မင်္ဂလာပါ ... ကြွရောက်လာကြသော မိတ်သင်္ဂဟအပေါင်းတို့ကို "မြန်မာအလုပ်သမားများကွန်ယက်" ဆိုဒ်မှ နွေးထွေးစွာဖြင့် ကြိုဆိုပါတယ်ခင်ဗျာ....

တရားမဝင် မြန်မာလုပ်သားများ ကျန်ရှိဆဲဟု ကျွမ်းကျင်သူပြော

ထိုင်းနိုင်ငံတွင် တရားဝင် အသိအမှတ်ပြု မြန်မာရွှေ့ပြောင်းအလုပ်သမား ၁.၄၅ သန်းကျော် ရှိသွားပြီဖြစ်သော်လည်း မှတ်ပုံမတင်ရသေးသူ အများအပြား ရှိသေးကြောင်း မဟီဒေါ တက္ကသိုလ် လူဦးရေနှင့် လူမှုရေး သိပ္ပံဌာနမှ နိုင်ငံခြားရေးရာ ကျွမ်းကျင်သူ အန်ဒီဟော Andy Hall က ပြောသည်။

“ဒီကိစ္စက ခန့်မှန်းပြောဆိုဖို့ ခက်ပါတယ်။ ဒါပေမဲ့ မြန်မာ ၂ သန်းလောက် ရှိနေတယ်ဆိုတာတော့ အခု တရားဝင် စာရင်းတွေအရ သိနေရပါပြီ။ ခန့်မှန်းချေ ၅ သိန်းလောက် မှတ်ပုံမတင် ရသေးတာ ရှိချင်ရှိမယ်။ ဒါကလည်း
အတိအကျ မသိနိုင်ပါဘူး” ဟု Andy Hall က မဇ္ဈိမကို ပြောသည်။

ဇူလိုင် ၁၄ ရက်နေ့ အဆုံးသတ်ခဲ့သော တလကြာ တရားမဝင် လုပ်သားများ မှတ်ပုံတင်ခွင့် ပြုခဲ့ချိန်အတွင်း
လျှောက်ထားသူ ၆ သိန်း ၄ သောင်းကျော်ရှိကာ ယခင်နှစ်များတွင် မှတ်ပုံတင်ထားသူ ၈ သိန်းကျော် ရှိခဲ့သည်။

မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား ၃ နိုင်ငံမှ ရွှေ့ပြောင်းလုပ်သားပေါင်း ၉၈၄, ၅၄၅ ဦး မှတ်ပုံတင်ကြသည့် အထဲ၌
မြန်မာနိုင်ငံသား ၆၄၃, ဝ၉၂ ဦး ပါဝင်ပြီး လာအိုနိုင်ငံသား ၁ဝ၂, ၈၅၄ ဦးနှင့် ကမ္ဘောဒီးယား ၂၃၈, ၅၈၆ ဦးသာ ရှိသည်။

ဘန်ကောက်မြို့ အခြေစိုက် လူအခွင့်အရေး တိုးတက်ရေးအဖွဲ့ HRDF ၏ အကြံပေး ပုဂ္ဂိုလ်လည်းဖြစ် သူ Andy Hall
က ထိုင်း-မြန်မာ အစိုးရများက တရားဝင် မှတ်ပုံတင်နိုင်ရန် ထပ်မံခွင့်ပြုခဲ့သည်မှာ အပြုသဘောဆောင်သည်ဟု
ဆိုပြီး၊ “အလုပ်တွေအနေနဲ့ ကိုယ့်ကိုယ်ကို ပိုယုံကြည်လာမယ်၊ လုံခြုံမှု ပိုရှိလာမှာဖြစ်တယ်။ သန်းနဲ့ချီပြီး မှတ်ပုံတင်ပြီးတယ် ဆိုတော့ ဒီလုပ်ငန်းအောင်မြင်တယ်လို့ ဆိုရမှာပေါ့” ဟု ဆိုသည်။

တနှစ်သက်တမ်းအတွက် ဒေသန္တရနှင့် လုပ်ငန်း အမျိုးအစားပေါ် မူတည်၍ ကျန်းမာရေး စစ်ဆးခ၊ ကျန်းမာရေး အာမခံခ၊ အလုပ်လုပ်ခွင့် တို့အတွက် ထိုင်းဘတ်ငွေ ၂၉၈ဝ နှင့် ၃၈၈ဝ အကြား အလုပ်သမားက ကျခံရမည်ဟု တရားဝင် သတ်မှတ်ထားသည်။

အလုပ်သမားများနှင့် အလုပ်သမားအရေး ဆောင်ရွက်သူများကမူ ကြားပွဲစားများနှင့်သာ လုပ်ရသဖြင့် အနည်းဆုံး
ဘတ် ၆ဝဝဝ ခန့် ကုန်ကျခြင်း၊ အလုပ်ရှင်များက မှတ်ပုံမတင်စေလိုခြင်းနှင့် လုပ်ငန်းစဉ် ရှုပ်ထွေးခြင်းတို့ကြောင့် မှတ်ပုံမတင်သေးသည့် အလုပ်သမားများ ရှိနေရသည်ဟု ပြောဆိုကြသည်။

မြန်မာရွှေ့ပြောင်းလုပ်သားများတွင် မြန်မာနိုင်ငံသား ဖြစ်ကြောင်း စိစစ်ပြီး၍ ယာယီ မြန်မာနိုင်ငံကူး လက်မှတ် ရှိပြီးသူ၊ နိုင်ငံသားဖြစ်ကြောင်း စိစစ်ရန် ပုံစံတင်ထားသော်လည်း အလှည့်မကျသေးသဖြင့် စောင့်နေရသူ၊ ထိုင်းနိုင်ငံတွင် တရားဝင် အလုပ်လုပ်ခွင့် လျှောက်ထားပြီးသော်လည်း နိုင်ငံသား စိစစ်ရန် ပုံစံကိုပင် မတင်ရသေးသူ ဟူ၍ ၃ မျိုး ရှိနေသည်။

တရားဝင် လုပ်ကိုင်နေသော မြန်မာ ၁.၄၅ သန်းအနက် ယာယီနိုင်ငံကူး လက်မှတ် ရှိပြီးသူ ၅ သိန်းခန့်ရှိပြီး ကျန် ၉ သိန်းခန့်မှာ နိုင်ငံသား စိစစ်မှု မပြီးသေးကြောင်း Andy Hall က ပြောသည်။

ယာယီ မြန်မာနိုင်ငံကူး လက်မှတ်အတွက် မြန်မာဘက်ကို ငွေကျပ် ၃ဝဝဝ နှင့် ထိုင်းဗီဇာကြေး ဘတ် ၅၀၀ သာ ကုန်ကျရမည် ဖြစ်သော်လည်း ပွဲစားကုမ္ပဏီများဖြင့်သာ လုပ်ကိုင်ကြမှသာ အဆင်ပြေသဖြင့် ဘတ်ငွေ ၆၀၀၀ မှ ၇၀၀၀ ကြား ကုန်ကျလေ့ ရှိသည်။

မြန်မာနိုင်ငံ ဒုနိုင်ငံခြားရေးဝန်ကြီး ဦးမောင်မြင့်က သူ၏ ဇွန်လ ထိုင်းနိုင်ငံ ခရီးစဉ်အတွင်း ထိုင်းအလုပ်သမား ဝန်ကြီးဌာန တာဝန်ရှိသူများနှင့် ဆွေးနွေးပြီးနောက် ယခင်က ယာယီနိုင်ငံကူး သက်တမ်းကို ၃ နှစ်သာ
ပေးခဲ့သော်လည်း ဇူလိုင် ၁ ရက်နေ့တွင် စတင်လျှောက်သူများကို သက်တမ်း ၆ နှစ်အထိ ပေးရန် သဘောတူညီခဲ့သည်။

တရားမဝင် အလုပ်သမားခိုင်းသည့် လုပ်ငန်းရှင်ကို အလုပ်သမားတဦးအတွက် ဘတ်ငွေ တသောင်းမှ တသိန်းအထိ လည်းကောင်း၊ အလုပ်သမားအား ၂,၀၀၀ မှ တသိန်းထက် မပိုသော ဒဏ်ငွေ သို့မဟုတ် ၅ နှစ်ထက် မပိုသော
ထောင်ဒဏ် သို့မဟုတ် ဒဏ်နှစ်ရပ်ပေါင်း ပြစ်ဒဏ်ချမှတ်မည်။ သို့သော် ပုံမှန်အားဖြင့် အလုပ်သမားများကို ဖမ်းဆီး၍ မြန်မာဘက်သို့ ပြန်ပို့လေ့ရှိသည်။

ခိုးဝင် လုပ်ကိုင်နေသူများ အပါအဝင် ရွှေ့ပြောင်းမြန်မာလုပ်သား အရေအတွက်မှာ တိတိကျကျ မသိနိုင်ချိန်မှာ ဝင်ရောက်မှု ပိုမိုတိုးပွားလာနေပြီး ၃ သန်းနီးပါးပင် ဖြစ်နိုင်သည်ဟု ခန်မှန်းမှုများလည်း ရှိသည်။

မဇ္ဈိမ သတင်းဌာနမှ ကူးယူဖော်ပြပါသည်၊Link

ဘန်ကောက်သွားမည့်သူများ နယ်စပ်တွင် အဖမ်းခံရ

ဘန်ကောက်မြို့သို့ သွားရောက်မည့် မြန်မာနိုင်ငံသား ၅၀၀ ခန့် ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့တွင် ယမန်နေ့က အဖမ်းခံလိုက်ရသည်။

"ဒီလူတွေက တရားမ၀င်တဲ့ နည်းနဲ့ ထိုင်းနိုင်ငံ အတွင်းပိုင်းကို ခိုးဝင်မှာ ဖြစ်တဲ့ အတွက် ဖမ်းဆီးရတာ ဖြစ်တယ်" ဟု မဲဆောက်မြို့ ရဲတပ်ဖွဲ့ ရဲဗိုလ်မှူးကြီး ဒေချာဝထနဖနုံက ဒေသခံ သတင်းထောက်များကို ပြောသည်။

news_Maesot2

ယမန်နေ့က အဖမ်းခံရသည့် မြန်မာပြည်သားများ (ဓာတ်ပုံ - ဧရာဝတီ)

၎င်းတို့အား မည်သို့ အရေးယူနိုင်ဖွယ် ရှိကြောင်း ပြောဆိုခြင်း မရှိပေ။

မဲဆောက်တွင် ယာယီ နေထိုင်ခွင့်လက်မှတ် လျှောက်ထားပြီး ဘန်ကောက်သို့ သွားရောက်ရေးအတွက် အလုပ်ရှင်၊ ပွဲစားများနှင့် ညှိနှိုင်းစဉ် ကာလအတွင်း အဖမ်းခံရခြင်းဖြစ်သည်ဟု အလုပ်သမားတဦးက ဧရာဝတီကို ပြောသည်။

"အရင် ကျနော်တို့အသိတွေ ဒီလိုပဲ နေထိုင်ခွင့် လုပ်ပြီး ဘန်ကောက်ကို တက်ကြပါတယ်။ ဘန်ကောက်က သူဌေးတွေ ကိုယ်တိုင် လာခေါ်တာ ဖြစ်တယ်။ ကျနော်တို့ကို ဖမ်းတာက အလုပ်သမား မှတ်ပုံတင် လုပ်ပေးတဲ့ရက် ကျော်သွားလို့ ဆိုပြီး ပြောတယ်" ဟု မဲဆောက်မြို့ လူဝင်မှု ကြီးကြပ်ရေးဌာနတွင် ထိန်းသိမ်းခံနေရသူ တဦးက ပြောသည်။

ထိုင်းနိုင်ငံတွင် တရားမ၀င် အလုပ် လုပ်ကိုင်နေကြသည့် မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား အလုပ်သမားများကို ယခင်လ ၁၅ ရက်နေ့မှ ယခုလ ၁၄ ရက် နေ့အတွင်း မှတ်ပုံတင်ခွင့် ပြုခဲ့သည်။

မှတ်ပုံတင် ကာလ ကျော်လွန်သွားပြီး ဖြစ်သောကြောင့် မဲဆောက်ဒေသအတွင်း တရားမ၀င် နေထိုင်လုပ်ကိုင်သူများကို ဖမ်းဆီးမှုများ မကြာမီ ပိုမို များပြားလာဖွယ် ရှိသည်ဟု မြန်မာ အလုပ်သမားအရေး ဆောင်ရွက်နေသည့် အဖွဲ့များက ခန့်မှန်းနေကြသည်။

မဲဆောက်မြို့ အပါအ၀င် တာ့ခ်ခရိုင်အတွင်း စက်ရုံအလုပ်ရုံများ၊ စိုက်ပျိုးရေး လုပ်ငန်းခွင်များတွင် မြန်မာပြည်သား လေးသိန်းခန့် ရှိသည့် အနက် တရားဝင် မှတ်ပုံတင်သည့် အရေအတွက်မှာ သုံးသောင်းကျော်သာ ရှိသည်ဟု အလုပ်သမား ရှာဖွေရေးရုံး၏ မှတ်တမ်းများအရ သိရသည်။

ထိုင်းအာဏာပိုင်တို့က တရားမ၀င် အလုပ်သမား ခန့်ထားသည့် အလုပ်ရှင်ကို ထိထိရောက်ရောက် အရေးယူမည်ဟု ကြိုတင် သတိပေး ကြေညာထားပြီးဖြစ်သည်။

အလုပ်ရှင်ကို တရားမ၀င် အလုပ်သမားတဦးအတွက် ဒဏ်ငွေ ထိုင်းဘတ် ၁ သောင်းမှ ၁ သိန်းအထိ၊ တရားမ၀င် အလုပ်သမားကို ဘတ် ၂ ထောင်မှ ၁ သိန်း အထိ (သို့မဟုတ်) ၅ နှစ်ထက် မပိုသော ထောင်ဒဏ် (သို့မဟုတ်) ပြစ်ဒဏ် နှစ်ရပ်ပေါင်းပြီး ဖြစ်စေ ချမှတ်သွားမည်ဟု ဆိုသည်။

သို့သော်လည်း ဖမ်းဆီးခံရသူ မြန်မာပြည်သား အများအပြားကို ကာလကြာမြင့်စွာ ထိန်းသိမ်းထားခြင်း မရှိဘဲ ရက်ပိုင်းအတွင်း မြန်မာပြည်ဘက်သို့ ပြန်လွှတ်ပေးလေ့ရှိသည်။

ဧရာဝတီသတင်းဌာနမှ ကူးယူဖော်ပြပါသည်၊

မြန်မာအလုပ်သမား ၅ သိန်းခွဲ ထိုင်းမှာ မှတ်ပုံတင်

ထိုင်းနိုင်ငံ အတွင်းမှာ ရှိတဲ့ တရားမဝင် ရွှေ့ပြောင်း အလုပ်သမားတွေကို ဇွန်လ ၁၅ ရက်က စတင်ပြီး ဇူလိုင် ၁၄ ရက်နေ့ အထိ မှတ်ပုံတင်ခွင့် ပြုခဲ့ရာမှာ မြန်မာ ရွှေ့ပြောင်း အလုပ်သမား ၅-သိန်းခွဲကျော် ပါဝင် မှတ်ပုံတင်ခဲ့ပါတယ်။

RFA

၂၀၁၁ ခုနှစ် ဇွန် ၁၅ ရက်နေ့မှ ဇူလိုင်လ ၁၄ ရက်နေ့အထိ မြန်မာရွေ့ပြောင်းအလုပ်သမား မှတ်တင်ကိစ္စကို ဆောင်ရွက်ပေးနေသည့် ထိုင်း လူဝင်မှုကြီးကြပ်ရေး မှတ်ပုံတင်ဌာနတခုတွင် အလုပ်သမားမှတ်ပုံတင် စာရင်းသွင်းနေသော မြန်မာရွေ့ပြောင်းအလုပ်သမားတဦး။

ထိုင်း လုပ်ငန်းရှင်ပေါင်း ၁ သိန်း ၃ သောင်းကျော်က မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို အလုပ်သမားပေါင်း ၈-သိန်းခွဲကျော်ကို မှတ်ပုံတင်ခဲ့ကြတာ ဖြစ်ပြီး အဲဒီ အထဲမှာ ကမ္ဘောဒီးယား နိုင်ငံသား ၂-သိန်းနီးပါးနဲ့ လာအို ၈-သောင်းခန့်တို့ ပါဝင်ပါတယ်။ မြန်မာ အလုပ်သမား အများဆုံး မှတ်ပုံတင်တဲ့ ဘန်ကောက်မြို့ အမှတ် ၇ ရုံးရဲ့ ညွှန်ကြားရေးမှူး ခွန် ဖိရိုင်ဆန် က “ဒီနေ့အထိ နောက်ဆုံးလာ မှတ်ပုံတင်တာ ၃ သောင်းခွဲ ရှိပါတယ်။ အဲဒီ အထဲမှာ မြန်မာ ၂ သောင်းခွဲ ပါပါတယ်” လို့ ပြောပါတယ်။ အလုပ်သမား ဘတ်လက်မှတ် ပြုလုပ်တဲ့ အချိန်ကာလ သတ်မှတ်ချက်ကို ထပ်မံ သက်တမ်း တိုးပေးမယ်လို့ ကောလဟာလတွေ ထွက်ပေါ်နေတာ မမှန်ကန်ကြောင်း၊ ၁၄ ၇က်နေ့ဟာ နောက်ဆုံး ဖြစ်ကြောင်းလည်း ညွှန်ကြားရေးမှူး က ပြောသွားပါတယ်။ အခုလို မှတ်ပုံတင် စာရင်းသွင်းမှုတွေ ပြီးစီးသွားပေမယ့် အလုပ်သမားတွေ အနေနဲ့ ကျန်းမာရေး စစ်ဆေးမှု ခံယူကာ အလုပ်သမား ဘတ်လက်မှတ် လက်ဝယ် ပိုင်ဆိုင်မှု ရဖို့ ဆက်လက် လုပ်ဆောင်ရမှာ ဖြစ်တယ်လို့ ထိုင်းအလုပ်သမား ဝန်ကြီးဌာနက ညွှန်ကြားထား ပါတယ်။

မြန်မာ ၅ သိန်းကျော် ထိုင်းအလုပ်သမား မှတ်ပုံတင်

ချင်းမိုင် (မဇ္ဈိမ) ။ ။ ၂ ရက်သာ လိုတော့သည့် ထိုင်းအလုပ်သမား မှတ်ပုံတင် Work permit ပြုလုပ်ပြီးချိန်တွင် မြန်မာရွှေ့ပြောင်းလုပ်သား ၅ သိန်းကျော် မှတ်ပုံတင်ပြီးပြီဟု လူ့အခွင့်အရေး ဆောင်ရွက်ပေးနေသူများက ပြောသည်။

“မနေ့ညထိတော့ ၄ သိန်း ၉ သောင်းကျော် လုပ်ပြီးပြီ၊ ဒီနေ့က ၅ သိန်းကျော်ပြီ” ဟု ထိုင်းနိုင်ငံတွင် လူအခွင့်အရေး
များ ဆောင်ရွက်နေသည့် ဘန်ကောက်အခြေစိုက် လူအခွင့်အရေး တိုးတက်ရေးအဖွဲ့ HRDF ၏ အကြံပေးပုဂ္ဂိုလ် အန်ဒီဟော Andy Hall က မဇ္ဈိမကို ပြောသည်။

ထိုင်းအစိုးရက ဇွန် ၁၅ ရက်မှ ဇူလိုင် ၁၄ ရက်အထိ တလတာအတွင်း မှတ်ပုံတင်ခွင့် ပြုထားပြီး၊ တရားဝင် မှတ်ပုံတင် ပြုလုပ်ခ ၃၉၈ဝ ဘတ် ကုန်ကျသည်။ သို့သော် အလုပ်သမား အများစုကမူ မြန်ဆန်လွယ်ကူသည့် ပွဲစားများဖြင့်သာ ပြုလုပ်ခဲ့ကြသည်။

ပွဲစားဖြင့် လုပ်ပါက ထိုင်းဘတ်ငွေ ၅ဝဝဝ ကျော်မှသည် ၇ဝဝဝ ထိ ကုန်ကျမှုများရှိသည်။

တရားဝင်လုပ်သား မှတ်ပုံတင် ပြုလုပ်ရာ၌ အလုပ်ရှင်၏ ထောက်ခံချက်၊ ဆေးစစ်ချက်အပြင်၊ ကိုယ်ရေးအကျဉ်း စသည်တို့ ဖြည့်သွင်းရသည်။

ထိုင်းတွင် မြန်မာရွှေ့ပြောင်း အလုပ်သမားများမှာ ၂ သန်းအထက် ရှိသည်ဟု ခန့်မှန်းထားသည့်အနက် ယာယီ
နိုင်ငံကူးလက်မှတ် ရပြီးသူနှင့် တရားဝင် အလုပ်သမား မှတ်ပုံတင် ပြုလုပ်ပြီးသူ ၁ သန်းခွဲကျော် ရှိသည်ဟု အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးသူများက ပြောသည်။

အလုပ်သမား မှတ်ပုံတင် ပြုလုပ်စဉ်အတွင်း အလုပ်သမားများကို မဖမ်းဆီးရန် ထိုင်းအလုပ်သမား ဝန်ကြီးဌာနက
ညွှန်ကြားထားသည်။

ထိုင်းအစိုးရသစ် နဲ့ မြန်မာရွှေ့ ပြောင်းအလုပ်သမားများ

ဦးသန်းလွင်ထွန်း ။ ။ ထိုင်းဝန်ကြီးချုပ်သစ် ယင်းလပ် ရှင်နာဝပ် (YinLuck Shinawatra) ရဲ့  လက်ထက်မှာ စီးပွားရေးတိုးချဲ့  လုပ်ကိုင်လာတာနဲ့အတူ ထိုင်းနိုင်ငံအတွင်း အလုပ်အကိုင် အခွင့်အလမ်းတွေ ပိုမိုလာပြီး နိုင်ငံရပ်ခြားက ကျွမ်းကျင်အလုပ်သမားတွေ နေရာရလာမယ့် အခြေအနေရှိမယ်လို့ ဆိုပါတယ်။ ထိုင်းအခြေခံ အလုပ်သမားတွေရဲ့  လစာတွေကို မြှင့်တင်ပေးဖို့လည်း ရှိတာမို့ ဈေးနှုန်းသက်သာမယ့် ရွှေ့ ပြောင်းအလုပ်သမားတွေ ပိုသုံးလာဖို့လည်း ဖြစ်နိုင်တယ်လို့ ဘန်ကောက်မြို့ မှာရှိတဲ့ မြန်မာရွှေ့ ပြောင်းအလုပ်သမားရေးရာ ကျွမ်းကျင်သူတဦးဖြစ်တဲ့ ဦးမြင့်ဝေ က သုံးသပ်ပြောဆိုပါတယ်။

ဦးမြင့်ဝေ ။ ။ မြန်မာရွှေ့ ပြောင်းအလုပ်သမားတွေက ဒီ အနီရောင်ဆန္ဒပြကြသူတွေနဲ့ တော်တော်နီးစပ်ကြတယ်။ အနီရောင်တွေကလည်း အောက်ခြေလူတန်းစာတွေ ဖြစ်တာကို။ သူတို့ကြားထဲမှာ နီးစပ်မှုရှိတယ်။ နောက်တခါ တက်ဆင် ဝန်ကြီးချုပ်ဘဝတုန်းကလည်း မြန်မာအလုပ်သမားတွေအားလုံး အလုပ်သမားလက်မှတ် မှတ်ပုံတင်ရေးကို သူက စပြီလုပ်လို့ လူဦးရေတသန်းနဲ့ နှစ်သိန်းကျော်လောက် မှတ်ပုံတင်ခွင့်ပေးခဲ့တယ်။ ဆိုတော့ ခွန်ယင်းလပ် လက်ထက်မှာ ဖြစ်နိုင်စရာက အစိုးရက migrant workers ပေါ်မှာတော့ ဖိနှိပ်မှုတွေ ပေါ်လစီအရ ထိခိုက်အောင် မလုပ်နိုင်ဘူး။ သို့သော် ဖြစ်နိုင်ချေတခုရှိတာကတော့ သူက အနှိမ့်ဆုံး လုပ်အားခကို ဘတ် ၃၀၀ ကို သူက တိုးချဲ့ မယ်။ တိုးမြှင့်ပေးမယ်။ အဲဒီလို တိုးမြှင့်ပေးလို့ရှိရင် ထိုင်းလုပ်ငန်းရှင်တွေက သူတို့ ထိုင်းအလုပ်သမားတွေကို ခန့်ရင် သူတို့ ဘယ်လိုပဲဖြစ်ဖြစ် တနေ့ကို ၃၀၀ ရာနှုန်းပေးရမယ်ဆိုရင် သူတို့က ဗမာအလုပ်သမားတွေကို အစားထိုးခန့်ဖို့များတယ်။

ဦးသန်းလွင်ထွန်း ။ ။ လာမယ့် ခွန်ယင်းလပ် အစိုးရလက်ထက်မှာ စီးပွားရေးတိုးချဲ့ လာလို့ရှိရင် ထိုင်းနိုင်ငံအတွင်းမှာ လုပ်ငန်း အလုပ်အကိုင် အခွင့်အလမ်းတွေ ပိုများလာမယ်ဆိုတဲ့ သဘောလား။ အခုလောလောဆယ်ရော ထိုင်းနိုင်ငံအတွင်းမှာက မြန်မာနိုင်ငံကလာတဲ့ ရွှေ့ ပြောင်းအလုပ်သမားတွေ လိုအပ်ချက်က ဘယ်လောက်လောက် ရှိနေသလဲ။

ဦးမြင့်ဝေ ။ ။ အခုလောလောဆယ်ကတော့ ပိုပြီးတိုးနေပြီတော့ board of investment နိုင်ငံတကာရင်းနှီးမြုပ်နှံရေးဆိုတာက နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေနဲ့ ပတ်သက်ရင် တော်တော်အရှိန်အဝါကြီးတယ်။ လုပ်ပိုင်ခွင့်လည်း အတော်ရှိတယ်။ အခုတောင် သူတို့က ဘာတောင်အဆိုတင်သွင်နေသလဲဆိုရင် မြန်မာအလုပ်သမားတို့၊ လာအို၊ ကမ္ဘောဒီယား တို့က မကျွမ်းကျင်သော အဆင့်နှိမ့်အလုပ်သမားကို။ အခု သူတို့က Industry စက်ရုံကြီးတွေမှာ ရွှေ့ ပြောင်းအလုပ်သမားတွေက ကျွမ်းကျင်အလုပ်သမားတွေအဖြစ် သုံးပြီးခန့်အပ်ဖို့အထိ သူတို့က အစိုးရဆီကနေ ခွင့်ပြုချက်တွေ တင်သွင်းနေပြီ။ ဆိုတော့ အဓိပ္ပါယ်က မျှော်လင့်ကြည့်တာက စီးပွားရေးလုပ်ငန်းတွေလည်း ဖွံ့ဖြိုးလာနိုင်တယ်။ နောက် အလုပ်သမား လိုအပ်ချက်မှာလည်း ရိုးရိုး အောက်ခြေ မကျွမ်းကျင်အဆင့်ကနေ၊ ကျွမ်းကျင်အလုပ်သမားအဆင့်အထိ ဘာသာစကားလည်းတက်တယ်။ နည်းပညာ၊ အတတ်ပညာတခုခုနဲ့ လာတဲ့အလုပ်သမားတွေဆိုရင် စက်မှုလုပ်ငန်းနဲ့ဆိုင်တဲ့ စက်ရုံကြီးတွေမှာ၊ ကားတပ်ဆင်တဲ့ စက်ရုံတို့၊ စက်မှုလက်မှုနဲ့ လုပ်ရတဲ့ စက်ရုံနေရာမျိုးတွေအထိ သူတို့က ခန့်ဖို့အထိ စဉ်းစားနေတာတွေ ရှိနေပြီ။

ဦးသန်းလွင်ထွန်း ။ ။ ထိုင်းနိုင်ငံမှာက ဘယ်လိုအစိုးရပဲတက်တက် ထိုင်းနိုင်ငံရဲ့  စီးပွားရေးနဲ့ မြန်မာနိုင်ငံ စီးပွားရေးအခြေအနေ ယှဉ်လိုက်လို့ရှိရင် ထိုင်းဘက်မှာက လုပ်ငန်းကိုင်ငန်းတွေက ဖွံ့ဖြိုးနေပြီတော့ အလုပ်သမားလိုအပ်ချက်က အမြဲတမ်းရှိနေတော့ ဒီ ရွှေ့ ပြောင်းအလုပ်သမားတွေက ဆင်းရဲတဲ့ အိမ်နီးချင်းနိုင်ငံတွေကနေ ထိုင်းနိုင်ငံထဲကို အမြဲတမ်းဝင်ပြီး လုပ်နေကြတာပဲ။ ဒါပေမဲ့ ဒီ ရွှေ့ ပြောင်းအလုပ်သမားတွေကို တရားဝင်ဖြစ်ရေး၊ တရားဝင်ခန့်အပ်ရေး၊ နောက်ပြီးတော့ ဒါမှမဟုတ်လို့ရှိရင် ရွှေ့ ပြောင်းအလုပ်သမားတွေကို အခွင့်အရေး တန်တူပေးပြီးတော့ အလုပ်အကိုင်တွေ စောင့်ရှောက်မှုတွေ ပေးရေးကိစ္စတွေနဲ့ ပတ်သက်လို့ အရင် democratic အဘီစစ် အစိုးရလက်ထက်နဲ့ အခုလာမယ့် ခွန်ယင်းလပ် အစိုးရတို့ ဘာတွေများ ကွာခြားလာနိုင်စရာတွေ ရှိနေသလဲ။

ဦးမြင့်ဝေ ။ ။ သိပ်တော့ အများကြီးတော့ ကွာခြားမှာမဟုတ်ဘူး။ သိပ်တော့လည်း အများကြီး မျှော်လင့်မထားဘူး။ ဘာကြောင့်လည်းဆိုတော့ ဒီမိုကရက်အစိုးရလက်ထက်မှာတော့ အစိုးရက ပါမန်နစ် အစိုးရဝန်ထမ်းတွေရဲ့  အဆိုတင်သွင်းမှုတွေ နည်းနည်းပိုပြီ အားသန်တယ်။ အဲဒါကြောင့်မို့ သူက အလုပ်သမားတွေ ထိန်းချုပ်ရေးကော်မတီတို့ immigration တို့၊ ရဲတို့ရဲ့  တင်းတင်းကြပ်ကြပ် ကိုင်တွယ်မှုတွေကို မြန်မာအလုပ်သမားတွေ ရင်ဆိုင်ရတယ်။ ဒါပေမဲ့ ခွန်ယင်းလပ် တက်လာရင်တော့ ဘယ်လိုအခြေအနေ ပြောင်းမလဲတော့ မသိဘူး။ ဒါပေမဲ့ အစိုးရဌာနဆိုင်ရာ အမြဲတမ်းဝန်ထမ်းတွေကလည်း သူတို့ဘာသာသူတို့ ဌာနဆိုင်ရာအလိုက် အလုပ်သမားဝန်ကြီးဌာန၊ ကျန်းမာရေး၊ ပညာရေးဝန်ကြီး၊ ကာကွယ်ရေးဦးစီးဌာန။ အဲဒါတွေ အကုန်လုံးက သက်ဆိုင်တာဆိုတော့ သူတို့ ဝန်ကြီးဌာနတွေရဲ့  ပေါ်လစီပေါ်မှာလည်း ရိုက်ခတ်တယ်။ ဝန်ကြီးချုပ်တဦးတည်းအပေါ်မှာ မူမတည်ဘူးဆိုတော့ အလုပ်သမားတွေရဲ့  ကာကွယ်စောင့်ရှောက်မှုရယ်။ အလုပ်သမားတွေရဲ့  ဘဝ ဖွံ့ဖြိုးတိုးတက်မှုတို့၊ လုပ်ငန်းခွင်မှာ ပျော်ပျော်ရွှင်ရွှင်နဲ့ အဆင့်ကတော့ မျှော်လင့်သလောက်နဲ့ တကယ့် ဥပဒေပြဌာန်းချက်တွေကိုတော့ လုံးဝမမှီသေးပါဘူး။ ဒီ အစိုးရက အခုန ရွှေ့ ပြောင်းအလုပ်သမားတွေရဲ့  လုပ်စွမ်းအားကို သူတို့ရဲ့  အလုပ်သမားအခွင့်အရေး၊ ဘာညာသေချာ ပံ့ပိုးပေးပြီးတော့ သူတို့ရဲ့  ကုန်ထုန်စွမ်းအားနဲ့ အစိုးရရဲ့  GDP ကို သူက တိုးအောင်နဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ များများအလုပ်လုပ်နိုင်အောင် လုပ်မယ်ဆိုရင်တော့ သက်တောင့်သက်သာဖြစ်မယ်။ စိတ်ချမ်းချမ်းသာသာနဲ့ ဝင်ငွေကောင်းပြီး လုပ်လို့ရမယ်လို့ မျှော်လင့်တယ်။

ဦးသန်းလွင်ထွန်း ။ ။ အခုလောလောဆယ် ထိုင်းနိုင်ငံမှာ ရွှေ့ ပြောင်းအလုပ်သမားဦးရေ ဘယ်လောက်လောက် ရှိနေသလဲ။ သူတို့အပေါ်ကို တရားဝင်မှတ်ပုံတင်ရေးကိစ္စတွေကရော ဘယ်အခြေအနေအထိ ခရီးရောက်နေပြီလဲ။

ဦးမြင့်ဝေ ။ ။ အခု အလုပ်သမား လက်မှတ်မရှိတဲ့လူတွေကို လက်မှတ်လုပ်ဖို့ ပြီးခဲ့တဲ့လ (၁၅) ရက်ကနေ ဒီလ (၁၄) ရက်နေ့အထိ သက်တမ်းတလ ဖွင့်ပေးတဲ့အချိန်မှာ လူဦးရေ ခန့်မှန်းချေ ငါးသိန်း နီးပါးလောက် အလုပ်သမား မှတ်ပုံလာတင်သွားပြီ။ အဲဒီတော့ ပထမရှိပြီးသာ တသန်းနဲ့ သုံးသိန်း - လာအို၊ ကမ္ဘောဒီယား၊ ဗမာ - နိုင်ငံသားစီစစ်တဲ့ကိစ္စ၊ ပတ်စ်ပို့စ်တွေလည်း လုပ်နေကြပြီ။ work-permit တွေလည်း ရှိတယ်ပေါ့။ ခန့်မှန်ချေ တသန်းနဲ့ ခုနှစ်သိန်း၊ ရှစ်သိန်းတို့ ရှိနေပြီ။ လောလောဆယ်ရှိနေတာ။ ဒါက တရားဝင်ပေါ့။

ဦးသန်းလွင်ထွန်း ။ ။ အထူးသဖြင့် ဗမာပြည်က ရွှေ့ ပြောင်းအလုပ်သမားတွေ မှတ်ပုံတင်ရေးကိစ္စကရော လွယ်လွယ်ကူကူ ရှိရဲလား။

ဦးမြင့်ဝေ ။ ။ လွယ်လွယ်ကူကူတော့ရှိတယ်။ အစိုးရက အလုပ်သမားလက်မှတ်လုပ်ဖို့ ချပေးတဲ့ကိစ္စက လွယ်လွယ်ကူကူရှိတယ်။ ဒါပေမဲ့ ပြဿနာက အလုပ်သမားလုပ်တဲ့အချိန်မှာ အလုပ်ရှင်ရှိရတယ်။ အလုပ်ရှင်က စက်ရုံကြီးတွေနဲ့ အလုပ်ရုံကြီးတွေပဲဖြစ်ဖြစ် အလုပ်ရှင်က အလုပ်သမားတယောက်ကို တရားဝင်ခန့်ဖို့အတွက်ကို သွားပြီးဆောင်ရွက်ရတာကလည်း သိပ်ပြီးတော့ ယိုးဒယားတွေပြောသလိုဆိုရင် ယိုးဒယားတယောက် အမေရိကသွားလိုက်တာက ဗမာအလုပ်သမားတယောက် အိမ်မှာခန့်ဖို့က ပိုလွယ်တယ်။ အချိန်အခါ အဲဒီလောက် မကုန်ဘူးတဲ့။ အဲဒီလို ဖြစ်နေတယ်။ အခု အလုပ်ရှင်တွေက သူတို့ကိုယ်စားလှယ်လွှဲတဲ့ တယောက်ကို ငှားပြီးတော့ လွှတ်တာရှိတယ်။ နောက်တခါ မြန်မာပွဲစားတွေကလည်း အရမ်းလွန်ကဲတယ်။ မြန်မာအလုပ်သမားတွေက အလုပ်ရှင်တွေနဲ့ မှတ်ပုံတင်ရဖို့ကို ကြားကပွဲစားတွေက လိုနေတယ်။ ဘာကြောင့်လည်းဆိုရင် စကားတို့၊ စာတို့၊ လုပ်ထုံလုပ်နည်းတွေ မသိဘူး။ မသွားတက်၊ မလာတက်ဘူး။ အဲဒီတော့ အဲဒါကို ကြားထဲက ဗမာပွဲစားတွေ ဆောင်ရွက်မှုနဲ့ဆိုတော့ အစိုးရက သုံးထောင်ရှစ်ရာ ကုန်ကျပြီးတော့ မြန်ဆန်တဲ့ တနေ့ချင်း one stop service လုပ်ပြီးတော့ အလုပ်သမားတွေ လက်ထဲကို original အလုပ်သမားကဒ်ပြားကို ထည့်ပြီးတော့ အလုပ်ရှင်က သိမ်းထားလို့ မရအောင်ဆိုတဲ့ ရည်ရွယ်ချက်ကို သူက စီစဉ်ပေးသော်လည်း အခုန ကြားပွဲစားတွေနဲ့၊ အစိုးရပေါ်လစီအရ နည်းနည်း အလုပ်ရှင်ဘက်မှာ အလုပ်သမားကို ထိန်းချုပ်စေချင်တဲ့ ဘက်ကများတဲ့အခါကြတော့ အလုပ်သမားတချို့ က သုံးထောင်ရှစ်ရာလို့ ပြောသော်ငြားလည်း တချို့ ဆိုရင် ခြောက်ထောင်၊ ခုနှစ်ထောင် ကုန်ရတယ်။

ဦးသန်းလွင်ထွန်း ။ ။ မြန်မာအလုပ်သမားတွေအနေနဲ့ ဘယ်လိုကဏ္ဍတွေမှာ အလုပ်များလဲ။ အထူးသဖြင့် အဲဒီလုပ်ငန်းတွေမှာ ဒေသခံထိုင်းတွေက မလုပ်ကြဘူးလား။ လုပ်ခလစာအနေနဲ့ ဘယ်လောက်ကွာခြားမှုတွေ ရှိနေသလဲ။

ဦးမြင့်ဝေ ။ ။ ဘန်ကောက်မြို့ ကြီးအနေနဲ့တော့ မြို့ တော်ကြီးတွေမှာတော့ သိပ်မကွာခြားဘူး။ တချို့ လုပ်ငန်းဆိုရင် ဗမာအလုပ်သမားတွေရဲ့  လစာက ထိုင်းနဲ့ ယှဉ်မယ်ဆိုရင် ကျွမ်းကျင်မှု - ဥပမာ ဆောက်လုပ်ရေးလုပ်ငန်းမှာဆိုရင် ကျွမ်းကျင်တဲ့ မြန်မာပြည်သား ဗမာ၊ မွန်တို့၊ ကရင်တို့က ထိုင်းထက်တောင် လစာများတယ်။ သူတို့က ဖိုမင် အသေးစားတွေတောင်ရှိတယ်။ ဒါပေမဲ့ နယ်တွေမှာတော့ နယ်က ထိုင်းအလုပ်ကိုယ်တိုင် လစာနည်းတော့ ဘုရားသုံးဆူ၊ ကမ်ချနာဘူရီး ဧရီယာဆိုရင် ဆန္ဒပြပြီးတော့ တနေ့ လုပ်အားခ ရှစ်ဆယ်ပဲ ရတာတွေ ဖြစ်နေတယ်။ မဲဆော့လည်း ဒီအတိုင်းပဲ။ လုပ်အားခအနေနဲ့ကတော့ မြို့ ကြီးတွေမှာ လုပ်နေတဲ့ အလုပ်သမားတွေရဲ့  ဝင်ငွေအနေနဲ့ ပြန်တွက်မယ်ဆိုရင် ထိုင်းအလုပ်သမားနဲ့ သိပ်မကွာဘူး။ တချို့ စက်ရုံကြီးတွေမှာဆိုရင် တကယ်ကို တန်းတူရတယ်။ နိုင်ငံခြားကို အားကစားပစ္စည်းချုပ်ပြီး ပို့တဲ့စက်ရုံမျိုး။ နိုင်ငံခြားကို ပို့တဲ့စက်မှုလုပ်ငန်းမျိုးတွေမှာ လုပ်ရတယ်၊ စက်ရုံကြီးတွေမှာ လုပ်ရတဲ့ ဗမာပြည်သားအလုပ်သမားတချို့ က ထိုင်းအလုပ်သမားသမဂ္ဂ အဖွဲ့ဝင်တွေတောင် ဖြစ်နေတာတောင်ရှိတယ်။ ပြီးတော့ ထိုင်းအလုပ်သမားသမဂ္ဂတွေက သူတို့နဲ့အတူတူ ပူးပေါင်းပြီးတော့ ကာကွယ်တာတွေလည်းရှိတယ်။ Level တခုမှာ လူဦးရေသိပ်မများလှတဲ့အဆင့်က ဝင်ငွေကောင်းတဲ့အဆင့်မှာ ရှိနေတယ်။ ဒါပေမဲ့ အများစုက အများအားဖြင့် စက်ပျိုးရေး၊ ဆောက်လုပ်ရေးလုပ်ငန်း။ နောက်တခါ လုပ်ငန်းအသေးစားတွေ စားသောက်ဆိုင်တို့၊ အိမ်တွင်းပစ္စည်းထုတ်လုပ်တဲ့ကိစ္စတို့၊ အထည်ချုပ်တဲ့လုပ်ငန်းတို့ - အသေးစားမိသားစု စက်ကလေး လေးငါးဆယ်လုံးနဲ့ ချုပ်တဲ့လူမျိုးတွေမှာတော့ လုပ်အားခနည်းတယ်။ နောက်တခါ အဲဒီလို လူမျိုးတွေကလည်း ဗမာအလုပ်သမား ငှားကြတယ်။

ဦးသန်းလွင်ထွန်း ။ ။ အခုတော့ ဒီအလုပ်သမားတွေက ထိုင်းနိုင်ငံထဲမှာရတဲ့ ဝင်ငွေတွေကို မြန်မာပြည်မှာရှိတဲ့ သူတို့ရဲ့  အိမ်ကို ပြန်ပို့ဖို့ အရေးကိစ္စမှာ ဘယ်လိုအခြေအနေတွေ ရှိပါသလဲ။

ဦးမြင့်ဝေ ။ ။ အဲဒါကတော့ အခုက ငွေကြေးမှာ မြန်မာပြည်က မြှင့်တက်သွားတဲ့ကိစ္စနဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့ တလောမှာတော့ အလုပ်သမားတွေ ညီးညူးကြတယ်။ နောက်တခါ ငွေကြေးကို တရားဝင် အခုအချိန်အထိ - အခုမှာတော့ တရားမဝင် ငွေလွှဲနေတဲ့လူတွေနဲ့ပဲ သုံးနေရတုန်းပဲ။ ထိုင်းနိုင်ငံထဲမှာတော့ ဘဏ်စနစ်နဲ့ ဘဏ်စာရင်းတွေပါတွေ ဖွင့်ခွင့်ရပြီးတော့ တချို့ ဘဏ်တွေဆိုရင် ဗမာလို အေတီအမ်စက်က ကွန်ပြူတာမှာ ဗမာလို ဖတ်လို့ရအောင်ပါ စီစဉ်ပေးတဲ့ ဘဏ်တွေဘာတွေ ရှိနေပြီ။ သို့သော် မြန်မာပြည်ထဲကို ယိုးဒယားကနေ လုံလုံခြုံခြုံ လုပ်အားခ စုထားတဲ့ငွေကို တရားငွေအနေနဲ့ လွှဲဖို့အဆင့်တော့ မရောက်လာသေးဘူး။ ထိုင်းဘဏ်နှစ်ခုကတော့ ဗမာပြည်မှာသွားပြီး ဘဏ်ခွဲဖွင့်ဖို့တော့ ကြိုးစားနေတယ်။ သို့သော် ဗမာအစိုးရဘက်က ဘယ်လောက် international marketing ငွေကြေးတန်းဖိုး exchange နဲ့ လှဲပေးမှာလား။ သူတို့ဘဏ်က သူတို့ ဗမာပြည်သားတွေ ဗမာပြည်တွင်းမှာ ထိုင်းငွေနဲ့ ထုတ်ပေးလို့ရမှာလား ဘယ်လိုလုပ်မလဲဆိုတာတော့ မသိသေးဘူး။

VOA သတင်းဌာနမှ ကူးယူဖော်ပြပါသည်။

ရနောင်းမှာ ရောင်းစားခံရတဲ့ လိင်ဖျော်ဖြေရေးလုပ်သားများ

ယာယီ နိုင်ငံကူး လက်မှတ်သစ်များ ၆ နှစ်အထိ သက်တမ်းတိုးပေး

ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်မည့် မြန်မာ ရွှေ့ပြောင်း အလုပ်သမားများ အတွက် ဇူလိုင်လ ၁ ရက်နေ့မှစ၍ ယာယီ နိုင်ငံကူး လက်မှတ်အသစ် လျှောက်ထားသူများကို သက်တမ်း ၆ နှစ်အထိ စတင်ပေးနေပြီဖြစ်ကြောင်း သိရသည်။

temporary-passport-issue-office

ထိုင်းနိုင်ငံ ရနောင်းမြို့တွင် ဖွင့်လှစ်ထားသော ယာယီနိုင်ငံကူးလက်မှတ်ရုံး ဆိုင်းဘုတ် (ဓာတ်ပုံ - ဧရာဝတီ)

ထိုင်း-မြန်မာ နယ်စပ်ရှိ တာချီလိတ်၊ ကော့သောင်းနှင့် မြဝတီတို့ရှိ ရုံးများတွင် ထိုင်းနိုင်ငံ၌ စိစစ်ထုတ်ပေးနေကြောင်း ယာယီ နိုင်ငံကူးလက်မှတ် သွားရောက်ပြုလုပ်သူများက ပြောသည်။

ရနောင်းမြို့မှ ယာယီ နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူ ကိုကျော်ဇေယျက “အရင် ပတ်စပို့တွေကတော့ ပြီးခဲ့တဲ့ လကုန်အထိ ၃ နှစ်ပဲ ရခဲ့တယ်။ အခု ပတ်စပို့ လုပ်ချင်တဲ့သူတွေက ပွဲစားတွေနဲ့ ချိတ်လုပ်ရတယ်” ဟု ပြောသည်။

ယာယီ နိုင်ငံကူးလက်မှတ်များကို ဘန်ကောက်ရှိ မြန်မာသံရုံးတွင်လည်း ပြုလုပ်ပေးနေကြောင်း၊ သို့သော် ယာယီ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးမှုများကို ပွဲစားများမှတဆင့် ဈေးပိုပေးရကြောင်း သိရသည်။

ကိုကျော်ဇေယျက “အရင်ကဆို ၂ နှစ် သက်တမ်းတိုးဖို့ ဘတ် ၅၀၀ (ကျပ် ၁၃၀၀၀ ခန့်) ပေးရတယ်။ အခုဆို ဘတ် ၁၉၀၀ (၄၉၄၀၀ ကျပ်ခန့်) အထိ ပေးရတယ်” ဟု ပြောသည်။ ထိုသို့ ပေးပြီးလုပ်ကြသည်မှာ သက်တမ်းတိုးရန် နယ်စပ်သို့ ပြန်သွားရခြင်း၊ ထိုင်းဘက် ပြန်ဝင်ရခြင်း စသည်တို့ကို မလုပ်လိုသောကြောင့် ဖြစ်ကြောင်း သိရှိရသည်။

ထိုင်းနိုင်ငံတွင် အလုပ်လုပ်ခွင့်သက်တမ်း ၄ နှစ်ပေးထားသော်လည်း ယာယီ နိုင်ငံကူးလက်မှတ်က ၃ နှစ်သက်တမ်းသာ ရှိသဖြင့် အခက်အခဲများရှိကြောင်း၊ ထို့ကြောင့် ထိုင်းအစိုးရနှင့် ညှိနှိုင်း၍ ၆ နှစ်အထိ သက်တမ်းတိုးပေးခြင်းဖြစ်ကြောင်း ပြည်ပလုပ်သားရေးရာနှင့် လူကုန်ကူးမှုဆိုင်ရာ သုတေသီ စာရေးဆရာ ၀င်းနိုင်ထွန်းကို ကိုးကား၍ Eleven Media Group က သတင်းတွင် ဖော်ပြထားသည်။

ယာယီ နိုင်ငံကူးလက်မှတ် သက်တမ်းများ တိုးမြှင့်ပေးခြင်းနှင့် အတူ ပွဲစားများကလည်း မြန်မာအလုပ်သမားများထံမှ ငွေပိုတောင်းပြီး အမြတ်ထုတ်မှုများ များပြားလာမည်ဟု ထိုင်းနိုင်ငံ အခြေစိုက် လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းမှ အတိုင်ပင်ခံ အန်ဒီ ဟောလ်က ပြောသည်။

မြန်မာသံရုံးက ပွဲစားများဆောင်ရွက်ခြင်းကို လက်ခံပေးခြင်းများရှိပြီး ယာယီ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေး စိစစ်မှုတွင် လာဘ်ပေးလာဘ်ယူမှုများ ရှိနေသည်ဟုလည်း အန်ဒီ ဟောလ်က ထောက်ပြသည်။

၂၀၀၉ ခုနှစ် ဇူလိုင်လအတွင်း ယာယီ နိုင်ငံကူး လက်မှတ်များကို ထိုင်း-မြန်မာ နယ်စပ် ဒေသများ၌ ရုံးများ ဖွင့်လှစ်၍ ထုတ်ပေးခဲ့ပြီး မြန်မာရွှေ့ပြောင်း အလုပ်သမား ၅ သိန်းခန့် ယာယီ နိုင်ငံကူးလက်မှတ်များ ပြုလုပ်ပြီး ဖြစ်သည်ဟု သိရသည်။

ထိုင်းနိုင်ငံအနှံ့တွင် မြန်မာပြည်သား စုစုပေါင်း ၂ သန်းမှ ၄ သန်း အထိရှိသည်ဟု အလုပ်သမားအဖွဲ့များက ခန့်မှန်း ထားကြသည်။

ဧရာဝတီသတင်းဌာနမှ ကူးယူဖော်ပြပါသည်။

သေဆုံးသူ အလုပ်သမားအတွက် လျော်ကြေးရလိုမှု

မလေးရှားနိုင်ငံမှာ တရားဝင် အလုပ်လုပ်နေတဲ့ မြန်မာ အလုပ်သမား တဦး တာဝန် ထမ်းဆောင်စဉ်မှာ မတော်တဆ ဖြစ်မှုကြောင့် ကွယ်လွန်ခဲ့ပြီးနောက် နှစ်နှစ်ကျော် ကြာမြင့်တဲ့ အထိ နစ်နာကြေး မရရှိတဲ့ အတွက် အိုင်အယ်လ်အို အပြည်ပြည် ဆိုင်ရာ အလုပ်သမား အဖွဲ့ ချုပ်ကို တိုင်ကြားလိုက်တယ်လို့ သတင်းရရှိပါတယ်။

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ နိုင်ငံခြား အလုပ်သမားများ နေထိုင်ရာ အဆောင်တခု ဖြစ်ပါသည်။ (Photo: AFP)

မွန်ပြည်နယ် သိမ်ဆိပ်တိုက်နယ် မရမ်းကုန်း ကျေးရွာနေ ဦးစံသွင်ရဲ့ သားဖြစ်သူ မောင်ဝင်းမျိုးလတ် ဟာ မလေးရှား နိုင်ငံမှာ မြန်မာနိုင်ငံကူး လက်မှတ် ကိုင်ဆောင်ပြီး ကွာလါလမ်ပူမြို့  Putra Perdana ဆောက်လုပ်ရေး လုပ်ငန်းအောက်ရှိ Hong Lee အလူမီနီယမ် မှန်ဘောင် တပ်ဆင်ရေး လုပ်ငန်းမှာ လုပ်ကိုင်နေစဉ် ၂၀၀၉ ခုနှစ် ဧပြီလ ၁၄ ရက် မှာ ကွယ်လွန်ခဲ့တာပါ။ အလုပ်ချိန်မှာ ဖြစ်ပွါးခဲ့တဲ့ မတော်တဆမှုကြောင့် ဒဏ်ရာရပြီး ဆေးရုံမှာ သေဆုံးခဲ့တာ ဖြစ်ကြောင်း၊ မလေးရှားရှိ မြန်မာ သံရုံးက ဆောင်ရွက်ပေးမယ် ဆိုပေမဲ့ အခု ၃ နှစ်နီးပါးရောက်လာချိန် အထိ ဘာမှ မရရှိကြောင်း ဖခင်ဖြစ်သူ ဦးစံသွင်က ပြောပြပါတယ်။ မလေးရှားနိုင်ငံရှိ မြန်မာ သံရုံးက လိုအပ်သလို ဆက်လက် ဆောင်ရွက်နိုင်ဖို့ အတွက် နိုင်ငံခြားရေး ဝန်ကြီးဌာနက တဆင့် ကိုယ်စားလှယ်လွှဲစာကို တောင်းခံလာလို့  ၂၀၁၀ ခုနှစ် ဇန်နဝါရီလ ၂၇ ၇က်နေ့တွင် နိုတြီ ပတ်ဗလစ် ပြုလုပ်ပြီး နေပြည်တော်မှာ သွားရောက် ပေးအပ်ခဲ့ပြီးပြီ လို့လည်း သိရပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး အိုင်အယ်လ်အို ကို အကူအညီ တောင်းခံခဲ့ပြီး၊ အလုပ်သမား ဝန်ကြီးဌာန ကိုလည်း မိတ္တူ ပေးပို့ခဲ့တဲ့ အတွက် ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်း ဖခင်ဖြစ်သူ ဦးစံသွင်ကို မွန်ုပြည်နယ် အလုပ်သမား ညွှန်ကြားမှု ဦးစီးဌာနက ခေါ်ယူ တွေ့ဆုံခဲ့သလို ဆောင်ရွက်ပေးမှာ ဖြစ်တဲ့အကြောင်း ပြောဆိုခဲ့တယ်လို့ ဦးစံသွင်က ပြောပြပါတယ်။ မောင်ဝင်းမျိုးလတ် အလုပ်လုပ်ကိုင်ရာ လုပ်ငန်းခွင် ပိုင်ရှင် Putra Perdana ဆောက်လုပ်ရေးကို RFA က ဆက်သွယ် မေးမြန်းရာမှာတော့ တိတိကျကျ ပြန်ကြားခြင်း မရှိပဲ လုပ်ငန်းခွင်မှာ သေဆုံးသူ အလုပ်သမားများ စာရင်းမှာ မောင်ဝင်းမျိုးလတ် နံမည်ကို မတွေ့ ရှိရဘူးလို့ သာ အီးမေးက တဆင့် ဖြေကြားပါတယ်။