မင်္ဂလာပါ ... ကြွရောက်လာကြသော မိတ်သင်္ဂဟအပေါင်းတို့ကို "မြန်မာအလုပ်သမားများကွန်ယက်" ဆိုဒ်မှ နွေးထွေးစွာဖြင့် ကြိုဆိုပါတယ်ခင်ဗျာ....

ယာယီ နိုင်ငံကူးလက်မှတ်ထုတ် ရုံးများ ထိုင်းက တိုးဖွင့်မည်

အောင်မြတ်စိုး

ဘန်ကောက် (မဇ္ဈိမ)။ ။ မြန်မာရွှေ့ပြောင်း အလုပ်သမားများအတွက် ပြုလုပ်ပေးနေသော ယာယီနိုင်ငံကူး လက်မှတ် ထုတ်ပေးရေးရုံးများကို ထိုင်းနယ်မြေအတွင်း ပိုမိုတိုးချဲ့ ဖွင့်လှစ်ပေးသွားမည် ဖြစ်ကြောင်း ထိုင်းဘာသာဖြင့် ရေးသားသော နေးရှင်းချန်နယ် သတင်းဝဘ်ဆိုဒ်တွင် ရေးသားထားသည်။

လွန်ခဲ့သည့် သီတင်းပတ်အတွင်း ထိုင်းအလုပ်သမားဝန်ကြီး ချလန်ချိုင်း စီရီအွန် Chalermchai Sri-on နှင့် မြန်မာနိုင်ငံ ဒုနိုင်ငံခြားရေးဝန်ကြီး ဦးမောင်မြင့်နှင့် တွေ့ဆုံမှုအပြီး ပေါ်ထွက်လာသော ရလဒ်လည်း ဖြစ်သည်။

“မူလရှိနှင့်ပြီးသားဖြစ်တဲ့ ရနောင်းမြို့က ရုံးအပြင် မြန်မာနိုင်ငံ တာချီလိတ်မြို့နဲ့ ကပ်ရပ်၊ ထိုင်းနိုင်ငံမြောက်ပိုင်း မယ်ဆိုင်မြို့မှာပါ လာရောက် ဖွင့်လှစ်ပေးသွားမယ်” ဟု ဝန်ကြီး ခွန်ချလန်ချိုင်း စီရီအွန် ပြောစကားကို ကိုးကားပြီး ဘန်ကောက်အခြေစိုက် နေးရှင်းချန်နယ် သတင်းစာက ရေးသားထားသည်။

ထို့ပြင် ယခုထိ ပြန်ဖွင့်နိုင်ခြင်း မရှိသေးသော မြဝတီမြို့ယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးအစား ထိုင်းနိုင်ငံ နခွန်ဆဝမ်ခရိုင်တွင် ရုံးတခု လာဖွင့်ပေးမှာဖြစ်သည်ဟုလည်း ဆိုသည်။

“ဒီကိစ္စ အစောကြီးကတည်းက ဖြစ်ဖို့၊ ကျနော်တို့ တောင်းဆိုနေခဲ့တာပါ။ အခုလို ဖြစ်လာမယ်ဆိုရင် ကြိုဆိုပါတယ်။ ဒါ့အပြင် ဒီလုပ်ငန်းစဉ်မှာ ပွဲစားကုမ္ပဏီတွေက အလုပ်သမားတွေဆီက ငွေကောက်ခံတာကို အသင့်တော်ဆုံး ဖြစ်အောင် နှစ်နိုင်ငံ အစိုးရတွေက ပူးပေါင်းပြီး လုပ်ဆောင်စေလိုပါတယ်။ အခုဟာက များလွန်းတယ်။ အထူးသဖြင့် ထိုင်းအလုပ်သမား ဝန်ကြီးဌာနက ထဲထဲဝင်ဝင် ကြီးကြပ်ပေးနိုင်ရင် ပိုကောင်းမှာပါ” ဟု မြန်မာ့အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသည့် ရောင်ခြည်ဦး အလုပ်သမား သမဂ္ဂ တာဝန်ခံ ဦးမိုးဆွေက မဇ္ဈိမကို ပြောဆိုသည်။

ယာယီနိုင်ငံကူးလက်မှတ် ပြုလုပ်ရေး အစီအစဉ်အရ အလုပ်သမားများ လုပ်ဆောင်ရာတွင် အမှန်တကယ် ကျသင့်သည်တို့မှာ မြန်မာနိုင်ငံကူးလက်မှတ်နှင့် အလုပ်သမားကဒ်အတွက် ဘတ်ငွေ ၂ဝဝ၊ ထိုင်းဗီဇာကြေး ၁၉ဝဝ ဘတ် တရားဝင် ကုန်ကျမည်။

သို့သော် ထိုင်းနိုင်ငံဘက်ခြမ်း ဝန်ဆောင်ခ၊ မြန်မာဘက်ကမ်း ဝန်ဆောင်ခနှင့် အသွားအပြန် ခရီးစရိတ်တို့ကိုပါ ပွဲစား ကုမ္ပဏီများက ဆင့်ကဲဆင့်ကဲ ထည့်တွက်ကောက်ခံနေသဖြင့် အလုပ်သမားတဦးလျှင် အနည်းဆုံး ဘတ် ၅၅ဝဝ ခန့် ကုန်ကျနေရသည်။ အချို့အလုပ်သမားများဆိုလျှင် ဘတ်ငွေ တသောင်းနီးပါး ကုန်ကျမှုများပင် ရှိသည်။

ထိုင်းအလုပ်သမားဝန်ကြီးသည် ယခုလ ၂၂ ရက်နေ့မှစ၍ သုံးရက်ကြာ မြန်မာပြည်ကို လည်ပတ်ခဲ့ပြီး မြန်မာ ဒုနိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

“မြန်မာနိုင်ငံသားများအား နိုင်ငံသားစိစစ်ရေး လုပ်ငန်းစဉ်ကိစ္စ္စ၊ ရသင့်ရထိုက်သည့် အခွင့်အရေးများ၊ လုံခြုံမှုရှိကာ ဖိနှိပ်မှု ခေါင်းပုံဖြတ်မှုများ ကင်းရှင်းပြီး လုပ်ငန်းခွင်တွင် ပျော်ရွှင်မှုရှိရေးတို့အပြင် အလုပ်သမားသစ် ခေါ်ယူရေး ကိစ္စ္စများ” ဆွေးနွေးခဲ့သည်ဟု အစိုးရအာဘော် မြန်မာ့အလင်းသတင်းစာတွင် ပါရှိသည်။

မြန်မာရွှေ့ပြောင်း အလုပ်သမား အရေအတွက်ကို မြန်မာဘက်က သိလိုနေသည်ဟု ထိုင်းအလုပ်သမား ဝန်ကြီးဌာန သတင်းရပ်ကွက်တခုက ပြောသည်။

ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ ၂၆ ရက်နေ့ထုတ် IOM ခေါ် ရွှေ့ပြောင်းလုပ်သားများအတွက် နိုင်ငံတကာ အဖွဲ့ကြီး၏ ကြေညာချက်အရ ထိုင်းရှိတရားဝင် မြန်မာရွှေ့ပြောင်းလုပ်သား ၈ သိန်းကျော်အနက်မှ စက်တင်ဘာ ၃ဝ ရက်နေ့အထိ ယာယီနိုင်ငံကူးလက်မှတ် ပြုလုပ်ပြီးစီးသူ မြန်မာရွှေ့ပြောင်းလုပ်သား ၁၈၈,၃၂၃ ဦးသာ ရှိသေးသည်ဟု ဆိုသည်။

အလုပ်သမားအရေး လုပ်ဆောင်နေသော အဖွဲ့များ၏ ခန့်မှန်းချက်အရ မြန်မာရွှေ့ပြောင်းလုပ်သား ၂ သန်းခန့် လုပ်ကိုင်နေသည်ဟု ဆိုသည်။

နှစ်နိုင်ငံအစိုးရများမှ မြန်မာနိုင်ငံသားများကို နိုင်ငံသားစိစစ်ရေး ပြုလုပ်ပြီး ယာယီနိုင်ငံကူး လက်မှတ်ဖြင့်သာ လုပ်ကိုင်ခွင့် ပြုမည့် အစီအစဉ်ကို ၂ဝ၁၂ ခုနှစ် ဖေဖော်ဝါရီလကုန်တွင် အပြီးသတ်ရန် ရည်မှန်းထားကြသည်ဟု IOM က ဆိုသည်။

မဇ္ဈိမ ၀က်ဆိုက် မှ ကူးယူဖော်ပြပါသည်၊

မြန်မာအလုပ်သမား ၉၆ ဦး ပါမစ်တုမိ

ကျော်သောင်း

ချင်းမိုင် (မဇ္ဈိမ) ။ ။ ဘန်ကောက်မြို့ တောင်ဘက် မဟာချိုင်မြို့ အထည်တံဆိပ် ချုပ်လုပ်သည့်စက်ရုံမှ မြန်မာအလုပ်သမား ၉၆ ဦး အလုပ်လုပ်ခွင့် ပါမစ်အတွက် ပေးထားသည့် ငွေများ အလုပ်ရုံ စာရေးက လိမ်သွားကြောင်း မြန်မာလုပ်သား ခေါင်းဆောင်များက ပြောဆိုကြသည်။

မဟာချိုင်မြို့၊ ဖလန်ဆောင်လမ်းမကြီး၊ မိုန်းမိုင်ဈေးကြီးအနီး SAN SON ၉ဝဝ လမ်းသွယ်ရှိ Dc Embroidery Co,Ltd နှင့် Ptk Polypack Co,Ltd ဟု အမည် ၂ ခု ထိုးထားသော အဝတ်အထည်တံဆိပ် ထုတ်လုပ်သည့် အလုပ်ရုံမှ ထိုင်းအမျိုးသမီးစာရေးမ ချာလဒါက ငွေလိမ်သွားသည်ဟု ဆိုသည်။

လုပ်ငန်းရှင်က အလုပ်သမားများ၏ အလုပ်လုပ်ကိုင်ခွင့် workpermitcardလက်မှတ်နှင့် စာရွက်စာတမ်းကိစ္စ၊ အလုပ်သမားများ အဝင်အထွက်နှင့် လိုအပ်သည့်အလုပ်သမား ရှာဖွေခြင်းလုပ်ငန်းတို့ကို စာရေးအမျိုးသမီးကို မျက်နှာလွှဲ လုပ်ကိုင်ခဲ့ရာမှ သူက မြန်မာအလုပ်သမား ၉၆ ဦးထံမှ ၂ နှစ်စာ အလုပ်လုပ်ခွင့် ပါမစ်ကြေးအဖြစ် တဦးလျှင် ၃၇ဝဝ ဘတ် (စုစုပေါင်း ၃၅၅,၂ဝဝ ဘတ်) ကောက်ယူကာ စာရွက်စာတမ်း အတုများပေးပြီး ထွက်ပြေးခြင်း ဖြစ်သည်။

လိမ်လည်မှုနှင့် ပတ်သတ်၍ အလုပ်သမားများက အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးသည့် ဘန်ကောက် အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ အဖွဲ့ (Burmese Association In Thailand-B.A.T) သို့ အကူအညီ တောင်းခံခဲ့သည်။

“အပြင်သွားတော့ ပုလိပ်က စစ်ပြီး Work Permit လျှောက်ထားတဲ့ စာရွက်တွေ အတု တွေလို့ပြောတယ်။ ကျနော်တို့ မယုံလို့ လဝကရုံးကိုသွားပြတော့ တကယ် အတု ဖြစ်နေတယ်။ ကျနော်တို့လည်း ကြံရာမရဖြစ်နေလို့ B.A.T ကို ဆက်သွယ် အကူအညီ တောင်းထားတယ်” ဟု အလုပ်သမားခေါင်းဆောင် ကိုစိုင်းဆိုင်က မဇ္ဈိမကို ပြောသည်။

B.A.T မှ အမျိုးသမီးရေးရာ ဌာနမှူး ဒေါ်သက်သက်ဦး နှင့် အလုပ်သမားခေါင်းဆောင် ၃ ဦးတို့ ပြီးခဲ့သည့် ဇန်နဝါရီလ ၂ဝ ရက်က ဘန်ကောက်မြို့ရှိ မြန်မာသံရုံးသို့ စာရွက် စာတမ်းအတုများနှင့်တကွ အဖြစ်အပျက်များကို သွားရောက် တင်ပြခဲ့ကြသည်။

ဘန်ကောက်မြန်မာသံရုံး ပထမအတွင်းဝန် ဦးနိုင်ထွန်းက တင်ပြချက်ကို လက်ခံ၍ ဖြစ်ရပ်ကို အလုပ်သမား ဝန်ကြီးဌာနသို့ တင်ပြပေးမည် ဖြစ်ပြီး ဌာနဆိုင်ရာ တင်ပြချက် မိတ္တူကို B.A.T သို့ ပြန်ပို့ပေးမည်ဟု တုံ့ပြန်ကြောင်း အလုပ်သမားများက ပြောသည်။

workpermitcard1ယမန်နေ့က B.A.T နှင့် အလုပ်သမားအချို့က မဟာချိုင်မြို့ အစိုးရ အလုပ်အကိုင်ရှာဖွေရေးရုံး (ကျဟာငန်း)သို့  သွားရောက်တင်ပြရာ ရုံးအရာရှိတဦးက လုပ်ငန်းရှင်သူဌေး ထံသို့ ဖုန်းဆက်ပြီး တိုက်ရိုက် မေးမြန်းစုံစမ်းခဲ့သည်။ လုပ်ငန်းရှင်သူဌေးက စာရေးမထံက ဘတ်ငွေ ၅ဝဝဝဝ နုတ်ယူထားလိုက်ပြီ ဖြစ်ကြောင်း အရာရှိကို ပြန်လည်ပြောဆိုပြီး အသစ်ပြန်လည်လုပ်ပေးရန် ကတိပြုခဲ့သည်ဟု အလုပ်သမားများက ပြောသည်။

သို့သော် လက်ရှိတွင် အလုပ်သမားများအနေဖြင့် တရားဝင် ဆက်လက်လုပ်ကိုင်ခွင့် အရေးကြီးနေသဖြင့် မိမိတို့ ကိုယ်ပိုင်ငွေဖြင့် အလုပ်လုပ်ခွင့်ပါမစ် ထပ်မံလျှောက်ထားရမည်ဟု B.A.T မှ ဒေါ်သက်သက်ဦးက မဇ္ဈိမကို ပြောသည်။

“အလုပ်သမားတွေ ဆုံးရှုံးတဲ့ငွေကတော့ နောက်မှ တရားစွဲသင့် စွဲရမှာပေါ့ နော်။ လောလောဆယ်က ငွေထပ်စိုက်ပြီး Work Permit ပြန်လုပ်ရမှာပါ။ မလုပ်ရင် အလုပ်လုပ်ဖို့ တရားမဝင် ဖြစ်သွားမယ်။ တရားစွဲဖို့ကလည်း နေထိုင် အလုပ်လုပ်ကိုင်ခွင့် အပြည့်အစုံရှိဖို့ လိုပါတယ်”ဟု သူမက ရှင်းပြသည်။

ယခုကိစ္စ ဖြစ်ပွားသည့် စက်ရုံတွင် မြန်မာအလုပ်သမား ၂ဝဝ ဝန်းကျင်ခန့် ရှိသည်။ အလိမ်ခံရသည့် အလုပ်သမား ၉၆ ဦးအနက် အများစုမှာ ရှမ်းတိုင်းရင်းသားများ ဖြစ်ကြသည်။

ထိုင်းနိုင်ငံတွင် မြန်မာ ရွှေ့ပြောင်းအလုပ်သမား စုစုပေါင်း ၂ သန်းထက်မနည်း ရှိကြောင်း နိုင်ငံတကာ အဖွဲ့အစည်းများက သုံးသပ်ထားသည်။

ထိုင်း-မြန်မာနယ်စပ် စခန်း ၃ ခုတွင် ၂ဝဝ၉ နှစ်မှ ၂ဝ၁ဝ ခုနှစ် အကုန်အထိ နှစ်နိုင်ငံ အစိုးရ သဘောတူညီချက်ဖြင့် ထုတ်ပေးခဲ့သည့် ယာယီ ပတ်စပို့ စာအုပ်ပေါင်း ၃ သိန်းခန့် ရှိကြောင်း ဘန်ကောက်အခြေစိုက် ပတ်စပို့ကုမ္ပဏီများ၏ စာရင်းဇယားများအရ သိရသည်။

မဇ္ဈိမ သတင်းဌာန မှ ကူးယူဖော်ပြပါသည်၊

တော်လှန်ရေး စစ်သား


တောတောင်အသွယ်သွယ်

ဖြတ်ကျော်ခဲ့တယ်

စားရတစ်လှည့် ငတ်တစ်လှည့်နဲ့

ကျရာကြုံရာ နားလို့

ရရာနေရာမှာ အိပ်လည်းပဲ

တော်လှန်ရေးစစ်သားဘ၀မှာ

ကျောချရာ မြေပြင်သာ

အကောင်းဆုံးအိပ်ရာခင်း


ရန်သူနဲ့ဆုံ တိုက်ပွဲဇုံမှာ

သင်တို့က အာဏာအတွက်တိုက်ကြတယ်

ငါတို့က

တိုင်းပြည်နဲ့ လူမျိုးအတွက်တိုက်ရတယ်


.. စစ်အာဏာရှင်ရဲ

ဟောင်းနွမ်းပြီး ညစ်ပတ်စုတ်ပြတ်နေတဲ့

စနစ်ဟောင်းအဆောက်အအုံကီးကို

ဖြိုချပစ်ဖို့ ငါတို့မှာခွန်အားတွေရှိတယ်

ငါတို့ရဲ့ အသက်နဲ့သွေးတွေကို

ပေးဆပ်ဖို့အတွက်

ဘယ်တော့မှ နောင်တမရဘူး


အဖေနဲ့ အမေ၊ အစ်ကိုနဲ့ အမ

ညီနဲ့ ညီမလေးတို့

ကျွန်တော့်ကို ခွင့်လွှတ်ကြပါ

အခုချိန်မှာ

ကျွန်တော့်ရဲ့ အချစ်ဆုံးက သေနတ်

ပြီးတော့ ……..

ဒီက တော်လှန်ရေးရဲဘော်တွေ

ရှေ့တန်းစစ်မြေပြင်မှာ

ကြွေလွင့်ခဲ့တဲ့ကြယ်တွေ

ရဲဘော်ရဲဘက် သူငယ်ချင်းတို့ရေ

မင်းတို့အတွက်

ငါစိတ်မကောင်းပေမဲ့

ငါဂုဏ်ယူပါတယ်ကွာ

ငါတို့ရဲ့ ခန္ဓာမှာ

ရက်ပေါင်းများစွာ ရေမချိုးရလို့

ညစ်ပတ်နံစော်နေပေမဲ့

မင်းတို့ ငါတို့ရဲ့ နှလုံးသားတွေ

ခံယူချက်နဲ့ ပေးဆပ်မှုတွေဟာ

ငါတို့မြန်မာနိုင်ငံမှာရှိတဲ့

တိုင်းရင်းသားပြည်သူတွေအတွက်

တစ်ချိန်မှာ အကောင်းဆုံး

ကြိုင်လှိုင်ပြီး သင်းပျံ့လာမှာပါ


ယုံကြည်ချက်နဲ့ ပေးဆပ်မှုတွေအတွက်

ုံးသံတွေ ကျည်ဆံတွေကြားမှာ

ကြမ်းတမ်းလှတဲ့ဘ၀ခရီးကို

ဖျတ်ကျော်ကြရအုံးမှာပဲ

သူငယ်ချင်းတို့

ဒါဟာ

ငါတို့တော်လှန်ရေး စစ်သားတွေရဲ့ဘ၀ပဲ


ကျော်စွာ

မဲဆောက်မြို့ရှိ ပိုင်ရှင်မဲ့အလောင်းများအရေး ဆွေးနွေး

ယနေ့ နံနက် 9:00 နာရီအချိန်တွင် မဲဆောက်မြို့ပိုင်ရုံတွင် မြန်မာရွေ့ပြောင်းအလုပ်သမားများ၏ ပိုင်ရှင်မဲ့ နာရေးကိစ္စနှင့်ပါတ်သတ်၍ အစည်းဝေး ပြုလုပ်ခဲ့ကြပါသည်။

ထိုအစည်းဝေးတွင် မဲဆောက်မြို့အုပ်ချုပ်ရေးမှူး(ပလာ့ပ်) မှ ဦးစီး၍ ပြုလုပ်ကျင်းပခြင်းဖြစ်ပါသည်။ မဲဆောက်ဆေးရုံကြီးမှ တာဝန်ရှိလူကြီးများ၊ မြန်မာရွေ့ပြောင်းအလုပ်သမားများအရေး ကူညီစောင့်ရှောက် နေသော NGOs၊ CBOs များမှ တာဝန်ရှိသူများနှင့် နာရေးကူညီမှုအသင်း (မဲဆောက်) မှ တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

အစည်းဝေးတွင် မဲဆောက်ဆေးရုံကြီးမှ မြန်မာရွေ့ပြောင်းအလုပ်သမားများ၏ ပိုင်ရှင်မဲ့အလောင်းများသည် အဆမတန် များပြားလာနေသောကြောင့် သူတို့ဆေးရုံနေနှင့် သင်္ဂြိုလ်စာရိတ်ကို မလောက်ငှသောကြောင့် မြန်မာရွေ့ပြောင်းအလုပ်သမားများ အရေးကူညီစောင့်ရှောက်နေသော အဖွဲ့အစည်းများအနေဖြင့် အကူအညီပေးရန်အတွက် ဆွေးနွေးခဲ့ပါသည်။ မဲဆောက်ဆေးရုံကြီးတွင် တနှစ်လျှင် ပိုင်ရှင်မဲ့အလောင်း 400 မှ 500 အထိရှိကြောင်း။ ပိုင်ရှင်မဲ့အလောင်းများ၏ 99 ရာခိုင်နှုန်းမှာ ရွေ့ပြောင်းအလုပ်သမားများ ဖြစ်ကြောင်း၊ ဆေးရုံမှ အလောင်းပိုင်ရှင်ထံမှ 500 ဘတ်သတ်မှတ်ထား သော်လည်း တချို့ အလုပ်သမားများမှာ မတတ်နိုင်သောကြောင့် မပေးနိုင်သူများလည်းရှိကြောင်းနှင့်၊ ဆေးရုံအနေဖြင့် လူသေအလောင်းတလောင်းကို 1000 ဘတ်ကုန်ကျခံ၍ သင်္ဂြိုလ်ရကြောင်း ကိုပြောပြပါသည်။ တနှစ်တွင် ဆေးရုံမှ အနည်းဆုံး ဘတ်ငွေ 2 သိန်းကျော် လိုအပ်နေကြောင်း ပြောပြပါသည်။ ထိုလိုအပ်နေသော ဘတ်ငွေ 2 သိန်းကျော်ကို ၀ိုင်းဝန်းဖြည့်ဆည်းကြရန်အတွက် ဆွေးနွေးတင်ပြကြပါသည်။

အစည်းဝေးတက်ရောက်လာကြသော NGOs . CBOs များမှ တာဝန်ရှိသူများမှလည်း မိမိတို့ အဖွဲအစည်း များအနေဖြင့်လည်း ငွေကြေးသုံးစွဲမှုများမှာ သတ်ဆိုင်ရာ ထောက်ပံ့ပေးနေသော အလှူရှင်များ ၏အလိုကြ သုံးစွဲနေရသောကြောင့် ထည့်ဝင်ဖြည့်စွက်ရန်ဆန္ဒရှိသော်လည်း အပြည်အ၀ မဖြည့်စွက်ပေးနိုင် ကြောင်းကို ဆွေးနွေးတင်ပြကြပါသည်။

နောက်ဆုံးတွင် မြန်မာရွေ့ပြောင်းအလုပ်သမားများ၏ နာရေးအခတ်အခဲများဖြစ်သောကြောင့် အလုပ်သမား များတွင်လည်းတာဝန်ရှိကြောင်းနှင့် သတ်ဆိုင်ရာ စက်ရုံ၊ အလုပ်ရုံများမှ အလုပ်သမားများတွင် အလှူငွေ စာအိတ်များပို့၍ တက်နိုင်သလောက် အလှူငွေကောက်ခံရန်နှင့် အစည်းဝေးတက်ရောက် လာသော အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများတွင်လည်း တယောက်ကို 300 ဘတ်နှုန်းစတင် အကောင် ထည်ဖော် ကောက်ခံသွားကြရန် သဘောတူဆုံးဖြတ်ခဲ့ကြပါသည်။ အစည်းဝေးကို နေလည် 12း00 နာရီတွင် ရုတ်သိမ်းလိုက်ပါသည်။













ရင်နာနာနဲ့ ရေးတဲ့စာ

ရင်နာနာနဲ့ ရေးတဲ့စာ
အရှင်ဓမ္မ (ဒေလီ)

တလောက မဲဆောက်အမှိုက်ပုံကြီးကို You Tube မှာ တွေ့လိုက်ရတယ်။ တမြို့လုံးက စွန့်ပစ်ပစ္စည်း၊ အမှိုက် သရိုက်တွေဆိုတော့ အမှိုက်ပုံကြီးက တောင်လုံးအမျှပါပဲ။ ကြီးလည်းကြီး ကျယ်လည်းကျယ်။ ရှေ့၊ နောက်၊ တောင်၊ မြောက် အရပ်လေးမျက်နှာ ဘယ်နေရာက တိုက်တဲ့လေ ဖြစ်ပါစေ၊ အညှီအဟောက်အနံ့တွေ ပြင်း ပြင်းထန်ထန် နှားခေါင်းဝထံ ရောက်လာပါသတဲ့။ နံလိုက်တာ လွန်ရောတဲ့။ သြော် ... အမှိုက်ပုံပါဆို နံမှာပေါ့။ မွှေးတဲ့ အမှိုက်ပုံများ ရှိလို့လား။

ဗမာပြည်သားတွေ တွေ့နေပါရဲ့၊ အမှိုက်ပုံကြားမှာ လက်အိတ်ဗလာ တုတ်တွေနဲ့ ထိုးဆွပြီး ရွှေရှာနေသလား အောက်မေ့ရတယ် သဲသဲမဲမဲ။ မထင်လိုက်ပါနဲ့ ပလတ်စတစ်အိတ်၊ ကြွပ်ကြွပ်အိတ်၊ ရေသန့်ပုလင်း၊ အတိုအစ အဖျင်းတွေကို ရှာနေကြတာပါ။ ၀ါသနာအရတော့ ဘယ်ဟုတ်မလဲ။ ၀မ်းစာလေ ၀မ်းစာ၊ သမုဒ္ဒရာ ၀မ်းတထွာ ဆိုသကိုးဗျ၊ ရှာကြရ၊ ဖွေကြရတာပေါ့။

တချို့စေတနာရှင်တွေက တတ်အားသမျှ ကူညီစောင်မကြရှာပါတယ်။ သာဓုလည်း အခါခါ ခေါ်မိပါရဲ့၊ ပို တယ်လို့ မထင်နဲ့၊ မျက်ရည်တောင် ကျမိတယ်။ သြော် ... တို့နိုင်ငံသားတွေ ဆင်းရဲရှာတယ်၊ တာဝန်သိပုဂ္ဂိုလ် များမှာတော့ စာနာစိတ်၊ သနားစိတ်၊ ညှာတာစိတ်တွေနဲ့ ဝေခြမ်း ကျွေးမွေး အလှူအတန်းပေးနေကြတယ်။ သာဓုကွယ် ... သာဓု သာဓု။

စေတနာရှင်တယောက်က အမှိုက်ကောက်သမကို မေးတယ်။ ဘယ်ရပ်၊ ဘယ်နယ်၊ ဘယ်ဆီ၊ ဘယ်ဝယ်က လဲတဲ့။ ရေကောင်း မြေကောင်း ဆီနှစ်ပေါင်းခပြီး အသီးအနှံကြွယ်ဝတဲ့ ပဲခူးတိုင်းကပါတဲ့။ မှိုင်းပျပျ ပဲခူးရိုးမ ကြီးကို ပြေးလို့သာ မြင်မိတော့တယ်။ ဘယ့်နှယ်ကြောင့် မဲဆောက်အမှိုက်ပုံမှာ လာနေတာလဲ၊ ဟိုမှာ အဆင် မပြေလို့လားလို့ တိုးလို့မေးကြည့်တော့။ အင်း ... အဆင်တော့ပြေပါတယ်၊ လယ်ယာလည်း ရှိပါရဲ့၊ ဒါပေမယ့် ဟိုမှာက ဒီမှာလောက် ပျော်စရာမကောင်းဘူးလေ၊ ပိုက်ဆံရှားတယ်၊ ရှာရခက်တယ်။ ဒါကြောင့် ဒီမှာပျော်နေ တာပါတဲ့။

အထက်က အမှိုက်ကောက်သမရဲ့ စကားကို သတိထားမိကြမှာပေါ့။ ဗမာပြည်၊ မှိုင်းပျပျ ရိုးမအလှတွေရှိတဲ့ ပဲ ခူးတိုင်း၊ ပဲခူးပြည် ရေမကြည်တော့သလား၊ မျက်မနုတော့သလား မျက်နှာမထောက်ထားနိုင်၊ ၀မ်းစာအတွက် ခြေဦးတည့်ရာ ပြောင်းလာတဲ့နေရာက ပျော်စရာများနဲ့ မဲဆောက်အမှိုက်ပုံကြီး ဖြစ်နေပါပကောလား။ တွေးမိ ပါရဲ့ ဒါ တကယ်ပဲလားလို့။

ပဲခူးလို့ အသံမြည်လိုက်ရင်ပဲ ရွှေရောင်တ၀င်းဝင်း ငွေရောင်တပျက်ပျက်နဲ့ ဟံသာဝတီပြည်ကြီးကို တဖန် အောက်မေ့မိပြန်တယ်။ တန်ခိုးကကြီး၊ အမျိုးရိုးမြတ်ပါဘိ။ ရွှေနန်းရှင် မွန်ဘုရင်တို့ စိန်မှန်ကင်းဟာ အင်းဝ မင်းတို့၊ တောင်ငူဘုရင် တပင်ရွှေထီးတို့ လက်အောက်တော်သို့ ကျရောက်ပြန်တော့လည်း စိန်မှန်းကင်းက ၀င်းသထက်ဝင်း၊ ထိန်သထက်ထိန်လို့ သာသာယာယာ စိမ်းစိမ်းလန်းလန်း ပထမတန်းစားတွေ။ အင်္ဂလိပ်တွေ လူသူစိတ်ကင်း မိုက်ခြင်းကြီးမိုက်တဲ့အခါတောင်မှ အချွန်းချွန်းနဲ့ တို့စိန်မှန်ကင်းတွေ ထင်းမဖြစ်ရဘဲ ဒီခေတ် ထဲကျမှ ပြာကျရရှာတယ်။ ဘယ့်နှယ်ပါလိမ့် ... တစိမ့်စိမ့်တွေးကြည့်ရင်တော့ တရေးရေး မြင်မိမှာပါ။

ပဲခူးမှာ ဆင်းရဲကြုံရင် ရန်ကုန်သို့ စုန်မယ်၊ ပဲခူးမှာ အခက်တွေ့ရင် မန္တလေးတက်မယ်၊ အကြားမယ်မှာ ပြည် တော်သာ မိတ္ထီလာတောင်ရှိသေး။ အမလေး အထင်သေးလို့ ပြောတာမဟုတ်ဘူး။ ရန်ကုန်ဆိုတာ အခုချိန် ရန်ပုံဖြစ်နေပြီ၊ အထက်မန္တလေးမှာဆိုရင်လည်း ဘုန်းကြီးသွေးရဲရဲကျလို့ ဘယ်သရဲသဘက်များ ၀င်သွားသလဲ မသိ။ မိတ္ထီလာဆိုတာကလည်း ရေကန်တခုသာ ရှိတော့တာ။ ဘယ်မှာမှ လုပ်စားကိုင်စားလို့ မရတော့ဘူး။ ရန်ကုန်က အမှိုက်ပုံ၊ မန္တလေးက ပြာပုံ၊ ပျဉ်းမနားက အရိုးပုံဆိုပဲ။ အတိတ်တွေ၊ နိမိတ်တွေ၊ တဘောင်တွေ အကောင်းဆိုတာ ရှာဖွေလို့မရတော့။ ကဲ ... မရရင် ဘုရားရှင်ထံ ဦးသုံးကြိမ်တင်ပြီး တမ်းတမ်းကြီး မဲဆောက် အမှိုက်ပုံကြီးကို လစ်ကြပေတော့။

ရင်နာနာနဲ့ ရေးတဲ့စာမို့ မစို့မပို့ ဝေဒနာတချို့ပါခဲ့ရင် စာဖတ်သူ သခင် (သို့) သာကီဝင်တို့ နှလုံးစိတ်ကို ထိန်း ကာ၊ သိမ်းကာ ဖတ်ကြပါလို့ တောင်းဆိုရင်း နိဂုံးချုပ်လိုက်ပါတယ်။ လွန်တာများပါသွားသည်ရှိသော် ထောက် ပြတော်မူကြပါ၊ အကြံပေးပါ၊ ခွင့်လွှတ်ကြပါလို့ အောက်ကျို့၍ တောင်းပန်လိုက်ပါတယ်။

အရှင်ဓမ္မ (ဒေလီ)

ဒေါက်တာလွမ်းဆွေ ဘလော့ဒ်မှ ကူးယူဖော်ပြပါသည်။

ကျွန်တံဆိပ်၊ ကျွန်နံပါတ်ပါ အင်္ကျီဝတ်ပြီးမှ သွားလာနေရခြင်းမှာ လူ့အခွင့်အရေး ချိုးဖောက်ခံရခြင်းဖြစ်

Monday, 10 January 2011 00:00

0110aထိုင်းနိုင်ငံတောင်ပိုင်း၊ ကူရပူရီမြို့နယ်ရှိ၊ ဖယ်ပလာနယ်မြေ ရဲတပ်ဖွဲ့ဝင်များက မြန်မာအလုပ်သမားများ အပြင်သွားလျှင် အနီရောင် ဝေ့စကုတ် (ထိုင်းနိုင်ငံတွင် အငှားဆိုင်ကယ် သမားများ ၀တ်သည့်အင်္ကျီ) ၀တ်ဆင်ပြီးမှ သွားလာကြရန် အကြပ်ကိုင် ပြောဆိုနေခြင်းမှာ အလုပ်သမားအခွင့်အရေးကို ချိုးဖောက်နေခြင်းဖြစ်ကြောင်း ဒေသအခြေစိုက် လူ့အခွင့်အရေး အဖွဲ့အစည်းမှ အမှုဆောင် ဒါရိုက်တာက ပြောဆိုလိုက်သည်။

ပြီးခဲ့သည့် တစ်ပတ်ကျော်မှ စတင်ပြီး နယ်မြေခံ ရဲစခန်းက ရွှေ့ပြောင်း အလုပ်သမားများ အပြင်ထွက်လျှင် ၀တ်ဆင်ရန်ဟုဆိုကာ အနီရောင် ဝေ့စကုတ် အင်္ကျီများကို တထည်လျှင် ဘတ်ငွေ (၂၀၀)ခန့်ဖြင့် မ၀ယ်မနေရ ဖိအားပေး ရောင်းချခဲ့သည်။ ထိုအင်္ကျီပေါ်တွင် လုပ်ငန်းရှင်၏ အမည်နှင့် လုပ်ငန်းအမျိုးအစားကို ထိုင်းဘာသာဖြင့် ထင်ထင်ရှားရှား ရေးသားထားသည်။

ဖန်ငအခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဒေရှင်း (FED)မှ အမှုဆောင် ဒါရိုက်တာ ဦးထူးချစ်က “အမေရိကန် ပြည်တွင်းစစ် မတိုင်ခင် ကာလက သူ့ကျွန်၊ ကိုယ့်ကျွန် ဆိုပြီး မီးဖုတ်သံနဲ့ တံဆိပ်ရိုက်ထားသလို ဖြစ်နေတယ်။ လုပ်တဲ့ လူတွေ မြန်မာ အလုပ်သမားတွေကို လူ့အခွင့်အရေး ချိုးဖောက်သလို ဖြစ်နေပါတယ်။ တိရစ္ဆာန် တစ်ကောင်လို အရောင်၊ နံပါတ် ရေးပြီးမှ သွားရမယ်ဆိုတာ မလုပ်သင့်ဘူးဗျ။ ဒီနေရာက တံငါလုပ်ငန်း အဓိက လုပ်တဲ့နေရာ ဖြစ်တာကြောင့် ပြဿနာတချို့တော့ ရှိကောင်း ရှိမှာပေါ့လေ။ ဒါပေမယ့် ထိုင်းအစိုးရအနေနဲ့ ဒီလိုမဖြေရှင်းပဲ အခြားနည်းလမ်းနဲ့ပဲ ဖြေရှင်းသင့်တယ်လို့ မြင်တယ်။ အခုလိုမျိုး မဖြေရှင်းသင့်ဘူး။ ဒီလုပ်ရပ်တွေက အရမ်းစိတ်ပျက်ဖို့ ကောင်းပါတယ်” ဟု ပြောဆိုသွားသည်။

ယမန်နေ့က အနီရောင် ဝေ့စကုတ်အင်္ကျီ မပါသဖြင့် ရဲစခန်းသို့ ခေါ်ဆောင်သွားခြင်း ခံခဲ့ရသူ ကိုရဲကျော်က “ကျနော့်မှာ ဘတ် (အလုပ်သမားလက်မှတ်)ရှိတယ်။ ရဲစခန်းကိုရောက်တော့ အင်္ကျီဝတ်ပြီးမှ အပြင်ကိုသွားပါ။ အင်္ကျီ ၀ယ်မ၀တ်ရင် ဘတ်ရှိရှိ၊ မရှိရှိ နယ်စပ်ကို ပြန်ပို့မယ်ဆိုပြီးတော့ ခြိမ်းခြောက် ပြောဆိုပါတယ်။ ကျနော်တော့ ပိုက်ဆံမပေးခဲ့ရဘူး။ တချို့ပိုက်ဆံ ပေးရသူတွေ ရှိပါတယ်”ဟု ပြောပြသည်။

နယ်မြေအတွင်း မြန်မာအလုပ်သမား သုံးသောင်း ၀န်းကျင်းခန့် ရှိနိုင်ကြောင်း အန်ဂျီအိုတစ်ခုမှ ပညာရေး ၀န်ထမ်းတစ်ဦးက ပြောသည်။ ၄င်းတို့ကိုလည်း ဝေ့စကုတ် ၀တ်ဆင်ကြရန် ဖိအားပေးခြင်း ခံရသည်ဟု ပြောပြသည်။

အဆိုပါနယ်မြေတွင် ရွှေ့ပြောင်း အလုပ်သမားများ စက်ဘီမစီးရ၊ ဆိုင်ကယ်မစီးရ၊ ညမထွက်ရဟူသည့် ဆိုင်းဘုတ်ကို ရဲစခန်းရှေ့တွင် စိုက်ထူးပြီး ၂၀၁၀ခုနှစ် စက်တင်ဘာလက စတင်ကာ တာမြစ်ခဲ့သည်။ အလုပ်သမားများမှာ အနီးအနားသို့ သွားချင်လျှင် ကိုယ်ပိုင်စက်ဘီး စီနင်းခွင့်မရသောကြောင့် အငှားဆိုင်ကယ်များ ငှားစီးရသဖြင့် မလိုလားအပ်ပဲ ငွေကြေး ကုန်ကျမှုများ ရှိနေခဲ့ကြသည်။

ယခုလည်း အပြင်ထွက်လျှင် ဝေ့စကုတ် အင်္ကျီကို မ၀တ်မနေရ ၀တ်ဆင်ရမည်ဖြစ်ပြီး တစ်ထည်လျှင် ဘတ်ငွေ (၂၀၀)နှုန်းဖြင့် ၀ယ်ယူခဲ့ရကြောင်း အလုပ်သမားများက ပြောပြကြသည်။

www.ghre.org မှ ထပ်မံကူးယူဖော်ပြပါသည်၊

မဲဆောက်နှင့်ဝန်းကျင်ရှိ လက်မှတ်မရှိသောအလုပ်သမားများကို ဖမ်းဆီး

ယနေ ၈၊ ၁၊ ၂၀၁၁ ရက်နေ့တွင် မဲဆောက်နှင့်ဝန်းကျင်တွင်းရှိ စက်ရုံအလုပ်ရုံများကို ပုလိပ်ဖမ်းမည့် သတင်းကြားရသောကြောင့် တချို့စက်ရုံအလုပ်ရုံများသည် လက်မှတ်မရှိသည့်အလုပ်သမားများကို စက်ရုံအပြင်သို့ သွားရောက်ရှောင်တိမ်းခိုင်းထားကြောင်း သိရှိရပါသည်။

၈၊ ၁၊ ၂၀၁၁ ရက်နေ့ ညနေ ၄း၃၀ နာရီခန့်အချိန်တွင် မဲဆောက်ထေ့စပန်း(မြူနီစပယ်) ရုံးအနီးတွင်ရှိသော ကွမ်ရုံခေါ် စက်ချုပ်ရုံတွင် လက်မှတ်မရှိသော အလုပ်သမားများကို ထိုင်း လ၀က(တောမော)နှင့် ပုလိပ်များပူးပေါင်း၍ စက်ရုံကိုဝင်ရောက်ဖမ်းဆီးခဲ့ရာ လက်မှတ်မရှိသည့်အလုပ်သမား ၁၀၀ ကျော်ခန့် အဖမ်းခံခဲ့ရကြောင်းသိရသည်။

“အလုပ်သမားအားလုံး နီးပါး အဖမ်းခံခဲ့ရပါတယ်။ စက်ရုံမှာရှိတဲ့ အလုပ်သမား ၁၀၀ ကျော်ထဲမှာ လက်မှတ်ရှိသူက ၅ ယောက်လောက်ပဲရှိတာ။ ကျန်တဲ့အလုပ်သမားတွေက အလုပ်သမားလက်မှတ်မရှိကြဘူး။”

“အဖမ်းခံရတဲ့အလုပ်သမားတွေကို ယခု ၂ ထပ်အချုပ်(စံလောအချုပ်)တွင် ထားရှိကြောင်းကို ထိုစက်ရုံမှ အဖမ်းခံရသူ အမျိုးသမီး တဦး၏ ခင်ပွန်းဖြစ်သူက မြန်မာအလုပ်သမားများကွန်ယက် ကိုပြောပြပါသည်။”

၎င်းက “ကျနော်တို့မှာက လသားအရွယ် ကလေးငယ်လေးရှိပါတယ်၊ အခု သူ့အမေအဖမ်းခံရတော့ ကလေးအတွက် ဘယ်လိုလုပ်ရမလဲမသိပါဘူး၊ တချို့ပြောသံကြားတာကတော့ သူဌေးက ငွေမပေးရင်တော့ အလုပ်သမားတွေကို ထောင်ချမယ်လို့ပြောပါတယ်”ဟု ပြောပြပါသည်။

မဲဆောက်မြို့အပြင်ဘက်ရှိ ဖုန်ဖွိုင်၊ ကပ်ဖီပန်း၊ မဲတောင် စသည်တို့တွင် လက်မှတ်မရှိသော အလုပ်သမားများသည် စက်ရုံအပြင်ဘက် လယ်တောထဲသို့ ပုလိပ်ရှောင်တိမ်းနေရကြောင်းသိရှိရပါသည်။

မဲဆောက်မြို့နှင့်ပါတ်ဝန်းကျင်တွင် စက်ရုံစုစုပေါင်း ၂၀၀ ကျော်ခန့်ရှိပါသည်၊ အလုပ်သမားဦးရေ ၂ သိန်းကျော်တွင် လက်မှတ်ရှိသည့်အလုပ်သမားဦးရေမှာ ၂၀ ရာခိုင်နှုန်းပင်မပြည့်ကြောင်း မှတ်တမ်းများ အရသိရှိရပါသည်။

မဲဆောက် ဘန့်ဆောင်ကွဲရပ်ကွက်မှာ မြန်မာပြည်သားတဦး ငွေးလေးသောင်း အလုခံရ

Mae Sot market

ဇန်နဝါရီလ ၇ ရက်နေ့က မဲဆောက်မြို့ ဘန့်ဆောင်ကွဲရပ်ကွက်မှာ မြန်မာပြည်သားတဦးထံမှ ငွေအလုခံရတယ်လို့ သိရှိရပါတယ်။

ငွေအလုခံရတဲ့ မြန်မာပြည်သားဟာ မဝါ ဖြစ်ပြီး ဘန့်ဆောင်ကွဲကနေ မဲဆောက်ဈေးမှာ ဈေးသွားဝယ်ဘို့အသွား ရဲ ယောင်ဆောင်ထားတဲ့ ဆိုင်ကယ်နဲ့ လူတဦးအနားကပ်လာပြီး လက်မှတ်တောင်းစစ်ရာက ပိုက်ဆံအိတ်ပါလုသွားတာ ဖြစ်ပါတယ်။

ပိုက်ဆံအိတ်အလုခံရတဲ့ မဝါ ပြောပြတာကတော့ …

ကျမတို့ နေတဲ့ ဘန့်ဆောင်ကွဲကနေ မဲဆောက်ဈေးသွားဖို့ စက်ဘီးနဲ့ နင်းကာစပဲရှိသေးတယ် ဂွတ်မောနင်း ကျောင်းအလွန်လေးမှာ ဘေး နားကို ဆိုင်ကယ်တစီး ထိုးစိုက်လာတယ် ခပ်လှမ်းလှမ်းမှာလဲ ဆိုင် ကယ်တစီးက ရပ်စောင့်နေတယ်။ အနားရောက်နေတဲ့ ဆိုင်ကယ်နဲ့ လူက ထိုင်းစကားနဲ့ လတ်မှတ်တောင်းစစ်တာနဲ့ ပိုက်ဆံအိတ်ထုတ်ပြီး လက်မှတ်ပြဖို့ အလုပ်မှာ ပိုက်ဆံအိတ်ကိုလုယူပြီး ဆိုင်ကယ်မောင်း ပြေးပါတယ်။ အိတ်ထဲမှာ ဘတ်ငွေ လေးသောင်းကျော် ပါသွားပါ တယ်။ လက်မှတ်နဲ့ ပိုက်ဆံအိတ်ကိုတော့ ခပ်လှမ်းလှမ်းမှာ ပစ်သွားပါ တယ်။ လုသွားတဲ့ လူရဲ့ပုံစံက အသားညိုညို ဆံပင်တိုတိုနဲ့ ရုပ်သန့် သန့်ပါ၊ အခု ကျမတို့လည်း သက်ဆိုင်ရာကို တိုင်ထားတယ်။

လွန်ခဲ့တဲ့ လေးနှစ်လောက်ကလည်း မဲဆောက်မှာ ရဲဟန်ဆောင်ပြီး ဗမာပြည်သားတွေနေတဲ့ အိမ်တွေကို ဝင်ရောက် ခြိမ်း ခြောက်ကာ ဟန်းဖုန်း၊ ကွန်ပြူတာ၊ ဓါတ်ပုံကင်မရာ၊ ဗွီဒီယိုကင်မရာ၊ နာရီ စတဲ့ ပစ္စည်းတွေကို ရဲက သိမ်းတဲ့ပုံစံမျိုးနဲ့ သိမ်းယူသွားခဲ့တာတွေ၊ သူတို့အိမ်ပေါ်တက်လာတုန်း အိမ်ရှေ့မှာ ဘယ်သူမှ မတွေ့ဘူးဆိုရင်လည်း ရသမျှပစ္စည်း ခိုးယူ သွားတာတွေ စတဲ့ဖြစ်ရပ်များ ဖြစ်ပေါ်ခဲ့ဖူးပါတယ်။


နေ့သစ် ဆိုဒ်မှ ကူးယူဖော်ပြပါသည်။

ရွှေ့ပြောင်းများထံ ငွေကောက်မည့် ထိုင်းအစီအစဉ် တနှစ်ဆိုင်း


တရားမဝင် နိုင်ငံခြားသား လုပ်သားများ နေရပ်ပြန်ပို့ရေး ရန်ပုံငွေအဖြစ် ထိုင်းနိုင်ငံရောက် မြန်မာအပါအဝင် ၃ နိုင်ငံမှ တရားဝင် ရွှေ့ပြောင်းလုပ်သားများထံ ယခုလ ငွေကောက်မည့် အစီအစဉ်ကို ၂ဝ၁၂ မတ်လ ၁ ရက်ကျမှသာ စတင်ကောက်ခံရန် ထိုင်းအစိုးရက ရက်ရွှေ့ဆိုင်းလိုက်ပြီဖြစ်သည်။

တဦးလျှင် ဘတ် ၄ဝဝ နှုန်းဖြင့် မြန်မာ၊ လာအို၊ ဘတ် ၃၅ဝ ဖြင့် ကမ္ဘောဒီးယား ရွှေ့ပြောင်းလုပ်သားများထံ ယခုလ ၁ ရက်နေ့မှစ၍ ၆ လကြာ ငွေကောက်ရေးကို ရွှေ့ဆိုင်းရန် ယခုလ ၄ ရက်နေ့လုပ် ထိုင်းဝန်ကြီး အစည်းအဝေး၌ ဆုံးဖြတ်ခဲ့ကြောင်း အစိုးရ အင်တာနက် စာမျက်နှာများတွင် ရေးသားဖော်ပြထားခြင်း ဖြစ်သည်။

“၄ဝဝ သာ ပေးရတယ်ဆိုပေမယ့် သွားပေးမယ့် စရိတ်နဲ့၊ အလုပ်ပျက်ဦးမှာနဲ့၊ အလုပ်ရှင်က ညည်းညူမှာနဲ့၊ တချို့ဆို အလုပ်ရှင်ပွဲစားဆိုရင် သူတို့က လိုက်လုပ်ပေးမှာ မဟုတ်သလို သူတို့အကျိုးရှိမှ လုပ်ပေးမှာကိုး။ အနည်းဆုံး ၅ဝဝ လောက် ပေးရမယ်။ ဒီလိုဖြစ်သွားတာ အရမ်းပျော်ရွှင်မိတယ်” ဟု ဘန်ကောက်မြို့ရှိ တရားဝင် မြန်မာအလုပ်သမား ကိုကျော်ကိုကိုက မဇ္ဈိမကို ပြောသည်။

၂ဝဝ၈ ခုနှစ်တွင် ထုတ်ပြန်ခဲ့သော နိုင်ငံခြားသား အလုပ်သမား ဥပဒေ အခန်း ၂၊ အပိုဒ်ခွဲ ၃ဝ နှင့် ၃၁ တွင် အဆိုပါ ရန်ပုံငွေကို လုပ်ငန်းရှင်များက မိမိလုပ်ငန်းခွင်ရှိ တရားဝင် နိုင်ငံခြားသား အလုပ်သမားများထံမှ ကောက်ရမည်ဖြစ်ကာ၊ ယင်းငွေကို တရားမဝင် အလုပ်သမားများ ပြန်ပို့ရာတွင် ယခင် အစိုးရဘတ်ဂျက်မှ အသုံးပြုနေသော ခရီးစရိတ်နှင့် နေထိုင်စားသောက်စရိတ်များ နေရာတွင် အစားထိုး အသုံးပြုရန် ပြဋ္ဌာန်းခဲ့သည်။

ယင်း ဥပဒေအရ ရန်ပုံငွေ ကောက်ခံရေး မူလအစီအစဉ်ကိုမူ ပြီးခဲ့သည့် နိုဝင်ဘာ ၃ ရက်နေ့ ရက်စွဲဖြင့် အလုပ်သမားဝန်ကြီးဌာနက ညွှန်ကြားခဲ့ပြီး၊ မြန်မာနှင့် လာအိုများအတွက် တလ ဘတ် ၄ဝဝ နှုန်းဖြင့် ၆ လစာ ၂၄ဝဝ ဘတ်၊ ကမ္ဘောဒီးယား များအတွက် တလလျှင် ဘတ်ငွေ ၃၅ဝ နှုန်းဖြင့် ၂၁ဝဝ ကောက်ခံရမည်ဟု လျာထားခဲ့သည်။

သို့သော် ဥပဒေထဲတွင် တရားဝင်လုပ်သားများ နိုင်ငံရင်းသို့ အပြီးပြန်သောအခါ မည်သို့ပြန်ထုတ်ပေးမည်ကို တိကျစွာ ပြဋ္ဌာန်းမထားသဖြင့် အလုပ်သမားရေးရာအဖွဲ့များက တောင်းဆိုကန့်ကွက်ခဲ့သလို၊ တရားဝင်များထံမှ ကောက်ခံပြီး တရားမဝင်များ ပြန်ပို့ရာတွင် အသုံးပြုမည်ကို လက်မခံနိုင်ကြောင်း ပြီးခဲ့သည့်လ ၁၈ ရက်၊ နိုင်ငံတကာ ရွှေ့ပြောင်းအလုပ်သမားများနေ့တွင်လည်း အကြီးအကျယ် ကန့်ကွက်ခဲ့ကြသည်။

ပြီးခဲ့သည့်လ ၂၉ ရက်နေ့တွင် အလုပ်သမားဝန်ကြီး ခွန်နာယ်ချလမ်ချား စီအော်န်က ထိုင်းနိုင်ငံ မဟာချိုင်ဒေသရှိ စက်မှုလုပ်ငန်းရှင်များ၊ ကူးသန်းရောင်းဝယ်ရေးအသင်းနှင့် အစည်းအဝေး၌ ယင်းဥပေဒနှင့်ပတ်သက်၍ ပြင်ဆင်စရာများ ရှိနေသဖြင့် စတင်ကောက်ခံမည့် ရက်ကို ရွှေ့ဆိုင်းမည်ဟု ပြောဆိုခဲ့ကြောင်း ထိုင်းသတင်း မသီချွန်က ဖော်ပြခဲ့သေးသည်။

ထိုင်းတွင် ယခု ၃ နိုင်ငံမှ တရားဝင် လုပ်သား တသန်းကျော်ရှိပြီး မြန်မာက ၈၁၂,၉၈၄ ဦးအထိ ရှိကြောင်း နိုင်ငံတကာ ရွှေ့ပြောင်း အလုပ်သမားအဖွဲ့ IOM ၏ ပြီးခဲ့သည့် နိုဝင်ဘာလထုတ် အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။

တရားဝင် မှတ်ပုံတင်ထားသော အလုပ်သမားများ အပါအဝင် တရားမဝင် လုပ်ကိုင်သူပေါင်း ၂ သန်းကျော်ရှိကြောင်း နယူးဇီလန်အခြေစိုက် ပင်လယ်ရပ်ခြား အလုပ်သမား ကူညီရေးအဖွဲ့ UnionAID ကလည်း ထုတ်ပြန်ထားသည်။

“အလုပ်အဆင်ပြေတဲ့ လူတွေမှာတော့ အရေးမကြီးဘူးဆိုပေမယ့် တချို့အလုပ်သမားတွေအတွက်က တအားအခက်အခဲ ရှိတယ်လေ။ ဒီကြားထဲ မြန်မာပြည်က မိသားစုအတွက်က မပို့မဖြစ်တဲ့ အခြေအနေတွေက အများကြီးပါ။ ၂ဝ၁၂ ကို ပြောင်းလိုက်တယ်ဆိုရင်၊ သူတို့အတွက် တလ ၄ဝဝ ဆိုရင်ပဲ မိသားစုနည်းတဲ့ လူတွေအတွက် ထောက်ပံပေးလို့ ရပြီပေါ့” ဟု ထိုင်းတောင်ပိုင်းမှ ရွှေ့ပြောင်းအလုပ်သမ မမိုးသူဇာက မဇ္ဈိမကို ပြောသည်။

မဇ္ဈိမ ၀က်ဆိုဒ် မှ ကူးယူဖော်ပြပါသည်၊

နိုက်ကလပ်မှ မြတ်ဗုဒ္ဓ

နိုက်ကလပ်မှ မြတ်ဗုဒ္ဓ (၁)

အရှင်ဧသက

အမေရိကန်နိုင်ငံ၊ လော့စ် အိမ်ဂျလိစ်မြို့ရဲ့ စားသောက်ဆိုင်ကြီးတစ်ဆိုင်မှာ မြန်မာအလုပ်သမားလေး

ရန်မျိုးအောင်ဟာ ဆူရှီလိပ်ရင်း ဘုရားဂုဏ်တော်တွေ တတွတ်တွတ်ရွတ်နေရှာတယ်။ သူ့ဘ၀သူ့အခက်အခဲ

သူ့ရည်ရွယ်ချက်တွေ အောင်မြင်ဖို့အတွက် ဘုရားသာ အားကိုးရာရှိ တော့တယ်လို့ သူယုံ ကြည်ထားလို့ပါ။

သူ့ရည်ရွယ်ချက်ဆိုတာ

ကြွယ်ဝချမ်းသာဖို့ သူဋ္ဌေးဖြစ်ဖို့ ဘဝ

အောင်မြင်ဖို့ ချစ်တဲ့သူနဲ့အတူလက်

တွဲပြီး သာယာတဲ့ဘ၀ခရီးလျှောက်

လှမ်းနိုင်ဖို့ ဆိုတဲ့လူငယ်တို့သဘာဝ

ရှိတတ်တဲ့ မျှော်မှန်းချက်တွေတော့

မဟုတ်ပါဘူး၊ လူငယ်နဲ့မလိုက်ကိုယ့်

အခြေအနေနဲ့ မတတ်နိုင်တဲ့ မျှော်

မှန်းချက်တစ်ခု သူ့မှာရှိနေလို့ပါ။
သူ့မျှော်မှန်းချက်ဆိုတာ ၂၀၁၀

ခု၊ သြဂုတ်လက စတင်ခဲ့တာပါ။

သူအလုပ်လုပ်တဲ့စားသောက်ဆိုင်

ကလူသုံးရာကျော်စားနိုင်တဲ့ဆိုင်ကြီးပါ။

အာရှအစားအစာမျိုးစုံရနိုင်ပါတယ်။ ဂျပန်စာဖြစ်တဲ့ ဆူရှီဌာနမှာရန်မျိုးအောင်က ဆူရှီလိပ်ရသူပါ။

ရန်မျိုးအောင်ဟာတနေ့တော့အလုပ်ကအပြန်ရေမိုးချိုးပြီးအနားယူနေချိန်မှာနိုက်ကလပ်သွားချင်တဲ့စိတ်တွေ

ပေါ်လာခဲ့တယ်။ အသောက်အစား အပျော်အပါးလဲ ၀ါသနာပါသူမဟုတ်တော့လို့  သွားချင်တဲ့ စိတ်တွေမဖြစ်ခဲ့

တာလည်းကြာခဲ့ပါပြီ။ ဒီနေ့ တော့ ဘာကြောင့်လို့ရယ်မသိသွားချင်တဲ့စိတ်တွေ ပြင်းပြင်းပြပြ ဖြစ်နေတယ်လေ။

မတော်ပါဘူးဆိုပြီး တီဗွီကြည့်လိုက် ပုတီးစိတ်လိုက်နဲ့ဖြေဖျောက်ဖို့ကြိုးစား ခဲ့တယ်။မရဘူး၊ မသွားရ မနေနိုင်

လောက်အောင်ဖြစ်နေတယ်။ ကဲ ဒီလောက်တောင်ရှိရင်သွားမယ်ဆိုပြီး ဘယ်သူမှမခေါ် ဘယ်သူမှမတိုက်တွန်းပဲ

သွားချင်လှတဲ့ဆန္ဒကို ရှေ့တန်းတင်ပြီးထွက်ခဲ့တော့တယ်။

နိုက်ကလပ်ဆိုလို့  အခြားဆိုင်တော့မဟုတ်ပါဘူး။ သူအလုပ်လုပ်တဲ့ဆိုင်ပါ။ နေ့ခင်းမှာ စားသောက်ဆိုင်

လုပ်ပြီး ည ၁၀-နာရီကျော်မှ ၂-နာရီအထိ နိုက်ကလပ်အဖြစ် ဖန်တီးပြင်ဆင်လိုက်တာပါ။

ဆိုင်ထဲရောက်သွားရင်ပဲ “ဘုရား-- ဘုရား--”လို့ရေရွတ်တမ်းတမိပြီး တအံ့တသြ ငေးမောကြည့်နေမိတယ်။

တဘက်နံရံမှာရှိနေတဲ့ (၁၀)ပေခန့်ရှိတဲ့ ဘုရားဆင်းတုတော်ကြီးကို သူအလုပ်လုပ်တိုင်းမြင်နေကျပါ။ဆိုင်မှာ

အလှအပအဖြစ်ထားတယ်လို့ပဲ သူနားလည်ထားခဲ့ပါတယ်။ ဒီမြင်ကွင်းမျိုးမြင်ရလိမ့်မယ်လို့ သူမမျှော်လင့်ခဲ့ဘူး။

ခုတော့ ဘုရားခမျာ ဗယုတ်သုတ်ခနဲ့  လှုပ်လှုပ်ရွရွ မြူးတူးပျော်ပါးနေတဲ့ ကာမမှောင်တောထဲမှာ သီတင်းသုံး

တော်မူနေရရှာတယ်။

လူငယ် လူရွယ် (၁၀၀)ခန့်တို့က ရုပ်ပွားတော်

ကြီးဝန်းကျင်မှာ ဖိုမအစုံစုံ ယစ်မူးအဟုန်ဖြင့် အစွမ်း

ကုန် မြူးတွန့်နေကြတယ်။ ဘုရားရဲ့ရှေ့တည့်တည့်

(၁၀)ပေခန့်အကွာမှ ခုံပေါ်မှာတော့ လက်တစ်ဝါးခန့်

အ၀တ်လေးများဖုံးအုပ်ထားတဲ့ ညဥ့်ငှက်မလေးများက

သူတို့ ကိုယ်အလှ သူ့တိုအကတွေနဲ့  ကာမမှောင်ကို

မှောင်သည်ထက်မှောင်အောင် ဆွဲဆောင်နေပြန်တယ်။

ဘုရားနောက်ကြောနံရံမှ ထွက်လာတဲ့မှိတ်ချီဖွင့်ချီရောင်

စုံမီးဆလိုက်များက ဘုရားဦးခေါင်းတော်ဘေးဝန်းကျင်

ကိုဖြတ်ကျော်ပြီး ညဥ့်ငှက်မလေးများရဲ့ကိုယ်အလှကို

မြင်သာအောင်ထိုးပြနေပြန်တယ်လေ။ဘုရားက ရောင်ခြည်တော်ဖြင့်ထိုးပြနေသလို စီမံထားလေသလားတော့မသိ။

ဆင်းတုကိုယ်တော်မြတ်ကြီးက“ငါဘုရား အဇပါလညောင်ပင်အောက် သီတင်းသုံးစဉ်က မာရ်နတ်ရဲ့သ္မီးများ

ဖြစ်တဲ့ တဏှာ၊ရတီ၊ရာဂါ တို့ညီမသုံးယောက်က ငါဘုရားကို လာဖြားယောင်းဖူးတာ တစ်ခါပဲရှိခဲ့ဖူးတယ်။ ဒီအဖြူမ

လေးတွေက ညတိုင်းလာဖြားယောင်းနေပါလား ”လို့ တွေးထင်တော်မူလေမလားမသိ။ ရန်မျိုးအောင်တော့

ဘုရားကြီးအတွက် စိတ်မသက်မသာဖြစ်ခဲ့ရပြီ။

ရန်မျိုးအောင်ဟာ မောင်မယ်အစုံများကို တိုးဝှေ့ပြီး ဘုရားအနီးချဉ်းကပ်သွားခဲ့တယ်။ အလား--လား-- ပိုဆိုး

ပါလား။ စကပ်လေးတိုနန့်နန့်နဲ့မိန်းကလေးက ဘုရားခုံပေါ်ထိုင်ပြီး ဘုရားပေါင်တော်ကို သူ့ပေါင် နဲ့ထိထိုင်ကာ

စတိုင်ကျကျနဲ့ အရက်ခွက်ကိုကိုင်လို့၊ တစ်ချို့က ဘုရားခြေတော် လက်တော်တွေပေါ်မှာ အရက်ခွက်တွေတင်

ထားပြန်တယ်။ ဒီထက်ဆိုးတာကမိန်းကလေးက ဘုရားကိုကျောမီနေပြီး သူ့တွဲဖက်ကောင်လေးက ဘုရားပေါ်

လက်ထောက်ကာ ပူးကပ်ပွတ်သပ်လို့ ရစ်မူးနေပြန်တယ်။

ရန်မျိုးအောင်ဟာ ဘုရားရုပ်ပွားတော်ကြီးဝန်းကျင်မှာ ဖြစ်ပျက်နေပုံများကိုကြည့်ပြီး ဒေါသတွေချောင်းချောင်း

ထွက်မိတယ်၊ဖြစ်နိုင်ရင်ဝါးရင်းဒုတ်နဲ့ အားလုံးကိုမောင်းထုတ်ပစ်လိုက်ချင်တယ်။မပြုဝံ့ပါပေ၊“ခါကျဉ်ကောင်မာန်ကြီး

ပေမဲ့ တောင်ကြီးကိုတဲ့ဖြိုမယ့်ကြံ ခါးကမသန်”ဆိုသလို သာမန်အလုပ်သ္မားလေး ရန်မျိုးအောင်ဘာတတ်နိုင်ပါမည်နည်း။

ရန်မျိုးအောင်ဟာ ဘုရားရုပ်ပွားတော်ကြီးကိုကြည့်ပြီး

ကြိတ်မနိုင်ခဲမရဖြစ်နေရတယ်၊လှုပ်လှုပ်ရွရွတွန့်လိမ်ပွတ်သပ်

နေတဲ့မြင်ကွင်း၊ မြူးကြွဆူညံနေတဲ့ဂီတသံ၊ ထောင်းထောင်း

မွှန်နေတဲ့အရက်နံ့၊ မျက်နှာ တော်တည့်တည့်မှာတစ်ကိုယ်

လုံးနီးပါးပေါ်နေတဲ့ကခြေသည်မလေးတွေရဲ့တုန်ကာလုပ်ကာ

မြူဆွယ်ပြနေတဲ့အက၊ဒီဝန်းကျင်မှာနေရရှာတဲ့ဘုရားရုပ်ပွား

တော်ကြီးခမျာ ဆင်းရဲရှာမှာပဲနော်လို့ သူ့အတွေး သူ့အမြင်

နဲ့ ရုပ်ပွားတော်ကြီးကို သိပ်သနားနေမိတယ်။ ဘုရားဆိုတာ

သနားစရာမဟုတ်ပေမဲ့ သူ့ရင်ထဲမှာ တော့ တကယ်သနား

နေမိတယ်။ ဘုရားနဲ့ ဒီဝန်းကျင်က လုံးဝဆန့်ကျင်နေတယ်လေ။ ဘုရားရုပ်ပွားတော်ရဲ့ မျက်နှာတော်ကိုစိုက်ကြည့်မိ

ရာက သူ့ရင်ထဲမှာ “ဒါယကာလေး ရန်မျိုးအောင်၊ ငါဘုရားကို တစ်ခြားနေရာကို ပင့်နိုင်ရင် ပင့်စမ်းပါကွာ” လို့

မိန့်တော်မူနေသလို ခံစားမိပြန်တယ်။

ဖြစ်နိုင်တယ်၊ ဒီနေ့ည ဒီနေရာကိုရောက်လာရခြင်းမှာ သာမန်ရောက်လာခြင်းမျိုးမဟုတ်၊ လာချင်တဲ့ဆန္ဒတွေ

ပြင်းပြလွန်းလို့ အရောက်လာခဲ့ရတာ။ ဘုရားစောင့်နတ်တွေကများ ဒီမြင်ကွင်းကို ခေါ်ပြလေသလား မသိ။ မည်သို့ပင်

ဖြစ်စေအခြေအနေအရပ်ရပ်ကို သူသိလိုက်ရပြီ။ အမျိုးဘာသာသာသနာအတွက်လူတိုင်းမှာ တာဝန်ရှိတယ်။ တာဝန်

ရှိသူဟာ တာဝန်ကိုသိရမယ်။ သိသည့်အတိုင်းလဲ ဆောင်ရွက်ရမယ်။ ရန်မျိုး အောင်ဟာ လူငယ်ပေမဲ့ စိတ်ထားသေး

ငယ်သူတော့မဟုတ်။ တာဝန်ရှိလာရင် ဆောင်ရွက်ရန်အဆင်သင့်၊ သာသနာအတွက်ဆိုရင် ပိုလို့ပင် ကြိုးစားချင်သူ။

ဒီကာမမှောင်အတွင်းက ဗုဒ္ဓရုပ်ပွားတော် ကြီးကို ပင့်ထုတ် ရမယ့်တာဝန်ဟာငါ့တာဝန်လို့ ဦးထိပ်မှာတင်ကာခံယူ

လိုက်တော့တယ်။ “ဘုရားရုပ်ပွား တော်ကြီးကို ငါရအောင်ပင့်မယ်”လို့ သံဒိဋ္ဌာန်ချ ဆုံးဖြတ်လိုက်တယ်။ သူရဲ့

အဓိပတိစွမ်းအားရှိတဲ့ ဆန္ဒအလင်းရောင်ဟာ ဒီဝန်းကျင် ကာမမှောင် ကိုကျော်လွန်ကာ တောက်ပခဲ့ပေပြီ။

ရန်မျိုးအောင်ဟာ နောက်နေ့မှာစောစောအလုပ်ဆင်းဖြစ်တယ်။ ဆူရှီဘားမှာ အလုပ်လုပ်ရင်း ဆိုင်ရှင်

သူဋ္ဌေးအလာကို စောင့်နေတယ်။သူဋ္ဌေးရောက်လာပြီးခဏမှာ ဘုရားအတွက်ဆန္ဒပြင်းပြနေတဲ့ ရန်မျိုးအောင်ဟာ

ရဲရဲဝံ့ဝံ့ သူဋ္ဌေးရုံးခန်းထဲသို့ဝင်ခဲ့ရာ မခေါ်ပဲနဲ့ရောက်လာတဲ့ အလုပ်သ္မားကို သူဋ္ဌေးက ခပ်စိမ်းစိမ်းမော့ကြည့်

တယ်။ “သူဋ္ဌေးကို ပြောစရာရှိလို့ပါ”။ “အေး-ပြော”။ “ဒီဆိုင်ထဲက ဗုဒ္ဓပုံတော်ကြီးကို ကျွန်တော့်ကို ရောင်းပါ၊

ဘယ်လောက်ပေးရမလဲ။ ဒါမှမဟုတ်ကျွန်တော်လုပ်ခမယူပဲ တနှစ်လုပ်ပေးပါ့မယ်”။ ရန်မျိုးအောင်ဟာ သူ့ကြံ

စည်ထားတဲ့အတိုင်း ဟောဟောဒိုင်းဒိုင်းပြောချလိုက်တယ်။ သူဋ္ဌေးက ဒီကောင် မတန်မရာ ဘာတွေလာပြောနေ

တာလဲဆိုတဲ့သဘောမျိုးနဲ့ လှောင်ပြုံးပြုံးလိုက်ပြီး ဦးခေါင်းကို ငြင်သာစွာရမ်းပြလိုက်တော့ ရန်မျိုးအောင်ခေါင်းငိုက်

ဆိုက်ဖြင့် အခန်းထဲကထွက်ခဲ့ရရှာတော့တယ်။ ပြောဆိုမာန်မဲ မလွှတ်လိုက်သည်ကိုပင် ကျေးဇူးတင်ရမလို။

ရန်မျိုးအောင်ဟာ အလျှော့မပေးစိတ်ဓါတ်မကျခဲ့၊

ဆိုင်မန်နေဂျာအမျိုးသ္မီးထံချဉ်းကပ်ပြီး သူဋ္ဌေးကိုကူညီ

ပြောပေးပါရန် အသနားခံခဲ့တယ်။ မန်နေဂျာကလဲမဖြစ်

နိုင်ကြောင်း နှစ်သိမ့်စကားသာပြောတယ်။ရင်းနှီးနေလို့ 

မန်နေဂျာကိုတော့ အခွင့်သင့်တိုင်း အကူအညီတောင်း

ဖြစ်တယ်။ ဘာမှတော့ အကြောင်းမထူးခဲ့။တနေ့တော့

မန်နေဂျာကိုပြောမိတယ် “ ဒီဗုဒ္ဓရုပ်ပုံတော်က ငါတို့

့ဗုဒ္ဓဘာသာတွေအတွက် အထွတ်အမြတ်ကိုးကွယ်တဲ့ဗုဒ္ဓ၊

နင်တို့ ကိုးကွယ်တဲ့ ဘုရားကို အခုလိုမရိုမသေ မဖွယ်

မရာတွေ ပြုလုပ်နေတာကို တွေ့ရင် နင်တို့ကြိုက်ပါ့

မလား။ ငါတို့ဗုဒ္ဓကို ဒီလိုပြုလုပ်နေတာကိုမြင်ရတော့ ငါသိပ်စိတ်ဆင်းရဲရတယ်။” လို့ မအောင့်ပဲ ခံစားမိတဲ့

အတိုင်းပြောချလိုက်မိတယ်။ သူတို့အားလုံးက ဗုဒ္ဓဘာသာ မဟုတ်ကြဘူးလေ။ ရန်မျိုးအောင် စကားကြောင့်

မန်နေဂျာ ငိုင်ပြီး တွေဝေသွားတယ်။ သူပြောတာ အမှန်တရားပဲလို့ ယူဆသွားပုံရတယ်။ အသိတရားရှိသူတိုင်း

အမှန်တရားကို လက္ခံကြမည်သာ…။

ပြောချင်တာတွေ ပြောလိုက်ရလို့ ရန်မျိုးအောင်ရင်ထဲမှာ အနည်းငယ်ပေါ့သွားတယ်။ သူဋ္ဌေးကိုလဲပြောပြလိမ့်

မယ်လို့ မျှော်လင့်မိရင်း ကျေနပ်နေမိတယ်။
ရန်မျိုးအောင်မှာ သူဋ္ဌေးက မခန့်ပါပဲ အလုပ်တစ်ခုတိုးခဲ့ပြီ်၊ အလုပ်ကိုစောစောလာပြီး ညကမြူတူးပျော်ပါး

သောက်စားကြရင်း ဗုဒ္ဓရုပ်ပွားတော်ကြီးပေါ်မှာ တင်ထားခဲ့တဲ့အရက်ခွက်တွေ၊ ပေကျန်နေတဲ့အရက်စက်တွေ၊

ဘုရားဝန်းကျင်မှာ စွန့်ပစ်သွားကြတဲ့အရက်ခွက်တွေကို သုတ်သင်ရှင်းလင်းတယ်။ ပြီးရင် သရဏဂုံသုံးပါးနဲ

ဘုရားဂုဏ်တော်ကိုးပါးကို အခေါက်ခေါက်အခါခါရွတ်ဆိုပြီး ပူဇော်ကန်တော့တယ်၊ ဘုရားကြီးကိုပင့်နိုင်ရပါလို

၏လို့ လည်းအကြိမ်ကြိမ်ဆုတောင်းမိတယ်။ ဒါသည်ပင် သူ့ရဲ့နေ့စဉ်အလုပ်၊ နေ့စဉ်ကုသိုလ် တစ်ခုဖြစ်ခဲ့လေပြီ…။

ဒီလိုနဲ့ ရက်တွေ လတွေပြောင်းခဲ့ပေမဲ့ ရန်မျိုးအောင်မျှော်လင့်ချက်ကတော့ ဘာမှအကောင် အထည်

ပေါ်မလာသေး။ “ဆန္ဒ၀တော ကိံနာမကိစ္စံ န သိဇ္ဈတိ” (ပြင်းထန်သောဆန္ဒရှိသူသည် ဘယ်ကိစ္စမဆို မပြီးသည်

မည်သည်မရှိ)ဆိုသည့်အတိုင်း ဘုရားပင့်လိုတဲ့ဆန္ဒက ပိုလို့ ပိုလို့ ပင် တိုးလာမိတယ်။ ဒုတိယအကြိမ် သူဋ္ဌေးရုံးခန်း

ထဲသို့ ၀င်ခဲ့မိပြန်တယ်။

“သူဋ္ဌေးကို ဒေါ်လာ ခြောက်ထောင်လဲပေးပါ့မယ်၊ ခြောက်လလဲ လုပ်အားခမယူပဲ အလုပ်လုပ်ပေးပါ့မယ်၊

ကျေးဇူးပြုပြီး ဗုဒ္ဓပုံတော်ကြီး ကျွန်တော့်ကို ရောင်းပေးပါ”၊ ရန်မျိုးအောင်က ဒီတခါတော့ ပုံစံတစ်မျိုးပြင်ပြီးတောင်း

ဆိုလိုက်တယ်။ သူဋ္ဌေးရဲ့မျက်နှာဟာ ပထမအခါလိုမဟုတ်တော့လို့ ရန်မျိုးအောင်အားတက်မိ တယ်။မန်နေဂျာက

လဲ ပြောထားလိမ့်မယ်လို့ သူထင်မြင်မိတယ်။ “မင်း ဒီလောက်တောင်လိုချင်နေရင် ဒီနေရာမှာ အစားထားဖို့

နဂါးကြီးတစ်ကောင်ရှာပေးပါ”။ ရန်မျိုးအောင် သိပ်ပျော်သွားတယ်၊ “ဟုတ်ကဲ့၊ ကျွန်တော် ရှာပေးပါ့မယ်”လို့

ဝမ်းမြောက်ဝမ်းသာ ကတိပေးလိုက်တယ်။ အလုပ်အားရက်တိုင်း ရန်မျိုးအောင် နဂါးရှာပုံတော်ဖွင့်လေပြီ။

သူငယ်ချင်း ကိုမိုးဝင်းတို့ဇနီးမောင်နှံကလည်းကူညီရှာပေးတယ်။ လော့စ် အိမ်ဂျ လိစ်မှာရှိတဲ့ ဆိုင်ပေါင်းစုံကို

အနှံ့ရောက်ခဲ့ပြီ။ အသိမိတ်ဆွေများကိုလည်း ဖုံးဆက်စုံစမ်းတယ်။ စာရေးသူထံ ကိုလည်းဖုံးဆက်ခဲ့တယ်

“ဆရာတော် နဂါးရုပ်ကြီးကြီး ဘယ်မှာရနိုင်မလဲဘုရား။” “တရုပ်ဆိုင်တွေမှာ ရှိမှာပေါ့ကွာ”လို့ လွယ်လွယ်ပဲ

ဖြေလိုက်တယ်။ အကျိုးအကြောင်းလည်း မမေးလိုက်မိပါ။

နဂါးရှာရင်း ငွေခြောက်ထောင်အတွက်လည်းရှာရသေး၊ တကယ်တော့သူ့မှာမရှိ၊ သိမ်းထားတာလေးတွေ

တွက်ချက်ကြည့်လိုက်တော့ သုံးထောင်သာရှိပြီး သုံးထောင်လိုသေးတယ်။ ဘုရားပင့်ဖို့ သယ်ယူ စရိတ်ကလည်း

တစ်ထောင်လောက်ကုန်လိမ့်မယ်။ လေးထောင်ပင်လိုသေး၊ ဘယ်လိုလုပ်ရပါ့။ ခေါင်းကုတ်လို့ကြံသော်လည်းအကြံ

က မထွက်။ ချေးးဖို့ငှါးဖို့ဆိုတာလဲမလွယ်ကူလှ။ ရှိတဲ့ပစ္စည်းကြည့်ပြန်တော့လဲ ဆွဲကြိုးတစ်ကုံးနဲ့ မော်တော်ကားသာ

ရှိရဲ့ ။ ကားကလဲ အလုပ်သွားဖို့အတွက် မရှိမဖြစ်ပြန်။ ကြံရာမရနိုင်ခဲ့၊ မိမိငှါးရမ်းနေတဲ့ ၁၀-ပေ ၁၅-ပေအခန်းလေး

ထဲမှာ ငွေလေးများ တွေ့လိုတွေ့ငြား လှန်လှောမွှေနှောက် ရှာမိပြန်တယ်။ ဗလာနတ္ထိ ဘာတစ်ခုမှ မရှိပါပေ။

ရန်မျိုးအောင် ဇွဲမလျှော့ ဆန္ဒမပျက်၊ ဘုရားအတွက် ဘ၀ကိုပင်

ပေးဆပ်ချင်ပေးဆပ်ရပါစေ၊ ငါဖြစ်အောင်လုပ်မယ်လို့ ဆုံးဖြတ်ထားပြီး

ဖြစ်ရာ ကားကိုရောင်းမယ်၊ အိမ်နဲ့ အလုပ်က လေးမိုင်ပဲဝေးတာ၊ လမ်း

လျှောက်သွားမယ်။ ဘုရားအတွက်ပဲ ဒီလောက်တော့ ဒုက္ခခံရမှာပေါ့။

ရန်မျိုးအောင် ကိုယ့်ဆုံးဖြတ်ချက်ကိုယ် သိပ်ကျေနပ်မိတယ်၊ ပီတိဖြစ်

မိတယ်။ ခက်ခက်ခဲခဲ အိပ်သွန်ဖာမှောက် ဒါနမြောက်အောင် လှူဒါန်း

တဲ့ စေတနာဟာ အလွန်အကျိုးကြီးတယ်လို့ မြန်မာပြည်မှာကထဲက

ကြားခဲ့ဖူး နာခဲ့ဖူးတယ်။ ဒါပေမဲ့ အကျိုးကိုသူမမျှော်၊ကာမမှောင်အတွင်း

က ဘုရားရုပ်ပွားတော်ကြီး ပင့်ထုတ်နိုင်ဘို့သာ အဓိကမျှော်မှန်းချက်။

အလုပ်အားရက်မှာ နဂါးရှာထွက်ရင်း ကားအဟောင်းရောင်းဝယ်

တဲ့ ဆိုင်တွေကို သူ့ကားဈေးနှုန်းစုံစမ်းတယ်။ ရွှေဆိုင်မှာ သူ့အမေပေး

ထားတဲ့ အမြတ်တနိုး ဆွဲကြိုးကိုလဲ ဈေးစုံစမ်းလိုက်တယ်၊ နှစ်ခုပေါင်း

လိုက်တော့ လေးထောင်ကျော်လောက်ရမယ်လေ။ ဟုတ်ပြီ၊ ရန်မျိုးအောင်သိပ်ပျော်သွားပြီ၊ ဘာမှပူစရာမလိုတော့။

ဟန်ကျလိုက်ပုံက နဂါးကိုလဲ တွေ့လိုက်ပြန်သေး၊ ၇-ပေခန့်ရှိတဲ့နဂါးကြီး တောင်ပံကြီးနဲ့ လှမှလှ၊ သူဋ္ဌေးတော့ သိပ်

သဘောကျလိမ့်မည်။ ရန်မျိုးအောင်ပျော်မဆုံးတော့၊ သူငယ်ချင်းကို မိုးဝင်းကို ပုခုံးကိုလက်သီးနဲ့ထိုးပြီး“အောင်ပြီကွ”

လို့ ကြွေးကြော်မိတယ်။

နောက်ရက် အလုပ်ဆင်းတော့ ၀တ္တရားမပျက် ဘုရားကြီးကို သန့်ရှင်းပူဇော်ပြီး ဘုရားရဲ့လက်တော်ကို လက်နှစ်

ဖက်နဲ့ တင်းကျပ်စွာကိုင်ကာ “အရှင်ဘုရားကို ပင့်နိုင်တော့မည်ဘုရား”လို့ အားပါးတရလျှောက် ထားလိုက်မိတယ်။

သူဋ္ဌေးလာတော့ သူဋ္ဌေးရုံးခန်းထဲကို အောင်လံကိုင်သွားသူလို ရွှင်လန်းတက်ကြွစွာ ၀င်ခဲ့ပြန်တယ်။တတိယအကြိမ်

ဝင်ခဲ့ခြင်းပေါ့။ “ ရန်- မင်းနဂါးတွေ့ပြီလား။” “ဟုတ်ကဲ့၊ တွေ့ခဲ့ပြီ၊နဂါးကြီးက သိပ်လှတာပဲဗျာ။” “မင်း နဂါးက ဘယ်နှစ်

ပေလောက်ရှိလဲ။” “၇-ပေရှိပါတယ် ခင်ဗျာ။” “ငယ်တယ်ကွာ၊ ငါက ၁၀ ပေအထက်နဂါးပဲလိုချင်တယ်”။ရန်မျိုးအောင်

ရဲ့အောင်လံကို အချိုးခံလိုက်ရပြီ။ ခေါင်းငိုက်ဆိုက်ဖြင့်ထွက်ခဲ့ရပြန်ပြီ။ခဲလေသမျှ သဲရေကျပြီထင့်…။

ရန်မျိုးအောင်ဟာ ဆူရှီဘားမှာထိုင်ကာ ငိုင်နေမိတယ်၊ဘာလုပ်ရမလဲလို့ စဉ်းစားနေမိတယ်။ဆိုင်ပေါင်းစုံရောက်

ခဲ့ပြီးဖြစ်လို့ ၁၀-ပေလောက်ကြီးတဲ့နဂါး မရှိဘူးဆိုတာလဲ သူသိထားပြီးဖြစ်သား။ ဇာတ်လမ်းကတော့ပြီးလေပြီ.. ။

ဒါပေမဲ့ ရန်မျိုးအောင် အရှုံးမပေးချင် ဆက်လက်ကြိုးစားချင်တယ်။လမ်းစလဲမမြင်။ အဖန်ဖန်အထပ်ထပ် ရှာကြံ

စဉ်းစားဆင်ချင်မိပြန်တယ်။ ခေါင်းထဲမှာ ဉာဏ်အလင်းရောင်ပေါ်လာတယ် “ဟုတ်ပြီ - ဘုရားမှ တစ်ပါး အားကိုးရာ

မရှိဘူး၊ ဘုရားဂုဏ်တော်တွေကို ရွတ်ပွားပြီး သစ္စာဆိုမယ်”လို့  မျက်စိလယ် လမ်းပျောက်နေသူ လမ်းမှန်တွေ့သလို

အရမ်းအားတက်သွားတယ်၊ ဘုရားဂုဏ်တော်တွေ ရွတ်ဆိုရင်း ဆူရှီလိပ် လေတော့တယ်။


ဒုတိယပိုင်းကို ဆက်လက်အားပေးစေလိုပါတယ်။

အရှင်ဧသက

ဗြဟ္မ၀ိဟာရ (အဇူဇာကျောင်း)

လော့စ် အိမ်ဂျလိစ်၊ အမေရိကန်

၂၀၁၀ ခု၊ ဒီဇင်္ဘာလ ၂၇-ရက်။


နိုက်ကလပ်မှ မြတ်ဗုဒ္ဓ ()

အရှင်ဧသက

ရန်မျိုးအောင်တစ်ယောက် ဂုဏ်တော်ပေါက်လေမလား၊ လူပေါက်နေသူလို့ ထင်ကြလေမလား မသိ၊

တချိန်လုံးဂုဏ်တော်တွေကိုသာရွတ်နေတော့တယ်။ အလုပ်သွားအလုပ်ပြန် ကားမောင်းရင်းလဲ ဂုဏ်တော်ရွတ်၊

ဈေးသွား ဈေးဝယ်ပြန်ရင်လဲ ဂုဏ်တော်ရွတ်၊ ချက်ရင်းပြုတ်ရင်း အိမ်မှာနေရင်းလဲ ဂုဏ်တော်ရွတ၊် တစ်ခါတရံ

အာခေါင်တွေခြောက်ပြီး လျှာပင်ပူလာတဲ့အထိဖြစ်ခဲ့ရတယ်။

ဒီအထဲ အလုပ်ကလဲ ပူလာပေပြီ၊ သူ့ဆူရှီဘားတွင် အလုပ်သ္မားသုံးယောက်လုပ်နေရာမှ အခြားနှစ်ယောက်

ကို စီးပွားရေးမကောင်းဟုဆိုကာ ရှေ့ဆင့်နောက်ဆင့် ဖြုတ်ပစ်လိုက်ရာ၊ သုံးယောက်တာဝန်ကို တစ်ယောက်တည်း

လုပ်နေရတော့တယ်။ မပြီးသေးဘူးလား၊ ကြာလှချည့်လားလို့လဲ မကြာမကြာ အအော်ခံရ၊အဆူခံရပြန်တယ်။ ရန်မျိုး

အောင်စိတ်ညစ်လာပြီ၊ အလုပ်က နှစ်ဆလောက်ပိုပင်ပမ်း၊ ဟောက်လိုက် ဆူလိုက်တာကလဲ နေ့စဉ်လိုဖြစ်နေတော့

အလုပ်ထွက်တော့မယ်လို့စိတ်ကူးမိတယ်၊ မဖြစ်သေးပါ၊ ဘုရားကြီးကိုထားခဲ့လို့ မဖြစ်သေးပါ၊ ဘုရားကြီးကို တစ်ပါ

တည်းပင့်နိုင်မှ ငါထွက်တော့ မယ်လို့ စိတ်ဒုန်းဒုန်းချကာ ပင်ပမ်းသမျှ၊ ဆူသမျှတွေကို သည်းခံပြီး ဂုဏ်တော်တွေကို

သာအဖန်ဖန်ရွတ်ပွားနေတော့တယ်။

တရွေ့ရွေ့ဖြင့် အောက်တိုဘာလ နောက်ပိုင်းသို့

ပင်ရောက်ခဲ့ပေပြီ။ ဘုရားကြီးဝန်းကျင်မှာ မြူးတူးပျော်ပါး

ကနေကြဆဲ၊ ရန်မျိုးအောင်လည်း ဘာရန်မှ မအောင်နိုင်ရှာ

ဂုဏ်တော်သာ ရွတ်နေဆဲပင်။

တနေ့တွင် သူဋ္ဌေးရဲ့ ဖခင် အဖိုးကြီး ဆိုင်ကိုရောက်

လာတယ်၊ ရန်မျိုးအောင် အလုပ်လုပ်နေရာမှထွက်လာပြီး

အဖိုးကြီးကို ရိုရိုသေသေ ပြင်ဆင်ကျွေးမွေး ပြုစုတယ်။

အဖိုးကြီးကို မေတ္တာပို့ တယ်၊ အဖိုးကြီး မပြန်မချင်း စူးစူး

စိုက်စိုက်ပို့နေမိတယ်။ ဂုဏ်တော်အစွမ်း မေတ္တာပန်းတို့က

အချည်းအနှီးမဖြစ်ပါပေ။ဗုဒ္ဓဘာသာဝင်တို့ရဲ့ အားအကောင်းဆုံးလက်နက်များပင်မဟုတ်ပါလား။လက်နက်ကောင်း

တွေရှိပါလျှက် မသုံးတတ်လျှင် အောင်ပွဲဆင်နိုင်မည် မဟုတ်ပေ။ ရန်မျိုးအောင်ကတော့ သူပိုင်လက်နှက်များဖြင့်

ဒလပ်စပ် ပစ်ခတ်နေပေပြီ။

နောက်တစ်ပတ်လောက်မှာရန်မျိုးအောင်ရဲ့မွေးနေ့ရောက်လာတယ်၊ နိုဝင်္ဘာလ ၂ ရက်နေ့ပေါ့၊ ဆိုင်ကိုစောစော

လာပြီး ပြုလုပ်နေကြဖြစ်တဲ့ ဘုရားဆင်းတုတော်ကြီးကို သန့်ရှင်းရေးလုပ်တယ်။ပါလာတဲ့ ပန်းစည်းကို မွေးနေ့ကုသိုလ်

အဖြစ် ဘုရားရဲ့လက်တော်ထဲကပ်လှူပြီး ၀တ်ပြု ဂုဏ်တော်ပွား ဆုတောင်းပါ တယ်၊ ဆုတောင်းရပေမဲ့ အားသိပ်မရှိ

လှပါဘူး၊ သူ့ခံစားချက်အတိုင်း ဘုရားကြီးကို သနားစိတ်တွေဖြစ်နေမိတယ်။ ဒါပေမဲ့ ဆင်းတုတော်ကြီးရဲ့ မျက်နှာတော်

မှာ ခါတိုင်းနေ့ထက် ကြည်လင်တောက်ပနေတယ်လို့ ရန်မျိုးအောင် ထင်နေမိတယ်.. ။

ဘုရားဝတ်ပြုပြီးအလုပ်လုပ်နေစဉ် သူဋ္ဌေးခေါ်တယ်ဆိုလို့ ရန်မျိုးအောင် လန့်သွားတယ်။ငါ့များအလုပ်ဖြုတ်တော့

မှာလားဆိုတဲ့အတွေးက ပဌမဆုံးဝင်လာခဲ့တယ်၊ ဖြစ်နိုင်တယ်၊ သူတို့ဆိုင်မှာ စီ်းပွားရေးအရ အဓိကထားတဲ့ဘုရားရုပ်

ပွားတော်ကြီးကို ရန်မျိုးအောင် ထုတ်ယူဖို့ကြိုးစားခဲ့ပြီ။ ဘာသာရေးပြဿနာများဖြစ်ပေါ်လာအောင် ဖန်တီးသူလို့လဲ

ထင်မြင်နိုင်တယ်။ ဓါတ်ပုံရိုက်ခွင့်မရှိတဲ့ နိုက်ကလပ်အချိန်မှာလဲ ရန်မျိုးအောင် ဓါတ်ပုံတွေရိုက်ခဲ့ပြီ။ သူရည်ရွယ်တာ

က ဘုရားကြီးကို ငါပင့်လို့မရနိုင်ခဲ့ရင် ဓါတ်ပုံတွေပြပြီး အကူအညီတောင်းမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ရိုက်နေတာပါ။

ဒါကို အစောင့်တွေမြင်ပြီး သူဋ္ဌေးအား တိုင်ကောင်းတိုင်ပေလိမ့်မယ်။ သူတို့အမြင်တော့ ရန်မျိုးအောင်ဟာအပြစ်ရှိသူ

တယောက်ပါ။ ဒီဆိုင်မှာ မရှိသင့်သူတစ်ယောက်ပါ။ ဒါကို ရန်မျိုးအောင်အသိ၊ သိလို့လည်း မာဖီးယားလိုအင်အားကြီးတဲ့

သူတွေမို့ ငါ့ကိုရန်ပြုလေမလားဆိုပြီး သတိကြီးစွာနဲ့နေခဲ့ရတယ်။ တစ်ချိန်ချိန်မှာ အလုပ်ဖြုတ်ပစ်နိုင်တယ်လို့ မျှော်လင့်

ထားပြီးသား.. ။ ဒီမျှော်လင့်ချက်နဲ့ သူဋ္ဌေးရုံးခန်းထဲဝင်ခဲ့ရပြန်တယ်။ ဒါစတုတ္ထအကြိမ်ပါ၊ ဒီတစ်ခါတော့ သူတောင်းဆို

ဖို့ ၀င်လာခြင်းမဟုတ်၊ အမိန့်နာခံဖို့ ၀င်လာခြင်းပါ၊ နောက်ဆုံးစီရင်ချက်များဖြစ်လေမလား။ ရင်တထိတ်ထိတ်နဲ့ပေါ့။

သူဋ္ဌေးက ချိုသာသောမျက်နှာနဲ့ “ရန်-လာ၊ ထိုင်”

လို့ ကြိုဆိုနှုတ်ဆက်တော့ ရန်မျိုးအောင် အနည်းငယ်

စိတ်သက်သာသွားတယ်။ သူဋ္ဌေးက သူ့ကို ပြုံးရွှင်စွာ

ကြည့်ပြီး “ရန်- မင်းလိုချင်တဲ့ ဗုဒ္ဓကြီးကို မင်း ယူလို့ရပြီ။”

“ဟာ-တကယ်လား” ရန်မျိုးအောင် အရမ်းဝမ်းသာသွား

ကာ၊ ထခုန်ချင်လောက်အောင်ပင်ဖြစ်ခဲ့ရတယ်။ သူဋ္ဌေး

အားလက်အုပ်ချီကာ “ကျေးဇူးတင်လိုက်တာဗျာ”လို့

လှိုက်လှိုက်လှဲလှဲဆိုမိတယ်။

သူဋ္ဌေးကဆက်ပြောတယ် “ဒီကောင်လေးဆိုရင်

ပေးလိုက်ပါလို့ ငါ့အဖေက ပေးခိုင်းတာကြောင့်ပေးတာပါ။”

လို့ သူ့ဖခင်ရဲ့သဘောထားကိုပါရှင်းပြတော့။“အော်- ဟုတ် (အဇူဇာကျောင်းသို့ကြွတော်မူစဉ် အဇူဇာမြို့အ၀င်တွင်)

လား၊ အန်ကယ်ကိုလဲ ကျေးဇူးတင်ကြောင်းပြောပေးပါဗျာ။ အရမ်းကို ကျေးဇူးတင်ပါတယ်။”

ရန်မျိုးအောင်သိလိုက်ပါပြီ၊ဂုဏ်တော်များနဲ့ထုံမွှန်းထားတဲ့ မေတ္တာစွမ်းဟာ အဖိုးကြီးရဲ့ နှလုံးသားကိုထိမှန်ခဲ့ပေပြီ။

ဘုရားဂုဏ်တော်တို့ ရဲ့  အစွမ်းအာနိသင်ကိုလဲ လေးလေးနက်နက် ယုံကြည်မဆုံးတော့..။ သဗ္ဗညုတ ဘုရားရှင်သည်

သုံးလောကတွင် အအောင်မြင်ဆုံး အမြတ်ဆုံး။ ဗုဒ္ဓ၏ဂုဏ်တော်များ ထုံမွှန်းထားသူမှာလည်း ကိုယ့်ပမာဏအလိုက်

အောင်မြင်ရမည်မှာမုချ..။ရန်မျိုးအောင်ဟာ မိမိဘ၀တိုးတက်ရေးအတွက် ထိုအားကိုးရာ လက်နှက်ကောင်းတစ်ခုကို

ယုံကြည်ချက် အပြည့်ဖြင့် လက္ခံ ရရှိလိုက်ပေပြီ။

ဝမ်းသာလွန်း၍ သူငယ်ချင်း ကိုမိုးဝင်းကိုလဲ အကြောင်းစုံဖုန်းဆက်ကာ ရည်မှန်းထားသည့်အတိုင်း ကားနှင့်

ဆွဲကြိုးကို အတူသွားရောင်းရန် ရက်ချိန်းလိုက်တော့တယ်။

ရန်မျိုးအောင်ဟာ အလုပ်သွားအလုပ်ပြန် ခြေလျှင်သွားရမည့် ဒုက္ခကို သူမမြင်၊ ဘုရားကြီးပင့်နိုင်ရေး ကသာ

အဓိကမျှော်မှန်းချက်။ ကိုမိုးဝင်းကမူ ရန်မျိုးအောင်ရဲ့ဒုက္ခကိုမြင်ကာ သနားကရုဏာဖြစ်နေတယ်။ရန်မျိုးအောင်ရဲ့

စေတနာ သဒ္ဓါတွေကိုလည်း လေးစားနေမိတယ်။ ချိန်းတဲ့ရက်မှာ ကိုမိုးဝင်းအိမ်မှာ ဆုံကြတယ်။ ရန်မျိုးအောင်က

ဖြစ်ခဲ့တာတွေ၊ ကားရောင်းမဲ့ အစီအစဉ်တွေကို အားရ၀မ်းသာနဲ့ ပြောပြတယ်။ ကိုမိုးဝင်းက မှတ်ချက်ပေးတယ်

“ရန်မျိုးအောင်-မင်းမှာလည်း ဘာမှမကျန်တော့ဘူး၊ လူပဲကျန်တော့တာပါလား”။ ရန်မျိုးအောင် အားရပါးရရယ်လိုက်

တယ်၊ ဒီစကားကို သိပ်သဘောကျသွားပုံရကာ“ဟုတ်တယ် ကိုမိုးဝင်း၊ လူပဲကျန်တော့တယ်၊ လူလဲ ဘုရားကျွန်ဖြစ်ချင်

ဖြစ်ပါစေ၊ ကျွန်တော်တို့က တစ်သံသရာလုံး သားကျွန် မယားကျွန်ဖြစ်ခဲ့ရတာဗျ၊ ဘုရားကျွန်ဖြစ်ခွင့် ရခဲပါတယ်ဗျာ။”

အရွယ်နဲ့မလိုက်တဲ့ ရန်မျိုးအောင်စကားကြောင့်

ကိုမိုးဝင်းအံ့သြသွားကာ “ကောင်းပါတယ်ကွာ၊ မင့် စိတ်

ဓါတ်ကိုချီးကျူးပါတယ်၊ လေးစားပါတယ်။မင်းကို သနားလဲ

သနားမိပါတယ်။ ဒို့လင်မယား မင့်ကို ကူညီဖို့ တိုင်ပင်ထား

တယ်။ ကားလဲသွားမရောင်းပါနဲ့၊ မင်းလိုတဲ့ငွေကို ငါတို့ချေး

ပေးပါ့မယ်။” “ဟာ- တကယ်။ ၀မ်းသာလိုက်တာဗျာ” ဟု

ပြောပြောဆိုဆို ကိုမိုးဝင်းကိုဖက်ကာ ဝှေ့ရမ်းလိုက်မိတယ်။

ဇနီးဖြစ်သူ မဘေဘီကအသင့်ပြင်ထားတဲ့ ဒေါ်လာလေး

ထောင်ကိုထုတ်ပေးတဲ့အခါမှာတော့ “အဆင်ပြေချင်တော့လဲ

ချောလို့ပါလား”လို့ ရန်မျိုးအောင်ပီတိဖြစ်မဆုံးတော့။

(အဇူဇာကျောင်းသို့ ဘုရားပင့်လာပုံ) ငွေထုပ်ပိုက်ပြီး သူဋ္ဌေးရုံခမ်းထဲကို ရောက်ခဲ့ပြီ၊

“ငွေခြောက်ထောင်ပေးပါ့မယ်၊ ခြောက်လလည်း အခမဲ့အလုပ်လုပ်ပေးပါမယ်” ဆိုတဲ့ ကတိစကားအရ သူဋ္ဌေးအား

ခြောက်ထောင်ပေးချေလိုက်တယ်။ “မင်းမိုလို့ ဒီဗုဒ္ဓကြီးကို ရောင်းပေးတာပါ၊ အရင်ကလဲ ခဏခဏလာဝယ်ကြတယ်၊

ဒို့မရောင်းခဲ့ပါဘူး။ ဒီဗုဒ္ဓကို တရုပ်ပြည်ကမှာယူထားတာ၊ ဒေါ်လာ နှစ်သောင်းခွဲကျတယ်။ မင်းပေး တာက အစွန်းထွက်

လောက်ပဲရှိပါတယ်။” “ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်ဗျာ၊ အခုလိုရောင်းပေးတဲ့ အတွက် ခင်ဗျားတို့မှာလည်း ကောင်း

ကျိုးတွေဖြစ်မှာပါ။ ဖြစ်ပါစေလို့လည်း ကျွန်တော် ဆုတောင်းပါတယ်။”

အလုပ်ကိစ္စအတွက် ဆက်လက်ဆွေးနွေးကြတယ်။ ခြောက်လအခမဲ့လုပ်ပေးရန် မလို၊ လုပ်ခ တစ်ဝက်ပေးမည်၊

တနှစ်တိတိလုပ်ပေးရမည်။ တစ်နာရီ ဆယ့်ငါးဒေါ်လာဖြင့်လုပ်နေရာမှ ကိုးဒေါ်လာဖြင့်လုပ်ရန် နှစ်ဦးသဘောတူလိုက်

ကြတယ်။ ဘုရားကျွန်ဖြစ်လိုသော ရန်မျိုးအောင်.. ဘယ်လိုအခြေအနေပဲဖြစ်ဖြစ် ဘုရားအတွက်ဆို လုပ်မယ်လို့ဆုံးဖြတ်

ပြီးသားဖြစ်လို့ ဘာမျှအခက်အခဲမရှိ။

ရန်မျိုးအောင်က ကတိတစ်ခုတောင်းဆိုလိုက်တယ်။

“နောင်ကို ဒီနေရာမှာ ဗုဒ္ဓရုပ်ပုံတော်တွေ ဘယ်တော့မှ

မထားပါနဲ့ခင်ဗျာ၊ ဒီကတိလေးတစ်ခုတော့ ကျွန်တော့ကို

ပေးပါဗျာ။”သူဋ္ဌေးကပြုံးပြုံးကြီး ကြည့်ပြီး ကတိပေးတယ်။

ရန်မျိုးအောင်ရဲ့သဘောထားကို သူဋ္ဌေးသိနေပြီးဖြစ်ပေ

လိမ့်မယ်..။ ရန်မျိုးအောင်ဟာ ယခု ဘုရားဆင်းတုတော်

ကြီးကို နိုက်ကလပ်မှ ပင့်ယူကယ်တင်လိုက်နိုင်သလို

နောက်နောင် ဘုရားဆင်းတုတော်များအတွက်လည်း

ကာကွယ် ပူဇော်နိုင်ခဲ့ပြီကော… ။ ဗုဒ္ဓဘာသာဝင်တိုင်း

ရှိသင့်တဲ့ စိတ်ဓါတ်ပါပေ။

ရန်မျိုးအောင် ဘုရားကြီးအတွက် ပေးဆပ်လိုက်ရတဲ့ (ရန်မျိုးအောင် ဘုရားရေသပ္ပါယ်နေပုံ)

တန်ကြေးမှာ နည်းလှသည်မဟုတ်။ ငွေကြေး ပမာဏဘက်ကကြည့်ရင် လက်ငင်းခြောက်ထောင်ပေးဆပ်ရသည့်အပြင်

တစ်နှစ်လုံးအတွက် လုပ်အားများ ပေးဆပ်ရသေး.. ။ တစ်နှာရီ $ 15 နှုန်းဖြင့် တနှစ်မှာ $ 28,800 ရရှိရာမှ တစ်နှာရီ

$ 9 နှုန်းဖြင့်ဆိုရင် တနှစ်မှာ $17,280 သာရရှိတော့မည်။ တနှစ်လုံးအတွက် ပေးဆပ်ရမည့် ငွေမှာ $ 11,520 ရှိပြီ၊

လက်ငင်းပေးရတဲ့ ငွေပါဆိုရင် $ 17,520 ပင်.. ။ ဒါ့အပြင် ဆူရီ Menu အသစ်ပြောင်းတိုင်းရမည့် $ 3,000 ကိုလည်း

ထပ်ဆောင်းရပြန်သေး.. ။

လူမှုရေးဘက်ကကြည့်ရင် တစ်နှစ်လုံး ခြေချုပ်မိရပြီ၊ ဒီထက် ၀င်ငွေကောင်းတဲ့အလုပ်မျိုးပြောင်းရွှေ့ လုပ်ကိုင်ခွင့်

မရနိုင်တော့ပေ။ ဒီထက်ဆိုးသည်မှာ မိဘများနှင့်တွေ့ခွင့်မရခြင်းပင်၊ ရန်မျိုးအောင် အမေရိကန်နိုင်ငံ ရောက်နေတာ

(၁၅)နှစ်ရှိခဲ့ပြီ၊ ပြန်ခွင့်မရတဲ့အခြေအနေမို့ မိဘများထံမပြန်နိုင်ခဲ့။ အတွယ်အတာလည်း မရှိတော့ မိဘများကိုပိုလွမ်း

နေမိတယ်၊ သိပ်တွေ့ချင်နေပြီ။ ပြန်ခွင့်ရရခြင်းပြန်မယ်လို့ မျှော်လင့်ချက်ကြီးလည်း ဘယ်တော့ပြည့်မည် မမှန်းသာခဲ့…။

ကံများကလဲဆန်းပါဘိ၊ ဘုရားကြီးအတွက် သဲသဲမဲမဲ အားခဲကြိုးစားနေတဲ့ အောက်တိုဘာလကမှ ပြန်ခွင့်ရခဲ့တယ်။

အမေရိကန်ရောက်စကထဲက အားထုတ်ခဲ့ရတဲ့ အခွင့်အရေးကြီး ဂုဏ်တော်များ ပွားနေတဲ့အချိန်မှ ရခဲ့လို့ ဂုဏ်တော်

အစွမ်းကို ပိုလို့ ပိုလို့ ယုံကြည်ခဲ့ပြီ..။

မိဘနဲ့တွေ့လိုရေးထက် ဘုရားကြီးပင့်လိုရေးက

ပိုအရေးကြီးနေချိန်မို့ ဘုရားကြီးပင့်ပြီးမှ ပြန်တော့မယ်

လို့ မိဘတွေ့လိုစိတ်ကို မျိုသိပ်ထားခဲ့ရပြန်တယ်။

ဘုရားကြီးပင့်ပြီးမှပြန်မယ်ပေါ့။ခုတော့ ဘုရားကြီးပင့်

နိုင်ခဲ့ပါပြီ။ မိဘနဲ့တွေ့ဘို့အရေးကတော့ ဝေးခဲ့ပြန်ပြီ။

တနှစ်အတွင်း မိဘများနဲ့မတွေ့နိုင်လေပြီ။ ဒီအတွက်

ရန်မျိုးအောင်စိတ်မကောင်းပေမယ့်၊ဘုရားကြီးကြည်

ညိုစိတ်နဲ့ ဖြေသိမ့်နေရပေတော့မယ်…။
နိုဝင်္ဘာလ (၆)ရက်နေ့က အဇူဇာ-ဗြဟ္မ၀ိဟာရ

ကျောင်းသို့ ရန်မျိုးအောင် ဘုရားကြီးပင့်လာခဲ့တယ်။

ကိုမိုးဝင်းတို့မိသားစုနဲ့ အလုပ်သ္မားများလဲ ပါလာကြ

တယ်။ အရက်စက်တွေ ပေကြံနေတဲ့ ဘုရားကြီးကို

(အဇူဇာကျောင်း ဆရာတော်များနှင့် ကားပေါ်မှာပင် ရန်မျိုးအောင်က နံ့သာရေများနဲ့

ဂေါပကလူကြိုးများ ဘုရားကြိုဆိုအပြီးတွင် အမှတ်တရ) ရေသပ္ပါယ်တယ်။ကမ္ဘာပေါ်မှာ အလုပ်ချင်ဆုံးအလုပ်

ခုမှလုပ်ရတော့တယ်လို့ပြောလိုက်သေးတယ်။

ဘုရားကြီး နေရာတကျ သီတင်းသုံးပြီးတော့ ရန်မျိုးအောင်က စာရေးသူကို လျှောက်ထားတယ် “ဆရာတော်

ဟိုတစ်ချိန်က တပည့်တော်ဟာ ဆေးသ္မားအဖြစ်နဲ့ ကျောင်းကိုရောက်လာခဲ့တယ်၊ ခုတစ်ခါတော့ ဘုရားဒါယကာအဖြစ်နဲ့

ရောက်လာတာပါဘုရား” တဲ့။ သူအတိတ်ကို သတိရမိပြီး အတိတ်သမိုင်းကို ပြင်လိုက်ပေပြီ။ မှန်တယ် .. တစ်ချိန်က

သူဟာဆေးစွဲခဲ့ဖူးသူ..။ ဆူရှီဆိုင်ရလို့ ကိုယ်တိုင်ဆိုင်ဖွင့်သူ..။ အရွယ်က ငယ်ငယ်၊ ငွေကရွှင်ရွှင်၊ အပေါင်းအသင်းတွေက

လဲများပါဘိ၊ အမေရိကန်မှာ လွတ်လပ်တယ်ဆိုပြီး လွတ်လပ်မှုတွေကိုအလွဲသုံးစားလုပ်၊ နောက်ဆုံးတော့ ဆေးသ္မားဖြစ်

ကာ ဆိုင်လည်းမရှိ၊ ငွေလည်း ဗလာနတ္ထိ၊ အားကိုးစရာလည်း မရှိဖြစ်ကာမှ စာရေးသူထံရောက်လာခဲ့တယ်။ သူ့ကိုစောင့်

ရှောက်ပြီး ဆေးသ္မားဘ၀က လွတ်မြောက်အောင် ကယ်တင်ခဲ့ရတယ်၊ လမ်းမှန်ရောက်အောင် တင်ပေးခဲ့ရတယ်။ မူလ

ဓါတ်ခံ စိတ်ရင်း ကောင်းသူမို့ ပြင်ရတာ သိပ်မခက်လှ.. ။ သူဟာ လူကောင်းပကတိဖြစ်ယုံမက မူးယစ်ဆေး၊ အရက်

သေစာအားလုံးကို နာကျည်းစွာဖြင့်စွန့်ပယ်နိုင်ခဲ့တယ်။ ဒီဘ၀မှာ ဒီအမှားမျိုး ဒီတစ်ခါပဲအဖြစ်ခံမယ်၊ နောင်ဘယ်တော့မှ

မဖြစ်စေရဘူးလို့ ခိုင်မာစွာ ဆုံးဖြတ်ထားသူလည်းဖြစ်နေပါပြီ။

ခုတော့ ဘုရားဒါယကာကြီး ကိုရန်မျိုးအောင် ဘုရားကြီးပင့်၍ ရောက်လာပေပြီ။ သူ့ကိုကြည့်ပြီး စာရေးသူ

ပီတိတွေ တသိမ့်သိမ့်ဖြစ်ခဲ့ရပါပြီ။ ပိုးကင်းပြီး ဖူးပွင့်လာတဲ့ ပန်းပွင့်လေးကိုကြည့်ပြီး ပီတိဖြစ်နေတဲ့ ဥယျာဉ်မှူးလိုပင်.. ။

ဘုရားကြီးကလည်း ဘုန်းတော်ကြီးပါပေတယ်၊ ကျောင်းတော်က အဆင်သင့်ပဲ၊ ဒေါ်လာခြောက် သောင်းကျော်

အကုန်အကျခံပြီးဆောက်လုပ်ထားတဲ့မဏ္ဍပ်ကြီးက အောက်တိုဘာလကမှဆောက်ပြီးခဲ့ပါတယ်။ကြေးညိုရောင်သန်းပြီး

ဉာဏ်တော် ၈-ပေရှိတဲ့ ထိုင်တော်မူရုပ်ပွားတော်ကြီးဟာ ၆၃ ပေ၊ ၃၆ ပေ ကျယ်ဝန်းတဲ့မဏ္ဍပ်ကြီးအတွင်းမှာ တင့်တယ်

သပ္ပါယ်စွာ သီတင်းသုံးတော်မူနေပါပြီ။ မာရ်နတ်ရဲ့ အသင်းအပင်း ကာမမှောင်အတွင်းမှ လွှတ်မြောက်တော်မူခဲ့ပြီး

ဗောဓိအောင်မြေမှာ စံတော်မူလေသကဲ့သို့ အေးငြိမ်း တိတ်ဆိတ် အဇူဇာကျောင်းတော်ရိပ်မှာ နိဗ္ဗာနဓါတ် ချမ်းသာ

မြတ်ကို ခံစားတော်မူလေပြီ။

ဘုရားဒါယကာ ကိုရန်မျိုးအောင်ရဲ့ စေတနာ

သဒ္ဓါတရားများ၊အဓိပတိပစ္စည်းစွမ်းအားရှိသော ဆန္ဒ

ဝီရိယများနဲ့ ဂုဏ်တော်စွမ်းအားများကိုလည်း ချီးမွှန်း

လောက်ပါပေစွ.. ။ သာဓုခေါ်လောက်ပါပေစွ.. ။

ငွေမချမ်းသာသော်လည်း သဒ္ဓါစတဲ့ သူတော်ကောင်း

တရားများ ချမ်းသာတဲ့သူမို့ တာဝန်ရှိရှိ တာဝန်သိသိ

ဖြင့် ဆောင်ရွက်နိုင်ခဲ့ပေပြီ။

အမေရိကန်လိုပြည်ပနိုင်ငံများမှာ ကိုရန်မျိုးအောင်

လို သာသနာပြုလိုသူများ လိုအပ်နေပါပြီ။ တစ်ချို့

နိုက်ကလပ်များမှာ ဘုရားရုပ်ပွားတော်များ ရှိနေပါ

သေးတယ်။ ကမ္ဘာကျော်အပျော်အပါး လောင်းကစား (ငွေများထုပ်ချေး အစစကူညီပေးခဲ့တဲ့ ကိုမိုးဝင်း+မဘေဘီ

မြို့ဖြစ်တဲ့ လပ်စ် ဗေးဂပ်စ်မြို့ရဲ့ နိုက်ကလာပ်တစ်ခုမှာ တို့ကို ရန်မျိုးအောင်ကျေးဇူးတင်လွန်း၍ ကန်တော့)

ရုပ်ပွားတော်ကြီးတစ်ဆူ အထက်ပါနည်းအတူ စံနေတော်

မူရကြောင်း ကြားရပါတယ်။ ဗုဒ္ဓဆင်းတုတော်များကို မတော်တဲ့ နေရာဌာနတွေမှာ အသုံးပြုနေတာမျိုးတွေ

ပပျောက်အောင် ဆောင်ရွက်ကြဖို့ ရန်မျိုးအောင်တွေ တစ်ရာမက ရှိစေချင်စမ်းပါဘိ......။ ။

အရှင်ဧသက
ဗြဟ္မ၀ိဟာရ (အဇူဇာကျောင်း)

လော့စ် အိမ်ဂျလိစ်မြို့၊ အမေရိကန်

www.ashinayethaka.com (မြတ်ပဋ္ဌာန်း)

၂၀၁၀ ခု၊ ဒီဇင်္ဘာလ ၂၈-ရက်

သာသနာတော်ကို စောင့်ရှောက်စေလိုတဲ့ ဆန္ဒနဲ့

မောင်ရန်မျိုးအောင် တွေ့ကြုံ ခံစားခဲ့ရတဲ့အတိုင်း

တင်ဆက်လိုက်တာပါ။

(တစ်ချို့ပုံများ မသင့်တော်ပေမဲ့ သာဘာဝအမှန်အတိုင်း

ဖြစ်စေချင် သိစေချင်လို့ ဖြစ်နေတဲ့အတိုင်း ခပ်မှိန်မှိန်နဲ့

ဖေါ်ပြလိုက်ပါတယ်။)

သဒ္ဓါကြည်ဖြူ အတုယူကာ သာသနာပြုနိုင်ကြပါစေ....။

စာရေးသူ အရှင်ဧသကနှင့်

ဘုရားဒါယကာ ကိုရန်မျိုးအောင်