မင်္ဂလာပါ ... ကြွရောက်လာကြသော မိတ်သင်္ဂဟအပေါင်းတို့ကို "မြန်မာအလုပ်သမားများကွန်ယက်" ဆိုဒ်မှ နွေးထွေးစွာဖြင့် ကြိုဆိုပါတယ်ခင်ဗျာ....

Work Permit မရှိသောကြောင့် အလုပ်သမား (၃၃) ဦး (၄၈) ရက် ထောက်ဒဏ်ချ

ဘန်ကောက်မြို့ စမူပါကန် ပါနန်း အရပ်ရှိ ဒိုင်းမွန်း ဆိုဖါ အလုပ်ရုံတွင် အလုပ် လုပ်ကိုင်နေကြသည့် မြန်မာ အလုပ်သမားများအား နယ်ကျော်မှုနှင့် Work Permit မရှိ ဟူသော အချက်များဖြင့် ဖမ်းဆီးခဲ့ပြီး တနေ့တည်း တရားရုံး တင်ကာ ထောက်ဒဏ် (၄၈) ရက် ပြစ်ဒဏ် ချမှတ်လိုက်သည်။

ခေါင်ကယ်ပိုက် စက်ရုံမှ ပြောင်းရွေ့လာခဲ့ပြီးနောက် ထောင်ချီ ရှိသော မြန်မာ အလုပ်သမားများမှာ ယာယီ ပက်စ်ပို့ကို လက်ဝယ် ကိုင်ဆောင်ခွင့် ရရှိခဲ့ကြသော်လည်း Work Permit ကိုမူ ရယူ နိုင်ခြင်း မရှိခဲ့ဟု သိရသည်။ အဆိုပါ အလုပ်သမားများမှာ အလုပ်အကိုင် အတည်တကျ မဖြစ်နိုင်ဘဲ ဟိုပြောင်း သည်ပြောင်းဖြင့် Work Permit အသစ်ကိုလည်း လျှောက်ထားနိုင်ခြင်း မရှိချေ။

ဖမ်းဆီး ထောင်ချ ခြင်း ခံလိုက်ရပြီး ဖြစ်သော မဖြိုးနှင့် မလွင်လွင်ကြူတို့က “ကျမတို့ကို ဒီမနက် အလုပ်ထဲမှာ လာဖမ်းတာပါ။ Work Permit လုပ်မထားလို့ ဆိုပြီး ပြောပါတယ်။ သူဌေးဆီကလဲ လုပ်အားခ မရသေးဘူး။ ထောင် (၄၈) ရက် ကျခံရမယ်။ ပြီးတော့ ဘာဖြစ်အုံးမလဲ မသိဘူးရှင်” ဟု ပြောပြသွားသည်။

အဆိုပါ အလုပ်သမားများသည် ယနေ့ နေ့လည်ပိုင်းက (ထိုင်းနိုင်ငံရောက် မြန်မာ နိုင်ငံသားများ အဖွဲ့ – BAT) သို့ သတင်းပို့ပြီး အကူအညီ တောင်းခံ ခဲ့ကြောင်းလည်း သိရသည်။ BAT ကလည်း မိတ်ဆွေ လုပ်ဖော် ကိုင်ဘက် ထိုင်းနိုင် အင်ဂျီအို အဖွဲ့ တခုနှင့် အတူ ဆက်သွယ် ကူညီရန် ပြင်ဆင်ခဲ့ကြသည်ဟု ဆိုသည်။ ထိုင်း အန်ဂျီအိုမှ မြန်မာ ဘာသာပြန်နှင့် ထိုင်းရှေ့နေ တို့က အဆိုပါ အလုပ်သမားများ ပေးထားသည့် ဖုန်းများကို ဆက်သွယ်ပြီး ၎င်းတို့အား ညွှန်ပြသည့် ရဲစခန်းသို့ လာရောက်ခဲ့သော်လည်း ရှာဖွေ မတွေ့ရှိခဲ့ဟု ဆိုသည်။ ဖုန်းများကိုလည်း မည်သို့မျှ ဆက်သွယ်၍ မရရှိခဲ့ဟု သိရှိရသည်။ ညနေ (၄) နာရီခန့်တွင်မှ မဖြိုးတို့က ဖုန်းကို ထိုင်းရဲများ သိမ်းလိုက်ကြောင်း၊ တလုံးကို ၀ှက်ထားပြီး အိမ်သာထဲတွင် ထည့်ထားကြောင်း၊ အဆိုပါဖုံးဖြင့် ဆက်သွယ်ကာ အလုပ်သမားများအား ထောင်ချ လိုက်ကြောင်းအား ပြောပြသဖြင့် သိရှိရခြင်း ဖြစ်သည်။ အဆိုပါ အလုပ်သမား (၃၃) ဦးတွင် မိန်းကလေး (၁၄) ဦး ပါဝင်သည်ဟု သိရသည်။

အဆိုပါ (၃၃) ဦးထဲမှာ လူ (၃၀) မှာ ယာယီ ပက်စ်ပို့ ရှိသူများ ဖြစ်ပြီး (၃) ဦးမှာ ဘန်ကောက်မြို့ ၀ိုင်းဝိုင်းယဉ် အရပ်မှ ဖြစ်သဖြင့် (ဘတ်) နယ်ကျော်သည်ဟု ဆိုကာ တခါတည်း ထောင်ဒဏ် ချမှတ် လိုက်ခြင်း ဖြစ်ကြောင်း သိရှိရသည်။

ထိုင်း အလုပ်သမား ဥပဒေအရ တရားဝင် နေထိုင် အလုပ် လုပ်ကိုင်ခွင့် ဘတ်ရှိသူများ အနေဖြင့် သတ်မှတ်ထားသော မြို့နယ်အား ကျော်လွန်ပြီး အလုပ် လုပ်ကိုင်သွားလာပါက ဒဏ်ငွေ ဘတ် (၅၀၀) ပေးဆောင် ရမည်ဖြစ်သည်။ ယာယီပတ်စ်ပို့ လုပ်ကိုင်ထားသူများ အနေဖြင့် ပက်စ်ပို့ လုပ်ပြီး တလအတွင်း Work Permit လျှောက်ထားရမည် ဖြစ်သည်။ ရက်ပေါင်း (၉၀) ပြည့်သည့် အခါ လူဝင်မှု ကြီးကြပ်ရေးရုံးတွင် တံဆိပ်တုံး ထုရမည် ဖြစ်သည်။ ယာယီ ပက်စ်ပို့မှာ ထိုင်းနိုင်ငံတွင် လွတ်လပ်စွာ ခရီးသွားလာခွင့် ရှိသည်။ Work Permit မရှိဘဲ ထိုင်းနိုင်ငံ အတွင်း အလုပ် လုပ်ကိုင်ခွင့် မရှိချေ။ ပြစ်ဒဏ်အဖြစ် ဒဏ်ငွေ ချမှတ်ပြီး နယ်စပ်သို့ ပြန်လည် ပို့ဆောင်ရမည် ဖြစ်ကြောင်းလည်း သိရှိရသည်။

Arakan Review ဆိုက်မှ ကူးယူဖော်ပြပါသည်၊

ရနောင်းတွင် မြန်မာအလုပ်သမား တရာကျော် ဖမ်းဆီခံရ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှ ရနောင်းမြို့သို့ ယာယီ နိုင်ငံကူးလက်မှတ် သွားလုပ်သော မြန်မာ အလုပ်သမား ၁၀၀ ကျော် ကိုပြီးခဲ့သည့် သောကြာနေ့က စာရွက်စာတမ်းအတု ကိုင်ဆောင်မှုဖြင့် ထိုင်းလူဝင်မှု ကြီးကြပ်ရေးက ဖမ်းဆီးထားကြောင်း သိရသည်။

ထိုသို့ ဖမ်းဆီးခံရခြင်းမှာ ယာယီနိုင်ငံကူး လက်မှတ်ရရှိရေး စီစဉ်ဆောင်ရွက်ပေးသော ကုမ္ပဏီ ၀န်ထမ်းများနှင့် ပွဲစားများ၏ မမှန်မကန်ပြုလုပ်ခြင်းများကြောင့် ဖြစ်သည်ဟု အခြေခံ လူ့ အခွင့်အရေး ပညာပေးဌာန(GHRE)မှ ဒါရိုက်တာ ကိုထူးချစ်က ဧရာဝတီသို့ ပြောဆိုသည်။

“ယာယီနိုင်ငံကူး လက်မှတ် လုပ်တဲ့အချိန်မှာ ပွဲစားတွေ ကုမ္ပဏီတွေကနေ လုပ်ရင် ပိုက်ဆံ ပိုပေးရပေမယ့် မြန်တယ် ဆိုတာနဲ့ ပွဲစားတွေနဲ့ လုပ်ကြတာ၊ အဲဒီ ကုမ္ပဏီဝန်ထမ်းတွေက ထိုင်းအစိုးရနဲ့ ပတ်သက်တဲ့ စာရွက်စာတမ်း အတုတွေလုပ်လို့ ကျနော်တို့မြန်မာ အလုပ်သမားတွေက ကြားထဲကနေခံရတာ။ ထိုင်းအစိုးရရဲ့ စာရွက်စာတမ်းတွေကို ဘယ်လို လုပ်ပြီး အတုလုပ်တတ်မှာလဲ။ ထိုင်းစကားတောင် ကောင်းကောင်းမတတ်ဘဲနဲ့”ဟု ဆိုသည်။

ယာယီနိုင်ငံကူးလက်မှတ် ၀န်ဆောင်မှု ပြုလုပ်သည့် ကုမ္ပဏီမှာ Ocean အမည်ရှိ ကုမ္ပဏီဖြစ်သည်ဟု သိရသည်။

ဘန်ကောက်ရှိ ရောင်ခြည်ဦး အလုပ်သမားအဖွဲ့ တာဝန်ခံ ကိုအောင်မြင့်သိန်းက ဘန်ကောက် ဖက်လန်ဆောင် စမဲဒန်း စွယ် ၅ အထည်ချုပ် စက်ရုံမှ အလုပ်သမား ၁၁ ဦးလည်း အဖမ်းခံရသူများထဲတွင် ပါဝင်ကြောင်း ပြောပြသည်။

“အလုပ်သမားတွေကို Ocean ကုမ္ပဏီက ခေါ်သွားတာလို့ သိရတယ်။ သူဌေးတွေ လာမခေါ်ရင်တော့ ဟိုဘက်ကမ်း အသွန်ခံရမယ်(ပြန်ပို့မယ်)လို့ ကြားတယ်”ဟု ၎င်းက ပြောသည်။

အဆိုပါ အလုပ်သမားများကို ဖမ်းဆီးရခြင်း၏ အဓိကအကြောင်းရင်းမှာ ထိုင်း ပြည်ထဲရေးဝန်ကြီးဌာနမှ ထုတ်ပေး သည့် နေထိုင်ခွင့်၊ အလုပ်လုပ်ခွင့် ပြုထားသော နယ်မြေမှ တခြားတနေရာသို့ သွားလာခွင့်ပြုသည့် စာရွက်ကို အတုပြုလုပ်မှုကြောင့်ဖြစ်သည်ဟု ယာယီနိုင်ငံကူး လက်မှတ်ပွဲစား တဦးဖြစ်သည့် ကိုမိုးသီးက ပြောသည်။

နောက်ဆုံး သတင်းများအရ အဖမ်းခံရသူများကို ထိုင်းအာဏာပိုင်များက မြန်မာနိုင်ငံ ကော့သောင်းမြို့ဘက်သို့ ယနေ့ညနေပိုင်း၌ ပြန်ပို့လိုက်ကြောင်း သိရသည်။

ပြန်ပို့ခံရသူ တဦးဖြစ်သည့် ကိုဇော် ၏ ဇနီးဖြစ်သူက “ကိုဇော်နဲ့အတူ အဖမ်းခံရတဲ့ တရာကျော်လုံး အခု ကော့သောင်း ဘက်ကို အသွန်ခံရပြီး ဖြစ်တယ်လို့ ကော့သောင်းက ကျမဆီကို ဖုန်းဆက်လာပါတယ်။ ကုမ္ပဏီက ဘယ်လို ဆောင် ရွက် ပေးမလဲတော့ မသိသေးဘူး”ဟု ဆိုသည်။

ယင်း ယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေးရေး အစီအစဉ်ကို ထိုင်းနှင့် မြန်မာ နှစ်နိုင်ငံ အစိုးရ သဘောတူညီချက်ဖြင့်ပြု လုပ်ခြင်း ဖြစ်သည်။

၂၀၀၉ ခုနှစ်မှ စတင်ကာ ယာယီနိုင်ငံကူးလက်မှတ်ကို ထုတ်ပေးနေခဲ့ရာ မြန်မာနိုင်ငံဘက်ခြမ်း ကော့သောင်း မြို့ ၊ မြ ၀တီ မြို့ နှင့် တာချီလိတ်မြို့ များတွင် ရုံးများဖွင့်လှစ်ပြီး ဆောင်ရွက်ပေးသည်။

မြန်မာနိုင်ငံသား အလုပ်သမား ၁ သန်းကျော်သည် ထိုင်းအလုပ်သမား ၀န်ကြီးဌာနတွင် မှတ်ပုံတင်ထားကြောင်း၊ ယင်း တို့အထဲမှ ပြီးခဲ့သည့် မေလ၂၆ ရက်နေ့အထိ အလုပ်သမား ၉၀၉၁၈ ဦး ယာယီနိုင်ငံကူးလက်မှတ် ပြုလုပ်ပြီးစီးကြောင်း အာဏာပိုင်များ၏ ထုတ်ပြန်ချက်အရ သိရသည်

ထိုင်းနိုင်ငံ၌ နေထိုင် အလုပ်လုပ်လျက်ရှိသော မြန်မာနိုင်ငံသား အလုပ်သမား ၂ သန်းခွဲမှ လေးသန်းဝန်းကျင်ရှိသည်ဟု အလုပ်သမား အဖွဲ့များက ပြောဆိုထားသည်။

အထည်ချုပ်စက်ရုံမှ အလုပ်သမားအခွင့်အရေးပြဿနာများ

ရန်ကုန်မြို့၊ ဒဂုံဆိပ်ကမ်း စက်မှုဇုံ၊ ဒေါ်ဖွားရှင်လမ်းရှိ မြန်မာဂလိုဘယ်လ် အထည်ချုပ်စက်ရုံက အခြေခံ အထည်ချုပ် လုပ်သားများအား ပေးတဲ့လစာငွေဟာ လက်ရှိ မြန်မာနိုင်ငံရဲ့ စီးပွားရေး အခြေအနေနဲ့ နှိုင်းယှဉ်ရင် နည်းပါးနေပြီး အလုပ်သမားအခွင့်အရေးများ ဆုံးရှုံးနေကြောင်း ယနေ့မြန်မာက စုံစမ်း သိရှိရပါတယ်။

အခုလို အလုပ်သမား အခွင့်အရေး ဆုံးရှုံးနေခြင်းနဲ့ ပတ်သက်ပြီး ဖြစ်စေချင်တဲ့ ပြောင်းလဲမှု၊ လက်ရှိ အလုပ်သမားများရဲ့ အခြေအနေကိုစက်ချုပ်အလုပ်သမားတဦးအား မေးမြန်းရာ “စက်ရုံက အလုပ်ချိန်လည်း နည်းစေချင်တယ်။ ထမင်းစားချိန် ၄၅ မိနစ် ပေးထားရတာလည်းသိတ် မကြိုက်ဘူးပေါ့ နော်။ ထမင်းဖိုးကလည်း နှစ်ရာလောက် ရစေချင်တယ်။ အခုက ထမင်းဖိုးက တရာပဲ ရတာလေ။ ပေးတဲ့အခြေခံလစာက နည်းထားတယ်။ အနည်းဆုံး လခရတဲ့ အလုပ်သမား တယောက်က တလလုံး ပျက်ရက်မရှိ အလုပ်ဆင်းနိုင်မှ သုံးသောင်းခုနှစ်ထောင် (ကျပ် ၃၇,၀၀၀ (အမေရိကန်ဒေါ်လာ ၄၀ ကျော်)) ရတာ။ အလုပ်သမားတယောက်က ကိုးနှစ်လောက် လုပ်လည်း အမြဲတမ်း အလုပ်သမားတယောက် မဖြစ်သေးဘူး ပေါ့နော်။ နေ့စားလရှင်း သတ်မှတ်ပေးထားတာပေါ့။

ကျန်းမာရေးနဲ့ ပတ်သက်ပြီး ပြောရရင် အိမ်သာတွေ ဆိုရင်လည်း ပျက်စီးသွားရင် ချက်ခြင်း ပြင် မပေးဘူး။ အဲဒီ အိမ်သာကို ပိတ်ထားတယ်။အဲဒီတော့ ကျန်တဲ့ အိမ်သာကို အလုပ်သမားတွေက များတော့ တိုးဝှေ့ပြီး သုံးရတယ်။ စက်ရုံအနေအထားကလည်း ကျန်းမာရေးနဲ့ သိတ်မညီညွတ်ဘူး။ အပူချိန် အရမ်းများတယ်။ လေ၀င်လေထွက် မကောင်းဘူး။ အလုပ်ချိန် အရမ်းများတယ်။ အလုပ်သမားတွေရဲ့အကျိုးခံစားခွင့်နဲ့ ပတ်သက်ပြီး အလုပ်သမားအချင်းချင်း အကူအညီပေးရင် မကြိုက်နှစ်သက်တဲ့ပုံစံမျိုး ရှိတယ်။ မိဘတွေ၊ ဆွေမျိုးသားချင်းတွေ ကွယ်လွန်တဲ့အခါ ခွင့်ပေးတာမျိုး တွေ မရှိဘူး။ မိဘတွေ ကွယ်လွန်တဲ့အခါတော့ နာရေးကူညီငွေအဖြစ် ငါးထောင်တော့ပေးတယ်။ ခွင့်ယူရင်၊ ခွင့် တိုင် တိုင် ၊ မတိုင်တိုင် ရက်ပျက်တယ်လို့ သတ်မှတ်ပြီး လခထဲက ဖြတ်တယ်။

စက်ချုပ်အလုပ်သမားတယောက်ဆိုရင် တယောက်ရဲ့ တနာရီ၊ တနေ့ စံချိန်နဲ့ မလုပ်ရဘူး။ နင်းကန်ပြီး ခိုင်းတယ်။ အလုပ်ကြပ် (Supervisor)ကနေတဆင့် ကလေးတွေကို အရမ်း ထိမ်းချုပ်ပြီး မတန်တဆ အထည်ထွက်အောင် ခိုင်းတယ်။ ပြီးတော့ ကိုရီးယားနိုင်ငံသား စက်ရုံကိုကြီးကြပ်တဲ့ မစ္စတာဂင်းဆိုတဲ့သူက မတောက်တခေါက် မြန်မာစကားနဲ့ အလုပ်သမားတွေကို နင်းကန် ပြောတယ်။ ဆဲဆိုတာ၊နှိပ်ကွပ်တဲ့စကားမျိုး ပြောတာ ရှိတယ်။ အမှုဆောင် ဒါရိုက်တာ ဆိုတာကလည်း အလုပ်သမားတွေ ဖြစ်ပျက်နေတာကို ဘာမှ မသိဘူး။

ကျန်းမာရေး မကောင်းဘူးဆိုရင် အလုပ်သမားရုံး၊ လူမှုဖူလုံရေးရုံးက စာရွက်စာတမ်းပါမှ ခွင့်ပေးတယ်။ အဲဒီ အခွင့်အရေးကလည်းနားလည်မှ ရတာ။ စက်ရုံတာဝန်ရှိသူတွေက လုပ်ပေးတယ်ဆိုတာ မရှိဘူး။ တချို့ဆို အဲဒီ အခွင့်အရေးကို နားမလည်လို့ အလုပ်ကထွက်သွားရတာတွေ ရှိတယ်။ အလုပ်သမားတွေ အချိန်ပိုလုပ်ခ နှစ်ထောင်ဆိုတာကလည်း ၂၀၀၉ ခုနှစ်ကမှ ပေးတာပေါ့ နော်။ အရင့်အရင်နှစ်တွေကဆိုရင် အချိန်ပိုလုပ်ခကို လခထဲမှာ ထည့်ပေးတယ်ဆိုတာကိုပဲ သိရတယ်။ အလုပ်သမားအချင်းချင်း အဆင်ပြေတဲ့သူကိုလခတိုးပေးတယ်။ အဆင်မပြေတဲ့သူကို တိုး မပေးဘူး။ ခွဲခြား ဆက်ဆံမှုတွေ ရှိတယ်။

အလုပ်သမားပေါင်း နှစ်ထောင်ခန့် အလုပ်လုပ်ကိုင်နေကြပါတယ်။ သမီးတို့ မနက် ၇ နာရီခွဲကနေ ည ၈ နာရီ ၁၅ မိနစ်အထိအလုပ်လုပ်ရပါတယ်။ အလုပ်လုပ်ချိန် ၁၂ နာရီ ရှိပါတယ်။ ထမင်းစားချိန် ၄၅ မိနစ်ကို အလုပ်ချိန်ထဲက မပေးထားပါဘူး။ မနက် ၇ နာရီခွဲမှာ အလုပ် စဆင်းပြီး နေ့လည် ၁၂ နာရီကို ထမင်းစား ဆင်းပါတယ်။ နေ့လည် ၁၂ နာရီ ၄၅ မိနစ်မှာ ထမင်းစားချိန်ပြီးသွားတယ်။ ည ၈ နာရီ ၁၅ မိနစ်အထိ အလုပ် ဆက် လုပ်ရတယ်။ အလုပ်တက်ချိန် ဘဲလ် တီးတာဆိုရင် မနက် ၇ နာရီခွဲကို အလုပ်ဆင်းဖို့ ဆိုပေမယ့် ၇ နာရီမခွဲခင် ၅မိနစ်မှာ ဘဲလ်ကို ကြို တီးတယ်။ ဘဲလ်တီးတာကို ကိုရီးယားလူမျိုး မစ္စတာ ဂင်း ချုပ်ကိုင်ထားတာ။ လုပ်ငန်းက ကိုရီးယားနဲ့ မြန်မာနဲ့ ဖက်စက်လုပ်တာ။ မစ္စတာဂင်းက အလုပ်ရုံကို ကြီးကြပ်တာပေါ့။ စက်ရုံတရုံလုံးမှာ ကိုရီးယားက ၄ ယောက် ရှိတယ်။ စက်ချုပ်တဲ့ဘက်၊ အ၀တ်လျှော်တဲ့ ဘက်၊ ရုံးလုပ်ငန်းလုပ်တဲ့သူ ကိုရီးယားတွေလည်း ရှိတယ်။“ လို့ ပြောပြပါတယ်။

အခြား အလုပ်သမားတဦးကလည်း “ကျွန်တော်တို့ရဲ့ အခြေခံလစာကို တွက်လို့ မရဘူး။ ဘယ်လိုလဲဆိုတော့ ရက်ပျက်မရှိရင် တလကိုသုံးသောင်း ခုနှစ်ထောင် ရတယ်။ ရက်ပျက်ရင် ရက်မှန်ကြေး၊ ထမင်းစရိတ်၊ အပိုကြေးတွေ အကုန် နှုတ်ပစ်တယ်။ တရက်ပျက်တယ်ဆိုရင်အပိုကြေး ခြောက်ထောင်ထဲက နှစ်ထောင်ကို ဖြတ်ပစ်လိုက်တယ်။ လုပ်သက် ဆယ်နှစ်လောက်ရှိလည်း နေ့စားလိုပဲ သဘောထားတယ်။ကျွန်တော်တို့က ရက်ပျက်တယ်ဆိုရင်လည်း ခွင့်ပေးစေချင်တာပေါ့။ မစ္စတာဂင်းက မိုက်ရိုင်းတယ် ဗျ။ တခါတလေ မြန်မာလို ဆဲတယ်။အလုပ်သမားအများစုက သူ့ကို မကြေနပ်ဘူး။

အလုပ်သမားအချင်းချင်း အလုပ်သမားအခွင့်အရေးနဲ့ ပတ်သက်ပြီး တိုင်ပင်ရင် သူက မကြိုက်ဘူး။ အလုပ်သမား အခွင့်အရေးနဲ့ ပတ်သက်ပြီးအလုပ်သမားရုံးကို ဘယ်လို တင်ပြရမှန်း မသိအောင် ဖြစ်နေတယ်။ စက်ရုံအရာရှိတွေက မြန်မာတွေပါ။ အထူးသဖြင့် မန်နေဂျင်းဒါရိုက်တာဒေါ်မီမီခိုင်ဆိုရင် ကိုယ့်မြန်မာတွေဘက်က မရပ်တည်ဘဲနဲ့ နှိပ်ကွပ်တယ် ပေါ့ဗျာ။“ လို့လည်း စက်ရုံရဲ့ အခြေအနေမှန်ကို ရှင်းပြပါတယ်။

မြန်မာပြည်တွင် အထည်ချုပ်စက်ရုံများစွာ ရှိပြီး ၁၉၉၀ လွန်နှစ်များက စတင် လုပ်ကိုင်လျက် ရှိပါတယ်။ စတင် ဖွင့်လှစ်စဉ်အလုပ်သမားများရဲ့ အခြေခံလစာကို အမေရိကန်ဒေါ်လာတရာခန့်အထိ ပေးရန် ညှိနှိုင်းမှုတွေ ရှိခဲ့ပေမယ့် မြန်မာအာဏာပိုင်များဘက်ကအလုပ်သမားခများကို ဈေးနှိမ်ခဲ့ရာက အစပြုကာ အခုချိန်အထိ အခြေခံအလုပ်သမားများ ဟာ အလုပ်သမား အခွင့်အရေးအားလုံးနီးပါးဆုံးရှုံးကာ အလုပ်လုပ်ကိုင်နေကြရပါတယ်။

အခြေခံ စက်ချုပ် လုပ်သားများဟာ တနေ့ကို အလုပ်လုပ်ချိန် ၁၂ နာရီနဲ့ တပတ်ကို ၆ ရက်၊ စုစုပေါင်း အလုပ်လုပ်ချိန် ၇၂ နာရီကြာအောင်အလုပ်လုပ်ကြမှာသာ တလကို မြန်မာကျပ်ငွေ လေးသောင်းခန့်သာ ရရှိကြပါတယ်။ ရန်ကုန်နေ သာမာန်အိမ်ထောင်စု တစုရဲ့တလကုန်ကျစရိတ်ဟာ အနည်းဆုံး ကျပ်တသိန်းမှ နှစ်သိန်းကျော်အထိ ရှိတာမို့ အထည်ချုပ် စက်ရုံ အခြေခံဝန်ထမ်းများဟာ အသက်ရှင်ရပ်တည်ဖို့အတွက် ကြပ်ကြပ်တည်းတည်း ရုန်းကန်နေကြရပါတယ်။

burmatoday မှထပ်မံကူးယူဖော်ပြပါသည်၊

ထိုင်းအလုပ်သမားများ လစာတိုးမည့်အနက် မြန်မာ အလုပ်သမားများ ပါဝင်

ထိုင်းနိုင်ငံ ဒေသအသီးသီးတွင် အလုပ်လုပ်နေသော ထိုင်းနိုင်ငံသား အလုပ်သမားများကို လစာတိုး ပေးရာတွင် မြန်မာ ရွှေ့ပြောင်း အလုပ်သမားများကိုလည်း လုပ်အားခ တိုးပေးမည်ဟု ထိုင်းဝန်ကြီးများ အစည်းဝေး ဆုံးဖြတ်လိုက်သည်။

ထိုင်းနိုင်ငံ ခရိုင် (၇၆) ခုအတွင်းရှိ ရွှေ့ပြောင်းအလုပ်သမားများအားလုံး လစာများတိုးမြင့်ပေးမည်ဟု ယမန်နေ့တွင်ပြုလုပ်သည် ဝန်ကြီးများအဖွဲ့အစည်းအဝေးတွင် အတည်ပြုလိုက်သည်ဟု ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွှန့်ပေါင်းအဖွဲ့ NCGUB မှ အလုပ်သမားရေးဝန်ကြီးဌာန တာဝန်ခံ ဦးသက်ခိုင်ကယခုလိုပြောသည်။

“အခုပေးတဲ့ဟာက ထိုင်းအလုပ်သမားနေ့စားအလုပ်သမားတွေကိုအဓိကပေးမှာ။ ထိုင်းအလုပ် သမားတွေကို ရည်ရွယ်တယ်ဆိုပေမယ့် ဒီရွှေ့ပြောင်းအလုပ်သမားအားလုံးလည်း အဲ့ဒီထဲမှာပါ လိမ့်မယ်။ ပါမယ်ဆိုတဲ့အခါကြတော့ အခြေခံလုပ်အားခကို တိုးပေးမှာလေ။”

လာမည့် ၂၀၁၁ ခုနှစ် ဇန္နဝါရီလမှစတင်၍ လုပ်အားခများကို ခရိုင်အလိုက်သတ်မှတ်ကာ တရက်လျှင်အနိမ့်ဆုံးလုပ်အားခကို ထိုင်းငွေ (၈) ဘတ်မှ (၁၇) ဘတ်ထိတိုးပေးသွားရန်ရှိပြီး နေ့စားနှင့် လစားအလုပ်သမားများကို လုပ်ငန်းအလိုက် တိုးပေးမည်ဖြစ်သည်။

ယခုလိုတိုးမြှင့်ပေးသည့်အပေါ် အလုပ်ရှင်နှင့် အလုပ်သမားနှစ်ဦးနှစ်ဖက်အဆင်ပြေမှုရနိုင်စေရန် ရည်ရွယ်လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသော်လည်းယင်းကိစ္စ မဖြစ်နိုင်ကြောင်း ဖူးကက်မှ မြန်မာရွှေ့ပြောင်း ပန်းရံအလုပ်သမား တစ်ဦးက ယခုလိုပြောသည်။

“နေ့စားခတိုးပေးမယ်ဆိုတာက မဖြစ်နိုင်ဘူးဗျ။ ဒီလိုကိစ္စတွေကသိပ်မဖြစ်နိုင်ဘူးဗျ။ ဘာလို့ လဲဆိုတော့ ကျနော်တို့အလုပ်သမားတွေဘက်က ရပ်ပေးမယ့်အဖွဲ့အစည်းကလည်းမရှိဘူးလေ။ ပါးစပ်ကပဲတိုးပေးတာ။ အရင်နှစ်တွေတုန်းကလည်းဒီလိုပဲ။ တိုးပေးမယ်ဆိုပြီးပါးစပ်က ပဲတိုးပေးတာ။ လက်တွေ့ကျကျတိုးပေးတာမရှိဘူးဗျ။ သူတို့ထိုင်းအလုပ်သမားဆိုရင်တော့ရမှာပဲ။ ဘာလို့ လဲဆိုတော့ သူတို့ကိုက တိုးပေးမယ်လို့ပြောထားတာကို မတိုးပေးရင် တိုင်လို့ရတယ်လေ။ အဲ့ဒီတော့ ထိုင်းတွေကိုတော့ တိုးပေးမှာပဲ။ ကျနော်တို့ မြန်မာတွေကိုတော့ မဖြစ်နိုင်ဘူး။”

ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်းအလုပ်သမားများအနေနှင့် ယခုလို လစာတိုးမြှင့်လာသည့်အတွက် အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှုများနှင့် အလုပ်ရှင်နှင့်အလုပ်သမားကြား ဖြစ်ပွားနေသည့် ပြဿနာများအား တစ်စိတ်တပိုင်း ပြေလည်စေရန် ထိုင်းအစိုးရမှညှိနှိုင်းပေးခြင်း ဖြစ်သည်ဟု ဦးသက်ခိုင်က သုံးသပ် ပြောဆိုသည်။

“တခုရှိတာက အလုပ်ရှင်လည်း အလုပ်သမားတွေဘက်ကနေ လုပ်အားကိုများများလိုချင်တယ်။ လုပ်ခကိုတော့ နည်းနည်းပဲပေးချင်တယ်။ ဒါကလည်း အစဉ်အဆက်ကိုရှိခဲ့တာကိုးဗျ။ ဒီအနေ အထားတွေပေါ်မူတည်ပြီးတော့ တိုင်းပြည်ကိုအုပ်ချုပ်တဲ့ အစိုးရကလည်း ဒီပြဿနာတွေကို သေချာစဉ်းစားတယ်၊ လိုက်လျောညီထွေအောင် လုပ်ငန်းရှင်ကော အလုပ်သမားကောပေါ့ဗျာ။ ကျနော်ထင်တာကတော့ ဒီကိစ္စကတော့ပေးရမှာပဲ။ အလုပ်သမားထုရဲ့လိုအပ်ချက်ကိုဖြည့်ပေး ရမှာပဲလေ။ ဘယ်လိုပြဿနာပဲဖြစ်ဖြစ် အလုပ်သမားခကတော့ တိုးပေးမှာပဲ။”

ထိုင်းနိုင်ငံအတွင်း မြန်မာရွှေ့ပြောင်းအလုပ်သမား နှစ်သန်းကျော်ရှိသည်ဟု အလုပ်သမားအရေး ဆောင်ရွက်နေသူများက သုံးသပ်ပြောဆိုသည်။

သတင်းနှင့်မီဒီယာ ကွန်ယက် ဆိုဒ်မှ ကူးယူဖော်ပြပါသည်။

ရွှေ့ပြောင်းမြန်မာအလုပ်သမားများသိစေရန်

ထိုင်းနိုင်ငံတွင်းရှိရွှေ့ပြောင်းအလုပ်သမားများ နေရပ်ပြန်လည်ပို့ဆောင်ရေးရံပုံငွေ ပေးဆောင်ရတော့မည်

၂၀၀၈ခုနှစ်ပြည်ပအလုပ်သမားများအလုပ်လုပ်ကိုင်ခြင်းဆိုင်ရာဥပဒေအရ နေရပ်ပြန်လည်ပို့ဆောင်ရေးရံပုံငွေ ထူ ထောာင်ရန် စည်းမျဉ်းတစ်ရပ်ကို ၂၀၁၀ ခုနှစ် စက်တင်ဘာလ (၂၈) ရက်နေ့တွင် ထိုင်းအစိုးရကလက်မှတ်ရေးထိုးခဲ့ပါ တယ်။ အဲဒီစည်းမျဉ်းဟာ၂၀၁၀ ခုနှစ် ဒီဇင်ဘာလ (၂၇) ရက်နေမှာ စတင်အသက်ဝင်(အကောင်အထည်ဖေါ်ဆောင်) လာမှာဖြစ်ပါတယ်။ စည်းမျဉ်းပါအချက်တွေကတော့ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနိုင်ငံတို့မှ ရွှေ့ပြောင်းအလုပ်သမား များအနေနဲ့ အလုပ်ရှင်တွေကတဆင့် နေရပ်ပြန်လည်ပို့ဆောင်ရေးရံပုံငွေပေးဆောင်ပုံနဲ့ လက်ခံဖြတ်ပိုင်းများရယူပုံအ ဆင့်ဆင့်ကိုဖေါ်ပြထားပါတယ်။

- ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနိုင်ငံတို့မှ အလုပ်လုပ်ကိုင်ခွင့်လက်မှတ် (ဘတ်) ကိုင်ဆောင်ထားသူများ၊ ယာယီပတ်စ်ပို့ကိုင်ဆောင်ထားသူများ၊ သဘောတူနားလည်မှုစာချုပ်နှင့်အညီထိုင်းနိုင်ငံတွင်းအလုပ်လုပ်နေ သူများအနေဖြင့် နေရပ်ပြန်လည်ပို့ဆောင်ရေးရံပုံငွေထည့်ဝင်ရမှာဖြစ်ပါတယ်။ ပေးသွင်းရမည့်ငွေပမာဏကို လုပ်ငန်းရှင်က ရွှေ့ပြောင်းအလုပ်သမားများ၏လုပ်အားခထဲမှနှုတ်ယူပြီး ၂၀၁၁ ခုနှစ်ဇန်န၀ါရီလ (၁၇) ရက် နေ့နောက်ဆုံးထားပြီး ပထမအရစ်အဖြစ်ပေးရပါမယ်။ ပြည်နယ်အလုပ်သမားရေးရာရုံးများ သို့မဟုတ် ဘန် ကောက်ရှိနိုင်ငံခြားသားအလုပ်သမားများအုပ်ချုပ်ရေးရုံးတွင်သွားရောက်ပေးဆောင်ကြရပါမယ်။ အလုပ်သ မားရေးရာဌာနကအသိအမှတ်ပြုထားတဲ့ စီးပွားရေးဘဏ်များ၊ စာတိုက်ရုံးတွေနဲ့ အခြားနေရာတွေမှာလည်း သွားရောက်ပေးသွင်းနိုင်ပါတယ်။

- လုပ်ငန်းရှင်အနေနဲ့ရံပုံငွေပေးဆောင်တဲ့အခါတိုင်းမှာပြေစာဖြတ်ပိုင်းရရှိမှာဖြစ်ပါတယ်။ အဲဒီပြေစာဖြတ်ပိုင်းကို သက်ဆိုင်ရာအလုပ်သမားကိုပေးအပ်ရပါမယ်။

- ပေးဆောင်ရမည့်ငွေစုစုပေါင်းဟာနိုင်ငံသားအလိုက်မတူကြပါဘူး။ ကမ္ဘောဒီးယားနိုင်ငံသားများက တစ်ဦး လျှင် ဘတ် ၂၁၀၀ ( နှစ်ထောင့်တစ်ရာဘတ်) ဖြစ်ပြီး လာအိုနှင့်မြန်မာနိုင်ငံသားများအနေနဲ့တော့တစ်ဦးလျှင် ဘတ် ၂၄၀၀ ( နှစ်ထောင့်လေးရာ) ပေးဆောင်ရမှာဖြစ်ပါတယ်။

- ပေးဆောင်ရမည့်ငွေအား (၆)လခွဲ၍လစဉ်(၁၅) ရက်နေ့တိုင်းမှာ အရစ်ကျပေးသွင်းရပါမယ်။ အဲဒီ (၆) လအတွင်းမှာ လာအိုနဲ့မြန်မာနိုင်ငံသားအလုပ်သမားများက တစ်ကြိမ်လျှင် ( တလလျှင်) ဘတ် ၄၀၀ (လေးရာဘတ်) နှင့် ကမ္ဘောဒီးယားနိုင်ငံသားအလုပ်သမားများအနေနဲ့ ဘတ်၃၅၀ (သုံးရာ့ငါးဆယ်) ပေးရမှာ ဖြစ်ပါတယ်။

- ငွေပေးသွင်းထားသောအလုပ်သမားများအနေနဲ့ အလုပ်လုပ်ခွင့်သက်တမ်းကုန်ဆုံးလို့မိမိနိုင်ငံကိုတရားဝင်ပြန် တော့မယ်ဆိုရင်ပြန်ထုတ်ယူလို့ရပါမယ်။ ဒါပေမဲ့ ဘယ်လိုပြန်လည်ထုတ်ယူနိုင်တယ်ဆိုတာကိုတော့ လုပ်ထုံး လုပ်နည်းများမသတ်မှတ်ရသေးပါဘူး။ နောက်ပိုင်းထုတ်ပြန်မယ့်စည်းမျဉ်းများတွင်ပါဝင်မည်ဟုသာသိရပါ တယ်။

မယ်လစခန်းတွင် ဆယ်ကျော်သက် အရွယ် မုဒိမ်းမှုတခု ဖြစ်ပွား

ဒီဇင်ဘာလ ၆ရက်။ (ကေအိုင်စီ)

ထိုင်း-မြန်မာနယ်စပ်ရှိ မယ်လဒုက္ခသည်စခန်းတွင် ယမန်နေ့က ဆယ်နှစ်အရွယ် မိန်းကလေးတစ်ဦးကို ဆယ်ကျော်သက်လူငယ်က ကျူးလွန်သည့် မုဒိမ်းမှုတခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မယ်လစခန်း ဇုံဘီ၊ ရပ်ကွက်(၃)တွင် နေထိုင်သူ အဆိုပါမိန်းကလေးကို ယမန်နေ့ မနက် ၉နာရီကျော်အချိန်တွင် စခန်းအပြင်နား တွင် ဟင်းသီးဟင်းရွက် ရှာနေစဉ် ထိုရပ်ကွက်နေ အသက်(၁၄)နှစ်အရွယ် ယောက်ျားလေးတစ်ဦးက အဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်သည် ဟု ဇုံဘီ ကရင်အမျိုးသမီးအစည်းအရုံး (KWO)မှ တာဝန်ရှိသူတဦးက ပြောသည်။

သူမက “ကလေးမရဲ့ အဖေအမေတွေ ပြောတာက ကလေးမက သူ့ သူငယ်ချင်းတယောက်နဲ့အတူ ဇုံဘီရဲ့ ကားလမ်းမကြီးတဖက် မှာ ဟင်းသီးဟင်းရွက် ရှာနေတဲ့အချိန်။ ကောင်လေးက အဲဒီမှာ သူ့မိဘ ခြံလုပ်တယ်လေ။ အဲဒါ သူတို့တွေ့ကြတော့ ကောင်လေး က ကလေးမရဲ့ သူငယ်ချင်းကို ပိုက်ဆံပေးပြီး မုန့်သွားဝယ်ခိုင်းလိုက်တယ်။ အဲဒီအချိန်မှာပဲ ကလေးမကို အဓမ္မပြုကျင့်တာလို့ ပြော တယ်။”ဟု ကေအိုင်စီကို ပြောသည်။

အခင်းဖြစ်ပွားပြီးနောက် ကျူးလွန်သူ ယောက်ျားလေးကို စခန်းလုံခြုံရေးများက ဖမ်းဆီးထိန်းသိမ်းလိုက်ပြီး ကျူးလွန်ခံရသူကို လက် ရှိအချိန်တွင် မဲဆောက်ဆေးရုံသို့ ပို့ဆောင်ကာ ဆေးစစ်ချက်ခံယူနေကြောင်း သိရသည်။

အဆိုပါ မိန်းကလေးသည် မယ်လစခန်းထဲတွင် တတိယတန်း ကျောင်းသူလေးအဖြစ် ပညာသင်ကြားလျှက်ရှိပြီး ယခုလို ဖြစ်ရသည့် အတွက် စိတ်ထိခိုက်ရကြောင်း သူမကို အုပ်ထိန်းနေသည့် အစ်မဖြစ်သူက ကေအိုင်စီကို ပြောသည်။

“ကျမညီမက ကလေးစိတ်ပဲ ရှိသေးတယ်။ ဘာအပျိုလူပျိုစိတ်မှ မရှိဘူး။ အိမ်မှာလည်း တူ၊ တူမတွေကို ၀ိုင်းကြည့်ပေးတယ်။ အဲဒီ နေရာက အရင်က သူ သွားနေကျပဲလေ။ မနေ့က ကျောင်းပိတ်လို့ သူငယ်ချင်းနဲ့ သွားတာ။ ဒီလိုကြုံရမယ်လို့ တခါမှ မထင်မိခဲ့ဘူး။ သူ့အတွက် အရမ်းကို စိတ်မကောင်းဖြစ်ရတယ်။”ဟု ပြောသည်။

မယ်လစခန်း လူမှုရေးတာဝန်ခံ နော်ဒေးဒေးဖိုးက “လောလောဆယ်တော့ ကျူးလွန်တဲ့ လူငယ်ကို ထွက်မပြေးရအောင် စခန်းအ ချုပ်ခန်းမှာ ယာယီ ထိန်းသိမ်းထားတယ်။ ဒီလို ရာဇ၀တ်မှုမြောက်တာဆိုရင် စခန်းအနေနဲ့က ထိုင်းလက်ထဲကိုအပ်ပြီး ထိုင်းဥပဒေနဲ့ ပဲ ဖြေရှင်းစေတယ်လေ။ အသက်မပြည့်သေးပေမဲ့လည်း မုဒိမ်းမှု၊ လူသတ်မှု ကျူးလွန်သူတွေလည်း ရှိနေတော့ ထိုင်းနိုင်ငံရဲ့ ကလေးဥပဒေနဲ့ သူတို့ ဖြေရှင်းသွားမှာပဲလေ။ ဒါပေမဲ့ ရာဇ၀တ်မှုတစ်ခုရဲ့ ဖြစ်ပျက်ပုံကိုတော့ စခန်းစည်းကမ်းအရ ပြောဆိုပိုင်ခွင့် မရှိဘူး။”ဟု ကေအိုင်စီကို ပြောသည်။

စခန်းအတွင်း ကျန်းမာရေးပညာပေးလုပ်ငန်း လုပ်ဆောင်နေသည့် IRC လက်အောက်မှ GBV-Gender Base Violence အဖွဲ့က လည်း ၎င်းတို့ပညာပေးနေသည့်ကြားမှ ယခုလို အသက်မပြည့်လူငယ်များအကြား မုဒိမ်းမှုများ ဖြစ်ပွားနေရသည့် အကြောင်းရင်းကို စစ်တမ်းကောက်ခံမှုများ လုပ်ဆောင်လျှက်ရှိသည်ဟု သိရသည်။

လူဦးရေ ငါးသောင်းခန့် နေထိုင်သည့် မယ်လဒုက္ခသည်စခန်းတွင် အလားတူ မုဒိမ်းမှုမျိုးအပြင် ခိုးမှု၊ မူးယစ်ဆေးဝါး ရောင်းဝယ်မှု များလည်း ယခင်က မကြာခဏ ဖြစ်ပွားခဲ့သည်။

kicnew.org မှ ကူးယူဖော်ပြပါသည်၊

ကြိမ်ဒဏ်အပြစ်ပေးမှု ချက်ချင်း ရပ်ဆိုင်းဖို့ မလေးရှားအစိုးရကို AI တောင်းဆ

By ဒေါ်ခင်မျိုးသက် တနင်္လာ, 06 ဒီဇင်ဘာ 2010

မလေးရှားနိုင်ငံကို တရားမ၀င် လာရောက်သူတွေကို ကြိမ်ဒဏ်ပေး ဒဏ်ခတ်မှုတွေဟာ ညှဉ်းပန်းနှိပ်စက်မှုတမျိုး ဖြစ်တာကြောင့် ဒါကို ချက်ချင်း အဆုံးသတ်ပေးဖို့ Amnesty International ခေါ် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီးက ဒီနေ့ A Blow to Humanity လူမဆန်တဲ့ လုပ်ရပ်ဆိုတဲ့ အစီရင်ခံစာတစောင် ထုတ်ပြန်ပြီး တောင်းဆိုလိုက်ပါတယ်။ ဒီလို ကြိမ်ဒဏ်ခံရသူတွေထဲမှာ မြန်မာတွေလည်း အများကြီး ရှိနေကြတာ ဖြစ်ပါတယ်။ ကြိမ်ဒဏ်ခံရပြီးနောက်ပိုင်း စိတ်ပိုင်းရော၊ ရုပ်ပိုင်းဆိုင်ရာပါ ထိခိုက်မှုတွေ ရှိနေတယ်လို့ ကိုယ်တိုင် ခံစားရသူတွေက ပြောပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

မလေးရှားနိုင်ငံမှာ တရားမ၀င် လာရောက်သူတွေအတွက် ကြိမ်ဒဏ်ပြစ်ဒဏ် သတ်မှတ်ထားပြီး ဒီလို ပြစ်ဒဏ်ချမှတ်တာဟာ နိုင်ငံတကာ ညှဉ်းပန်းနှိပ်စက်မှု အဖြစ်နဲ့ သတ်မှတ်ထားတဲ့ စံနှုန်းထဲကို ၀င်နေတယ်လို့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီးရဲ့ မလေးရှား တာဝန်ခံ လန့်စ် လက်တစ်က အခုလိုပြောပါတယ်။
“မလေးရှားမှာ ကြိမ်ဒဏ် အရိုက်ခံရတဲ့ လူ ၅၀ ကျော်ကို လူတွေ့မေးမြန်းပြီးမှ ဒီအစီရင်ခံစာကို ထုတ်ပြန်ခဲ့တာပါ။ နိုင်ငံတကာ သတ်မှတ်ထားတဲ့ ညှဉ်းပန်းနှိပ်စက်မှု စံနှုန်းနဲ့ ကြည့်တဲ့အခါမှာ ဒီလို နှိပ်စက်မှုတွေကို ခံစားရဖို့ ရည်ရွယ်ပြီး ပြစ်ဒဏ်ပေးတာကို တွေ့ရတာမို့ ချက်ချင်း ရပ်ဆိုင်းပစ်ဖို့ တောင်းဆိုရတာပါ။”

မလေးရှား အစိုးရဟာ ၂၀၀၂ ခုနှစ်မှာ ကြိမ်ဒဏ် အပြစ်ပေးမှုကို တရားဝင် စတင် ပြဋ္ဌာန်းခဲ့ပြီး သောင်းနဲ့ချီတဲ့ ဒုက္ခသည်တွေ၊ ရွှေ့ပြောင်း အလုပ်သမားတွေကို ကြိမ်ဒဏ်ပြစ်ဒဏ် ပေးခဲ့သလို ကြိမ်ရိုက်သူတွေကိုလည်း အထူး လေ့ကျင့်ပေးထားတယ်လို့ ပြောပါတယ်။

“ကြိမ်ဒဏ် အပြစ်ပေးရတဲ့ ထောင်ဝန်ထမ်းတွေကို အထူးလေ့ကျင့်ပေးထားတာ တွေ့ရပါတယ်။ ၀န်ထမ်း ၁၀၀ မှာ ၅ ယောက်ပဲ ကြိမ်ရိုက်ခွင့်ရပြီး သူတို့ဟာ လူသန်၊ လူထွားကြီးတွေပါ။ သူတို့ဟာ တနာရီ မိုင် ၁၀၀ နှုန်းလောက်ရှိတဲ့ အရှိန်နဲ့ အကျဉ်းသားကို ရိုက်ရပါတယ်။ ဒါကြောင့် ကြိမ်ဒဏ်ခံရသူတွေရဲ့ အသားပေါ်တင် မကဘူး၊ အတွင်းက ကြွက်သားတွေ၊ အဆီပြင်တွေပါ ထိခိုက်ပြီး အရေပြားပေါ်မှာ အရှိုးရာတွေ ထင်စေပါတယ်။ အများစုဟာ မေ့မျောသွားကြသလို ဆီးတွေ၊ ၀မ်းတွေပါ မထိန်းနိုင် ဖြစ်သွားပါတယ်။ ကြိမ်ဒဏ်ပေးပြီးတဲ့ အခါမှာလည်း အပေါ်ယံ ဆေးထည့်ပေးရုံကလွဲပြီး ဆေးဝါးကုသမှု ပေးတာမျိုး မရှိပါဘူး။”

ဒီလို ညှဉ်းပန်းနှိပ်စက်တဲ့ အကျဉ်းထောင် ၀န်ထမ်းတွေကို မလေးရှား အစိုးရက အရေးယူတာမျိုး မလုပ်တဲ့အပြင် ကြိမ်ဒဏ်ရိုက်ချက် တခုစီအတွက် အပိုဆုကြေး ပေးတာမို့ ရိုးရိုး ထောင်ဝန်ထမ်းထက် သူတို့ဟာ ၀င်ငွေ ၂ ဆလောက် ရကြတယ်လို့လည်း ပြောပါတယ်။ ဒီလို ကြိမ်ဒဏ် အပြစ်ပေးမှုအတွက် ခွင့်ပြု ကြီးကြပ်ရသူ ဆရာဝန်တွေဟာလည်း ဆရာဝန်ကျင့်ဝတ်နဲ့ မညီတဲ့အတွက် ဒီတာဝန်တွေကို ငြင်းပယ်ဖို့ သင့်တယ်လို့လည်း ဆိုပါတယ်။

၂၀၀၅ ခု နှစ်ကုန်ပိုင်းမှာ မလေးရှားနိုင်ငံကို ရောက်လာသူ မြန်မာတဦးကတော့ ဒီလို တရားမ၀င် လာရောက်ရင် ကြိမ်ဒဏ် အပြစ်ပေးလေ့ရှိတယ် ဆိုတာကို အရင်က မသိခဲ့ဘဲ တရားရုံးရောက်မှ သိခဲ့ရကြောင်းနဲ့ သူအပြစ်ပေးခံရပုံကို အခုလို ပြောပြပါတယ်။

“အဲဒီမှာ ကျနော့်ကို ဘယ်လိုရိုက်လဲဆိုတော့ အရာရှိ တွမ်တယောက် ရှိပါတယ်။ တွမ်ရှေ့မှာ ကျနော့်ကို ပြန်ပြီး လက်မှတ်တခါ ထပ်ထိုးရတယ်။ ကျနော့်ကို စိတ်ငြိမ်ငြိမ်ထားခိုင်းတယ်။ အပြစ်ရှိတဲ့အတွက် ကြိမ်ဒဏ်ရိုက်မယ် ဆိုတဲ့အကြောင်း ကျနော့်ကို ရှင်းပြတယ်။ ကျနော့်ကို ခပ်၀၀ လူကောင်ကြီး အကြီးကြီးတွေ ၂ ယောက်က တယောက်တဘက်စီ လက်မောင်းက ဆွဲပြီးတော့ ယေရှုခရစ်တိုင်လို ဟာမျိုးကြီး၊ တိုင်ကြီးနဲ့ ကပ်ပြီးတော့ တင်ပါးနဲ့ခါးကို စည်းပြီးတော့ ထားထားပါတယ်။

“ပြီးတော့ ရိုက်ဖို့အတွက် အဆင်ပြေအောင် ကျနော့်ဘေးနားမှာ ၂ ယောက်ရှိတယ်။ ၂ ယောက်မှာ တယောက်ကတော့ ကြိမ်လုံးကို ကိုင်ထားတယ်။ ကိုင်ထားတဲ့အခါမှာ ကြိမ်လုံးကတော့ ရိုက်ဖို့အတွက် ဟန်ရေးပြ ပြင်နေတာပေါ့။ ကိုယ်ကတော့ မကြည့်ရဲဘူး၊ ကြောက်တယ်လေ။ ရိုက်မယ်၊ စရိုက်ဆိုတဲ့အခါမှာ ကျနော့်ကို စရိုက်တယ်။ နံပါတ်တစ် စရိုက်တယ်၊ တခါဆွဲလိုက်တယ်။ နောက်တခါ ထပ်ရိုက်တယ်၊ နောက်တခါ ထပ်ဆွဲလိုက်တယ်။ တင်ပါးမှာရိုက်တဲ့ကြိမ်ဒဏ် ၂ ခုက မထပ်ဘူးပေါ့။ အရာ ၂ ခုက မထပ်ဘူး။ တခုစီ တခုစီ ဖြစ်သွားတယ်။

“ပြီးသွားတော့ ကျနော့်ကို အဆောင် ပြန်ခေါ်သွားတယ်။ အဆောင်ခေါ်သွားပြီး ဆေးသွားထည့်ရတယ်။ အဲဒီအချိန်မှာ ကျနော့်ရဲ့ ခံစားမှုက အရမ်း ပင်ပန်းတာပေါ့။ လူက ခေါင်းတောင် မူးသွားတယ်ပေါ့။ Pressure တွေဘာတွေ ထိုးကျပြီးတော့ ထတောင် မထနိုင်တော့ဘူး၊ ချိကုန်သလို ဖြစ်သွားတယ်။”
အခုလို ခံစားခဲ့ရသလို နောက်ပိုင်းမှာလည်း လူရော စိတ်ပါ ကျန်းမာရေးအရ ထိခိုက်မှုတွေ ရှိနေတယ်လို့လည်း ပြောပါတယ်။
“ကျန်းမာရေးကတော့ မကောင်းဘူးခင်ဗျ။ ခါးတွေ နာတာပေါ့။ အလေးအပင်မတဲ့ အခါကြရင် ပိုသိသာတယ်။ ကြိမ်ရိုက်တဲ့ဒဏ်ကြောင့် ခါးအောက်ပိုင်းတွေ မိုးအေးတဲ့အခါ အရမ်းနာတယ်၊ ကိုက်ခဲတယ်ပေါ့။ တချို့လူတွေဆိုရင် ရိုက်ပြီးပြီးချင်းမှာကို မေ့သွားတဲ့သူတွေ ရှိပါတယ်။ သတိမရတော့ဘူး။ နာရီဝက်လောက်ကြာမှ သတိပြန်ရလာတာပေါ့၊ မခံနိုင်တော့။ ဒီကြိမ်လုံးကြီးကို မြင်တဲ့အချိန်မှာကိုက ကြောက်စိတ်တွေက အရမ်းထနေတာ။ အဲဒါမျိုးတွေ ဖြစ်တာပေါ့။”

မလေးရှားနိုင်ငံမှာ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ UNHCR ရုံးက ရိုဟင်ဂျာနဲ့ ချင်းအမျိုးသား အများစု အပါအ၀င် မြန်မာဒုက္ခသည် ၃၀၀,၀၀၀ ရှိနေတယ်လို့ စက်တင်ဘာလထဲမှာ စာရင်း ထုတ်ပြန်ခဲ့ပါတယ်။ မလေးရှားနိုင်ငံမှာရှိတဲ့ မြန်မာဒုက္ခသည်များဆိုင်ရာ အဖွဲ့ တာဝန်ခံ ကိုသူရအောင်ကတော့ ဒီ အသိအမှတ်ပြု ခံရတဲ့ ၃၀၀,၀၀၀ အပြင် နောက်ထပ် တရားမ၀င် နေထိုင်ကြတဲ့ မြန်မာနိုင်ငံသား ၃၀၀,၀၀၀ လောက် ရှိနေတယ်လို့ ပြောပါတယ်။ တရားမ၀င် လာရောက်သူတွေကို ကြိမ်ဒဏ်နဲ့ ထောင်ဒဏ်ပြစ်ဒဏ် ချမှတ်မှုတွေ မလေးရှားနိုင်ငံမှာသာ မက စင်ကာပူနိုင်ငံမှာလည်း တွေ့ရပါတယ်။

ဗွီအိုအေ သတင်းဌာနမှ ထပ်မံကူးယူဖော်ပြပါသည်၊