မင်္ဂလာပါ ... ကြွရောက်လာကြသော မိတ်သင်္ဂဟအပေါင်းတို့ကို "မြန်မာအလုပ်သမားများကွန်ယက်" ဆိုဒ်မှ နွေးထွေးစွာဖြင့် ကြိုဆိုပါတယ်ခင်ဗျာ....

လက်မှတ်အသစ် လုပ်ပေးမည်ဟု ဝန်ကြီးပြောဆို

မြတ်ခိုင်ဦး / ၂၇ စက်တင်ဘာ ၂၀၁၀

အလုပ်သမားမှတ်ပုံတင် လက်မှတ်မရှိသေးသည့် ရွှေ့ပြောင်းအလုပ်သမားများအား မှတ်ပုံတင်လုပ်ပေးသွားမည်ဟု ထိုင်းအလုပ်သမားဝန်ကြီးက စက်တင်ဘာ (၂၃) ရက်တွင် ပြုလုပ်သည့် ထိုင်းအလုပ်သမားဝန်ကြီးဌာန အစည်းအဝေး၌ ပြောကြားကြောင်း ထိုင်းသတင်းများတွင် ဖော်ပြပါရှိသည်။

အဆိုပါ ပြောကြားချက်နှင့်ပတ်သက်၍ ရွှေ့ပြောင်း အလုပ်သမားအရေး လုပ်ဆောင်နေသော နိုင်ငံတကာအဖွဲ့အစည်းတခုမှ တာဝန်ရှိသူတဦးက “လုပ်မယ်ဆိုရင် နိုဝင်ဘာလ ကက်ဘိနက် အစည်းအဝေးမှာ တင်ပြရမှာပါ။ ဒီမတိုင်ခင်တော့ အလုပ်သမားဝန်ကြီးဌာန အထက်မှာရှိတဲ့ အလုပ်သမားစီမံခန့်ခွဲရေး ကော်မတီကို တင်ပြရပါမယ်။ ကော်မတီက သဘောတူခွင့်ပြုရင် ကက်ဘိနက်ကလည်း သဘောတူမှာပါ” ဟု ပြောဆိုသည်။

အလုပ်သမားမှတ်ပုံတင် လက်မှတ်အသစ် ပြုလုပ်ပေးမည်ဆိုလျှင် ယခင်ဘတ်လက်မှတ်ကို သက်တမ်းဆက်ထားပြီး ယာယီနိုင်ငံကူးလက်မှတ် ရရှိရန် စောင့်ဆိုင်းနေရသူများကိုလည်း လာမည့်ဖေဖော်ဝါရီတွင် အလုပ်လုပ်ခွင့် ဘတ်လက်မှတ် သက်တမ်း ထပ်မံတိုးပေးရမည် ဖြစ်ကြောင်းလည်း အဆိုပါအရာရှိမှ ပြောကြားသည်။

ထိုင်းနိုင်ငံတွင်းတွင် ရွှေ့ပြောင်းအလုပ်သမားဦးရေ (၂) သန်းခန့်ရှိမည်ဟု အလုပ်သမားရေး လုပ်ဆောင်နေသော အဖွဲ့များက ခန့်မှန်းထားကြသည်။ သို့သော် ယခုနှစ် ဖေဖော်ဝါရီလကုန်တွင် အလုပ်သမားလက်မှတ် သက်တမ်းဆက်ထားသော ဦးရေမှာ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား (၃) နိုင်ငံလုံးမှ (၁,၀၄၂,၂၄၂) ဦးသာ ရှိပြီး ထိုအထဲတွင် မြန်မာရွှေ့ပြောင်းအလုပ်သမား (၈၃၃,၀၁၃) ဦး ပါဝင်သည်။

ထို (၃) နိုင်ငံလုံးမှ ဘတ်လက်မှတ် သက်တမ်းမဆက်သူပေါင်းမှာ (၂၇၃,၆၉၀) ဦးရှိသည့်အတွက် ထိုသူများအား ဇွန်လ (၂) ရက် ရက်စွဲဖြင့် ထုတ်ပြန်သော ထိုင်းဝန်ကြီးချုပ်အမိန့်ဖြင့် လိုက်လံဖမ်းဆီးနေမှုများလည်း နိုင်ငံတဝှမ်းလုံးတွင် ဖြစ်ပေါ်နေသည်။

စက်တင်ဘာ (၂၂) ရက်စွဲဖြင့် ထုတ်ပြန်သော ရွှေ့ပြောင်းနေထိုင်သူများဆိုင်ရာ နိုင်ငံတကာအဖွဲ့ (IOM) ၏ သတင်းထုတ် ပြန်ချက်တွင် မြန်မာရွှေ့ပြောင်း အလုပ်သမားများအား ယာယီပတ်စပို့ ထုတ်ပေးပြီးသည်မှာ ဇူလိုင်လ (၂၅) ရက်နေ့အထိ (၁၄၂,၃၃၈) ဦးသာရှိသေးကြောင်း သိရှိရသည်။ သို့အတွက် ဆက်လက်၍ စောင့်ဆိုင်းနေသူပေါင်းမှာ (၆၉၀,၆၇၅) ဦးရှိနေသေးသည်ဟု ပါရှိသည်။

နှစ်နိုင်ငံအစိုးရများမှ ယာယီပတ်စပို့ ထုတ်ပေးမှု လုပ်ငန်းစဉ်ကို၂၀၁၂ ခုနှစ်တွင် အပြီးသတ်စေရမည်ဟု မကြာသေးမီက တရားဝင် ပြောကြားခဲ့သေးသော်လည်း သတ်မှတ်ချိန်အတွင်း ပြီးစီးရန်မဖြစ်နိုင်ဟု အလုပ်သမားရေး လုပ်ဆောင်နေသော အဖွဲ့များမှ ယူဆနေကြသည်။

နှစ်နိုင်ငံ သဘောထူစာချွန်လွှာအရ မြန်မာရွှေ့ပြောင်း အလုပ်သမားများကို နယ်စပ်ဒေသများမှသာ ယာယီပတ်စပို့ဖြင့် တရားဝင်ခေါ်ယူမည်ဟုဆိုကာ ယမန်နှစ်မှစ၍ နိုင်ငံသားစိစစ်မှုလုပ်ငန်းကို တာချီလိတ်၊ မြဝတီ၊ ကော့သောင်းမြို့တို့တွင် ပတ်စပို့ထုတ်ပေးရေးရုံးများ ဖွင့်လှစ်ကာ ပြုလုပ်လာခဲ့သည်။ ထို့အပြင် မိုးရာသီတွင် သွားလာရေးအဆင်ပြေရန်ဟု ဆိုကာ မြန်မာဘက်ခြမ်းရှိ ရုံးကို ထိုင်းနိုင်ငံဘက်အခြမ်းရှိ ရနောင်းမြို့သို့ ယခုနှစ် ဇူလိုင်လဆန်းမှစ၍ ပြောင်းရွှေ့ဖွင့်လှစ် လုပ်ကိုင်ပေးခဲ့သည်။

ဤအတောအတွင်း အဆိုပါ ရနောင်းမြို့ရှိ ယာယီပတ်စပို့စ် ထုတ်ပေးရေးရုံးကိုလည်း စက်တင်ဘာလကုန်တွင် ပိတ်သိမ်းကာ အောက်တိုဘာလဆန်းမှစတင်၍ မြန်မာနိုင်ငံဘက်အခြမ်း၊ ကော့သောင်မြို့သို့ ပြန်လည်ပြောင်းရွှေ့ဖွင့်လှစ်မည် ဆိုသည့် အတည်မပြုနိုင်သော ကောလာဟလများ ထွက်ပေါ်နေသည်။

ယာယီပတ်စပို့လုပ်ငန်း လုပ်ဆောင်နေသူ နေလကမ္ဘာ (SUN MOON WORLD) ကုမ္ပဏီမှ တာဝန်ခံတဦးကမူ “သူတို့သက်တမ်း ဆက်တိုးပေးထားတယ်လို့ စနေနေ့က ကျနော်တို့သွားတော့ ပြောတယ်” ဟု ဆိုသည်။

၎င်းက “ကျနော်တို့ (၃) လပိုင်းကတည်းက စလုပ်လာတာ (၄၀၀) ကျော် ပြီးစီးခဲ့ပါပြီ။ ဒီဘက်မှာ လုပ်တာ တနေ့ လူ (၈၀၀-၉၀၀) လောက်ပြီးတယ်။ ဟိုဘက်ရွှေ့သွားရင် တနေ့ကို (၃၀၀) လောက်ပဲ ပြီးမယ်ထင်တယ်” ဟု ဆိုသည်။

သို့သော် ရနောင်းပတ်စပို့ရုံးတွင် အလုပ်လုပ်ကိုင်နေသော ဝန်ထမ်းတဦးက အတည်ပြု ပြောကြားရာတွင် “မပိတ်သေးဘူး၊ (၁၀) လပိုင်းကုန်လောက်မှ ပိတ်မယ်လို့ပြောတယ်။ ကျနော်တောင် (၂၈) ရက်နေ့ ထပ်သွားရမယ်။ ဒီအပတ်ဆို လုပ်ပေးတာ (၄,၀၀၀) ပြည့်တော့မယ်” ဟု ဆိုသည်။

ခေတ်ပြိုင်ဝက်ဆိုဒ်မှ ကူးယူဖော်ပြပါသည်။

ကီဘုန်း(JR Garment )စက်ရုံမှအလုပ်သမားများ တောထဲတွင်ပုလိပ်ရှောင်နေရ

၁၇၊ ၉၊ ၂၀၁၀ ရက်နေ့တွင် ကီဘုန်း(JR Garment) သိုးမွေးစက်ရုံမှ အလုပ်သမားများ စက်ရုံတွင် ပုလိပ်လာရောက်ဖမ်းဆီးမည်ဆိုသဖြင့် စက်ရုံရှိ အလုပ်သမား ၂၀၀ ကျော် စက်ရုံပြင်ဘက်ရှိ တောထဲတွင် ပုန်ရှောင်နေသော မှတ်တမ်းဓါတ်ပုံများ။








မြန်မာအလုပ်သမားများကွန်ယက်

ကီဘုန်း(JR Garment )စက်ရုံမှအလုပ်သမားများ ပုလိပ်ရှောင်နေရ

ယနေ့ (၁၇၊ ၉၊ ၂၀၁၀) ရက်နေ့ နံနက် ၁၁ နာရီအချိန်ခန့်တွင် မယ်တောင်ရှိ ကီဘုန်း စက်ရုံခေါ်(JR Garment)တွင် အလုပ်သမားများ စက်ရုံအပြင်ဘက် တောထဲတွင် ပုလိပ် ရှောင်နေရကြောင်း ကြားသိရသဖြင့် သွားရောက်တွေ့ဆုံ၊ အားပေးစကားပြောခြင်းနှင့် လူထုလှုပ်ရှာမှုကော်မတီ(2010)မှ လှူဌာန်းသည့် မုန်ခြောက်များနှင့် သောက်ရေဗူးများ သွားရောက် လှူဌာန်းခဲ့ပါသည်။

စက်ရုံရှိ လက်မှတ်ရှိသည့် အလုပ်သမားများနှင့် လက်မှတ်မရှိသည့် အလုပ်သမားများအားလုံး ပုလိပ်လာမည်ဆိုသည့်အတွက် ၁၆၊ ၉၊ ၂၀၁၀ ရက်နေ့ ည ၁၀ နာရီကျော်ကျော် ခန့်တွင် စတင်ပြီး စက်ရုံမှ စက်ရုံအပြင်ဘက်ရှိတောထဲတွင် သွားရောက် ရှောင်ပုန်းနေရ ကြောင်း အလုပ်သမားများက ပြောပြပါသည်၊ အလုပ်သမားအားလုံးပေါင်း ၂၀၀ ကျော်ခန့် ရှိပါသည်။

အလုပ်သမားလက်မှတ်ရှိသည့်အလုပ်သမားများရော ဘာကြောင့် ပုလိပ်ရှောင်နေရသလဲ မေးကြည့်တော့ ….
"အခု ဒီစက်ရုံကို ပြောင်းလာတာ သိပ်မကြာသေးဘူး။ အရင်က မဲဆောက်ဂါးမင့်(Maesot Garment) လို့ခေါ်တဲ့ ကပ်ဖီပန်းရှိ စက်ရုံမှ ပြောင်းလာခဲ့ကြ ကြောင်း။ ယခု ဒီ စက်ရုံအသစ်နှင့် အလုပ်သမားလက်မှတ်တွင် နာမည်မပြောင်းရသေး သည့်အတွက် အလုပ်သမားများ အားလုံးမှာ စက်ရုံနာမည်မတူသည့်အတွက် လက်မှတ်ရှိ သည့် အလုပ်သမားများအားလုံးလည်း ပုလိပ်ဖမ်းမည်စိုးသောကြောင့် သူဌေးမှ စက်ရုံပြင် တွင်သွားရောက်ပုန်းရှောင်နေကြရန်ပြောကြားသဖြင့် အလုပ်သမားများအားလုံး အပြင်ထွက် ပုန်းရှောင်နေရခြင်း ဖြစ်ကြောင်း" အလုပ်သမားများမှ ပြောပြပါသည်။

အလုပ်သမားများသည် တောထဲတွင် မိမိတို့အုပ်စုအလိုက် အုပ်စုဖွဲ့ပြီး ခွဲနေရပါသည်။ စက်ရုံမှ ထမင်းလာမပို့ပေးသည့်အတွက် အလုပ်သမားများမှာ ည စက်ရုံမှ စထွက်လာ သည့်အချိန်မှစပြီး မည်သည့်စားစရာမှ မစားရသေးကြောင်း ဆက်လက်ပြောပြပါသည်။

ယနေ့နံနက်ပိုင်းတွင်လည်း မဲတောင်မိုင်ရွာတွင်ရှိ တူရုံ(VC)နှင့် မွန်ရုံခေါ်(AT) စက်ချုပ်ရုံ တွင်လည်း ပုလိပ်ဝင်ဖမ်းသဖြင့် အလုပ်သမား အယောက် ၂၀ ခန့် အဖမ်းခံရကြောင်း သတင်းရရှိပါသည်။

မဲဆောက်နှင့် ဒေသတ၀ိုက်တွင် ပုလိပ်အဖမ်းဆီးများရှိနေသဖြင့် တချို့ အလုပ်ရှင်များမှ အလုပ်သမားများကို စက်ရုံပြင်တွင် ရှောင်ထားခိုင်းကြောင်း သိရပါသည်။










မြန်မာအလုပ်သမားများကွန်ယက်

ကိုကျော်သူ မဲဆောက်မှာ အလုပ်လုပ်နေပြီ

သီဟဟိန်း / ၁၅ စက်တင်ဘာ ၂၀၁၀


မြန်မာနိုင်ငံ မြ၀တီမြို့ရဲ့တဘက်ကမ်း ထိုင်းနိုင်ငံ မဲဆောက်မြို့လေးဟာ ကျနော်တို့ မြန်မာပြည်သားတွေနဲ့ အထူးပင် စည်ကားလျက်ရှိပါတယ်။ စက်ရုံအလုပ်ရုံတွေ၊ ဆောက်လုပ်ရေးလုပ်ငန်းတွေ၊ စိုက်ပျိုးရေးလုပ်ငန်းတွေ … စတဲ့နေရာတွေအပြင် ဈေးရောင်းဈေးဝယ်တွေကအ စမြန်မာပြည်သားအများစုပါ။ အမေရိက၊ ဥရောပ၊ ဂျပန်၊ ကိုရီးယား၊ စင်ကာပူ၊ မလေးရှား … စတဲ့နိုင်ငံတွေကို မြန်မာပြည်သားတယောက်အနေနဲ့ အလုပ်သွားလုပ်မယ်ဆိုရင် ငွေကြေးအများကြီး ကုန်ကျမှာပါ။ တော်ရုံလူတွေလည်း မသွားနိုင်ပါဘူး။ အဲဒီတော့ ငွေကြေးလည်း အသက်သာဆုံးဖြစ်ပြီး နိုင်ငံခြားလည်းရောက်ဆိုတော့ မဲဆောက်ဟာ မြန်မာနိုင်ငံသားတွေအများစု လာရောက်အလုပ်လုပ်ကိုင်တဲ့နေရာ ဖြစ်လာပါတယ်။ ဘယ်လောက်တောင်များလဲဆိုရင် မဲဆောက်မှာ မြန်မာပြည်သား နှစ်သိန်းလောက်ရှိတယ်လို့ သိရပါတယ်။

အဲဒီလို ကိုယ့်နိုင်ငံ၊ ကိုယ့်ဌာနေကို ခွဲခွာပြီး ပြောင်းရွှေ့နေထိုင် အလုပ်လုပ်ကိုင်နေရတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ လူမှုဒုက္ခတွေကလည်း အမျိုးမျိုးပါပဲ။ လုပ်ခလစာတွေ အပြည့်အ၀ မရတာတွေ၊ ပုလိပ်တို့ တောမောတို့ ဖမ်းလို့ ထောင်တွေကျပြီး ပြည်တော်ပြန်ရတာတွေ၊ နှိပ်စက်ညှဉ်းပန်းခံရတာတွေ … စသည်ဖြင့် အများကြီးပါပဲ။ ပြောရရင် ကုန်နိုင်မှာမဟုတ်သလို တချို့ကိစ္စတွေဆို ယုံတောင်ယုံနိုင်မှာမဟုတ်ပါဘူး။ အဲဒီလိုများပြားလှတဲ့ ဒုက္ခတွေထဲက လူတိုင်း တနေ့နေ့ တချိန်ချိန်မှာ မဖြစ်မနေ ရင်ဆိုင်ရမယ့် နာရေးကိစ္စအကြောင်းတွေကို ပြောပြချင်ပါတယ်။

မဲဆောက်မှာ မြန်မာပြည်သားတယောက် သေပြီဆိုရင် အဲဒီအိမ်ပိုင်ရှင်တွေ၊ စက်ရုံပိုင်ရှင်တွေက သူတို့နေရာမှာ ပေးမထားပါဘူး။ အသုဘအခမ်းအနားလည်း မလုပ်ရပါဘူး။ ဆေးရုံဆေးခန်းမှာ သေတယ်ဆိုရင်လည်း အဲဒီကတဆင့် သင်္ချိုင်းကိုပို့ပြီး သင်္ဂြိုဟ်ရပါတယ်။ အိမ်ပြန်သယ်လို့မရပါဘူး။ မဲဆောက်ဆေးရုံကြီးမှာ တက်ရောက်ဆေးကုသရင်း သေဆုံးသွားတဲ့သူတွေထဲက တချို့ဆိုရင် ဆေးကုသစရိတ်လည်း မပေးနိုင်၊ သင်္ဂြိုဟ်စရိတ်လည်း မတတ်နိုင်တော့တဲ့အတွက် အလောင်းကို ပိုင်ရှင်မဲ့အဖြစ် ထားခဲ့ရပါတယ်။ ပိုက်ဆံနည်းနည်း တတ်နိုင်တဲ့သူတွေကတော့ ဆေးရုံက သင်္ဂြိုဟ်ပေးဖို့ ဘတ် (၅၀၀) ပေးပြီး ရေခဲတိုက်မှာ အပ်ခဲ့ရပါတယ်။ မြ၀တီဘက်ကလာပြီး ဆေးကုတဲ့သူတွေ အဲလိုအဖြစ်မျိုး အများဆုံးကြုံရပါတယ်။ ပြန်သယ်ဖို့ အခက်အခဲရှိတာလည်း ပါပါတယ်။

ဘယ်လိုလူမျိုးမဆို သေဆုံးသွားရင် သေတဲ့သူအတွက် နောက်ဆုံးအနေနဲ့ ဓလေ့ထုံးတမ်း အစဉ်အလာအရ ကောင်းကောင်းမွန်မွန်လေး မြေကျသွားတာကို လိုချင်ကြပါတယ်။ ဗုဒ္ဓဘာသာထုံးတမ်းစဉ်လာအရ သရဏဂုံလေးတော့ တင်ပေးလိုက်ချင်ကြပါတယ်။

မြန်မာပြည်သားတွေများသလို မြန်မာပြည်သားတွေ အချင်းချင်းကို ကိုယ်တတ်နိုင်တဲ့ဘက်က သာရေးနာရေး အကူအညီပေးနေတဲ့ အဖွဲ့တွေလည်း မဲဆောက်မှာရှိပါတယ်။ တချို့နာရေးတွေဖြစ်လာရင် အဲဒီအဖွဲ့တွေကို အကြောင်းကြားကြပါတယ်။ ဒီလိုအကြောင်းကြားလာတဲ့ နာရေးတွေကိုတော့ တတ်နိုင်သလောက်လုပ်နေတဲ့ အဖွဲ့တွေက စီစဉ်ပေးကြပါတယ်။ အလောင်းတွေကို ဘုန်းကြီးကျောင်းမှာ ထားရပါတယ်။ အဲဒီကမှတဆင့် သင်္ချိုင်းမှာမီးသင်္ဂြိုဟ်ရပါတယ်။ နာရေးတခုဖြစ်လာပြီဆိုရင် ကောင်းကောင်းမွန်မွန် သင်္ဂြိုဟ်နိုင်ဖို့ မဖြစ်မနေ ကုန်ကျရမယ့် အသုံးစရိတ်တွေကို ဗဟုသုတအဖြစ် ဖော်ပြပေးပါမယ်။

၁။ ဆေးရုံကြီးမှာ သေတယ်ဆိုရင် ဆေးရုံကြီးကနေ အသုဘထားမယ့် ဘုန်းကြီးကျောင်းဇရပ်ကို အသုဘသယ်တဲ့ ကားခ ဘတ် (၂၀၀)။

၂။ မပုပ်အောင် ဆေးထိုးမယ်ဆို ရေချိုးတာ၊ ဆေးထိုးတာ ဘတ် (၁,၅၀၀)။

၃။ ဘုန်းကြီးကျောင်းမှာ ထားတဲ့အတွက် ရေတို့ မီးတို့အပြင် လိုအပ်တဲ့ အိုးခွက် ပန်းကန် ငှားရမ်းခက ဘတ် (၅၀၀) အလှူငွေ ထည့်ဝင်ရပါတယ်။

၎။ ဆေးမထိုးချင်ဘူး၊ ရေခဲသေတ္တာနဲ့ ထားမယ်ဆိုရင် တညကို ဘတ် (၅၀၀) ဘုန်းကြီးကျောင်းအလှူငွေ ထည့်ဝင်ရပါတယ်။

၅။ သင်္ချိုင်းမှာ သင်္ဂြိုဟ်ဖို့အတွက် သင်္ချိုင်းခက ဘတ် (၂,၀၀၀)။

၆။ ဇရပ်ကနေ သင်္ချိုင်းကို ကားခက ဘတ် (၁,၅၀၀)။

သရဏဂုံတင်တာ၊ ဘုန်းကြီးတရားဟောတာကတော့ ကိုယ်စေတနာရှိသလောက် ဘုန်းကြီးကို လှူလို့ရပါတယ်။

ဝမ်းသာစရာ၊ သာဓုခေါ်စရာတခုကတော့ လိုသမျှ အခေါင်းတွေကို မဲဆောက်တရုတ်ဘုံကျောင်းက လှူပါတယ်။ ဘုံကျောင်းရှေ့က ဂိုဒေါင်ထဲမှာ အခေါင်းတွေရိုက်ပြီး ထပ်ထားတာ အများကြီးပါပဲ။ အခေါင်းသွားတောင်းမယ်ဆိုရင် သေစာရင်းစာရွက် ယူသွားရပါတယ်။ လက်မှတ်ထိုးရပါတယ်။

အဲဒီတော့ နာရေးတခုဖြစ်လာပြီဆိုရင် ကောင်းကောင်းမွန်မွန်မြေကျဖို့အတွက် ဟိုဟာချွေတာ၊ ဒီဟာချွေတာ လုပ်တာတောင်မှ အနည်းဆုံး ဘတ် (၃,၀၀၀) နဲ့ (၄,၀၀၀) လောက်ကုန်ပါတယ်။ ချွေတာတယ်ဆိုတာကတော့ ဥပမာ မသာကို ကိုယ်တိုင်ရေချိုးပေးမယ်။ ကားသမားတွေကို ဈေးအတင်းလျှော့ခိုင်း၊ ဘုန်းကြီးတွေကို ပိုက်ဆံမရှိတဲ့အကြောင်း အတင်းအပူကပ်မယ်ဆိုတာမျိုးပါ။ လုံးဝ တပြားမှ မတတ်နိုင်တဲ့သူတွေ ကောင်းကောင်းမွန်မွန်လည်း မြေကျချင်တယ်ဆိုရင်တော့ အကူအညီပေးနေတဲ့အဖွဲ့က ဟိုလူ့ဆီအလှူခံ၊ ဒီလူ့ဆီ အလှူခံပေါ့။ စက်ရုံတွေဘာတွေက သေရင်တော့ စက်ရုံအလုပ်သမားတွေစုပြီး ကူငွေထည့်ကြလို့ တော်သေးတယ်။

အဲလိုမျိုးတွေ ခဏခဏဖြစ်လာတော့ ကူညီပေးနေရတဲ့ အဖွဲ့တွေ လူတွေလည်း ရေရှည်မှာ မတတ်နိုင်ကြတော့ဘူးလေ။ အထက်မှာ ပြောခဲ့သလို ဆေးရုံမှာ ပိုင်ရှင်မဲ့အလောင်းဆိုပြီး ထားခဲ့ရတဲ့ အဖြစ်အပျက်တွေကို ဘယ်လို ဖြေရှင်းနိုင်မလဲဆိုတာ စုပေါင်းစဉ်းစားကြရင်း နာရေးကူညီမှုအသင်း (မဲဆောက်) ကို ၂၆၊ ၄၊ ၂၀၁၀ နေ့မှာ စတင်ဖွဲ့စည်းလိုက်နိုင်ခဲ့တာပါ။ အဲဒီအသင်းမှာ နာရေးလုပ်နေတဲ့ အဖွဲ့တွေ၊ လူပုဂ္ဂိုလ်တွေ ပါပါတယ်။ တယောက်ကို လစဉ် ဘယ်လောက်စုထည့်ကြမယ်ဆိုပြီး ဖွဲ့ခဲ့ကြတာပါ။ ဘာအလှူရှင်မှ မရှိပါဘူး။ မဲဆောက်မှာရှိတဲ့ အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေဆီက အလှူခံပါတယ်။

မဲဆောက်မှာ မြန်မာပြည်သားတွေရဲ့ နာရေးကိစ္စတွေကို အကူအညီပေးနေတဲ့ အဝေးရောက် ဧရာဝတီအသင်း၊ မြန်မာအလုပ်သမားများကွန်ရက်၊ ဦးဥတ္တမနာရေးကူညီမှုအသင်း၊ ပြည်သူ့စေတနာ့ဝန်ထမ်းအဖွဲ့၊ ခွန်အားသစ်အဖွဲ့၊ ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့ … စတဲ့ အဖွဲ့တွေအပြင် အဖွဲ့အစည်းကမဟုတ်ဘဲ မိမိတို့စိတ်ရင်း စေတနာနဲ့ နာရေးကိစ္စတွေ ကူညီဆောင်ရွက်ပေးနေတဲ့ လူပုဂ္ဂိုလ်တွေကိုလည်း တွေ့ရပါတယ်။

အခုစုဖွဲ့လိုက်တဲ့ နာရေးကူညီမှုအသင်း (မဲဆောက်) မှာတော့ အဝေးရောက် ဧရာဝတီအသင်း၊ မြန်မာအလုပ်သမားများကွန်ရက်၊ ပြည်သူ့စေတနာ့ဝန်ထမ်းအဖွဲ့နဲ့ ဦးဥတ္တမနာရေးကူညီမှုအသင်းတို့အပြင် စိတ်ပါဝင်စားပြီး အရင်ကလည်း နာရေးကိစ္စတွေကို ကူညီဆောင်ရွက်နေတဲ့ အတွေ့အကြုံရှိတဲ့ပုဂ္ဂိုလ်တွေ ပါဝင်ကြပါတယ်။

နာရေးကူညီမှုအသင်း (မဲဆောက်) မှာ ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ပြီး နာရေး (၁၀၀) လောက်ကို ကူညီလုပ်ကိုင်ပေးခဲ့တဲ့ ဆရာပု ခေါ် ဦးသောင်းလှိုင်ကတော့ “ကျနော်တို့အနေနဲ့ နာရေးကိစ္စတွေမှာ တဖွဲ့တည်း၊ တဦးတည်း လုပ်ဆောင်ခဲ့ကြတာ အားနည်းချက်တွေရှိလာတယ်။ ထိထိရောက်ရောက် မကူညီနိုင်ဘူး။ ကျနော်တို့ဆီကို အကြောင်းကြားတဲ့ နာရေးကို တခြားလူတွေ သိချင်မှသိတယ်။ မသိတော့ မကူညီနိုင်ဘူးလေ။ တဦးတဖွဲ့ထဲလုပ်တာနဲ့ စာရင် အများစုပေါင်းပြီးလုပ်တာ ပိုကောင်းမယ်၊ ပိုညီညွတ်မယ်၊ ပိုပြီးထိရောက်မယ်ဆိုပြီး ဒီအဖွဲ့ကို ဖွဲ့ဖြစ်ခဲ့တာပါ’’ လို့ ပြောပါတယ်။ အသင်းဖွဲ့ပြီးနောက်ပိုင်း ယနေ့အချိန်ထိ နာရေးကိစ္စ (၂၀) လောက် လိုအပ်တဲ့ အကူအညီ လူအင်အား၊ ငွေအင်အား ကူညီနိုင်ခဲ့ပြီးဖြစ်ကြောင်းလည်း ဆရာပုက ဆက်ပြောပြပါတယ်။

မဲဆောက်ကျောင်းသစ်ကျောင်းနောက်က ကုန်တင်ကုန်ချ အလုပ်သမားတန်းလျားက နာရေးတခုကို ကျနော် ရောက်သွားတော့ သေဆုံးသူက အသက် (၄၈) နှစ် အမျိုးသမီး။ သူ့သားက အသက် (၂၀) ၀န်းကျင် အလုပ်သမားတယောက်ပေါ့။ သူပြောပြတာက “ကျနော့်အမေဆုံးတာ ညဘက်ကြီးဗျ။ ကျနော်တို့လည်း ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဘူးလေ။ အဲဒါနဲ့ ထမင်းဆိုင်တဆိုင်မှာ တွေ့ခဲ့တဲ့ နာရေးကူညီမှုအသင်းကြော်ငြာထဲက ဖုန်းကိုဆက်ပြီး အကြောင်းကြားလိုက်တော့ မိုးရွာကြီးထဲမှာ ချက်ချင်းပဲရောက်လာကြတယ်ဗျာ။ ကျနော် ၀မ်းသာလိုက်တာ။ သင်္ဂြိုဟ်ဖို့ကိစ္စတွေကော အကုန်လုပ်ပေးသွားတယ်ဗျ။ ကျနော်တို့ကလည်း အမေ့ရဲ့နောက်ဆုံးခရီးမှာ ကောင်းကောင်းမွန်မွန်လေး ဖြစ်သွားတော့ ၀မ်းသာလို့မဆုံးပါဘူး။ အဲဒီအသင်းကိုလည်း အရမ်းကို ကျေးဇူးတင်ပါတယ်” လို့ ကိုယ့်အမေရဲ့ နာရေးမှာတောင် ၀မ်းနည်းဝမ်းသာ ပြောပြနေတာကို တွေ့လိုက်ရတော့ စိတ်ထဲမှာ ဘယ်လိုခံစားရမှန်း မသိလိုက်ပါဘူး။

အခုဆိုရင် မဲဆောက်ရောက် မြန်မာပြည်သားများ နာရေးကိစ္စဖြစ်ပေါ်လာပါက အချိန်မရွေး အကူအညီ တောင်းနိုင်ပါတယ်။ နာရေးကူညီမှုအသင်း (မဲဆောက်) ဆိုပြီး ဖုန်းနံပါတ်တွေ၊ နာမည်တွေနဲ့ ကြော်ငြာတွေ အနှံ့ကပ်ထားတာ မဲဆောက်မှာ တွေ့နေရပါပြီ။ ဝေဒနာတွေကို မကြေညာစတမ်းဆိုပေမယ့် မဲဆောက်နာရေးဝေဒနာတွေကို ဖော်ပြထားတဲ့ ဘလော့တွေလည်း ခေတ်နဲ့အညီ ဖွင့်ထားတာကို တွေ့မြင်လေ့လာရပါတယ်။

မြတ်စွာဘုရား ဟောကြားထားတဲ့အတိုင်း လူတယောက် ခန္ဓာရပြီဆိုရင် သေချာတာကတော့ တနေ့သေရမှာပါပဲ။ ဇာတိ၊ ဇရာ၊ ဗျာဓိ၊ မရဏာ ဆိုတဲ့အတိုင်း ခန္ဓာရှိရင် အိုရမယ်၊ နာရမယ်၊ သေရမယ်ဆိုတာ လူတိုင်းကြုံတွေ့ရမှာပါ။ လူတယောက်ရဲ့ ဒီဘ၀ နောက်ဆုံးခရီးဖြစ်တဲ့ နာရေးကိစ္စတွေကို တတ်နိုင်တဲ့ဘက်က အကူအညီပေးနေတဲ့ နာရေးကူညီမှုအသင်း (မဲဆောက်) ကို သာဓုခေါ်ရင်း ဤဆောင်းပါးလေးနဲ့ ဂုဏ်ပြုလိုက်ပါတယ်။ ။

ရည်ညွှန်း။ ။ www.fssms.blogspot.com

ခေတ်ပြိုင်ဝက်ဆိုဒ် မှ ကူးယူဖော်ပြပါသည်။

အာဠာဝက သခင်ဘိုးလှကြီး


၁၃ဝဝ ပြည့်အရေးတော်ပုံ (၁၉၃၈-၃၉)သည် မြန်မာ့လူ့ဘောင် ၏သမိုင်းတွင် ထင်ရှားသောမှတ်တိုင်တခု အဖြစ်ဖြင့် တည်ရစ် ပေသည်။

၁၃ဝဝ ပြည့်အရေးတော်ပုံ၏ ထူးခြားသော အခြင်းအရာများ အနက် အထူးအခြားဆုံးသော အခြင်းအရာမှာ မြန်မာ့ လူ့ဘောင် သမိုင်းတွင် ပထမဆုံးအကြိမ် မာ့က်စ်ဝါဒနှင့် အလုပ်သမားလူတန်းစားတိုက်ပွဲ ပေါင်းစပ်မိခြင်းဖြစ်သည်။ မာ့က်စ်ဝါဒ၏ လက်တွေ့နှင့် သဘောတရားညီညွတ်ခြင်းကို သက်သေထူလိုက်သော အခြင်းအရာဖြစ်ပေသည်။

ထို့ကြောင့် ၁၃ဝဝ ပြည့် အရေးတော်ပုံသည် မာ့က်စ်ဝါဒကို သက်ဝင်ယုံကြည်၍ လက်တွေ့ကျင့်သုံးသော ခေါင်းဆောင်အများကို မွေးထုတ်ပေးခဲ့ပေသည်။ ၄င်းတို့အနက် ယခုအခါ ကွယ်လွန်ပြီဖြစ်၍ ထိုစဉ်က ထင်ရှားသော အာဠာဝကသခင်ဘိုးလှကြီးအကြောင်းကို ရေးသားလိုပေသည်။

သခင်ဘိုးလှကြီးသည် အလုပ်သမားလူတန်းစားကြီးမှ ပေါက်ဖွားလာသော မာ့က်စ်ဝါဒီခေါင်းဆောင် တဦးဖြစ် သည်ဟု ဆိုအပ်ပေသည်။ သူသည် ရေနံမြေ ဘီအိုစီလုပ်ငန်း၌ အနောက်နိုင်ငံအခေါ်အားဖြင့် ကော်လာဖြူ အလုပ်သမား၊ မြန်မာအခေါ်အားဖြင့် စာရေးကလေး၊ အလုပ်သမားသမဂ္ဂအသုံးအနှုံးဖြင့် ရုံးအလုပ် သမားတယောက်ဖြစ်ပေသည်။

ရုံးအလုပ်သမားဖြစ်ရုံသာမကသေး စက်ရုံအလုပ်သမားများ သပိတ်မှောက်သောအခါ တသွေးတသားတည်း ပါဝင်ခဲ့ပေ သည်။ သပိတ်မှောက် အလုပ်သမားများက ရေနံမြေမှ ရန်ကုန်သို့ ဆန္ဒပြချီတက်လာသောအခါ ရေနံမြေသပိတ် တပ်ကြီးကို ခေါင်းဆောင်ခဲ့ပေသည်။ အလုပ်သမားသည် တိုင်းပြည်၏ လွတ်လပ်ရေးကို အများဆုံး လိုလားသူဖြစ်ရာ သူသည် ရေနံမြေ ဒို့ဗမာအစည်းအရုံး၌ စောစွာပါဝင်ခဲ့ပြီး သခင်ခေါင်းဆောင်တဦး ဖြစ်ခဲ့လေသည်။

သူ့အား ရေနံမြေသပိတ်တပ်ကြီးကို ခေါင်းဆောင်လာသူတဦးအဖြစ်ဖြင့်လည်းကောင်း၊ အဟောအပြော၊ အဆူအပူတွင် သူမတူကောင်းသူအဖြစ်ဖြင့် လည်းကောင်း၊ တတိုင်းပြည်လုံးက သိခဲ့ကြလေသည်။ သူ၏ သဘောတရား နိုင်ငံရေးအယူအဆများကိုကား ပြည်သူလူထုက နှံ့နှံ့စပ်စပ်သိခဲ့ကြခြင်း ရှိအံ့မထင်။

သူသည် ၁၃ဝဝ ပြည့် အရေးတော်ပုံများအတွင်းက ‘သပိတ်စစ်ပွဲ’ဟူသော စာအုပ်ကိုရေးသား ထုတ်ဝေခဲ့သည်။ ထိုစာအုပ်တွင် သူ၏သဘောတရား၊ နိုင်ငံရေးအယူအဆများကို တွေ့မြင်နိုင်လေသည်။ ယင်း သဘောတရား၊ နိုင်ငံရေးအယူအဆများကို ထောက်သော် မာ့က်စ်ဝါဒီတယောက်ဟု မှတ်ယူနိုင်လေသည်။

ထိုစာအုပ် စာမျက်နှာ ၄ တွင် သူတို့မျက်မှောက်ရှိ ဘီအိုစီဓနရှင်ကို ‘ဘီအိုစီဓနရှင်ကုမ္ပဏီ၏ မိုက်ကြေး’ ဟူသော ခေါင်းစဉ်ဖြင့် ဝေဖန်ပိုင်းခြားပြရင်း ဓနရှင်စနစ်၏ သဘောသကန်သဘာဝ ဥပဒေကို ဖော်ထုတ်ပြသခဲ့သည်။

ဘီအိုစီကုမ္ပဏီသည် ၁၉၃၇ခုနှစ်တွင် ငွေပေါင်း ၇ ကုဋေမြတ်၍ အလုပ်သမားအတွက်ပေးရသော အခငွေမှာ ၅ သန်းသာဖြစ်ကြောင်း ဖော်ပြခဲ့ပေသည်။ ယင်းသို့ဖော်ပြရင်း မာ့က်စ်ဝါဒ အစွန်းထွက်တန်ဖိုး သဘောတရားကို အောက်ပါအတိုင်းရှင်းပြခဲ့သည်။

‘ငွေပေါင်း ၈ ကုဋေရရန်အတွက် လုပ်ကိုင်ရသော အလုပ်ချိန်အနက် အလုပ်သမားတို့သည် မိမိတို့၏ လုပ်ခ အတွက် အချိန်တာဝန် မည်၍မည်မျှ လုပ်ကြရသည်ကိုတွက်ကြည့်သော် အလုပ်သမားတို့၏ ဝေပုံစုသည် ၁၆ ပုံမှ ၁ ပုံသာဖြစ်၏။ အချိန်နာရီအရ ခွဲစိတ်လိုက်လျှင် အလုပ်သမားတို့သည် တနေ့လျှင် ၈ နာရီ လုပ်ရသည့် အနက် ၇ နာရီခွဲသည်ကား ဓနရှင်တို့၏ အနိုင်အထက်မိုက်ကြေးခွဲ၍ အမြတ်ရရန်ခိုင်းသော အချိန်ဖြစ်သည်။ မိမိတို့အတွက် ကား နာရီဝက်သာ လုပ်ရ၏’

ယင်းကဲ့သို့ ဘီအိုစီက အမြတ်ထုတ်ယူသလို အခြားသော နယ်ချဲ့ဓနရှင်ကုမ္ပဏီများက အမြတ်ထုတ် ယူနေကြသော ကြောင့် မြန်မာပြည်သူလူထု ဒုက္ခဆင်းရဲခံရပုံကို ကွက်ကွက်ကွင်းကွင်း ဖော်ပြလေသည်။

‘ဗမာပြည်သို့ ပြန်လမ်းမရှိသော ထွက်ကုန်များ’ ဆိုသော ခေါင်းစဉ်ဖြင့် နယ်ချဲ့စနစ်သည် အမြတ်အဖြစ်ဖြင့် မြန်မာ့ ထွက်ကုန်တွေယူသွားပုံကို ဖော်ပြ၏။ နယ်ချဲ့စနစ်ကြောင့် မြန်မာပြည် ရေလွှမ်းဘေးဆိုက်ပုံ၊ ငှက်ဖျားထူထပ်လာ ပုံ၊ ဆင်းရဲသားတို့ လုံးပါးပါးပုံ၊ မိန်းမတယောက်ကို ဆန်တတင်းဖြင့် ဝယ်နိုင်ပုံ၊ ပန်းဦးဆက်ခေတ်ကြီး ပြန်ဆိုက် လာပုံ၊ ပါးစပ်တွင် ခြင်း အစွပ်ခံရသော ကျွဲနွားများနှင့် တူလာပုံကို ကွက်ကွက်ကွင်းကွင်း ဖော်ပြသည်။

‘ဓနရှင်စနစ် တည်တံ့နေသမျှကာလပတ်လုံး အဆွေတို့ ငါတို့ ပါဏုပေတံ မွဲဇာတာမလှန်နိုင်အောင် ကျွန်ဘဝအောက် သဘောက်ဘဝ၌ ရောက်ရှိနေကြပေတော့၏’ (စာမျက်နှာ -၁၇)

၎င်းနောက် ဆန်စပါးကို စတီးဘူလိမ်ဂျာပူးလ် စသော ဓနရှင် များက လက်ဝါးကြီးအုပ်ပုံ၊ ချစ်တီးများအား ၄င်းတို့ကခေါ်ခဲ့ပြီး ငွေချေးပုံ၊ မြန်မာတောင်သူလယ်သမားတွေ မြေမဲ့ယာမဲ့ဖြစ်ပုံ၊ မြန်မာပြည်ရှိ ဘဏ် တိုက်ကြီး များကို နယ်ချဲ့ဓနရှင်တို့က အုပ်ထားပုံ စသည်များဖော်ပြပြီး ‘မြေရှင်နှင့် ဓနရှင်တို့ပင်း၍ ညှဉ်းပုံ’ ကိုရေးသား လေသည်။

နယ်ချဲ့ဓနရှင်နှင့် မြေရှင်တို့၏ ပယောဂကြောင့် လူ့ဘောင် လူတန်းစားများ အခြေအနေမညီမျှပုံကို အောက်ပါအတိုင်း ဖော်ပြလေသည်။

‘နိုင်ငံချဲ့သမားတို့၏ လက်ပါးစေကျွန်ယုံအပေါင်းတို့တွင် သင်းကျစ်ဦးခိုင် မဏ္ဍိုင်ဥက္ကဋ္ဌဖြစ်သော ဘုရင်ခံကြီးသည် မိမိတကိုယ်ရေတကာယတည်း နေထိုင်ရန်အတွက် စတုရန်းပေပေါင်းတသိန်းခန့် ကျယ်သည့် ဝင်းခြံကြီးအတွင်း … မန်နေဂျာ၊ ဒါရိုက်တာများ ပေပေါင်းငါးသောင်းခန့်ကျယ်ဝန်းသော ခြံဝန်းကြီးများဖြင့် သိုက်မြိုက်တင့်တယ်စွာ နေထိုင်ခွင့်ရှိကြ၏။

ဆင်းရဲသားတို့မှာကား ခြေသလုံးအိမ်တိုင်ကိုယ်ပိုင် ပစ္စည်းဟူ၍ ရွေးစေ့ခန့်မျှမရှိကြသဖြင့် လမ်းကြိုလမ်းကြား တိုက်ကြိုတိုက်ကြားတို့တွင် ပုလိပ်ပတ်တရောင်တို့ကို တိမ်းရှောင်၍နေရသူက နေရ၏။ လခဖြင့် ငှား နေပြန်ပါကလည်း စတုရန်းပေပေါင်း ၃ဝဝ ခန့် ကျယ်ဝန်းသော အခန်းကျဉ်းကလေးများတွင် ၅ဝ ခန့်သော အလုပ်သမားတို့ ပြွတ်သိပ် တင်းကြမ်း။ ညအခါတွင် တပိုတပါး သွားချင်ပါသော်လည်း သွားလမ်းမရှိ။ အိပ် နေသူကို တက်နင်းမိမည်စိုးရသဖြင့် မလွယ်အပ်သော အန္တရာယ်ကိုပင် အနိုင်နိုင်အောင့်ကာ လွယ်၍ထား ရသူကားထားရ၏”(စာမျက်နှာ-၂၃)

တောင်သူလယ်သမားနှင့် အလုပ်သမား ဆင်းရဲသားလူထုကြီးအကြောင်း ရေးခြယ်ပြပြီးနောက် လူလတ်တန်းစား အလွှာအမျိုးမျိုးတို့၏ ဒုက္ခဆင်းရဲကိုလည်း ရေးခြယ်ပြသည်။ ထို့နောက် ၄င်းတို့၏ကံကြမ္မာသည် ဆင်းရဲသား တို့၏ကံကြမ္မာနှင့် ဆက်စပ်နေပုံကို ရှင်းပြသည်။

“ဘာကြောင့် စစ်ကူပေးရမည်နည်း”ဟူသော ခေါင်းစဉ်ဖြင့် အောက်ပါအတိုင်း နှိုးဆော်ထား၏။

“ထို့ကြောင့် စာရေးစာချီ၊ ကုန်သည်ပွဲစား၊ရှေ့နေ ရှေ့ရပ်များနှင့် ဈေးဆိုင်ကနား ခေါင်းရွက်ဗျက်ထိုး ထမ်းပိုးထမ်း လျှောက်မှုဖြင့် ရောင်းဝယ်ဖောက်ကားကာ အသက်မွေးကြသူများသည် အလုပ်သမားဆင်းရဲသားများနှင့် စီးပွားရေးတွင် ကြောင်းကျိုးဆက်စပ် ထပ်တူ ထပ်မျှဖြစ်၏ … ။

ဆင်းရဲသားများ အရေးသည် ငါတို့အရေး၊ ဆင်း ရဲသားများ တိုက်ပွဲသည် ငါတို့တိုက်ပွဲဟု စွဲမှတ်အပ်ပေသည်” (စာမျက်နှာ-၂၈)

ကျောင်းသားများကလည်း ယင်းတိုက်ပွဲတွင်ပါဝင်ရန် တိုက်တွန်းသည်။ ဆင်းရဲသားလူထုနှင့် ကျောင်း သား ကံတူအကျိုးပေးဟု ဆိုသည်။ ၄င်းနောက် တပ်ပေါင်းစုသဘောကို အောက်ပါအတိုင်း ရေးသားထား၏။

“တပ်ဦးမှနေ၍ နိုင်ငံချဲ့စနစ်ကို တွန်းလှန်ဖြိုဖျက်နေသော ဆင်းရဲသားတို့ကို ကျောင်းသားများက တပ်တောင်တာ ဗိုလ်ထုနှင့် တသံတည်း ရဲဘော်စုရုံမိစေပြီးလျှင် စစ်ကူပေးခြင်း၊ အကြံဉာဏ်ပေးခြင်း … ၊ တပ်ပေါင်း၍ တိုက်ရ တော့မည်ကား မလွှဲသာသော မဟာဝတ္တရားကြီး ဖြစ်သတည်း။ ” (စာမျက်နှာ-၄၆)

အထက်ပါ ကောက်နုတ်ချက်တွင် စာရေးသူသည် ဆင်းရဲသား၊ အလုပ်သမားအား တပ်ဦးမှ နေရာပေးထားသည်ကို သတိပြုရာသည်။

စာမျက်နှာ ၄ဝ ၌ -

“အစိုးရ၏ ပြကတေ့”ဟူသော ခေါင်းစဉ်ဖြင့် နိုင်ငံအစိုးရ၏ အဖြစ်သနစ်အမှန်ကို အောက်ပါအတိုင်း ဖော်ပြထားသည်။

“ခေတ်သစ်အစိုးရသည် ဓနရှင်စီးပွားအတွက် ဆောင်ရွက်ရန်ခန့်ထားသော အလုပ်အမှုဆောင်အဖွဲ့ မျှသာဖြစ်သည်ဟု လွန်ခဲ့သောနှစ်ပေါင်းတရာကျော်ခန့်ကပင် ကားလ်မာ့က်စ်ပြောခဲ့ဘူး၏။ ထိုစကားသည် တစ်သွေမတိမ်းအောင် မှန် ကြောင်း အဆွေတို့ငါတို့ နိုင်ငံချဲ့စနစ်နှင့် စစ်ခင်းတိုင်း တွေ့ရှိရပေသည်”

“ကြီးစွာသော အလုံးအရင်းနှင့် ချီတက်တိုက်ခိုက်လာသော ပစ္စည်းမဲ့များကို သွေးရူးသွေးတမ်း ငန်းဖမ်း သကဲ့သို့ နိုင်ငံချဲ့သမားတို့က အရမ်းမဲ့လိုက်၍ နှိမ်နှင်းနေပေတော့၏။ သို့နှိမ်နှင်းခြင်းပင်လျှင် နိုင်ငံနယ်ချဲ့စနစ်ကို အမြန်ဆုံးပျက်စီးစေရန် စေ့ဆော်ခြင်းပင်ဖြစ်၏”

ဓနရှင်နယ်ချဲ့သမားတို့သည် အစိုးရ၏ နှိပ်ကွပ်ရေးအာဏာဖြင့် ပစ္စည်းမဲ့တို့၏ ချီတက်လာမှုကြီးထွားလာမှုကို ဖြိုဖျက်ရုံမက သွေးခွဲမှုဖြင့်လည်း ဖြိုဖျက်သည်။ သွေးခွဲမှုအမျိုးမျိုးအနက် လူမျိုးစုံ ပစ္စည်းမဲ့သွေးစည်းရေးကို လူမျိုးရေးဖြင့် သွေးခွဲသည်။ ၁၃ဝဝ ပြည့်နှစ်၊ ၁၉၃၈ခု ဇူလိုင်လတွင် ကုလား-ဗမာအဓိကရုဏ်းကို ဖန်တီးပေးခဲ့သည်။ ယင်း အဓိကရုဏ်းနှင့်ပတ်သတ်၍ သခင်ဖိုးလှကြီးက -

“လူမျိုးရေး အဓိကရုဏ်းကိစ္စသည် နိုင်ငံချဲ့စနစ် အဆိပ်ဖြေဆေးကြီးတည်း”ဟု ဆို၏။ “ကုလား-ဗမာ အဓိကရုဏ်း ဖြစ်ပွားခဲ့သည့်နေ့မှစ၍ အဆွေတို့ ငါတို့ လုံးဝလွတ်လပ်ရေးလုပ်ငန်းကြီး၏ အစိတ်အပိုင်းဖြစ်သော ရေနံမြေသပိတ် အရေးတော်ပုံကြီး မထင်မရှားသောအဖြစ်မှ မှေးမှိန်သောအဖြစ်သို့ ရောက်ရှိခဲ့လေပြီ” (စာမျက်နှာ-၃၇)

မြန်မာပြည်သို့ ကုလားများ ဘာကြောင့်၊ ဘယ်သူ့ကြောင့်၊ ဘယ်သူ့အကျိုးငှာ ရောက်လာခဲ့ရပုံကို ရှင်းပြ၏။

“လွန်ခဲ့သော နှစ်ပေါင်း ၆ဝ ခန့်က နိုင်ငံချဲ့သမားတို့သည် ငွေသန်းပေါင်းများစွာ အကုန်အကျခံ၍ အိန္ဒိယပြည်တွင် ဆင်းရဲနွမ်းပါးသော ကုလားလူမျိုးတို့ကို ဗမာပြည်သို့လာရောက်ရန် ခရီးစရိတ်နှင့် စားစရိတ်ပါ ကြိုတင်ပေး၍ခေါ် ၏။ ထိုအခါ ဓနရှင်တို့ လက်ငင်းကြံရွယ်ချက်သည် အလုပ်သမားတို့ကို လခပေါပေါပေး၍ စေခိုင်းရန်ဖြစ်၏။” “လူဝင်ရေး ဥပဒေတည်းဟူသောအစေ့ကို ဓနရှင်တို့ စိုက်ပျိုးခဲ့သဖြင့် အမြတ်အစွန်း မြောက်များစွာရရှိခြင်း၊ သွေးခွဲမှုဖြင့် နိုင်ငံရေးအရ လွယ်ကူစွာ အုပ်ချုပ်နိုင်ခြင်းတည်းဟူသော အသီးအပွင့်တို့ကို ဓနရှင်တို့ သုံးစွဲခံစားကြ ကုန်၏”

ယင်းကဲ့သို့ လူမျိုးရေးအဓိကရုဏ်း၏ သရုပ်ဇာစ်မြစ်ကိုဖော်ပြပြီးသော် အဓိကရုဏ်းကိုရှောင်ကြဉ်ရန် တိုက်တွန်း၏။

“အဆွေတို့ ငါတို့သည် ကျွန်ကျွန်ချင်း ခွက်စောင်းခုတ်၍ ဘာမျှဂုဏ်လည်းမရှိ၊ အရေးလည်း မရောက်၊ ဗမာ-ကုလား အဓိကရုဏ်းဖြစ်မှုကြောင့် အဆွေတို့၊ ငါတို့လွတ်လပ်ရေး ဝေးသထက်ဝေးလေပြီ။ ဘာသာရေး၊ လူမျိုးရေးဝင်နှောက် သဖြင့် ဆင်းရဲသား အရေးကွယ်ပျောက်ရသည်ကို အဆွေတို့ ငါတို့ နှလုံးပိုက်မိသင့်လေပြီ” (စာမျက်နှာ-၃၉)

“လူတမျိုးနှင့်တမျိုး မသင့်မတင့်ဖြစ်အောင်၊ တဘာသာနှင့်တဘာသာ ခိုက်ရန်ဖြစ်ပွားလေအောင်၊ တိုင်းပြည်နိုင်ငံ နယ်နမိတ်တို့ကို ခွဲခြမ်းကာ လူတို့၏စိတ်တွင် သွေးကွဲမှုဖြစ်အောင် စီမံဖန်တီးနေသော ကလိမ်ချုံ နယ်ချဲ့စနစ်ကြီး ကွယ်ပျောက်မှသာ အဆွေတို့ ငါတို့ သင့်တင့်ငြိမ်းချမ်းစွာ နေနိုင်ကြပေလိမ့်မည်”

ဤကဲ့သို့ လူမျိုးစုညီညွတ်ရေး၊ ကမ္ဘာ့အလုပ်သမားအားလုံး ညီညွတ်ရေးတရားဟောပြီးသော် -

“ယခုအခါ ဗမာတပြည်လုံးတွင် အနှံ့အပြားဖြစ်ပွားနေသော အလုပ်သမား၊ လယ်သမားနှင့် ကျောင်းသား လူများစု လူထုကြီး၏ သပိတ်အရေးတော်ပုံကြီးသည် နေ့ရက်မခြားကြီးထွားလာသည်ကို အဆွေတို့၊ ငါတို့ သတိချပ်ကြရပေ လိမ့်မည်။ ခေတ်သစ်ပြောင်းက ခေတ်ဟောင်းသေဆိုသကဲ့သို့ သက်တမ်းစေ့ပြီဖြစ်သော နိုင်ငံချဲ့စနစ်ကြီးသည် ရုပ်၊ နာမ်၊ ခန္ဓာ သင်္ခါရတရားအရ ဌီတွင်မတန်ဘင်သို့ပင် ဆက်ခံ၍ နောင်လာမည့် ရာဇဝင်တွင် အက္ခရာတင်လောက်အောင် ခွန်အားကြီးမား တန်ခိုးထွားနေသည့် ဆင်းရဲသား ခေတ်ကြီးကို နေရာပေးရတော့မည်ကား-မချွတ်တည်း” (စာမျက် နှာ-၇ဝ)

ဤကဲ့သို့ ယုံကြည်ချက်ကိုဖော်ပြပြီး သခင်ဘိုးလှကြီးသည် ဆောင်ပုဒ်သုံးရပ်ဖြင့် အဆုံးသတ်လိုက်၏။

ဓနရှင်စနစ် ဖျက်ဆီးလော့။
သပိတ် သပိတ် မှောက် မှောက်။
အုပ်ချုပ်ရေးအသစ် ဖျက်ဆီးလော့။

မာ့က်စ်ဝါဒနှင့် အလုပ်သမားတိုက်ပွဲ ပထမဆုံး ဆက်စပ်ရာဖြစ်သော ၁၃ဝဝ ပြည့်နှစ်အရေးတော်ပုံကား ၁၅ နှစ် ပြည့်မြောက်လေပြီ။ မြန်မာ့တော်လှန်ရေးကို မာ့က်စ်ဝါဒဦးဆောင်မှုရရန် လုံးပမ်းအားထုတ်ခြင်းမှာ ၁၅ နှစ်ပြည့် လေပြီ။ ၁၅ နှစ်အတွင်း တိုက်ပွဲအမျိုးမျိုး၊ အတွေ့အကြုံအမျိုးမျိုး၊ သင်ခန်းစာအမျိုးမျိုးဖြင့် သွန်းလုပ်အပ်သော မာ့က်စ်ဝါဒ ခေါင်းဆောင်မှုသည် ရင့်ကျက်ရန် အချိန်တော်လေပြီ။


သိန်းဖေမြင့်
၂၄၊ ဇွန်၊ ၁၉၅၃
အိုးဝေမဂ္ဂဇင်း- အတွဲ ၁ အမှတ် ၆

သခင်ဖိုးလှကြီးဂျာနယ်
ဇွန်လ ၂၀၀၁ ခုနှစ်

ပရဟိတဆိုတာ ပေးဖို့သက်သက်ပါ


လောကထဲမှာ မြတ်ဗုဒ္ဓသာ အမြင့်မြတ်ဆုံး ပရဟိတစွမ်းအားရှင် ဖြစ်ပါတယ်။ မြတ်ဗုဒ္ဓလောက် ကြီးကျယ်ပြောင်မြောက် ထိရောက်အောင် ပရဟိတစွမ်းဆောင်ပေးနိုင်သူ ဘယ်သူမှ မရှိပါဘူး။ မြတ်ဗုဒ္ဓဟာ အကြီးမားဆုံး အမြင့်မြတ်ဆုံး အတိကျဆုံး အပြည့်ဝဆုံး အသေချာဆုံး ပရဟိတစွမ်းဆာင်ရှင်ပါ။ပရဟိတစိတ်နဲ့ပဲ ခက်ခဲတဲ့ပါရမီတွေ ဖြည့်ခဲ့တယ်။ ပရဟိတစိတ်ကြောင့်ပဲ ဘုရားဖြစ်ခဲ့တာပါ။ အတ္တဟိတ သက်သက်သာဆိုရင် ဘုရားဖြစ်အောင် ကျင့်နေဖို့တောင် မလိုတော့ဘူး။ သုမေဓာ ရှင်ရသေ့ဘ၀က သာဝကပါရမီ ပြည့်နေပြီပဲ၊ ဆက်အားထုတ်လိုက်ရင် ရဟန္တာဖြစ်ပြီး နိဗ္ဗာန်ရောက်ဖို့ သေချာနေပါပြီ။ ပရဟိတစိတ်ကြောင့်သာ အသက်စည်းစိမ်များစွာ စွန့်လွှတ်အနစ်နာခံပြီး ဘုရားဖြစ်ကြောင်း ပါရမီကောင်းမှုတွေကို ဖြည့်ကျင့်ခဲ့တာ ဖြစ်တယ်။

ပရဟိတဆိုတာ ပေးဖို့သက်သက်ပါ။ လှူတဲ့အခါ သီလရှိသူတွေ ရွေးချယ်ကြတာက ကိုယ့်အတွက်ငဲ့လိုပါ။ ပရဟိတကျတော့ အယုတ် အလတ် အမြတ်မရွေး လူမျိုးမရွေး၊ ဘာသာမရွေး၊ ပုဂ္ဂိုလ်မရွေး၊ ဘယ်သူဘယ်ဝါ မရွေး၊ အားလုံးရဲ့ အကျိုးအတွက်ပါ။ သူတို့ဆီက ဘာတခုမှလဲ မျှော်လင့်ချက် မထားပါဘူး။ ကိုယ့်ကြောင့် သူ ချမ်းသာသွားရင် ပြီးတာပဲ။

ကမ္ဘာမှာ ကြက်ခြေနီ၊ လခြမ်းနီ စတဲ့ လူမှုရေးအဖွဲ့အစည်းတွေဟာ သူ့အတွက် ကိုယ်က အနာခံပေးရတဲ့ အဖွဲ့တွေပဲ။ ကူညီခံရသူတွေထံက တုံ့ပြန်ကျေးဇူးဆပ်မှုကို ဘာတခုမှ မမျှော်လင့် မတောင့်တကြပါဘူး။

ပရဟိတစေတနာရှင်ဟာ ကိုယ့်ကျေးဇူးကို သိလို့ တုံ့ပြန်မှုကို လုံးဝမျှော်လင့်စရာ မလိုပါဘူး။ ပရဟိတစေတနာ ရှင်ဟာ ဒုက္ခလွတ်ပါစေဆိုတဲ့ ကရုဏာ၊ ချမ်းသာပါစေဆိုတဲ့ မေတ္တာနဲ့ပဲ ကူညီတတ်တယ်။ ပေးကမ်းတတ်တယ်။ ထောက်ပံ့တတ်တယ်။ မေတ္တာ ကရုဏာ အရင်းခံတဲ့ မြင့်မြတ်တဲ့စေတနာနဲ့ပဲ ဆောင်ရွက်ပေးပါတယ်။

သူ့ဒုက္ခလွတ်စေချင်လို့ ကူညီတာက ကရုဏာ၊
သူချမ်းသာစေချင်လို့ ကူညီတာက မေတ္တာ၊
သူချမ်းသာသွားပြီလို့ ကြားရတာက မုဒိတာ။
တကယ်တော့ ပရဟိတဆိုတာ လောဘကို တိုက်ရိုက် ဖြိုဖျက်ရတဲ့အလုပ် ဖြစ်ပါတယ်။

မေတ္တာ၊ ကရုဏာနဲ့ ဆောင်ရွက်တာဖြစ်လို့ ဒေါသကိုလဲ တိုက်ရိုက်ဖျက်ဆီးနေရတဲ့ အလုပ်ဖြစ်တယ်။ အသိတရား ဦးဆောင်ပြီး လုပ်လိုက်တော့ မောဟကိုပါ သန့်စင်ခွင့် ရလိုက်ပြန်တယ်။ ဒီလိုဆိုတော့ လောဘ၊ ဒေါသ၊ မောဟကို အနိုင်ယူရတဲ့ အလုပ်ဖြစ်ပါပဲလား။ ဒါကြောင့် မြင့်မြတ်တဲ့အလုပ် ဖြစ်ရတာပါ။

လောကထဲမှာ ဆင်းရဲဒုက္ခအပူ ပြဿနာမျိုးစုံကို ဖန်တီးနေတဲ့ လောဘ၊ ဒေါသ၊ မောဟ အပူငွေ့တွေကို ဖယ်ရှားသန့်စင်ပြီး မြင့်မြတ်တဲ့စိတ်ထားနဲ့ ဆောင်ရွက်နေရတာဖြစ်လို့ စဉ်းစားလိုက်ရင်ာ အလွန်ကြည်နူးစရာကောင်းတဲ့ အလုပ်ပါ။

(တိပိဋကဓရ ယော-ဆရာတော်)

ပရဟိတ ဆောင်ရွက်နေကြတဲ့ မောင်နှမတွေကို ပြန်လည်မျှဝေခြင်း ဖြစ်ပါတယ် ခင်ဗျာ။

မောင်မင်း

နာရေးကူညီမှုအသင်း(မဲဆောက်) ဆိုဒ်မှ ထပ်မံကူယူဖော်ပြပါသည်။

သေရေးထက် နေရေးခက်ပြန်

စက်တင်္ဘာ ၃ ရက်မနက်တည်းက ကြားနေတယ်။ ဘန်ကောက်က ရဲနဲ့ လဝကတွေ မဲဆောက်ရောက်နေတယ်တဲ့။ အရင်နေ့က ကြိုသိလို့ တချို့ စက်ရုံက အလုပ်သမားတွေ ပုန်းနေ ရှောင်နေကြပြီတဲ့။ ဒါနဲ့ နာရေးဥက္ကဌလဲဖြစ် အလုပ်သမားရေးဆောင်ရွက်နေတဲ့ အဝေးရောက်ဧရာဝတီအသင်းရဲ့ ဥက္ကဌလည်းဖြစ်တဲ့ ဆရာပုဆီလှမ်းမေးလိုက်တော့ "အေးဗျာ ပြေးကြလွှားကြ တရုံးရုံးဘဲ။ ညနေတော့ ကျနော်တို့ သောက်ရေနဲ့ စားစရာ ရှာဖွေပြီး ပို့ကြရအောင်" ဆိုတော့။ ညနေ ၄နာရီခွဲလောက်မှာတော့ ဧရာဝတီရုံးမှာ မားမားထုပ်၊ ရေနဲ့ ဆေးဝါးအချို့ကိုတင်ပြီး သူတို့ပုန်းတဲ့နေရာတွေကို ဖုန်းထဲကပြောပြတဲ့အတိုင်း သွားကြရတာပေါ့။ တွေ့ရတဲ့ အခြေအနေခြင်းကတော့မတူ။ အချို့က စက်ရုံက စားဖို့ တာဝန်ယူလာပို့သလို၊ ဘာမှ တာဝန်မယူ သွားချင်ရာသွားကြ နှင်ခံရသူတွေလဲမနည်း။ ၄ ရက်နေ့ကျပြန်တော့လဲ သူတို့တွေ ပုန်းနေဆဲ။ ဒါနဲ့ပဲ နာရေးကူညီမှုအသင်းနဲ့ ဧရာဝတီပူးပေါင်းပြီး တရက်အတွက်တော့ ကူညီရပြန်တယ်။ သူတို့လုံခြုံရေးအတွက် အသေးစိတ်တွေမရေးတော့ပါဘူး။ ဓါတ်ပုံတွေက ပြောပြပါလိမ့်မယ်။ တကယ်လို့ ကူညီကြမယ်ဆို နာရေးကူညီမှုအသင်း( မဲဆောက်)ကို ဖြစ်စေ၊ အဝေးရောက်ဧရာဝတီအသင်းကို ဖြစ်စေ ဆက်သွယ်နိုင်ကြပါတယ်။ ဖုန်းနံပါတ်တွေကတော့
အရှည်ကြီး (086-933-6470)
ကိုဇော်မင်းနိုင် (083-625-1439)
ကိုအောင်ကျော်စိုး (083-951-8041)
ကိုသန်းဇော် (085-164-7079)
ကိုမင်း (089-959-8992)
ကိုရန်မျိုးအောင် (084-379-3207)
ကိုစိုး (089-641-1187)
ဆရာပု (087-571-9773)























နာရေးကူညီမှုအသင်း(မဲဆောက်) ဆိုဒ်မှ ထပ်မံကူးယူဖော်ပြပါသည်။

အလှူရှင်များစာရင်း

______________

လက်မှတ်မရှိသည့်အလုပ်သမားများ ဖမ်းဆီးမှုစတင်

ယနေ့ စက်တင်ဘာ 3 ရက် 2010 ခုနှစ် နံနက်ပိုင်းတွင် မဲ့ဆောက်မြို့နှင့် မဲဆောက်မြို့ပတ်ဝန်းကျင်ရှိ စက်ရုံအလုပ်ရုံနှင့် အခြားသော အလုပ်သမားများအတွက် အရေးပေါ်စီမံချက်တရပ် ပေါ်ထွက်ခဲ့ပါသည်။

ထိုစီမံချက်မှာ အလုပ်သမားလက်မှတ်(ဘတ်)မရှိသော အလုပ်သမားများကို ပြင်းပြင်းထန်ထန် လိုက်လံဖမ်းဆီးပြီးမည် ဖြစ်ကြောင်း သတင်းရရှိသဖြင့် အလုပ်သမား လက်မှတ်မရှိသော အလုပ်သမားများကို ယနေ့မှစ၍ နောက် 3-4 ရက် အထိ လက်ရှိစက်ရုံ၊ အလုပ်ရုံတွင် နေခွင့်မပြုတော့ပဲ စက်ရုံပြင်သို့ထွက်ပြီး တိမ်းရှောင်ကြရန် စက်ရုံသူဌေမှ စက်တင်ဘာ 2 ရက် 2010 ရက်နေ့ညနေပိုင်းတွင် ပြောကြားခဲ့သည်။




တချို့စက်ရုံများသည် အလုပ်သမားများကို နံနက်မိုးလင်လျှင် စက်ရုံပြင်ပကို ထွက်စေပြီး- ညနေ 6 နာရီလောက်တွင် ပြန်ဝင်အလုပ်လုပ်စေရန် အလုပ်ရှင်မှ ပြောကြားခဲ့ပါသည်။ သို့သော်အလုပ်သမားအများစုမှာ စက်ရုံပြင်ပတွင် မည်သို့၊ မည်ပုံ နေထိုင်ရမည်ကို မသိကြောင်း နေထိုင်ရန်အတွက် များစွားအခတ်အခဲရှိသောကြောင့် ညပိုင်း အလုပ်မဆင်းနိုင် ကြောင်း သိရပါသည်။ တချို့အလုပ်သမားများသည် မိမိတို့စက်ရုံ အပြင် (မြ၀တီ) သို့ သွားရောက်တိမ်းရှောင်ရန်အတွက် ပိုက်ဆံမရှိသဖြင့် လုပ်ငန်းရှင်ထံတွင် မိမိတို့လုပ်အားခ(ပိုက်ဆံ) ကြိုထုပ်ချေးသော်လည်း လုပ်ငန်းရှင်မှ မချေးပေးနိုင် ကြောင်း မိမိတို့ကိစ္စ သူနှင့်မဆိုင်ကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့သည့် တောရကျောင်းရှေ့ သိုးမွှေးစက်ရုံမှ အလုပ်သမား တဦးမှ ပြောပြပါသည်။ ထိုအလုပ်သမားမှ အခုဆို ကျနော်တို့စက်ရုံကနေ မြ၀တီကို ပုလိပ်သွားရှောင်တဲ့ ကား 2 စီး ကို ကျောင်းသားဆေးခန်းအလွန်တွင် ပုလိပ်မှ ဖမ်းမိ၍ 1 ယောက်ကို ထိုင်းဘက် (200) စီ ပေးလိုက်ရကြောင်း ပြောပြပါသည်။


ဖာဒဲကျေးရွာတွင် အလုပ်သမားများ လာရောက်တိမ်းရှောင် သည့်အခါ နယ်မြေခံများမှ တိုင်ကြားသည့်အတွက် နယ်မြေခံ စစ်သားနှင့် ပုလိမ်များ ပူးပေါင်းဖမ်းဆီးခြင်းကို ခံခဲ့ရပါတယ်။ ထိုအဖမ်းခံရတဲ့ အလုပ်သမားများဟာ ကပ်ဘီဘန်း သိုးမွေးစက်ရုံအနီး အမိုးနီ အထည်ချုပ်စက်ရုံမှ ဖြစ်ပြီး အလုပ်သမား ၄၂ ဦး အဖမ်းခံခဲ့ရပြီး ရွှေများနှင့်ဖုန်းများကို အာဏာပိုင်များမှ သိမ်းဆည်းထားကြောင်း အလုပ်သမားများမှ ပြောကြားခဲ့ပါသည်။

ယနေ့ နံနက် ၉ နာရီခန့်တွင် ဖာဒေးကျေးရွာမှာ ပုလိပ်ရှောင်နေသော ကီးဖုန်း စက်ရုံနှင့် ကပ်ဘီဘန်းစက်ရုံမှ အလုပ်သမား ၂၀၀ ခန့် အဖမ်းခံခဲ့ရကြောင်း သိရှိရပါတယ်။ ကတ်ဘီဘန်း စက်ရုံက မနေ့ညနေပိုင်း ၊ ကီဖုန်းစက်ရုံက ယနေ့နံနက်ပိုင်းတွင် ဖာဒေရွာရှိ ဖာဒေဘုန်းတော်ကြီးကျောင်းတွင် ထွက်ပြေးတိမ်းရှောင်းနေသောကြောင့် အတူတကွ ဖမ်းဆီးခြင်းကို ခံခဲ့ရပါသည်။ ထိုကျောင်းရှိ ဘုန်းကြီး၏အဆိုအရ ရွာသားများက ပုလိပ်ကို ဘန်ကောက်တက်မည့် မြန်မာအလုပ်သမားများ ဘုန်းကြီးကျောင်းတွင် တည်းခိုနေကြောင်း သတင်းပေးလိုက်သည့်အတွက် ယခုကဲ့သို့ အဖမ်းခံခဲရခြင်းဖြစ်ကြောင်း သိရှိရပါတယ်။

အလုပ်သမားအများစုမှာ မဲဆောက်တဘက်ကမ်းရှိ မြ၀တီမြို့သို့ တိမ်းရှောင်နေရကြောင်း နှင့် တချို့မှာ မိမိတို့နီးစပ်ရာ မိတ်ဆွေများအိမ်တွင် ခေတ္တတိမ်းရှောင်နေကြောင်း သတင်း ရရှိပါသည်။ မြ၀တီမြို့တွင် မဲဆောက်မှ လက်မှတ်မရှိသည့်အလုပ်သမား (3000) ကျော်လောက် လာရောက်တိမ်းရှောင်နေရကြောင်းသိရှိရပါသည်။

စက်ရုံတော်တော်များတွင် ပုလိပ်ဖမ်းမည့် စီမံချက်ရှိသည့်အတွက် ဘတ်မရှိသည့် အလုပ်သမားများကို လုပ်ငန်းရှင်တွေက မဲဆောက်ဒေသနှင့် မြ၀တီမြို့တို့တွင် ထွက်ပြေးတိမ်းရှောင်ခိုင်းခြင်း အလုပ်မဆင်းခိုင်းခြင်းနှင့် စက်ရုံပြင်ပကို မထွက်ခိုင်းခြင်း တို့ကို အလုပ်သမားများထံမှ သိရှိရပါသည်။

ထိုင်း-မြန်မာနယ်စပ် မဲဆောက်အပါအ၀င် တာ့ခ်ခရိုင်တွင် မြန်မာအလုပ်သမား (၄) သိန်းခန့် လုပ်ငန်းခွင်အသီးသီးတွင် အလုပ်လုပ်ကိုင်လျက်ရှိရာ တရားဝင် အလုပ်သမား မှတ်ပုံတင်ထားသူမှာ (၆) သောင်းခန့်သာရှိပြီး မဲဆောက်ဒေသအတွင်း အလုပ်ရုံစက်ရုံ (၂၈၀) ခန့်တွင် မြန်မာအလုပ်သမား (၂) သိန်းခန့် ရှိသည့်အနက် အလုပ်သမား မှတ်ပုံတင်ထားသူ (၄) သောင်းခန့်သာရှိသည်ဟု တာ့ခ်ခရိုင် အလုပ်သမားရုံး မှတ်တမ်းများအရ သိရသည်။

မြန်မာအလုပ်သမားများကွန်ယက်