မင်္ဂလာပါ ... ကြွရောက်လာကြသော မိတ်သင်္ဂဟအပေါင်းတို့ကို "မြန်မာအလုပ်သမားများကွန်ယက်" ဆိုဒ်မှ နွေးထွေးစွာဖြင့် ကြိုဆိုပါတယ်ခင်ဗျာ....

ထိုင်းနိုင်ငံရှိ ရွေ့ပြောင်းအလုပ်သမားများ

ပင်လယ်ရေလုပ်ငန်းများနှင့် ကလေးငယ်များ

ဆန္ဒပြ မြန်မာအလုပ်သမား ၂ ဦးကို မလေးရှားရဲ ဖမ်းဆီး

မလေးရှားနိင်ငံမှာရှိတဲ့ Electronics ပစ္စည်းထုတ်စက်ရုံ တရုံက မြန်မာ အလုပ်သမား၂၄ ဦး အလုပ်မဆင်းပဲ ဆန္ဒပြခဲ့ရာ ၂ ဦးကို မေလ ၅ ရက် မနေ့ညက ရဲက ဖမ်းဆီး ခေါ်ဆောင်သွားတယ်လို့ မြန်မာ့အရေး ဆောင်ရွက်နေတဲ့ BCM အဖွဲ့က RFA ကို ပြောပြပါတယ်။

(Photo: AFP)

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ နိုင်ငံခြား အလုပ်သမားများ နေထိုင်ရာ အဆောင်တခု ဖြစ်ပါသည်။ (Photo: AFP)

အဲဒီစက်ရုံကတော့ Johore ပြည်နယ် Sanai Jayar မြို့နယ်မှာရှိတဲ့ Rohe Birt Electronics ပစ္စည်းထုတ်စက်ရုံလို့ သိရပြီး မြန်မာ၊ နီပေါလ်၊ Bangladesh နဲ့ ဗီယက်နမ် အလုပ်သမားတွေ ငှားရမ်း လုပ်ကိုင် လည်ပတ်နေတဲ့ စက်ရုံ ဖြစ်ပါတယ်။

ဆန္ဒြပရတဲ့ ကိစ္စနဲ့ပတ်သက်လို့ ဆန္ဒပြအလုပ်သမား ၂၄ ယောက်အနက် တဦးဖြစ်တဲ့ ကိုသန်းစိုးအောင်က RFA ကို အခုလို ပြောပါတယ်။

“နေရတာက ၂၄ ယောက်။ ကျွန်တော်တို့ နေရတဲ့ ဟောခန်းကြီးထဲမှာ ကျွန်တော်တို့ ၂၄ ယောက်က မနက်ခင်းမှာ ထချိုးတယ်၊ ရေချိုးခန်း၊ အိမ်သာ ၂ လုံး၊ ရေချိုးခန်း ၂ ခန်းနဲ့ အပြင်ဖက် ဟောခန်းမှာ တခါ ရေချိုးခန်း တခန်း ဆင်ပေးထားတယ်။ ရေချိုးကြတယ်၊ သူငယ်ချင်းတွေ အကုန်လုံး၊ စောစောထတဲ့လူတွေက။”

“ချိုးတော့ကျ ကျွန်တော်တို့ ရေသံတွေနဲ့ အိပ်မရဘူး။ အိပ်မရတော့ ကျွန်တော်တို့လည်း အဲဒီ အဆောင်ကို တဝက်ခွဲပေးပါ၊ လူတွေကလည်း များတယ်၊ ထမင်းဟင်းချက်တာလည်း အောခန်းထဲဆိုတော့ လှောင်ပိတ်နေတော့ ညှော်တွေနံတော့ကျ ကျွန်တော်တို့ ခြေထောက်တွေ ဘာတွေ ညောင်းကိုက်တယ်။”

အခုလို အလုပ်မဆင်းပဲ ဆန္ဒပြ နေကြတဲ့အချိန်မှာ မြန်မာ အလုပ်သမားထဲက ၂ ဦးကို အဆောင်ကနေ ရဲက ဖမ်းဆီး ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။ ဒါ့ကြောင့် မြန်မာ့အရေး ကူညီဆောင်ရွက်ပေးနေ တဲ့ Burma Campaign Malaysia အဖွဲ့ကို မြန်မာ အလုပ်သမားတွေက အကူအညီ တောင်းခဲ့ပါတယ်။

ဒါနဲ့ပတ်သက်လို့ BCM အဖွဲ့တာဝန်ခံ ကိုထွန်းထွန်းက အခုလို ပြောပြပါတယ်။

“ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ သက်ဆိုင်ရာ ရဲတပ်ဖွဲ့ကို စုံစမ်းပြီးတော့ ဒါကို ပြန်လွှတ်ပေးဖို့ ကျွန်တော်တို့ ကြိုးစားနေတယ်။ နောက်တခါ ကျွန်တော်တို့ အခု ဖြစ်တဲ့ ပြဿနာသည် ဝါဏိဇ္ဇ ပဋိပက္ခဖြစ်တဲ့အတွက် ဒါက ရဲ ဝင်ရောက် စွက်ဖက်ခွင့် မရှိဘူးဆိုတာကို ကျွန်တော်တို့ အနေနဲ့ မလေးရှား လူ့အခွင့်အရေး ကော်မရှင်မှာ ကျွန်တော်တို့ သွားရောက်တိုင်တန်းမယ်။ ဒီဟာတွေ မလုပ်ခင်မှာ ကျွန်တော့အနေနဲ့ အလုပ်သမား ဝန်ကြီးဌာနမှာ သွားပြီးတော့ ဝါဏိဇ္ဇ ပဋိပက္ခကို တိုင်တန်းမယ်။”


RFA သတင်းဌာနမှ ထပ်မံဖော်ပြပါသည်။

ဂျော်ဒန်ရောက် မြန်မာအလုပ်သမားများ ဆန္ဒပြ

အရှေ့အလယ်ပိုင်း အာရပ်နိုင်ငံတခု ဖြစ်တဲ့ ဂျော်ဒန်နိုင်ငံ ဟာဆန်းမြို့ အိုအေစစ် အထည်ချုပ်စက်ရုံက မြန်မာအလုပ်သမား နှစ်ရာကျော်ဟာ အခြေခံလစာငွေ တိုးပေးဖို့ ဧပြီလ (၂၄) ရက်နေ့က စပြီး ဆန္ဒပြနေကြောင်း သတင်းရရှိပါတယ်။

ရန်ကုန်မြို့မှာ ပွဲစားနဲ့ စာချုပ်ချုပ်စဉ် အခြေခံလစာအဖြစ် ဂျော်ဒန်နိုင်ငံသုံးငွေ JD (၁၁ဝ) ပေးမှာဖြစ်ပြီး အဲဒီနောက်ပိုင်း JD (၂ဝဝ) ကျော်အထိ တိုးမြင့် ပေးသွားမယ်လို့ ကတိပေးခဲ့ပေမယ့် ကတိအတိုင်း ဖြစ်မလာတဲ့အပြင် စားစရိတ် ဖြတ်တောက်တာ၊ ကျန်းမာရေးစောင့်ရှောက်မှု ကုန်ကျငွေ ထုတ်မပေးတာတွေကြောင့် အခုလို ဆန္ဒပြရတာဖြစ်ကြောင်း ဆန္ဒပြရာမှာ ပါဝင်သူ မမေမျက်ဝန်းက RFA ကို ပြောပါတယ်။

ဂျော်ဒန်နိုင်ငံမှာ နိုင်ငံခြားသားတွေ ရသင့်တဲ့ အခြေခံလစာအဖြစ် JD (၁၁ဝ) သတ်မှတ်ထားပြီး ဂျော်ဒန် နိုင်ငံသားတွေအတွက် အခြေခံလစာကတော့ JD (၁၅ဝ) ဖြစ်တယ်လို့ သိရပါတယ်။ နိုင်ငံခြားသားတွေ အလုပ်လုပ်နေတဲ့ တခြား အထည်ချုပ် စက်ရုံတွေမှာတော့ စားစရိတ်လည်း မဖြတ်တဲ့အပြင် ကျန်းမာရေး စောင့်ရှောင့်မှုတွေလည်း ပေးပြီး လစာငွေလည်း ပိုပေးကြောင်း သိရပါတယ်။

အခု ဆန္ဒပြနေကြတဲ့ စက်ရုံမှာ မြန်မာအလုပ်သမား ၂၃၅ ဦး ရှိပါတယ်။ တရုတ်၊ ဗီယက်နမ်၊ အိန္ဒိယ၊ သီရိလင်္ကာ၊ ဘင်္ဂလားဒေ့ရှ် စတဲ့ နိုင်ငံသားတွေလည်း လုပ်ကိုင်နေကြပြီး တရုတ်နဲ့ ဗီယက်နမ် နိုင်ငံသားတွေက လွဲလို့ ကျန်တဲ့ နိုင်ငံသားတွေ အားလုံး ဆန္ဒပြနေကြတယ်လို့ သိရပါတယ်။

အကြောင်းစုံကို ဆန္ဒပြ အလုပ်သမားတွေနဲ့ ဆက်သွယ်မေးမြန်းပြီး RFA အဖွဲ့သား ဦးဥာဏ်ဝင်းအောင်က တင်ပြထားပါတယ်။

RFA သတင်းဌာနမှ ထပ်မံဖော်ပြပါသည်၊

လက်မှတ်သစ် ထုတ်ပေးမည့် သတင်းကြောင့် မြန်မာအလုပ်သမားများ ထိုင်းသို့ ပိုဝင်လာ

အလုပ်သမား လက်မှတ်များ ထပ်မံ ပြုလုပ်ပေးမည် ဆိုသည့် သတင်းကြောင့် ထိုင်းနိုင်ငံ အတွင်းသို့ မြန်မာနိုင်ငံသားများ တရားမ၀င် လာရောက်လျက်ရှိရာ တပတ်အတွင်း၌ လူ ၁၄၉ ဦး အဖမ်းခံရကြောင်း သိရှိရသည်။

mm-life2

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှတဆင့် ဘန်ကောက်မြို့သို့ အလုပ်သွားလုပ်ရန် တရားမ၀င် လာရောက်သည့် မြန်မာနိုင်ငံသား ၆၀ ကျော် ဧပြီ လကုန်ပိုင်းက ထိုင်း အာဏာပိုင်များ၏ ဖမ်းဆီးခံရစဉ် (ဓာတ်ပုံ - Manager Online)

အဆိုပါ မြန်မာနိုင်ငံသားများသည် အလုပ်သမား လက်မှတ် ရရှိရေးအတွက် ထိုင်းနိုင်ငံ တာ့ခ်ခရိုင် မဲဆောက်မြို့နယ်မှ တဆင့် ဘန်ကောက်မြို့သို့ သွားရောက်ရန် ကြိုးပမ်းခဲ့ရာတွင် ထိုင်းအာဏာပိုင်များ၏ စစ်ဆေး ဖမ်းဆီးမှုကိုခံခဲ့ရခြင်း ဖြစ်သည်။

အဖမ်းခံရသူများမှာ အမျိုးသမီး ၂၈ ဦးနှင့် အမျိုးသား ၁၂၁ ဦးတို့ ဖြစ်ပြီး ဧပြီလ ၂၈ ရက်နေ့ နှင့် မေလ ၁ ရက်နေ့တို့ တွင် အဖမ်းခံခဲ့ရကြောင်း သိရသည်။

မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေး ထိုင်းလှုပ်ရှားမှု ကော်မတီ(TACDB) အဖွဲ့မှ လက်ထောက် ဒါရိုက်တာ ဦးမြင့်ဝေက အလုပ် သမားများ အနေဖြင့် တရားမ၀င်နည်းလမ်းဖြင့် လာရောက်ခြင်း မဟုတ်ဘဲ မြန်မာ ပြည်တွင်းမှ နိုင်ငံကူး လက်မှတ် ပြုလုပ်ပြီး ထိုင်းနိုင်ငံသို့ တရားဝင် အလုပ်လာလုပ်ရန် စဉ်းစားသင့်ကြောင်း ပြောဆိုသည်။

“အပြင်မှာ ဘတ်ငွေ ၁၅၀၀၀ ပေးပြီးတော့ မလုပ်သင့်တော့ဘူး၊ လမ်းခရီးမှာ မလုံခြုံမှုတွေ၊ မတော်တဆထိခိုက်မှုတွေ လူ့အခွင့် အရေး ချိုးဖောက်မှုတွေ အမြဲတမ်း ဖြစ်နေတယ်”ဟု ဦးမြင့်ဝေက ဆက်ပြောသည်။

အဖမ်းခံထားရသော မြန်မာနိုင်ငံသားများနှင့်ပတ်သက်၍ မဲဆောက်မြို့ရဲစခန်းသို့ ဆက်သွယ်မေးမြန်းခဲ့ရာ မြန်မာနိုင်ငံသားများ ရဲစခန်းတွင် မရှိကြောင်း တာဝန်ကျ ရဲ တဦးက ပြောသည်။

၎င်း၏ ပြောပြချက်အရ မြန်မာနိုင်ငံသားများ အဖမ်းအဆီးခံရပါက လူဝင်မှုကြီးကြပ်ရေး(လ၀က) တာဝန်ရှိသူများထံ တိုက် ရိုက် ပို့ဆောင်ပေးလေ့ရှိပြီး လ၀က အချုပ်မှတဆင့် မြန်မာနိုင်ငံဘက်သို့ ပြန်ပို့လေ့ရှိကြောင်း သိရသည်။

လွန်ခဲ့သည့် ဧပြီ ၂၇ ရက်နေ့က ထိုင်းအစိုးရ ၀န်ကြီး အဖွဲ့ အစည်းအဝေး၏ အတည်ပြုချက်အရ ထိုင်းနိုင်ငံအတွင်း အလုပ် လုပ်ကိုင် နေထိုင်ခွင့်လက်မှတ် မပြုလုပ်ရသေးသော မြန်မာ၊ လာအိုနှင့် ကမ္ဘောဒီးယားနိုင်ငံများမှ တရားမဝင် အလုပ်သမားများ အတွက် အလုပ်သမား မှတ်ပုံတင် ထပ်မံပြုလုပ်ပေးမည် ဖြစ်သည်။

၎င်း ၀န်ကြီးအဖွဲ့ အစည်းအဝေးမှ အလုပ်သမားလက်မှတ် အသစ်များကို မည်သည့် ရက်တွင် စတင် ပြုလုပ်ပေးမည်ကိုမူ ထုတ်ပြန်ခြင်း မရှိသေးပေ။

ယခု ခွင့်ပြုချက်တွင် အလုပ်သမားလက်မှတ် ပြုလုပ်ရန် နောက်ဆုံးရက် သတ်မှတ်ပေးစဉ်က ပျက်ကွက်ခဲ့သူများနှင့် လက်မှတ် လုံးဝမပြုလုပ်ရသေးသူများ အကျုံးဝင်ကြောင်း၊ လက်မှတ်ပြုလုပ်ထားသူ မိဘများအနေဖြင့် အသက် ၁၅ နှစ် အောက် ကလေး များကို မှီခိုသူအဖြစ် ခေါ်ထားနိုင်ပြီး ၁၅ နှစ်အထက် ကလေးများအတွက် သီးခြားလက်မှတ် ပြုလုပ်ရမည် ဖြစ်ကြောင်း သိရ သည်။

ယခုကဲ့သို့ မှတ်ပုံတင်ခွင့် ပေးခြင်းသည် ထိုင်းနိုင်ငံအတွင်းသို့ အလုပ်သမားများ တရားမ၀င် ၀င်ရောက်ပြီး နေထိုင် အလုပ် လုပ်ခြင်းမှ တားဆီးနိုင်ရန် ဖြစ်ကြောင်း အလုပ်သမားအရေး ဆောင်ရွက်နေသူများက ဆိုသည်။

အလုပ်သမား လက်မှတ်ပြုလုပ်ထားသူတိုင်းသည် ယာယီ နိုင်ငံကူးလက်မှတ် ပြုလုပ်ရန်လည်းလိုအပ်ကြောင်း၊ ယာယီ နိုင်ငံ ကူးလက်မှတ် ပြုလုပ်ရန် နိုင်ငံသား စိစစ်အတည်ပြုခြင်း(National Verification) အစီအစဉ်တွင် ပါဝင်ရမည်ဖြစ်ကြောင်း ထိုင်းအစိုးရက ထုတ်ပြန်ကြေညာထားသည်။

နိုင်ငံသား စိစစ်အတည်ပြုခြင်း လုပ်ငန်းစဉ်ကို လာအိုနှင့် ကမ္ဘောဒီးယား နိုင်ငံသားများအတွက် ၂၀၀၆ ခုနှစ်နှင့် မြန်မာနိုင်ငံ သားများအတွက် ၂၀၀၉ ခုနှစ် သြဂုတ်လ အတွင်း၌ စတင်လုပ်ဆောင်ပေးခဲ့ခြင်း ဖြစ်သည်။

ထိုင်းနိုင်ငံအနှံ့တွင် မြန်မာပြည်သား စုစုပေါင်း ၂ သန်းမှ ၄ သန်း အထိရှိကြောင်း အလုပ်သမားအဖွဲ့များ၏ ခန့်မှန်းပြောဆိုချက် အရ သိရသည်။

ဧရာဝတီသတင်းဌာနမှ ကူးယူဖော်ပြပါသည်။

ဟန်ထိုင်း သိုးမွှေးစက်ရုံက အလုပ်သမားတိုက်ပွဲ


မဲဆောက်ကနေ အရှေ့တောင်ဘက်ကို စက်ဘီးနဲ့ နာရီဝက်ကျော် တနာရီနီးပါးလောက် နင်းလိုက်ရင် မယ်ကု ဆိုတဲ့ ရွာကြီးကို ရောက်ပါပြီ။ အဲဒီရွာကြီးနားမှာလည်း သိုးမွှေးစက်ရုံတွေ ရှိပါတယ်။ ဟန်ထိုင်း၊ ထိုင်းစန်း၊ အေစီအာ၊ အက်စ်အာ စတဲ့ ရုံတွေပါ။ ကျနော် အခုတင်ပြမှာကတော့ ဟန်ထိုင်း (Hang Thai Knitting) သိုးမွှေးစက်ရုံအကြောင်းပါ။

စက်ရုံရဲ့ လိပ်စာက အမှတ် ၆ဝ၈၊ ၇ ရပ်ကွက် မယ်ကုရွာ ဖြစ်ပါတယ်။ စက်ရုံစဖွင့်တာ ၁၉၉၆ ခုနှစ်ကတည်းကပါ။ စဖွင့်တဲ့အချိန်တုန်းကတော့ အလုပ်သမား ၃ဝဝဝ ကျော်ရှိပါတယ်။ လက်ရှိမှာတော့ အလုပ်သမား ၁၅ဝဝ လောက်ပဲ ရှိပါတော့တယ်။ မိန်းကလေးက များပါတယ်။ ယောက်ျားလေး ၂ဝဝ ကျော်လောက် ပဲရှိပါတယ်။ လက်ရှိသူဋ္ဌေးကို အလုပ်သမားတွေက အဘင် လို့ ခေါ်ပါတယ်။ အရင်တုန်းက သူ့အဖေရဲ့ စက်ရုံကို သူက ဆက်လက်လုပ်ကိုင်တာပါ။ နိုင်ငံခြားသား တရုတ်လူမျိုးတဦးပါ။

စက်ရုံကကြီးတော့ အခြားစက်ရုံတွေထက် အလုပ်ဌာနတွေလည်း ပိုများပါတယ်။ လျှော်စက်၊ မီးပူတိုက်တာတွေအပြင် မော်တာနဲ့ တံဆိပ်ကပ်ပြီး ပါကင်ထုပ်တာတွေလည်း ပါ,ပါတယ်။ စက်ရုံမန်နေဂျာက ထိုင်းလူမျိုးဖြစ်ပြီး မြန်မာလူမျိုး လူမှုရေးမန်နေဂျာ၊ အဆောင်မှူး၊ ဆရာဆရာမတွေ ခန့်ထားပါတယ်။ သူတို့ကိုတော့ သူဋ္ဌေးက အခွင့်အရေး အပြည့်အဝ ပေးထားပါတယ်။ တိုက်ခန်းနဲ့ နေရတဲ့အပြင် အဝတ်လျှော်စက်တို့၊ ကာရာအိုကေတို့ကိုပါ ထားပေးပါတယ်။

ဒါ့အပြင် အလုပ်သမားတွေအပေါ် မိုက်မိုက်ရိုင်းရိုင်း ဆက်ဆံခွင့်တွေ ပေးထားပါတယ်။ အလုပ်သမားတွေနဲ့ ခွဲခြားဆက်ဆံတဲ့ သဘောပေါ့။ အလုပ်သမားတွေကိုတော့ အရှည်ပေ ၃ဝ ၊ အကျယ် ၁၂ ပေလောက်ရှိတဲ့ အခန်းထဲမှာ လူ ၂ဝ လောက် ထားပါတယ်။ နှစ်ထပ်လုပ်ပေးထားပါတယ်။ အောက်ထပ်က လူငုတ်တုပ်ထိုင်ရင် လွတ်ရုံလောက်လေးပါ။ အိမ်ထောင်သည်တွေအတွက် ၈ ပေ၊ ၁ဝ ပေ ပတ်လည်လောက်ရှိတဲ့ အခန်း ကာပေးထားပါတယ်။

အခြားစက်ရုံတွေလိုပဲ ထမင်း တနေ့ကို ၃ ကြိမ်ပေးပါတယ်။ ဟင်းက ကိုယ့်အစီအစဉ်နဲ့ ကိုယ်ပေါ့။ တပတ်မှာ တနင်္ဂနွေ တရက်ပဲ ည ၁ဝ နာရီကျော်မှ ဟင်းချက်ခွင့် ပေးထားပါတယ်။ မီးသွေးတို့၊ ထင်းမီးတို့ သုံးခွင့် မရှိပါဘူး။ လူ ၁၅ဝဝ အတွက် ပလပ်ပေါက် ၂၄ ခု ထားပေးပါတယ်။ အဲဒီမှာ အလှည့်ကျချက်ရပါတယ်။ ကျန်တဲ့ ရက်တွေ ချက်ခွင့်မရှိပါဘူး။

စက်ရုံရဲ့ အလုပ်ချိန်ကတော့ မနက် ၈ နာရီကနေ ည ၉ နာရီအထိပါ။ (နေ့လည် ၁၂ နာရီနဲ့ ညနေ ၅ နာရီ ထမင်းစားလွှတ်)။ အလုပ်အရေးကြီးရင် ကြီးသလို ၂ ညအိပ် ၃ ရက် လုပ်ရတာတာတွေလည်း ရှိပါတယ်။ အချိန်ပို လုပ်အားခ မရပါဘူး။ အဲလို ပင်ပင်ပန်းပန်း လုပ်ရပေမယ့်လည်း နောက်နေ့တွေ ပုံမှန်အတိုင်း အလုပ်ဆင်းရပါတယ်။ စက်ရုံထဲမှာ သူ့ဌာနနဲ့သူ လိုင်းဆရာတွေက အလုပ်ဆင်းတဲ့သူတွေ စာရင်းကောက်ပေးရပါတယ်။ လစာထုတ်ရက်က လစဉ် ၁ဝ ရက်နေ့ပါ။ ဒါဇင်ပိတ်တာက ၂၅ ရက်နေ့။ ရက်ပေါင်ကြေး ၁၅ ရက် ယူထားပါတယ်။ စက်ရုံအလုပ်သမားတိုင်း စက်ရုံယူနီဖောင်း ဝတ်ရပါတယ်။ စက်ရုံက နှစ်စုံထုတ်ပေးပါတယ်။ တစုံ ကိုယ့်ဟာကိုယ် ဝယ်ရပါတယ်။ အလုပ်သမားတွေက ယူနီဖောင်း အဝါရောင်၊ ဆရာ/ဆရာမတွေက အပြာရောင်ဖြစ်ပြီး QC (Quality Control) တွေက မိုးပြာရောင် ဝတ်ရပါတယ်။

လစဉ် လစာထုတ်ပြီး နောက်တနေ့တရက်ပဲ ပိတ်ပေးပါတယ်။ တနင်္ဂနွေနေ့တွေကိုတော့ အလုပ်ဆင်းရပါတယ်။ ဒါပေမဲ့ ယူနီဖောင်းဝတ်စရာ မလိုပါဘူး။ လွတ်လပ်ခွင့် ပေးထားပါတယ်။ မန်နေဂျာနဲ့ ခွင့်တိုင်ပြီး အပြင်သွားလို့လည်း ရပါတယ်။ တနင်္ဂနွေနေ့ကို အလုပ်မခိုင်းဘူးဆိုတဲ့ သဘောမျိုးပေါက်အောင် လုပ်ထားတာပါ။ မဆင်းလို့လည်း မရပါဘူး။ လိုင်းဆရာတွေ စာရင်းကောက်တဲ့အချိန်မှာ မရှိတဲ့ရက်များရင် အလုပ်ပြုတ်ပါတယ်။ ပါကင်ထုပ်၊ ချည်ရစ်၊ ဘွိုင်လာမီးထိုး စတဲ့ နေရာတွေမှာ အလုပ်သမားတွေကို နေ့စားခိုင်းပါတယ်။ ဘွိုင်လာကတော့ မီးပူတိုက်ဖို့အတွက် ရေနွေးငွေ့ရအောင် လုပ်တာပါ။ တချို့စက်ရုံတွေမှာ ဂက်စ်နဲ့ သုံးပါတယ်။

နေ့စားအလုပ်သမားတွေကို မနက် ၈ နာရီကနေ ည ၉ နာရီအထိကို တနေ့ ဘတ် ၆ဝ ကနေ ၈ဝ ထိ ပေးထားပါတယ်။ တခြား အလုပ်သမားတွေက ဒါဇင်စားပါ။ ကိုယ်လုပ်နိုင်ရင် လုပ်နိုင်သလောက် ရပါတယ်။ အလုပ်ကောင်းတဲ့လတွေ (အထက်မှာ ပြောခဲ့သလို ၂ ညအိပ် ၃ ရက် လုပ်ရတဲ့ လတွေ) မှာ အလုပ်ကျွမ်းကျင်တဲ့ သူတွေကတော့ ၅ ထောင်၊ ၆ ထောင်လောက် ထိရကြပေမယ့် ၂ဝဝဝ၊ ၃ဝဝဝ လောက်ရတဲ့သူတွေလည်းရှိပါတယ်။ အခြားစက်ရုံများနည်းတူ အလုပ်မရှိတဲ့လတွေ လည်း ရှိပါတယ်။ အလုပ်သမားလက်မှတ်မရှိတဲ့သူတွေကို ရဲကြေးဆိုပီး တလ ၂ဝဝ ဖြတ်ပါတယ်။ လက်မှတ်ရှိတဲ့သူ တွေကိုတော့ တလ ၄ဝဝ ဘတ်ဖိုးကျေတဲ့အထိ ဖြတ်ပါတယ်။

လက်ရှိသူဋ္ဌေးရဲ့ အဖေ လက်ထက်ကတည်းက အလုပ်လုပ်လာတဲ့ သူတဦးကဆို ''ကျနော်တို့ အလုပ်စဝင်တာ ၁၉၉၆ ကပါ။ မြန်မာပြည်က တက်လာကာစဆိုတော့ စက်ဆွဲမတတ်သေးပါဘူး။ အဲဒီအချိန်မှာ မတတ်သေးတဲ့အတွက် သူဋ္ဌေးက တနေ့ကို ဘတ် ၅ဝ ပေးထားပါတယ်။ ဟင်းဖိုးလည်း ၁ဝ ဘတ် ပေးပါသေးတယ်။ အဲဒီလို ၃ လလောက် ပေးထားပါတယ်။ အလုပ်ချိန်ကတော့ မနက် ၈ နာရီကနေ ည ၁၁ နာရီအထိပါ။ စနေဆို ည ၉ နာရီအထိ။ တနင်္ဂနွေဆို ညနေ ၅ နာရီအထိ ပုံမှန်ဆင်းရတယ်'' လို့ ပြောပါတယ်။

''အလုပ်သမားလက်မှတ်လည်း လုပ်စရာမလိုတော့ သူ့အတွက် ကုန်စရာမလိုဘူး။ စဝင်တုန်းက လူ ၅ဝဝ လောက်ပဲ ရှိပါတယ်။ ရုံကလည်း သေးသေးလေးပါ။ အဲဒီတုန်းက ဒါဇင်ဈေး ကောင်းတော့ အသင်တောင်မှ တလကို ဘတ် ၄ဝဝဝ လောက် ရတယ်။ ကျနော်တို့ဆို လင်မယားနှစ်ယောက်လုပ်တာ ဒီမှာလည်း စားချင်တိုင်းစား၊ သုံးချင်တိုင်း သုံးပြီးတဲ့အပြင် မြန်မာပြည်ကိုလည်း မြန်မာငွေ ၃ဝဝဝဝ (သုံးသောင်း) လောက် ပို့နိုင်သေးတယ်။ အဲလို ပို့ပြီးတာတောင် တလကို ရွှေငါးမူးသားလောက် စုမိတယ်။ အဲဒီအချိန်မှာ ရွှေတကျပ်သားကို ဘတ် ၄ဝဝဝ ကျော်လောက်ပဲ ရှိတယ်။ ကျနော်တို့ရုံက ဖွင့်စဆိုတော့ အလုပ်လည်းကောင်း၊ ဒါဇင်ဈေးလည်း ကောင်းတော့ စက်ရုံမှာ အလုပ်ဝင်ချင်တဲ့သူတွေ တန်းစီနေတာပဲ။ စက်ရုံဝမှာ ထိုင်ကိုစောင့်နေကြတာ။ နောက်ပိုင်းမှာ လုပ်ခတွေကလည်း နည်းလာတယ်။ ဟင်းဖိုးကလည်း ဟိုတုန်းက ဟင်းတထုပ်ကို ၃ ဘတ်ပဲ ပေးရတယ်။ အခု ၅ ဘတ်၊ ၆ ဘတ်။ အလုပ်သမားလက်မှတ်အတွက်လည်း ကုန်သေးတယ်ဆိုတော့ တလကို ၁၅ဝဝ လောက်ရဖို့အတွက် မနည်းစုရတယ်။ အလုပ်မရှိရင်တော့ သွားပြီပေါ့" ဟု ၁၃ နှစ်လောက် လုပ်ခဲ့တဲ့ သူက ဆိုပါတယ်။

အလုပ်သမားတွေလည်း ကျေနပ်တာရှိသလို၊ မကျေနပ်တာတွေလည်း ရှိကြပါတယ်။ ၂ဝဝ၈ ခုနှစ် ၁၁ လပိုင်းမှာတော့ သူဋ္ဌေးက အလုပ်သမားတွေကို ဖောင်ဖြည့်ခိုင်းပါတယ်။ အဲဒီဖောင်ကလည်း အလုပ်သမားအသစ်ငှားတဲ့ စာချုပ်ပါ။ နှစ်တွေ ဘယ်လောက်ကြာကြာလုပ်ခဲ့တဲ့ အလုပ်သမားပဲဖြစ်ဖြစ် စာချုပ်အသစ် ချုပ်ခိုင်းပါတယ်။ အဲဒီစာချုပ်အရ အလုပ်သမားတွေကို ၁၁၉ ရက် အစမ်းခန့်တာဖြစ်ပြီး သူဋ္ဌေးက မကြိုက်ရင် အလုပ်ဖြုတ်မှာပါ။ အဲဒီမှာ အလုပ်သမားတွေက မခံနိုင်တော့ပါဘူး။ အဲဒီစာချုပ်မှာ တခြားမတရားတာတွေလည်း ပါပါတယ်။ အလုပ်သမားတွေ လက်မှတ် မထိုးကြပါဘူး။

အဲဒီလိုနဲ့ အလုပ်လုပ်လာခဲ့ကြတာ စက်ရုံလိုင်းဆရာတွေရဲ့ ညစ်ပတ်မှုနဲ့ အလုပ်သမား ၂၉ ယောက်ကို အလုပ်ဖြုတ်ဖို့ လုပ်ပါတယ်။ အဲဒီ ၂၉ ယောက်က အလုပ်သမားရေးတွေလုပ်လို့၊ အလုပ်သမားတွေကို လက်မှတ် မထိုးဖို့ စည်းရုံးလို့ ဆိုပြီး လုပ်တာပါ။ သူတို့ကို ရုံးခန်းထဲခေါ်ပြီး မြဝတီကတဆင့် နေပြည်တော်အထိပါ ပို့မယ်လို့ ပြောတာပါ။ အဲဒီအချိန်မှာ စက်ရုံမှာရှိတဲ့ အလုပ်သမားအကုန်လုံးက မကျေနပ်လို့ဝိုင်းပြီး ဆန္ဒပြကြတာပါ။ တရုံလုံး ပါလာတဲ့အတွက် သူဋ္ဌေးက အလျှော့ပေးလိုက်ရပါတယ်။ အဲဒီအလုပ်သမား ၂၉ ယောက်ကို ရုံးခန်းထဲမှာ တနေကုန် ခေါ်ထားပါတယ်။

အဲဒီအခြေနေတွေကို မြင်တွေ့ခဲ့ရတဲ့ အလုပ်သမတဦးကတော့ ''အဲဒီ ၂၉ ယောက်မှာ ဘာအပြစ်မှ မရှိပါဘူး။ သူတို့ တမင် အလုပ်ဖြုတ်ချင်လို့ လုပ်တာပါ။ ရုံးခန်းထဲမှာ ခေါ်ထားပြီး ထမင်းလည်း မကျွေးဘူး။ အဲဒါကို အလုပ်သမားတွေက မခံနိုင်လို့ဝိုင်းပြီး ဆန္ဒပြကြတာပါ။ မဲဆောက်မှာရှိတဲ့ ဌာနပေါင်းစုံ လာပါတယ်။ ရဲတွေကော အချုပ်ကားတွေပါ ပါ,ပါတယ်။ မိန်းကလေးတွေက အချုပ်ကားနားမှာ ပိတ်ပြီး ရပ်နေကြပါတယ်။ အဲဒီ ၂၉ ယောက်ကို ဖမ်းရင် မိန်းကလေးတွေ အားလုံးလည်း အချုပ်ကားပေါ် တက်ကြဖို့ပါ။ အဲဒီလို ရုတ်ရုတ်သဲသဲ ဖြစ်နေတုန်း ကျမတို့အထဲက ထိုင်းစကားတတ်တဲ့ သူတယောက်ကို ထိုင်းစစ်သားက မေးတယ်။ မေးတော့ သူက စာချုပ်အသစ် ချုပ်တာကို အလုပ်သမားတွေ လက်မှတ်မထိုးကြလို့ အခုလို ဖြစ်တာပါလို့ ပြန်ရှင်းပြတော့… အဲဒီစစ်သားက သူတို့ အဲဒီအကြောင်းကို မသိကြောင်း၊ သူတို့က စက်ရုံမှာ အလုပ်သမားတွေ သောင်းကျန်းနေတယ်ဆိုလို့ လာရတာပါ။ သူတို့ရောက်လာချိန်မှာ အဲလိုမဟုတ်ဘဲ သူဋ္ဌေး ညစ်ပတ်တာကို သိသွားတော့ မင်းတို့ စက်ရုံရဲ့ ပစ္စည်းတွေကို ဘာတခုမှ မဖျက်ဆီးပါနဲ့၊ ကျန်တဲ့ အခွင့်အရေးတွေ မင်းတို့ အေးအေးဆေးဆေး တောင်းဆိုကြပါဆိုပြီး ပြန်သွားတယ်။ သူဋ္ဌေးလည်း အလျှော့ပေးလိုက်ရတယ်" ဆိုပြီး ပြောပြပါတယ်။ အဲဒီအလုပ်သမား ၂၉ ယောက်စလုံးဟာ ဘတ် (အလုပ်သမား လက်မှတ်) ကိုင်ဆောင်ထားသူတွေ ဖြစ်ပါတယ်။

သူဋ္ဌေးလည်း သူလုပ်ချင်တာ မလုပ်လိုက်ရတော့ ဘယ်ကျေနပ်မလဲ။ အလုပ်သမားတွေလည်း ပုံမှန် အလုပ်ပြန်ဆင်းကြပါတယ်။ သူဋ္ဌေးကတော့ သူ့ရဲ့စာချုပ်မှာ အလုပ်သမားတွေ လက်မှတ်ထိုးအောင် အကြံထုတ်နေတာပေါ့။ အချို့အလုပ်သမားတွေကို ဆရာ/ဆရာမတွေကတဆင့် စည်းရုံးသိမ်းသွင်းတဲ့ အတွက် အရင်လောက် လူမညီတော့ပါဘူး။ တချို့လည်း အလုပ်ပြုတ်မှာ ကြောက်ကြပါတယ်။ အဲဒီလို အားနည်းနေချိန်မှာ သူဋ္ဌေးက စာချုပ်အသစ်ကို လက်မှတ်မထိုးတဲ့သူတွေ အပြင်မှာနေပါ၊ နေ့စားခအဖြစ် ထိုင်းနိုင်ငံမှာ ပြဋ္ဌာန်းထားတဲ့ ဥပဒေအတိုင်း တရက်ကို ၁၅၁ ဘတ်ပေးမယ်၊ ကိုယ့်ဟာကိုယ် နေရမယ်၊ စာချုပ်ကို လက်မှတ်ထိုးမယ့် သူတွေကတော့ အရင်အတိုင်း နေခွင့်ပြုတယ်ဆိုပြီး ပြောလာပါတယ်။ အဲဒီမှာ လက်မှတ်မထိုးတဲ့ အလုပ်သမား ၂၉ဝ ကျော်လောက် အပြင်ရောက်သွားပါတယ်။ ဘတ်မရှိတဲ့ သူတွေကိုတော့ သူဋ္ဌေးက မောင်းထုတ်လိုက်ပါတယ်။ အဲဒီနေ့ ညနေ ၅ နာရီကျော်လောက်မှာ ဘတ်မရှိတဲ့ အလုပ်သမားတွေ ပြန်သွားရပါတယ်။

အပြင်ထွက်တဲ့ ၂၉ဝ ကျော်ထဲကလည်း ၁ဝ ယောက်လောက်က မြန်မာပြည် ပြန်သွားပါသေးတယ်။ ၂၇-၁- ၂ဝဝ၉ ရက်နေ့ကစပြီး ကျန်တဲ့သူတွေ အပြင်မှာ ကိုယ့်အစီအစဉ်နဲ့နေပြီး အလုပ်တက်ရပါတယ်။ အလုပ်တက်ရင် ကားခ အသွားအပြန် ၁ဝ ဘတ် ပေးရပါတယ်။ သူဋ္ဌေးကလည်း ညစ်ပတ်တာပေါ့။ စနေ၊ တနင်္ဂနွေဆို အပြင်က အလုပ်ဆင်းတဲ့ သူတွေကို အလုပ်ပိတ်တယ်။ လုပ်အားခတွေ ပိုပေးရမှာ စိုးတဲ့အတွက်ပါ။ အလုပ်မရှိတဲ့ရက်က များပါတယ်။ အလုပ်မရှိတဲ့ရက်ဆို အလုပ်သမား ဥပဒေအတိုင်း တနေ့ကို တနေ့တာ လုပ်အားခရဲ့ ၇၅ ရာခိုင်နှုန်း ၁၁၃ ဘတ် ပေးပါတယ်။ အဲဒီနှုန်းကလည်း ၂ဝဝ၈ မှာ ပြန်ပြင်ထားတဲ့ ဥပဒေပါ။ အရင်ကဆို တနေ့တာ လုပ်အားခရဲ့ တဝက်ပဲရပါတယ်။ သိပ်ကြာကြာ အလုပ်မဆင်းလိုက်ကြရပါဘူး။ ၂၄-၂-၂ဝဝ၉ ရက်နေ့မှာ အဲဒီအလုပ်သမား ၂၉ဝ လောက်ကို အလုပ်ဖြုတ်လိုက်တော့တာပါပဲ။ အလုပ်ဖြုတ်ကြောင်းကို အလုပ်သမတဦးက ခုလိုပြောပြပါတယ်။ ''ကျမတို့ အပြင်ကနေ အလုပ်ဆင်းနေတဲ့လူတွေကို အလုပ်ဖြုတ်လိုက်ကြောင်း စက်ရုံမှာ စာကပ်ထားပါတယ်။ တိုင်ချင်တဲ့နေရာ တိုင်နိုင်တယ်လို့လည်း ပြောတယ်။"

အဲဒါနဲ့ အပြင်မှာနေတဲ့ အလုပ်သမား ၂၉ဝ ကျော်ဟာ B.L.S.O (Burma Labor Solidarity Organization) ရဲ့ အကူအညီနဲ့ ဆဝါဒီကန်ရုံးမှာ တိုင်ချက်ဖွင့်နိုင်ခဲ့ပါတယ်။ B.L.S.O ကလည်း ဒီအမှုနဲ့ပတ်သက်ပြီး ၂၅-၂-၂ဝဝ၉ နေ့မှာ ထုတ်ပြန်ကြေညာချက် ထုတ်ပါတယ်။ အဲဒီ ကြေညာချက်တစိတ်တပိုင်းမှာ… "ထိုင်းနိုင်ငံ မဲဆောက်မြို့တွင်ရှိ အကြီးဆုံး စက်ရုံတခုဖြစ်သည့် ဟန်ထိုင်းသိုးမွှေးစက်ရုံ (HANG THAI KNITTING INDUSTRIAL Co., LTD.) မှ အလုပ်သမား အခွင့်အရေး အပြည့်အဝ ရရှိရေးအတွက် တိုက်ပွဲဝင်နေကြသည့် အလုပ်သမား ၂၉၃ ယောက်ကို အကြောင်းမရှိ ဥပဒေမဲ့စွာ ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် အလုပ်မှ ထုတ်ပစ်ခဲ့ပါသည်။ ဟန်ထိုင်းစက်ရုံမှ ကြေညာချက်တွင် ပါရှိသည့် စီးပွားရေးပြဿနာ၊ အော်ဒါပျက်ကွက်၍ ကုန်ထုတ်လုပ်ရာတွင် အခက်အခဲရှိခြင်း၊ အလုပ်သမားများ အလုပ်လုပ်ရာတွင် အရည်အသွေး မပြည့်ဝခြင်း စသည့် အကြောင်းရင်းများသည် မခိုင်လုံသော၊ တရားဥပဒေမဲ့သော အကြောင်းရင်းများသာ ဖြစ်သည်။ အဓိက အကြောင်းအရင်းမှာ အလုပ်သမားအများစုသည် နှစ်ရှည်လများ စက်ရုံ၏ ဖိနှိပ်အုပ်ချုပ်မှု၊ အလုပ်သမား အခွင့်အရေး အပြည့်အဝ မရရှိခြင်း၊ လုပ်အားခနည်းခြင်း၊ OT ကြေး မရရှိခြင်း၊ အားလပ်ရက် မရှိခြင်း၊ တနေ့တာ အလုပ်ချိန်များပြားခြင်း စသည့် အကြောင်းအရင်းများကြောင့် အလုပ်သမား အခွင့်အရေး အပြည့်အဝ ရရှိရေးအတွက် တောင်းဆိုတိုက်ပွဲဝင်နေကြသော အလုပ်သမားများသာလျှင် ဖြစ်သည်" လို့ ပါရှိပါတယ်။

၃၊ ၄ လလောက် အကြာမှာတော့ ဆဒါဒီကန်ရုံးက အမိန့်ကျလာပါတယ်။ ဆဝါဒီကန်ရုံးရဲ့ အမိန့်ကို အလုပ်သမားတဦး ပြန်ပြောပြတာက ''သူဋ္ဌေးက အလုပ်သမားတွေကို သက်ညှာတဲ့အနေနဲ့ အလုပ်ခိုင်းထားတယ်။ နေ့စားခလည်း ပေးထားလို့ လျှော်ကြေးပေးစရာမလို" လို့ ရေးထားတဲ့အကြောင်း ပြောပြပါတယ်။ ဒါနဲ့ တိုက်ပွဲဝင် အလုပ်သမားတွေ အကုန်လုံး မကျေနပ်ကြလို့ L.L.C. (Labor Law Clinic) မှာ ဆက်ပြီး တိုင်ချက်ဖွင့်ကြပါတယ်။

ခုချိန်မှာတော့ ဟန်ထိုင်းစက်ရုံဟာ အထက်က ဆန္ဒပြပွဲမှာ မပါဝင်ဘဲ ဆက်လက်လုပ်ကိုင်နေတဲ့ စက်ရုံအလုပ်သမားတွေကို လျှော်ကြေးမပေးဘဲ စက်ရုံပိတ်လိုက်ကြောင်းနဲ့ ၁ဝ-၂-၂ဝ၁ဝ နောက်ဆုံးထားပြီး စက်ရုံကနေ ထွက်ခွာပေးဖို့ ဖိအားပေးနေကြောင်း သိရပါတယ်။ စက်ရုံပိတ်လိုက်ပုံနဲ့ ပတ်သက်လို့ အဲဒီစက်ရုံမှာ လုပ်ခဲ့ဖူးတဲ့ အလုပ်သမားအရေးကို ကူညီဆောင်ရွက်ပေးနေတဲ့ ကိုဝဏ္ဏက ''သူဋ္ဌေးရဲ့ လူယုံဖြစ်တဲ့ မသင်းသင်းစိုးက ဒီစက်ရုံသူဋ္ဌေးက အခြားစက်ရုံသူဋ္ဌေးကို လွှဲလိုက်ပြီးဖြစ်လို့ ၂ဝ၁ဝ ဖေဖော်ဝါရီလ ၁ဝ ရက်နေ့ကစပြီး အလုပ်သမား အားလုံး စက်ရုံက ထွက်ခွာပေးရမယ်လို့ အလုပ်သမားအားလုံးကို ကြေညာတယ်.." လို့ ပြောပြပါတယ်။

ထိုင်းနိုင်ငံမှာတင်မကဘဲ၊ နိုင်ငံတကာမှာ ရောက်နေကြတဲ့ ကျနော်တို့ မြန်မာနိုင်ငံသူ၊ နိုင်ငံသားတွေအပြင် ကိုယ့်နိုင်ငံ၊ ကိုယ့်အစိုးရနဲ့ ကျနော်တို့ မြန်မာနိုင်ငံအတွင်းမှာ အလုပ်လုပ်နေရတဲ့သူတွေ ကိုယ်တိုင်တောင်မှ အလုပ်သမား အခွင့်အရေးတွေ အပြည့်အဝမရ၊ လုပ်ခလစာတွေ အရမ်းနည်းတဲ့အတွက် အခုရက်ပိုင်းအတွင်းမှာ ဆန္ဒပြမှုတွေ နေ့စဉ်ရက်ဆက်ဆိုသလို ဖြစ်နေတာတွေကို အင်တာနက် သတင်းတွေကတဆင့် သိရှိရတဲ့အခါ ကျနော်တို့လို အလုပ်သမား လူတန်းစားတွေအတွက် အခွင့်အရေးဆိုတာ ကိုယ်ကိုယ်တိုင် တိုက်ယူရမယ့် အရာပါလားလို့ တွေးနေမိပါတော့တယ်။

မဇ္ဈိမ၀က်ဆိုက်တွင် မတ်လ 2 ရက်၊ 2010 ခုနှစ်တွင် ဖော်ပြခဲ့သော ဆောင်းပါးအားပြန်လည်ဖော်ပြခြင်းဖြစ်ပါသည်။

၁၂၁ ကြိမ်မြောက် မေဒေးနေ့ အခမ်းအနားများ ကျင်းပ

ယနေ့ကျရောက်သည့် (၁၂၁) ကြိမ်မြောက် ကမ္ဘာ့အလုပ်သမားနေ့ (မေဒေး) အခမ်းအနားကို ထိုင်း-မြန်မာနယ်စပ်တွင် (၃)နေရာခွဲ၍ ဒီကနေ့ မနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ကြသည်။

၁၂၁ ကြိမ်မြောက် မေဒေးနေ့ ကျင်းပနေစဉ် (ဓါတ်ပုံ-ရိုးမ ၃)

၁၂၁ ကြိမ်မြောက် မေဒေးနေ့ ကျင်းပနေစဉ် (ဓါတ်ပုံ-ရိုးမ ၃)

ယင်းအခမ်းအနားများကို ထိုင်း-မြန်မနယ်စပ်အခြေစိုက် အလုပ်သမားရေးဆောင်ရွက်နေကြသည့် အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ (၁၅) ခုတို့က ပူးပေါင်းကာ ရောင်ခြည်ဦး အလုပ်သမားများအဖွဲ့ရုံးတွင် ပြုလုပ်ခဲ့သလို မြန်မာနိုင်ငံ အလုပ်သမား သွေးစည်းညီညွတ်ရေးအဖွဲ့ (BLSO) ကလည်း မေဒေးနေ့ အခမ်းအနားကျင်းပခဲ့သည်။

မဲဆောက်မြို့လယ် အစိုးရအထက်တန်းကျောင်းတွင် (၁၂၁) ကြိမ်မြောက် မေဒေးနေ့ အထိမ်းအမှတ်အခမ်းအနား တရပ်ကို တပ်ခ်ခရိုင်ဝန်ကိုယ်တိုင် တက်ရောက်ဖွင့်လှစ်ခဲ့ပြီး အလုပ်သမားအရေး လုပ်ဆောင်နေသည့် အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ထိုင်းစက်မှုလုပ်ငန်းရှင်များအသင်းတို့က ကျင်းပခဲ့သည်။

ယင်းအခမ်းအနားတွင် ရွေ့ပြောင်းမြန်မာအလုပ်သမားများအတွက် ဘောလုံးပွဲ၊ ပိုက်ကျော်ခြင်းစသည့် အားကစားပြိုင်ပွဲများအပြင် မြန်မာ့ရိုးရာ အဆိုအကများနှင့် ပျော်ရွှင်စွာကျင်းပခဲ့ပြီး မြန်မာရွေ့ပြောင်း အလုပ်သမား (၆၀၀)ကျော် တက်ရောက်ခဲ့သည်။

မေဒေးနေ့ အခမ်းအနားကျင်းပရခြင်းနှင့် ပတ်သက်၍ ရောင်ခြည်ဦး အလုပ်သမားများအဖွဲ့ ရုံးတာဝန်ခံ ကိုမျိုးဇော်က “ဒီနေ့ဟာ ကျနော်တို့ အလုပ်သမားတွေအတွက် နေ့ထူးနေ့မြတ် တနေ့ပါ၊ လွန်ခဲ့တဲ့ နှစ်ပေါင်းတရာကျော်က အလုပ်သမားအခွင့်အရေးတွေအတွက် အသက်သွေးချွေးတွေ ပေးဆပ်ခဲ့တဲ့ သူတွေကို ဂုဏ်ပြုတဲ့အနေနဲ့ ကျင်းပတာ ဖြစ်တယ်” ဟုပြောသည်။

ထိုင်းနိုင်ငံတွင် မြန်မာရွေ့ပြောင်းအလုပ်သမားသန်းချီလာရောက် အလုပ်လုပ်ကိုင်နေလျှက်ရှိပြီး အလုပ်ရှင်များ၏ ဖိနှိပ်မှု၊ အလုပ်သမားအခွင့်အရေး ဆုံးရှုံးမှုများကို ခံစားနေရသည်ဟု ၎င်းက ဆက်ပြောသည်။

ထိုင်းအလုပ်သမားဝန်ကြီးဌာနက တပ်ခရိုင် မဲဆောက်ဒေသတွင်းမှာ တနေ့အလုပ်ချိန် (၈)နာရီအတွင်း လုပ်ခကြေးငွေ (၁၆၂) ဘတ်ပေးရန် သတ်မှတ်ပြဌာန်းထားသော်လည်း လက်ရှိအလုပ်သမားတွေ အဆိုပါရပိုင်ခွင့်များ ဆုံးရှုံးနေရသည့် အခြေအနေကို မဲဆောက်ဒေသတွင်း အထည်းချုပ်စက်ရုံ အလုပ်သမားတဦးက “တနေ့ကို အလုပ်ချိန်က မနက် (၈)နာရီကနေ ည (၁၂) နာရီထိ ဆင်းရတယ်။ အော်ဒါကျတယ်ဆိုပြီး တချို့ရက်တွေဆို မိုးတလင်းလုပ်ရတယ်။ လုပ်အားခကကျတော့ ဒါဇင်စား ပေးတယ်၊ ထိုင်းအစိုးရသတ်မှတ်တဲ့ တရက်လုပ်အားခနှုန်းနဲ့ မရဘူး တနေ့လုံးလုပ်မှ (၈၀)လောက်ပဲရတယ်၊ ကျန်းမာရေးမကောင်းဘူးဆိုလည်း သူတို့ အလုပ်ကျတဲ့ရက်ဆိုရင် ခွင့်မရဘူး ဘယ်ဆေးခန်းမှလည်း လိုက်ပို့တာ ကျန်းမာရေးစောင့်ရှောက်တာ မရှိဘူး အဲဒီအခွင့်အရေးတွေ ဆုံးရှုံးနေတုန်းဘဲ”ဟု ပြောသည်။

အလုပ်သမားများအနေဖြင့် ယခုကဲ့သို့ အလုပ်သမားများနှင့်သက်ဆိုင်သည့် အခမ်းအနားကို တက်ရောက်သင့်ကြောင်း ကိုမျိုးဇော်က “ကျနော်တို့ ရွေ့ပြောင်းအလုပ်သမားတွေအနေနဲ့ ဒီလိုအခမ်းအနားကို ပူးပေါင်းပါဝင်ဖို့ တိုက်တွန်းပြောချင်ပါတယ်၊ ဒီအခမ်းအနားကနေ အလုပ်သမားတွေ ဆုံးရှုံးနေရတဲ့ အခွင့်အရေးတွေ၊ ဖိနှိပ်ခံရမှုတွေအတွက် စိတ်ဓါတ်ခွန်အားတွေကို ဒီလိုအခမ်းအနားတွေက ပေးနေတာပါ” ဟု ပြောသည်။

ထို့အပြင် ရောင်ခြည်ဦး အလုပ်သမားအဖွဲ့အနေဖြင့် အလုပ်သမား၏ ဆုံးရှုံးနေသည့်အခွင့်အရေးများအတွက် လိုက်လံဆောင်ရွက်မှုများ ပြုလုပ်ပေးနေလျှက်ရှိပြီး ၂၀၁၀-၁၁ ခုနှစ်အတွင်း ဆဝါဒီကမ်တွင် (၁၀)မှု၊ တရားရုံးတွင် (၄) မှု အောင်မြင်ခဲ့ကြောင်း ကိုမျိုးဇော်က ပြောသည်။

“အမှုတွေက အလုပ်ရှင်တွေက အလုပ်သမားအပေါ်ချိုးဖောက်တဲ့ အမှုတွေဖြစ်လို့ အလုပ်သမားတွေအနေနဲ့ အလုပ်သမားရေးဆောင်ရွက်နေတဲ့အဖွဲ့တွေကို တိုင်ကြားဖို့ လိုပါတယ်။ အလုပ်ရှင်တွေက အမှုကြာအောင် အချိန်ဆွဲထားတာတွေတော့ ရှိတယ်” ဟုပြောသည်။

ထို့အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)က ယနေ့ကျရောက်သည့် မေဒေးနေ့အတွက် ထုတ်ပြန်ကြေညချက်တွင် မြန်မာနိုင်ငံတွင်း အမြဲတမ်းအလုပ်သမားအကျိုး ကာကွယ်စောင့်ရှောက်သွားမည့် နိုင်ငံလုံးဆိုင်ရာ အလုပ်သမားအစည်းအရုံးအဖွဲ့ချုပ်ကို ဖွဲ့စည်းတည်ထောင်သွားမည်ဖြစ်ကြောင်း ယမန်နေ့က ကြေညာခဲ့သည်။

ရိုးမ ၃ သတင်းဌာနမှ ထပ်မံဖော်ပြပါသည်၊

အလုပ်သမားသမဂ္ဂများ ဖွဲ့စည်းခွင့်ရရေး တောင်းဆို

မြန်မာနိုင်ငံမှာ အလုပ်သမားသမဂ္ဂ တည်ထောင်ခွင့်မရှိတာ နှစ်အတော် ကြာမြင့်နေပြီ ဖြစ်ပြီး ဒီကနေ့အထိ အလုပ်သမား အခွင့်အရေးတွေ ကန့်သတ်ခံနေရကြောင်း ဒီနေ့ ကျရောက်တဲ့ ၁၂၁ ကြိမ်မြောက် ကမ္ဘာ့အလုပ်သမားနေ့ (မေဒေးနေ့) မှာ အလုပ်သမားအရေး လှုပ်ရှားသူတွေက ပြောဆိုလိုက် ပါတယ်။

(Photo: AFP)

ရန်ကုန်မြို့ရှိ အထည်စက်ရုံတခုတွင် အလုပ်သမားများကို နေ့လည်စာ စားချိန် တွေ့ရပုံ ဖြစ်ပါသည်။ (Photo: AFP)

ကမ္ဘာ့ အလုပ်သမားအဖွဲ့ချုပ် (ILO) နဲ့ သဘောတူ လက်မှတ်ရေးထိုးထားတဲ့ စာချုပ်အတိုင်း အလုပ်သမားတွေရဲ့ အခွင့်အရေး ကာကွယ်ပေးဖို့ မြန်မာအမျိုးသား အလုပ်သမားများသမဂ္ဂ ပေါ်ပေါက်ရေး ကြိုးပမ်းသူများအဖွဲ့ (MNTU) က တောင်းဆိုလိုက်ပါတယ်။ အဖွဲ့ရဲ့ပြောခွင့်ရသူ ဒေါ်အေးမြင့်သန်းက အာအက်ဖ်အေကို အခုလို ပြောပြပါတယ်။

“ကျမတို့ မြန်မာနိုင်ငံမှာလည်းပဲ လွတ်လပ်ပြီး တရားမျှတဲ့ အလုပ်သမား သမဂ္ဂ၊ လယ်သမားသမဂ္ဂတွေကို လွတ်လွတ်လပ်လပ် ဖွဲ့စည်းခွင့် လိုအပ်ပါတယ်။ ဒါ့ပြင် အလုပ်သမားတွေနဲ့ ပတ်သက်တဲ့ ဥပဒေမှာလည်း အလုပ်သမားတွေအတွက် အာမ,ခံနိုင်မယ့်၊ အလုပ်သမားတွေရဲ့ ကောင်းကျိုးတွေကို ရှေးရှုမယ့် ဥပဒေတွေကို ဥပဒေတွေကိုပဲ ပြဋ္ဌာန်းသင့်ပါတယ်။ ဒီနှစ်ခုကိုပဲ မီးမောင်းထိုးပြချင်ပါတယ်”

အရပ်သားအစိုးရသစ် ဖြစ်လာရင် အလုပ်သမားသမဂ္ဂတွေ ဖွဲ့စည်းခွင့် ပြုမယ်လို့ အလုပ်သမား ဝန်ကြီးဌာန တာဝန်ရှိသူတွေ ပြောဆိုထားတဲ့အတိုင်း အလုပ်သမားသမဂ္ဂများ ဖွဲ့စည်းခွင့်ဆိုင်ရာ ဥပဒေကို သမ္မတ ဦးသိန်းစိန် အနေနဲ့ အမြန်ဆုံး ထုတ်ပြန်ပေးဖို့ လိုအပ်ကြောင်းလည်း MNTU ရဲ့ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အလားတူ (၁၂၁) ကြိမ်မြောက် ကမ္ဘာ့အလုပ်သမားနေ့ အထိမ်းအမှတ်အနေနဲ့ အလုပ်သမားများ သွေးစည်းညီညွတ်ရေး အဖွဲ့ချုပ် (မြန်မာနိုင်ငံ)၊ ပြည်ပအခြေစိုက် မြန်မာအလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် (FTUB)၊ မြန်မာနိုင်ငံ အလုပ်သမား သွေးစည်းညီညွတ်ရေးအဖွဲ့ BLSO တို့ကလည်း ကြေညာချက်တွေ အသီးသီး ထုတ်ပြန်ခဲ့ပါတယ်။

ဒါ့အပြင် ဂျပန်နိုင်ငံမှာလည်း ရင်ဂို (RENGO) ဂျပန် အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်က စီစဉ်တဲ့ ဂျပန် အလုပ်သမားထု စည်းဝေးပွဲကို တိုကျိုမြို့ ယိုယိုးဂိ ပန်းခြံမှာ ကျင်းပခဲ့ရာမှာ မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂလည်း တက်ရောက်ခဲ့ပါတယ်။

အလားတူ ဒီကနေ့ ကျရောက်တဲ့ နိုင်ငံတကာ အလုပ်သမားနေ့ကို ဂုဏ်ပြု ကြိုဆိုတဲ့အနေနဲ့ ပုသိမ်မြို့ မာတ ရပ်ကွက်အတွင်း အလုပ်သမားတချို့ စုရုံးခဲ့ကြပြီး အလုပ်သမားနေ့ အထိမ်းအမှတ် ပြုလုပ်ခဲ့ကြတယ်လို့ သတင်း ရရှိပါတယ်။

ဒီ အထိမ်းအမှတ် အခမ်းအနားကို တက်ရောက်သူ အများစုဟာ ကာယလုပ်သားတွေ ဖြစ်တယ်လို့ သိရပါတယ်။ အလုပ်သမား အခွင့်အရေး ကာကွယ်ရေးနဲ့ အလုပ်သမားသမဂ္ဂ ပေါ်ထွန်းရေးတွေကို ဆက်လက်ဆောင်ရွက် ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ဦးဆောင် လုပ်ကိုင်သူတွေက ပြောဆိုခဲ့ကြပါတယ်။

မကွေးတိုင်း ရေနံချောင်းမြို့နယ် NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဝင်တွေဟာလည်း ရေစကြိုမြို့နယ် မီးဘေးကယ်ဆယ်ရေး အလှူငွေနဲ့ ရွှေဝါရောင်တော်လှန်ရေးမှာ အဖမ်းဆီးခံရပြီး နှစ်ရှည်ထောင်ဒဏ် ကျခံနေရတဲ့ ဦးဣဿရိယ ခေါ် ဦးပဉ္စင်း ဂျောင်းဂျောင်းရဲ့ မိသားစုကို ထောက်ပံ့ရေး အကူအညီတွေ ဒီကနေ့ ပေးအပ်ခဲ့ပါတယ်။ ရေနံချောင်းမြို့နယ် NLD စည်းရုံးရေးကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဒေါ်ခင်စောဌေးအိမ်မှာ မေဒေးနေ့ အထိမ်းအမှတ်အဖြစ် ဒီနေ့ မွန်းလွဲပိုင်းက တွေ့ဆုံပြီး လှူဒါန်းခဲ့တာလို့ NLD အဖွဲ့ဝင် ဦးတင့်လွင်က ပြောပြပါတယ်။

RFA သတင်းဌာနမှ ကူးယူဖော်ပြပါသည်၊

ခွဲခြားဖိနှိပ်ရေး အင်္ကျီ

သန်းထိုက်ဦး Wednesday, 27 April 2011

ထိုင်းနိုင်ငံတောင်ပိုင်း ဖန်းငခရိုင်၊ ခူရဘူရီမြို့နယ်မှာ ရှိတဲ့ နမ့်မယွန်း နယ်မြေမှာ လာရောက် အလုပ်လုပ်ကိုင်နေတဲ့ မြန်မာ အလုပ်သမားတွေကို နယ်မြေခံ ရဲတွေက ယခုနှစ် နှစ်ဆန်းပိုင်းမှာ ဥပဒေအသစ်တခု ထုတ်ပြန်လိုက်ပါတယ်။ အဲဒါကတော့ အလုပ်ကနေ အပြင်ကိုထွက်တဲ့ အခါတိုင်း လိမ္မော်ရောင် အင်္ကျီလက်ပြတ်တွေကို အပေါ်က ထပ်ပြီး ၀တ်ဆင်သွားလာကြဖို့ပါ။

life-mm-workers

တရားဝင် အလုပ်သမားလက်မှတ်၊ ယာယီ ပတ်စပို့များ ရှိသည့်တိုင် လိမ္မော်ရောင် အင်္ကျီများ ဝတ်ဆင်သွားလာနေရသော မြန်မာအလုပ်သမားများ (ဓာတ်ပုံ - သန်းထိုက်ဦး / ဧရာဝတီ)

ဒီဥပဒေဟာ ထိုင်းအာဏာပိုင်တွေက မြန်မာအလုပ်သမားတွေကို ဖိနှိပ်ခွဲခြားဆက်ဆံတာ ဖြစ်တယ်လို့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ဝေဖန်ကြပါတယ်။

လိမ္မော်ရောင် အင်္ကျီလက်ပြတ်တွေ ၀တ်ဆင်ဖို့ ဥပဒေထုတ်ထားတဲ့ အဲဒီ နမ့်မယွန်းဒေသမှာ မြန်မာနိုင်ငံသား ခန့်မှန်းခြေ လူဦးရေ ၁ သောင်းခန့် ရှိပါတယ်။

အဓိက အလုပ်တွေကတော့ ရေလုပ်ငန်း၊ ဆောက်လုပ်ရေး၊ စားသောက်ဆိုင် စတာတွေမှာ ဖြစ်ပါတယ်။ ဒီနေရာကို အလုပ်လာလုပ်ကြတဲ့သူတွေဟာ ထားဝယ် တိုင်းရင်းသားတွေ အများဆုံးဖြစ်ပြီး ရန်ကုန်နဲ့ မော်လမြိုင်မြို့က လာကြတဲ့ သူတွေလည်း ရှိပါတယ်။

တကယ်က လိမ္မော်ရောင်အပြင် တခြားအရောင်တွေကိုလည်း လုပ်ငန်းအလိုက် ခွဲပြီး ဝတ်ခိုင်းပါသေးတယ်။ ရေလုပ်သား လုပ်ကိုင်နေသူကို လိမ္မော်ရောင်၊ ဈေးဆိုင်တွေမှာ ဈေးရောင်းနေတဲ့ အမျိုးသမီးတွေကို အပြာရောင်၊ ဆောက်လုပ်ရေး အလုပ်သမားတွေကို အညိုရောင် ၀တ်ဆင်ရမယ်ဆိုပြီး ဒေသခံရဲတွေက ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။

ဒီလို အရောင်တောက်တောက်နဲ့ အင်္ကျီတွေ မ၀တ်မနေရ ဥပဒေကို ထိုင်းရဲတွေက ၂၀၁၁ ခုနှစ် နှစ်ဆန်းပိုင်းကတည်းက စတင်ထုတ်ပြန်ခဲ့ပြီး အင်္ကျီတထည်ကို ဘတ်ငွေ ၂၀၀ နဲ့ မြန်မာနိုင်ငံသားတွေကို မ၀ယ်မနေရ ရောင်းချပေးခဲ့သလို၊ ထိုင်းလုပ်ငန်းရှင်တွေက တဆင့်လည်း ရောင်းခိုင်းပါတယ်။

အင်္ကျီနောက်ကျောမှာလည်း ထိုင်းလုပ်ငန်းရှင်ရဲ့နာမည်နဲ့ လုပ်ငန်းအမျိုးအစားတွေကို ထိုင်းစာတွေနဲ့ ထင်ထင်ရှားရှား ရေးထားပါတယ်။

အလုပ်သမား လက်မှတ်နဲ့ ယာယီ ပတ်စပို့တွေ ကိုင်ထားတဲ့ တရားဝင် အလုပ်သမားတွေဖြစ်ပေမယ့် သူတို့ သတ်မှတ်တဲ့အတိုင်း အင်္ကျီ မ၀တ်တဲ့လူတွေကို ဒေသခံ ရဲတွေက လိုက်ဖမ်းတယ်လို့ အဲဒီမှာ လက်ဖက်ရည်ဆိုင်ဖွင့်ထားတဲ့ ကိုအလီက ပြောပါတယ်။

ကိုအလီက “တရားဝင် အလုပ်သမား လက်မှတ်လည်း ရှိတယ်၊ ယာယီ ပတ်စပို့လည်း ရှိတယ်။ အဲဒါတောင် လွတ်လွတ်လပ်လပ် သွားလို့မရဘူး။ သူတို့ သတ်မှတ်ပေးထားတဲ့အင်္ကျီ ၀တ်ရတယ်။ အင်္ကျီမ၀တ်တဲ့ လူတွေဆိုရင် ရဲကားလာပြီး ကားပေါ် အားလုံးခေါ်တင်သွားတယ်” လို့ ပြောပါတယ်။

အင်္ကျီဝတ်သည့်တိုင် အပြစ်ရှာခံရပုံကိုလည်း ကိုအလီက “အင်္ကျီကြယ်သီးတပ်တာ မှားရင်လည်း ဖမ်းပြီး ဒဏ်ငွေရိုက်တယ်။ အင်္ကျီမဲနေရင်လည်း အင်္ကျီသန့်သန့် ရှင်းရှင်း မ၀တ်ဘူးဆိုပြီးတော့ ဒဏ်ငွေရိုက်တယ်။ ဖမ်းတဲ့အခါမှာ အလုပ်သမား ကတ်ပြားကို ထုတ်ပြတယ်။ ထုတ်ပြတော့ ရဲက မင်းတို့ဆီက အလုပ်သမားကတ်ပြား ကြည့်ဖို့ မဟုတ်ဘူး၊ အင်္ကျီ ဘာကြောင့် မ၀တ်လဲ၊ မ၀တ်လို့ ဖမ်းတယ်ဆိုပြီး အဲဒီလိုလုပ်တယ်” လို့ ပြောပြပါတယ်။

အဖမ်းခံရတဲ့ အလုပ်သမားတွေဟာ လက်မှတ် အထောက်အထားရှိရင် ရဲကို ဘတ်ငွေ ၁၀၀ (၂၈၀၀ ကျပ်) ကနေ ၅၀၀ (၁၄၀၀၀ ကျပ်) အထိ ပေးဆောင်ရပြီး လက်မှတ်မရှိတဲ့ သူတွေဆိုရင်တော့ အနည်းဆုံး ဘတ်ငွေ ၃၀၀၀ (ကျပ် ၈ သောင်းခွဲ) လောက်အထိ ပေးရပါတယ်။

ကိုအလီက “ပြီးခဲ့တဲ့ ၂ လလောက်က အရမ်း ဖမ်းတယ်။ အခု ဒီလမှာ မဖမ်းတော့ဘူး။ ဒါပေမယ့် အင်္ကျီကတော့ ၀တ်နေရတုန်းပဲ။ ဘယ်အချိန် ဖမ်းမလဲဆိုတာမသိတော့ ၀တ်နေရတယ်” လို့ ပြောပါတယ်။

တချို့အလုပ်သမားတွေက အင်္ကျီတွေကို ၀တ်ဆင်ပြီး ဈေးဝယ်ထွက်တာရှိပေမယ့် အများစုကတော့ ရဲတွေ ဝတ်ခိုင်းတဲ့အတိုင်း အင်္ကျီတွေကို မ၀တ်ချင်ကြဘူးလို့ သိရပါတယ်။

ရေလုပ်သား ကိုကပ္ပလီက “အလုပ်သမားတွေ မ၀တ်ချင်ဘူး ဆိုတာက သွားသွားလာလာ ဆိုင်တွေမှာ ထိုင်တဲ့အခါ ဒီအင်္ကျီ အခံကြီးနဲ့ ရှိုးပျက်တယ်ပေါ့နော်၊ အဲဒါကြောင့် မ၀တ်ချင်ကြတာ” လို့ ပြောပါတယ်။

အင်္ကျီမ၀တ်ရင် ဖမ်းတယ်ဆိုတော့ ညစ်ပတ်လို့ လျှော်လိုက်ပြန်ရင်လည်း ၀တ်စရာ မရှိကြောင်း၊ အင်္ကျီခြောက်မှပဲ ပြန်ဝတ်ပြီး အပြင်ထွက်ရမယ့် ပုံစံမျိုးဖြစ်နေကြောင်း ကိုကပ္ပလီက ဆက်ပြောပါတယ်။

တချို့အလုပ်သမားတွေဆို တလမှာ ၂ ကြိမ်လောက် အဖမ်းခံရတာတွေလည်း ရှိတယ်လို့ သိရပါတယ်။

အသက် ၄၀ ကျော် ရေလုပ်သားတဦးရဲ့ ဇနီးက “ရဲက အင်္ကျီမ၀တ်လို့ အိမ်တန်းလျားမှာ လိုက်ဖမ်းတော့ အိမ်ထဲကိုဝင်ပြေးတာ မြန်သွားလို့။ အဲဒါ အိမ်ကိုလက်ညိုးထိုးပြီးတော့ ရဲကပြောတယ်၊ နင်တို့ မြန်မာတွေ ညထွက်ရင်လည်း အင်္ကျီဝတ်တဲ့၊ မ၀တ်ရင် မြန်မာပြည်ကို ပြန်ပို့မယ်လို့ ပြောတယ်” လို့ ဆိုပါတယ်။

အဲဒီဒေသမှာ ဆိုင်ကယ်တက္ကစီ မောင်းနေတဲ့ ထိုင်းလူမျိုးတွေကလည်း အလုပ်သမားတွေ ၀တ်ဆင်ရတဲ့ လိမ္မော်ရောင်နဲ့ တူနေလို့ မကြာသေးခင်ကမှ အင်္ကျီအရောင်ကို အစိမ်းနုရောင် ပြောင်းလိုက်ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရဲတွေကတော့ အင်္ကျီဝတ်ခိုင်းတာဟာ မြန်မာအလုပ်သမားတွေ မူးယစ်ပြီး ပြဿနာတက်တဲ့အခါ ဘယ်အလုပ်ရုံမှာ လုပ်တယ်ဆိုတာသိအောင် အခုလို တင်းကျပ်တာလို့ အကြောင်းပြပါတယ်။

ထိုင်းနိုင်ငံ တောင်ပိုင်း ဖန်းငခရိုင် အခြေစိုက် Grassroots Human Rights Education and Development (GHRED) အဖွဲ့ အမှုဆောင် ဒါရိုက်တာ ဦးထူးချစ်က ဘယ်လို အခြေအနေကြောင့် အင်္ကျီဝတ်ခိုင်းတာပဲဖြစ်ဖြစ် အခြေခံ လူ့အခွင့်အရေးကို ချိုးဖောက်တယ်လို့ပဲ မြင်ကြောင်း ဧရာဝတီကို ပြောပါတယ်။

“ဘာဖြစ်လို့လဲ ဆိုတော့ သူတို့အနေနဲ့က လုံခြုံရေးအရပဲ ဖြစ်စေ၊ ဘယ်အလုပ်သမားက ဘယ်အလုပ်ရှင်ရဲ့ အလုပ်သမားတွေဖြစ်ကြောင်း သူတို့က စစ်ဆေးချင်တာပဲဖြစ်စေ အဲဒါကို တခြားနည်းလမ်းတွေနဲ့ လုပ်လို့ရတာပဲ။ တိရိစ္ဆာန်တွေလို ဒါမှမဟုတ် ပိုင်ဆိုင်တဲ့ အရာတွေလို သတ်မှတ်ပြီး အင်္ကျီဝတ်ခိုင်းတယ်ဆိုတာက လူ့အခွင့်အရေးနဲ့ ကြည့်မယ်ဆိုရင် ဒါလုံးဝ သဘာဝကျတဲ့ လုပ်ရပ်တခု မဟုတ်ပါဘူး” လို့ ဦးထူးချစ်က ဆိုပါတယ်။

ထိုင်းနိုင်ငံ တောင်ပိုင်းဒေသတွေမှာ အာဏာပိုင်တွေက လွန်ခဲ့တဲ့ ၄ နှစ်လောက်က ပြည်နယ်လုံခြုံရေး ဥပဒေအရ မြန်မာအလုပ်သမားတွေ ညဘက် အပြင်မထွက်ရ အမိန့်အပြင် လူ ၅ ယောက်ထက် ပိုပြီး မစုဝေးရ၊ မိုဘိုင်းဖုန်း မကိုင်ရ စသည်ဖြင့် ထုတ်ပြန်ခဲ့ဖူးပါတယ်။

ဦးထူးချစ်ကတော့ “ဒါဟာ ဒေသခံ အာဏာပိုင်တွေ တရားဝင် အဂတိ လိုက်စားမှုတွေကို လွယ်လွယ်ကူကူ လုပ်နိုင်အောင် ပြဌာန်းတဲ့ ဥပဒေပဲလို့ မြင်တယ်”လို့ ပြောပါတယ်။ ။

ဧရာဝတီ သတင်းဌာနမှ ကူးယူဖော်ပြပါသည်၊