မင်္ဂလာပါ ... ကြွရောက်လာကြသော မိတ်သင်္ဂဟအပေါင်းတို့ကို "မြန်မာအလုပ်သမားများကွန်ယက်" ဆိုဒ်မှ နွေးထွေးစွာဖြင့် ကြိုဆိုပါတယ်ခင်ဗျာ....

တရုတ်တွင် နှိပ်စက်ခံရသည့် မြန်မာအလုပ်သမားများ ထွက်ပြေးလွတ်မြောက်

တရုတ်နဲ့ တောင်ကိုရီးယားနယ်စပ်က ပင်လယ်ကမ်းရိုးတန်းမြို့တမြို့မှာ တရားမ၀င် သွားရောက် အလုပ်လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမားတွေဟာ အလုပ်ရှင်ရဲ့ နှိပ်စက် အနိုင်ကျင့်မှုနဲ့ လုပ်အားခအပြည့်အ၀ မပေးမှုတို့ကြောင့် ထွက်ပြေးလာကြပါတယ်။
တရုတ်နိုင်ငံ အရှေ့ဘက် ကမ်းရိုးတန်းဒေသ ရှန်တုံပြည်နယ် (ShanDong) ထဲက ပင်လယ်ငါး ထုတ်လုပ်တဲ့ စက်ရုံတခုမှာ သွားရောက် အလုပ်လုပ်ကိုင်တဲ့ မြန်မာအလုပ်သမား ၁၈ ဦးဟာ အလုပ်ခွင်မှာ ညှဉ်းပန်းနှိပ်စက်ခံရမှုနဲ့ လုပ်အားခ အပြည့်အ၀ မရမှုတို့ကြောင့် ပြန်လည်ထွက်ပြေးလာခဲ့ကြတာပါ။
မြန်မာအလုပ်သမားတွေဟာ ကိုရီးယားနဲ့ ဂျပန်ကို တင်ပို့တဲ့ ပင်လယ်ငါး ထုတ်လုပ်တဲ့ ကုမ္ပဏီရဲ့ စက်ရုံမှာ ငါးခွဲ၊ ငါးခေါင်းဖြတ် စတဲ့ ငါးခုတ်တဲ့ အလုပ်တွေ လုပ်ရတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းက စက်ရုံမှာ တရုတ် အမျိုးသားတဦးရဲ့ ပစ္စည်းပျောက်တာကို အကြောင်းပြုပြီး တရုတ်နဲ့ မြန်မာ အလုပ်သမားတွေ အကြား ခိုက်ရန်ဖြစ်ပွားပြီးနောက်မှာ ခုလို ထွက်ပြေးလာတာလို့ မိထ္ထီလာမြို့ကနေ တရုတ်နိုင်ငံကို သွားရောက် အလုပ်လုပ်ကိုင်တဲ့ အလုပ်သမား ကိုအောင်အောင်က ပြောပါတယ်။
“တရုတ်တယောက်က သူ့ရဲ့တန်ကြေးမရှိတဲ့ပစ္စည်း ပျောက်တာကို ဗမာတွေအကုန်လုံးကို သိမ်းကျုံးဆဲတော့ နားလည်တဲ့ကောင်တယောက်က ဒေါသဖြစ်ပြီး စကားများတာနဲ့ တရုတ်တွေက အကုန်ဝိုင်းချတာပဲ။ ဓားတွေရော၊ တုတ်တွေနဲ့၊ တွေ့တာနဲ့ ၀ိုင်းချတာ။ ဗမာတွေကလည်း ကိုယ့်လူမျိုးတွေ ခံရတော့ ၀ိုင်းပြီးပြန်ချရင်းနဲ့ အကြီးအကျယ်ဖြစ်တော့တာပဲ။ တရုတ်ဘက်ကလည်း သွေးထွက်သံယိုတယောက်ဖြစ်တယ်။ ဗမာတွေဘက်ကလည်း ခေါင်းပေါက်တဲ့ သူပေါက်၊ လက်တွေ ပေါက်တဲ့သူက ပေါက်၊ ရိုက်ခံရတဲ့သူတွေက ခုထိ ခါးနာတဲ့သူတွေလည်း ရှိတယ်။ တရုတ်တွေက ၀ိုင်းချတော့ ဗမာတွေလည်း မနေရဲတော့ဘူးပေါ့။ ရှိတဲ့သူတွေ အကုန်လုံးက ပြန်လာချင်တယ်။ ဒါပေမယ့် တချို့က ပြန်လာလို့မရဘူး။”
မြန်မာပြည်ဒေသအနှံ့က လူငယ်အလုပ်သမားတွေဟာ လစာ ၁ လကို တရုတ်ယွမ်ငွေ ၂၀၀၀ လောက်ရမယ်ဆိုပြီး ရွှေလီ-ကျယ်ဂေါင် နယ်စပ်မှာ မြန်မာ ပွဲစားတဦးက လာရောက်စည်းရုံးခဲ့တဲ့အတွက် တရုတ်နိုင်ငံထဲ တရားမ၀င် လမ်းကြောင်းနဲ့ ဝင်ရောက် အလုပ်လုပ်ကိုင်ကြတာပါ။
ဒါပေမယ့် ပွဲစားပြောသလို လုပ်အားခ အပြည့်အ၀ မရခဲ့ကြဘူးလို့ ကိုအောင်အောင်က ပြောပါတယ်။
“အလုပ်ဝင်ဝင်ချင်း ပြောတာက တရုတ် ယွမ်ငွေ ၁၅၀၀၊ ၂၀၀၀ နဲ့ ၃၀၀၀ အထက်မှာ ရှိတယ် ပြောတယ်။ ကျနော်တို့ တကယ်သွားလုပ်တော့ လစာက တရက်ကို ဘယ်လောက်၊ တလကို ဘယ်လောက်ရမှန်းလည်း မရေရာဘူး။ အခု ၄၊ ၅ လ လုပ်ပြီး ပြန်လာတဲ့သူတွေရော၊ ၇ လ၊ ၈ လ လုပ်ပြီး ပြန်လာတဲ့ သူတွေရော လမ်းစရိတ်တောင် အနိုင်နိုင်ဖြစ်နေတာ။ လမ်းမှာလည်း အငတ်ငတ် အပြတ်ပြတ်နဲ့ သူများတွေ စားသလို ကျနော်တို့ မစားနိုင်ဘူး။”
မြန်မာအလုပ်သမားတွေဟာ ယူနန်ပြည်နယ် ကူမင်းမြို့ဘက်ကို ဘတ်စ်ကားနဲ့ ပြန်လာနေကြရာမှာ လမ်းခုလတ်မှာပဲ ရှိနေဆဲဖြစ်ပြီး ညပိုင်းလောက်မှာမှ မြန်မာနယ်စပ်ကို ရောက်မယ်လို့ ခန့်မှန်းထားပါတယ်။
မြန်မာအလုပ်သမားတွေ သွားရောက်လုပ်ကိုင်တဲ့ ရှန်တုံပြည်နယ်ဟာ တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံအကြား ပင်လယ် တဖက်တချက်မှာရှိတဲ့ နယ်စပ်မြို့ဖြစ်ပြီး ရွှေလီကနေ ၃ ည အိပ် ၄ ရက် ခရီး ဘတ်စ်ကားနဲ့သွားရတဲ့ဒေသ ဖြစ်ပါတယ်။
အဲဒီဒေသမှာ မြန်မာအလုပ်သမား ထောင်နဲ့ချီ သွားရောက် အလုပ်လုပ်ကိုင်နေကြပြီး အခု ထွက်ပြေးလာတဲ့ မြန်မာအလုပ်သမားတွေ လုပ်ကိုင်ခဲ့တဲ့ ပင်လယ်ငါး စက်ရုံမှာတော့ မြန်မာအလုပ်သမား ၃၀ နီးပါး ကျန်ရှိနေတုန်းပဲလို့ သိရပါတယ်။ 

စက်ရုံပိတ်လိုက်သဖြင့် အခက်တွေ့နေသည့် အလုပ်သမားများ ပြေလည်မှု ရရှိ

စက်ရုံပိတ်လိုက်လို့ အခက်တွေ့နေရတဲ့ မဲဆောက်မြို့က မြန်မာအလုပ်သမားတွေဟာ အလုပ်သမားကိုယ်စားလှယ်နဲ့ အလုပ်သမား ကာကွယ်စောင့်ရှောက်ရေး ရုံးတို့ရဲ့ ညှိနှိုင်းပေးမှုကြောင့် ပြေလည်မှုရသွားကြပါတယ်။
ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့က မြန်မာလုပ်သားပေါင်း ၃၀၀ ကျော် အလုပ်လုပ်နေတဲ့ လီဖွမ်း အထည်ချုပ်လုပ်ငန်းကို ဇူလိုင် ၁၄ ရက်နေ့မှာ အလုပ်ရှင်က ကြိုတင်မကြေညာဘဲ ပိတ်ပစ်လိုက်ပြီး ဇူလိုင် ၁၆ ရက်နေ့ နောက်ဆုံးထား စက်ရုံပြောင်းရွှေ့လုပ်ကိုင်ကြဖို့ ပြောလာတဲ့အတွက် အလုပ်ရှင်နဲ့ မြန်မာ အလုပ်သမားတွေအကြား တင်းမာမှု ဖြစ်ခဲ့တာပါ။
စက်ရုံပိတ်လိုက်တဲ့အတွက် အလုပ်သမားတွေရဲ့ အနေအထိုင် အစားသောက် အခက်တွေ့ရပြီး စက်ရုံမပြောင်းချင်တဲ့ အလုပ်သမားတွေကိုလည်း အလုပ်ရှင်က အလုပ်သမားကတ်တွေ၊ စာရွက်စာတမ်းတွေ ပြန်ထုတ်မပေးဘဲ သိမ်းထားခဲ့တာပါ။
ဒီကိစ္စ အလုပ်သမား အဖွဲ့အစည်းတွေရဲ့ ကြားဝင်ညှိနှိုင်းမှုနဲ့ ပြန်ပြေလည်ခဲ့ပြီလို့ ရောင်ခြည်ဦး အလုပ်သမားခေါင်းဆောင် ဦးမိုးဆွေက ပြောပါတယ်။
“မနေ့က သဘောတူညီချက် ရသွားတာက အလုပ်ရှင်က အလုပ်ပြောင်းမှာပဲ။ မလိုက်နိုင်တဲ့သူတွေကို တလစာ နစ်နာကြေးပေးမယ်လို့ သဘောတူညီချက် ရတယ်။ သူတို့ ပြဿနာတက်နေစဉ် ကာလတွေမှာ အလုပ်မဆင်းတဲ့ရက်တွေကို ၁၅ ရက်အတွင်းမှာ သူတို့ ပိုက်ဆံကို ထုတ်ပေးမယ်။ အလုပ်သမားတွေရဲ့ ပတ်စ်ပို့တွေကို လွှဲပြောင်းစာတွေ သူလုပ်ပေးမယ်ဆိုတဲ့ သဘောတူညီချက်တော့ ရသွားတယ်ဗျ။”
ရွှေ့ပြောင်းလုပ်ကိုင်ရမယ့် စက်ရုံဟာ မူလလုပ်ကိုင်နေတဲ့ စက်ရုံထက် ဝေးလံတဲ့ နေရာမှာရှိတာကြောင့် အလုပ်သမားတွေက မပြောင်းရွှေ့ချင်ကြတာ ဖြစ်ပါတယ်။
ထိုင်းအလုပ်သမားဥပဒေအရ စက်ရုံအလုပ်ရုံ ပိုင်ရှင်တွေဟာ မိမိအလုပ်သမားကို ရွှေ့ပြောင်းလိုတယ်ဆိုရင် ၁ လ ကြိုတင် အသိပေးထားရမှာဖြစ်ပြီး ကြိုတင်အသိမပေးရင်ဖြစ်စေ၊ အလုပ်သမားတွေဘက်က ပြောင်းရွှေ့လိုတဲ့ ဆန္ဒမရှိရင်ဖြစ်စေ နစ်နာကြေး တောင်းဆိုခွင့်ရှိတယ်။ ၁ လအတွင်း ကြိုတင်အကြောင်းမကြားရင် လုပ်အားခ ၁ လစာ နစ်နာကြေးရရမယ်လို့ ပြဋ္ဌာန်းထားတာပါ။
မဲဆောက်မှာ မြန်မာနိုင်ငံက ရွှေ့ပြောင်းအလုပ်သမားနဲ့ အလုပ်ရှင်ကြား ပြဿနာတွေ မကြာခဏ တက်လေ့ရှိပြီး အလုပ်သမားတွေအနေနဲ့ ဥပဒေကို နားလည်အောင်လေ့လာပြီး စည်းစည်းလုံးလုံးနဲ့ ညှိနှိုင်းမှုရှိဖို့လိုတယ်လို့ ဦးမိုးဆွေက ပြောပါတယ်။

DVB သတင်းဌာနမှ ကူးယူတင်ပြပါသည်။

အလုရှင်နှင့် အလုပ်သမား ညှိုနှိုင်းမှု ပြီးဆုံး


မဲ့ဆောက် မြို့ပိုင်ရုံးအနီး  ROYAL TEX. CO. LTD (ဘန့်နုရာ သိုးမွေး) စက်ရုံတွင် 29 . 5 . 2012 ရက်နေ့တွင်း အလုပ်သမားများ ဆန္ဒပြမှုဖြစ်ပွားခဲ့ပါသည်။

ဆန္ဒပြသည် အဓိကအကြောင်းအရင်းမှာ အလုပ်သမားများသည် လက်ရှိ ဒါဇင်ကြေးမှာ အဆမတန် ည်းပါးနေသောကြောင့် ဒါဇင်ဈေးတိုးမြင့်ရေးနှင့် အကယ်၍ ဒါဇင်ဈေး မတိုးမြင့်ပေးနိုင်ပါက ဒါဇင်စား(အထည်ကောက်) မှ နေ့စား အလုပ်သမားအဖြင့်ပြောင်းပေးရေးတို့ဖြစ်သည်။
စက်ရုံရှိအလုပ်သမားအများစုမှာ ဒါဇင်စားအလုပ်သမားများဖြစ်ပြီး အလုပ်ချိန် မနက် 8 နာရီမှ 10 နာရီအထိ လုပ်ခမှာ  1 လ လုပ်အားခစုစုပေါင်း 1500 ဘတ်မှ 1900 ဘတ်အလွန်ဆုံးသာရရှိသဖြင့် ဈေးနှုန်းတိုးမြင့်ပေးရန် ဆန္ဒပြ တောင်းဆိုခဲ့ခြင်းဖြစ်သည်။
အလုပ်သမားများသည် အောက်ပါ တောင်းဆိုချက်များကို တောင်းဆို တင်ပြခဲ့သည်။
1 - ဒါဇင်ကြေးတိုးပေးပါရန်နှင့် ညနေ 6 နာရီ နောက်ပိုင်း OT (အချိန်ပို)ကြေးပေးပါရန်၊ တနင်္ဂနွေနေ့အလုပ်ဆင်းရပါက လုပ်အားခ ကို ဥပဒေတွင် သတ်မှတ်ထားသည့်အတိုင်း 2 ဆပေးရန်
2 - ဒါဇင်ကြေးကို မတိုးပေးပါက နေ့စားခ (225) ဘတ် နှင့် OT ကြေး 1 နာရီလျှင် (25) ဘတ်ပေးပါရန်နှင့် ရာခိုင်နှုံးကြေး 3 ရာခိုင်နှုံး ဖြတ်တောက်ခြင်းကို ရပ်တန့်ပေးရန် တို့ဖြစ်သည်။
ထိုတောင်းဆိုချက်နှစ်ချက်ကို စက်ရုံရှိအလုပ်သမားများအားလုံး (125 ယောက်) မှ လက်မှတ်ရေးထိုးတောင်းဆိုခဲ့ကြသည်။
အလုပ်သမားများ၏တောင်းဆိုချက် စာကို အလုပ်ရှင်သို့ တင်ပြတောင်းဆိုခဲ့သော်လည်း အလုပ်ရှင်မှ မည်သို့မှ မလိုက်လျှောသည့်အပြင် အကယ်၍ အလုပ်မလုပ်နိုင်ပါက မိမိဆန္ဒအလျှောက် ထွက်သွားနိုင်ကြောင်းပြောဆိုသဖြင့် အလုပ်သမားများမှာ မကြေနပ်၍ အလုပ်မဆင်ပဲ ဆန္ဒပြတောင်းဆိုခဲ့ခြင်းဖြစ်ပါသည်။
30 ရက်နေ့ ည 9 နာရီခွဲခန့်တွင် အလုပ်သမားများသည် မြန်မာအလုပ်သမားများကွန်ယက်သို့ ဖုန်းဆက်အကြောင်းကြားလာသဖြစ် အလုပ်သမားများနှင့် သွားရောက်တွေ့ဆုံပြီး လိုအပ်သည့်အကြံဉာဏ်များ ပေးခဲ့ပါသည်။
31 ရက်နေ့ နံနက်တွင် အလုပ်သမားများမှာ အလုပ်ဆင်းရန် စက်ရုံသို့သွားရာ အလုပ်ရှင်မှ အလုပ်ပေးမဆင်းသဖြင့် အလုပ်သမားများမှာစက်ရုံဝန်းအတွင်းမှာပင် အုပ်စုလိုက်ထိုင်နေခဲ့ကြပါသည်။
နံနက် 930 နာရီခန့်တွင် အလုပ်သမားခေါင်းဆောင် 3 ဦး ထွက်လာပြီး မြန်မာအလုပ်သမားများကွန်ယက်သို့ အကူညီတောင်းခံခဲ့သည်။ 10 နာရီ 30 ခန့်တွင်  မြန်မာအလုပ်သမားများကွန်ယက်မှ ဦးဆောင်၍ အလုပ်သမားကာကွယ်ရေးရုံး (စ၀ါတီကန်) သို့ သွားရောက် အလုပ်သမားများ၏တောင်းဆိုချက်များကို တင်ပြ အကြောင်းကြားခဲ့သည်။ အလုပ်သမားကာကွယ်ရေးမှ အရာရှိမှ အလုပ်ရှင်နှင့် သူသွားရောက် ဆွေးနွေးပေးမယ်ပြောပါတယ်။ အလုပ်သမားကာကွယ်ရေးရုံမှ တာဝန်ရှိသူက 7 – 6- 2012 (ကြာသပတေး) နေ့တွင် အလုပ်ရှင်နှင့် အလုပ်သမားများအား အလုပ်သမားကာကွယ်ရေးရုံးတွင် ညှိနိုင်းတွေ့ဆုံရန်အတွက် ချိန်းဆိုလိုက်ပါသည်။ အလုပ်သမားများအနေနှင့် အလုပ်ပြန်ဆင်းရန်နှင့် အလုပ်သမားတွေတောင်းဆိုသည့်အချက်ကို သူ့အနေနှင့် အလုပ်ရှင်နှင့် ဆွေးနွေးပေးမည်ဟုပြောပါသည်။
1 . ရက်နေ့ မနက်တွင် အလုပ်သမားများ အလုပ်ပြန်ဆင်းရပြီး.. အလုပ်ရှင်မှ အစည်းဝေးခေါ် ညှိနိုင်ခဲ့ပါသည်။ အလုပ်ရှင်မှ အလုပ်သမားများအား နေ့စားခ တရက်ကို 150 ပေးမည်နှင့် အလုပ်ချိန်အတွင်း သူတို့သတ်မှတ်ထားသည့် စံနှုန်းအတိုင်း ပြီးအောင်လုပ်ပေးရန်ပြောဆိုခဲ့သည်။ ထို့အပြင် တနင်္ဂနွေ အလုပ် မဆင်းရသည့်ရက်တွင် ထမင်းမပေးတော့ကြောင်းပြောကြားခဲ့ပါသည်။ အလုပ်သမားများမှ ကျေနပ်မှုမရှိခဲ့ပေ..
7 ရက်နေ့တွင် စက်ရုံပိုင်ရှင်နှင့် ကိုယ်စာလှယ် 5 ဦး၊ အလုပ်သမား ကိုယ်စားလှယ် 7 ဦး နှင့် အလုပ်သမားကာကွယ်ရေးရုံး(စ၀ါတီကန်)မှ တာဝန်ရှိသူတို့ မနက် 10 နာရီတွင် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
တဘက်နှင့်တဘက် အပြန်အလှန်ဆွေးနွေးခဲ့ပြီး ညနေ 4 နာရီ အချိန်ခန့်တွင် အောက်ပါသဘောတူညီမှုကို ရရှိခဲ့ပါသည်။
1 . ယခင် ဒါဇင်စား (ပုတ်ပြတ်စား) အဖြစ်မှ နှစ်ဘက်သဘောတူညီ၍ နေ့စားအဖြစ် ပြောင်းလဲသတ်မှတ်ခဲ့သည်။
2. နေ့စားခကို ရေ၊ မီး၊ အဆောင်၊ ထမင်းဖိုး စသည်တို့ဖြစ်တောက်ပြီး နေ့စားခကို 155 ဘတ် တန်းတူရရှိမည်။
3. အချိန်ပို ( OT ) ကြေးကို တနာရီလျှင် 10 ဘတ် နှုံးဖြင့် သတ်မှတ်လိုက်သည်။
4. တနင်္ဂနွေ အလုပ်ဆင်းခိုင်းပါက နေ့စားခကို 2 ဆပေးရမည်။
5. အလုပ်မရှိသည့် နေ့များတွင် 50 ဘတ်ကို အလုပ်ရှင်မှ ပေးရမည်။
6. တနင်္ဂနွေနေ့ အလုပ်ပိတ်ရက်များတွင် ထမင်းမပေးပဲ အလုပ်သမားများအား မိမိဘာသာ ချက်စားနိုင်ရန်အတွက် အလုပ်ရှင်မှ ဆန် ပေးရမည်။
ဆိုသည့် အချက် 6 ချက်ကို သဘောတူညီခဲ့သည်။
အထက်ပါ သဘောတူညီချက်သည် 8 – 6 – 2012 (သောကြာ) နေ့တွင် စတင် အကျုံးဝင်မည်ဖြစ်သည်။
အလုပ်သမားများ ဆန္ဒပြနေစဉ်

အိုမီကာစက်ရုံမှ အလုပ်သမားများ နေ့စားခ တိုးမြှင့်ပေးရန် ငြိမ်းချမ်းစွာဆန္ဒပြတောင်းဆိုမှု အောင်မြင်

  
migratနေ့စားခနည်း၍ မေလ (၁၆) ရက်ကနေ ငြိမ်းချမ်းစွာဆန္ဒပြနေသော အိုမီကာအောက်စက်ရုံမှ ရွှေ့ပြောင်းမြန်မာ အလုပ်သမားများသည် ဇွန်လ ၅ ရက်နေ့တွင် အလုပ်သမားကိုယ်စားလှယ် ၆ ဦးနှင့် စက်ရုံမန်နေဂျာတို့ ညှိနှိုင်း၍ နေ့စားခ ၂၂၆ ဘတ် ပေးရန် သဘောတူညီမှုကိုရရှိပြီး အလုပ်သမားများ ငြိမ်းချမ်းစွာဆန္ဒပြမှု အောင်မြင်ခဲ့ကြောင်း သိရှိရသည်။
ထိုင်းနိုင်ငံရဲ့ဥပဒေအရ အလုပ်သမားတစ်ဦးကို တစ်ရက်လုပ်အားခ ၂၂၆ ဘတ် ထားရှိပြီး ယခုအိုမီကာစက်ရုံမှ အလုပ်သမားများသည် တစ်ရက်လုပ်အားခ ၂၂၆ ဘတ်ကို ရရှိသည့်အတွက် စက်ရုံမန်နေဂျာက OT(အချိန်ပို) လုပ်ရန် မခေါ်တဲ့အပြင် စက်ရုံမှာလည်းနေခွင့်မရှိဘူး။ အပြင်မှာ မိမိဘာသာနေထိုင်ရမည်၊ အစားအသောက်ကိုလည်း မိမိစရိုက်နဲ့ချက်စားရမည်၊ လုံခြုံရေးအတွက်ကိုလည်း မိမိဘာသာ တာဝန်ယူရရမည်ဟု အလုပ်သမားတစ်ဦး ပြောပြချက်အရ သိရသည်။
အခုလိုမျိုး ရွှေ့ပြောင်းအလုပ်သမားများနှင့် စက်ရုံပိုင်ရှင် သူဌေးတို့အကြား ပဋိပက္ခတွေကို စဝပ်ဒီးခါ့ရုံး၊ အလုပ်သမားခေါင်းဆောင် ကိုပီတာနှင့် ရောင်ခြည်ဦးအလုပ်သမားအဖွဲ့ရဲ့ အဓိကတာဝန်ခံ ထွန်းနိုင်တို့က ဦးဆောင်ပြီး ကြားဝင်ဖြေရှင်းပေးတဲ့အပြင် အလုပ်သမားများကို စက်ရုံမှတာဝန်ယူလုပ်ဆောင် မပေးတဲ့အရာတွေကို သူတို့က တာဝန်ယူလုပ်ဆောင်ပေးခဲ့သည်ကိုလည်း သိရှိရသည်။
တစ်ရက်လုပ်အားခ ၂၂၆ ဘတ် ရရှိသည်နှင့်ပတ်သတ်၍ ကျေနပ်မှုရှိမရှိ အလုပ်သမားတစ်ဦးကို Arakan Times က မေးမြန်းသောအခါ သူကအခုလိုပြောပြသည်။ " ကျနော်ကတော့ အရမ်းကိုကျေနပ်အားရ ဝမ်းသာဖြစ်မိပါတယ်။ ဘာဖြစ်လဲလို့ဆိုတော့ ထိုင်းနိုင်ငံရဲ့ တရားဥပဒေသတ်မှတ်ချက်အရ တစ်ရက်လုပ်အားခ ၂၂၆ ဘတ် ရတယ်။ နောက်ပြီးတော့ မဲဆောက်မှာ ဘယ်စက်ရုံမှ မရဖူးတဲ့နေ့စားခကို အခု ကျနော်တို့ ရရှိတဲ့အတွက်ကြောင်း ပျော်ပါတယ်။ ကျနော်တို့အလုပ်သမားများတွေကို အားလုံးအဆင်ပြေအောင် ကူညီဆောင်ရွက်ပေးတဲ့ စဝပ်ဒီးခါ့ရုံး၊ ကိုပီတာနှင့် ရောင်ခြည်ဦး အလုပ်သမားအဖွဲ့ကိုလည်း အရမ်းကိုကျေးဇူးတင်ပါတယ်။ " ဟု သူက ပြေသည်။
ထိုင်းနိုင်ငံ မဲဆောက်မြို့သည် တစ်ခြားမြို့များထက် အလုပ်ခလစာနည်းပါးနေသည့်အတွက် အခုလိုမျိုး စနစ်တကျ ဆန္ဒပြတောင်းဆိုခဲ့ရာမှ  အောင်မြင်မှုကိုရရှိခြင်းဖြစ်သည်ဟု သိရှိရသည်။ ဆန္ဒပြနေသည့် ရက်ပိုင်းများတွင် အမျိုးသားဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းကြည် ထိုင်းနိုင်ငံရဲ့ခရီးစဉ်မှာ ထိုင်းဝန်းကြီးချုပ် ယင်လတ်နှင့် အလုပ်သမားအရေးကိစ္စကို အဓိကထားဆွေးနွေးခဲ့တဲ့အတွက်ကြောင့် အလုပ်သမားများတွေ ချော့ချော့မော့မော့ အဆင်ပြေသွားတာဖြစ်တယ် ဟု ဆန္ဒပြအလုပ်သမားတွေက ပြောဆိုနေသည်။

အစာငတ်ခံ ဆန္ဒပြရင်း လဲကျသူ ၁၀ ဦးအထိရှိလာ


ရန်ကုန်တိုင်း မှော်ဘီမြို့နယ် မြောင်းတကာ စက်မှုဇုန်ရှိ Yangon Crown သံမဏိ စက်ရုံတွင် အစာငတ်ခံ ဆန္ဒပြနေကြသော အလုပ်သမား ၄၁ ဦးအနက်မှ အားပြတ်လဲကျခဲ့သူ ၁၀ ဦးအထိရှိသွားပြီဖြစ်ကြောင်း အလုပ်သမားကူညီရေးအဖွဲ့များက ပြောသည်။  အခြေခံလစာ တိုးမြှင့်ပေးရေးနှင့် အလုပ်သမားအခွင့်အရေးများ ပေးရေးတို့ကို ယခုလ ၂၅ ရက်နေ့က စ၍ အစာငတ်ခံတောင်းဆို ခဲ့ကြရာ တတိယမြောက်နေ့တွင် ကိုဇော်မင်းလတ်ဆိုသူမှာ လဲကျခဲ့ပြီး မှော်ဘီဆေးရုံကြီးသို့ ဆေးကုသရန်တင်ပို့ခဲ့ရသည်။ ယမန် နေ့ ညနေပိုင်းအထိ ယင်းသို့ ဖြစ်ပွားသူ စုစုပေါင်း ၁၀ ဦး ရှိပြီး ဆေးကုသမှု ခံယူနေကြောင်း သိရသည်။

Yangon Crown သံမဏိ စက်ရုံမှ အလုပ်သမားများ အစာငတ်ခံ ဆန္ဒပြ နေသည်ကို ယမန်နေ့က တွေ့ရစဉ်(ဓာတ်ပုံ - မျိုးမင်းသွင် ဖေ့စ် ဘုတ် မှ)
“မနေ့ကအထိတော့ သွေးဝမ်းကိုက်တဲ့ တယောက်ကို မှော်ဘီဆေးရုံကြီးမှာ တင်ထားပါတယ်။ ကျန်တဲ့ကိုးယောက်ကိုတော့ ဆန္ဒပြ နေတဲ့ တဲနားမှာ အနားယူ ကုသပေးထားပါတယ်။ သူတို့က အနားမယူဘဲ ဆန္ဒပြတဲ့ နေရာကိုပဲ တွဲတွဲပြီး ပို့ခိုင်းနေတာပဲ၊ အဲဒီလိုပဲ သွားပြလိုက် လဲသွားလိုက်နဲ့”ဟု အလုပ်သမားများ ဆန္ဒပြမှုကို ကူညီဆောင်ရွက်ပေးနေသူ ကိုမျိုးမင်းသွင်က ဧရာဝတီသို့ ပြော သည်။
Yangon Crown သံမဏိ စက်ရုံတွင် အစာငတ်ခံဆန္ဒပြ အဖွဲ့အပြင် လူ ၁၅၀ ပါဝင်သော ထိုင်သပိတ်ဆင်နွှဲနေသည့် အဖွဲ့ တဖွဲ့လည်း ရှိနေပြီး နှစ်ဖွဲ့လုံးက အခြေခံလစာတိုးပေးရန်နှင့် လုပ်သက်ခွင့်၊ ရှောင်တခင်ခွင့်၊ ဆေးခွင့်နှင့် လုပ်ငန်းခွင် အကာအကွယ် ပစ္စည်းများ လုံလောက်စွာ ထားရှိပေးရန်တို့ကို တညီတညွှတ်တည်း တောင်းဆိုနေကြခြင်းဖြစ်သည်။
မှော်ဘီဆေးရုံကြီးသို့ တင်ပို့ကုသနေရသော ကိုဇော်မင်းလတ်မှာ သွေးဝမ်းများပါသွားနေပြီး စိုးရိမ်နေရကြောင်း၊ နောက်ထပ် အားပြတ် လဲကျခဲ့သူ ကိုတင်ဦး၊ ကိုတင်မိုးဝင်း၊ ကိုသန်းလှစိုး၊ ကိုရဲကိုဦးနှင့် အခြား ၅ ဦးမှာ အစာအိမ်အောင့်ခြင်း ဖျားနာခြင်းနှင့် ကြွက် တက် ဝေဒနာများခံစားနေရပြီး စောင့်လျှောက်ပေးနေလျက်ရှိကြောင်း ဆန္ဒပြသူများကို ကူညီပေးနေသော ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် (ဗကသ) အဖွဲ့ဝင်များကလည်း ပြောဆိုသည်။
မူလက အစာငတ်ခံ ဆန္ဒပြသူ ၂၅ ဦးသာ ရှိခဲ့သော်လည်း နောက်ထပ် ၁၆ ဦး ထပ်မံဝင်ရောက်လာသဖြင့် ၄၁ ဦးထိ ရှိလာခဲ့ပြီး ဆန္ဒပြသူများက တောင်းဆိုချက်များ လိုက်လျောမှုရသည်ထိ ထိုနေရာမှ ရွှေ့ပြောင်းခြင်းမပြုတော့ဟု ဆုံးဖြတ်ခဲ့ကြကြောင်း ဆန္ဒပြ အလုပ်သမားများနှင့် အလုပ်သမားအရေး ဆောင်ရွက်သူများထံမှ သိရသည်။
“သူတို့ရဲ့ ရည်မှန်းချက်က သေသွားပစေ၊ အလောင်းကို မသင်္ဂြိုဟ်နဲ့ ဒီမှာပဲ ပုံထား။ တယောက်တည်းကျန် ပစေ တောင်းဆိုမှုများ ပြေလည်သည်အထိ တိုက်ပွဲဝင်သွားမယ်ဆိုပြီး ဆုံးဖြတ်ထားတာ”ဟု အလုပ်သမားများကို ကူညီပေးနေသည့် လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများ ကွန်ရက်(HRDP) အဖွဲ့မှ ကိုကျော်ဝဏ္ဏ က ပြောသည်။
ယင်းသို့တောင်းဆိုနေမှုများနှင့် ပတ်သက်၍ အလုပ်ရှင်ကိုယ်စားလှယ်၊ ဆန္ဒပြ အလုပ်သမား ခေါင်းဆောင်များ၊ အလုပ်ရုံနှင့် အလုပ်သမား ဥပဒေ စစ်ဆေးရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်တို့ ယမန်နေ့က ဆွေးနွေးခဲ့ကြသော်လည်း အလုပ် သမားများ အဓိက တောင်းဆိုသော အခြေခံလစာတိုးပေးရေးကို ဖြေရှင်းပေးနိုင်ခြင်း မရှိသေးပေ။

အစာငတ်ခံ ဆန္ဒပြစဉ် လဲကျသူ တဦး(ဓာတ်ပုံ - မျိုးမင်းသွင် ဖေ့စ် ဘုတ် မှ)
အလားတူ အခြေခံလစာ တိုးပေးရေးနှင့် အလုပ်သမား ခံစားခွင့်များ အတည်ပြုပေးရေးတို့ကို ယခုလ ၉ ရက်နေ့မှ စတင် တောင်း ဆိုမှုများ ပြုလုပ်ခဲ့သော Hi-Mo နှင့် Hi Art ဆံပင်တု စက်ရုံ နှစ်ရုံမှ အလုပ်သမား ၂၀၀၀ ခန့်ကိုလည်း ၂၄ ရက်နေ့မှ စတင်ကာ အစားအသောက်များကို စက်ရုံမှ ချက်မကျွေးတော့ဘဲ ရပ်ဆိုင်းခံလိုက်ရသည်။
ထိုအလုပ်သမားများကို အစိုးရမဟုတ်သော အဖွဲ့များက ကူညီပံ့ပိုးမှုများရှိသော်လည်း လုံလောက်မှုမရှိသဖြင့် အလုပ်သမား ၂၅၀ ကျော်မှာ အာဟာရချို့တဲ့မှုနှင့် ရင်ဆိုင်နေရကြောင်း အလုပ်သမားခေါင်းဆောင် မသီတာထွန်း က ဧရာဝတီသို့ ပြောသည်။
“ကလေးတွေ နေမကောင်းဖြစ်တာက အစာမစားရလို့ အာဟာရချို့တဲ့တာလည်းပါတယ်။ အရင် ဆန္ဒပြတုန်း သူတို့ ထမင်းကျွေး တုန်းက ဝမ်းနှုတ်ဆေးတွေ၊ စိတ်ပျော့ဆေးတွေ ခတ်ထည့်တာလည်း ပါတယ်။ ဟင်းချက်တဲ့လူတွေက သူတို့ကိုယ်တိုင်ကလည်း ဒီဆေးတွေထည့်တဲ့ အကြောင်း ပြောတယ်”ဟု မသီတာထွန်း က ပြောသည်။
အလုပ်သမားများ၏ တောင်းဆိုချက်များအားလုံးကို ယခုလ ၁၀ ရက်နေ့က လှိုင်သာယာ စက်မှုဇုန် ရှေ့တန်းကြီးကြပ်ရေးရုံးတွင် အလုပ်သမား ခေါင်းဆောင်များ၊ အလုပ်ရှင် ကိုယ်စားလှယ် ဒေါ်နန်းသောင်းရင်နှင့် အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်တို့ သုံးပွင့်ဆိုင် တွေ့ဆုံဆွေး နွေးခဲ့ပြီး သဘောတူလက်မှတ်ထိုးခဲ့သော်လည်း ထို သဘောတူစာချုပ်ကို ကိုရီးယား လုပ်ငန်းရှင် က သဘောမတူဟု ဆိုကာ တဖက်သတ်ဖျက်သိမ်းခဲ့သည်။
ရန်ကုန်တိုင်း လှိုင်သာယာ စက်မှုဇုန်တွင် Hi-Mo နှင့် Hi Art စက်ရုံနှစ်ခု အပါအဝင် ဆန္ဒပြနေသည့် စက်ရုံပေါင်း ၁၁ ရုံရှိပြီး တိုးမြင့်အောင်၊ YJ ၊ နေမင်းအောင်၊ အာရှနှင်းဆီ၊ ပုလဲ၊ စပယ်ပွင့် နှင့် Miss Style စက်ရုံ ၇ ရုံမှာ ဝင်ငွေ၊ ကျန်းမာရေးနှင့် အာဟာရ ချို့တဲ့မှု များကြောင့် တောင်းဆိုမှုများ အပြည့်အဝ ရရှိသည်အထိ စောင့်ဆိုင်းနိုင်ခြင်းမရှိဘဲ အလုပ်ရှင်နှင့် ညှိနှိုင်းလစာကို သဘော တူကာ အလုပ်ပြန်ဆင်းနေကြပြီဖြစ်ကြောင်း သိရသည်။
အလုပ်သမားမျာဘက်မှ ဥပဒေအရ ဆောင်ရွက်ပေးနေသူ ရှေ့နေ ဦးဌေး က “ဆန္ဒပြအလုပ်သမားတွေမှာ အကူအညီတွေ လိုပါ တယ်။ ဝင်ငွေမရတဲ့အပြင် အိမ်ကနေ ပိုက်ဆံတောင်းပြီး ဒီကိုလာကြရ၊ ထမင်းဖိုး၊ ရေဖိုးကအစကုန်နေတယ်၊ ရက်ရှည်လများ ဆန္ဒပြနေကြရတဲ့အတွက် စိတ်ဓာတ်ရေးရာ အထောက်ပံ့တွေလိုနေသလို ရုပ်ဝတ္ထု အရလည်း ငွေကြေးအပါအဝင် အစား အသောက် အထောက်ပံ့တွေ လိုပါတယ်။ ဒါမှသာ အလုပ်သမားတွေက ကြံ့ကြံ့ ခံနိုင်မှာ ဖြစ်ပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။
သူကဆက်ပြီး“အစောပိုင်းက၊ ၇ ရုံလက်မှတ်ထိုးကြတာလည်း ကြံ့ကြံ့ မခံနိုင်ကြတော့လို့ဖြစ်ပါတယ်။ သူတို့မှာ သောက်စရာက မရှိ၊ အမိုးအကာက မရှိ၊ မိုးရေထဲမှာ တောင်းဆိုနေကြတယ်၊ ဖျားတဲ့လူကဖျား၊ နာတဲ့လူကနာနဲ့ အဲဒါကြောင့်မို့ သူတို့လည်း ရတဲ့ အဖြေ တခုအပေါ်မှာ ကျေနပ်လက်ခံ လိုက်ရတဲ့အခြေအနေတွေဖြစ်သွားတာ၊ ဒါပေမယ့် တောင်းဆိုမှုတွေ အပြည့်အဝ မရရှိသွားပေမယ့် တချို့တဝက်ထိတော့ ရသွားတယ်” ဟု သူက ပြောသည်။
Hi-Mo နှင့် Hi Art ဆံပင်တု စက်ရုံးများအပါအဝင် ငွေကံ့ကော်နှင့် Lucky Shoe တို့မှာ ဇွဲမလျှော့သေးဘဲ တောင်းဆိုမှုများ အပြည့်ဝ ရရှိသည်အထိ ဆက်လက် တောင်းဆိုသွားမည်ဟု အလုပ်သမားများကပြောဆိုနေကြသည်။ အခြေခံ လစာတိုးပေးရေးနှင့် အလုပ်သမားခံစားခွင့် တောင်းဆိုမှုများ ထပ်မံတိုးပွားလျက်ရှိပြီး ယနေ့တွင်ပင် ကမ္ဘာ အထည်ချုပ် စက်ရုံနှင့် Star tet စက်ရုံ တို့က ဆန္ဒပြမှုများ ပြုလုပ်လျက်ရှိသည်။
ထို့အတူ မြန်မာနိုင်ငံတွင် လူသုံးအများဆုံး အရက်များကို ထုတ်လုပ်နေသော IBTC ကုမ္ပဏီ လက်အောက်ရှိ M.W.D.C စက်ရုံခွဲ ၄ ခုအနက် အမှတ် (၁) နှင့် အမှတ် (၂) စက်ရုံတို့မှ အလုပ်သမား ၂၀၀ ကျော်က ဧပြီလ ၂၈ ရက်နေ့ကတည်းကပင် အခြေခံ လစာ တိုးမြှင့်ပေးရေးနှင့် လုပ်ငန်းခွင်အတွင်း လိုအပ်ချက်များပြုပြင်ပေးရေးတို့ကို အလုပ်မဆင်းဘဲ ဆန္ဒပြခဲ့ကြပြီး အလုပ်ရှင်က ယခုချိန် အထိ လိုက်လျောပေးမှု မရှိသေးသဖြင့် ဝင်ငွေထိခိုက်နစ်နာမှုများနှင့် ကြုံနေရသည်။

ထိုင်းတောင်ပိုင်း မြန်မာ အလုပ်သမားအရေး မြန်မာသံရုံး ညှိနှိုင်းပေးနိုင်ခဲ့

ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့တဲ့ ထိုင်းနိုင်ငံတောင်ပိုင်း ဆောင်ခလာခရိုင် ဖတ်တနာ ပင်လယ်အစားအစာ စက်ရုံက မြန်မာ အလုပ်သမားအရေး ကိစ္စကို ဘန်ကောက်အခြေစိုက် မြန်မာသံရုံးက သံမှူးကြီး ဦးမျိုးတင့်၊ အလုပ်သမားရေး တာဝန်ခံနဲ့ ရွှေ့ပြောင်း အလုပ်သမားအရေး ဆောင်ရွက်နေသူတွေက သွားရောက် ညှိနှိုင်းပေးခဲ့ရာမှာ အဆင်ပြေ သွားပြီလို့ သိရပါတယ်။
Photo Courtesy of Sein Kyaw Hlaing
ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်ကြသည့် မြန်မာ ရွှေ့ပြောင်းအလုပ်သမား တချို့ကို မဲဆောက်-မြ၀တီ နယ်စပ်တွင် ၂၀၁၁ ခုနှစ် ဒီဇင်ဘာလအတွင်း တွေ့ရစဉ်။
နှစ်နိုင်ငံ သဘောတူညီမှု စာချွန်လွှာ (MOU) နဲ့ လာရောက် အလုပ်လုပ်ကိုင်နေတဲ့ မြန်မာ အလုပ်သမားတွေရဲ့ ရပိုင်ခွင့်တွေကို ကန့်သတ်ထားပြီး သူတို့ပိုင်ဆိုင်တဲ့ ယာယီ ပတ်စပို့စ်တွေကိုလည်း သိမ်းဆည်းထားခဲ့တဲ့အတွက် ဒီလ (၈) ရက်နေ့က စက်ရုံမှာ အတူလုပ်ကိုင်နေတဲ့ ကမ္ဘောဒီးယား အလုပ်သမားတွေနဲ့အတူ မြန်မာ အလုပ်သမားတွေက စုပေါင်းပြီး ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။
ဒါကြောင့် ညှိနှိုင်းမှုတွေ အဆင့်ဆင့် ပြုလုပ်ခဲ့ရပြီး ပြီးခဲ့တဲ့ ရက်ပိုင်းကတော့ သိမ်းဆည်းထားတဲ့ ယာယီ ပတ်စပို့တွေက စက်ရုံက ပြန်လည်ပေးအပ်ခဲ့ပါတယ်။
မနေ့ကစပြီး မြန်မာသံမှူးကြီး ဦးဆောင်ပြီး ကိုယ်စားလှယ်အဖွဲ့က အသေးစိတ် သွားရောက် ညှိနှိုင်းပေးရာကနေ အခုလို အားလုံး ပြေလည်မှု ရတာပါလို့ မြန်မာအစိုးရ အလုပ်သမားရေး တာဝန်ခံ ဦးကျော်ကျော်လွင်က RFA ကို အခုလိုပြောပါတယ်။
“အဲဒါ ပြေလည်သွားပြီဗျ။ ပြေလည်သွားတော့ အလုပ်သမားတွေနဲ့ အလုပ်ရှင်နဲ့ ကျွန်တော်တို့ မနေ့က သဘောတူစာချုပ် ချုပ်ပေးခဲ့တယ်။ ချုပ်ပြီးတော့ အလုပ်သမားတွေလည်း ဆက်ပြီးတော့ အလုပ်ဝင်နေတာပေါ့နော်။ ပြန်ပြီးတော့ ပျော်ပျော်ပါးပါးပဲ အလုပ်ဝင်သွားပြီ။ မနက်ကတောင် ကျွန်တော်တို့ အဲဒီအလုပ်သမား တန်းလျားကို သွားကြည့်ခဲ့သေးတယ်။ ကျန်းမာရေးအတွက် လိုအပ်ချက်တွေ သွားတွေ့လို့ ကုမ္ပဏီကို ဒါလေးတွေ ထပ်လုပ်ပေးပါဦးလို့ ကျွန်တော် မေတ္တာရပ်ခံခဲ့သေးတယ်။”
အရင်က အလုပ်သမားတွေက တနေ့လုပ်ခ (၁၇၇) ဘတ်ရရှိခဲ့သလို အချိန်ပိုကြေး ၃၃ ဘတ်ပဲ ရရှိခဲ့တာ ဖြစ်ပါတယ်။ အခုညှိနှိုင်းမှု အပြီးမှာ ယခင်ကာလ နစ်နာခဲ့မှုတွေအတွက် စာချုပ်ပါ အတိုင်း (၂၀၅) ဘတ်နဲ့ နေ့တွက်ခကို ပြန်လည် တွက်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။ သူတို့ ညှိနှိုင်းပေးခဲ့မှုတွေကိုတော့ သူက အခုလို ဆက်ပြောပါတယ်။
“အဓိက ကတော့သူတို့ ၂၀၅ ဘတ် မပြည့်တဲ့ ကိစ္စလေးကို ပြန်ပြီးတော့ ဖြည့်ပေးပါ တောင်းတယ်။ အဲဒါလေး ဖြည့်ပေးလိုက်တယ်။ နောက်တခါကြတော့ နေအိမ်ကို အခမဲ့ပေးပြီးတော့ ရေဖိုးနဲ့ မီးဖိုး ညှိယူကြတာပေါ့။ အဲဒါမျိုး လုပ်လိုက်တယ်။ သူတို့ ပြောတာလေးတွေက အလုပ်သမားရေးရာလေးတွေ၊ အဲဒါလေးတွေ ကျနော်တို့ အသေးစိတ် အကုန်လိုက်ညှိပေးလိုက်တယ်။ သူတို့ကျန်းမာရေးနဲ့ ပတ်သက်လို့ သောက်ရေကိုလည်း လုံလောက်စွာ ထားပေးဖို့တို့၊ အိမ်သာကိုလည်း လုံလောက်စွာထားပေးဖို့တို့။”
ဒီလို ညှိနှိုင်းမှုတွေကြောင့် အလုပ်သမားတွေဟာ အခုဆိုရင် တစ်ရက်ကို နေ့တွက်ခ (၂၆၆) ဘတ်အထိ ရရှိမှာဖြစ်ပြီး အချိန်ပိုလုပ်ခ အနေနဲ့ ယခင် (၃၃) ဘတ်ကနေ အခုတစ်နာရီကို ဘတ် (၅၀) ခန့် ရရှိမှာ ဖြစ်ပါတယ်။
ဒီအလုပ်သမားတွေဟာ MOU နဲ့တရားဝင် စာချုပ်ချုပ်ပြီးလာတာ ဖြစ်တဲ့အတွက် လိုအပ်လာရင် မြန်မာအစိုးရ အနေနဲ့ အခွင့်အရေး အပြည့်အဝ ရအောင် ကူညီနိုင်တာဖြစ်လို့ တရားဝင်ဖို့ လိုကြောင်းလည်း ဦးကျော်ကျော်လွင်က ပြောပါတယ်။

မြန်မာ့လုပ်သား ပြတ်လပ်မှု အတွက် ပြင်ဆင်ကြရန် ထိုင်းစက်မှု လုပ်ငန်းရှင်များ သတိပေး

anl14061109280181မြန်မာနိုင်ငံ၏ တိုးတက် ဖြစ်ထွန်း မှုများ ကမ္ဘာ့ မျက်နှာစာ၌ ပွင့်လင်း မြင်သာ လာသည်နှင့် အမျှ နိုင်ငံရပ်ခြားသို့ တရားဝင်ရော၊ တရားမဝင် သွားရောက် အလုပ် လုပ်ကိုင်နေသည့် မြန်မာ အလုပ်သမား များအား ပြည်တွင်းသို့ ပြန်လည် ဝင်ရောက်ရန် ဆွဲဆောင်လျက် ရှိနေသည်။ ထို့ကြောင့် မြန်မာ အလုပ် သမားများ အများဆုံး ဝင်ရောက် လုပ်ကိုင်နေသည့် ထိုင်းနိုင်ငံ အနေဖြင့် ကြုံတွေ့ရမည့် လုပ်သား ပြတ်လပ်မှုအား ကြိုတင် ပြင်ဆင် ထားကြရန် စက်မှု လုပ်ငန်း ကြီးများမှ ထိုင်းမီဒီယာ များသို့ ထုတ်ဖော် ပြောကြားထားပါသည်။

kanyong လျှပ်စစ် ကုမ္ပဏီ၏ မန်နေးဂျင်း ဒါရိုက်တာ supachai sarethsathian ကမူ “ကျွန်တော်တို့ ထိုင်းနိုင်ငံအတွက်တော့ အခု ကြုံတွေ့ နေရတဲ့ လုပ်သား ပြတ်လပ်မှု ပြသနာဟာ ရေရှည်မှာ ပိုမို ဆိုးရွားလာဖွယ် ရှိပါတယ်။ အထူးသဖြင့် မြန်မာ လုပ်သားတွေ နေရပ်ပြန်တာပေါ့။ နောက်တစ်ခုက ထိုင်းပြည်တွင်း စိုက်ပျိုးရေး ကဏ္ဍတွေရဲ့ ထုတ်ကုန်တွေ ဈေးမြင့်လာတာနဲ့အမျှ စက်မှုလုပ်ငန်း လုပ်သားတွေလည်း စိုက်ပျိုးရေး ကဏ္ဍတွေမှာ ဝင်ရောက် လုပ်ကိုင်ဖို့ ဆွဲဆောင်တဲ့ အချက်ဖြစ်နေပါတယ်” ဟု ဧပြီလ ၁၀ ရက်နေ့တွင် ထိုင်းပြည်တွင်း မီဒီယာများအား ပြောကြား သွားပါသည်။

ထိုင်းနိုင်ငံ၌ အကြီးဆုံး ပင်လယ်စာ စည်သွတ်ဗူး ထုတ်လုပ်သည့် ကုမ္ပဏီ တစ်ခုဖြစ်သည့် Thai Union Frozen Products (TUF) ကုမ္ပဏီ ဥက္ကဋ္ဌ Thiraphong Chansiri က “ကျွန်တော် တာဝန်ယူတဲ့ သက်တမ်း (၆) လတာ ကာလအတွင်းမှာ ပုံရိပ်တွေဟာ တဖြည်းဖြည်း ထင်သာ မြင်သာလာပါတယ်။ တစ်ချို့ထုတ်လုပ်မှု လုပ်ငန်းစဉ် အလုပ်ရုံတွေကို အခြားနိုင်ငံတွေကို ပြောင်းရွေ့ ရစေခြင်း တွေလည်း ဖြစ်လာတယ်။ ဒါဟာလည်း မြင့်တက်လာတဲ့ လုပ်အားခ ပေးဆောင်ရခြင်း တွေအတွက် စီမံ ဆောင်ရွက်ချက် တွေပါ။ အပြောင်းအလဲ အခြေအနေတွေကို စောင့်ကြည့် သွားဖို့လိုပါတယ်။ ဒါပေမယ့် မလွဲမသွေ ကြုံတွေ့ရမယ့် ပြသနာရပ်တွေ အတွက်လည်း ကြိုတင် ပြင်ဆင်ထားဖို့ လိုနေပါပြီဟု” ပြောကြား သွားပါသည်။

30175701-01_big

မဟာချိုင် TUF စက်ရုံ မီးလောင်မှု ဖြစ်ပွါးစဉ် ဒဏ်ရာရသူများအား အရေးပေါ် ကယ်ဆယ်ရေးမှ ယူဆောင်လာစဉ် (ဓါတ်ပုံ - အင်တာနက်)

TUF ကုမ္ပဏီသည် နိုင်ငံတကာနှင့် အဝှမ်းတွင် လုပ်သားပေါင်း ၃၂၀၀၀ ဦး ရှိကာ၊ ထိုင်းပြည် တွင်း၌ပင် ၂၅၀၀၀ ဦး ရှိပါသည်။ ထိုလုပ်သား အင်အားစု ထဲတွင် ၃၀ ရာခိုင်နှုန်းမှာ မှီခို လုပ်သားများကို အသုံးပြုနေရသည်။ သို့သော် TUF ကုမ္ပဏီ၏ စမုတ်ဆာခွန် စက်ရုံတွင်မူ အလုပ်သမားများ အာလုံး၏ ၇၅ ရာခိုင်နှုန်းမှာ မြန်မာနိုင်ငံမှ အလုပ်သမားများ ဖြစ်ကြသည်။ ကုမ္ပဏီ၏ ထုတ်လုပ်မှု ပမာဏ ကျဆင်းမှု မရှိစေရန်အတွက် လုပ်သားပြတ်လပ်မှု ပြသနာအား အရေးတကြီး ဖြေရှင်းရန် လိုအပ်လျက် ရှိနေသည်။

ထိုလုပ်သား ပြတ်လပ်မှုအား ဖြေရှင်းရန်အတွက် TUF မှ လုပ်သားများအစား အလိုအလျောက် ထိန်းချုပ် မောင်းနှင်နိုင်မည့် စက်များအား တပ်ဆပ် အသုံးပြုရန် ရည်ရွယ်ထားသည်။

“လုပ်သားအစား အလိုအလျောက် စက်တွေကို အစားထိုး တပ်ဆင်ဖို့ ရည်ရွယ် ထားပါတယ်။ ဒီလို အစားထိုးခြင်း ဟာလည်း အနာဂါတ်မှာ ဖြစ်လာမယ့် လုပ်အားခ ကြီးမြင့်မှုကို အတတ်နိုင်ဆုံး လျော့ချသွားဖို့လည်း ရည်ရွယ်ပါတယ်၊ ပိုမိုကောင်းမွန်တဲ့ အရည်အသွေးတွေနဲ့ ဈေးကွက် လိုအပ်ချက်အရ ထုတ်ကုန်တွေ လုံလောက်မှုရှိအောင် အချိန်မီလည်း ထုတ်လုပ်နိုင်မှာ ဖြစ်ပါတယ်” ဟု TUF ကုမ္ပဏီ ဥက္ကဋ္ဌက ပြောကြား သွားပါသည်။

30179653-01_big

ထိုင်းနိုင်ငံမှ မြန်မာ အလုပ်သမား များအား မြင်ရစဉ် (ဓါတ်ပုံ - အင်တာနက်)

မြန်မာနိုင်ငံ အစိုးရ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များနှင့် ဈေးကွက် စီးပွားရေး စနစ် တံခါးဖွင့်ဝါဒကို လက်တွေ့ ကျင့်သုံး လာသည်နှင့် အမျှ မြန်မာနိုင်ငံတွင် အလုပ်ခွင်များ တိုးတက် ဖြစ်ထွန်းလာဖွယ် ရှိပါသည်။ ပြည်ပ ရင်းနှီးမြုပ်နှံမှုများ ပိုမိုဝင်ရောက်လာကာ အလုပ်ခွင် သစ်များလည်း ဖန်တီးပေးနိုင်သည့် အနေအထားတွင် ရှိနေသည်ဟု မြန်မာလုပ်သားများ၏ လုပ်အားများကို အသုံးပြုနေကြသည့် ထိုင်းလုပ်ငန်းရှင် များက သုံးသပ်ကြပါသည်။ အထူးသဖြင့် ထားဝယ် ရေနက် ဆိပ်ကမ်း ဆောက်လုပ်ရေး လုပ်ငန်းခွင်မှ ဆောက်လုပ်ရေး ကဏ္ဍ၊ ခရီးသွားလာရေး ကဏ္ဍ၊ ဟိုတယ် ကဏ္ဍ နှင့် အခြား ဆက်စပ် ကဏ္ဍများအတွက် အလုပ်ခွင်သစ်များ အလျင်အမြန် ဖော်ဆောင် ပေးနိုင်မည် ဖြစ်ကြောင်း အဆိုပါ ထိုင်းလုပ်ငန်းရှင်များက ရှူ့မြင် နေကြပါသည်။


ရွှေဟင်္သာသတင်းဌာနမှ ကူးယူဖော်ပြပါသည်၊

လစာနည်း မှုကြောင့် အလုပ်သမား ဆန္ဒပြမှုဖြစ်ပွား

Labour_strikeထိုင်းနိုင်ငံ တောင်ပိုင်း ဆုန်ခလာ ခရိုင်က ပင်လယ်စာ စက်ရုံတွင် လစာနည်းသည့် အတွက် တိုးပေးရန် မြန်မာနဲ့ ကမ္ဘောဒီးယား အလုပ် သမားများက ယမန်နေ့က ဆက်လက် ဆန္ဒပြတောင်းဆို ခဲ့ကြကြောင်း ထိုဒီစက်ရုံမှ မြန်မာ အလုပ် သမားတဦးက ပြောပါသည်။

ပင်လယ်စာ ထုတ်လုပ်သည့် ဆဖတ်ထနာ စက်ရုံတွင် မြန်မာနဲ့ ကမ္ဘောဒီးယား အလုပ်သမား ၁၀၀၀ ခန့် အလုပ်လုပ် ကိုင် နေပြီး လုပ်ခ လစာနှင့် အလုပ်သမား ရပိုင်ခွင့်တွေ အတွက် တပါတ်ခန့် ဆန္ဒပြနေကြခြင်း ဖြစ်ပါသည်။

အာဏာပိုင်များကလည်း ဆန္ဒပြမှုကို ထိမ်းသိမ်းသည့် အနေဖြင့် သေနတ်သံဖေါက်ပြီး ထိမ်းသိမ်းခဲ့ရသည်ဟု အလုပ်သမား များကဆိုပါသည်။

“ စက်ရုံထဲ ၀င်ဖို့ကြိုးစားတာလေ အလုပ်သမား (၃၀၀) လောက်ရှိတယ်။ တံခါးဖွင့်ပေးဖို့ တောင်းဆိုကြတယ် သူတို့က ဖွင့်မပေးဘူး။ အဲဒါနဲ့ တင်းမာနေတဲ့အချိန်မှာ ထိမ်းသိမ်းရခက်တာပေါ့ အဲဒါသူတို့ ခြိမ်းခြောက် သတိပေးတဲ့ အနေနဲ့ သေနတ်နဲ့ ပစ်ဖောက်တာ”

ဆန္ဒပြပွဲတွင် ကမ္ဘောဒီးယားနိုင်ငံသားများ အများဆုံး ပါဝင်ပြီး ယမန်နေ့က ဆန္ဒပြမှုမှာတွင် မြန်မာ အလုပ်သမား ၄၀၀ ခန့် ပါဝင် ဆန္ဒပြခဲ့ကြပါသည်။ အလုပ်သမားများသည် တရားဝင် လုပ်ကိုင်ကြသူများ ဖြစ်ကြပြီး စာချုပ်ပါ သဘောတူညီ ချက် အတိုင်း လုပ်အားခနှင့် အလုပ်သမား အခွင့်အရေးများကို လုပ်ဆောင်မှု မရှိသည့်အတွက် ဆန္ဒပြနေခြင်းဖြစ်ပါသည်။

“စာချုပ် အတိုင်းပြောရရင်တော့ နေရေးထိုင်ရေး၊ အခမဲ့ ကျန်းမာရေး အပါအ၀င်ပေါ့ဗျာ လုပ်အားခ ဆိုရင်လည်း တရက်ကို၂၀၅ ဘတ်ချုပ်ထားပေမယ့် တကယ်တမ်းကျတော့ ၁ ရက်ကိုဘတ် ၁၆၀ လောက်ပဲရပါတယ်”

ဤပြသနာသည် မတ်လဆန်း ကတည်းက စဖြစ်လာခဲ့ပြီး ဘန်ကောက်ရှိ မြန်မာသံရုံးကို အကြောင်းကြားခဲ့သော်လည်း တစုံ တရာ ဖြေရှင်းမှု မရှိခဲ့ပေ။ နောက်ပိုင်း၌ ဖုန်းဖြင့် ဖြေကြားခြင်းပင် မရှိတော့ကြောင်း အလုပ်သမားများက ပြောပါသည်။ အလုပ်သမားများသည်၊ သတ်မှတ် လုပ်အားခ ရသည်အထိ ဆက်လက် ဆန္ဒပြသွားမည်ဟု ဆိုနေပါသည်။


ရွှေဟင်္သာသတင်းဌာနမှ ကူးယူဖော်ပြပါသည်။