မြန်မာ့လုပ်သား ပြတ်လပ်မှု အတွက် ပြင်ဆင်ကြရန် ထိုင်းစက်မှု လုပ်ငန်းရှင်များ သတိပေး
မြန်မာနိုင်ငံ၏ တိုးတက် ဖြစ်ထွန်း မှုများ ကမ္ဘာ့ မျက်နှာစာ၌ ပွင့်လင်း မြင်သာ လာသည်နှင့် အမျှ နိုင်ငံရပ်ခြားသို့ တရားဝင်ရော၊ တရားမဝင် သွားရောက် အလုပ် လုပ်ကိုင်နေသည့် မြန်မာ အလုပ်သမား များအား ပြည်တွင်းသို့ ပြန်လည် ဝင်ရောက်ရန် ဆွဲဆောင်လျက် ရှိနေသည်။ ထို့ကြောင့် မြန်မာ အလုပ် သမားများ အများဆုံး ဝင်ရောက် လုပ်ကိုင်နေသည့် ထိုင်းနိုင်ငံ အနေဖြင့် ကြုံတွေ့ရမည့် လုပ်သား ပြတ်လပ်မှုအား ကြိုတင် ပြင်ဆင် ထားကြရန် စက်မှု လုပ်ငန်း ကြီးများမှ ထိုင်းမီဒီယာ များသို့ ထုတ်ဖော် ပြောကြားထားပါသည်။
kanyong လျှပ်စစ် ကုမ္ပဏီ၏ မန်နေးဂျင်း ဒါရိုက်တာ supachai sarethsathian ကမူ “ကျွန်တော်တို့ ထိုင်းနိုင်ငံအတွက်တော့ အခု ကြုံတွေ့ နေရတဲ့ လုပ်သား ပြတ်လပ်မှု ပြသနာဟာ ရေရှည်မှာ ပိုမို ဆိုးရွားလာဖွယ် ရှိပါတယ်။ အထူးသဖြင့် မြန်မာ လုပ်သားတွေ နေရပ်ပြန်တာပေါ့။ နောက်တစ်ခုက ထိုင်းပြည်တွင်း စိုက်ပျိုးရေး ကဏ္ဍတွေရဲ့ ထုတ်ကုန်တွေ ဈေးမြင့်လာတာနဲ့အမျှ စက်မှုလုပ်ငန်း လုပ်သားတွေလည်း စိုက်ပျိုးရေး ကဏ္ဍတွေမှာ ဝင်ရောက် လုပ်ကိုင်ဖို့ ဆွဲဆောင်တဲ့ အချက်ဖြစ်နေပါတယ်” ဟု ဧပြီလ ၁၀ ရက်နေ့တွင် ထိုင်းပြည်တွင်း မီဒီယာများအား ပြောကြား သွားပါသည်။
ထိုင်းနိုင်ငံ၌ အကြီးဆုံး ပင်လယ်စာ စည်သွတ်ဗူး ထုတ်လုပ်သည့် ကုမ္ပဏီ တစ်ခုဖြစ်သည့် Thai Union Frozen Products (TUF) ကုမ္ပဏီ ဥက္ကဋ္ဌ Thiraphong Chansiri က “ကျွန်တော် တာဝန်ယူတဲ့ သက်တမ်း (၆) လတာ ကာလအတွင်းမှာ ပုံရိပ်တွေဟာ တဖြည်းဖြည်း ထင်သာ မြင်သာလာပါတယ်။ တစ်ချို့ထုတ်လုပ်မှု လုပ်ငန်းစဉ် အလုပ်ရုံတွေကို အခြားနိုင်ငံတွေကို ပြောင်းရွေ့ ရစေခြင်း တွေလည်း ဖြစ်လာတယ်။ ဒါဟာလည်း မြင့်တက်လာတဲ့ လုပ်အားခ ပေးဆောင်ရခြင်း တွေအတွက် စီမံ ဆောင်ရွက်ချက် တွေပါ။ အပြောင်းအလဲ အခြေအနေတွေကို စောင့်ကြည့် သွားဖို့လိုပါတယ်။ ဒါပေမယ့် မလွဲမသွေ ကြုံတွေ့ရမယ့် ပြသနာရပ်တွေ အတွက်လည်း ကြိုတင် ပြင်ဆင်ထားဖို့ လိုနေပါပြီဟု” ပြောကြား သွားပါသည်။
မဟာချိုင် TUF စက်ရုံ မီးလောင်မှု ဖြစ်ပွါးစဉ် ဒဏ်ရာရသူများအား အရေးပေါ် ကယ်ဆယ်ရေးမှ ယူဆောင်လာစဉ် (ဓါတ်ပုံ - အင်တာနက်)
TUF ကုမ္ပဏီသည် နိုင်ငံတကာနှင့် အဝှမ်းတွင် လုပ်သားပေါင်း ၃၂၀၀၀ ဦး ရှိကာ၊ ထိုင်းပြည် တွင်း၌ပင် ၂၅၀၀၀ ဦး ရှိပါသည်။ ထိုလုပ်သား အင်အားစု ထဲတွင် ၃၀ ရာခိုင်နှုန်းမှာ မှီခို လုပ်သားများကို အသုံးပြုနေရသည်။ သို့သော် TUF ကုမ္ပဏီ၏ စမုတ်ဆာခွန် စက်ရုံတွင်မူ အလုပ်သမားများ အာလုံး၏ ၇၅ ရာခိုင်နှုန်းမှာ မြန်မာနိုင်ငံမှ အလုပ်သမားများ ဖြစ်ကြသည်။ ကုမ္ပဏီ၏ ထုတ်လုပ်မှု ပမာဏ ကျဆင်းမှု မရှိစေရန်အတွက် လုပ်သားပြတ်လပ်မှု ပြသနာအား အရေးတကြီး ဖြေရှင်းရန် လိုအပ်လျက် ရှိနေသည်။
ထိုလုပ်သား ပြတ်လပ်မှုအား ဖြေရှင်းရန်အတွက် TUF မှ လုပ်သားများအစား အလိုအလျောက် ထိန်းချုပ် မောင်းနှင်နိုင်မည့် စက်များအား တပ်ဆပ် အသုံးပြုရန် ရည်ရွယ်ထားသည်။
“လုပ်သားအစား အလိုအလျောက် စက်တွေကို အစားထိုး တပ်ဆင်ဖို့ ရည်ရွယ် ထားပါတယ်။ ဒီလို အစားထိုးခြင်း ဟာလည်း အနာဂါတ်မှာ ဖြစ်လာမယ့် လုပ်အားခ ကြီးမြင့်မှုကို အတတ်နိုင်ဆုံး လျော့ချသွားဖို့လည်း ရည်ရွယ်ပါတယ်၊ ပိုမိုကောင်းမွန်တဲ့ အရည်အသွေးတွေနဲ့ ဈေးကွက် လိုအပ်ချက်အရ ထုတ်ကုန်တွေ လုံလောက်မှုရှိအောင် အချိန်မီလည်း ထုတ်လုပ်နိုင်မှာ ဖြစ်ပါတယ်” ဟု TUF ကုမ္ပဏီ ဥက္ကဋ္ဌက ပြောကြား သွားပါသည်။
ထိုင်းနိုင်ငံမှ မြန်မာ အလုပ်သမား များအား မြင်ရစဉ် (ဓါတ်ပုံ - အင်တာနက်)
မြန်မာနိုင်ငံ အစိုးရ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များနှင့် ဈေးကွက် စီးပွားရေး စနစ် တံခါးဖွင့်ဝါဒကို လက်တွေ့ ကျင့်သုံး လာသည်နှင့် အမျှ မြန်မာနိုင်ငံတွင် အလုပ်ခွင်များ တိုးတက် ဖြစ်ထွန်းလာဖွယ် ရှိပါသည်။ ပြည်ပ ရင်းနှီးမြုပ်နှံမှုများ ပိုမိုဝင်ရောက်လာကာ အလုပ်ခွင် သစ်များလည်း ဖန်တီးပေးနိုင်သည့် အနေအထားတွင် ရှိနေသည်ဟု မြန်မာလုပ်သားများ၏ လုပ်အားများကို အသုံးပြုနေကြသည့် ထိုင်းလုပ်ငန်းရှင် များက သုံးသပ်ကြပါသည်။ အထူးသဖြင့် ထားဝယ် ရေနက် ဆိပ်ကမ်း ဆောက်လုပ်ရေး လုပ်ငန်းခွင်မှ ဆောက်လုပ်ရေး ကဏ္ဍ၊ ခရီးသွားလာရေး ကဏ္ဍ၊ ဟိုတယ် ကဏ္ဍ နှင့် အခြား ဆက်စပ် ကဏ္ဍများအတွက် အလုပ်ခွင်သစ်များ အလျင်အမြန် ဖော်ဆောင် ပေးနိုင်မည် ဖြစ်ကြောင်း အဆိုပါ ထိုင်းလုပ်ငန်းရှင်များက ရှူ့မြင် နေကြပါသည်။
လစာနည်း မှုကြောင့် အလုပ်သမား ဆန္ဒပြမှုဖြစ်ပွား
ထိုင်းနိုင်ငံ တောင်ပိုင်း ဆုန်ခလာ ခရိုင်က ပင်လယ်စာ စက်ရုံတွင် လစာနည်းသည့် အတွက် တိုးပေးရန် မြန်မာနဲ့ ကမ္ဘောဒီးယား အလုပ် သမားများက ယမန်နေ့က ဆက်လက် ဆန္ဒပြတောင်းဆို ခဲ့ကြကြောင်း ထိုဒီစက်ရုံမှ မြန်မာ အလုပ် သမားတဦးက ပြောပါသည်။
အာဏာပိုင်များကလည်း ဆန္ဒပြမှုကို ထိမ်းသိမ်းသည့် အနေဖြင့် သေနတ်သံဖေါက်ပြီး ထိမ်းသိမ်းခဲ့ရသည်ဟု အလုပ်သမား များကဆိုပါသည်။
“ စက်ရုံထဲ ၀င်ဖို့ကြိုးစားတာလေ အလုပ်သမား (၃၀၀) လောက်ရှိတယ်။ တံခါးဖွင့်ပေးဖို့ တောင်းဆိုကြတယ် သူတို့က ဖွင့်မပေးဘူး။ အဲဒါနဲ့ တင်းမာနေတဲ့အချိန်မှာ ထိမ်းသိမ်းရခက်တာပေါ့ အဲဒါသူတို့ ခြိမ်းခြောက် သတိပေးတဲ့ အနေနဲ့ သေနတ်နဲ့ ပစ်ဖောက်တာ”
ဆန္ဒပြပွဲတွင် ကမ္ဘောဒီးယားနိုင်ငံသားများ အများဆုံး ပါဝင်ပြီး ယမန်နေ့က ဆန္ဒပြမှုမှာတွင် မြန်မာ အလုပ်သမား ၄၀၀ ခန့် ပါဝင် ဆန္ဒပြခဲ့ကြပါသည်။ အလုပ်သမားများသည် တရားဝင် လုပ်ကိုင်ကြသူများ ဖြစ်ကြပြီး စာချုပ်ပါ သဘောတူညီ ချက် အတိုင်း လုပ်အားခနှင့် အလုပ်သမား အခွင့်အရေးများကို လုပ်ဆောင်မှု မရှိသည့်အတွက် ဆန္ဒပြနေခြင်းဖြစ်ပါသည်။
“စာချုပ် အတိုင်းပြောရရင်တော့ နေရေးထိုင်ရေး၊ အခမဲ့ ကျန်းမာရေး အပါအ၀င်ပေါ့ဗျာ လုပ်အားခ ဆိုရင်လည်း တရက်ကို၂၀၅ ဘတ်ချုပ်ထားပေမယ့် တကယ်တမ်းကျတော့ ၁ ရက်ကိုဘတ် ၁၆၀ လောက်ပဲရပါတယ်”
ဤပြသနာသည် မတ်လဆန်း ကတည်းက စဖြစ်လာခဲ့ပြီး ဘန်ကောက်ရှိ မြန်မာသံရုံးကို အကြောင်းကြားခဲ့သော်လည်း တစုံ တရာ ဖြေရှင်းမှု မရှိခဲ့ပေ။ နောက်ပိုင်း၌ ဖုန်းဖြင့် ဖြေကြားခြင်းပင် မရှိတော့ကြောင်း အလုပ်သမားများက ပြောပါသည်။ အလုပ်သမားများသည်၊ သတ်မှတ် လုပ်အားခ ရသည်အထိ ဆက်လက် ဆန္ဒပြသွားမည်ဟု ဆိုနေပါသည်။
မြန်မာသင်္ကြန်ပြန်ဆင်နွဲမည့် ရွှေ့ပြောင်းအလုပ်သမားများ အကြပ်ကိုင် ငွေညှစ်ခံရ
၎င်းမြန်မာအလုပ်သမားများသည် ယာယီနိုင်ငံကူးလက်မှတ် အထွက်တံဆိပ်တုံးအတွက် ထိုင်းလူဝင်မှုကြီးကြပ် ရေး-လ၀ကရုံးတွင် တုံးထုခ တရားဝင်ဘတ် ၁,၁၀၀ကို ဘတ် ၁,၆၀၀ပေးရခြင်း၊ မြ၀တီသို့ လှေဖြင့်ကူးရာတွင် ကျပ် ၅၀၀ကို ကျပ် ၁၀၀၀ အထက်တောင်းခြင်း၊ အထုပ်အပိုးများကို တအိတ်လျှင် ကျပ် ၂,၀၀၀ခန့် တောင်းယူ ခြင်းများအပြင် နေရပ်ပြန်မည့်ကားခကိုလည်း ပုံမှန်ထက် ၂ဆနီးပါး တောင်း ယူခြင်းများ ကြုံတွေ့ရသည်ဟု ကိုဌေးအောင်က ပြောကြားသည်။
ယာယီ နိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူများသည် မြန်မာဘက်သို့ကူးနိုင်ရန်အတွက် ထိုင်းလ၀ကရုံးတွင် သမရိုးကျအတိုင်း အထွက်တုံး ထုရန် တရားဝင်သတ်မှတ်ချက်ဘတ်ငွေ ၁၁၀၀ ဖြင့်သွားရောက်ပါက ၀န်ထမ်းများက လွယ်လင့်တကူ လုပ်ဆောင်ပေးခြင်းမရှိသည့်အ တွက် မြန်မာအလုပ်သမားအားလုံးနီးပါးမှာ အထွက်တုံး အမြန်ဆုံး ထုရိုက်ပြီးနိုင်ရန်အတွက် ပွဲစားများကို အဆမတန် ပေးနေရခြင်းဖြစ် သည်ဟု မြန်မာအလုပ်သမားများအရေး ဆောင်ရွက်နေသည့်အဖွဲ့များက ပြောသည်။
မော်လမြိုင်သူ မိငွေကျင်က “အဲဒီပွဲစားတွေက သူတို့ကိုယ်သူတို့ ကားသမားတွေလို့ လိမ်ပြောတာ။ မြ၀တီနဲ့ မော်လမြိုင်ကို ပုံမှန် ကျပ် ၁သောင်းပဲ။ အဲဒါ သင်္ကြန်နီးလို့ဆိုပြီး ၂သောင်းတောင်းတယ်။ ကားသမားကို ၁၅၀၀၀ပေးပြီး သူတို့က ၅၀၀၀ ယူပြီး ပျောက်သွားတယ်။ ကားသမားက အဲဒီလူတွေကို သူတို့မသိဘူးလို့ ပြောတယ်။ ပါလာတဲ့ထိုင်းဘတ်ငွေတွေကို မြ၀တီက မြန်မာငွေလဲခုံတွေမှာ သွားလဲတော့ တစ်သိန်းအုပ်က ကိုးသောင်းပဲပါတယ်။ သွားပြန်ပြောတော့ ပြဿနာရှာပြီး ရိုက်မယ်ပုတ်မယ်နဲ့လုပ်တယ်။ အဲဒီနားမှာရှိတဲ့ ရဲကိုသွားပြော တော့လည်း ကိုယ့်ကိုတောင် အပြစ်ပြန်ပြောလိုက်သေးတယ်”ဟု ဆိုသည်။
ယခုလ ၂၅ရက်နေ့က ထိုင်းနိုင်ငံ၊ ပထုံဌာနီအရပ်မှပြန်လာသည့် မြန်မာအလုပ်သမ မရီရီနှင့် မသင်းသင်းတို့ သည့် မကွေးသို့ ပြန်ရန်အ တွက် မြ၀တီကားဂိတ်တွင် ပွဲစားမှတဆင့် မြန်မာငွေ ၅သိန်းလဲရန် ဘတ်ငွေပေးခဲ့ရာ ပွဲစားထွက်ပြေးသွား၍ ၎င်းအလုပ်သမနှစ်ဦးမှာ မြ၀ တီရှိ တောရဘုန်းတော်ကြီးတွင် လာရောက်တည်းခိုနေရ သည်ဟု ဘုန်းတော်ကြီးအရှင်ကုသလက မိန့်ကြားသည်။
သင်္ကြန်မတိုင်မီ တစ်လနှင့် သင်္ကြန်အပြီး တစ်လအတွင်း မြ၀တီမှ မော်လမြိုင်၊ ဘားအံ၊ ရန်ကုန်ပြေးဆွဲနေ ကသည့် မော်တော်ယာဉ်လိုင်း များသည် ထိုင်းနိုင်ငံမှ ပြန်လာကြသည့် ရွှေ့ပြောင်း မြန်မာအလုပ်သမားများကို သင်္ကြန်ကာလအကြောင်းပြချက်ဖြင့် ယာဉ်စီးခများကို အဆမတန် ကောက်ခံကြသဖြင့် အလုပ်သမားများ နစ်နာကြရသည်ဟု မြ၀တီမြို့ခံတစ်ဦးက ပြောသည်။
၎င်းမြို့ခံ၏ အဆိုအရ သင်္ကြန်ကိုအကြောင်းပြကာ မြ၀တီမှ မော်လမြိုင် ပုံမှန်ကျပ် ၁၀၀၀၀ကို ၁၅၀၀၀ ဘားအံ သို့ ပုံမှန်ကျပ် ၅၀၀၀ကို ၁၀၀၀၀၊ ရန်ကုန်သို့ ကျပ် ၁၀၀၀၀ ကို ၁၂၀၀၀အထိ တရားမ၀င် တိုးမြှင့်ကောက်ခံပြီး အထုပ်အပိုး အကြီးအသေးပေါ်ကြည့်၍ ကျပ် ၁၅၀၀မှ ၂၀၀၀အထိ ကောက်ခံကြသော်လည်း ၎င်းကိစ္စကို မော်တော်ယာဉ်လိုင်းတာဝန်ရှိသူများက တစုံတရာ အရေးယူခြင်းမရှိဟုလည်း သိရသည်။
မတ်လလယ်မှစ၍ မြ၀တီလမ်းကြောအတိုင်း ထိုင်းနိုင်ငံတွင်းမှ နေရပ်ပြန်လာကြသည့် ရွှေ့ပြောင်းမြန်မာအလုပ် သမား အရေအတွက်မှာ ပျမ်းမျှအားဖြင့် နေ့စဉ် ၅၀၀ဦးခန့်ရှိသည်ဟု ချစ်ကြည်ရေးတံတားတွင် တာဝန်ကျသည့် ထိုင်းနယ်ခြားစောင့်တပ်မှူးတဦးက ပြောသည်။
ထိုင်းနိုင်ငံရောက် လက်ရှိ ရွှေ့ပြောင်းမြန်မာအလုပ်သမား အရေအတွက်မှာ ၂သန်းကျော်ရှိသည်ဟုထိုင်းနိုင်ငံ အခြေစိုက် မြန်မာအလုပ် သမားများအရေး ဆောင်ရွက်နေကြသည့် အစိုးရမဟုတ်သည့် အဖွဲ့အစည်းများက ပြောသည်။
ပတ်စ်ပို့နှင့် ပွဲစားလောက လုပ်စားကြရာဝယ်
ထိုင်းနိုင်ငံတွင်အလုပ်လာရောက်လုပ်ကိုင်နေကြသော မြန်မာအလုပ်သမားများကို ထိုင်းအစိုးရနှင့် မြန်မာအစိုးရတို့ သဘောတူညီချက်အရ ပတ်စ်ပို့ပြုလုပ်ရန် လုပ်ဆောင်ကြပြီး ပတ်စ်ပို့များပြုလုပ်စေပါသည်။ထို့သို့လုပ်ဆောင်ကြရာဝယ် အစိုးရရုံးသို့ တိုက်ရိုက်သွားရောက်လုပ်ဆောင်နိုင်ခြင်းမရှိသောသူများအတွက် ပတ်စ်ပို့လုပ်ဆောင်နိုင်ရန်အ တွက် ပွဲစားကုမ္မဏီများဖွင့်ပြီး လုပ်ဆောင်ပေးကြရာတွင် တစ်ဦးလျှင် ထိုင်းဘတ်ငွေ ၅၅၀၀ အနည်းဆုံးဖြင့် ဆောင်ရွက်ကြပါတယ်။ မှန်မှန် ကန်ကန်ဆောင်ရွက်ကြသည့်ကုမ္မဏီမှာ အနည်းငယ်သာရှိပြီး မမှန်မကန် ကိုယ့်မြန်မာအချင်းချင်း လိမ်လည့်လှည့်ပတ်ပြီး လုပ်စားနေကြ သူက များပါတယ်။
အခုရက်ပိုင်း စုံစမ်းရသလောက်ကတော့ အမှန်တစ်ကယ် ကြုံတွေခံစားနေရသူတစ်ဦးရဲ့ရင်ဖွင့်သံကတော့ “ကျွန်တော်တို့မှာ နေထိုင်ခွင့် လက်မှတ်အစစ်နဲ့ ပတ်စ်ပို့တင်လိုက်တယ်။ ဘန်ကောက်ရုံးဆိုတဲ့ဆီကကျလာတဲ့စာရွက် အများခေါ် (သုံးကွက်ကျား) တံဆိပ်တုံးအနီရောင် အ၀ိုင်း ပါရှိပါတယ်။ နေထိုင်ခွင့်ရဲ့ကျောဘက်မှ ပါလာတာတွေရပါတယ်။ နံပါတ် ၁၃ လုံးနဲ့ပါ။ ဒီနေရာမှာ ကုမ္မဏီတွေက MOU လို့ခေါ်တဲ့ ဘာလက်မှတ်မှမရှိတဲ့သူ (လူသစ်) ကို ပတ်စ်ပို့လုပ်ဆောင်လို့ရတယ်ဆိုပြီး ကျွန်တော်တို့ကျနေတဲ့ အဲဒီစာရွက်ပေါ်မှာ နာမည်ပြောင်း ဓါတ် ပုံပြောင်းပြီး အစားထိုးပတ်စ်ပို့လုပ်ပါတယ်။ ပြီးမှ အစစ်အမှန်ဖြစ်တဲ့ ကျွန်တော်တို့ကို ဘတ်ကောက်ရုံးကမကျသေးပါ စသဖြင့် အကြောင်း အမျိုးမျိုးပြပြီး အချိန်ဆွဲထားပါတယ်။ မခြေမငံပြောတာက တမျိုး၊ ဟောက်ငေါက်ပြီးတစ်မျိုး ခြိမ်းခြောက်တာက တမျိုးပါ။ မစောင့်နိုင်ပါက စားရွက်တွေပြန်ယူသွား စရံကတော့ ပြန်မရပါ။ ဒီလိုနှင့် စိတ်ရှည်သည်းခံစောင့်လိုက်တော့ ပတ်စ်ပို့ရလာပါတယ်။
ရလာတဲ့စာအုပ်က ကျွန်တော်ရဲ့ ၁၃ လုံးနံပါတ်အမှန်ဖြစ်သော်လည်း ၁၃ လုံး နံပါတ်တူစာအုပ် ဘယ်နှအုပ်ထွက်ရှိသွားပြီဆိုသည်ကိုတော့ ကျွန်တော်တို့ မသိရတော့ပါ။ ကျွန်တော်တို့ အစစ်အမှန်စာရွက်ရှိသူများကို ၅၅၀၀ ယူသော်လည်း MOU သမားများမှာ (၁၂၀၀၀ ဘတ်မှ ၁၅၀၀၀) ထိ ပေးကြရပါတယ်။ အချို့MOU များမှာ အစစ်အမှန်ဖြစ်ပြီး (၂) လခန့်ကြာအောင် စောင့်ရပါတယ်။ အတုများကတော့ (၃) ရက်နှင့် (၅) ရက်အတွင်း ပတ်စ်ပို့ရတယ်လို့ သိရပါတယ်။” လို့ သူက ရှင်းပြပါတယ်။
မဲဆောက်မှာ ဘာတွေဖြစ်နေကြပီလည်းဆိုတာ မတွေးတတ်အောင်ပါဘဲ။ သတင်းရတာကတော့ အဲလိုစာအုပ်ကို အတုသဘောလုပ်ပြီး ဘန်ကောက်တက်တာ ကွန်ပျူတာစစ်တော့ ၁၃ လုံးနံပါတ်က လူပုံ၊ လက်ဗွေတွေမတူတာကြောင့် စာရွက်စာတမ်းအတုလုပ်တယ်ဆိုပြီး ဖမ်းဆီးထောင်ချတယ်ဆိုတာတော့ ကြားသိရပါတယ်။ မြန်မာလူမျိုးအချင်းချင်း ဒီလိုမလုပ်စားသင့်ဘူးလို့ ထင်ပါတယ်။ အမျိုးကိုစောင့်ရှောက် ရမည့်အစား နှိပ်စက်နေသလိုဖြစ်နေပါကြောင်း ….။
အနာဂတ်မှာ မြန်မာအလုပ်သမား ရှားပါးလာမှာ ထိုင်းလုပ်ငန်းရှင်များ ပူပင်
၂ဝ၁၅ ခုနှစ် နောက်ပိုင်း AEC ခေါ် အာဆီယံ စီးပွားရေးအဖွဲကြီး ပေါ်ပေါက် လာပြီးတဲ့အခါ ထိုင်းနိုင်ငံအနေနဲ့ မြန်မာ အလုပ်သမားတွေကို ရရှိနိုင်ဖို့ မလွယ်ကူတော့ဘဲ အလုပ်သမား ရှားပါးမှု ပြဿနာနဲ့ ရင်ဆိုင်ရဖွယ် ရှိတယ်လို့ အာဆီယံ အတွင်းရေးမှူးချုပ် မစ္စတာ ဆူရင်-ပစ်ဆူဝမ်က ထိုင်းလုပ်ငန်းရှင်တွေကို သတိပေး ပြောကြားလိုက်ပါတယ်။
Photo: AFP
မြန်မာနိုင်ငံမှ မိန်းကလေးငယ်များစွာသည် ပြည်တွင်းတွင် စားဝတ်နေရေး မဖူလုံသောကြောင့် အခြားနိုင်ငံများသို့ စွန့်စား သွားရောက်ပြီး အလုပ် လုပ်ကိုင်နေကြရပါသည်။ (Photo: AFP)
ဒါ့အပြင် ထိုင်း လုပ်ငန်းရှင်တွေအနေနဲ့ လူ့လုပ်အား များများ အသုံးမလိုတဲ့ ခေတ်ပေါ် နည်းပညာတွေကို ရှာဖွေကြဖို့နဲ့ တခြား အာဆီယံနိုင်ငံတွေကို လုပ်ငန်းတွေ ချဲ့ထွင်နိုင်အောင် ကြိုးစားကြဖို့ လိုကြောင်း၊ အစိုးရ အာဏာပိုင်တွေကလည်း ဒီလုပ်ငန်းရှင်တွေကို အခုလက်ရှိထက် ပိုပြီး ပံ့ပိုးအားပေးဖို့ လိုကြောင်း မစ္စတာ ဆူရင်က တိုက်တွန်း ပြောကြားသွားပါတယ်။
RFA သတင်းဌာနမှ ကူးယူဖော်ပြပါသည်။
ထိုင်းနိုင်ငံရောက် ရွေ့ပြောင်းအလုပ်သမားများနှင့် ပတ်သတ်၍ ၀န်ကြီးများအဖွဲ့ အစည်းအဝေးမှတ်တမ်း
၂၀၁၂ခု ဖေဖေါ်ဝါရီလ (၁၃)ရက်
အမှတ်စဉ် ၁၀။ လော၊ မြန်မာ ၊ ကမ်ဖူးချား တရားမ၀င်အလုပ်သမားများအတွက်စီစဉ်ချက် ၂၀၁၂
အလုပ်သမားရေးဝန်ကြီးဌာနတင်ပြချက်အရ ရွှေ့ပြောင်းအလုပ်သမားကြီးကြပ်ရေး ကော်မတီမှ၂၀၊ ၁၊ ၂၅၅၅ ရက်နေ့ တွင်သဘောတူပြီးသော တရားမ၀င်အလုပ်သမားများအတွက်စီစဉ်ချက် ၂၀၁၂ ကို ၀န်ကြီးများအဖွဲ့ အစည်းအဝေးအမှတ်စဉ် ၁/၂၅၅၅ မှ အောက်ပါအချက်များကိုအတည်ပြု လိုက်ပါသည်။
၁)-၁၉။ ၁။ ၂၀၀၉ ရက်နေတွင်ကျင်းပခဲ့သော ၀န်ကြီးများအဖွဲ့အစည်းအဝေးဆုံးဖြတ်ချက်အရ၊ ၂၈၊ ၂၊ ၂၀၁၂ နေ့ထိသက်တမ်းတိုးခွင့်ပြုခဲ့သော မြန်မာ၊ လော၊ ကမ်ပူးချားမှရွှေ့ပြောင်းအလုပ်သမားများအား နိုင်ငံသား စိစစ်ရေးကိစ္စအား အမြန်ဆုံးအကောင်ထည်ဖေါ် ဆောင်ရွက်ရေးတွင် ၂၈၊ ၂၊ ၂၀၁၂ ရက်နေ့ အတွင်း ပြီးစီးစွာ လုပ်ဆောင်ခြင်းနှင့် ပတ်သက် ၍ ၁၄၊ ၆၊ ၂၀၁၂ ရက်နေ့မကျော်လွန်မီ ဆက်လက်ဆောင်ရွက်နိုင်ရန် အချိန်တိုးပေး ရန်အောက်ပါအတိုင်းဆုံး ဖြတ်ချက်ချမှတ်ခဲ့သည်၊
၁-၁) ပြည်ထဲရေးဝန်ကြီးဌာနမှ ဘီအီး၂၅၂၂ လူဝင်မှုကြီးကြပ်ရေးဥပဒေပုဒ်မ - ၁၇ အရ ထိုင်းနိုင်ငံအတွင်းခေတ္တ နေထိုင်ခွင့်ပေး ထားခြင်းနှင့်ဆိုင်ရာအချက် ၁နှင့်ပတ်သက်၍ နိုင်ငံတွင်း ဆက်လက်နေထိုင်ခွင့်အား နိုင်ငံသား စိစစ်နေစဉ်အတွင်း ၁၄၊ ၆၊ ၂၀၁၂ အထိပေးရန်ချမှတ်ခဲ့သည်။ နိုင်ငံသားစိစစ်မှုလုပ်ဆောင်နေစဉ်ကာလအတွင်း လူဝင်မှုကြီးကြပ်ရေး ဥပဒေ ဘီအီး-၂၅၂၂ ပုဒ်မ-၅၄ အရ လုပ်ဆောင်ရန်မလိုအပ်ပါ။ ပြည်ထဲရေးဝန်ကြီးဌာနမှ မြန်မာ၊ လော၊ ကမ်ဖူးချား အလုပ်သမားများအား နိုင်ငံသား စိစစ်မှုပြုလုပ်ရန်အတွက် နယ်မြေပြင်ပထွက်ခွါခွင့် အားပြုသည့်ကြေညာ ချက်အား ထုတ်ပြန်ပေးရမည်။
လူဝင်မှုကြီးကြပ်ရေးဥပဒေ ဘီအီး၂၅၂၂ ပုဒ်မ - ၁၂ (၃)အရနိုင်ငံသားစိစစ်မှုခံယူပြီးသော မြန်မာ၊ လော၊ ကမ်ဖူးချားမှ ရွှေ့ပြောင်းအလုပ်သမားများအား ယာယီပတ်စပို့(သို့) (Certificate of Identity) အသုံးပြုနေထိုင်ခွင့်ဗီဇာ ၂ နှစ်ပေးမည်ဖြစ်သည်။ နောက်ထပ်၂ နှစ်ထက် မကျော်သော သက်တမ်းတိုးခွင့် ပေးမည်ဖြစ်ပြီး လုပ်အားနှင့်ရင်း၍ လုပ်ကိုင်ရသည့် အထွေထွေအလုပ်သမားအဖြစ်သာ လုပ်ကိုင်ခွင့်ပြုသည်။
၁-၂) နိုင်ငံသားစိစစ်ပြီး မြန်မာ၊ လော၊ ကမ်ဖူးချားမှရွှေ့ပြောင်းအလုပ်သမားများကို လူဝင်မှုကြီးကြပ်ရေးရုံးမှ ၂ နှစ်ထက်မကျော်သော ယာယီနေထိုင်ခွင့်အမျိုးအစား (Non-Immigrant-LA) ဗီဇာကိုထုတ်ပေးရမည်။ အလုပ်ရှင်များမိမိအလုပ်သမားများအား နိုင်ငံသားစိစစ်ရေးအဆင်ပြေချောမွေ့စွာသွားရောက်ပြုလုပ်ပြီးနောက် တရားဝင်ဂိတ်များလမ်းကြောင်းများမှ ၀င်ရောက်လာရာတွင်အဆင်ပြေချောမွေ့ရန်အတွက် ကုန်ကျစရိတ်ဘတ် ၅၀၀ ကုန်ကျမည်ဖြစ်ပြီး နောက်တစ်ကြိမ်တောင်းဆိုလလျှင်လည်း နေထိုင်ခွင့်ဗီဇာဘတ် ၅၀၀ထပ်မံကုန်ကျမည် ဖြစ်သည်။
၁-၃) ကျန်းမာရေးဝန်ကြီးဌာနမှ( ၁၄၊ ၆၊ ၂၀၁၂)ရက်နေ့အထိ သက်တမ်းတိုးပေးခြင်းခံရသော မြန်မာ၊ လော၊ ကမ်ပူးချားမှ ရွှေ့ပြောင်းအလုပ်သမားများအား ကျန်းမာရေးစစ်ဆေးခြင်းနှင့်ကျန်းမာရေးအာမခံပြု လုပ်ပေးခြင်း များကိုဆောင်ရွက်ပေးသွားမည်ဖြစ်သည်။ ကျန်းမာရေးစစ်ဆေးခြင်းနှင့်ကျန်းမာရေးအာမခံပြု လုပ်ခကို ကျန်းမာရေးဌာနမှသတ်မှတ်သည့်အတိုင်းပေးဆောင်ရမည်။
၁-၄) အလုပ်သမားရှာဖွေရေးဌာနမှ မြန်မာ၊ လော၊ ကမ်ပူးချားရွှေ့ပြောင်းအလုပ်သမားများအား(၁၄၊ ၆၊ ၂၀၁၂)ရက်နေ့အလုပ်ခွင့်ကို အချိန်တိုးပေးရမည်။ ရွှေ့ပြောင်းအလုပ်သမားများမှ ပြဌာန်းချက်အတိုင်း အလုပ်လက်မှတ်ခကိုပေးဆောင်ရမည်။ ထိုအချိန် အတိုင်းအတာအတွင်းရွှေ့ပြောင်းအလုပ်သမားသည် နိုင်ငံသားစိစစ်ခြင်းကိုအပြီးလုပ်ဆောင်သွားရမည်ဖြစ်သည်။ နိုင်ငံသားစိစစ်မှုအောင်မြင်ပြီးသည့်အလုပ်သမား သည် သတ်မှတ်ထားသည့် ကုန်ကျစရိတ်များ ပေးဆောင်အလုပ်လုပ်ခွင့်အသစ်ကို ထပ်မံတောင်းဆိုရမည် ဖြစ်သည်။ အလုပ်လုပ်ခွင့် ထပ်နေချိန်အတွက်ကောက်ခံရန်မလို။
၁-၅) လူမှုဖူလုံရေးဌာနမှ နိုင်ငံသားစိစစ်မှုခံယူပြီးသည့် ရွှေ့ပြောင်းအလုပ်သမားများ လူမှုဖူလုံရေးစနစ်သို့ဝင် ရောက်နိုင်ရန်ဆောင်ရွက်သွားမည်ဖြစ်သည်။
၁-၆) ထိုင်းနိုင်ငံရဲတပ်ဖွဲ့နှင့် အခြားတာဝန်ရှိသူများသည် နိုင်ငံသားစိစစ်မှုခံယူခြင်းမရှိဘဲတရားမ၀င် အလုပ် လုပ်နေသူများနှင့် ၄င်းတို့အားခန့်ထားသူအလုပ်ရှင်များ၊ တင်သွင်းလာသူ(ကယ်ရီ)များနှင့် နေထိုင်သည့် နေရာပေးထားသူများအား ဥပဒေအရတင်းကြပ်စွာအရေးယူသွားရမည်။
ပြည်ထဲရေးဌာနမှ ကြေညာချက်(သို့) စည်းကမ်းချက်ထုတ်ပြန်ရန်ဆောင်ရွက်နေချိန် မြန်၊ လော၊ ကမ်ဖူးချားမှ အလုပ်သမားများနိုင်ငံသားစိစစ်ခြင်းကို ဆက်လက်လုပ်ဆောင်သွားနိုင်သည်။
၂) (၂၆-၄-၂၀၁၁) နေ့ဝန်ကြီးများအဖွဲ့အစည်းအဝေးဆုံးဖြတ်ချက်အရ (၁၄-၆-၂၀၁၂)ရကနေ့အထိ နိုင်ငံတွင်းခေတ္တနေထိုင်ခွင့်နှင့်အလုပ်လုပ်ခွင့်ရထားသော ရွှေ့ပြောင်းအလုပ်သမားများအတွက် သက်ဆိုင်ရာ ဌာနများမှ အောက်ပါအတိုင်း ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်သည်။
၂-၁) ပြည်ထဲရေးဝန်ကြီးဌာနမှ ဘီအီး၂၅၂၂ လူဝင်မှုကြီးကြပ်ရေးဥပဒေ ပုဒ်မ - ၁၇ အရ ထိုင်းနိုင်ငံအတွင်း ခေတ္တ နေထိုင်ခွင့်ပေးထားခြင်းနှင့် ဆိုင်ရာအချက် ၁ နှင့် ပတ်သက်၍ နိုင်ငံတွင်း ဆက်လက်နေထိုင်ခွင့်အား နိုင်ငံသား စိစစ်နေစဉ်အတွင်း ၁၄၊ ၆၊ ၂၀၁၂ အထိ ပေးရန်ချမှတ်ခဲ့သည်။ နိုင်ငံသားစိစစ်မှု လုပ်ဆောင်နေစဉ် ကာလအတွင်း လူဝင်မှုကြီးကြပ်ရေး ဥပဒေ ဘီအီး-၂၅၂၂ ပုဒ်မ - ၅၄ အရ လုပ်ဆောင်ရန်မလိုအပ်ပါ။ ပြည်ထဲရေးဝန်ကြီးဌာနမှ မြန်မာ၊ လော၊ ကမ်ဖူးချားအလုပ်သမားများအား နိုင်ငံသားစိစစ်မှုပြုလုပ်ရန်အတွက် နယ်မြေပြင်ပထွက်ခွါခွင့်အားပြုသည့် ကြေညာချက်အား ထုတ်ပြန်ပေးရမည်။
လူဝင်မှုကြီးကြပ်ရေးဥပဒေ ဘီအီး၂၅၂၂ ပုဒ်မ - ၁၂(၃)အရ နိုင်ငံသားစိစစ်မှုခံယူပြီးသော မြန်မာ၊ လော၊ ကမ်ဖူးချားမှ ရွှေ့ပြောင်းအလုပ်သမားများအား ယာယီပတ်စပို့(သို့) ) (Certificate of Identity) အသုံးပြုနေထိုင်ခွင့်ဗီဇာ ၂နှစ်ပေးမည်ဖြစ်သည်။ နောက်ထပ်၂ နှစ်ထက်မကျော်သော သက်တမ်းတိုးခွင့် ပေးမည်ဖြစ်ပြီး လုပ်အားနှင့်ရင်း၍လုပ်ကိုင်ရသည့် အထွေထွေအလုပ်သမားအဖြစ်သာလုပ်ကိုင်ခွင့်ပြုသည်။
၂-၂) နိုင်ငံခြားရေးဝန်ကြီးဌာနမှ လူဝင်မှုကြီးကြပ်ရေးဌာနအား နိုင်ငံသားစိစစ်မှုခံယူပြီးသော မြန်မာ၊ လော၊ ကမ်ဖူးချားမှရွှေ့ပြောင်းအလုပ်သမားများ ယာယီပတ်စပို့စ်(သို့) (Certificate of Identity)အသုံးပြုနေထိုင်ခွင့်ဗီဇာ (Non-Immigrant-LA) ခေတ္တနေထိုင်ခွင့်တံဆိပ်တုံး ထုတ်ပေးစေပြီး ၂ နှစ်ထက် မပိုသည့် နေထိုင်ခွင့် ပေး၍ နောက်တစ်ကြိမ် ၂ နှစ်နေထိုင်ခွင့်ပြုမည်ဖြစ်သည်။
၂-၃)နိုင်ငံသားစိစစ်ပြီးသည့် မြန်မာ၊ လော၊ ကမ်ဖူးချားရွှေ့ပြောင်းအလုပ်သမားများအား (Non-Immigrant-LA)တံဆိပ်ထုပေးရန် လူဝင်မှုကြီးကြပ်ရေးဌာနမှ လုံလောက်သည့်ဝန်ထမ်းအင်အားကို ချထားပေးရမည်။ နိုင်ငံတွင်းနေထိုင်ခွင့်နောက်တစ်ကြိမ် ၂ နှစ်နေထိုင်ခွင့်အား နိုင်ငံသားစိစစ်ရေးဌာန တည်ရှိသည့်နေရာ(သို့) လူဝင်မှုကြီးကြပ်ရေးဂိတ်များ(သို့) အလုပ်ရှင်မှအလုပ်သမားအား လွယ်ကူစွာ ခေါ်ဆောင်သွားနိုင်သည့် သတ်မှတ်ထားသည့်နေရာများ တွင်ကုန်ကျစရိတ် ဘတ် ၅၀၀ ပေး ဆောင်၍သက်တမ်းတိုးရန်ဆောင်ရွက် နိုင်သည်။ နောက်တစ်ကြိမ်နေထိုင်ခွင့်တောင်းခံရာတွင်လည်း ဘတ် ၅၀၀ ကုန်ကျမည်ဖြစ်သည်။
၂-၄)ကျန်းမာရေးဌာနမှ နိုင်ငံသားစိစစ်မှုပြုလုပ်ပြီးသူ မြန်မာ၊ လော၊ ကမ်ဖူးချား ရွှေ့ပြောင်းအလုပ်သမားများ အား ကျန်းမာရေးစစ်ဆေးပေးရမည်။
၂-၅) နိုင်ငံသားစိစစ်ပြီး (Non-Immigrant-LA) နှင့်နိုင်ငံတွင်းနေထိုင်ခွင့်တံဆိပ်ရရှိပြီးသရွှေ့ပြောင်းအလုပ်သမားများအား အလုပ်ရှာဖွေရေးဌာနမှ ဥပဒေအရ သတ်မှတ်ထားသည့် ကုန်ကျစရိတ်များအတိုင်း ကောက်ခံ၍အလုပ် သမားမှတ်ပုံတင်ခြင်း ကိုဆောင်ရွက်သွားရမည်။
၂-၆) လူမှုဖူလုံရေးဌာနမှ နိုင်ငံသားစိစစ်ပြီးအလုပ်သမားများအား လူမှုဖူလုံရေးအာမခံစနစ်သို့ဝင်ရောက်နိုင် ရန်စိစဉ်ဆောင်ရွက်ပေးရမည်။
၂-၇) ထိုင်းနိုင်ငံရဲတပ်ဖွဲ့နှင့် အခြားတာဝန်ရှိသူများသည် နိုင်ငံသားစိစစ်မှုခံယူခြင်းမရှိဘဲတရားမ၀င် အလုပ် လုပ်နေသူများနှင့် ၄င်းတို့အားခန့်ထားသူအလုပ်ရှင်များ၊ တင်သွင်းလာသူ(ကယ်ရီ)များနှင့် နေထိုင်သည့် နေရာပေးထားသူများအား ဥပဒေအရ တင်းကြပ်စွာအရေးယူသွားရမည်။
ပြည်ထဲရေးဌာနမှ ကြေညာချက်(သို့) စည်းကမ်းချက်ထုတ်ပြန်ရန်ဆောင်ရွက်နေချိန် မြန်၊ လော၊ ကမ်ဖူးချားမှအလုပ်သမားများ နိုင်ငံသားစိစစ်ခြင်းကို ဆက်လက်လုပ်ဆောင်သွားနိုင်သည်။
၃) - နိုင်ငံသားစိစစ်ရေးပြုလုပ်ပြီး မြန်မာ၊ လော၊ ကမ်ဖူးချား ရွှေ့ပြောင်းလုပ်သမားများနှင့် (MOU) နှစ်နိုင်ငံနားလည်မှုစာချုပ်ဖြင့် တရားဝင်တင်သွင်းလာသော မြန်မာ၊ လော၊ ကမ်ပူးချား ရွှေ့ပြောင်းအလုပ် သမား များကုန်ကျစရိတ်သာမန်အားဖြင့် ဘတ် ၂၀၀၀(သို့) ဘတ် ၅၀၀ ပေးဆောင်ပြီး နိုင်ငံအတွင်း ဆက်လက် အလုပ်လုပ်နိုင်ရန် ဘတ် ၅၀၀ ထပ်မံပေးဆောင်ရန်အတွက် (၄)နှစ်တာ အချိန်သတ်မှတ်ရမည်။ ၀န်ကြီးဌာနစည်းမျည်းထုတ်ပြန်ကြေညာပြီး အတည်ပြုသည့်နောက်မှစ၍ သက်ဆိုင်သည့်ဌာနများမှအောက်ပါ အတိုင်း ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်သည်။
၃-၁) ပြည်ထဲရေးဝန်ကြီးဌာနမှ နေထိုင်ခွင့်ပြုချက်အတွက်ကုန်ကျစရိတ် ဘတ် ၅၀၀ ကောက်ယူခြင်းအားခေတ္တ နေထိုင်သူများအတွက်ဖြစ်ပြီးနောက်ထက်တကြိမ်ထပ်မံ၍ ဘတ် ၅၀၀ ပေးဆောင်၍၀န်ကြီးဌာနကြေညာချက် ထုတ်ပြန်ပြီးနောက် ၄ နှစ် နေထိုင်ခွင့်ရရှိမည်ဖြစ်သည်။
၃-၂)လူဝင်မှုကြီးကြပ်ရေးဌာနမှ အောက်ပါတို့ကို ဆောင်ရွက်ပေးမည်ဖြစ်သည်။
၃-၂-၁) နှစ်နိုင်ငံနားလည်မှု စာချုပ်(MOU) ဖြင့် တရားဝင်ဝင်ရောက်သူ အလုပ်သမားများ သည် ၀င်ရောက်လာသည့်လူဝင်မှုကြီးကြပ်ရေးဂိတ်များ အားလုံးတွင် ၂ နှစ် နေထိုင်ခွင့် ဘတ် ၅၀၀ ပေးဆောင်၍ တံဆိပ်တုံးထုရမည်။ အချိန်ကုန် ဆုံး၍ ထပ်မံနေလိုပါက ဘတ် ၅၀၀ ပေးဆောင်၍ ၂ နှစ်ထပ် နေခွင့်ရှိသည်။
၃-၂-၂) နိုင်ငံသားစိစစ်ပြီးရွှေ့ပြောင်း အလုပ်သမားများသည်လည်း အထက်ပါအတိုင်း သည် ၀င်ရောက်လာသည့်လူဝင်မှုကြီးကြပ်ရေးဂိတ်များ အားလုံးတွင် ၂ နှစ် နေထိုင်ခွင့် ဘတ် ၅၀၀ ပေးဆောင်၍ တံဆိပ်တုံးထုရမည်။ အချိန်ကုန် ဆုံး၍ထပ်မံနေလိုပါက ဘတ် ၅၀၀ ပေးဆောင်၍ ၂ နှစ် ထပ်နေခွင့်ရှိသည်။
၎-(၂၀၀၈)ခု နိုင်ငံခြားသားအလုပ်သမား ဥပဒေအရ ကောက်ခံမည့် နေရပ် ပြန်လည်ပို့ဆောင်စရိတ် ရံပုံငွေ ကောက်ခံခြင်းကို နောက်တစ်နှစ်သို့ရွှေ့ဆိုင်းလိုက်သည်။ ၀န်ကြီးများအဖွဲ့အစည်းအဝေးဆုံးဖြတ်ချက် ချပြီးနောက် အလုပ်ရှာဖွေရေးဌာနမှ စည်းမျည်းထုတ်ပြန်၍ သက်ဆိုင်ရာဌာနများ ဆက်လက်ဆောင်ရွက် သွားရမည်။ ၀န်ကြီးချုပ်အထွေထွေအတွင်းရေးမှူးရုံး အတည်ပြုချက်ကိုစောင့်ဆိုင်းရန်မလိုပါ။
http://www.thaigov.go.th
အီးမေးလ်းမှ ၀င်ရောက်လာသည်ကို မူရင်းအတိုင်း ထပ်မံဖော်ပြလိုက်ပါသည်။
(မြန်မာအလုပ်သမားများကွန်ယက်)
မဲဆောက်မြန်မာရွေ့ပြောင်းအလုပ်သမားများ ရှေ့ဆက်နေထိုင်ရန်အခက်အခဲဖြစ်
မြ၀တီတံတား ပြန်လည်းဖွင့်လှစ်သော်လည်း အရောင်းအ၀ယ်မကောင်းခြင်း၊ ဘန်ကောက်ရေကြီးသဖြင့် စီးပွားရေးထိခိုက်နေချိန်တွင် မဲဆောက်ဒေသရှိ မြန်မာများမှာ နေစဉ် စားရေးသောက်ရေပင် အဆင်မပြေဘဲ ဖြစ်နေရာ အနိမ့်ဆုံး ဘတ် (၅၀၀၀) ကုန်ကျမည့် ပတ်စပို့ လုပ်ဆောင်နိုင်ခြင်း မရှိဟု ပြောနေကြပါတယ်။ (၂) လပိုင်း အကုန် သက်တမ်းတိုးကြသည့်အခါတွင် လူ နည်းမည် ဖြစ်ကြောင်း မြန်မာပြည်သားအရေးလေ့လာသူတစ်ဦးက သုံးသပ်ပါတယ်။
(၅၀၀၀) ဘတ်အကုန်ကျခံ ပတ်စပို့ လုပ်ဆောင်ပြီးသော်လည်း အဆိုပါပတ်စ်ပို့နဲ့ အလုပ်လုပ်ခွင့် ရှိမည် မဟုတ်သေးပါ။ အလုပ်လုပ်ရန်အတွက် အလုပ်သမားလက်မှတ် ဆက်လက်လျှောက်ထားရမည်သာ ဖြစ်ပါတယ်။ အလုပ်သမားလက်မှတ်ရရှိရေး ဆက်လက်ဆောင်ရွက်ရာတွင်လည်း ဆေးရုံသွေးစစ်ခ (၁၉၀၀) ဘတ် နှင့် အလုပ်သမားလက်မှတ် (၁၀၀၀) တို့ကိုလည်း အလုပ်သမားတို့က မိမိဖာသာ စိုက်ထုတ်အကုန်အကျခံရဦးမှာ ဖြစ်ပါတယ်။
အလုပ်သမားလက်မှတ် မပြုလုပ်ဘဲ ပတ်စပို့ဖြင့်လည်း နေထိုင်၍ မရကြောင်းလည်း သိရပါတယ်။
