အပိုင်း(၆)
ပဲရစ်ဘုံအဖွဲ့
လူဝီဘိုနာပတ်က ဓနရှင်လူတန်းစား၏ နောက်ဆုံးခံကတုတ်ဖြစ်သည့် အမျိုးသားလွှတ်တော်ကို (၁၈၅၁) ဒီဇင်ဘာ (၂) ရက် နေ့က ဖောက်ခွဲဖျက်ဆီးခဲ့အပြီးတွင် နိုင်ငံရေးနှင့်စီးပွားရေးဆိုင်ရာ အကျိုးအမြတ်ရှာသူ ဂိုဏ်းအုပ်စုတခုက ပြင်သစ်ပြည်ကြီးကို သွေးစုပ် စည်းစိမ်ခံသည့် ဒုတိယအင်ပါယာနိုင်ငံတော် (၁၈၅၂- ၁၈၇ဝ) ၏ကာလကို စတင်ဖွင့်လှစ် လိုက်ပါပြီ။
အမြင်ကျဉ်းပြီး မဝံ့မရဲ ရှိတတ်သည့် လူဝီဖိလစ်ဘုရင်လက်ထက်တုန်းက ဘယ်လိုမှ မဖြစ်နိုင်ခဲ့သော စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုတရပ်သည် လူဝီဘိုနာပတ်၏လက်ထက်မှာကျမှ ဖြစ်ပေါ်လာခဲ့လေသည်။ သို့ရာတွင် ဤ စီးပွားရေးဖွံ့ဖြိုး တိုးတက် မှုကို ဓနရှင်ကြီးလူတန်းစား၏ သေးငယ်လှသည့် အစိတ်အပိုင်းတရပ်က လွှမ်းမိုးချုပ်ကိုင်ထားခြင်းသာလျှင် ဖြစ်ပေသည်။
လူဝီဘိုနာပတ်သည် ဓနရှင်တို့အား အလုပ်သမားတွေ၏ရန်မှ အကာအကွယ်ပေးမည်၊ နောက်တဖက်ကျပြန်တော့ အလုပ်သမားတွေကို ဓနရှင်တို့၏ ရန်မှ အကာအကွယ်ပေးမည် - ဟူသော ကလိမ်စေ့ငြမ်းဆင်သည့် ပရိယာယ်နှင့် အရင်းရှင် တို့၏ လက်ထဲက အာဏာကိုရခဲ့ခြင်း ဖြစ်သည်။ သို့ရာတွင် အပြန်အလှန်အားဖြင့် အမြတ်ကြီးစား စီးပွားရေးလုပ်ငန်းနှင့် စက်မှုလုပ်ငန်း လုပ်ဆောင်ချက်များကို အားပေးခဲ့ရသည်။ အတိုချုပ်ပြောရလျှင် ဓနရှင်လူတန်းစားတရပ်လုံး၏ ခေတ်ထမှုနှင့် ချမ်းသာကြွယ်ဝမှုတို့သည် ထိုအချိန် ထိုကာလရောက်သည်အထိ တခါမျှ မကြုံဖူးသေးသည့် အတိုင်းအတာဖြင့် ဖြစ်ထွန်း လာခဲ့ပါသည်။ (၁၈၅၂) ခုနှစ်မှ (၁၈၆၉) ခုနှစ် အထိ ဒီကြားကာလအတွင်းမှာ ပြင်သစ်ပြည် အရင်းရှင်စနစ်ကြီးထွားမှုနှင့်အတူ စက်မှုတော်လှန်ရေးကြီးလည်း ပြီးဆုံး သွားခဲ့ပါသည်။
(၁၈၆၃) ခုနှစ်တွင် ဘဏ္ဍာဘုရင် (၁၈၃) ဦး၏လက်တွင်းမှာ ပြင်သစ်ဖရန့်ငွေ ကုဋေ (၂ဝဝဝ) - ရှိခဲ့ပြီး ဘဏ်များ၊ သယ်ယူပို့ ဆောင်ရေးလုပ်ငန်းများ၊ စက်မှုလုပ်ခင်းကြီးများနှင့် ကုန်တိုက်ကြီးများကို ချုပ်ကိုင်ခဲ့သည်။ ပြင်သစ်က နိုင်ငံပေါင်း (၁၄) နိုင်ငံ အပေါ် ငွေတိုးချစားသည့် အရင်းအနှီးကသည်ပင်လျှင် ကုဋေ (၁၂ဝဝ) - ရှိခဲ့သည်။
လူဝီဘိုနာပတ်၏ အာဏာရှင်စနစ်အုပ်စိုးမှုအောက်တွင် စစ်တပ်အင်အား (၅ဝဝ,ဝဝဝ)ရှိခဲ့သလို အုပ်ချုပ်ရေးဘက် တွင်လည်း အရာရှိနှင့် အမှုထမ်းပေါင်း (၅ဝဝ,ဝဝဝ) ရှိသည်။ ဒီအင်အားနှင့် ပြည်တွင်းမှာ ဒီမိုကရေစီလှုပ်ရှားမှုများအပေါ် ရက်ရက်စက်စက် နှိပ်ကွပ်ခဲ့သကဲ့သို့ ပြည်ပကျူးကျော်သိမ်းပိုက်မှုတွေလည်း လုပ်ခဲ့သည်။
ပြင်သစ်ပြည်၏ ဒုတိယအင်ပါယာနိုင်ငံတော်ကြီးဆိုသည်မှာ ပြင်သစ်အမျိုးသားရှော်ဗင်ဝါဒ၏ တောင်းဆိုချက် ဖြစ်၏။ (၁၈၁၄) ခုနှစ်က ဆုံးရှုံးသွားခဲ့ရသော ပထမအင်ပါယာ နယ်မြေပိုင်နက် (သို့မဟုတ်) ပထမသမ္မတနိုင်ငံတော်၏ နယ်မြေပိုင်နက်အတိုင်း ပြန်လည် ရယူဖို့ တောင်းဆိုချက်လည်းဖြစ်သည်။ ထို့ကြောင့်ပင် အီတလီကို ဝါးမြိုရေးလုပ်ခဲ့သလို မက္ကဆီကိုနှင့် အယ်လ်ဂျီးရီးယားတို့အား သိမ်းပိုက်ပြီး အင်ဒိုချိုင်းနားတွင်လည်း ကျူးကျော်သိမ်းပိုက်မှုတွေ လုပ်ခဲ့ပါသည်။
သို့ရာတွင် ပြင်သစ်ပြည်၏ဘေးမှာက စနစ်ဟောင်းဘုရင့်နိုင်ငံတော် နယ်နိမိတ်တွေ တည်ရှိနေကြသည်။ ဒီနယ်မြေ တွေကြားက ပြင်သစ်အင်ပါယာနိုင်ငံတော်။ တကယ်ပဲ (၁၈၁၅) ခုနှစ်ကထက် ပိုပြီး အပိုင်းပိုင်း ကွဲပြားပြတ်တောက်နေကြတဲ့ ပိုင်နက်နယ်မြေတွေအကြားမှာ တည်ရှိနေရသည့် ပြင်သစ်အင်ပါယာနိုင်ငံတော်။ ဒီလို နိုင်ငံတော်မျိုးဟာ ဘယ်လိုမှ ရေရှည် မတည်တံ့နိုင်ပါ။
ထို့ကြောင့်မို့ တခါတရံမှာ စစ်ပွဲများ ပေါ်ပေါက်လာခြင်း၊ နယ်မြေပိုင်နက် လုယူသိမ်းပိုက်ခြင်းတို့ကို ရှောင်လွှဲ၍ မရနိုင်ပေ။
ပြင်သစ်အမျိုးသား ရှော်ဗင်ဝါဒတို့အတွက်ဆိုလျှင် ဂျာမဏီ၏ ရိန်းမြစ်လက်ဝဲဘက်ကမ်းပါးသည် နယ်မြေသိမ်းပိုက်ချဲ့ ထွင်ရေးအတွက် သွားရည်ယိုစရာ အကောင်းဆုံး ဖြစ်နေသည်။ ရိန်းမြစ်ဝှမ်းက ဧရိယာ စတုရန်းတမိုင်သည် အဲလ်ပ် တောင်တန်း ဒေသက စတုရန်းတမိုင်ထက် ပိုမိုသာလွန်ချက်ရှိနေသည်။ ထိုမျှမက အခြားဘယ်ဒေသ ထက်မဆိုသာသည်။ လူဝီဘိုနာပတ်က ပြင်သစ် အင်ပါယာနိုင်ငံတော်၏နယ်နိမိတ်ကို ရိန်းမြစ်ကမ်းမှာ အဆုံးသတ်လိုသည်။ ဒီတောင်းဆိုချက်ကို ဖြည့်စွမ်းဖို့ဆိုလျှင် ဒီဒေသကို တချီ တည်းစားမလား၊ တလုပ်စီစားမလား၊ အချိန်ပြဿနာသာ ရှိတော့သည်။
ဒီကြားထဲ ပြင်သစ်ပြည် ပြည်ထဲရေးမှာ (၁၈၆၆ - ၆၇) တွင် စီးပွားရေးကပ်တခု ပေါ်ခဲ့သည်။ အလုပ်သမားထု၏ သပိတ်တိုက်ပွဲများလည်း အဆက်မပြတ် ပေါ်ခဲ့သည်။ (၁၈၇ဝ) ခုနှစ်၊ ဇန်နဝါရီလတွင် လူနှစ်သိန်းကျော် ပါဝင်သည့် ဆန္ဒပြပွဲ တရပ် ပဲရစ်မြို့မှာ ဖြစ်ပေါ်ခဲ့သည်။ ထိုစဉ်အချိန်က မာ့က်စ်ခေါင်းဆောင်သော နိုင်ငံတကာ အလုပ်သမားအစည်းအရုံးက လည်း အလုပ်သမားထု၏ ဆန္ဒပြပွဲများကို ဦးဆောင်မှုပေးခဲ့သည်။
ထို့ကြောင့် လူဝီဘိုနာပတ်က နိုင်ငံတကာ့အလုပ်သမားအစည်းအရုံးအပေါ် အငြိုးးထားခဲ့သည်။ ပြင်သစ်ပြည်ပြည် တွင်း လူတန်းစားစစ်ပွဲအပေါ် အမြတ်ထုတ်ပြီး မတရားအာဏာရယူကာ ဒီအာဏာကို အချိန်ကာလအလိုက် ဆင်နွှဲသည့် ပြည်ပစစ်ပွဲများနှင့် ထိန်းသိမ်းထားသော လူဝီဘိုနာပတ်သည် မူလပထမကတည်းက နိုင်ငံတကာ အလုပ်သမားအစည်း အရုံးကို ရန်သူတော်တဦး အဖြစ် သတ်မှတ်ထားခြင်းမှာ မည်သို့မျှ အံ့သြစရာ မရှိပေ။
ထိုစဉ်က ဘိုနာပတ်၏ ဘုရင့်အစိုးရသည် ပြည်တွင်းမှာ “လူထု ဆန္ဒမဲပေးပွဲ”တရပ် လုပ်ဖို့ ပြင်ဆင်နေသည်။ ဒီလူထု ဆန္ဒမဲပေးပွဲ၏ အကြိုကာလတွင် ပြင်သစ်တပြည်လုံးအနှံ့ ပဲရစ်၊ လိုင်ယွန်၊ ဗာဆေး၊ ရိုဗင်...စသည့်မြို့များမှ နိုင်ငံတကာ အလုပ်သမား အစည်းအရုံး စီမံခန့်ခွဲရေးကော်မတီအဖွဲ့ဝင်များကို စီးနင်းတိုက်ခိုက်ကာ ဖမ်းဆီးဖို့ သူက အမိန့်ပေးခဲ့သည်။ ဒီအစည်းအရုံးသည် သူ့ကို လုပ်ကြံသတ်ဖြတ်ဖို့အတွက် ပူးပေါင်းကြံစည်ခဲ့သော လျှို့ဝှက်အသင်းတခု ဖြစ်သည်ဆိုသော စွပ်စွဲချက်နှင့် ဖမ်းဆီးဖို့ အမိန့်ပေးခဲ့ခြင်းဖြစ်သည်။
လူဝီဘိုနာပတ်၏ ဘုရင့်အစိုးရသည် နိုင်ငံတကာ အလုပ်သမားအစည်းအရုံး၏ ပဲရစ်ဌာနခွဲမှ ခေါင်းဆောင်များကို သုံးကြိမ်တိုင်တိုင် ရုံးးတင်စစ်ဆေးခဲ့သည်။ ဒီခေါင်းဆောင်တွေက တရားရုံးတော်တွင် အရင်းရှင်စနစ်ကို ဖွင့်ချတိုက်ခိုက်ကာ ပြန်လည်တုံ့ပြန်ခဲ့ ကြပါသည်။ လူဝီဘိုနာပတ် အစိုးရ၏ တရားရုံးများသည် ဖုံးမနိုင်ဖိမရ အမှားအယွင်းတွေနှင့်အတူ ပွင့်ကျ သွားခဲ့ရသည်။
နိုင်ငံတကာ အလုပ်သမား အစည်းအရုံး ပြင်သစ်ဌာနခွဲ၏ တကယ့်ပြစ်မှုက ဘာလဲ။
‘ဆန္ဒခံယူပွဲ’တွင် မဲပေးရေးဆိုသည်မှာ ပြည်တွင်း အာဏာရှင်အုပ်စိုးမှုနှင့် ပြည်တွင်းစစ် ဆင်နွှဲရေးတို့အတွက် မဲပေးရ ခြင်းသာ ဖြစ်ကြောင်း ပြင်သစ်ပြည်သူတွေ အကျယ်အပြန့်သိရှိစေဖို့ အလေးအနက် ပြောကြားစည်းရုံးခဲ့ကြခြင်းပင် ဖြစ်၏။
လက်တွေ့တွင်လည်း သူတို့စည်းံရုံးခဲ့ကြသော မြို့ကြီးတွေမှန်သမျှနှင့် ပြင်သစ်ပြည်၏ စက်မှုလုပ်ငန်း ဗဟိုချက်မ မှန်သမျှတို့မှာ အလုပ်သမားတို့ နိုးကြားထကြွလာပြီး လူထုဆန္ဒခံယူပွဲကို တစိတ်တဝမ်းတည်း ကန့်ကွက်ဆန့်ကျင်ခဲ့ကြသည်။ အကြောင်းမလှချင်တော့ ခရိုင်အတွင်းရှိ ကျေးလက်များ၏ အလွန်တရာ အသိအမြင်နိမ့်ကျနေမှုကြောင့် ချိန်ခွင်လျှာသည် ဆန္ဒခံယူပွဲဘက်သို့ အလေးသာသွားခဲ့သည်။
ပြင်သစ် အလုပ်သမားလူတန်းစားအပေါ် အင်ပါယာနိုင်ငံတော်၏ အောင်ပွဲအထိမ်းအမှတ်အနေဖြင့် လူထုဆန္ဒခံယူပွဲ ကို ကျင်းပခဲ့လေသည်။ ဤသည်မှာ လုပ်ကြံသတ်ဖြတ်ရေးအတွက် အချက်ပြသင်္ကေတပါပဲ။ လူတဦးတယောက်အား လုပ်ကြံသတ်ဖြတ်ရေး မဟုတ်။ တနိုင်ငံလုံးအား လုပ်ကြံသတ်ဖြတ်ရေးပါ။
၁၈၆၆ ခုနှစ်တွင် ပရပ်ရှားနှင့် သြစတီးရီးယားတို့ စစ်ပွဲ ဖြစ်ပွားခဲ့သည်။ ဒီစစ်ပွဲကို ဖန်တီးခဲ့သူကတော့ ပရပ်ရှားက ဘစ်စ်မတ် ပါ။ ပရပ်ရှား၏ နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ ဘစ်စ်မတ်သည် လူဝီဘိုနာပတ်၏ ပုံတူကိုယ်ပွားဟူ၍ ဆိုနိုင်သည်။ ပြည်တွင်းမှာ အစိုးရ ဂိုဏ်းကို အတိုက်အခံပြုနေသည့် လစ်ဘရယ်ဂိုဏ်း၏ သတင်းစာများကို ပိတ်ပင်ပြီး လစ်ဘရယ်ဂိုဏ်းကို နှိမ်နင်း ခဲ့သည်။ စစ်တပ်ကို တိုးချဲ့ စစ်စရိတ်ကို တိုးမြှင့်သည်။ ဘစ်စ်မတ်သည် (၁၈၆၄) ခုနှစ်တွင် ရုရှားနှင့် ပြင်သစ်က မစွက်ဖက်ပါဘူး-ဟု ကတိပေးထားမှုအောက်တွင် သြစတီးရီးယားနှင့် မဟာမိတ်လုပ်ပြီး ဒိန်းမတ်ကို ကျူးကျော်ခဲ့သည်။ ယခုတခါ (၁၈၆၆) မှာ သြစတီးရီးယားကို စစ်ကြေညာပြီး တိုက်ခိုက်ပြန်ခြင်း ဖြစ်၏။
ဒီစစ်ပွဲမှာ ပရပ်ရှားက အနိုင်ရပြီး ဂျာမန်အင်ပါယာ ထူထောင်ရေးအတွက် ဆက်လက်လုံးပန်းဖို့ လုပ်လာပြန်သည်။
ပရပ်ရှာ - သြစတီးရီးယားစစ်ပွဲမှာ နပိုလီယံ-၃ (လူဝီဘိုနာပတ်) က ကြားနေခဲ့သည်။ ဒီလိုကြားနေခဲ့ရင် နယ်မြေတွေ စစ်လျော်ကြေးအဖြစ် ရတဲ့အခါ နပိုလီယံ- ၃ ကိုလည်း ခွဲဝေပေးမယ်လို့ ဘစ်စ်မတ်က လိမ်ညာခဲ့လို့ပါ။ စစ်ပွဲအပြီးမှာတော့ လူဝီဘိုနာပတ်အတွက် စစ်ပွဲကလွဲလို့ ဘာဆိုဘာမှ မကျန်ပါ။ သူ ဘာမှ မရလိုက်။ ပရပ်ရှားကို စစ်တိုက်ရုံပဲ ကျန်တော့သည်။
(၁၈၇ဝ) ခုနှစ်၊ ဇူလိုင် (၁၉) ရက်နေ့တွင် ပြင်သစ်ပြည်ဘက်က စတင်စစ်ကြေညာလိုက်သည်။
ဤစစ်ပွဲသည် ပြင်သစ်ပြည်၏ (၁၈၅၁) ဒီဇင်ဘာ (၂) ရက်နေ့ အကြမ်းဖက်အာဏာသိမ်းပွဲကို အမှားပြင်ဆင်ကာ အသစ် ရိုက်နှိပ်ထုတ်ဝေလိုက်ခြင်းသာ ဖြစ်၏။
အစပိုင်းမှာ အရာကိစ္စတွေ ကပြောင်းကပြန် ရှုပ်ရှုပ်ထွေးထွေး ဖြစ်နေခဲ့သည့်အတွက် ပြင်သစ်ပြည်မှာ စစ်ဖြစ်မှာကို လူတွေက သိပ်မယုံကြည်ခဲ့ကြ။ ပြင်သစ်ပြည်၏အောက်လွှတ်တော် တာဝန်ခံ ကိုယ်စားလှယ်ကလည်း ဝန်ကြိးအဆင့်တွေ စစ်ပွဲအတွက် ဆွေးနွေးနေကြသည်ကို စတော့စာချုပ်အရောင်းအဝယ်ကိစ္စအတွက် လှည့်ကွက်လုပ်နေကြခြင်းပါ - ဟု လိမ်ညာပြီး ကြေညာခဲ့သဖြင့် ဒါကိုပဲ ယုံနေကြသည်။
စစ်ကြေညာမည်ဆိုသည်ကို ဇူလိုင်လ (၁၅ ) ရက်နေ့တွင် အခိုင်အမာသိလာကြတော့ အတိုက်အခံတွေအားလုံးက အစိုးရ၏ စစ်စရိတ်ထုတ်ယူသုံးစွဲရေးကို မဲမပေးနိုင်ဟု ငြင်းဆိုလိုက်ကြသည်။ ပါလီမန်ခေါင်းဆောင်တဦးဖြစ်သူ သိုင်းယားစ် ကတောင် “သိပ်ရွံမုန်း စရာကောင်းတဲ့ ကိစ္စပဲ”ဟူ၍ တံဆိပ်တပ်ပေးရသည်အထိ ဖြစ်ခဲ့သည်။ အစိုးရပိုင်မဟုတ်သည့် ပဲရစ်က သတင်းစာ၊ ဂျာနယ်တွေ အားလုံးသည် ဒီစစ်ပွဲကို အပြစ်တင်ဝေဖန်ခဲ့ကြသည်။ ဒီလို အပြစ်တင်ဝေဖန်ရာတွင် ပြင်သစ်ပြည်၏ ပြည်နယ်တွေမှ သတင်းစာများ ကလည်း အံ့သြစရာကောင်းလောက်အောင် တညီတညွတ်တည်း ရှိကြသည်။
ကားလ်မာ့က်စ်က ပြင်သစ်ပြည်အလုပ်သမားများကို တတိယနပိုလီယံအား ဒီစစ်ပွဲအတွက် ဆန့်ကျင်ကြရန် ဆော်သြောခဲ့ပါသည်။ ဂျာမဏီမှ အလုပ်သမားများကိုလည်း ဂျာမဏီပြည်ဟာ ခံစစ်ဘဝမှ ထိုးစစ်ပြန်လုပ်ခဲ့လျှင် ပြင်သစ် ပြည်သူများကို ဆန့်ကျင်ရေး မဖြစ်စေဖို့ သတိပေးခဲ့ပါသေးသည်။
ဒီစစ်ပွဲနှင့် ပတ်သက်၍ ပြင်သစ်နှင့် ဂျာမဏီပြည်ရှိ အလုပ်သမားများ၏ စိတ်ဓာတ်မှာ အထူးလေ့လာစရာ ကောင်း သည်။
နိုင်ငံတကာ အလုပ်သမားများ အစည်းအရုံး၏ ပဲရစ်ဌာနခွဲမှ အဖွဲ့ဝင်များသည် ဂျူလိုင် (၁၂) ရက်နေ့ထုတ် နှိုးဆော်သံ (ခရာသံ) ဆိုသည့် စာစောင်ထဲမှာ “နိုင်ငံအားလုံးမှ အလုပ်သမားများသို့”ဟူသော ကြေညာစာတမ်းတစောင်ကို ထည့်သွင်းဖော်ပြ ခဲ့သည်။ ထိုကြေညာစာတမ်းထဲမှာပါသည့် စာပိုဒ်တခုကို ကောက်နုတ်ဖော်ပြရမည်ဆိုလျှင်...
“အမျိုးသားဂုဏ်သိက္ခာအတွက် ဥရောပတိုင်းပြည်များ၏ ချိန်ခွင်ညှာ ထိန်းညှိမှုဟု အကြောင်းပြပြီး နိုင်ငံရေး ရည်မှန်းချက် ဆန္ဒရမက်တွေကြောင့် ကမ္ဘာ့ငြိမ်းချမ်းရေးသည် နောက်တကြိမ် ခြိမ်းခြောက်ခံနေရပြန်ပါပြီ။ ပြင်သစ်အမျိုးသား၊ ဂျာမန်အမျိုးသား၊ စပိန် အမျိုးသား အလုပ်သမားအပေါင်းတို့.... ကျွန်တော်တို့၏ကြွေးကြော်သံများကို တခုတည်းသော စစ်ဆန့်ကျင်ရေး ကြွေးကြော်သံအဖြစ် တသွေးတသံတည်း ပေါင်းစည်းကြပါစို့။ ဒီစစ်သည် အသာစီးရဖို့ အမြတ်ရှာဖို့အတွက် ဖြစ်ကောင်းဖြစ်မည်။ သို့မဟုတ် မင်းဆက်တခု အုပ်စိုးဖို့အတွက်လည်း ဖြစ်ကောင်းဖြစ်ပေလိမ့်မည်။ ကျွန်တော်တို့ အလုပ် သမားများ၏အမြင်မှာတော့ ဒီစစ်ပွဲသည် ပြစ်မှုကျူးလွန်ခြင်းကလွဲ၍ တခြား ဘာမျှမဟုတ်ပါ။ အကျိုးအမြတ် ရှာဖွေရေး အတွက် လတ်ဆတ်သစ်လွင်သော ရေသောက်မြစ်တခုကို လူထုကံဆိုးမိုး မှောင်ကျနေစဉ်အတွင်း လာရောက်ရှာဖွေနေ သူများ၏ စစ်လိုလားသည့် ကြေညာချက်ကို တုံ့ပြန်ဖို့အဖြေကတော့ ... ကျွန်တော်တို့ ကန့်ကွက်တယ်။ ငြိမ်းချမ်းရေး၊ အလုပ်နဲ့ လွတ်လပ်မှုတို့ကို လိုလားသူ ကျွန်တော်တို့က ကန့်ကွက်တယ်...
ဂျာမဏီမှ ညီအစ်ကို တော်သူများတို့...
ကျွန်တော်တို့ ကွဲပြားနေကြမည်ဆိုလျှင် ရိန်းမြစ်၏ကမ်းပါး (၂) ဖက်စလုံးက အာဏာရှင်အုပ်စိုးသူများ၏ အကြွင်းမဲ့ အောင်ပွဲကိုသာ ဖြစ်စေပါလိမ့်မည်။
တိုင်းပြည်အားလုံးရှိ အလုပ်သမားအပေါင်းတို့ ...
ကျွန်တော်တို့ချင်း ပူးပေါင်းကြိုးပမ်းမှုများ၏ လတ်တလောအခြေအနေတွေ မည်သို့ပင်ဖြစ်နေစေကာမူ တိုင်းပြည်၏ နယ်နိမိတ် ဆိုသည်ကို မသိရှိကြသော၊ နိုင်ငံတကာ့အလုပ်သမားအဖွဲ့ချုပ်၏ အဖွဲ့ဝင်များဖြစ်ကြသော ကျွန်တော်တို့တတွေက ဖြိုခွဲမရသည့် သွေးစည်းညီညွတ်မှုကို သန္နိဋ္ဌာန်ပြုသည့်အနေဖြင့် ပြင်သစ်အလုပ်သမားထု၏ မွန်မြတ်သော စိတ်စေတနာ၊ မေတ္တာတို့ပို့သကာ အလေးပြု လိုက်ပါသည်။”
ဒီကြေညာချက် ထွက်ပေါ်လာပြီးသည်၏နောက်မှာ ပြင်သစ်ဘာသာဖြင့် ကြေညာချက်တွေ တသီကြီး ထွက်လာခဲ့ ပါတော့သည်။
“ဒီစစ်ပွဲ - ဒီစစ်ပွဲဟာ တရားပါသလား”
“မတရားဘူး”
“ဒီစစ်ပွဲ - ဒါဟာ နိုင်ငံနဲ့ဆိုင်တဲ့ စစ်ပွဲလား”
“မဟုတ်ဘူး။ ဒါဟာ မင်းဆက်အုပ်စိုးမှုနဲ့ဆိုင်တဲ့ စစ်ပွဲပဲ ဖြစ်တယ်”
ဒါတွေက ပြည်သူလူထုရဲ့ အသံတွေပါ။
ပရပ်ရှားနှင့် ဖြစ်ပွားသည့် လူဝီဘိုနာပတ်၏ စစ်ပွဲမှာ မည်သို့သောအခြင်းအရာတွေပဲ ပေါ်ပေါက်နေပါစေ၊ ပဲရစ်မြို့မှာ ကတော့ ဒုတိယအင်ပါယာ နိုင်ငံတော်၏ အသုဘ ခေါင်းလေင်းသံကို ကြားနေရပါပြီ။ သူ၏ နိဂုံးပိုင်းဆိုသည်မှာလည်း ရှုံးနိမ့်မှု၏ ပုံတူရုပ်လွှာ ဖြစ်သွားရတော့မည်သာ။ သို့ရာတွင် ကျွန်တော်တို့အတွက် မေ့မသွားသင့်သည့် အချက်တချက် ကတော့ လူဝီဘိုနာပတ်အတွက် အင်ပါယာပြန်လည်ရယူရေးဆိုသော ရက်စက်ကြမ်းကြုတ်လှသည့် တခန်းရပ်ပြဇာတ်ကို (၁၈) နှစ်တာ ကာလအတွင်း ကပြတင်ဆက်နိုင်အောင် ခွင့်ပြုပေးခဲ့သူများမှာ ဥရောပတိုက်ရှိ အစိုးရများနှင့် အုပ်စိုးသူ လူတန်းစား များ ဖြစ်ခဲ့သည်ဆိုသော အချက်ဖြစ်ပါသည်။
ဂျာမန်တို့ဘက်က ကြည့်လျှင် ဒီစစ်ပွဲသည် ခုခံကာကွယ်ရေးစစ် ဖြစ်သည်။ သို့ရာတွင် ဂျာမန်တို့အနေနှင့် ကိုယ့်ကိုယ်ကို ခုခံ ကာကွယ်ဖို့ လိုအပ်လာအောင် ဘယ်သူက လုပ်ခဲ့တာလဲ။ တိုင်းပြည်အပေါ် စစ်ပွဲဆိုတဲ့ ဝန်ထုပ်ဝန်ပိုး တင်ပေးလိုက်ဖို့ လူဝီဘိုနာပတ်ကို ဘယ်သူကများ ခိုင်းစေလိုက်သလဲ။ ပရပ်ရှားပဲ မဟုတ်လား။ ဘစ်စ်မတ်သည် သူ့ပြည်တွင်း လူထုကြိုက်ဖြစ်နေသည့် အတိုက်အခံအဖွဲ့ ကို ဖိနှိပ်ဖြိုခွဲဖို့နှင့် ဂျာမဏီအင်ပါယာ ထူထောင်ရေးအတွက် လူဝီဘိုနာပတ်နှင့် လက်ဝါးချင်းရိုက်ထားခဲ့ကြသည်။ သို့ရာတွင် သူသည် လူဝီဘိုနာပတ်ကိုလည်း လိမ်ညာခဲ့သည်။
အောင်မြင်မှုရရှိနေဆဲဖြစ်သည့် ဘိုနာပတ်၏ အုပ်စိုးမှုသည် ယခုအခါမှာတော့ ရိန်းမြစ်၏ အခြားတဖက်ကမ်း တွင်လည်း သူ၏ပုံတူကိုယ်ပွားအဖြစ် ဘစ်စ်မတ် ရှိနေပြီဖြစ်သည်။ သို့ရာတွင် ဥရောပတိုက်ဆိုတာ ဘိုနာပတ် (၂) ယောက် အတွက် ဆိုလျှင် သိပ်ကို ငယ်လွန်းလှသည်။ ထို့ကြောင့် သမိုင်း၏ပြက်ရယ်ပြုမှုအဖြစ် ဘိုနာပတ်တယောက်ယောက်ကတော့ သမိုင်းဇာတ်ခုံ ပေါ်ကဆင်းပေးရပေ လိမ့်မည်။
ဂျာမန်တို့ဘက်က ခုခံကာကွယ်ရေးစစ်ပွဲနိုင်ခဲ့လျှင် ပြင်သစ်ပြည်ကို ဆက်လက်ကျူးကျော်မည့် အလားအလာ လည်းရှိနေသည်။
“အကယ်၍ ဂျာမန်အလုပ်သမားလူတန်းစားသည် မျက်မှောက်စစ်ပွဲ၏ ခုခံရေးလက္ခဏာ အတိအကျဖြစ်နေမှုကို လက်လွှတ်ပြီး ပြင်သစ်ပြည်သူများကို ဆန့်ကျင်သော စစ်ပွဲအဖြစ် နိမ့်ကျသွားစေဖို့ ခွင့်ပြုလိုက်မည်ဆိုလျှင် အောင်ပွဲ (သို့မဟုတ်) ရှုံးးနိမ့်မှုသည် ကပ်ဘေးအန္တရာယ်ကိုသာ ဖြစ်စေလိမ့်မည်။ လွတ်လပ်ရေးစစ်ပွဲအပြီး ကာလတုန်းက ဂျာမဏီမှာ ကျရောက်ခဲ့သည့် ဘေးဒုက္ခ အားလုံးတို့သည် ပိုမိုကြီးမားသည့် သည်းသန်ပြင်းထန်မှုနှင့်အတူ ပြန်လည် ကျရောက လာလိမ့်မည်။” ဟူ၍ မာ့က်စ်က ညွှန်ပြခဲ့သည်၊ (တကယ်တမ်းတွင်လည်း မာ့က်စ်ဟောကိန်းထုတ်ခဲ့သည့်အတိုင်း ဖြစ်လာခဲ့ပါ သည်။)
သို့ရာတွင် ဂျာမန်အလုပ်သမားတို့သည် တာဝန်သိစွာ ကျူးကျော်စစ်ကို ဆန့်ကျင်ခဲ့ကြပါသည်။ ပြင်သစ် အလုပ် သမားများ၏အသံကို ဂျာမဏီကလည်း ပဲ့တင်ရိုက်တုံ့ပြန်ခဲ့သည်။ ဂျာမဏီအလုပ်သမားထု အစည်းအဝေးတရပ်က ပဲရစ် အလုပ်သမားထု၏ ကြေညာစာတမ်းအပေါ် အပြည့်အဝ ထောက်ခံကြောင်း၊ ပြင်သစ်အပေါ် အမျိုးသားရန်လိုမှု အတွေး အခေါ်ကို ငြင်းဆိုပယ်ချကြောင်းတို့ကို ဖော်ပြခဲ့ပြီး နိဂုံးချုပ်တွင် သူတို့၏ဆုးံဖြတ်ချက်များကို အောက်ပါအတိုင်း တင်ပြခဲ့ကြ ပါသည်။
“ကျွန်တော်တို့ဟာ မင်းဆက်ဘုရင်စနစ်ရဲ့ စစ်ပွဲများကိုသာမက စစ်ပွဲဟူသမျှတို့ရဲ့ ရန်သူတော်တွေဖြစ်ပါတယ်၊ ကျွန်တော်တို့ဟာ ရှောင်လွှဲမရနိုင်တဲ့ ကိစ္စဆိုးတရပ်အဖြစ် ဒီစစ်ပွဲအတွင်း တွန်းပို့ခံရခြင်းကို အလွန်တရာ စိတ်မချမ်းမြေ့ဖွယ်ရာ တွေ့ကြုံခံစား ကြရပါတယ်။ ဒါပေမဲ့ ဒီလိုကြီးမားပြင်းထန်တဲ့ ကံဆိုးမိုးမှောင်ကျမှုမျိုး ထပ်မံမဖြစ်ပေါ်စေဖို့အတွက် စစ်နဲ့ငြိမ်း ချမ်းရေးကို အဆုံးအဖြတ် ပေးနိုင်တဲ့အာဏာဟာ ပြည်သူမှာသာရှိကြောင်း သိစေခြင်းနည်းလမ်းနဲ့ ပြည်သူလူထုကို ကိုယ့် ကြမ္မာ ကိုယ်ပြဋ္ဌာန်းတဲ့ အရှင်သခင် ဖြစ်အောင်ဖန်တီးပေးတဲ့ နည်းလမ်းများတို့ကို ထမ်းရွက်လုပ်ဆောင်သွားကြပါရန် ဂျာမန် အလုပ်သမားလူတန်းစား တရပ်လုံးအား ကျွန်တော်တို့ တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။”
ဂျာမဏီ အလုပ်သမား (၅ဝ, ဝဝဝ) ကို ကိုယ်စားပြုသော ကိုယ်စားလှယ်များ အစည်းအဝေးတခုကလည်း အောက်ပါ ဆုံးဖြတ်ချက်တရပ်ကို တညီတညွတ်တည်း ချမှတ်ခဲ့ကြလေသည်။
“ဂျာမန်ဒီမိုကရေစီနဲ့ အထူးသဖြင့် ဒီမိုကရက်တစ်ဆိုရှယ်လစ်ပါတီကို ဖွဲ့စည်းတည်ထောင်ထားတဲ့ အလုပ်သမားများ အနေနဲ့ မျက်မှောက်စစ်ပွဲဟာ မင်းဆက်ဘုရင်တွေအတွက် ဖြစ်တာကလွဲလို့ ဘာမှမဟုတ်ဘူးဆိုတာ ကျွန်တော်တို့ ကြေညာအပ်ပါတယ်။ ပြင်သစ်အလုပ်သမားများက ကျွန်တော်တို့ထံ ညီရင်းအစ်ကိုပမာ ချစ်ခင်စွာ လက်ကမ်းလာမှုကို လက်ခံ စွဲကိုင်ရတဲ့အတွက် ကျွန်တော်တို့အတွက် ဝမ်းမြောက်ဂုဏ်ယူမှုဖြစ်ရပါတယ်။ နိုင်ငံအားလုံးမှ ပစ္စည်းမဲ့များ သွေးစည်းညီညွတ် ကြလော့ ဆိုတဲ့ နိုင်ငံတကာအလုပ်သမားများ အစည်းအရုံးရဲ့ (ကြွေးကြော်သံ) ဆောင်ပုဒ်ကို အလေးအနက်ပြုပြီး နိုင်ငံ အားလုံးမှ အလုပ်သမားများဟာ ကျွန်တော်တို့ရဲ့ မိတ်ဆွေများ ဖြစ်ကြောင်းနဲ့ နိုင်ငံအားလုံးမှ အာဏာရှင်စနစ်အုပ်စိုးသူများဟာ ကျွန်တော်တို့ရဲ့ ရန်သူများ ဖြစ်ကြောင်း ကျွန်တော်တို့ ဘယ်သောအခါမျှ မေ့လျော့သွားလိမ့်မည် မဟုတ်ပါ။”
နိုင်ငံတကာ အလုပ်သမားအစည်းအရုံး ဘာလင်ဌာနခွဲက ပဲရစ်ကြေညာစာတမ်းကို ပြန်ကြားရာတွင် ...
“ကျွန်တော်တို့အနေနဲ့ ခင်ဗျားတို့ရဲ့ စစ်ဆန့်ကျင်ရေးမှာ စိတ်ရောကိုယ်ပါ ပူးပေါင်းပါဝင်ပါတယ်။ အောင်ပွဲ ခရာသံ ဖြစ်စေ၊ (သို့မဟုတ်) အမြောက်ပေါက်ကွဲသံဖြစ်စေ ... အောင်ပွဲဖြစ်စေ၊ (သို့မဟုတ်) ရှုံးနိမ့်မှုဖြစ်စေ မည်သည့်အရာကမျှ နိုင်ငံအားလုံးမှ တာဝန် လွှဲပေးခြင်းခံရသော မျိုးဆက်များအဖွဲ့ချုပ်ရဲ့ ဘုံလုပ်ငန်းစဉ်များကနေ ကျွန်တော်တို့ကို ပြောင်းလဲကင်း ကွာစေလိမ့်မည် မဟုတ်ကြောင်း ကျွန်တော်တို့ အလေးအနက် ကတိပြုပါတယ်။”ဟု ဖော်ပြခဲ့သည်။
ကိုယ့်ဘာသာ သတ်သေလိုက်ကြသလို ဖြစ်သော ဒီစစ်ပွဲ၏နောက်ခံကားတွင် ရုရှားပြည်၏ ပုံရိပ်မဲကြီး ထင်ဟပ်လာ သည်။ ဤသည်မှာ သတိပေးနေသည့် နိမိတ်ဆိုးပြ သင်္ကေတလည်းဖြစ်သည်။ မော်စကိုအစိုးရက သူ၏သေနင်္ဂဗျူဟာ မီးရထားလမ်းကို ဖောက်ပြီးစအချိန် သူ့တပ်တွေကို ဂျာမဏီက ‘ပရပ်မြို့’ဆီ ဦးတည်ချီတက်ဖို့ လွှတ်လိုက်သည့်အချိန် ... အဲဒီလိုအချိန်မှာ မျက်မှောက်စစ်ပွဲအတွက် အချက်ပြ သတိပေးလိုက်ခြင်းဖြစ်၏။ ဘိုနာပတ်၏ကျူးကျော်မှုကို ခုခံကာကွယ် နေရသည့်စစ်ပွဲအတွင်းမှာ ဂျာမဏီအနေနှင့် ဘယ်လို စာနာထောက်ခံမှုတွေ လိုအပ်နေသည်ဖြစ်စေ၊ ကော့ဆက်တို့ဆီက အကူအညီတောင်းခံဖို့ (သို့မဟုတ်) လက်ခံဖို့ ပရပ်ရှားအစိုးရလုပ်နေသည်များကို အလုပ်သမားနှင့်ပြည်သူများက ခွင့်ပြုပေး လိုက်သည်နှင့်တပြိုင်နက် ထိုစာနာ ထောက်ခံမှု တွေကို ဆုံးရှုံးသွားရပါလိမ့်မည်။ ပထမနပိုလီယံကို ခုခံတိုက်ခိုက်ခဲ့ရသော လွတ်လပ်ရေးစစ်ပွဲအပြီးတွင် ဂျာမဏီနိုင်ငံသည် မျိုးဆက်နှင့်ချီပြီး ဇာဘုရင်၏ခြေရင်းမှာ ဝပ်စင်းခဲ့ရသော အတိတ်မှ အချက် အလက်ကို ကျွန်တော်တို့ မေ့ လျော့မသွားသင့်ပါ။
အင်္ဂလိပ်အလုပ်သမား လူတန်းစားကလည်း ပြင်သစ်နှင့် ဂျာမန်အလုပ်သမားပြည်သူတွေကို တိုက်ဖော်တိုက်ဖက် အဖြစ် ပူးတွဲ ဖို့ လက်ကမ်းမှု ပြုခဲ့ပါသည်။
မုန်းတီးစက်ဆုပ်စရာ စစ်ပွဲကြောင့် ဘာတွေပဲ ပြောင်းလဲဖြစ်ပေါ်နေပါစေ၊ နိုင်ငံအားလုံးမှ အလုပ်သမားလူတန်းစား၏ မဟာ မိတ်ဖွဲ့မှုသည် အဆုံးတနေ့တွင် စစ်ပွဲ ဆိုသည်ကို သုတ်သင်ပစ်လိမ့်မည်ဟူ၍ သူတို့လေးနက်စွာ တထစ်ချ ယုံကြည်ခံစားခဲ့ကြပါသည်။ တရားဝင်အစိုးရများဖြစ်ကြသည့် ပြင်သစ်နှင့် ဂျာမဏီအုပ်စိုးသူတို့က အမုန်းပွားစစ်ခင်းမှုတရပ် အတွင်းသို့ ခုန်ဆင်းတိုးဝင်နေစဉ် အတောအတွင်း ပြင်သစ်နှင့် ဂျာမဏီအလုပ်သမားတွေကတော့ ငြိမ်းချမ်းရေးပဲ့တင်သံ တွေနှင့် မေတ္တာစေတနာတို့ကို အပြန်အလှန် ပို့နေခဲ့ကြခြင်းသည် တကယ့်အဖြစ်မှန်ပင် ဖြစ်ခဲ့သည်။ ဒါမျိုး အတိတ်သမိုင်းမှာ နှိုင်းယှဉ်ပြစရာမရှိခဲ့ပါ။ နှိုင်းယှဉ်ပြစရာမရှိသော ဤ ကြီးမြတ်သည့် ဖြစ်ရပ်မှန်က တောက်ပသော အနာဂတ်၏ မြင်ကွင်းကျယ်တံခါးချပ်ကို ဖွင့်လှစ်ပေးလိုက်ပါသည်။
(ဆက်လက်ဖော်ပြသွားပါမည်)
အရှေ့မိုးကောင်းကင်ဝက်ဆိုဒ် မှ ကူးယူဖော်ပြပါသည်။
0 comments:
Post a Comment