိုးတက်မြင့်မားလာမှု၊ ကုန်စည်ထုတ်လုပ်ရေး မြင့်မားလာမှုနှင့် ပြည်ပရောင်း ဝယ်ဖောက်ကားရေး ထွန်းကားလာမှုတို့ကို တွေ့မြင်ရ လိမ့်မည်၊

၎င်းဖြစ်ထွန်းမှုများသည် အီတလီ၊ ပြင်သစ်၊ ဂျာမနီ တိုင်းပြည်များ၏ မြို့တချို့တွင် စတင်ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်၊ အထူးသဖြင့် ပင်လယ်ဆိပ်ကမ်းမြို့တွေမှာပါ၊

၎င်းနေရာများတွင် အရင်းရှင်စနစ်ခေတ်ဦးကာလမှသည် အရင်းရှင်စနစ်ခေတ် ကောင်း ဆီသို့ တစတစ တက်လှမ်းလာနေသော ဖြစ်စဉ်ကို တွေ့ရှိရသည်၊ အရင်းရှင်စနစ် ဖြစ်ထွန်း လာမှု တွင် အကြမ်းအားဖြင့် အခြေခံအချက်(၂) ချက်ရှိသည်၊


(၁) လူနည်းစု ဓနရှင်များ.လက်တွင်းသို့ အရင်းအနှီးများ စုပုံရောက်ရှိလာခြင်း၊


(၂) ပစ္စည်းမဲ့များ တိုးပွားကြီးထွားလာခြင်း၊


ထိုခေတ်ကာလက ဥရောပတိုက်.သမိုင်းဖြစ်စဉ်များကို လေ့လာကြည့်လျှင် အထက်ပါ အချက် ၂ ချက်၏ ဘောင် အတွင်း အကျုံးဝင်နေသည်ကို တွေ့ရသည်။

၁၄၇၅ ခုနှစ်တွင် ရိုင်ဖယ်သေနတ်ကို စတင်တီထွင် ထုတ်လုပ်နိုင်ခဲ့ကြသည်၊ ဤအချက် သည်လည်း ဥရောပတိုက်သားများအနေဖြင့် နယ်မြေသစ်တိုးချဲ့ဝင်ရောက်ရန်။ ဈေးကွက်သစ်ရှာ ဖွေရန် နှင့် ကိုလိုနီနယ်ပယ်များ လုယက်ရန်တို့အတွက် အခွင့်သာမှု ဖြစ်စေခဲ့ပြန်သည်။

(၁) လူနည်းစု ဓနရှင်များ.လက်တွင်းသို့ အရင်းအနှီးများ စုပုံရောက်ရှိလာခြင်း၊

ဓနရှင်လူတန်းစားဖြစ်တည်ရေးတွင်လည်း လိုအပ်သည့် အခြေခံအချက် ၂ ချက်ရှိသည်။ ထုတ်လုပ်ရေးပရိဘောဂများ ထူထောင်ခြင်းနှင့် ဖလှယ်ရေးနည်းလမ်းများ ရှာဖွေခြင်းတို့ ဖြစ်သည်။


ဓနရှင်လူတန်းစားသည် ထုတ်လုပ်ရေးကိရိယာကို အဆက်မပြတ် တော်လှန်ပြောင်းလဲ နေရလေသည်။ တချိန်တည်းတွင် ထုတ်လုပ်ရေးဆက်ဆံမှုကိုလည်း အဆက်မပြတ် တော်လှန်ပြောင်းလဲ နေရပြန်သည်၊ ထိုသို့ မလုပ်လျှင် သူ မတည်တံ့နိုင်ပါ။


ပဒေသရာဇ်ခေတ် လက်မှုတပိုင်း စက်မှုလုပ်ငန်းကို ခေတ်သစ်စက်မှုလုပ်ငန်းက အစား ထိုး ဖယ်ရှားပစ်ခဲ့ရသည်၊ လက်မှုပညာသည်လေးများ. အလုပ်ရုံတွေကို စက်မှုအရင်းရှင်တွေ. စက်ရုံကြီး တွေအဖြစ် ပြောင်းပစ်ခဲ့ရသည်။


၎င်းနောက်တွင် သူ(အရင်းရှင်) သည် စက်မှုလုပ်ငန်းအထွက်ပစ္စည်းကို ရောင်းချဖို့ (ဖ လှယ်ဖို့) အတွက် ဈေးကွက်ကို အဆက်မပြတ်တိုးချဲ့ရန်လည်း လိုအပ်လာသည်။ ထို့ကြောင့် ဓနရှင်လူတန်းစားတို့ ကမ္ဘာအနှံ့ ခြေဆန့် ပြေးလွှာားကြရခြင်း ဖြစ်သည်။ ဤသို့ဖြင့် ကမ္ဘာအနှံ့ ခြေ ဆန့်ရခြင်းတွင် နောက်ထပ် အကြောင်းအချက်များလည်း ရှိသေးသည်။ သူ့စက်ရုံများတွင် ပြည်တွင်း ကထွက်ရှိသော ကုန်ကြမ်းများကို သုံးစွဲရုံနှင့် လုံလောက်မှု မရှိတော့၊ အဝေးဆုံးနယ်ပယ်မှ သယ်ဆောင် လာရသော ကုန်ကြမ်းများကို သုံးစွဲရသည့် အခြေအနေသို့ ဆိုက်ရောက်လာသည်။ သူ ထုတ်လုပ် လိုက်သော အထွက်ပစ္စည်းများကိုလည်း မိမိ ပြည်တွင်းမှာ သာမက ကမ္ဘာအနှံအပြားက သုံးစွဲလာ ကြအောင် ပို့ဆောင်ဖြန့်ချိတာလည်း လုပ်လာရသည်။ ဤသို့ဖြင့် ဓနရှင်လူတန်းစားသည် ဖလှယ်ရေး နည်းလမ်းသစ်များ ရှာဖွေလာရသည်။

ကုန်စည်ရောင်းဝယ်ရေး(ဖလှယ်ရေး) နည်းလမ်းများ တိုးပွားများပြားလာသည်နှင့်အမျှ ထုတ်လုပ်ရေးပရိဘောဂ ထူထောင်မှုသည်လည်း ပိုမို ကြီးမားလာသည်။ သည့်နောက်တွင် အသေးစား ထုတ်လုပ်ရေးကလေးများမှာ မောင်းထုတ်ခံလိုက်ရသကဲ့သို့ ဘေးသို့ လွင့်ထွက်သွားသည်။ အရင်းရှင်ပိုင် စက်မှုလုပ်ငန်းက ရောင်းဝယ်ဖလှယ်ရေးလုပ်ငန်းများတွင် အချက်အချာ ဖြစ်လာ ပြီး ဤနည်းဖြင့် လူနည်း စု ဓနရှင်လူတန်းစား.လက်တွင်းသို့ အရင်းအနှီးများ စုပြုံရောက်ရှိလာသည်။


ကိုလိုနီနယ်မြေများ လုယက်ခြင်း။ ကိုလိုနီနိုင်ငံများနှင့် ကုန်စည်ဖလှယ်ခြင်းတို့သည် လည်း အရင်းအနှီး ပိုမိုတိုးများလာစေသော အကြောင်းအချက်တခု ဖြစ်သည်၊ ဤအချက်က ပြည် ပရောင်းဝယ်မှု ထွန်းကားလာစေသည်၊ အကြီးမားဆုံး အမြတ်အစွန်း ရရှိစေသော အကြောင်းရင်းလည်း ဖြစ်သည်၊။


၁၁ ရာစုတုန်းက ဘာသာရေးအတွက် တိုက်ခိုက်ခဲ့ရသော ခရူးးဆိတ်စစ်ပွဲကြောင့် ဥရော ပတိုက်နှင့် အရှေ့တိုင်းနိုင်ငံများ. ဆက်သွယ်မှု ပိုမိုများပြားလာခဲ့သည်။ ခရူးဆိတ်စစ်ပွဲဆိုသည်မှာ အာရှ မိုင်းနားနှင့် ဘိုင်ဇန်တိုင်နိုင်ငံတို့ကို ပြန်လည်သိမ်းပိုက်ပြီး တူရကီလက်ထဲမှ အထွတ်အမြတ်နယ်မြေ (Holy Land) ကို သိမ်းပိုက်အောင်နိုင်ဖို့အတွက် ဥရောပတိုက်.အာဏာာပိုင် ပုပ်ရဟန်းမင်းကြီး ဒုတိယမြောက်အာဗင် (Urban) က ၁ဝ၉၅ ခုနှစ်မှာ စစ်သားစုဆောင်းကာ စတင်တိုက်ခိုက်လာခဲ့တဲ့ စစ်ပွဲပါ၊ ရဟန်းမင်းအဆက်ဆက် ဘုရင်အဆက်ဆက် တိုက်ခိုက်ခဲ့သော စစ်ပွဲ ဖြစ်သည်။ ၁၂ဝ၃ ခုနှစ်တွင် စတုတ္ထခရူးဆိတ်တပ်မတော်က ကွန်စတန်တီနိုပယ်မြို့ကို သိမ်းပိုက်ရရှိလိုက်သည်၊ ယင်း နောက် ဗင်းနစ်ရေတပ်သည် အရှေ့နိုင်ငံများသို့ ဇိမ်ခံပစ္စည်းအသုံးအဆောင်များ ရောင်းဝယ်ဖောက်ကား မှု လုပ်လာသည်။ မာကိုပိုလို လက်ထက် ၁၂၅၄ မှ ၁၃၂၄ ခုနှစ်အထိ အရှေ့အနောက် ပင်လယ် ရေကြောင်း ခရီး စတင်လမ်းပွင့်ကာ ကူးသန်းသွားလာနိုင်ခဲ့ကြသည်။


၁၄၉၈ ခုနှစ်က စတင်ပြီး ဥရောပတိုက်သားများသည် ဂွတ်ဟုတ်အငူ ( Cape of Good Hope) ကို ကွေ့ပတ်ကာ အရှေ့တိုင်းသို့ ပိုမိုခရီးတိုအောင် သွားနိုင်သော လမ်းခရီးကို စတင် တွေ့ရှိခဲ့ကြသည်။ ၄င်းသည်လည်း အရင်းရှင်စနစ်အတွက် ဈေး ကွက်တိုးချဲ့ဖို့အတွက်လည်းကောင်း၊ ကိုလိုနီနယ်သစ်ရှာပြီး လုယက်ဖို့အတွက်လည်းကောင်း၊ ၄င်းအပြင်ဤနည်းဖြင့် အရင်းရှင်စနစ်ကို ကြီး ထွား စေဖို့အတွက်လည်းကောင်း အခွင့်ကောင်းတခု ဖြစ်လာခဲ့သည်။ ပေါ်တူဂီတို့သည် ၁၄၁၈ ခုနှစ် ကစပြီး အာဖရိကတိုက် အနောက်ဘက်ကမ်းခြေဒေသများသို့ သွားလာလှည့်ပတ်နေခဲ့ကြပါပြီ၊ သူတို့ ကိုလိုနီနယ်သစ် ရှာဖွေခဲ့ခြင်း ဖြစ်သည်။


ဤရည်ရွယ်ချက်ဖြင့် စပိန်နှင့် ပေါ်တူဂီတို့သည် ရေကြောင်းသိပကျောင်းများ ဖွင့်လှစ်ခဲ့ ကြသည်၊ ပေါ်တူဂီမှ မင်းသား ဟင်နရီ (Prince Henry) သည် ၁၄၂၁ ခုနှစ်မှသည် ၁၄၆ဝ ခုနှစ်အထိ အာဖရိကတိုက်အနောက်ဘက်ကမ်းခြေသို့ စူးစမ်းလေ့လာ ရေးအဖွဲ့များ နှစ်စဉ်စေ လွှတ်ခဲ့ သည်။


၁၄၇၅ ခုနှစ်တွင် ရိုင်ဖယ်သေနတ်ကို စတင်တီထွင် ထုတ်လုပ်နိုင်ခဲ့ကြသည်၊ ဤအချက် သည်လည်း ဥရောပတိုက်သားများအနေဖြင့် နယ်မြေသစ်တိုးချဲ့ဝင်ရောက်ရန်။ ဈေးကွက်သစ်ရှာ ဖွေရန် နှင့် ကိုလိုနီနယ်ပယ်များ လုယက်ရန်တို့အတွက် အခွင့်သာမှု ဖြစ်စေခဲ့ပြန်သည်။


၁၄၉၇ ခုနှစ်တွင် ဗာစကို ဒဂါးမား (Vasco da Gama) က ဂွတ်ဟုတ်အငူကို ကွေ့ပတ်ပြီး အိန္ဒိယပြည်သို့ စတင် ရောက်ရှိသွားနိုင်ခဲ့သည်။ ၁၅၂၁ တွင် စပိန်ဘုရင်၏ စေလွှတ်ချက်အရ မက်ဂျယ် လန် (Magillan) သည် အတ္တလန္တိတ်နှင့် ပစိဖိတ် သမုဒ္ဒရာကို ကျော်ဖြတ်သည့် လမ်းကြောင်းမှတဆင့် အရှေ့အိန္ဒိယက္မန်းစုသို့ ရောက်ရှိသွားခဲ့ပြန်သည်။


ထိုအချိန်က ဥရောပတိုက်သည် အမျိုးသားဘုရင်စနစ် (National Monarchy) ထွန်းကားနေသည့် အချိန်ပါ။ ဘူး (Bourg) မြို့တွေမှာ ဓနရှင်လူတန်းစား၏ တစိတ်တပိုင်း ဖြစ်တည်လာခြင်းက ဘုရင်၏သြဇာအာဏာ ကြီးထွားရေးကို အထောက် အကူပြုပေးခဲ့သည်။


ဥရောပတိုက်တွင် ယခင်က ပဒေသရာဇ်နယ်စားပယ်စားတွေက ဘုရင်ထက် ပိုမို သြဇာ အာဏာ လွှမ်းမိုးထားနိုင်သော အနေအထားမှာ ရှိခဲ့သည်။ သို့အတွက် ဘုရင်နှင့် နယ်စားပယ်စားတွေ အကြား အကျိုးစီးပွားအရနှင့် အုပ်ချုပ်ရေးအရ ထိပ် တိုက် ပဋ္ဋိပက္ခ ဖြစ်ခဲ့ကြသည်။ ယင်းအခြေအနေတွင် ဘုရင်သည် ဓနရှင်လူတန်းစားသစ်၏ လူအားရော ငွေကြေး ထောက်ပံ့မှုအားကိုပါ အသုံးပြုပြီး မြေရှင်ပဒေသရာဇ်လူတန်းစားတို၏ လွှမ်းမိုးချုပ်ကိုင်မှုတို့ကို တွန်းလှန်ဖယ်ရှားနိုင်ခဲ့ခြင်း ဖြစ်သည်။ ဤသို့ ဖြင့် ဘုရင်၏ သြဇာအာဏာ ကြီးထွားလာပြီး အင်္ဂလန်၊ ပြင်သစ်၊ စပိန်စသော နိုင်ငံတို့တွင် အမျိုးသား ဘုရင်စနစ် စတင် ထွန်းကားလာသည်။


အရှေ့တိုင်းသို့သွားသော ရေကြောင်းခရီး လမ်းပွင့်သွားသည့်အခါ.... ဥရောပတိုက်သား များသည် ယခင်က အိန္ဒိယ သမုဒ္ဒရာတလွှား ကူးသန်းရောင်းဝယ်ရေးကို ချုပ်ကိုင်ခဲ့ကြသော အာရပ်နှင့် အရှေ့အိန္ဒိယသားတို့ကို ဖိနှိမ်ဖယ်ရှားပြီး အရှေ့တိုင်း ဆိုင်ရာ ကူးသန်းရောင်းဝယ်ရေးလုပ်ငန်းကို လု ယက်ခဲ့ကြသည်။ ဤဖြစ်စဉ်မှာ လွယ်ကူချောမွေ့စွာ ဖြစ်လာခဲ့သည်တော့ မဟုတ်ပါ။ အာရပ်ရေတပ်ကို တိုက်ပွဲများတိုက်ပြီး ဖျက်ဆီးအနိုင်ယူခဲ့ရခြင်း ဖြစ်ပါသည်။


ပေါ်တူဂီတို့သည် အိန္ဒိယ အနောက်ဘက်ကမ်းခြေမှ ဂိုအာ (ွသေ) မြို့မှာ အခြေစိုက်ပြီး အိန္ဒိယသမုဒ္ဒရာ အနောက်ခြမ်း ကို လွှမ်းမိုးချုပ်ကိုင်ခဲ့ကြသည်၊ ဟင်းခတ်အမွှေးအကြိုင် ကူးသန်းရောင်း ဝယ်ရေးလုပ်ငန်းကို လက်ဝါးကြီးအုပ်ရေး ရည်ရွယ်ပြီး ၁၅၁၁ ခုနှစ်တွင် မလက့ာ(ြေူခေခေ) ကို သိမ်းယူခဲ့ကြသည်၊ ထို့ကြောင့် စူလတန်နှင့် ပေါ်တူဂီတို့သည် ၁၅၂၆ ခုနှစ်အထိ တိုက်ပွဲများ တိုက်လာ ခဲ့ကြရသည်။


ပေါ်တူဂီတို့သည် ၁၅၁၄ ခုနှစ်တွင် တရုတ်နိုင်ငံတောင်ဘက်ကမ်းခြေသို့ စတင်ရောက်ရှိ လာကြသည်၊ သို့ရာတွင် တရုတ်တို့က ပေါ်တူဂီတို့အကြောင်းကို သိထားပြီးသား။ ထို့ကြောင့် တရုတ်က ပေါ်တူဂီတို့ကို လက်မခံခဲ့ကြ။ ဤသို့ဖြစ်သည့်တိုင် ပေါ်တူဂီတို့သည် ၁၅၅၇ ခုနှစ်တွင် တရုတ်နိုင်ငံ တောင်ပိုင်းရှိ မကာအို(ခြေသေ) ကို အခြေစိုက်နေထိုင်ခွင့်ရအောင် ကြိုးပမ်းနိုင်ခဲ့ကြသည်။


ဤအခြေအနေများနှင့်စပ်လျဉ်း၍ ကားလ်မာ့က်စ်က “ဓနရှင်လူတန်းစားရဲ့ ဈေးပေါတဲ့ ကုန်စည်တွေဟာ တရုတ် တံတိုင်းကြီးတွေအားလုံးကို ဖြိုခွဲဖျက်ဆီးပစ်လိုက်တဲ့ အမြောက်ကြီးတွေ ဖြစ်ခဲ့ ကြတယ်” ဟု မှတ်ချက်ချခဲ့သည်၊


ပေါ်တူဂီတို့သည် ဂျပန်နှင့်လည်း ကူးသန်းရောင်းဝယ်ရေး လုပ်ခဲ့ကြသည်၊


ပေါ်တူဂီတို့သည် မြန်မာပြည်ကိုပင်လျှင် အလွတ်မပေးခဲ့ပါ၊ ပေါ်တူဂီ ဒီဘရစ်တို ( de Brito) သည် ၁၅၉၉ ခုတွင် သံလျှင်ကို သိမ်းပိုက်ခဲ့သည်၊ သို့သော်လည်း ၁၆၁၃ ခုနှစ်တွင် အနောက်ဘက်လွန်မင်းက သံလျှင်ကို ပြန်လည်သိမ်းယူပြီး ဒီဘရစ် တိုကို ကွပ်မျက်ပစ်ခဲ့သည်။


ဥရောပတိုက်သားများ အရှေ့တိုင်းသို့သွားရောက်ပြီး ကူးသန်းရောင်းဝယ်ရေး လုပ်ကြ သည့် အခါ ဤလုပ်ငန်းသည် ကုန်သည်တဦးချင်း၏ ဓနအင်အားနှင့် မစွမ်းဆောင်နိုင်တော့သည့် မနိုင်ဝန် ဖြစ်လာခဲ့သည်။ ထို့ကြောင့် စုပေါင်းအရင်းအနှီးနှင့် ကုမ္ပဏီများ စတင်ထူထောင်လာကြရတော့သည်။


၁၂ ရာစုကတည်းက ဥရောပမြို့ကြီးများတွင် ကုန်သည်ကြီးများအသင်း ဆိုတာမျိုး ရှိနေခဲ့ပြီ။ ၁၂ ရာစုမှသည် ၁၅ ရာစုအတွင်း အီတလီပြည်ကို ဗဟိုပြုပြီး ဘဏ်စနစ် ဖွံ့ဖြိုးလာခဲ့သည်။ ဤအချက်က ကိုလိုနီဈေးကွက်သစ်ဆိုင်ရာ ကူးသန်းရောင်းဝယ်ရေးကို များစွာ အထောက်အကူ ပြုပေးခဲ့သည်။ ဤနည်းဖြင့် အင်္ဂလိပ် အရှေ့အိန္ဒိယ ကုမ္ပဏီ၊ ဒတ်ခ်ျ အရှေ့အိန္ဒိယ ကုမ်ပဏီနှင့် ပြင် သစ် အရှေ့အိန္ဒိယ ကုမ္ပဏီ.....စသည်တို့ ပေါ်လာခဲ့ကြသည်။


ဤသိုဏ္ဍသော ကူးသန်းရောင်းဝယ်ရေးလုပ်ငန်းများကို သက်ဆိုင်ရာနိုင်ငံ၏ ဘုရင်များက အပြိုင် အဆိုင် အားပေးအား မြှောက် ပြုခဲ့ကြသည်။ ချုပ်ကြည့်လျှင် အရှေ့တိုင်းဆိုင်ရာ ကုန်သွယ်မှု၊ လုယက်မှု၊ သွေးစုပ်မှုတို့မှ ရရှိလာသော အမြတ်အစွန်းများသည် ဥရောပတိုက် အရင်းရှင်စနစ် ကြီးထွားဖွံ့ဖြိုးရေး အတွက် အထောက်အကူ ဖြစ်စေခဲ့သည်။ အထောက်အကူပြုပေးသည့် အတိုင်းအတာ ပမာဏ သည် လည်း ကြီးမားသည်ဟု ဆိုနိုင်သည်၊ ဥပမာ --- ၁၇၆ဝ ခုနှစ်က အင်္ဂလန်.ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း ပေါင်ငွေ ၆-သန်း။ ၇ သန်း သာ ရှိနေသေးသည့်အချိန်တွင် အိန္ဒိယပြည်မှ အင်္ဂလန်သို့ “ပဏ္ဏာ”အဖြစ် ဆက်သရသည့် အခွန်တော် ငွေသည်ပင်လျှင် တနှစ်လျှင် ပေါင် ၂-သန်း အရေအတွက် ရှိခဲ့သည်။


ဥရောပ ဓနရှင်လူတန်းစား၏ တခြားသော ကူးသန်းရောင်းဝယ်ရေးလုပ်ငန်းတခုမှာ “ကျွန်ကုန်ကူးခြင်း” ဖြစ်သည်၊ ဥရောပတိုက်သားတို့သည် အမေရိကတိုက်တွင် ကိုလိုနီထူထောင်ပြီး သီးနှံများ စိုက်ပျိုးလာကြသည့်အခါ လုပ်အား မလုံလောက်မှု ဖြစ်ခဲ့သည်၊ ထို့ကြောင့် အာဖရိကတိုက် အနောက်ဘက်ကမ်းခြေမှ တိုင်းရင်းသားတို့ကို အမေရိကသို့ ကျွန်အဖြစ် တင်ပို့ရောင်း ချကြသည်။ ဥ ရောပတိုက်သားတို့ အမေရိကတိုက်ကို တွေ့ရှိလိုက်ခြင်းသည် ရွှေကြောကြီး တွေ့ရှိလိုက်သည့်နှယ် ဖြစ်ခဲ့ ရသည်။ (တကယ့်ရွှေများကိုလည်း ရရှိခဲ့ကြပါသေးသည်။) သို့ရာတွင် တခြားသော လူ့အဖွဲ့အစည်း တခုမှာကား နာလန်ပြန်မထူနိုင်တော့သည်အထိ ဖျက်ဆီးပစ်ခြင်း ခံခဲ့ရသည်။ (အမေရိကတိုက်မှ ဒေသခံ တိုင်းရင်းသားများပါ။) တခြားသော လူ့ အဖွဲ့အစည်းတခုသည်လည်း ကျွန်ပြုခံလိုက်ရသည်။ (အာဖရိက တိုက်မှ ဒေသခံတိုင်းရင်းသားများပါ။)


အမေရိကတိုက်(ကမ္ဘာသစ်) ကို ၁၄၉၂ ခုနှစ်မှာ ကိုလံဘတ်(Columbus)ွ က စပိန်နယ်သစ်ရှာဖွေသူများနှင့်အတူ ရောက်ရှိသွားခဲ့ကြပြီး ကမ္ဘာသစ်ကို သိမ်းပိုက်နိုင်အောင် ကြိုးပမ်း ခဲ့ကြသည်၊(၁၄၅၁ ခုနှစ်မှသည် ၁၅၂၆ ခုအတွင်းဟု အကြမ်းအားဖြင့် သတ်မှတ်နိုင်သည်။ အမေရိက တိုက်သို့ ရှေးဦးရောက်ရှိသွားခဲ့သူ အမေရိဂို ဗက်စ်ပုချီ (Amerigo Vespucci)ွ က သူ ရောက်ရှိသွားခဲ့သော ကမ္ဘာသစ်အကြောင်း စာဖြင့် ရေးသားဖြန့်ချိခြင်း ပြုလုပ်ခဲ့သည်။ သူ့ကို အစွဲပြုပြီး ယင်းကမ္ဘာသစ်ကို ‘အမေရိက’ လို့ အမည်ပေးခဲ့တာပါ၊


(၁၅၁၉-၂၁) ခုနှစ်များတွင် စပိန်စွန့်စားသူ (Corte’s) က မက္ကဆီကိုအား သိမ်းပိုက်ခဲ့ သည်။ ပီဇာရို (Pizarro) က (၁၅၃၁-၃၅) ခုနှစ်များတွင် ပီရူးကို သိမ်းပိုက်သည်။ ယင်းဒေသများကို ဗဟိုပြုပြီး ရေကြောင်းနှင့်ကုန်းကြောင်းတို့မှ ချီတက်ပြီး တောင်အမေရိကတလွှား နယ်မြေ အများအပြား ကို ထပ်မံ သိမ်းယူခဲ့ကြပြန်သည်။ ၁၆ ရာစုသို့ ရောက်ရှိသည့်အခါတွင် (ဘရာဇီးလ်ကို ပေါ်တူဂီတို့ သိမ်း ပိုက်ထားခြင်းမှအပ) လက်တင်အမေရိကတခုလုံးကို စပိန်တို့ သိမ်းပိုက်ပြီး ဖြစ်သွားသည်။


(ရင်းမြစ်ကျကျ လေ့လာလျှင် အလွန်အဆင့်အတန်းမြင့်မားခဲ့ကြောင်း သိရှိလာရသော) အင်ဒီးယန်းယဉ်ကျေးမှုသည် ခရစ်ယာန်ယဉ်ကျေးမှုသစ်အောက်တွင် တနည်းပြောရလျှင် လူဖြူနှင့် စပိန် ကပြားတို့၏ ဓနရှင်ယဉ်ကျေးမှုသစ်အောက်တွင် တိမ်ကောပပျောက်သွားသည့်အဖြစ်သို့ ဆိုက် ရောက်ခဲ့ ရသည်။


၁၅၄၁ ခုနှစ်တဝိုက်က အင်ဒီးယန်းတို့ကို စပိန်တို့က သတ်ဖြတ်ချေမှုန်းခဲ့သည်မှာ အရေအတွက် ၁၂ သန်းမှ ၁၅ သန်းအထိ ရှိခဲ့သည်၊ သူတို့သည် ၁၅၂၁ ခုနှစ်မှ ၁၅၆ဝ ခုနှစ်အထိ ကမ္ဘာသစ်မှ ရွှေ ၁၅၇,ဝဝဝ ကီလို။ ရွှေဖြူ ၄,၆၇ဝ,ဝဝဝ ကီလို ရရှိသွားခဲ့ကြသည်။


ကိုလံဘတ် ပထမဦးဆုံး စတင်ခြေချခဲ့ရာ နေရာဖြစ်သော ‘မောတီ’ မှာ ဒေသခံ ဟာရာဝက် အင်ဒီးယန်းလူမျိုး သန်းဝက်လောက်သည် မျိုးဆက် ၂ ဆက်အတွင်း မျိုးပြုတ်အောင် အသတ်ခံခဲ့ကြရသည်၊ မက္ကဆီကိုတွင် ၁၅၂ဝ ခုနှစ်က အင်ဒိးယန်းလူဦးရေ သန်း၂ဝ ရှိခဲ့ရာက ၁၆ဝ၇ ခုနှစ်တွင် ၂ သန်းလောက်သာ ကျန်တော့သည့်အခြေ ဆိုက်ရောက်သွားခဲ့ရသည်၊


ထို့ကြောင့် ကားလ်မာ့က်စ်က “ဥရောပတိုက်တွင် အခစားအလုပ်သမားများကို ဇာပ ဝါပါးဖုံးပြီး ကျွန်ပြုခဲ့သည်၊ ကမ္ဘာသစ်က ကျွန်ပြုခြင်းတွင်မူ ကျွန်ပြုမှုကို အောက်ခြေပဏ္ဏက်စိုက်ပြီး ဗြောင် ကျကျ ပြုလုပ်ခဲ့ကြလေသည်” ဟု ဝေဖန်ခဲ့ခြင်း ဖြစ်သည်။ ဒေသခံတိုင်းရင်းသားများ နေထိုင်ခဲ့သော နေရာဒေသများတွင် ဒေသခံများအစား ကျွန်တို့ဖြင့် အစားထိုးခဲ့ခြင်း ဖြစ်သည်၊


အာဖရိကတိုက်သားများအား ကျွန်အဖြစ် ကုန်ကူးခြင်းနှင့် စပ်လျဉ်းသော စာရင်းဇယား များကို လေ့လာကြည့်ရှုမည် ဆိုပါက....


အမေရိကတိုက်သို့ ကျွန်အဖြစ် အပို့ခံကြရသော အာဖရိကတိုက်သား များအရေအတွက် သည်....


၁၆ ရာစုနှစ်တွင် ၉ဝဝ,ဝဝဝ။


၁၇ ရာစုနှစ်တွင် ၂,၇၅ဝ,ဝဝဝ။


၁၈ ရာစုနှစ်တွင် ၇,ဝဝဝ,ဝဝဝ။


အနှစ် ၄ဝဝ အတွင်း အာဖရိကတိုက်သား သန်း ၁ဝဝ ခန့် ကျွန်ပြုခံရသည့် အဖြစ် အောက်တွင် နည်းမျိုးစုံဖြင့် သေကြေသွားခဲ့ရသည်။ ၄င်းအပြင် ၁၅ ရာစုအနှောင်းပိုင်းမှသည် ၁၆ ရာစု အနှောင်းပိုင်းကာလအတွင်း ပေါ်တူဂီတို့သည် အာဖရိ ကတိုက်မှနေ၍ ရွှေ ၂၇ဝ,ဝဝဝ ကီလိုဂရမ်ကို ရယူသွားနိုင်ခဲ့ကြသည်။


အာဖရိကတိုက်မှနေ၍ နီဂရိုးများကို ကျွန်များအဖြစ် အတ္တလန္တိတ် သမုဒ္ဒရာကို ကျော်ဖြတ် ပြီး သယ်ဆောင်လာရာတွင် လမ်းခရီးမှာပင် နီဂရိုး ကိုးသန်းခန့် သေဆုံးသွားခဲ့ကြသည်။ ၁၅ သန်း လောက်သာ အသက်ရှင် ပါလာခဲ့သည်ဟု ဆိုသည်။ ၄င်းကျွန်များ. တဝက်လောက်သော အရေ အတွက ကို ဗြိတိသျှသင်္ဘောတွေနှင့် သယ်ဆောင်ခဲ့ကြတာပါ၊ ဗြိတိသျှဓနရှင်တို့၏ လုပ်ငန်းကြီးများ ဖြစ်ထွန်း ကြီးပွားလာခြင်း၏ ပထမဆုံးအကြောင်းရင်းမှာ ဤအချက်ပင် ဖြစ်သည်။


ထို့ကြောင့် ဆိုရိုးစကားတခု ရှိခဲ့ဖူးသည်။


“ဗြိတိသျှတို့၏ နယ်မြေအုတ်ရိုးတံတိုင်းများကို နီဂရိုးအမျိုးသားတို့၏ သွေးများဖြင့် အင်္ဂ တေကိုင်ပြီး တည်ဆောက် လာခဲ့ခြင်း ဖြစ်သည်”တဲ့။


ဤသို့ဆိုလျှင် ဥရောပတိုက်၏ အရင်းရှင်စနစ် ခေတ်ထလာမှုကို မည်သို့ ကြည့်မြင်သုံး သပ်သင့်ပါသနည်း၊


ဥရောပတိုက် ဓနရှင်လူနည်းစုလက်တွင်း စုပြုံရောက်ရှိသွားသော အရင်းအနှီးများ ဆို သည်မှာ.... အမေရိကတိုက်မှ အင်ဒီးယန်းအမျိုးသားများနှင့် အာဖရိကတိုက်မှ နီဂရိုးးများ၊ တိုင်းရင်း သားများတို့၏ သွေးတုံးသွေးခဲများပင် ဖြစ်သည်။ ကိုလိုနီအဖြစ် ကျွန်ပြုခြင်းခံရသည့် အရှေ့တိုင်းသားများ ၏ သွေးတုံးသွေးခဲများလည်း ဖြစ်သည်။ ၄င်းအပြင် ဥရောပတိုက်မှာပဲ ပင်တိုင် အဆက်မပြတ် သွေး စုပ်ခံခဲ့ကြရသည့် ဥရောပတိုက်သားတို့၏ သွေးတုံးသွေးခဲများလည်း ကြီးမားသော အတိုင်းအတာဖြင့် ပါ ဝင်သည်၊


ဥရောပတိုက်၏ အရင်းရှင်စနစ်ကို ဤလူသားတို့၏ သွေးရည်သွေးခဲများဖြင့် တည် ဆောက် ခဲ့ကြတာပါ၊

၂၊ ပစ္စည်းမဲ့လူတန်းစား ကြီးထွားဖွံ့ဖြိုးလာခြင်း


ဥရောပအရင်းရှင်စနစ် ခေတ်ထပြီး ဖွံ့ဖြိုးတိုးတက်လာသည့်အကြောင်းကို ဖော်ပြရာတွင် ပစ္စည်းမဲ့လူတန်းစား ကြီးထွားဖွံ့ဖြိုးလာပုံအကြောင်း မပါဘဲ ပြည့်စုံနိုင်လိမ့်မည် မဟုတ်ပေ၊


အရင်းရှင်စနစ်သည် ပစ္စည်းမဲ့လူတန်းစားအပေါ် သွေးစုပ်ဖိနှိပ်မှုနှင့်အတူ ကြီးထွားလာ သည်ဟူသော သုံးသပ်ချက်သည် အခြေခံကျသော အချက်ပင် ဖြစ်၏။ ဓနရှင်လူတန်းစားသည် အနာ ဂတ် သူ့သင်းချိုင်းကို တူးပေးမည့်သူ တနည်းအားဖြင့် သူ့ကို မြေမြုပ်သင်္ဂြိုဟ်မည့်သူကို သူကိုယ်တိုင် မွေးဖွားပေးခဲ့တာပါ။


ဓနရှင်လူတန်းစားဆိုသည်မှာ လူမှုထုတ်လုပ်ရေးပရိဘောဂများကို ပိုင်ဆိုင်ပြီး အခစား အလုပ်သမားများအား ခိုင်းစားနေသူ ခေတ်သစ်အရင်းရှင်လူတန်းစားကို ဆိုလိုသည်။


ပစ္စည်းမဲ့လူတန်းစားဆိုသည်မှာ မိမိကိုယ်ပိုင် ထုတ်လုပ်ရေးပရိဘောဂများ မရှိကြ သော ကြောင့် မိမိတို့အသက်ရှင် ရပ်တည်နိုင်ရေးအတွက် မိမိလုပ်အားကို မလွှဲမရှောင်သာ ရောင်းစားနေ ကြရသော ခေတ်သစ်အလုပ်သမားလူတန်းစားပင် ဖြစ်သည်၊


ဓနရှင်လူတန်းစားများ(တနည်းအားဖြင့်-အရင်းအနှီး) တိုးများလာသည့် အချိုးအစားနှင့် အညီ ပစ္စည်းမဲ့လူတန်းစား တိုးများလာခြင်း ဖြစ်သည်။ ဤအလုပ်သမားလူတန်းစားသည် အလုပ်ရှိမှ သာလျှင် အသက်ရှင်နေထိုင်နိုင်စွမ်း ရှိသည်၊ သူတို့၏ အလုပ်က အရင်းအနှီးကို တိုးပွားစေမှသာ သူတို့အလုပ်ရနိုင်သည်။ အလုပ်ဆက်လက်လုပ်ကိုင်နိုင်သည်။ အလုပ်သမား လူတန်းစားသည် မိမိကိုယ် မိမိ အလီလီ ရောင်းစားရသည်။ အခြားအရောင်းအဝယ် ပစ္စည်းများနည်းတူ အလုပ်သမားများသည် လည်း ကုန်စည် တမျိုးပါပဲ။ ထို့ကြောင့် အရင်းရှင်တို့၏ ပိုင်ဆိုင်မှုစနစ် ဖြစ်ပေါ်လာသည့် အပြောင်း အလဲအားလုံး၊ ဈေးကွက်၏ မတည်ငြိမ်မှုအားလုံး၊ အားလုံးသော အခြင်းအရာတွေ၏ ဂယက်ရိုက်မှုကို သူ ခံရသည်။ အရင်းရှင်တွေခံရသည့်နည်းတူ အလုပ်သမားလည်း ခံရသည်။ ဓမ္မတာအတိုင်းပင် အလုပ် သမားများမှာ အလုပ်ရှိမှ အသက်ရှင်ရသူဖြစ်သောကြောင့် ဤသိုသော ဂယက်ရိုက်မှုဒဏ်ကို ပိုမို ခံရ သည်။


သို့ဖြင့် အလုပ်သမားများသည် စက်ရုံ၏ အဆွယ်အပွားများ ဖြစ်လာသည်။ သူ့ကို အရိုး ဆုံး၊ အပြောင်းအလဲ မရှိဆုံး၊ အလွယ်ကူဆုံးဖြစ်သော ကျွမ်းကျင်မှုရှိဖို့ကိုသာ တောင်းဆိုသည်။ ထို့ ကြောင့် အလုပ်သမားတယောက်၏ ထုတ်လုပ်ရေးစရိတ်ကို သူ အသက်ရှင်နေထိုင်နိုင်ဖို့နှင့် မျိုးဆက် ပြန့်ပွားရေးတို့အတွက် လိုအပ်သော ဘဝတည်မြဲရေးပစ္စည်းများ ရရှိစေရုံလောက်သာ ကန့်သတ်ထား သည်။ သို့ရာတွင် တဘက်က ကုန်ဈေးနှုန်းများ တက်လာသည်နှင့်အမျှ လုပ်ခသည် လျော့ပါးလာသည်။ အလုပ်ချိန်ကတော့ ပိုတိုးလာသည်။ သတ်မှတ်ထားသည့် အလုပ်ချိန်အတွင်း အလုပ်ပမာဏ တိုးလာ သည်။ အလုပ်၏ ဝန်ထုပ်ဝန်ပိုးများ အလုပ်သမားအပေါ် ပိုမို ကျရောက်လာခြင်း ဖြစ်သည်။


စက်ရုံမှာ စုပြုံနေသော အလုပ်သမားထုကြီးကို စစ်သားများကဲ့သို့ စုစည်းဖွဲ့စည်း လိုက် သည်။ စက်မှုတပ်မတော်ကြီး၏ သာမန်တပ်သားများအဖြစ် တပ်မှူးတပ်ကြပ် အဆင့်ဆင့်တို့၏ ကွပ်ကဲ အုပ်ချုပ်မှုအောက်မှာ စနစ်တကျ ထားရှိလိုက်သည်။


သူတို့သည် ဓနရှင်လူတန်းစား၏ ကျေးကျွန်ဖြစ်ရုံသာမက ဓနရှင်နိုင်ငံတော်၏ ကျေးကျွန် များလည်း ဖြစ်ကြသည်။ ထို မျှသာမက စက်ကိရိယာ၊ ကြီးကြပ်သူနှင့် အဓိကအားဖြင့် တဦးချင်း စက် ပိုင်ရှင် ဓနရှင်ကိုယ်တိုင်၏ ကျွန်ပြုမှုကို နေ့စဉ်နှင့်အမျှ နာရီနှင့်အမျှ ခံကြရသည်၊ ဓနရှင်လူတန်းစားက အမြတ်အစွန်းရရှိရေးကို သူ၏ အဆုံးစွန်ရည်ရွယ်ချက်အဖြစ် ပိုမို ဗြောင်ကျစွာ ဖော်ထုတ်လာသည် နှင့်အမျှ စက်ရုံအတွင်း ဓနရှင်၏ မင်းမူအုပ်စိုးမှု၊ နိုင်ငံတော်၏ မင်းမူအုပ်စိုးမှုတို့သည် ပိုပြီး ပိုပြီး မုန်းတီး စရာ ကောင်းလာသည်။ ပိုပြီး ရက်စက်လာသည်။


ခေတ်သစ်စက်မှုလုပ်ငန်း ပိုမိုတိုးတက်လာသောအခါ ကာယအလုပ်မှာ ကျွမ်းကျင်မှု သိပ် မလိုတော့ပါ။ အားစိုက်ရမှု နည်းလာသည်။ သည်အခါ ယောက်ျားတွေ၏ အလုပ်ကို အမျိုးသမီးများနှင့် အစားထိုးလာသည်။ အလုပ်သမားလူတန်းစားအတွက် အသက်ခြားနားမှုတွေ၊ ကျားမ ခြားနားမှု တွေ သည် မည်ကဲ့သို့သော ထင်ရှားသည့် လူမှုရေးအဓိပ္ပာယ်မှ ရှိမနေတော့။ အားလုံးတို့သည် အလုပ်ကိရိ ယာများ ဖြစ်ကုန်ကြတော့သည်။


အလုပ်သမားများသည် စက်ရုံပိုင်ရှင်များ၏ သွေးစုပ်မှုကို ခံရပြီးနောက် လုပ်ခကို လက် ငင်းရလိုက်သည်။ ဤသည်မှာ သွေးစုပ်ပြီးသား လုပ်ခငွေကို ရရှိခြင်း ဖြစ်သည်။ ယင်းသို့ လုပ်ခရပြီး သည်နှင့် တပြိုင်နက် ဓနရှင်လူတန်းစား၏ တခြားသော အစိတ်အပိုင်း ဖြစ်သည့် အိမ်ပိုင်ရှင်ကြီးတွေ၊ ဆိုင်ပိုင်ရှင်ကြီးတွေ၊ အပေါင်ခံစားသူတွေသည် အလုပ်သမားများအပေါ် ထပ်မံသွေးစုပ်လိုက် ကြပြန်သေး သည်။ ( ပဲရစ်ဘုံအဖွဲ့က သူတို့ အာဏာာရရှိလိုက်သည့်အချိန်တွင် အပေါင်ဆိုင်များကို ပိတ်ပင် တား မြစ်လိုက်ခြင်းသည် ဤအချက်အပေါ်တွင် မူတည်သည်။)


အလယ်အလတ် အောက်လွှာ လူတန်းစားများ ဖြစ်ကြသော လုပ်ငန်းပိုင်ရှင် ကလေးများ၊ ဆိုင်ပိုင်ရှင်ကလေးများ၊ လုပ်ငန်းမှ အနားယူသွားရသည့် (ဓနရှင်စနစ် ကြီးထွားဖွံ့ဖြိုးမှုက ဖျက်သိမ်း မောင်းထုတ်ခြင်းကို ခံလိုက်ရသော) လုပ်ငန်းပိုင်ရှင် အားလုံးနီးပါး၊ လက်မှုပညာသည်များ၊ ၄င်းအပြင် လယ်သမားများတို့သည် တစတစနှင့် ပစ္စည်းမဲ့လူတန်းစားတပ်ဖွဲ့အတွင်းသို့ ကျရောက်သက်ဆင်း လာ ကြသည်။


လယ်သမားလူတန်းစားထဲမှ တစိတ်တပိုင်းသည် ဘာကြောင့် ပစ္စည်းမဲ့လူတန်းစားအ တွင်းသို့ ရောက်ရှိလာကြရပါသနည်း။


ဥရောပတိုက်မှ လယ်သမားများသည် လယ်မြေများ လုယက်ခြင်း ခံခဲ့ကြရသည်၊ လယ် မြေကို မွေးမြူရေးစားကျက်မြေများအဖြစ်ပြောင်းကာ သိုးမွေးထုတ်လုပ်ရေးလုပ်ငန်း လုပ်ကိုင်ကြသော ဓနရှင်များကြောင့် ဖြစ်သည်။ ထို့အပြင် လယ်ယာမြေ လုပ်ငန်းအတွင်းမှာလည်း ဓနရှင်နည်းနာတွေ ရောက်ရှိလာခဲ့သည်။ လယ်ယာလုပ်ငန်းတွင် ဓနရှင်များကဲ့သို့ မြှုပ်နှံစရာ အရင်းအနှီင်္း မရှိကြသော ကြောင့် လယ်သမားများ သူတို့၏ လယ်သမားဘဝကို စွန့်လွှတ်လိုက်ကြသည်လည်း ရှိသည်။ ဓနရှင် လူတန်းစားသည် ကျေးလက်တွေကို မြို့တွေ၏ စိုးမိုးမှုအောက်တွင် ထားရှိခြင်းသည်လည်း အကြောင်း အချက်တခု ဖြစ်သည်။ မြို့ကြီးများကို အသစ် တည်ထောင်လာကြသည်။ မြို့နေလူဦးရေကို အလွန် အမင်းတိုးပွားလာစေပြီး ကျေးလက်လူဦးရေ အတော်များများကို ထိုင်းမှိုင်းသည့် ကျေးလက်ဘဝမှ ဆွဲ ထုတ်ပစ်လိုက်သည်။


နောက်ထပ် အကြောင်းအချက်တခုလည်း ရှိသေးသည်။ လယ်သမားများ ကြုံတွေ့ရသည့် အုပ်စိုးသူလူတန်းစား၏ ဖိနှိပ်မှုများ၊ ပဒေသရာဇ်အနှောင်အဖွဲ့များနှင့် စီးပွားရေးဘေးဒုက္ခများကြောင့် လယ်သမားတို့ သူတို၏ လယ်သမားဘဝမှ ရုန်းထွက် ဖို့ ကြိုးစားကြည့်ကြခြင်း ဖြစ်သည်၊။


ထို့အပြင် ဥရောပတိုက်၏ အရှေ့ဘက်မှနေ၍ ပုလိပ်ရောဂါ ကူးစက်ကျရောက်လာသဖြင့် ၁၃၄၈ ခုနှစ်မှသည် ၁၃၅ဝ ခုနှစ်အထိ ဥရောပတိုက်၏ လူဦးရေ ထက်ဝက်လောက် သေကြေပျက်စီး ကုန်ကြသည်။ ထို့ကြောင့် လျော့ပါးလစ်လပ်သွားသည့် အလုပ်သမားများ.နေရာတွင် လယ်သမားများ ဝင်ရောက်လုပ်ကိုင်လာကြသည်လည်း ရှိသည်။


ဤသို့ဖြင့် ဓနရှင်လူတန်းစားသည် ပြန့်ကျဲနေသည့် လူဦးရေကို စုစည်းပြွတ်သိပ်စေလိုက်သည်။ အသေးစား ထုတ်လုပ်ရေးပရိဘောဂနှင့် ပိုင်ဆိုင်မှုအသေးစားများကို ပို၍ပို၍ ဖျက်ဆီးပစ်သည်။ သည် အ ခါ ထုတ်လုပ်ရေးပရိဘောဂများ စုစည်းခြင်း ဖြစ်လာရသည် တနည်းအားဖြင့် ထုတ်လုပ်ရေးပရိဘောဂများ လူနည်းစုလက်တွင်းသို့ စုစည်းရောက်ရှိသွားသည်။ ယင်းသို့ ထုတ်လုပ်ရေးပရိဘောဂများကို ခေတ်သစ် စက်မှုလုပ်ငန်းက စုစည်းလာသည်နှင့်အမျှ လုပ်ငန်းများ ပိုမို ကြီးထွားလာသည်။ အရင်းအနှီင်္း ပို၍ များ ပြားလာရသည်။ ပိုမိုများပြားသော အရင်းအနှီး ရရှိဖို့အတွက် သွေးစုပ်မှုနည်းနာများ ချဲ့ထွင်ရှာကြံလာရ သည်။ ရှာကြံရရှိသည့်အခါတွင် ထပ်မံရင်းနှီးမြှုပ်နှံမှု ပြုသည်။ အရင်းအနှီး မြှုပ်နှံမှု ပိုမို ကြီးမားလာ သည်နှင့်အမျှ လုပ်ငန်းကလည်း ပိုမိုကြီး ထွားလာပြန်ပါရော။ ဤအခါတွင် အလုပ်အတွက် လိုအပ်သော အလုပ်သမားများ ထပ်မံစုဆောင်းခြင်း ပြုလုပ်ရပြန်တော့သည်။


၎င်းအပြင် ပစ္စည်းမဲ့လူတန်းစားသည် အရေအတွက် တိုးများလာရုံသက်သက် မကပါ။ ပိုကြီးသော ထုထည်အဖြစ် စုစည်းလာသည်။ သူ့အင်အား တနေ့တခြား ပိုမိုကြီးမားလာပြီး ဤသို့ကြီးမား လာကြောင်းကိုလည်း မိမိတို့ကိုယ်တိုင် ခံစားသိရှိ လာကြသည်။


အစပိုင်းတွင် အလုပ်သမားများသည် မိမိတို့ကို တိုက်ရိုက်သွေးစုပ်နေသော ဓနရှင်တဦး ချင်းကိုပဲ တိုက်ပွဲဆင်ခဲ့ကြခြင်း ဖြစ်သည်။ နောက်ပိုင်းကျတော့ ဓနရှင်နှင့် ပစ္စည်းမဲ့လူတန်းစားတို့အကြား က တိုက်ပွဲသည် ပို၍ပို၍ လူတန်းစားနှစ်ရပ်ကြားက တိုက်ပွဲလက္ခဏာဆောင်လာသည်။


အလုပ်သမားတို့သည် မိမိလုပ်ခကို ကာကွယ်ရေးအတွက် အလုပ်သမားအချင်းချင်း ပူး ပေါင်းလာကြရသည်။ တဆင့်တက်၍ ပိုမို စည်းကမ်းရှိသော အလုပ်သမားသမဂ္ဂများ ဖွဲ့စည်းလာ ကြရ သည်။ ရံဖန်ရံခါ ဖြစ်ပေါ်လာတတ်သော ပုန်ကန်မှုများ အတွက် အမြဲတမ်းအစည်းအရုံးများ တင်ကြိုပြီး တည်ထောင်ထားရသည်။ တချို့နေရာများ၌ ဓနရှင်နှင့် ပစ္စည်းမဲ့လူတန်းစားတို့ အကြား အားပြိုင်မှုသည် အတိအလင်းပုန်ကန်မှုအဖြစ် ပေါက်ကွဲသွားတတ်သည်လည်း ရှိသည်။


ဤအဆင့်မတိုင်ခင်ကမူ အလုပ်သမားများပေါင်းစည်းရေးအတွက် ဓနရှင်လူတန်းစား ကိုယ်တိုင်က ဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်သည်။ ဓနရှင်လူတန်းစားသည် ပဒေသရာဇ်လူတန်းစားအပေါ် အနိုင်ရရှိဖို့နှင့် အရင်းရှင်အချင်းချင်း ပြိုင်ဆိုင်မှုများတွင် အနိုင်ရရှိရေးတို့အတွက် အလုပ်သမားလူတန်း စားတရပ်လုံးကို အကူအညီတောင်းခံရသည့် အဖြစ်လည်း ဆိုက်ရောက်လာသည်၊ တနည်းဆိုလျှင် ဓနရှင်လူတန်းစားက အလုပ်သမားအင်အားကို အသုံးချလိုက်တာပါ။


ထိုအဆင့်မှာဆိုလျှင် ပစ္စည်းမဲ့လူတန်းစားသည် သူ၏ တိုကရိုက်ရန်သူဖြစ်သော ဓနရှင် လူတန်းစားကို တိုက်ပွဲဆင်တာ မဟုတ်တော့ဘဲ မိမိရန်သူ၏ ရန်သူများဖြစ်ကြသော သက်ဦး ဆံပိုင် အကြွင်းအကျန်တွေ၊ မြေရှင်တွေ၊ စက်မှုလုပ်ငန်းမလုပ်သည့် ဓနရှင် နှင့် ဓနရှင်ပေါက်စလူတန်းစားများ တို့ကို တိုက်ပွဲဆင်ခဲ့ကြရသည်။ ပြင်သစ်ပြည် ဓနရှင်တော်လှန်ရေးများတွင် ရှုပ်ထွေးလှသော အဖြစ် အပျက်များအကြား ဤသို့သောတိုက်ပွဲဆင်ခြင်း ဖြစ်စဉ်များကို တွေ့ရှိနိုင်သည်။ ယင်းခေတ်ကာလက သမိုင်းလှုပ်ရှားမှု တရပ်လုံးသည် ဓနရှင်လူတန်းစား၏ လက်တွင်း တည်ရှိနေခဲ့သည်။ ရရှိသော အောင်ပွဲတိုင်းသည်လည်း ဓနရှင်လူတန်းစား၏ အောင်ပွဲများသာ။


သည့်နောက်ပိုင်းကာလ ရောက်ရှိတော့မှ....


အထက်ပါ အကြောင်းအချက်များသည် ဥရောပတိုက် ဓနရှင်လူတန်းစား ကြီးထွားလာ သည့် ဖြစ်စဉ်ကို ခြုံငုံသုံးသပ် ကြည့်မြင်ခြင်းပါပဲ။


• • •


၎င်းအပြင် နောက်ထပ် ထပ်မံရှင်းလင်းဖို့လိုအပ်နေသော အကြောင်းအချက်မှာ အရင်းရှင် စနစ်ခေတ်ထလာမှုနှင့်အတူ လယ်သမားတွေ မြေယာလုယက်ခံရသည့်အကြောင်းအချက်များပင် ဖြစ် သည်။ ဓနရှင်စနစ် ဖြစ်ထွန်းတိုးတက်လာမှုက လယ်သမားများ၏ ဘဝတွေကို ဖျက်ဆီးပစ်ခဲ့ကြောင်း ပုံပေါ်စေလို၍ ဖြစ်သည်။


လယ်သမားများ မြေယာလုယက်ခံကြရသည့်ကိစ္စတွင် အဓိကကျသော သဏ္ဌာန် ၂ မျိုးရှိ သည်။


ပထမသဏ္ဌာန်မှာ ၁၅ ရာစုအကုန်ကာလက အင်္ဂလန်တွင် သိုးနွားတိရစ္ဆွာန် မွေးမြူရေး အတွက် စားကျက်ကြီးများ လိုလာခြင်း ဖြစ်သည်။ ထို့ကြောင့် လယ်သမားများကို လယ်ယာမြေ တွေက နေ အနုနည်းရော အကြမ်းနည်းပါ ၂ မျိုးစလုံးသုံးပြီး မောင်းထုတ်ပစ်ခဲ့သည်။ သည်အခါ လယ်ယာ လုပ်ခင်းကိုင်ခင်းကြီးတွေ ပေါ်လာသည်။ ယင်းလယ်ယာလုပ်ခင်းကြီးများကို သူဌေးကြီးများနှင့် မင်းညီ မင်းသားတွေက ပိုင်ဆိုင်ကြသည်။


လယ်ယာလုပ်ငန်းတွင် ဓနရှင်နည်းနာများ ဝင်ရောက်နေရာယူမှုဟုလည်း ဆိုနိုင်ပါသည်။ စားကျက်များဆိုသည်မှာလည်း ဓနရှင်တို့၏ သိုးမွေးထုတ်လုပ်ရေးလုပ်ငန်း၊ အသားထုတ်လုပ်ရေး လုပ် ငန်းတို့အတွက် ဖြည့်ဆည်းပေးရခြင်း ဖြစ်သည်။ လယ်ယာမြေများတွင် ကောက်စိုက်စက်များ ၁၇ဝ၁ ခုနှစ်တွင် စတင်ပေါ်ပေါက်လာသည်၊ လယ်ကွင်းအကျယ်ကြီးတွေကို ခြံကြီးများ ကဲ့သို့ ကာရံပြီး အသား စား တိရစ္ဆွာန်အများအပြား မွေးမြူလာကြသည်။ မွေးမြူရေးတခေတ်ဆန်းလာသည်။


ဓနရှင်တို့သည် နိုင်ငံခြားနှင့် ကုန်သွယ်ရေးလုပ်ငန်းအပြင် လယ်ယာစိုက်ပျိုးရေး လုပ်ငန်း မှလည်း အမြတ်အစွန်း စို့စို့ပို့ပို့ ရရှိခဲ့ကြသည်။ ဤအမြတ်အစွန်းတွေ ပေါင်ငွေ ၅၄ သန်းလောက် စုဆောင်းမိလာသောအချိန်တွင် ဘဏ်များ၊ စတော့ဈေး ဖလှယ်ရာဌာနများ စတင်ထူထောင်ကြတော့ သည်။ ဤနည်းဖြင့် စက်မှုအရင်းရှင်များဘဝမှ ဘဏ်အရင်းရှင်များဘဝသို့ စတင်ကူး ပြောင်းလာကြခြင်း ဖြစ်သည်။


လယ်သမားတွေ မြေယာလုယက်ခံခဲ့ရခြင်း၏ နောက်သဏ္ဌာန်တခုမှာ ကိုလိုနီနယ်မြေများ အဖြစ် သိမ်းပိုက်လုယက်တာ ခံရခြင်း ဖြစ်သည်။ ဤကိစ္စကို အထက်တွင် တင်ပြပြီးပါပြီ။)


ဥရောပတိုက်တွင် အရင်းရှင်စနစ်ခေတ်ထလာမှုနှင့်အတူ ဥရောပယဉ်ကျေးမှုသည်လည်း ထွန်းကားလာခဲ့လေသည်။ ၁၄ရာစုနှင့် ၁၅ ရာစုတို့တွင် အီတလီပြည်သည် ဥရောပယဉ်ကျေးမှု အထွန်း ကားဆုံး တိုင်းပြည်ဖြစ်လာခဲ့သည်။ ဥရောအရင်းရှင်စနစ် ခေတ်ဦးတွင် စာပေ၊ ပန်းချီပန်းပု အနုပညာ၊ ဒဿနိကဗေဒ စသည့် ယဉ်ကျေးမှုတို့ ဘက်စုံဖွံ့ဖြိုးတိုးတက်လာသည်။ ပဒေသရာဇ် ခေတ်မှာလည်း စာပေ၊ ပန်းချီ ပန်းပုနှင့် အတွေးအခေါ် ယဉ်ကျေးမှုတို့ ပေါ်ပေါက် ဖြစ်ထွန်းခဲ့တာပါပဲ။ သို့ရာတွင် ပဒေ သရာဇ်တို့သည် သူ့လူတန်းစားအကျိုးနှင့်ကိုက်ညီသည့် ယဉ်ကျေးမှု(သို့မဟုတ်) သူ့လူတန်းစားအကျိုးကို မထိခိုက်သည့် ယဉ်ကျေးမှုတို့ ကိုသာ ခွင့်ပြုသည်။ ပဒေသရာဇ်တို့ မလိုလားသော စာပေအနုပညာနှင့် ယဉ်ကျေးမှုတို့သည် ပိတ်ပင် တားဆီးခြင်း ခံခဲ့ရသည်၊


လူတန်းစားအကျိုးနှင့် မကိုက်ညီသည့်အရာတွေအပေါ် ဖိနှိပ်ချုပ်ချယ်မှုသည် ကျွန်ပိုင်ရှင် ခေတ်ကတည်းက တည်ရှိလာခဲ့ခြင်း ဖြစ်သည်။ ‘ဆိုကရေးတီး’သည် သူ့ယုံကြည်ချက်၊ သူ့အယူအဆ အတွက် အသက်ပေးသွားခဲ့ရသည်။ ဤသည်မှာ ယင်းခေတ်ယင်းအခါက ထူးဆန်းသော အယူအဆ သစ်ဖြစ်သည့် သူ့အတွေးအခေါ်ကို သက်ဦးဆံပိုင်တွေက လက်မခံနိုင်သည့်အတွက် ဖိနှိပ်ပစ်ခဲ့ခြင်း ဖြစ်သည်။ အလားတူ ဥရောပတိုက်တွင် ဘီစီ ၅၂၇ နောက်ပိုင်း ပလေတို၏ အကယ်ဒမီကျောင်းကို ပိတ်ပစ်ခဲ့ခြင်းမှာလည်း ဤသဘောအတိုင်းပင် ဖြစ်သည်။ ဓနရှင်စနစ်ခေတ်ဦးရောက်တော့လည်း သူတို့၏ ဓနရှင်စနစ် ဖြစ်တည်ဖို့နှင့် ကိုလိုနီလုယက်ဖို့အတွက် အမေရိကတိုက်မှ အဆင့်အတန်းမြင့် မားခဲ့သည့် ‘မာယာ’(Maya) ‘အင်ကာ’(Inca) ယဉ်ကျေးမှုတို့ကို မြေမြှုပ်ဖျက်ဆီးပစ်ခဲ့ကြသည်။


သို့ရာတွင် နှိုင်းယှဉ်ခြင်းအရ ပြောရလျှင် ပဒေသရာဇ်လူ့အဖွဲ့အစည်းထက် အရင်းရှင် လူ့အဖွဲ့အစည်းက ပိုမိုတိုးတက်ခဲ့သည်။ ပိုမိုလွတ်လပ်ခွင့် ရှိသည်။ ထို့ကြောင့် စာပေအနုပညာနှင့် ယဉ်ကျေးမှုတို့သည် အရင်းရှင်စနစ်ခေတ်ဦးကာလတွင် နှိုင်းယှဉ်ချက်အရ ပိုမိုလွတ်လပ်ပြီး ပိုမိုတိုး တက်လာခြင်း ဖြစ်သည်၊ ထိုစဉ်က ဥရောပတိုက်တွင် အီတလီ။ ဂျာမနီနှင့် ဒတ်ခ်ျတို့တွင် ပန်းချီနှင့် ပန်းပုပညာများ အားကောင်းကောင်းနှင့် ဖွံ့ဖြိုးတိုးတက်လာသည်။ ဥရောပတိုက်၏ အနုပညာ အကျော် အမော်တဦးဖြစ်သော မိုက်ကယ်အင်ဂျလို(၁၄၇၅-၁၅၆၄) ပေါ်ထွန်းခဲ့သည်။ ကဗျာလင်္ကာဘက်တွင် အင်္ဂလန်က စပင်ဆာ(၁၅၅၂-၉၉) သည် ထင်ရှားသည်၊ ပြဇာတ်ဘက်တွင်မူ ရှိတ်စပီးယား(၁၅၆၄-၉၉) သည် ဥရောပတိုက်အကန့်အသတ် ဘောင်ကို ကျော်လွန်ပြီး ကမ္ဘာ့ အတိုင်းအတာဖြင့် ယနေ့ထက်တိုင် ကျော်ကြားသြဇာ ကြီးမားသူ ဖြစ်လာသည်။


၁၅ ရာစုက ဂျာမနီမှ ပန်းချီပန်းပု လက်ရာများသည် ကက်သလစ်ဘာသာဝင် အုပ်စိုးသူ လူတန်းစား၏ သြဇာ အာဏာကို ပြည်သူလူထုအကြား ရောက်ရှိပျံ့နှံ့အောင် ဖြန့်ချိပေးခဲ့ရခြင်းသာ ဖြစ်သည်။


၁၄ ရာစုနှစ် နောက်ပိုင်းတွင် ဂျာမနီလူမျိုး ဂူတင်ဘတ် ဆိုသူက ပုံနှိပ်စက်ကို တီထွင် နိုင်ခဲ့သည့်အတွက် စာပေဖြန့်ချိ ရေးကို ကြီးမားစွာ တွန်းဆော်ပေးလိုက်သည်။ ၄င်းပုံနှိပ်စက်ကို အတု ယူပြီး ပြင်သစ်၊ အီတလီနှင့် အင်္ဂလန်တို့က ပိုမိုကောင်းမွန်အောင် ပြုပြင်ကာ ထွန်းကားစေခဲ့ခြင်း ဖြစ်သည်။


ပုံနှိပ်စက်ကြောင့် ၁၇ ရာစု ဂျာမနီတွင် ဝတ္ထုစာပေတို့သည် အကျယ်အပြန့် နေရာယူ လာနိုင်ခဲ့ကြသည်။ သို့ရာတွင် ယင်းဝတ္ထုစာပေအများစုမှာ ဓနရှင် လူကုံထံလောကကို အမွှန်းတင် ထောက်ခံအားပေးသည့် ဝတ္ထုစာပေများသာ ဖြစ်ခဲ့သည်၊ ဓနရှင်လူတန်းစား. တော်လှန်ရုန်းကန်မှုက စာပေယဉ်ကျေးမှုအပေါ် ရိုက်ခတ်ထင်ဟပ်ချက်ဟုတော့ ဆိုနိုင်သည်။


ဤသို့သော ယဉ်ကျေးမှုဘက်မှ တိုးတက်လာမှုတွေကို ကားလ်မာ့က်စ်က အောက်ပါအ တိုင်း ခြုံငုံသုံးသပ်ခဲ့သည်။


“ဥရောပတိုက်၏ ယဉ်ကျေးမှုနှင့် အသိပညာ ဖန်တီးမှုများသည် ဓနရှင်လူတန်းစားကြီး ထွားလာမှုနှင့် တိုက်ရိုက်ဆက်စပ်မှုရှိခဲ့သည်။ ထိုမျှသာမကပါ။ အမျိုးသားတရပ်၏ အသိပညာ ဖန်တီးမှု သည် အများပိုင်ပစ္စည်းဖြစ်လာခဲ့သည်။ ဓနရှင်တို့၏ ထုတ်လုပ်ရေးပစ္စည်းများ ကမ္ဘာ့လွှမ်းခြုံမှု၊ ဓနရှင် တို့အတွက် ကုန်ကြမ်းကို ကမ္ဘာာ့ဒေသအသီးသီးမှ ဖြည့်တင်းပေးရမှု ဒေသအသီးသီး ဈေးကွက် အသီးသီးတို့၏ လိုအပ်မှုအသစ်ကို ဓနရှင်လူတန်းစားက လိုက်လံနေရမှု....ဤသည်တို့ကြောင့် အမျိုး သား အသီးသီးတို့သည် တဦးနှင့်တဦး ဆက်သွယ်လာခဲ့ကြရသည်၊ အပြန်အလှန် မှီခိုမှု ဖြစ်လာကြ ရသည်။ အမျိုးသား တဘက်သတ်ကျမှုနှင့် အမျိုးသား အမြင်ကျဉ်းမှုတို့သည် ပို၍ ပို၍ အကန့် အသတ်ခံ လာခဲ့ကြရသည်။ အရေအတွက်များပြားလှသော အမျိုးသားနှင့် ဒေသဆိုင်ရာ စာပေယဉ်ကျေးမှုမှ ကမ္ဘာာ့စာပေယဉ်ကျေးမှု ပေါ်ထွန်းလာစေခဲ့သည်”


၁၆ ရာစုတွင် ပဒေသရာဇ်ကိုးကွယ်ယုံကြည်မှုနယ်ပယ်တွင်လည်း ထိုးဖောက်ဆန့်ကျင်မှု များ ပေါ် ထွက်လာခဲ့သည်။


“လူ့တန်ဖိုးကို လေးစားသင့်တယ်”ဟူသော အယူအဆ ပေါ်လာသည်။ လူ့အင်အား၊ လူ့တန်ဖိုးကို ဝါဒဖြန့်ရင်းက “ဘုရားသခင်က အရာရာကို ဖန်ဆင်းသည်”ဆိုသော ခရစ်ယာန်ဘာသာကို လည်း ဆန့်ကျင်လာကြသည်။လူသာူပအ့နမ (၁၄၈၃-၁၅၄၆) က ‘တရားကျင့်တာတို့၊ ကောင်းမှုပြုတာတို့ဟာ လွတ် မြောက်မှုဆီသို့ မပို့ဆောင်နိုင်။ ယုံကြည်မှုကသာ လွတ်မြောက်မှုဆီ ပို့ဆောင်နိုင်လိမ့်မယ်’ဟု ဟော ပြောခဲ့သည်။ သူက ၁၅၂၅ ခုနှစ်မှာ သမ္မာကျမ်း စာကို ဘာသာပြန်ခဲ့သူ ဖြစ်သည်၊ ဘာသာရေးစာတမ်း ၉၅-စောင်ကိုလည်း တင်သွင်းခဲ့သည်။ ထို့ကြောင့် သူ့ကို ခရစ်ယာန် အသင်းတော်က ဝိုင်းပယ်ခဲ့ကြသည်၊


၁၅၂၄-၂၅ ခုနှစ်များက ဂျာမနီတွင် ပဒေသရာဇ်ဆန့်ကျင်ရေး၊ ခရစ်ယာန်ဘာသာ ဆန့် ကျင်ရေး လယ်သမားစစ်ပွဲ ဖြစ်ပွားခဲ့သည်။ ၄င်းလှုပ်ရှားမှုသည် ဘာသာရေးထိပ်သီ်းများနှင့် မင်းမျိုး မင်းနွယ်များကို ဦးတည်ဆန့်ကျင်ခဲ့ကြတာပါ။ ၄င်းတိုက်ပွဲအတွင်း လယ်သမားဦးရေ၏ သုံးပုံနှစ်ပုံ ပါဝင် ခဲ့ကြသည်။ ၄င်းအရေးတော်ပုံ ရှုံးနိမ့်သွားခဲ့ရသော်လည်း ဘာသာရေးပြုပြင်ပြောင်းလဲမှုများကို ဖြစ်စေ ခဲ့သည်။ ယင်းလယ်သမားသူပုန်ကို “လူသာ”၏အကူအညီနှင့် နှိမ်နင်းခဲ့ခြင်းပါ။ ခရစ်ယာန်အသင်းတော် က ဝိုင်းပယ်ခြင်းခံခဲ့ရသော လူသာသည် လယ်သမားသူပုန်ကျတော့ ဘယ်ဘက်က ရပ်သွားသလဲဆိုတာ သင်ခန်းစာ ယူစရာ ဖြစ်သည်၊ လယ်သမားများ ရက်ရက်စက်စက် အသတ်ခံခဲ့ကြရသည်၊


အလယ်ခေတ်ခရစ်ယာန်လောကတွင် ဘာသာရေး အချေအတင်ဆွေးနွေးပွဲများ၊ ဆန့် ကျင်တိုက်ခိုက်မှုများ ပေါ်လာခဲ့သည်။ ဘုန်းကြီးများ၏ လာဘ်စားမှုတွေ ပွင့်ကျကုန်သည်။ မကျေနပ် သူတွေက ဆန့်ကျင်ဆူပူတာတွေ ဖြစ်လာသည်။


၁၅၃၄ ခုနှစ် အင်္ဂလန်တွင် အဋ္ဌမမြောက် ဟင်နရီဘုရင်ကြီးက အင်္ဂလိပ်အမျိုးသား အာ ဏာပိုင်တို့ကို ကက်သလစ် ဘုရားရှိခိုးကျောင်းနှင့် အဆက်ဖြတ်ခိုင်းလိုက်သည်။ ဘုရားကျောင်းပိုင် ပစ္စည်းတွေကို သိမ်းယူသည်၊ ပရိုတက်စတင့် ကျင့်ဝတ်များ ကို ပြဋ္ဌာာန်းသတ်မှတ်ပေးသည်။


ဂျာမနီပြည်မှာလည်း ဟက်စ်ဘတ် (Hapsburg) မင်းဆက်က ကက်သလစ်အယူဝါဒကို ပြန်လည်အသက်သွင်းသည့် အခါ ၂၅-နှစ်ကြာ တိုက်ပွဲများ ဖြစ်ပွားခဲ့ရသည်။ အနှစ်သုံးဆယ်စစ်ပွဲ (၁၆၁၈-၄၈) ပြီးဆုံးသွားသည့်အခါကျမှ ၁၅၅၅ ခုနှစ်တုန်းက ဆုံးဖြတ်ခဲ့သော ငြိမ်းချမ်းရေးစာချုပ်အရ ဒေသန္တရ မင်းညီမင်းသားများနှင့် ပြည်သူများအား ဘာသာရေးလွတ်လပ်ခွင့် ပေးခဲ့သည်။


ဂျာမနီတပြည်လုံးသည် ဘာသာရေးစစ်ပွဲများကြောင့် ယိုယွင်းပျက်စီးမှုများ ဖြစ်ခဲ့ရသည်။


ကက်သလစ်တို့က ဘာသာရေးပြုပြင်ပြောင်းလဲရေးကို ကိုင်တွယ်ထိန်းချုပ်လာသည့် အခါတွင် ပရိုတက်စတင့်ဘာသာ၏ ဆန့်ကျင်မှုတို့နှင့် ရင်ဆိုင်ရသည်။ ပိုလန်၊ ဟန်ဂေရီ၊ ဂျာမနီ တောင် ပိုင်းတို့မှာ ဘာသာရေးပြုပြင်ပြောင်းလဲမှုများ လုပ်ခဲ့ရသည်။


ဤသို့ဖြင့် ဘာသာရေးပြုပြင်ပြောင်းလဲမှုဆိုင်ရာ စစ်ပွဲများသည် နှစ်ပေါင်း ၁၅ဝ တိုင် ရှည်ကြာခဲ့သည်။ ဤသို့သော ကိစ္စမျိုးတွေ အရင်းရှင်စနစ်ခေတ်ဦးမှာ ဘာကြောင့် ပေါ်ထွက်လာခဲ့ရ တာပါလဲ။ ဒါဟာ ဘာသာရေးသက်သက်လား။ အရင်းရှင်စနစ် သို့မဟုတ် ဓနရှင်လူတန်းစားတို့နှင့် ဆက် စပ်မှု ရှိသလား။


ပုပ်ရဟန်းမင်းကြီးကဲ့သို့သော ဘာသာရေးအကြီးအကဲများသည် ပဒေသရာဇ်လူတန်းစား ဘက်က ရပ်တည်လာခဲ့ကြ သူတွေပါ။ မြေရှင်ပဒေသရာဇ်ခေတ်တုန်းကဆိုလျှင် ဥရောပတဝန်းလုံးတွင် ဘာသာရေးဘက်မှာသာမက နိုင်ငံရေးဘက်မှာပါ ပုပ်ရ ဟန်းမင်းကြီိးက အထွတ်အထိပ်ပါ။ သူက အမြင့်ဆုံး အာဏာပိုင် ဖြစ်သည်။ ထို့ကြောင့် အမျိုးသားတိုင်းပြည်များတွင် တက်သစ်စ ဓနရှင်လူတန်း စားကို အားပေးထောက်ခံသော အမျိုးသားဘုရင်နှင့် ပဒေသရာဇ်တို့ဘက်က ရပ်တည်သော ဘာသာ ရေးအကြီးအကဲများ ထိပ်တိုက်တွေ့ကြရတော့သည်။


၁၂ ရာစုမှသည် ၁၅ ရာစုအထိ ပြင်သစ်ပြည်မှာ ဘုရင်နှင့် ပုပ်ရဟန်းမင်းကြီးတို့ အားပြိုင် ခဲ့ရာတွင် ဘုရင်က အနိုင်ရရှိခဲ့သည်။ (အင်္ဂလန်မှာ ၁၅၃၄ ခုနှစ်တုန်းက ဟင်နရီဘုရင်က ကက်သလစ် ဘာသာကို ဆန့်ကျင်ခဲ့ကြောင်း ဖော်ပြခဲ့ပြီးပြီ။) ပရိုတက်စတင့်ဘာသာအကြောင်းကိုလည်း အကြမ်းဖျင်း နားလည်ထားဖို့ လိုအပ်သည်။ ဂျာမနီနိုင်ငံတွင် ၁၅၁၇ ခုနှစ် နောက်ပိုင်းမှာ ပရိုတက်စတင့်ဂိုဏ်း စတင် ပေါ်ထွက်လာခဲ့တာပါ။ ဘုရင်နှင့် ဘူဇွာ(ဓနရှင်လူတန်းစား)တို့က ပရိုတက်စတင့်ဘာသာကို ထောက်ခံ လိုက်ကြသည်။ ဤသည်မှာ ပုပ်ရဟန်းမင်းကြီးနှင့် ရောမကျောင်းတော်၏ သြဇာအောက်မှ ရုန်းထွက် လိုက်ခြင်းပင် ဖြစ်သည်။


ထိုခေတ်ထိုအခါတုန်းက ဘာသာရေးသင်းအုပ်ဆရာတော်များနှင့် ကျောင်းထိုင် ဘုန်း တော်ကြီးများ ဦးစီးသည့် ခရစ်ယာန်ဘုရားကျောင်းများသည် ပေါ်ထွန်းစ မြို့နေဓနရှင်လူတန်းစား၏ လှုပ်ရှားမှုအတော်များများကို “ဒုစရိုက်မှုများ”အဖြစ် တိုက်ခိုက်ခဲ့ကြသည်။ ပဒေသရာဇ်စနစ်ကို ထောက်ခံ အားပေးသော အမြင်များကို ဖြန့်ဖြူးပေးခဲ့ကြသည်။ ထို့ကြောင့် ၁၆ ရာစုနှင့် ၁၇ ရာစုနှစ်များတုန်းက ဂျာမနီ၊ ဟော်လန်၊ ဗြိတိန်နှင့် ပြင်သစ်တို့တွင် အလယ်အလတ်လူတန်းစား (စက်မှုလုပ်ငန်းပိုင်ရှင်များကို ပြောတာပါ။ သူတို့ဟာ လက်ဝါးကြီးအုပ် စုစည်းမှုရှိကြသည့် ခေတ်မီအကြီးစား စက်မှုလုပ် ငန်းပိုင်ရှင် များ အဆင့်သို့ မရောက်ကြသေးပါ။) သည် သူတို့ကိုယ်တိုင်၏ ဘာသာရေးအသစ်တရပ် ဖြစ်တည် လာအောင် ဝိုင်းဝန်းဖန်တီးခဲ့ကြသည်။ အလယ်ခေတ် ပဒေသရာဇ်တို့ ယုံကြည်လာခဲ့ကြသည့် ဘုရားသခင်နှင့်ဆန့်ကျင်ပြီး သူတို့ကိုယ်တိုင်၏ ဘုရားတဆူကို ဖန်တီးခဲ့ကြခြင်းပါ။ ပရိုတက်စတင့် ဘာ သာသည် ဤနည်းဖြင့် ပေါ်ပေါက်လာခဲ့ရခြင်း ဖြစ်ပါသည်။


ပရိုတက်စတင့် အယူဝါဒသည် ခြိုးခြံချွေတာရေး၊ သိက္ခာသမာဓိတည်ကြည်ရေး၊ အလုပ်ကြိုးစားရေး(အလုပ်သမားများ အတွက် ရည်စူးချက်) တို့ကို ဟောပြောသွန်သင်သည်။ အဲဒီခေတ် က ရာနှင့်ထောင်နှင့်ချီ၍ သေဆုံးသူတွေ ရှိခဲ့ရသော ဘာသာရေး စစ်ပွဲများဆိုသည်ကို အရင်း စစ်ကြည့်လိုက်လျှင် ဥစ္စာဓန ထုတ်လုပ်ရေးအတွက် မတူညီသည့် စည်းရုံးးရေး နည်းနာ ၂ ရပ်အပေါ် အခြေခံထားကြသော၊ လုံးဝကွဲပြားခြားနားသည့် လူ့အဖွဲ့အစည်း အသွင်သဏ္ဌာန် ၂ ရပ်အကြားက တိုက်ပွဲတွင် ဘယ်ဘက်က အနိုင်ရမလဲဆိုသည်ကို အသက်များပေးအပ်၍ လောင်းကြေးထပ်ကြရသည့် လောင်းကစားပွဲကြီးများဟု ဆိုနိုင်ပါသည်။


ဗြိတိန်မှာ ဆိုလျှင် ဓနရှင်လူတန်းစားက သိသာစွာ အနိုင်ရလိုက်သည်။


သေကြေခဲ့ကြရတာကတော့ ပြည်သူတွေပါ။ စစ်ပွဲထဲ ဆွဲသွင်းခြင်း ခံလိုက်ကြရတဲ့ ပြည်သူတွေပေါ့။


ဥရောပ အရင်းရှင်စနစ်ခေတ်ဦးမှာ ရာနဲ့ချီပြီး တိုက်ခိုက်ခဲ့ရသော သည်စစ်ပွဲတွေ.... ပြည် သူတွေ မရေမတွက်နိုင်အောင် သေဆုံးခဲ့ကြရတဲ့ သည်စစ်ပွဲတွေ.... ဥရောပ အရင်း ရှင်စနစ်ခေတ်ဦး အကြောင်း ပြောမည်ဆိုပါက ဤအကြောင်းအရာများကို ဖယ်ချန် ထားခဲ့၍ မရပါ၊ နောက်ပြီး ဒီပဋ္ဋိပက္ခ များသည် ဘာသာရေးသက်သက် တိုက်ပွဲများမဟုတ်ဘဲ အရင်းခံအားဖြင့် လူတန်းစားတိုက်ပွဲများသာ ဖြစ်ကြကြောင်း သတိပြုစေလိုပါသည်။


အရှေ့မိုးကောင်းကင်ဝက်ဆိုဒ် မှ ကူယူဖော်ပြပါသည်၊

0 comments:

Post a Comment