လက်မှတ်မရှိသည့် မြန်မာအလုပ်သမားများ ရေဘေးလွတ်ရာ သွားခွင့်ရရေး ထိုင်းအစိုးရ စီစဉ်
အလုပ်သမားလက်မှတ်နဲ့ အထောက်အထားမရှိတဲ့ မြန်မာအလုပ်သမားတွေ ရေဘေးလွတ်ရာ သွားလာခွင့်ရဖို့အတွက် ထိုင်းအစိုးရက ဆောင်ရွက်နေတယ်လို့ ထိုင်းအလုပ်သမားရေး ၀န်ကြီး ဖဒိန်ချိုင်းက ပြောပါတယ်။
photo-reuters
မြန်မာရေဘေးဒုက္ခသည်တွေ ခိုလှုံနေတဲ့ ဘန်ကောက်အနောက်ဘက်က နခွန်ပထုံခရိုင် ၀ပ်ရိုက် ခင်ဝစ်ထယာ ဘုန်းကြီးကျောင်း ရေဘေးဒုက္ခသည်စခန်းမှာ ခုလို ၀န်ဆောင်မှုပေးတာကို ယာယီလုပ်ဆောင်မှာ ဖြစ်တယ်လို့ ပြောကြောင်း ၀န်ကြီးနဲ့ ဆွေးနွေးခွင့်ရခဲ့တဲ့ HRDF ခေါ် လူ့အခွင့်အရေးနဲ့ ဖွံ့ဖြိုးရေးဖောင်ဒေးရှင်းက ပြောပါတယ်။
HRDF အဖွဲ့ ပြောခွင့်ရ ဦးစိန်ဌေးက “ဘာလက်မှတ်မှ မရှိတဲ့အလုပ်သမားတွေ ဆိုရင်လည်း အလုပ်သမားဝန်ကြီးဌာန ရေဘေးစခန်းမှာ လာပြီးနေထိုင်ဖို့၊ သူတို့ကနေ သက်ဆိုင်ရာ နိုင်ငံသံမှူးတွေကို ဆက်သွယ်ပြီးတော့ နိုင်ငံသားဖြစ်ကြောင်း အထောက်အထားတခု ဆောင်ရွက်ပေးဖို့ စီစဉ်ထားတယ်။ ခေတ္တနေထိုင်ခွင့် ရလာမယ်ဆိုရင် မြန်မာပြည်ကို ပြန်မယ်ဆိုရင်လည်း လုံခြုံစွာ ပို့ဆောင်ပေးမယ်လို့ အဲလိုမျိုး စီစဉ်ထားပါတယ်။ ဒုက္ခရောက်နေတဲ့အချိန်မှာ ဖမ်းဆီး ချုပ်နှောင်တာမခံရအောင် ယာယီ စီစဉ်ထားပေးတဲ့ သဘောပဲ” လို့ ပြောပါတယ်။
မြန်မာအလုပ်သမားတွေရဲ့ ယာယီနိုင်ငံကူးလက်မှတ်နဲ့ ပြည်ဝင်ခွင့် ဗီဇာရှိသူတွေရဲ့ စာရွက်စာတမ်းတွေ သိမ်းထားတဲ့ အလုပ်ရှင်တွေကိုလည်း ပြန်ပေးအပ်ဖို့ အလုပ်သမားရေးဝန်ကြီးက အလုပ်ရှင်တွေကို ညွှန်ကြားလိုက်ပြီလို့ ဆိုပါတယ်။
ဒါ့အပြင် အလုပ်သမားတွေဟာ မိမိတို့ရဲ့ သက်တမ်းကုန်ခါနီး ဗီဇာတွေကို နီးစပ်ရာ လ၀ကရုံးတွေမှာ သွားလုပ်နိုင်ဖို့ လူဝင်မှုကြီးကြပ်ရေးဌာနကို အကြောင်းကြားထားတယ်လို့ ပြောကြားကြောင်း ဦးစိန်ဌေးက ဆိုပါတယ်။
ထိုင်းနိုင်ငံအတွင်း ယာယီလုပ်ကိုင်ခွင့် အလုပ်သမားလက်မှတ် ရရှိ ကိုင်ဆောင်ထားသူတွေဟာ ရေလွှမ်းမိုးနေတဲ့ခရိုင်တွေကနေ ရှောင်တိမ်းသွားကြတုန်း လမ်းခရီးမှာ မဖမ်းဆီးဖို့ ရဲဌာနတွေကို အကြောင်းကြားထားပြီ်လို့လည်း ထိုင်းအစိုးရ အလုပ်သမားရေးဝန်ကြီးက ပြောကြောင်း ဦးစိန်ဌေးက ဆိုပါတယ်။
ရေဘေးကျရောက်နေခြင်း မရှိတဲ့ ပုံမှန်အခြေအနေမှာ အလုပ်သမား လက်မှတ် ကိုင်ဆောင်ထားသူတွေဟာ ကန့်သတ်နယ်မြေတွေကလွဲပြီး တခြားခရိုင်တွေကို ဖြတ်ကျော်ခွင့် မရှိပါဘူး။
ဝပ်ရိုက်ခင်ဝစ်ထယာ ဘုန်းကြီးကျောင်း ရေဘေးဒုက္ခသည်စခန်းမှာ ယာယီခိုလှုံနေတဲ့ မြန်မာအလုပ်သမားတဦးက မြန်မာတွေ အိမ်ပြန်လမ်း ခရီးတလျှောက် အရေးယူဖမ်းဆီး ခံရတာတွေ၊ ငွေညှစ်ခံရတဲ့ ကိစ္စတွေကို အလုပ်သမားရေး ၀န်ကြီးဌာန၀န်ကြီးနဲ့ အတူပါလာတဲ့ ဒု-၀န်ကြီးချုပ်တို့ကို အဲန်ဂျီအိုတွေက တင်ပြဆွေးနွေးတာကို ကြားသိရတယ်လို့ ပြောပါတယ်။
“ဒီမှာ ထိုင်းလိုတတ်တဲ့ အလုပ်သမား စကားပြန်တယောက်ရှိတယ်။ သူပြောတာတော့ ကျနော်တို့ ဗမာပြည်သားတွေ ပြန်ကြတဲ့အခါမှာ ဂိတ်တွေမှာ ဆွဲချတာ၊ ၉၉၉ ဂိတ်မှာ ဆွဲချတာတို့၊ ပိုက်ဆံပေးရွေးရတာတို့ ဘာတို့အဲဒါတွေလည်း ထည့်ဆွေးနွေးသွားတယ်လို့ ပြောတယ်။”
နခေါင်ပထုံခရိုင်မှာရှိတဲ့ ၀ပ်ရိုက် ခင်ဝစ်ထယာ ဘုန်းကြီးကျောင်း ရေဘေးဒုက္ခသည်စခန်းမှာ ဘန်ကောက်မြို့အနားက နုံထဘူရီ၊ အယုဒ္ဒယနဲ့ စမွတ်ပရာကန် စတဲ့ ရေလွမ်းခရိုင်တွေက ကမ္ဘောဒီးယား၊ လာအိုနဲ့ မြန်မာ အလုပ်သမား ၅၀၀ ခန့် လာရောက် ခိုလှုံနေကြပြီး မြန်မာက အများဆုံး ဖြစ်ပါတယ်။
မြန်မာ ရေဘေး ဒုက္ခသည်များကို ထိုင်း လ၀က ငွေညှစ်
ထိုင်းနိုင်ငံ ရေကြီးမှုကြောင့် ဘန်ကောက်မြို့မှ ရာနှင့်ချီသည့် နေရပ်ပြန် မြန်မာ အလုပ်သမားများကို လူဝင်မှုကြီးကြပ်ရေး (လ၀က)နှင့် ထိုင်းအာဏာပိုင်များက လမ်းခရီးနှင့်မဲဆောက်မြို့ရှိ စစ်ဆေးရေးဂိတ်များတွင် ဖမ်းဆီး၍ငွေကြေးကောက်ခံနေကြ သည်။
ထိုင်းအာဏာပိုင်များက ဖမ်းဆီး၍ မဲဆောက်သို့ ပို့ဆောင်မည့် မြန်မာ အလုပ်သမားများကို အချုပ်ကား တစီးပေါ်တွင်တွေ့ရစဉ် (ဓာတ်ပုံ - စိုင်းစိုးဝင်းလတ်)
မြန်မာ အလုပ်သမား ၃၀၀၀ ခန့်ရှိ အပြည့်အကြပ်တင်ထားသော ဘတ်စ်ကား ၁၃ စီးနှင့် မီနီဗင်၂ စင်းတို့ကို အောက်တိုဘာ ၂၅ ရက်နေ့က ၁ နာရီ မှ ၄ နာရီအတွင်း ထိုင်းနိုင်ငံ မဲဆောက်မြို့မှ မြန်မာနိုင်ငံ မြ၀တီမြို့တဖက်ကမ်းသို့ ထိုင်းအာဏာပိုင်များက ပို့ဆောင်ခဲ့သည်ကို တွေ့မြင်ခဲ့ရကြောင်း စိုင်းစိုးဝင်းလတ်က ပြောပြသည်။
ယင်း ကားများပေါ်တွင် ကလေးငယ်များ နှင့် ဖျားနာနေသူများလည်း ပါဝင်သည်ဟုလည်း ၎င်းက ဆိုသည်။
“အဲဒီ အမျိုးသမီးတဦးက လမ်းဆိုတာ လျှောက်နိုင်ရုံလေးပါ၊ သူတို့ကို တိရစ္တာန်တွေ တင်တဲ့ ကားမျိုးထဲမှာ ပြည့်ကြပ်နေ အောင် ထည့် တင်သွားတာက လူ့အခွင့်အရေး ချိုးဖောက်မှု တခုပါ၊ ဂိတ်မှာ အလုပ်လုပ်နေသူတွေကလည်း သူတို့ကို ဖယ်ရီပေါ်ကို နွားတွေလို မောင်းတင်နေတယ်”ဟု စိုင်းစိုးဝင်းလတ်က ဆက်ပြောသည်။
အဖမ်းခံရသည့် မြန်မာ အလုပ်သမား အများစုသည် ထိုင်းတွင် တရားဝင်နေထိုင် လုပ်ကိုင်ခွင့်လက်မှတ် ရရှိရန် မှတ်ပုံတင် ထားသူများ ဖြစ်ကြောင်း အလုပ်သမားအရေး ဆောင်ရွက်နေသည့် အဖွဲ့များက ဆိုသည်။
ထို မှတ်ပုံတင်ထားသူများတွင် သတ်မှတ်ထားသော အလုပ်နှင့် နယ်မြေကန့်သတ်ထားခြင်း ခံရသူများ ပါဝင်ကြောင်း သိရ သည်။
ထိုင်းအာဏာပိုင်များက ယင်းအလုပ်သမားများကိုဖမ်းဆီးရခြင်းမှာ ရေဘေးကြောင့်ထွက်ပြေးလာသော်လည်း နယ်ကျော်သော ကြောင့်ဖြစ်သည်ဟု အကြောင်း ပြခဲ့သည်။
သို့သော်လည်း အဖမ်းခံရသူများသည် ထိုင်း ဘတ်ငွေ ၂၈၀၀ ခန့် ပေးဆောင်ပါက ပြန်လည်လွှတ်ပေးကြောင်း မကြာသေးခင် ရက်ပိုင်းက မဲဆောက်တွင် အဖမ်းခံရပြီး ပြန်လွတ်လာသူ တဦးက ပြောသည်။
“ကျနော်က ထိုင်း လ၀က ကို ပိုက်ဆံ ၂၈၀၀ ပေးပြီး ပြန်လွတ်လာတာ၊ အခု ဘယ်သွားသွား သွားလို့ရတယ်”ဟု ၎င်းက ဆို သည်။
ထိုသို့ ဖြစ်ပွားနေမှုများနှင့် ပတ်သက်ပြီး ဧရာဝတီ က မဲဆောက် လ၀က ဌာနကို ဆက်သွယ်မေးမြန်းသော်လည်း ပြန်လည်ဖြေ
ကြားခြင်း မရှိချေ။
မြ၀တီမြို့သို့ ပြန်ပို့ခံရသည့် တခြားသော အလုပ်သမား တဦးကလည်း“DKBA (တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော်)ဂိတ်ကို ဘတ် ၂၅၀၀ ပေးလိုက်ရတယ်”ဟု ပြောပြသည်။
ယခုလလယ်ပိုင်းကလည်း ဘန်ကောက်မြို့မှ နေရပ်ပြန် မြန်မာအလုပ်သမားများကို မြ၀တီမြို့တွင် DKBA နှင့် လူပွဲစားများ ပူးပေါင်း၍ အဓမ္မ ငွေတောင်းခံမှု ပြုလုပ်ခဲ့သည်။
မြန်မာနိုင်ငံဘက်သို့ ပြန်မပို့မီ မဲဆောက် လ၀က ရုံးတွင် တွေ့ရသော မြန်မာနိုင်ငံသား အမျိုးသမီးများကို တင်ဆောင်ထား သည့် ကားတစီး (ဓာတ်ပုံ - စိုင်းစိုးဝင်းလတ်)
လူ့ အခွင့်အရေးနှင့် ဖွံ့ဖြိုးရေး ဖောင်ဒေးရှင်း(HRDF)မှ ညွှန်ကြားရေးမှူး အန်ဒီ ဟောလ်က အလုပ်သမားများအပေါ် ယင်းသို့ပြုလုပ်နေမှုများနှင့် ပတ်သက်၍ လက်ခံနိုင်ဖွယ် မရှိကြောင်း၊ ၂ နိုင်ငံ အစိုးရက အလျင်အမြန် အရေးယူဆောင်ရွက်သင့်ကြောင်း ဧရာဝတီသို့ ပြောသည်။
“ဒုက္ခရောက်လာသူတွေဆီကနေ အကျိုးအမြတ်ယူနေတဲ့ အရာရှိတွေရဲ့လုပ်ရပ်က ဆိုးဝါးလွန်းတယ်”ဟု ၎င်းက ဆိုသည်။
ယမန်နေ့က ပထုံဌာနီ ဒေသ လိုင်ခိုင် ဘုန်းကြီးကျောင်းရှိ ရေဘေး ကယ်ဆယ်ရေး စခန်းသို့ လာရောက်သည့် ထိုင်း ဒု ၀န်ကြီး ချုပ်နှင့် အလုပ်သမား ၀န်ကြီးတို့ကို တွေ့ဆုံခဲ့ပြီး အလုပ်သမားအရေး ဆွေးနွေးခဲ့ကြောင်း အန်ဒီ ဟောလ်က ဆက်ပြောသည်။
“မြန်မာသံရုံးနဲ့ လက်တွဲပြီး ပြဿနာတွေကို ဖြေရှင်းဖို့ပြောတော့ သူတို့က ဆောင်ရွက်နေပြီလို့ ပြောပါတယ်”ဟု ၎င်းက ရှင်းပြ သည်။
ထိုင်းရှေ့နေ စူလဖောင်ကလည်း“ဘန်ကောက်မှာ ရေကြီးလို့ ဒုက္ခရောက်ပြီး ပြန်လာတဲ့ လူတွေကို ကူညီသင့်တယ်၊ ထပ်ပြီး ဒုက္ခထပ်ရောက်အောင် မလုပ်သင့်ဘူး”ဟု ပြောသည်။
စူလဖောင် သည် ထိုင်းလွှတ်တော်၏ နိုင်ငံမဲ့များဆိုင်ရာ ဥပဒေပြဌာန်းရေး ဆပ်ကော်မတီဝင် လွှတ်တော် အမတ် တဦးဖြစ် သည်။
ထိုင်း ရေကြီးမှုကြောင့် မြန်မာအလုပ်သမားများ ရပ်တည်ရန် အခက်အခဲနှင့် ရင်ဆိုင်နေရပြီး ယခင်တပတ် စနေနေ့မှ စတင်၍ နေ့စဉ် လူ ထောင်နှင့်ချီ၍ နေရပ်သို့ ပြန်နေခဲ့ကြသည်။
ထိုင်းတွင်ရောက်ရှိနေကြသည့် မြန်မာ အလုပ်သမားများက နေရပ် ဒေသအသီးသီးသို့ ပြန်လျှင် မြ၀တီနယ်စပ် လမ်းကို အများဆုံး အသုံးပြုကြခြင်းမှာ မြ၀တီ-ရန်ကုန် ခရီး အကွာအဝေး၂၆၅ မိုင်ကို ကားဖြင့် ၁၄ နာရီခန့်သာ သွားရခြင်းကြောင့် ဖြစ်သည် ဟု သိရသည်။
ထိုင်းနိုင်ငံအတွင်း နေထိုင် အလုပ်လုပ်နေသော မြန်မာနိုင်ငံသား၂ သန်းမှ ၄ သန်းကြားရှိကြောင်း အလုပ်သမားအရေး ဆောင် ရွက်နေသူများက ပြောဆိုကြသည်။
ဧရာဝတီသတင်းဌာနမှ ကူးယူဖော်ပြပါသည်။
ထိုင်းရေကြီးမှုကြောင့် နေရပ်ပြန်မြန်မာအလုပ်သမားများ ဒဏ်ငွေတပ် ဖမ်းဆီးခံရ
ထိုင်း နိုင်ငံရေလွှမ်းလို့ပိတ်ထားရတဲ့အလုပ်ရုံတွေက မြန်မာအလုပ်သမားတွေ နေရပ်အပြန် လမ်းမှာ ဒဏ်ငွေရိုက်၊ ဖမ်းဆီးခံနေရပါတယ်။
နေရပ်ပြန်မြန်မာအလုပ်သမားအချို့ကို မဲဆောက်လူဝင်မှုကြီးကြပ်ရေးရုံးတွင် တွေ့ရစဉ်
ရေကြီးမှု ကြောင့် မြန်မာအလုပ်သမားတွေ ထောင်နဲ့ချီ နေရပ်ပြန်ကြရာ လမ်းတလျှောက် စစ်ဆေးရေးဂိတ်တွေမှာ ထိုင်းပုလိပ်တွေက အလုပ်သမားလက်မှတ်ရှိသူတွေကို နယ်ကျော်သွားလာမှုတွေနဲ့ဒဏ်ငွေရိုက်ပြီး လက်မှတ်မရှိသူတွေကို ဖမ်းဆီးထားတယ်လို့ မြန်မာအလုပ်သမားတဦးက ပြောပါတယ်။
“မဲဆောက် ရောက်တဲ့အခါကျတော့ မဲဆောက်ရဲတွေက ဖမ်းပြီးတော့ ပိုက်ဆံတောင်းတာရှိတယ်။ စာရွက်စာတမ်းစစ်ဆေးတယ်။ ဟိုဟာမပြည့်စုံဘူး။ ဒီဟာမပြည့်စုံဘူးဆိုပြီး ပိုက်ဆံတောင်းတာပေါ့။ အဲဒါက မဲဆောက်မှာ။”
နယ်ခံပုလိပ် တွေနဲ့သိတဲ့ တချို့အလုပ်သမားတွေကတော့ ထိုင်းကားသမား တွေကို ဘတ် ၄,၀၀၀ – ၅,၀၀၀ နဲ့ ငှားပြီး မဲဆောက်အရောက် လိုက်ပို့ခိုင်းတယ်လို့ ဆိုပါတယ်။
မဲဆောက်ကို နည်းအမျိုးမျိုးနဲ့ ဖြတ်သန်းလွတ်မြောက်လာတဲ့ မြန်မာအလုပ်သမားတွေဟာ မြဝတီနားက ၉ သုံးလုံးဂိတ်မှာ နယ်ခြားစောင့်တပ်ဖွဲ့ရဲ့ ပြည်ဝင်ခကောက်တာ ခံရတယ်လို့ ဆိုပါတယ်။
“ဟိုဘက်ရောက်သွားလို့ရှိရင် ၉၉၉ ဂိတ်မှာ အကြီးအကျယ် အတောင်းခံရတယ်။ လူတယောက်ကို ဘတ် ၂၅၀၀ ပေးရတယ်။”
ထိုင်း ပုလိပ်နဲ့ မြန်မာနယ်စပ် နယ်ခြားစောင့်တပ်ဖွဲ့တွေက ဒုက္ခရောက်နေတဲ့ မြန်မာအလုပ်သမားတွေကို ဖမ်းဆီးဒဏ်ရိုက် ငွေကောက်ခံနေတာတွေကို ထိုင်း၊ မြန်မာ နှစ်ဖက်လုံးက သက်ဆိုင်ရာအာဏာပိုင်တွေကို တင်ပြမယ်လို့မြန်မာအလုပ်သမားတွေကို အကူအညီပေးနေတဲ့ HRDF ခေါ် လူ့အခွင့်အရေးနဲ့ဖွံ့ဖြိုးရေးဖောင်ဒေးရှင်း အကြံပေးအရာရှိ မစ္စတာ အန်ဒီဟောလ်က ပြောပါတယ်။
နေရပ်ပြန်ကြတဲ့ အလုပ်သမားလက်မှတ်ရှိသူ မြန်မာအလုပ်သမားတွေဟာ ရီအန်ထရီ (Re-entry Visa) ခေါ် ထိုင်းနိုင်ငံထဲ ပြန်ဝင်ခွင့်ဗီဇာကို တပါတည်း လျှောက်ယူကြရတယ်လို့ ပြောပါတယ်။
ဘန် ကောက်မြို့ မြဘုရားတခွင်နဲ့ ဒွန်မောင်းလေဆိပ်တွေကို ရေလုံးဝ လွှမ်းသွားပြီလို့ ဘန်ကောက်ကပြန်လာတဲ့ မြန်မာအလုပ်သမားတွေက ပြောပါတယ်။
ထိုင်းအစိုး ရက ရေလွှမ်းမိုးမှုကြောင့် လူ ၃၆၆ ဦး သေဆုံးပြီး ဒုက္ခရောက်နေသူ ၁၀ သန်းခန့် ရှိနေပြီလို့ ဒီကနေ့ သတင်းထုတ်ပြန်ထားပါတယ်။
DVB သတင်းဌာနမှ ကူးယူဖော်ပြပါသည်။
ထောင်နှင့်ချီသည့် ဌာနေပြန် မြန်မာအလုပ်သမားများ အဖမ်းခံရ
အောက်တိုဘာလ ၂၄ရက်။ စောခါးစူးညား (ကေအိုင်စီ)
ထိုင်းနိုင်ငံအတွင်း ရေကြီးမှု ဆက်လက် ဖြစ်ပွားနေခြင်းကြောင့် ဘန်ကောက်မြို့ ရေလွှမ်းမိုးရာနယ်များမှ မြန်မာပြည်သို့ ပြန်ကြ သည့် မြန်မာအလုပ်သမားများ ထောင်နှင့်ချီ၍ ထိုင်းလူဝင်မှုကြီးကြပ်ရေးအဖွဲ့(လ၀က)၏ ဖမ်းဆီးခြင်းကို ခံခဲ့ကြရသည်။
လက်ရှိ မဲဆောက်မြို့တွင် အဖမ်းခံနေရသည့် ဘန်ကောက်မှ မြန်မာအလုပ်သမားဖြစ်သူ စောဖိုးချောက “အခု တောမောရုံး (ထိုင်းလ၀ကရုံး)မှာ အဖမ်းခံရတဲ့သူ တစ်ထောင်ကျော်ရှိမယ်။ အားလုံးဟာ နိုင်ငံကူးလက်မှတ် (Passport)မရှိသူချည်းပဲ။”ဟု ကေအိုင်စီသို့ ပြောသည်။
၎င်းအနေဖြင့် အဖမ်းခံရသူများ စာရင်းတွင် နံပါတ် ၇၀၀ကျော်ဖြစ်ပြီး နောက်ပိုင်း နံပါတ်စဉ်များစွာ ကျန်နေသေးကြောင်းနှင့် ထို အထဲတွင် ကိုယ်ဝန်ဆောင် အမျိုးသမီးအချို့လည်း ပါဝင်သည်ဟု သူက ပြောပြသည်။
ယခု ထိုင်းလူဝင်မှုကြီးကြပ်ရေး တာဝန်ရှိသူများ၏ ဖမ်းဆီးခြင်းကိုခံရသူ မြန်မာများမှာ ထိုင်းနိုင်ငံတွင်း အလုပ်လုပ်ကိုင်ခွင့် လက်မှတ်(ဘတ်)များ ရှိသော်လည်း နိုင်ငံကူးလက်မှတ် မရှိသူများဖြစ်သည်ဟု သိရသည်။
အဖမ်းခံရသူများကို ထိုင်းလ၀က တာဝန်ခံများက ထိုင်း-မြန်မာနယ်စပ် မဲဆောက်-မြ၀တီ ချစ်ကြည်ရေးတံတားထိပ် မြန်မာ ပြည်ဘက်ခြမ်းရှိ နယ်ခြားစောင့်တပ်-BGF ဂိတ်သို့ ပို့ဆောင်သည်။ ထိုဂိတ်သို့ ပို့ဆောင်ခံရသူများကို BGF က တစ်ဦးလျှင် ထိုင်းဘတ်ငွေ ၂,၀၀၀မှ ၂,၅၀၀အထိ ဒဏ်ငွေသဘောမျိုး ကောက်ခံလျှက်ရှိကြောင်းလည်း BGF ဂိတ်သို့ ပြန်လည် ရောက်ရှိ သွားသည့် မြန်မာအလုပ်သမား အမျိုးသမီးတစ်ဦးက ပြောသည်။
သူမက “ဘန်ကောက်ကနေ မဲဆောက်ကို လိုင်းကားနဲ့ဆို ဘတ်ငါးရာကျော်ပဲ ကုန်တယ်။ တောမောက ဖမ်းတော့ ဒုက္ခရောက် ကြတော့တာပဲ။ လမ်းစရိတ် မလောက်တဲ့သူအတွက်တော့ အဆိုးဆုံးပဲ။ နောက် ကျမတို့ကို ပြန်လာသွန်တော့လည်း တော မောကို တစ်ယောက် ဘတ် ၈၀ ပေးခဲ့ရသေးတယ်။”ဟု ပြောသည်။
ငွေကြေးတတ်နိုင်သည့် အချို့မြန်မာအလုပ်သမားများသည် ကယ်ရီမှတဆင့် လူတစ်ဦးလျှင် ဘတ် ၄,၅၀၀မှ ၅,၀၀၀အထိ ပေး စေပြီး ကရင်ပြည်နယ် ဖားအံနှင့် မွန်ပြည်နယ် သထုံ၊ ဘီးလင်းမြို့များသို့ အရောက်ပို့ဆောင်ပေးသည်ဟု ၎င်းက ဆက်ပြော သည်။
ဘန်ကောက်မြို့ ရေကြီးမှုကြောင့် မြန်မာနိုင်ငံတွင်းရှိ ဒေသအသီးသီးမှ မိဘဆွေမျိုးများက စိုးရိမ်ပူပန်နေကြပြီး မိမိတို့၏ သား သမီး၊ မိသားစုဝင်များကို နေရပ်ပြန်လာကြရန် ဆက်သွယ်ခေါ်ယူလျှက်ရှိသည်။
မဲဆောက်မြို့အ၀င်၌ ထိုင်းလ၀ကအဖွဲ့က ယခုရက်ပိုင်းအတွင်း ဘန်ကောက်မှ နေရပ်ပြန်မည့် မြန်မာအလုပ်သမားများကို ဖမ်း ဆီးလျှက်ရှိရာ ယနေ့မှာ လူဦးရေ အများဆုံး ဖြစ်သည်။
ထိုင်းနိုင်ငံရှိ ခရိုင် ၇၇ခုအနက် ၆၁ခုမှာ ရေကြီးမှုဒဏ်ခံနေရပြီး လူဦးရေ ၈၂သိန်းကျော် ရေဘေးဒုက္ခနှင့် ရင်ဆိုင်နေရကာ သေဆုံးသူမှာ ၃၅၀ဦးကျော်ရှိပြီဟု သတင်းဌာနများက ထုတ်လွှင့်ဖော်ပြနေကြသည်။
KIC သတင်းဌာနမှ ကူးယူဖော်ပြပါသည်၊
ထိုင်းရေဘေးဒုက္ခ မြန်မာတွေလည်း ကြုံရ
ထိုင်းနိုင်ငံအနှံ့ ရေကြီးမှုကြောင့် အနည်းဆုံး လူ ၂၆၀ ကျော် သေဆုံး၍ ၆ ဦး ပျောက်ဆုံးနေပြီး မြန်မာနိုင်ငံသားများ အပါ အ၀င် ဒေသခံ ၂ သန်းကျော် ရေဘေးဒုက္ခ ကြုံတွေ့နေရကြောင်း မကြာခင် ရက်ပိုင်းက ထိုင်းသတင်းများတွင် ဖော် ပြထားသည်။
ထိုင်းနိုင်ငံတွင် စုစုပေါင်း ရေလှောင်တမံ ၃၃ ခုရှိသည့်အနက် တချို့ ရေလှောင်တမံများမှ ရေဖွင့်ချခဲ့မှုကြောင့် ရေလွှမ်းမှု ဖြစ်ကာ ဆူခိုထိုင်း၊ ဖိကျစ်၊ နခွန်စ၀မ်၊ ဥထိုင်းဌာနီ၊ ချိုင်န၊ ဆင်ဘူရီ၊ အန်ထောင်း၊ အယုဒ္ဓယ၊ လွတ်ဘူရီ၊ ဆလာဘူရီ၊ ဆူဖန် ဘူရီ၊ ပထုံဌာနီ စသည့် မြို့နယ်များတွင် ရေလွှမ်းမှုများ ဆက်လက် ဖြစ်ပွားနေကြောင်း သိရသည်။
ရေဘေးဒုက္ခသည်များ အတွက် ဘန်ကောက်မြို့တွင် ယာယီ စခန်းများ ဖွင့်လှစ်ရန် ထိုင်းအာဏာပိုင်များက စီစဉ်ထားကြောင်း ထိုင်းသတင်းများက ဆိုသည်။
ထိုင်းနိုင်ငံ၏ မြို့ဟောင်းဖြစ်သည့် အယုဒ္ဓယမြို့တွင် ရေလွှမ်းမှု အဆိုးရွာဆုံး ကြုံတွေ့နေရပြီး ယင်းဒေသ အလုပ်ရုံများရှိ မြန် မာ ရွှေ့ပြောင်း အလုပ်သမားများလည်း ရေဘေးဒုက္ခ ကြုံတွေ့နိုင်သည်ဟု မြန်မာနိုင်ငံ ဒီမိုကရေစီ ရရှိရေး ထိုင်း လှုပ်ရှားမှု ကော်မတီ (TACDB) မှ လက်ထောက် ဒါရိုက်တာ ဦးမြင့်ဝေက ဧရာဝတီသို့ ပြောသည်။
“အဲဒီက အလုပ်သမားတွေ ဒုက္ခတွေ့နိုင်တာပေါ့။ စိတ်ဓာတ် ရေးရာအရ အားပေးမှုကတော့ အပြည့်အ၀ လိုအပ်တယ်။ ကျနော်တို့ကလည်း ဘယ်က စလုပ်ရမလဲ မသိဘူး ဖြစ်နေတယ်” ဟု ၎င်းက ဆိုသည်။
TACDBက ဦးဆောင်၍ ရေဘေး ဒုက္ခသည် ထိုင်းနှင့် မြန်မာနိုင်ငံသားများကို ကူညီနိုင်ရန်အတွက် ဘန်ကောက်မြို့တွင် အလှူငွေများ မကြာခင်ရက်ပိုင်းက စတင်ကောက်ခံနေရာ ဘတ် ၄၀၀၀ ကျော် (ကျပ် ၁ သိန်းခန့်) ရရှိထားကြောင်း ဦးမြင့်ဝေ က ဆက်ပြောသည်။
အယုဒ္ဓယ မြို့နယ်အတွင်း ခန့်မှန်ခြေ မြန်မာအလုပ်သမား ၁ သောင်း ၀န်ကျင်ရှိကြောင်း သိရသည်။
အလားတူပင် ပထုံဌာနီဒေသရှိ စက်ရုံများတွင် အလုပ်လုပ်ကိုင်နေကြသည့် မြန်မာ အလုပ်သမားများလည်း ရေဘေးဒုက္ခ ကြုံနေရကြောင်း သိရသည်။
ထိုဒေသရှိ အလုပ်သမား တဦးက “တချို့ သူငယ်ချင်တွေဆိုရင် ရေမြုပ်တော့ တခြား သူငယ်ချင်းတွေရဲ့ အခန်းမှာ သွားနေကြ ရတယ်” ဟု ပြောသည်။
တချို့သော မြန်မာ အလုပ်သမားများသည် ၎င်းတို့၏ စက်ရုံထဲသို့ ရေမ၀င်နိုင်စေရန် သဲအိတ်များ ချထားခြင်းဖြင့် ကြိုတင် ပြင်ဆင်နေကြောင်း ၎င်းက ဆိုသည်။
ယခုလ ၁၅ နေ့မှ ၂၀ ရက်နေ့ အတွင်း ဘန်ကောက်မြို့ပေါ် တွင် ရေကြီးမှုများ ဖြစ်ပွားလာနိုင်သည်ဟု ထိုင်းအာဏာပိုင်များက အသိပေးထားကြောင်း သိရသည်။
ထိုင်းနိုင်ငံတွင် အလုပ်လုပ်နေသည့် မြန်မာအလုပ်သမား ၂ သန်းခွဲမှ ၄ သန်းအထိ ရှိနိုင်ကြောင်း အလုပ်သမားအရေး ဆောင် ရွက်နေသော အဖွဲ့ အစည်းများက ခန့်မှန်းထားသည်။
ဧရာဝတီသတင်းဌာနမှ ကူးယူဖော်ပြပါသည်