မင်္ဂလာပါ ... ကြွရောက်လာကြသော မိတ်သင်္ဂဟအပေါင်းတို့ကို "မြန်မာအလုပ်သမားများကွန်ယက်" ဆိုဒ်မှ နွေးထွေးစွာဖြင့် ကြိုဆိုပါတယ်ခင်ဗျာ....

လေဘေးသင့် ရေလုပ်သား တသောင်းကျော် ကယ်ဆယ်ပြီး၊ ၇၀၀ ကျော် ပျောက်ဆုံးဆဲ

ဧရာဝတီတိုင်း ဖျာပုံခရိုင်အတွင်းရှိ လေဘေးသင့် ရေလုပ်သား ၁၁၀၀၀ ကျော်ကို ကယ်ဆယ်ရရှိ ထားသည်ဟု ဖျာပုံမြို့နယ် ကျားပိုက် လုပ်ငန်းရှင်များအဖွဲ့က ယနေ့ ပြောကြား လိုက်သည်။

kawthaung01

ကော့သောင်းမြို့သို့ ရောက်ရှိလာသည့် ရေလုပ်သား ဒုက္ခသည်များကို မတ်လ ၂၁ ရက်နေ့က တွေ့ရစဉ်။ လေပြင်း မုန်တိုင်း တိုက်ခတ်မှုကြောင့် ပင်လယ်ထဲတွင် မျောနေသော မြန်မာရေလုပ်သားများကို မြန်မာ့ရေတပ်နှင့် ငါးဖမ်းသင်္ဘာကြီး များက ကယ်တင်ခဲ့ပြီး တနင်္သာရီတိုင်း ကော့သောင်းမြို့နှင့် ရန်ကုန်မြို့သို့ ပို့ဆောင်ပေးခဲ့သည်။ (ဓာတ်ပုံ - http://burmese.nldburma.org)

အဆိုပါ အရေအတွက်သည် ဖျာပုံမြို့နယ်တွင် ဖွင့်လှစ်ထားသည့် ကယ်ဆယ်ရေးစခန်း၂ ခုသို့ ဒေသအသီးသီးမှ ကယ်ဆယ် ရရှိလာပြီးသည့် လူစာရင်းဖြစ်သည်ဟု ဖျာပုံမြို့နယ် ကျားပိုက်လုပ်ငန်းရှင်များအဖွဲ့ တာဝန်ရှိသူ တဦးက ဧရာဝတီ သို့ ပြောသည်။

“ကျနော်တို့ ဆီမှာ ရှိတဲ့ ရေလုပ်သားစာရင်းနဲ့ ပြန်ကယ်ဆယ်လို့ ရောက်လာတဲ့ လူစာရင်းကို နုတ်လိုက်တော့ ပျောက်ဆုံးနေတဲ့ ရေ လုပ်သား ၇၀၀ ကျော် လောက်ရှိနေသေးတယ်။ ပင်လယ်ထဲ မျောသွားတဲ့ ရေလုပ်သားအများစုက ဖျာပုံမြို့ထဲက များတယ်”ဟု ၎င်း က ဆိုသည်။

မတ်လ ၁၄ ရက်နေ့မှ ၁၆ ရက်နေ့အထိ လေပြင်းတိုက်ခတ်မှုကြောင့် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ ဖျာပုံ ၊ ဒေးဒရဲ ၊ လပွတ္တာ ၊ မြောင်းမြ၊ တွံတေး၊ ကွမ်းခြံကုန်း၊ ကော့မှူး စသည့် မြို့နယ်များရှိ ရေလုပ်သားများ ပင်လယ်တွင်း မျောပါသွားခဲ့သည်။

မတ်လ ၁၄ ရက်နေ့ မှ မတ်လ ၁၇ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာများတွင် မြစ်ဝကျွန်းပေါ်၊ မုတ္တကွေ့ ၊ မွန်ပြည်နယ်နှင့် တနင်္သာရီ ကမ်းရိုးတန်း တလျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တခါတရံအရှေ့ဘက်မှ လေပြင်းများကျရောက်ပြီး လှိုင်းအသင့် အတင့် မှ လှိုင်းကြီးနိုင်ကြောင်း၊ လေပြင်းကျစဉ် ရေပြင်မြေပြင်လေသည် တနာရီ ၃၅ မိုင် တိုက်ခတ်မည်ဖြစ်ကြောင်း ဖော်ပြခဲ့ သည်။

သို့သော် လေပြင်းတိုက်ခတ်မှုနှုန်းမှာ ၁ နာရီ မိုင် ၆၀ မှ ၇၀ နှုန်း ရှိခဲ့သောကြောင့် ဧရာဝတီတိုင်းအတွင်းရှိ ရေလုပ်သားများသည် ကော့သောင်း ၊ ကျိုက္ခမီ ၊ ကိုကိုးကျွန်း ၊ ဟိုင်းကြီးကျွန်းနှင့် ရန်ကုန်မြို့ စသည့် ဒေသအနှံ့သို့ ရောက်ရှိ သွားခဲ့ကြောင်း သိရသည်။

“ဖျာပုံမြို့နယ်မှာတင် ကျေးရွာ အုပ်စုတွေက အများကြီး၊ အဲဒီမှာ ရေလုပ်သားတွေကလည်း အများကြီးဆိုတော့ ဧရာဝတီတိုင်း တခု လုံးအနေနဲ့ တွက်ရင် ရေလုပ်သား ၁ သောင်းခွဲနဲ့ ၂ သောင်းကြားမှာ ရှိနေတယ်”ဟု ဖျာပုံမြို့နယ် ကျားပိုက်လုပ်ငန်းရှင်များအဖွဲ့ တာဝန်ရှိသူက ပြောသည်။

ဖျာပုံမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်သွယ်ရေး ဦးစီးဌာနမှ စာရင်းအရ ခန့်မှန်းခြေ ကျေးရွာအုပ်စု ၄၃ အုပ်စု ၊ ကျေးရွာပေါင်း ၁၄၀ ၊ ကျေးရွာ ခွဲပေါင်း ၉၇ ခု ရှိကြောင်း စုံစမ်း သိရှိရသည်။

ဖျာပုံမြို့နယ်၌ အင်္ဂလန်ကျားဖောင် လုပ်ငန်း လုပ်ကိုင်သူ ၂၅၀၀ ရှိပြီး အဆိုပါ ကျားဖောင်တစီးလျှင် လူ ၃ ဦးမှ ၄ ဦး ပျမ်းမျှ လိုက် ပါလေ့သည်ဟု ဖျာပုံမြို့နယ် မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်၏ စာရင်းက ဆိုသည်။

“ဒေသအခေါ်အရ အင်္ဂလန် ကျားဖောင် ဆိုတာ ၀ါးဖောင်အကြီးကြီးတွေဖွဲ့ပြီး ကမ်းစပ်မှာ စိုက်ပြီး ပုစွန် ၊ ငါးနုတ် ၊ ငါးသေး လေး တွေ အဓိက ဖမ်းပြီး အသက်မွေးဝမ်းကျောင်းတဲ့ သူတွေပေါ့။ ၀ါးဖောင်ပေါ်မှာ တဲအိမ်လေးတွေဆောက်ပြီး မိသားစုပါ ချက်ပြုတ်စားပြီး နေကြတာပေါ့”ဟု ဖျာပုံမြို့နယ်ရှိ မြန်မာနိုင်ငံငါးလုပ်ငန်း မှ တာဝန်ရှိသူတဦးက ပြောသည်။

အဆိုပါ အင်္ဂလန် ကျားဖောင် လုပ်ငန်း လုပ်ကိုင်လိုပါက သက်ဆိုင်ရာ ဒေသရှိ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်တွင် ကျပ် ၄၀၀၀ မှ ၅၀၀၀ ကြား ပေးဆောင်ကာ လိုင်စင်ထုတ်ယူနိုင်ကြောင်း၊ ငွေကြေးချို့တဲ့သည့် ဒေသခံအများစုမှာ ယင်း ကျားဖောင် လုပ်ငန်းဖြင့် သာ အသက်မွေးကြကြောင်း သိရသည်။

“ဒေသခံ ရေလုပ်သားအများစုကတော့ ဘာငါးဖမ်းစက်လှေမှ မပိုင်သလို ၊ ငါးဖမ်းလှေလည်း မရှိဘူး။ အားလုံးကချို့တဲ့တော့ ကျားဖောင်နဲ့ပဲ ငါးဖမ်းတာများတယ်။ ငါးဖမ်း စက်လှေက မြင်းကောင်ရေပေါ်မူတည်ပြီး ကျပ် ၁ သိန်းကနေ ၄ သိန်း ပေးရတယ် ဆိုတော့ ဘယ်သူမှလည်း မ၀ယ်နိုင်ဘူး။ အများစုကတော့ စီးပွားရေးလုပ်ငန်းရှင်တွေပဲ ပိုင်တာ များတယ်”ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်းတာဝန် ရှိ သူက ဆက်ပြောသည်။

ယမန်နေ့အထိ ပင်လယ်ငါးဖမ်းစက်လှေများမှ ရန်ကုန်မြို့ နန်းသီတာ ဆိပ်ကမ်းသို့ ကယ်ဆယ်ရရှိလာသည့် ရေလုပ်သား အရေ အတွက်မှာ ၄၀၀၀ ကျော်ရှိပြီး ယနေ့ အထိ ထပ်မံ ကယ်ဆယ်ရလာခြင်းမရှိသေးဟု ၎င်းက ဆိုသည်။

“ပထမ ခန့်မှန်းခြေ ပင်လယ်ထဲမှာ မျောနေတာ ၇၀၀၀ လောက်ရှိမယ် ထင်တာ၊ ဖျာပုံတမြို့တည်းတင် ကျားစီး ဖောင်လိုင်စင်ရှိတဲ့ အရေအတွက် ၊ ဖောင်ပေါ်ပါတဲ့ ရေလုပ်သား အပါအ၀င် သူတို့တွေက အိမ်ဆောက်နေတာဆိုတော့ မိသားစုတွေ အပါအ၀င် ခန့်မှန်းခြေ ၁၁၀၀၀ ကျော်လောက်ရှိတယ်”ဟု အထက်ပါ ငါးလုပ်ငန်းတာဝန်ရှိသူက ပြောသည်။

မတ်လ ၂၂ ရက်နေ့ထုတ် အစိုးရသတင်းစာများတွင် လေဘေးသင့် ရေလုပ်သားများကို ပင်လယ်ပြင်တွင် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ယနေ့အထိ တပ်မတော်(ရေ) စစ် ရေယာဉ်များ၊ ပင်လယ်ပြင်အတွင်း ငါးဖမ်းရေယာဉ်များနှင့် ဒေသခံ ငါးဖမ်းစက်လှေများက ရေလုပ်သား ၃၃၇၄ ဦးကို ကယ်တင်နိုင်ခဲ့ကြောင်း၊ ၎င်း ရေလုပ်သားများ အနက် ၃၁၅၂ ဦးကို သက်ဆိုင်ရာ နေရပ်များသို့ ပို့ဆောင်ပေးခဲ့ကြောင်း၊ ကျန်ရှိနေသော ရေလုပ်သား၂၂၂ ဦးကိုမူ တာဝန်ရှိသူများက လိုအပ်သော ဆေးဝါး ကုသမှု များ၊ အ၀တ် အထည်များ၊ စားသောက်ဖွယ်ရာများဖြင့် ထောက်ပံ့ကူညီ စောင့်ရှောက်ပေးထားကြောင်း ရေးသားထားသည်။

“ကျားဖောင်တွေက များသောအားဖြင့် ကမ်းနဲ့ ၁၅ မိုင် နဲ့ မိုင် ၃၀ လောက် အကွာ မုတ္တမ ပင်လယ်ဝ ၊ ကပ္ပလီ ပင်လယ် တွေမှာ ဆိုက်ထားပြီး ငါးဖမ်း၊ ပုစွန်ဖမ်းလုပ်ကြတာ။ ကြေညာထားတဲ့ လေတိုက်နှုန်းက ၃၅ မိုင် လောက်ပဲ ရှိမယ်ဆိုတော့ ကျားဖောင် တွေက မိုင် ၅၀ လောက် အထိ လေတိုက်နှုန်းကို ခံနိုင်တယ်။ ဒီတော့ ပုံမှန်ပဲ နေနေကြတာ”ဟု ငါးဖမ်း လုပ်ငန်း လုပ်ကိုင်သူတဦးက ပြောသည်။

၎င်းက ဆက်၍ “ငါးဖမ်းစက်လှေကြီးတွေ ၊ ငါးဖမ်းသဘောင်္ကြီးတွေ အများစုက အင်တာနက် က သတင်းတွေ ဖတ်တယ်။ နောက် ယိုးဒယား လိုင်းက မိုးလေ၀သ သတင်းတွေနားထောင်ဖြစ်တော့ အချိန်မီ ကမ်းကပ်နိုင်သွားတယ်။ ဒါကြောင့်လည်း ဘာမှ မဖြစ် တာ”ဟု ပြောဆိုသည်။

ရန်ကုန်အခြေစိုက် ဂျာနယ်သတင်းထောက် တဦးကလည်း“တနေ့ကအထိတော့ နန်းသီတာ သဘောင်္ဆိပ်ကို ရောက်လာတဲ့ ရေ လုပ်သားတွေကို ငါးလုပ်ငန်းက စီစဉ်ပေးထားတဲ့ ကားနဲ့ နေရပ်ကို ချက်ချင်း ပြန်လွှတ်တာ”ဟု ပြောသည်။

လေပြင်း တိုက်ခတ်မှုများကြောင့် ရန်ကုန်တိုင်းအတွင်း နေအိမ် အလုံး ၁၁၀၊ တဲ ၃၈ လုံးနှင့် ဧရာဝတီတိုင်းအတွင်း အိမ်ခြေ ၂၀ ခန့် ပြိုကျပျက်စီးသွားခဲ့ကြောင်း မတ်လ ၁၃ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။

ယမန်နေ့ထုတ် နိုင်ငံပိုင်သတင်းစာတွင် ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်းတခုဖြစ်ပေါ်နေပြီး အဆိုပါ လေ ဖိ အားနည်း ရပ်ဝန်းအရှိန်ကြောင့် မြစ်ဝကျွန်းပေါ် ၊ မုတ္တမကွေ့၊ မွန်ပြည်နယ်နှင့် တနင်္သာရီ ကမ်းရိုးတန်းတလျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင် တို့တွင် မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ကြောင်း ၊ မိုးသက်လေပြင်းကျ ရောက် စဉ် ရေပြင် မြေပြင်လေသည် တနာရီ ၃၅ မိုင်မှ မိုင် ၄၀ ထိ တိုက်ခတ်နိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

ဧရာဝတီ ၀က်ဆိုက်မှ ကူးယူဖော်ပြပါသည်၊

အနှိမ်ခံ မြန်မာ ရေလုပ်သားများ

သန်းထိုက်ဦး
ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းမြို့ရှိ စဖန်းပလားလို့ ခေါ်တဲ့ ဆိပ်ကမ်းတနေရာမှာ ပင်လယ်ထဲကို ငါးဖမ်းထွက်ဖို့ နှစ်ထပ် ငါးဖမ်းလှေကြီးရဲ့ အပေါ်ဆုံးထပ်မှာ ရာနဲ့ချီတဲ့ ပုံးပြာပြာတွေကို ရေလုပ်သားတွေက ပြင်ဆင်နေကြသလို တချို့လှေတွေက ရေခဲတွေကို စက်နဲ့ လှေထဲထည့်နေကြပါတယ်။

Ranoung-IMG_8470

(ဓာတ်ပုံ - သန်းထိုက်ဦး / ဧရာဝတီ)


ကမ်းနားမှာ တန်းစီ ရပ်ထားတဲ့ အဲဒီ ငါးဖမ်းလှေတွေထဲမှာ မြန်မာပြည် ကော့သောင်းဘက်က လာပြီး ခတ္တဆိုက်ကပ်ထားတဲ့ မင်းမင်းတိုး၊ သုခမောင်၊ အောင်ချမ်းနောင်၊ ဂျွန်နသန်၊ ကျော်ဆန်းလင်း၊ စိုးကိုလွင် ဆိုတဲ့ ငါးဖမ်းလှေတွေလည်း တွေ့နိုင်ပါတယ်။

ဒီဆိပ်ကမ်းမှာ အလုပ်လာလုပ်တဲ့ သူတွေဟာ မြန်မာနိုင်ငံ တနင်္သာရီတိုင်းက ထားဝယ်မြို့သားတွေ အများဆုံး ဖြစ်ပြီး ရန်ကုန်မြို့၊ မော်လမြိုင်မြို့၊ ကော့သောင်းမြို့ဒေသတွေက လာရောက် အလုပ်လာလုပ်ကြတဲ့ တိုင်းရင်းသားတွေလည်း ရှိပါတယ်။

အလုပ်လာလုပ်ကြသူတွေအနက် ဆိပ်ကမ်းမှာ ငါးလုပ်ငန်းကို လုပ်ကိုင်နေကြတာရှိသလို့ တချို့ကလည်း ပင်လယ်ထဲမှာ နှစ်ရှည် ငါဖမ်းလှေတွေမှာ အလုပ်လုပ်နေတဲ့ ရေလုပ်သားတွေလည်း ရှိပါတယ်။ အဲဒီ ရေလုပ်သားတွေကတော့ အိမ်ထောင်မရှိတဲ့ လူလတ်ပိုင်တွေ များပါတယ်။

၁၀ နှစ်ကျော်ကြာ ရေလုပ်သားအဖြစ် လုပ်ကိုင်နေတဲ့ အသက်၂၈ အရွယ် ကိုသားကြီးက “အခု ငါးဖမ်းလှေလောကမှာက မြန်မာတွေပဲ များတယ်။ ပဲ့နင်းတွေဆိုရင် တချို့လှေတွေမှာ ထိုင်း ပဲ့နင်း ၂ ယောက်လောက်ပဲ ရှိတယ်။ ကျနော် အခုစီးနေတဲ့လှေက မြန်မာ ၈ယောက်၊ ပဲ့နင်းက ထိုင်းတယောက်နဲ့ မြန်မာ တယောက် အားလုံး ၁၀ ယောက်ရှိတယ်” လို့ ပြောပါတယ်။

ကိုသားကြီးဟာ ရန်ကုန်မြို့က ဖြစ်ပြီး အသက် ၁၇ နှစ် အရွယ်ကတည်းက ကျောင်းထွက်ကာ ရနောင်းမြို့ကို ရောက်ရှိလာတာဖြစ်ပါတယ်။

“ကျနော် ၁၀ တန်း စာမေးပွဲဖြေပြီးတော့ ထွက်ခဲ့တာ။ ကျောင်းဆက် မတက်ဖြစ်တော့ဘူး။ ဒီလိုပဲပေါ့၊ ငွေရေးကြေးရေး အခက်အခဲကြောင့် မြန်မာပြည်မှာ ကျောင်းဆက်တက်လည်း ဘွဲ့ရတယောက်က ဘာမှသုံးစားလို့ မရတာ။ အလုပ်မရှိတဲ့ လူတွေလည်း တပုံကြီးပဲရှိတယ်” လို့ ကိုသားကြီးက ပြောပါတယ်။

ပင်လယ်ထဲကို ငါးဖမ်းထွက်တဲ့အခါ မြန်မာရေလုပ်သားတွေကို ထိုင်းတွေက အနိုင်ကျင့်မှုတွေအပြင် ထိုင်းလှေပိုင်ရှင် သူဌေးက ခွဲခြားဆက်ဆံတာတွေလည်း ရှိတယ်လို့ သူက ဆိုပါတယ်။

“ထိုင်း ပဲ့နင်းတယောက်နဲ့ မြန်မာ ပဲ့နင်းတယောက် အလုပ်လုပ်တာချင်း အတူတူပဲ။ ဒါပေမယ့် လစာကတော့ ကွာသွားပြန်ရော မြန်မာပဲ့နင်းတွေကိုတော့ တလကို ဘတ်ငွေ ရှစ်ထောင်၊ ကိုးထောင်ပဲ ပေးတယ်။ ထိုင်းပဲ့နင်းတွေကိုတော့ တသောင်း၊ တသောင်းနှစ်ထောင်ပေးတယ်” လို့ ကိုသားကြီးက ပြောပါတယ်။

“ထိုင်းတွေက မြန်မာဆိုရင် လူလို့ထင်တာမှ မဟုတ်တာ၊ မြန်မာတယောက် ဒုက္ခရောက်တာကို သူတို့ မွေးထားတဲ့ ခွေးတွေ လောက်တောင် ဂရုစိုက်တာ မဟုတ်ဘူး။ အရင်တုန်းက သတ်တယ်။ အခုကတော့ သတ်တယ်ဆိုတာ မရှိတော့ဘူး။ ဒါပေမယ့် ရိုင်းရိုင်းစိုင်းစိုင်း ဆဲဆိုတယ်၊ ရိုက်နှက်တယ်” လို့ သူက ဆက်ပြောပါတယ်။

ထိုင်းနိုင်ငံသား အယောက် ၁၀၀ မှာ အယောက် ၃၀ လောက်ကသာ စိတ်ကောင်း ရှိကြပါတယ်လို့ သူက ဆိုပါတယ်။

မြန်မာ ရေလုပ်သားတွေဟာ တခါတလေ ပိုက်ဆံအပြည့် မရတာ၊ ပွဲစားတွေကတဆင့် ရောင်းစားခံရလည်း ရှိတယ်လို့ ရေလုပ်သားတွေဆီကနေ သိရပါတယ်။ ပင်လယ်ထဲမှာ ငါးဖမ်းလှေတွေဟာ လနဲ့ချီပြီးတော့ ငါးဖမ်းကြတာရှိသလို နှစ်နဲ့ချီပြီးတော့ ငါးထွက်ဖမ်းတဲ့ လှေတွေလည်း ရှိပါတယ်။

ကိုသားကြီးကတော့ သူလုပ်နေတဲ့ ငါးဖမ်းလှေမှာတော့ မြန်မာ ရေလုပ်သားတွေ ရောင်းစားခံရတာမျိုး မရှိကြောင်း၊ ဒါပေမယ့် နှစ်နဲ့ချီပြီးတော့ ပင်လယ်ထဲထွက်တဲ့ ငါးဖမ်းလှေတွေမှာတော့ ရောင်းစားခံရတာတွေ ရှိတယ်လို့ ကြားဖူးကြောင်း ပြောပါတယ်။

“ရနောင်းမြို့မှာ အဲဒီလို ရောင်းစားတာတွေကတော့ ခုနှစ်လ၊ ရှစ်လကြာထွက်တဲ့ လှေတွေမှာတော့ ခပ်ရှားရှားပဲ။ ကမ်းနားကို ခဏခဏ ၀င်နေတယ်ဆိုတော့ ရောင်းစားတဲ့ ကိစ္စကတော့ သိပ်မရှိဘူး။ အင်ဒိုတို့၊ ဆောင်ခလာတို့ဘက်ကို နှစ်နဲ့ချီထွက်တဲ့ လှေတွေကျတော့ နှစ်ပြည့်သွားလို့ ကမ်းဝင်သွားပေမယ့်လည်း မြန်မာ လှေသားတွေကို တချို့လှေတွေဆီမှာ ထားခဲ့လိုက်တယ်။ အဲဒီလို မျိုးတွေရှိတယ်” လို့ ကိုသားကြီးက ဆိုပါတယ်။

ငါးဖမ်းလှေတွေ အများစုကတော့ ရနောင်းမြို့ ရေပိုင်နက်ထဲမှာ ငါးဖမ်းကြတာရှိသလို ငါးများများ မရတဲ့အခါ မြန်မာ ရေပိုင်နက်ထဲကို ကျူးကျော်ပြီး ငါးခိုးဖမ်းတာတွေ ရှိတယ်လို့ သိရပါတယ်။ တခါတရံ ငါးခိုးဖမ်းလို့ မြန်မာစစ်သားတွေက လိုက်တဲ့အခါ ထိုင်းရေပိုင်နက်ထဲကို မြန်မြန်မောင်းပြေးနိုင်တာ ရှိသလို အဖမ်းခံရတဲ့ လှေတွေလည်း ရှိပါတယ်။

တခြား ငါးဖမ်းလှေတစီးမှာ အလုပ်လုပ်နေတဲ့ မော်လမြိုင်မြို့နယ်က အသက် ၃၀ ကျော်အရွယ် ရေလုပ်သားတဦးက သူ့ရဲ့အတွေ့အကြုံနဲ့ ပတ်သက်ပြီး “ငါးခိုးဖမ်းနေတာကို မြင်ရပြီဆိုတာနဲ့ မြန်မာစစ်သင်္ဘောက ပစ်တာပဲ။ တချို့လှေသားတွေ သေနတ်ထိတဲ့လူတွေလည်း ရှိတယ်။ လှေပေါ်က ရေလုပ်သားတွေ ခုန်ချလိုက်ပြီဆိုရင် စစ်သင်္ဘောတွေက လှေနားကို ကပ်လာပြီး လှေတွေကို သိမ်းလိုက်တာတွေရှိတယ်” လို့ ပြောပါတယ်။

မြန်မာ စစ်သင်္ဘောတွေက ပစ်ခတ်ပြီး ၀င်ဖမ်းပြီးဆိုရင် ရေထဲခုန်ချတဲ့အခါ နှစ်ရက်လောက် ရေထဲမှာပဲ နေရတာမျိုးရှိကြောင်း၊ လှေနဲ့ လာကြိုတဲ့လူတွေရှိသလို့ တခါတလေ ကျွန်းတွေမှာ သောင်တင်နေတာတွေရှိကြောင်းနဲ့ တချို့ရေလုပ်သားတွေလည်း အသက်ဆုံးရှုံးရတာမျိုးရှိကြောင်း သိရပါတယ်။

မြန်မာ ရေလုပ်သားတချို့ကို ထိုင်းနိုင်ငံမှာ တရားဝင် အလုပ်လုပ်ဖို့အတွက် ထိုင်းအလုပ်ရှင်တွေက အလုပ်သမားလက်မှတ် လုပ်ပေးတာရှိသလို မလုပ်ပေးတာတွေလည်း ရှိပါတယ်။ အလုပ်ရှင်က လုပ်ပေးထားရင် လကုန်မှာ အလုပ်ရှင်ကို အရစ်ကျ ပြန်ဆပ်ရပါတယ်။

ရေလုပ်သားတွေ နေထိုင်မကောင်းဖြစ်ရင်၊ ထိခိုက်မှုဖြစ်ရင် ကျန်းမာရေး စောင့်ရှောက်မှုနဲ့ ပတ်သက်လို့ ကိုသားကြီးက “ဆေးရုံတင်ပေးတယ် ဆိုပေမယ့်လည်း တချို့သူဌေးတွေဆိုရင် ဆေးရုံကိုရောက်အောင် တင်မပေးဘူး၊ မိသားစုရှိရင် မိသားစုက လာခေါ်သွားရတယ်” လို့ ပြောပါတယ်။

Ranoung-IMG_8470

(ဓာတ်ပုံ - သန်းထိုက်ဦး / ဧရာဝတီ)


ပင်လယ်ထဲမှာ ငါးဖမ်းလှေနဲ့ လိုက်ရာမှာ ဒုက္ခခံရတာတွေ ရှိကြောင်း၊ အသက် အန္တရာယ် စိုးရိမ်ရတာတွေလည်း ကြုံခဲ့ရကြောင်း ရေလုပ်သားတွေက ပြောကြပါတယ်။

ဥပမာ အနေနဲ့ပြောရရင် ရေလုပ်သားတွေ ပင်လယ်ထဲမှာ အစာရေစာ ငတ်မွတ်ပြီးတော့ လူ ၃၉ ယောက် အသက်ဆုံးရှုံးသွားတဲ့ အမူမျိုးပါ။

၂၀၀၆ ခုနှစ်လောက်က ထိုင်းတယောက် ပိုင်တဲ့ ငါးဖမ်းလှေတစီး အင်ဒိုနီးရှား ရေပိုင်နက်အနီးမှာ ငါးဖမ်းထွက်နေစဉ် လှေပေါ်ပါလာသော လူ ၁၀၀ လောက် ၃ လကြာ အစာရေစာငတ်မွတ်ပြီး မြန်မာနိုင်ငံသားများ အပါအ၀င် ၃၉ ယောက် သေဆုံးသွားတဲ့ကိစ္စ ဖြစ်ပါတယ်။

ရေလုပ်သားတွေဟာ အင်ဒိုနီးရှားနိုင်ငံမှာရှိတဲ့ ရဲတွေကို ကြောက်ပြီး လှေကို ကမ်းမကပ်ဘဲ ထိုင်းနိုင်ငံဘက် ပြန်လာနေစဉ် လမ်းခုလတ်မှာ အခုလို အစာရေစာ ပြတ်လပ်တဲ့ အဖြစ်အပျက်မျိုး ကြုံတွေ့ခဲ့ကြတာဖြစ်တယ်လို့ သတင်းတွေက ရေးပါတယ်။

အဲဒီအချိန်က အသက်ဆုံးရှုံးသွားတဲ့ ရေလုပ်သား ၃၇ ယောက်ကို ပင်လယ်ထဲ ပစ်ချခဲ့ပြီး ကျန်တဲ့ ၂ ယောက်ကို ကျွန်းတခုမှာ မြေမြှုပ်ခဲ့ပါတယ်။ အသက် မသေဘဲ ရှင်ကျန်ခဲ့တဲ့ ရေလုပ်သားတွေကလည်း ဆိပ်ကမ်းကို ပြန်ရောက်တဲ့အခါ အစာရေစာငတ်တဲ့ နောက်ဆက်တွဲ ဝေဒနာတွေ ခံစာခဲ့ရပါတယ်။

ဝါရင့်လှေလုပ်သားတယောက် ဖြစ်နေတဲ့ ကိုသားကြီးကတော့ မြန်မာပြည်သားတွေ အနေနဲ့ ထိုင်းကိုလာပြီး လှေလိုက်စားတဲ့အလုပ်ကို မလုပ်တာ အကောင်းဆုံးပဲလို့ အကြံပေးပါတယ်။

“လှေလုပ်သား ဘ၀မှာ အသက်အန္တရာယ်များတယ်။ ကိုယ်ဘယ်နေ့ သေမယ်ဆိုတာ မသိဘဲ အသက် အာမခံချက်လည်း မရှိဘူး။ ကိုယ်က ပင်လယ်ထဲမှာ ရောက်နေတဲ့အချိန် ကမ်းမှာ ရှိနေတဲ့ မိသာစုတွေ တခုခုဖြစ်ပြီးဆိုရင် ဘာမှကူညီလို့ မရဘူး။ သူသတ်မှတ်ထားတဲ့ အချိန်ရောက်မှပဲ ကိုယ်က ကမ်းပြန်ဝင်ရတာ ဖြစ်တယ်” လို့ ကိုသားကြီးက ပြောပါတယ်။ ။

ဧရာဝတီ ၀က်ဆိုက်မှ ကူယူဖော်ပြပါသည်၊

ထိုင်းတောင်ပိုင်း မိုးများ၍ ရေကြီး၊ မြန်မာများလည်း ဒုက္ခရောက်

ထိုင်းတောင်ပိုင်းတွင် အခါမဟုတ် မိုးရွာသွန်းပြီး ရေကြီးသောကြောင့် ရေလုပ်ငန်း၊ ရာဘာလုပ်ငန်းနှင့် ဆောက်လုပ်ရေး လုပ်ငန်းခွင်များတွင် အလုပ်လုပ်နေကြသော မြန်မာများ အလုပ်မဆင်းနိုင်ဘဲ အခက်အခဲများစွာ ကြုံတွေ့နေရသည်။

S-Thai-Flood2

ထိုင်းတောင်ပိုင်း ဖတ်ထလုံ ပြည်နယ်တခုတွင် ရေကြီးသဖြင့် လှေဖြင့် သွားလာနေသော ထိုင်းရွာသားတဦး (ဓာတ်ပုံ - Getty Images)

ထိုင်းတောင်ပိုင်း ပြည်နယ်များဖြစ်သော ချုံဖော်၊ နခွန်ဆီ ထမရတ်၊ ဆူရတ် ဌာနီ၊ တလန်၊ ကရာဘိနှင့် ဖတ်ထလုန် တို့တွင် မိုးရွာ ရေကြီးမှုများကြောင့် အနည်းဆုံး လူ ၂၁ ဦးသေဆုံးပြီး ကမ္ဘာလှည့် ခရီးသွား ထောင်နှင့်ချီ၍ ပိတ်မိနေကြောင်း၊ ကရာဘိတွင် မြေပြိုမှုကြောင့် ၂ ဦးသေဆုံးပြီး လူ ၂၀ ပျောက်ဆုံးနေကြောင်း ထိုင်းသတင်းများက ဖော်ပြသည်။

ထိုင်းတော်ဝင်ရေတပ်က ကူညီကယ်ဆယ်ရေးအတွက် သင်္ဘောလေးစီး၊ လေယာဉ်နှင့် ရဟတ်ယာဉ်များကို ပို့လွှတ်ထားကြောင်း သိရသည်။

မြန်မာများ သိန်းနှင့်ချီ၍ အလုပ်လုပ်ကိုင်နေသော ထိုင်းနိုင်ငံတောင်ပိုင်း အခြေအနေနှင့် ပတ်သက်၍ Thai Action Committee for Democracy in Burma (TACDB) မှ လက်ထောက် ဒါရိုက်တာ ဦးမြင့်ဝေ က “လောလောဆယ် တောင်ပိုင်းမှာ မိုးတွေကသည်းလို့ တချို့နေရာတွေဆို တောင်တွေ ပြိုတယ်၊ လမ်းတွေ ပျက်တယ်လေ။ ဒါကြောင့် ကျနော်တို့နဲ့  တချို့တွေဟာ အဆက်သွယ်တောင် ပြတ်တောက်နေတယ်။ အဲဒီဒေသတွေမှာ ရာသီဥတုဆိုးလို့  ကျနော်တို့ မြန်မာတွေ အတော်လေး အခက်အခဲ ရှိနေကြတယ်” ဟု ပြောသည်။

ရာသီဥတု ဆိုးရွားနေမှုကြောင့် နိုင်ငံခြားသား ခရီးသွားများနှင့် ထိုင်းများကို တာဝန်ရှိသူများက လာရောက်ခေါ်ယူကာ ဘေးကင်းရာသို့ရောက်အောင် ကူညီနေကြသော်လည်း မြန်မာ၊ လာအိုနှင့် ကမ္ဘောဒီးယားနိုင်ငံတို့မှ ရွှေ့ပြောင်းအလုပ်သမားများကိုမူ ကူညီသည်ဟု မကြားရသေးကြောင်း ဦးမြင့်ဝေက ဆက်လက်ပြောသည်။

ချုံဖော်ခရိုင် ပါနန်းအရပ်တွင် ပိုက်ဆရာအဖြစ် လုပ်ကိုင်နေသူ ကိုခိုင်ကျော်သန်းက “လှေတွေ မထွက်နိုင်တာ ၇ ရက် လောက်ရှိနေပြီ။ လေပြင်းတော့ လှေတွေ မထွက်နိုင်ဘူး။ ပင်လယ်ထဲက လှေတွေလည်း နီးရာကျွန်းတွေမှာ ၀င်ခိုနေကြတယ်။ လှေမထွက်ရတော့ လှေသားတွေလည်း အလုပ်မလုပ်ရသလို ငါးစက်ရုံတွေလည်း အလုပ်မလုပ်ရဘူးပေါ့” ဟု ပြောသည်။

ချုံဖော် ရေလုပ်ငန်းတွင် မြိတ်၊ ထားဝယ်၊ ရခိုင်၊ မွန်နှင့် ကရင်ပြည်နယ်တို့မှ ဒေသခံများ လာရောက်လုပ်ကိုင်လျှက်ရှိသည်။

ရွှေ့ပြောင်းအလုပ်သမား အများစုသည် ရရှိငွေများကို မိသားစုထံ ပြန်ပို့သဖြင့် လက်ထဲတွင် စုဆောင်းငွေ၊ ပိုလျှံငွေဟူ၍ မရှိတတ်ကြကြောင်း၊ ယခုကဲ့သို့ အလုပ်ပျက်၊ အကိုင်ပျက်ကာလတွင် အခက်အခဲကြုံနေရကြောင်း ဖူးခက်မှ ကိုသန်းမောင်က ပြောသည်။

၎င်းက “မိုးတွေက တအားရွာထားတော့ အပြင်ကို ထွက်ဖို့တောင် မလွယ်ဘူး။ ကျနော်တို့ မြန်မာပြည်သားတွေလုပ်တဲ့ ပန်းရံအလုပ်ကလည်း မိုးရွာရင် လုပ်မရဘူးလေ။ အခုလို ရေတွေပါလျှံနေတော့ အလုပ်အားလုံး နားရပြီပေါ့။ ဖူးခက်တမြို့လုံးက ဆောက်လုပ်ရေးအားလုံး နားနေရတယ်။ လူငယ်လေးတွေကတော့ ငါးရှာ ဖားရှာ ထွက်ကြတာပေါ့” ဟု ဆိုသည်။

ကိုသန်းမောင်သည် အလုပ်သမား ၃၀ ခန့်ကို ဦးဆောင်လုပ်ကိုင်နေသူ ပန်းရံဆရာဖြစ်ပြီး လေးဝတီ ရခိုင်လူငယ်အသင်း (ဖူးခက်) ၏ အတွင်းရေးမှူးလည်း ဖြစ်သည်။

ဖန်ငတွင် ရာဘာအစေးခြစ် လုပ်ငန်း၌ လုပ်ကိုင်နေသော ပဲခူးတိုင်း ဒိုက်ဦးမြို့နယ်မှ မမိမိခိုင်ကလည်း “မိုးရွာတော့ အစေးခြစ်မရဘူးလေ။ အစေးမခြစ်ရရင် ပိုက်ဆံ မရတော့ဘူးပေါ့။ စိတ်ညစ်ပါတယ်။ ရွာမှာလည်း မိုးဖျက်လို့ ပဲတွေ အရမ်းပျက်တယ် ကြားတယ်။ ဒီနှစ်တော့ ဘယ်လို ဖြစ်ကြမလဲ မသိဘူး။ ဒီလိုဖြစ်နေရင် ကျမတို့လည်း မပို့နိုင်ဘူး။ ရွာမှာလည်း ပဲတွေ၊ ဘာတွေ ပျက်တော့ စီးပွားပျက်၊ ဒီမှာလည်း ဒုက္ခတွေရောက်” ဟု ပြောသည်။

ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်နေသော မြန်မာအလုပ်သမား၂ သန်းခွဲမှ ၄ သန်းအထိ ရှိနိုင်ကြောင်း အလုပ်သမားအဖွဲ့ အစည်းများက ခန့်မှန်းထားကြသည်။

ဧရာဝတီ ၀က်ဆိုက်မှ ထပ်မံ ကူးယူဖော်ပြပါသည်၊

အလုပ်သမား ဥပဒေနှင့် အခွင့်အရေးသင်တန်း

မြန်မာအလုပ်သမားများကွန်ယက် ရုံးခန်းတွင် ဖေဖော်ဝါရီလ 5 ရက် 2011 ခုနှစ်တွင် အလုပ်သမားအခွင့်ရေး၊ အလုပ်သမားဥပဒေ သင်တန်းကို 1 ရက်တာ ပြုလုပ်ခဲ့ပါသည်။

သင်တန်းတွင် သင်တန်းဆရာ အနေဖြင့် ကိုစိုး (မြန်မာအလုပ်သမားကွန်ယက်) နှင့် ကိုနိုင်နိုင် (မြန်မာအလုပ်သမားများကွန်ယက်) တို့မှ သင်တန်းပို့ချပေးခဲ့ပြီး သင်တန်းသား စုစုပေါင်း 20 ယောက်ကျော် တတ်ရောက်ခဲ့ပါသည်။

ထိုင်းနိုင်ငံ၊ တာက်ခရိုင်၊ မဲဆောက်မြို့တွင်းရှိ အလုပ်သမားများသည် အနိမ့်ဆုံးလုပ်အားခနှင့် အလုပ်သမားအခွင့်ရေး ချိုးဖောက်ခံရမှုများမှာ အများအပြားရှိနေရာတွင် အလုပ်သမားများအနေဖြင့် မိမိတို့ရရှိမည့် အနိမ့်ဆုံးလုပ်အားခနှင့် အလုပ်သမားအခွင့်အရေးတွေနှင့်ပါတ်သတ်၍ သိရှိနာလည်သူများမှာ နည်းသည်ထက် နည်းလာခဲ့ပါသည်၊ အချို့ အလုပ်သမားများမှာ မိမိတို့ရရှိမည့် အနိမ့်ဆုံးလုပ်အားခကိုတောင် မသိတဲ့အတွက် ဥပဒေအရ အခွင့်ရေးတောင်းဆိုဖို့ဆိုတာ အလှမ်းကွာနေဆဲဖြစ်ပါသည်။

လက်ရှိ မဲဆောက်မြို့နှင့်ဝန်းကျင်တွင် အလုပ်လုပ်ကိုင်နေသော အလုပ်သမားအများစုမှာလည်း မြန်မာနိုင်ငံမှ စား ၀တ် နေရေးအခတ်ခဲများကြောင့် ထပ်မံရောက်ရှိလာသည့် အလုပ်သမား အသစ်များဖြစ်ကြပါသည်။

ထို့ကြောင့် မိမိတို့မြန်မာအလုပ်သမားများကွန်ယက်အနေဖြင့် အလုပ်သမားများ၏ သိသင့်သိထိုက်သော ဥပဒေများ၊ အခွင့်အရေးများကို သိရှိစေရန်နှင့် အလုပ်သမားတို့၏ အခွင့်အရေးများ ရရှိစေရန်ရည်ရွယ်၍ အလုပ်သမားအခွင့်အရေးသင်တန်းများ၊ အလုပ်သမားဥပဒေ သင်တန်းများကို အခါအားလျှော်စွာ ပြုလုပ် သင်တန်းပို့ချခြင်းများ၊ အလုပ်သမားပြဿနာများ ကူညီဖြေရှင်းခြင်းများကို မိမိတို့တတ်နိုင်သည့်ဖက်မှ ကူညီဖြေရှင်းပေးခဲ့ကြပါသည်။