မင်္ဂလာပါ ... ကြွရောက်လာကြသော မိတ်သင်္ဂဟအပေါင်းတို့ကို "မြန်မာအလုပ်သမားများကွန်ယက်" ဆိုဒ်မှ နွေးထွေးစွာဖြင့် ကြိုဆိုပါတယ်ခင်ဗျာ....

၁၂၁ ကြိမ်မြောက် မေဒေးနေ့ အခမ်းအနားများ ကျင်းပ

ယနေ့ကျရောက်သည့် (၁၂၁) ကြိမ်မြောက် ကမ္ဘာ့အလုပ်သမားနေ့ (မေဒေး) အခမ်းအနားကို ထိုင်း-မြန်မာနယ်စပ်တွင် (၃)နေရာခွဲ၍ ဒီကနေ့ မနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ကြသည်။

၁၂၁ ကြိမ်မြောက် မေဒေးနေ့ ကျင်းပနေစဉ် (ဓါတ်ပုံ-ရိုးမ ၃)

၁၂၁ ကြိမ်မြောက် မေဒေးနေ့ ကျင်းပနေစဉ် (ဓါတ်ပုံ-ရိုးမ ၃)

ယင်းအခမ်းအနားများကို ထိုင်း-မြန်မနယ်စပ်အခြေစိုက် အလုပ်သမားရေးဆောင်ရွက်နေကြသည့် အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ (၁၅) ခုတို့က ပူးပေါင်းကာ ရောင်ခြည်ဦး အလုပ်သမားများအဖွဲ့ရုံးတွင် ပြုလုပ်ခဲ့သလို မြန်မာနိုင်ငံ အလုပ်သမား သွေးစည်းညီညွတ်ရေးအဖွဲ့ (BLSO) ကလည်း မေဒေးနေ့ အခမ်းအနားကျင်းပခဲ့သည်။

မဲဆောက်မြို့လယ် အစိုးရအထက်တန်းကျောင်းတွင် (၁၂၁) ကြိမ်မြောက် မေဒေးနေ့ အထိမ်းအမှတ်အခမ်းအနား တရပ်ကို တပ်ခ်ခရိုင်ဝန်ကိုယ်တိုင် တက်ရောက်ဖွင့်လှစ်ခဲ့ပြီး အလုပ်သမားအရေး လုပ်ဆောင်နေသည့် အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ထိုင်းစက်မှုလုပ်ငန်းရှင်များအသင်းတို့က ကျင်းပခဲ့သည်။

ယင်းအခမ်းအနားတွင် ရွေ့ပြောင်းမြန်မာအလုပ်သမားများအတွက် ဘောလုံးပွဲ၊ ပိုက်ကျော်ခြင်းစသည့် အားကစားပြိုင်ပွဲများအပြင် မြန်မာ့ရိုးရာ အဆိုအကများနှင့် ပျော်ရွှင်စွာကျင်းပခဲ့ပြီး မြန်မာရွေ့ပြောင်း အလုပ်သမား (၆၀၀)ကျော် တက်ရောက်ခဲ့သည်။

မေဒေးနေ့ အခမ်းအနားကျင်းပရခြင်းနှင့် ပတ်သက်၍ ရောင်ခြည်ဦး အလုပ်သမားများအဖွဲ့ ရုံးတာဝန်ခံ ကိုမျိုးဇော်က “ဒီနေ့ဟာ ကျနော်တို့ အလုပ်သမားတွေအတွက် နေ့ထူးနေ့မြတ် တနေ့ပါ၊ လွန်ခဲ့တဲ့ နှစ်ပေါင်းတရာကျော်က အလုပ်သမားအခွင့်အရေးတွေအတွက် အသက်သွေးချွေးတွေ ပေးဆပ်ခဲ့တဲ့ သူတွေကို ဂုဏ်ပြုတဲ့အနေနဲ့ ကျင်းပတာ ဖြစ်တယ်” ဟုပြောသည်။

ထိုင်းနိုင်ငံတွင် မြန်မာရွေ့ပြောင်းအလုပ်သမားသန်းချီလာရောက် အလုပ်လုပ်ကိုင်နေလျှက်ရှိပြီး အလုပ်ရှင်များ၏ ဖိနှိပ်မှု၊ အလုပ်သမားအခွင့်အရေး ဆုံးရှုံးမှုများကို ခံစားနေရသည်ဟု ၎င်းက ဆက်ပြောသည်။

ထိုင်းအလုပ်သမားဝန်ကြီးဌာနက တပ်ခရိုင် မဲဆောက်ဒေသတွင်းမှာ တနေ့အလုပ်ချိန် (၈)နာရီအတွင်း လုပ်ခကြေးငွေ (၁၆၂) ဘတ်ပေးရန် သတ်မှတ်ပြဌာန်းထားသော်လည်း လက်ရှိအလုပ်သမားတွေ အဆိုပါရပိုင်ခွင့်များ ဆုံးရှုံးနေရသည့် အခြေအနေကို မဲဆောက်ဒေသတွင်း အထည်းချုပ်စက်ရုံ အလုပ်သမားတဦးက “တနေ့ကို အလုပ်ချိန်က မနက် (၈)နာရီကနေ ည (၁၂) နာရီထိ ဆင်းရတယ်။ အော်ဒါကျတယ်ဆိုပြီး တချို့ရက်တွေဆို မိုးတလင်းလုပ်ရတယ်။ လုပ်အားခကကျတော့ ဒါဇင်စား ပေးတယ်၊ ထိုင်းအစိုးရသတ်မှတ်တဲ့ တရက်လုပ်အားခနှုန်းနဲ့ မရဘူး တနေ့လုံးလုပ်မှ (၈၀)လောက်ပဲရတယ်၊ ကျန်းမာရေးမကောင်းဘူးဆိုလည်း သူတို့ အလုပ်ကျတဲ့ရက်ဆိုရင် ခွင့်မရဘူး ဘယ်ဆေးခန်းမှလည်း လိုက်ပို့တာ ကျန်းမာရေးစောင့်ရှောက်တာ မရှိဘူး အဲဒီအခွင့်အရေးတွေ ဆုံးရှုံးနေတုန်းဘဲ”ဟု ပြောသည်။

အလုပ်သမားများအနေဖြင့် ယခုကဲ့သို့ အလုပ်သမားများနှင့်သက်ဆိုင်သည့် အခမ်းအနားကို တက်ရောက်သင့်ကြောင်း ကိုမျိုးဇော်က “ကျနော်တို့ ရွေ့ပြောင်းအလုပ်သမားတွေအနေနဲ့ ဒီလိုအခမ်းအနားကို ပူးပေါင်းပါဝင်ဖို့ တိုက်တွန်းပြောချင်ပါတယ်၊ ဒီအခမ်းအနားကနေ အလုပ်သမားတွေ ဆုံးရှုံးနေရတဲ့ အခွင့်အရေးတွေ၊ ဖိနှိပ်ခံရမှုတွေအတွက် စိတ်ဓါတ်ခွန်အားတွေကို ဒီလိုအခမ်းအနားတွေက ပေးနေတာပါ” ဟု ပြောသည်။

ထို့အပြင် ရောင်ခြည်ဦး အလုပ်သမားအဖွဲ့အနေဖြင့် အလုပ်သမား၏ ဆုံးရှုံးနေသည့်အခွင့်အရေးများအတွက် လိုက်လံဆောင်ရွက်မှုများ ပြုလုပ်ပေးနေလျှက်ရှိပြီး ၂၀၁၀-၁၁ ခုနှစ်အတွင်း ဆဝါဒီကမ်တွင် (၁၀)မှု၊ တရားရုံးတွင် (၄) မှု အောင်မြင်ခဲ့ကြောင်း ကိုမျိုးဇော်က ပြောသည်။

“အမှုတွေက အလုပ်ရှင်တွေက အလုပ်သမားအပေါ်ချိုးဖောက်တဲ့ အမှုတွေဖြစ်လို့ အလုပ်သမားတွေအနေနဲ့ အလုပ်သမားရေးဆောင်ရွက်နေတဲ့အဖွဲ့တွေကို တိုင်ကြားဖို့ လိုပါတယ်။ အလုပ်ရှင်တွေက အမှုကြာအောင် အချိန်ဆွဲထားတာတွေတော့ ရှိတယ်” ဟုပြောသည်။

ထို့အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)က ယနေ့ကျရောက်သည့် မေဒေးနေ့အတွက် ထုတ်ပြန်ကြေညချက်တွင် မြန်မာနိုင်ငံတွင်း အမြဲတမ်းအလုပ်သမားအကျိုး ကာကွယ်စောင့်ရှောက်သွားမည့် နိုင်ငံလုံးဆိုင်ရာ အလုပ်သမားအစည်းအရုံးအဖွဲ့ချုပ်ကို ဖွဲ့စည်းတည်ထောင်သွားမည်ဖြစ်ကြောင်း ယမန်နေ့က ကြေညာခဲ့သည်။

ရိုးမ ၃ သတင်းဌာနမှ ထပ်မံဖော်ပြပါသည်၊

အလုပ်သမားသမဂ္ဂများ ဖွဲ့စည်းခွင့်ရရေး တောင်းဆို

မြန်မာနိုင်ငံမှာ အလုပ်သမားသမဂ္ဂ တည်ထောင်ခွင့်မရှိတာ နှစ်အတော် ကြာမြင့်နေပြီ ဖြစ်ပြီး ဒီကနေ့အထိ အလုပ်သမား အခွင့်အရေးတွေ ကန့်သတ်ခံနေရကြောင်း ဒီနေ့ ကျရောက်တဲ့ ၁၂၁ ကြိမ်မြောက် ကမ္ဘာ့အလုပ်သမားနေ့ (မေဒေးနေ့) မှာ အလုပ်သမားအရေး လှုပ်ရှားသူတွေက ပြောဆိုလိုက် ပါတယ်။

(Photo: AFP)

ရန်ကုန်မြို့ရှိ အထည်စက်ရုံတခုတွင် အလုပ်သမားများကို နေ့လည်စာ စားချိန် တွေ့ရပုံ ဖြစ်ပါသည်။ (Photo: AFP)

ကမ္ဘာ့ အလုပ်သမားအဖွဲ့ချုပ် (ILO) နဲ့ သဘောတူ လက်မှတ်ရေးထိုးထားတဲ့ စာချုပ်အတိုင်း အလုပ်သမားတွေရဲ့ အခွင့်အရေး ကာကွယ်ပေးဖို့ မြန်မာအမျိုးသား အလုပ်သမားများသမဂ္ဂ ပေါ်ပေါက်ရေး ကြိုးပမ်းသူများအဖွဲ့ (MNTU) က တောင်းဆိုလိုက်ပါတယ်။ အဖွဲ့ရဲ့ပြောခွင့်ရသူ ဒေါ်အေးမြင့်သန်းက အာအက်ဖ်အေကို အခုလို ပြောပြပါတယ်။

“ကျမတို့ မြန်မာနိုင်ငံမှာလည်းပဲ လွတ်လပ်ပြီး တရားမျှတဲ့ အလုပ်သမား သမဂ္ဂ၊ လယ်သမားသမဂ္ဂတွေကို လွတ်လွတ်လပ်လပ် ဖွဲ့စည်းခွင့် လိုအပ်ပါတယ်။ ဒါ့ပြင် အလုပ်သမားတွေနဲ့ ပတ်သက်တဲ့ ဥပဒေမှာလည်း အလုပ်သမားတွေအတွက် အာမ,ခံနိုင်မယ့်၊ အလုပ်သမားတွေရဲ့ ကောင်းကျိုးတွေကို ရှေးရှုမယ့် ဥပဒေတွေကို ဥပဒေတွေကိုပဲ ပြဋ္ဌာန်းသင့်ပါတယ်။ ဒီနှစ်ခုကိုပဲ မီးမောင်းထိုးပြချင်ပါတယ်”

အရပ်သားအစိုးရသစ် ဖြစ်လာရင် အလုပ်သမားသမဂ္ဂတွေ ဖွဲ့စည်းခွင့် ပြုမယ်လို့ အလုပ်သမား ဝန်ကြီးဌာန တာဝန်ရှိသူတွေ ပြောဆိုထားတဲ့အတိုင်း အလုပ်သမားသမဂ္ဂများ ဖွဲ့စည်းခွင့်ဆိုင်ရာ ဥပဒေကို သမ္မတ ဦးသိန်းစိန် အနေနဲ့ အမြန်ဆုံး ထုတ်ပြန်ပေးဖို့ လိုအပ်ကြောင်းလည်း MNTU ရဲ့ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အလားတူ (၁၂၁) ကြိမ်မြောက် ကမ္ဘာ့အလုပ်သမားနေ့ အထိမ်းအမှတ်အနေနဲ့ အလုပ်သမားများ သွေးစည်းညီညွတ်ရေး အဖွဲ့ချုပ် (မြန်မာနိုင်ငံ)၊ ပြည်ပအခြေစိုက် မြန်မာအလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် (FTUB)၊ မြန်မာနိုင်ငံ အလုပ်သမား သွေးစည်းညီညွတ်ရေးအဖွဲ့ BLSO တို့ကလည်း ကြေညာချက်တွေ အသီးသီး ထုတ်ပြန်ခဲ့ပါတယ်။

ဒါ့အပြင် ဂျပန်နိုင်ငံမှာလည်း ရင်ဂို (RENGO) ဂျပန် အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်က စီစဉ်တဲ့ ဂျပန် အလုပ်သမားထု စည်းဝေးပွဲကို တိုကျိုမြို့ ယိုယိုးဂိ ပန်းခြံမှာ ကျင်းပခဲ့ရာမှာ မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂလည်း တက်ရောက်ခဲ့ပါတယ်။

အလားတူ ဒီကနေ့ ကျရောက်တဲ့ နိုင်ငံတကာ အလုပ်သမားနေ့ကို ဂုဏ်ပြု ကြိုဆိုတဲ့အနေနဲ့ ပုသိမ်မြို့ မာတ ရပ်ကွက်အတွင်း အလုပ်သမားတချို့ စုရုံးခဲ့ကြပြီး အလုပ်သမားနေ့ အထိမ်းအမှတ် ပြုလုပ်ခဲ့ကြတယ်လို့ သတင်း ရရှိပါတယ်။

ဒီ အထိမ်းအမှတ် အခမ်းအနားကို တက်ရောက်သူ အများစုဟာ ကာယလုပ်သားတွေ ဖြစ်တယ်လို့ သိရပါတယ်။ အလုပ်သမား အခွင့်အရေး ကာကွယ်ရေးနဲ့ အလုပ်သမားသမဂ္ဂ ပေါ်ထွန်းရေးတွေကို ဆက်လက်ဆောင်ရွက် ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ဦးဆောင် လုပ်ကိုင်သူတွေက ပြောဆိုခဲ့ကြပါတယ်။

မကွေးတိုင်း ရေနံချောင်းမြို့နယ် NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဝင်တွေဟာလည်း ရေစကြိုမြို့နယ် မီးဘေးကယ်ဆယ်ရေး အလှူငွေနဲ့ ရွှေဝါရောင်တော်လှန်ရေးမှာ အဖမ်းဆီးခံရပြီး နှစ်ရှည်ထောင်ဒဏ် ကျခံနေရတဲ့ ဦးဣဿရိယ ခေါ် ဦးပဉ္စင်း ဂျောင်းဂျောင်းရဲ့ မိသားစုကို ထောက်ပံ့ရေး အကူအညီတွေ ဒီကနေ့ ပေးအပ်ခဲ့ပါတယ်။ ရေနံချောင်းမြို့နယ် NLD စည်းရုံးရေးကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဒေါ်ခင်စောဌေးအိမ်မှာ မေဒေးနေ့ အထိမ်းအမှတ်အဖြစ် ဒီနေ့ မွန်းလွဲပိုင်းက တွေ့ဆုံပြီး လှူဒါန်းခဲ့တာလို့ NLD အဖွဲ့ဝင် ဦးတင့်လွင်က ပြောပြပါတယ်။

RFA သတင်းဌာနမှ ကူးယူဖော်ပြပါသည်၊

ခွဲခြားဖိနှိပ်ရေး အင်္ကျီ

သန်းထိုက်ဦး Wednesday, 27 April 2011

ထိုင်းနိုင်ငံတောင်ပိုင်း ဖန်းငခရိုင်၊ ခူရဘူရီမြို့နယ်မှာ ရှိတဲ့ နမ့်မယွန်း နယ်မြေမှာ လာရောက် အလုပ်လုပ်ကိုင်နေတဲ့ မြန်မာ အလုပ်သမားတွေကို နယ်မြေခံ ရဲတွေက ယခုနှစ် နှစ်ဆန်းပိုင်းမှာ ဥပဒေအသစ်တခု ထုတ်ပြန်လိုက်ပါတယ်။ အဲဒါကတော့ အလုပ်ကနေ အပြင်ကိုထွက်တဲ့ အခါတိုင်း လိမ္မော်ရောင် အင်္ကျီလက်ပြတ်တွေကို အပေါ်က ထပ်ပြီး ၀တ်ဆင်သွားလာကြဖို့ပါ။

life-mm-workers

တရားဝင် အလုပ်သမားလက်မှတ်၊ ယာယီ ပတ်စပို့များ ရှိသည့်တိုင် လိမ္မော်ရောင် အင်္ကျီများ ဝတ်ဆင်သွားလာနေရသော မြန်မာအလုပ်သမားများ (ဓာတ်ပုံ - သန်းထိုက်ဦး / ဧရာဝတီ)

ဒီဥပဒေဟာ ထိုင်းအာဏာပိုင်တွေက မြန်မာအလုပ်သမားတွေကို ဖိနှိပ်ခွဲခြားဆက်ဆံတာ ဖြစ်တယ်လို့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ဝေဖန်ကြပါတယ်။

လိမ္မော်ရောင် အင်္ကျီလက်ပြတ်တွေ ၀တ်ဆင်ဖို့ ဥပဒေထုတ်ထားတဲ့ အဲဒီ နမ့်မယွန်းဒေသမှာ မြန်မာနိုင်ငံသား ခန့်မှန်းခြေ လူဦးရေ ၁ သောင်းခန့် ရှိပါတယ်။

အဓိက အလုပ်တွေကတော့ ရေလုပ်ငန်း၊ ဆောက်လုပ်ရေး၊ စားသောက်ဆိုင် စတာတွေမှာ ဖြစ်ပါတယ်။ ဒီနေရာကို အလုပ်လာလုပ်ကြတဲ့သူတွေဟာ ထားဝယ် တိုင်းရင်းသားတွေ အများဆုံးဖြစ်ပြီး ရန်ကုန်နဲ့ မော်လမြိုင်မြို့က လာကြတဲ့ သူတွေလည်း ရှိပါတယ်။

တကယ်က လိမ္မော်ရောင်အပြင် တခြားအရောင်တွေကိုလည်း လုပ်ငန်းအလိုက် ခွဲပြီး ဝတ်ခိုင်းပါသေးတယ်။ ရေလုပ်သား လုပ်ကိုင်နေသူကို လိမ္မော်ရောင်၊ ဈေးဆိုင်တွေမှာ ဈေးရောင်းနေတဲ့ အမျိုးသမီးတွေကို အပြာရောင်၊ ဆောက်လုပ်ရေး အလုပ်သမားတွေကို အညိုရောင် ၀တ်ဆင်ရမယ်ဆိုပြီး ဒေသခံရဲတွေက ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။

ဒီလို အရောင်တောက်တောက်နဲ့ အင်္ကျီတွေ မ၀တ်မနေရ ဥပဒေကို ထိုင်းရဲတွေက ၂၀၁၁ ခုနှစ် နှစ်ဆန်းပိုင်းကတည်းက စတင်ထုတ်ပြန်ခဲ့ပြီး အင်္ကျီတထည်ကို ဘတ်ငွေ ၂၀၀ နဲ့ မြန်မာနိုင်ငံသားတွေကို မ၀ယ်မနေရ ရောင်းချပေးခဲ့သလို၊ ထိုင်းလုပ်ငန်းရှင်တွေက တဆင့်လည်း ရောင်းခိုင်းပါတယ်။

အင်္ကျီနောက်ကျောမှာလည်း ထိုင်းလုပ်ငန်းရှင်ရဲ့နာမည်နဲ့ လုပ်ငန်းအမျိုးအစားတွေကို ထိုင်းစာတွေနဲ့ ထင်ထင်ရှားရှား ရေးထားပါတယ်။

အလုပ်သမား လက်မှတ်နဲ့ ယာယီ ပတ်စပို့တွေ ကိုင်ထားတဲ့ တရားဝင် အလုပ်သမားတွေဖြစ်ပေမယ့် သူတို့ သတ်မှတ်တဲ့အတိုင်း အင်္ကျီ မ၀တ်တဲ့လူတွေကို ဒေသခံ ရဲတွေက လိုက်ဖမ်းတယ်လို့ အဲဒီမှာ လက်ဖက်ရည်ဆိုင်ဖွင့်ထားတဲ့ ကိုအလီက ပြောပါတယ်။

ကိုအလီက “တရားဝင် အလုပ်သမား လက်မှတ်လည်း ရှိတယ်၊ ယာယီ ပတ်စပို့လည်း ရှိတယ်။ အဲဒါတောင် လွတ်လွတ်လပ်လပ် သွားလို့မရဘူး။ သူတို့ သတ်မှတ်ပေးထားတဲ့အင်္ကျီ ၀တ်ရတယ်။ အင်္ကျီမ၀တ်တဲ့ လူတွေဆိုရင် ရဲကားလာပြီး ကားပေါ် အားလုံးခေါ်တင်သွားတယ်” လို့ ပြောပါတယ်။

အင်္ကျီဝတ်သည့်တိုင် အပြစ်ရှာခံရပုံကိုလည်း ကိုအလီက “အင်္ကျီကြယ်သီးတပ်တာ မှားရင်လည်း ဖမ်းပြီး ဒဏ်ငွေရိုက်တယ်။ အင်္ကျီမဲနေရင်လည်း အင်္ကျီသန့်သန့် ရှင်းရှင်း မ၀တ်ဘူးဆိုပြီးတော့ ဒဏ်ငွေရိုက်တယ်။ ဖမ်းတဲ့အခါမှာ အလုပ်သမား ကတ်ပြားကို ထုတ်ပြတယ်။ ထုတ်ပြတော့ ရဲက မင်းတို့ဆီက အလုပ်သမားကတ်ပြား ကြည့်ဖို့ မဟုတ်ဘူး၊ အင်္ကျီ ဘာကြောင့် မ၀တ်လဲ၊ မ၀တ်လို့ ဖမ်းတယ်ဆိုပြီး အဲဒီလိုလုပ်တယ်” လို့ ပြောပြပါတယ်။

အဖမ်းခံရတဲ့ အလုပ်သမားတွေဟာ လက်မှတ် အထောက်အထားရှိရင် ရဲကို ဘတ်ငွေ ၁၀၀ (၂၈၀၀ ကျပ်) ကနေ ၅၀၀ (၁၄၀၀၀ ကျပ်) အထိ ပေးဆောင်ရပြီး လက်မှတ်မရှိတဲ့ သူတွေဆိုရင်တော့ အနည်းဆုံး ဘတ်ငွေ ၃၀၀၀ (ကျပ် ၈ သောင်းခွဲ) လောက်အထိ ပေးရပါတယ်။

ကိုအလီက “ပြီးခဲ့တဲ့ ၂ လလောက်က အရမ်း ဖမ်းတယ်။ အခု ဒီလမှာ မဖမ်းတော့ဘူး။ ဒါပေမယ့် အင်္ကျီကတော့ ၀တ်နေရတုန်းပဲ။ ဘယ်အချိန် ဖမ်းမလဲဆိုတာမသိတော့ ၀တ်နေရတယ်” လို့ ပြောပါတယ်။

တချို့အလုပ်သမားတွေက အင်္ကျီတွေကို ၀တ်ဆင်ပြီး ဈေးဝယ်ထွက်တာရှိပေမယ့် အများစုကတော့ ရဲတွေ ဝတ်ခိုင်းတဲ့အတိုင်း အင်္ကျီတွေကို မ၀တ်ချင်ကြဘူးလို့ သိရပါတယ်။

ရေလုပ်သား ကိုကပ္ပလီက “အလုပ်သမားတွေ မ၀တ်ချင်ဘူး ဆိုတာက သွားသွားလာလာ ဆိုင်တွေမှာ ထိုင်တဲ့အခါ ဒီအင်္ကျီ အခံကြီးနဲ့ ရှိုးပျက်တယ်ပေါ့နော်၊ အဲဒါကြောင့် မ၀တ်ချင်ကြတာ” လို့ ပြောပါတယ်။

အင်္ကျီမ၀တ်ရင် ဖမ်းတယ်ဆိုတော့ ညစ်ပတ်လို့ လျှော်လိုက်ပြန်ရင်လည်း ၀တ်စရာ မရှိကြောင်း၊ အင်္ကျီခြောက်မှပဲ ပြန်ဝတ်ပြီး အပြင်ထွက်ရမယ့် ပုံစံမျိုးဖြစ်နေကြောင်း ကိုကပ္ပလီက ဆက်ပြောပါတယ်။

တချို့အလုပ်သမားတွေဆို တလမှာ ၂ ကြိမ်လောက် အဖမ်းခံရတာတွေလည်း ရှိတယ်လို့ သိရပါတယ်။

အသက် ၄၀ ကျော် ရေလုပ်သားတဦးရဲ့ ဇနီးက “ရဲက အင်္ကျီမ၀တ်လို့ အိမ်တန်းလျားမှာ လိုက်ဖမ်းတော့ အိမ်ထဲကိုဝင်ပြေးတာ မြန်သွားလို့။ အဲဒါ အိမ်ကိုလက်ညိုးထိုးပြီးတော့ ရဲကပြောတယ်၊ နင်တို့ မြန်မာတွေ ညထွက်ရင်လည်း အင်္ကျီဝတ်တဲ့၊ မ၀တ်ရင် မြန်မာပြည်ကို ပြန်ပို့မယ်လို့ ပြောတယ်” လို့ ဆိုပါတယ်။

အဲဒီဒေသမှာ ဆိုင်ကယ်တက္ကစီ မောင်းနေတဲ့ ထိုင်းလူမျိုးတွေကလည်း အလုပ်သမားတွေ ၀တ်ဆင်ရတဲ့ လိမ္မော်ရောင်နဲ့ တူနေလို့ မကြာသေးခင်ကမှ အင်္ကျီအရောင်ကို အစိမ်းနုရောင် ပြောင်းလိုက်ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရဲတွေကတော့ အင်္ကျီဝတ်ခိုင်းတာဟာ မြန်မာအလုပ်သမားတွေ မူးယစ်ပြီး ပြဿနာတက်တဲ့အခါ ဘယ်အလုပ်ရုံမှာ လုပ်တယ်ဆိုတာသိအောင် အခုလို တင်းကျပ်တာလို့ အကြောင်းပြပါတယ်။

ထိုင်းနိုင်ငံ တောင်ပိုင်း ဖန်းငခရိုင် အခြေစိုက် Grassroots Human Rights Education and Development (GHRED) အဖွဲ့ အမှုဆောင် ဒါရိုက်တာ ဦးထူးချစ်က ဘယ်လို အခြေအနေကြောင့် အင်္ကျီဝတ်ခိုင်းတာပဲဖြစ်ဖြစ် အခြေခံ လူ့အခွင့်အရေးကို ချိုးဖောက်တယ်လို့ပဲ မြင်ကြောင်း ဧရာဝတီကို ပြောပါတယ်။

“ဘာဖြစ်လို့လဲ ဆိုတော့ သူတို့အနေနဲ့က လုံခြုံရေးအရပဲ ဖြစ်စေ၊ ဘယ်အလုပ်သမားက ဘယ်အလုပ်ရှင်ရဲ့ အလုပ်သမားတွေဖြစ်ကြောင်း သူတို့က စစ်ဆေးချင်တာပဲဖြစ်စေ အဲဒါကို တခြားနည်းလမ်းတွေနဲ့ လုပ်လို့ရတာပဲ။ တိရိစ္ဆာန်တွေလို ဒါမှမဟုတ် ပိုင်ဆိုင်တဲ့ အရာတွေလို သတ်မှတ်ပြီး အင်္ကျီဝတ်ခိုင်းတယ်ဆိုတာက လူ့အခွင့်အရေးနဲ့ ကြည့်မယ်ဆိုရင် ဒါလုံးဝ သဘာဝကျတဲ့ လုပ်ရပ်တခု မဟုတ်ပါဘူး” လို့ ဦးထူးချစ်က ဆိုပါတယ်။

ထိုင်းနိုင်ငံ တောင်ပိုင်းဒေသတွေမှာ အာဏာပိုင်တွေက လွန်ခဲ့တဲ့ ၄ နှစ်လောက်က ပြည်နယ်လုံခြုံရေး ဥပဒေအရ မြန်မာအလုပ်သမားတွေ ညဘက် အပြင်မထွက်ရ အမိန့်အပြင် လူ ၅ ယောက်ထက် ပိုပြီး မစုဝေးရ၊ မိုဘိုင်းဖုန်း မကိုင်ရ စသည်ဖြင့် ထုတ်ပြန်ခဲ့ဖူးပါတယ်။

ဦးထူးချစ်ကတော့ “ဒါဟာ ဒေသခံ အာဏာပိုင်တွေ တရားဝင် အဂတိ လိုက်စားမှုတွေကို လွယ်လွယ်ကူကူ လုပ်နိုင်အောင် ပြဌာန်းတဲ့ ဥပဒေပဲလို့ မြင်တယ်”လို့ ပြောပါတယ်။ ။

ဧရာဝတီ သတင်းဌာနမှ ကူးယူဖော်ပြပါသည်၊

စင်္ကာပူက မြန်မာအိမ်တွင်းမှုအလုပ်သမတွေရဲ့ ဘ၀ တစေ့တစောင်း





စင်္ကာပူက မြန်မာအိမ်တွင်းမှုအလုပ်သမတွေရဲ့ ဘ၀ တစေ့တစောင်း
မိုးမခအထောက်တော် စင်္ကာပူ
ဧပြီ ၂၃၊ ၂၀၁၁
အခု ပြောချင်တာက အယင်လတုန်းက မြန်မာအမျိုးသမီးတွေအချို့ စင်္ကာပူပြည်ပမှာ အိမ်တွင်းမှုအလုပ်သမ (ရိုးရိုးအခေါ် - အိမ်ဖော်) အဖြစ် အလုပ်ပွဲစားတွေကတဆင့် လာရောက် အလုပ်လုပ်ကိုင်နေကြတဲ့ အကြောင်းကို ဆက်ရေးမှာ ဖြစ်ပါတယ်။ စင်္ကာပူက အလုပ်အေဂျင်စီ၊ စင်္ကာပူ အစိုးရ၊ စင်္ကာပူက အိမ်ထောင်စုများ (မြန်မာမိသားစုတွေ အပါအ၀င်) က အိမ်တွင်းမှုအလုပ်သမ ဈေးကွက်ကို အားပေးတယ်၊ လိုအပ်တယ်။ သည်လုပ်ငန်းဟာ အစိုးရ၊ အိမ်ထောင်စု၊ အလုပ်သမားအေဂျင်စီ၊ အလုပ်သမားများအတွက် ၀င်ငွေ ဒေါ်လာ စင်္ကာပူ သန်းချီတဲ့ စီးပွားရေးလုပ်ငန်းကြီး ဖြစ်ပါတယ်။

မြန်မာစစ်အုပ်စုက ကြေညာချက်ထုတ်လိုက်ရာမှာ မြန်မာအမျိုးသမီးတွေ ပြည်ပထွက် အလုပ်လုပ်တာကို ကန့်သတ်တယ်လို့ ဆိုတယ်။ ဂျာနယ်ထဲမှာ ပါတာ ပြောတာပါ။ ပြည်ပက အင်တာနက် သတင်းဌာနတွေကတော့ ပြောတာပဲ ရှိတယ်၊ ထွက်ပြီး အလုပ်လုပ်တဲ့သူကတော့ ရှိနေတာပဲ။ ၀န်ဆောင်မှုပေးတဲ့ ပွဲစားကုမ္မဏီတွေကလည်း အလုပ်ဖြစ်နေတုန်းပဲ လို့ ရေးနေကြတယ်။ ဒါက အလုပ်သမားညွှန်ကြားဦးစီးဌာနဘက်က သတင်းတွေဖြစ်တယ်။
နောက်တချက်ကတော့ နိုင်ငံကူးလက်မှတ်ရုံးက အနေအထားက အရင်တုန်းကတော့ အမျိုးသမီးတွေ ပတ်စ်ပို့လျောက်တာကို ကန့်သတ်ဖူးတယ်။ အခုကတော့ အကန့်အသတ်တွေ စိစစ်တာတွေ မရှိတော့ဘူး။ မိန်းကလေးတွေ ပြည်ပထွက်တာကို မျက်လုံးဒေါက်ထောက်ကြည့်ပြီး တဖက်ကလည်း လက်ကြီးတွေ ဖြန့်ထားတော့ ငွေမျက်နှာကြောင့် မျက်လုံးတွေလည်း စုံလုံးကန်းပြီး ပတ်စ်ပို့မှာ ၃ နှစ် သက်တမ်းတုံး နဲ့ မိန်းကလေးတွေ ကြီး ငယ်မဟူ လွတ်လပ်စွာ ပြည်ပထွက်ခွင့်၊ နိုင်ငံကူးလက်မှတ် ရယူခွင့် ရှိနေပါပြီ။ စည်းကမ်းတွေ ဥပဒေတွေနဲ့ ဘယ်လောက်ပဲ တားတယ် ဆိုဆို အကျင့်ပျက် ခြစားမှုတွေက ဥပဒေအပေါ်မှာ ရှိနေတာကို ထည့်စဉ်းစားရမှာ ဖြစ်ပါတယ်။
အခု ပြောချင်တာက အယင်လတုန်းက မြန်မာအမျိုးသမီးတွေအချို့ စင်္ကာပူပြည်ပမှာ အိမ်တွင်းမှုအလုပ်သမ (ရိုးရိုးအခေါ် - အိမ်ဖော်) အဖြစ် အလုပ်ပွဲစားတွေကတဆင့် လာရောက် အလုပ်လုပ်ကိုင်နေကြတဲ့ အကြောင်းကို ဆက်ရေးမှာ ဖြစ်ပါတယ်။ စင်္ကာပူက အလုပ်အေဂျင်စီ၊ စင်္ကာပူ အစိုးရ၊ စင်္ကာပူက အိမ်ထောင်စုများ (မြန်မာမိသားစုတွေ အပါအ၀င်) က အိမ်တွင်းမှုအလုပ်သမ ဈေးကွက်ကို အားပေးတယ်၊ လိုအပ်တယ်။ သည်လုပ်ငန်းဟာ အစိုးရ၊ အိမ်ထောင်စု၊ အလုပ်သမားအေဂျင်စီ၊ အလုပ်သမားများအတွက် ၀င်ငွေ ဒေါ်လာ စင်္ကာပူ သန်းချီတဲ့ စီးပွားရေးလုပ်ငန်းကြီး ဖြစ်ပါတယ်။
အစိုးရနဲ့ အေဂျင်စီကတော့ စည်းကမ်း စည်းမျဉ်းများ ချမှတ်ပြီး အိမ်တွင်းမှုအလုပ်သမလုပ်ငန်းကို စီမံထိန်းသိမ်း ခန့်ခွဲပါတယ်။ အိမ်တွင်းမှုအလုပ်သမားတွေအတွက် ခံစားခွင့်၊ လစာ၊ အခွန်၊ အိမ်ထောင်စုများက ပေးရတဲ့ အလုပ်သမားခွန်၊ ဒဏ်ကြေး၊ လိုင်စင်ကြေး၊ ပွဲစားခ စသည်ဖြင့်တွေကို စနစ်တကျ ပြဌာန်းတာတွေ လုပ်ပါတယ်။ အလုပ်သမတွေကို အရည်အချင်းရှိဖို့၊ အိမ်ထောင်စုကိစ္စတွေ အိမ်တွင်းမှုကိစ္စတွေ ခေတ်နဲ့အညီ အမီ လုပ်ကိုင်နိုင်ဖို့ သင်ပေးတာ၊ စစ်ဆေးတာ၊ ဘာသာစကား အပြောအဆို အနေအထိုင် ဗဟုသု ရှိအောင် သင်ကြား စစ်ဆေး ကြည့်ကြပ်တာတွေ လုပ်ပေးတယ် ဆိုပါတယ်။ သည်တော့ သည်အလုပ်ဟာ ခေတ်သစ်ထဲက ရှေးဟောင်းအလုပ်တခု ဆိုပေမယ့် စည်းစနစ်နဲ့ ခေတ်မီမှုတွေ ရှိတယ်လို့ ဆိုရမယ် ထင်ပါတယ်။
ဥပမာ - အိမ်တွင်းအလုပ်သမဟာ ညအိပ်ရာဝင်ချိန်၊ အလုပ်သိမ်းချိန် သတ်သတ်မှတ်မှတ်ရှိတယ်။ အနားယူချိန်၊ အားလပ်ချိန်ရှိတယ်။ စနေ တနင်္ဂနွေမှာ နားခွင့် လည်ပတ်ခွင့် ရှိတယ်။ မိသားစု ပတ်ဝန်းကျင်နဲ့ ဆက်သွယ် ထိတွေ့ခွင့်တွေ ရှိတယ်။ ဒါ့အပြင် အိမ်တွင်းအလုပ်သမတွေဟာ သူတို့အားလပ်ရက်တွေမှာ အလုပ်လုပ်ရမယ် ဆိုရင်တော့ အိမ်ရှင်က သီးသန်း အပိုငွေကြေးပေးပြီး အချိန်ပိုလုပ်ခနဲ့ လုပ်ကြရတယ် ဆိုတယ်။ အားလပ်ရက်တွေမှာ စင်္ကာပူက စေတနာဝန်ထမ်းအဖွဲ့အစည်းတွေ၊ ဘာသာရေးအဖွဲ့တွေ ဖွင့်လှစ်ထားတဲ့ အသက်မွေးသင်တန်းတွေ တက်ပြီး ဘ၀တက်လမ်း ရှာခွင့် ရှိတယ်လို့ သိရပါတယ်။
သို့သော် စကားချပ် ၀င်ပြောရရင်တော့ - အိမ်တွင်းအလုပ်သမ အထက်ပါအတိုင်း ခံစားခွင့်ရှိဖို့ကတော့ ကာယကံရှင်ကိုယ်တိုင်ရဲ့ ဗဟုသုတ ကိုယ်ခံ အရည်အချင်း၊ ပွဲစားများရဲ့ သဘောထားကြီးမှု၊ အိမ်ရှင်များရဲ့ အမြင်ကျယ်မှု ခွင့်ပြုမှုတွေအပေါ် အများကြီး မူတည်တယ်လို့ ပြောနိုင်ပါတယ်။ မည်သို့ပင် ခံစားခွင့်နဲ့ အခွင့်အရေးတွေ စည်းကမ်း ဥပဒေတွေ သတ်မှတ်ထားပါစေ မလိုက်နာသူတွေ၊ စည်းဖောက်သူတွေကတော့ အလုပ်သမား၊ အလုပ်ရှင်၊ အကျိုးဆောင်တွေ တဖက်ဖက်မှာတော့ ရှိနေမှာပါပဲ။
အလုပ်ပွဲစားတွေက အိမ်တွင်းအလုပ်သမကို အိမ်ရှင်ထံ အပ်ချိန်မှာ ၆ လ အစမ်းလုပ်ခွင့် ရှိတယ်။ နှစ်ဦး နှစ်ဖက် မကျေလည်ရင် ပြောင်းခွင့် ရှိတယ်လို့ ဆိုတယ်။ အဲသည် ၆ လ ကျော်ပြီး နောက်ပိုင်း ကိစ္စကတော့ အလုပ်သမားနဲ့ အလုပ်ရှင်နဲ့ တိုက်ရိုက်ဆိုင်တယ်။ ပွဲစားနဲ့ အစိုးရက ဥပဒေ စည်းကမ်းနည်းလမ်းအရ ၀င်ပြီး ဖြေရှင်းခွင့် ရှိတယ်လို့ ဆိုပါတယ်။
အလုပ်ပွဲစားတွေကိုအလုပ်သမတွေ ပေးရတဲ့ ပွဲစားခက စင်္ကာပူ ဒေါ်လာ ၂၁၀၀ လောက် ရှိတယ် ကြားပါတယ်။ အဲဒါကို ၇လ ဖြန့်ပြီး တလ ၃၀၀ နှုန်းနဲ့ ပွဲစားက ဖြတ်ယူတယ် ဆိုတယ်။ အဲသည်အတွင်းမှာ အလုပ်သမက ကျန်တဲ့ လစာကို ခံစားခွင့်ရှိတယ်။ မြန်မာတွေအတွက် ပျမ်းမျှလစာက ၃၅၀ ဆိုရင် ၅၀ကို ကာယကံရှင်က စုထားလို့ ရတယ်ပေါ့။
မြန်မာအလုပ်သမတွေကတော့ မည်သို့နည်းဖြင့် စင်္ကာပူသို့ ရောက်လာသည်ဖြစ်စေ မြန်မာသံရုံးမှာ အခွန်ဆောင်တာ၊ သက်တမ်းတိုးတာတွေကတော့ သူတို့ လမ်းကြောင်းတွေ လမ်းတွေနဲ့ လုပ်ရတာ ဖြစ်တယ်လို့ ဆိုပါတယ်။ မြန်မာသံရုံးကတော့ သူတို့သတ်မှတ်ထားတဲ့ စာရွက်စာတမ်းတွေ အခွန်ငွေတွေ သတ်မှတ်ကြေးတွေ ရနေရင် ကျန်တာ ဘာကိုမှ သိပ်ပြီး ဂရုမစိုက်ကြဘူးဆိုတာကတော့ အများသိပြီးသားပဲ နေမှာပါ။
အခု ဥပမာ အလုပ်သမ ၂ ဦးအကြောင်း ပြောပါ့မယ်။ ဖြစ်ရပ်မှန် ဗဟုသုတပေါ့။
ပထမ အိမ်တွင်အလုပ်သမကတော့ ခင်ခင်လို့ ဆိုကြပါစို့။ မြန်မာပြည် ပြန်သွားတာ ၁ နှစ်လောက် ရှိပြီ ထင်ပါတယ်။ (အမည်မှန် မဟုတ်ပါ)။ စင်္ကာပူနိုင်ငံသား မိသားစုထံမှာ အလုပ်လုပ်တာ ၄ နှစ် ကြာပါတယ်။ ပွဲစားတွေကတဆင့် လာတာပါပဲ။ အိမ်ရှင်တွေက ခွင့်ပြုလို့ အားပေးလို့ ပိတ်တဲ့ စနေ၊ တနင်္ဂနွေမှာ သက်မွေးပညာသင်တန်းတွေ တက်ပါတယ်။ သင်တန်းတွေကတော့ အစုံရှိပါတယ်။ ချက်နည်း ပြုတ်နည်း၊ ကိတ်ဖုတ်နည်း၊ အထည်ချုပ်၊ သတို့သမီးဝတ်စုံချူပ်နည်း၊ ဆံပင်ညှပ်၊ မိတ်ကပ် အလှပြင် စုံလို့ပါပဲ တဲ့။ အခု သင်တန်းတခု ကောင်းကောင်း ဖြစ်မြောက်အောင်တက်ပြီး မြန်မာပြည်ပြန်ပြီး ကိုယ်ပိုင်အလုပ်ကလေး ဖြစ်နေပြီလို့ သိရပါတယ်။ ဒီက အဆက်အသွယ်တွေနဲ့ စကာင်္ပူကိုလည်း ၀င်ထွက် ကုန်သည်လုပ်နေသေးတယ်လို့ ဆိုတယ်။
သင်တန်းတွေ ဘယ်မှာ ရှိသလဲဆိုတာကို ဒီဝက်ဆိုက်မှာ ကြည့်ပါ
နောက်တဦးကတော့ ကြင်ကြင်လို့ပဲ ဆိုကြပါစို့။ သူကတော့ အိမ်ရှင်ဆီက ပိုက်ဆံတွေ ခိုးပြီး ထွက်ပြေးလို့ အခု စင်္ကာပူအချူပ်ထဲမှာ ရောက်နေပါတယ်။ (နံမယ်မှန်လည်း မဟုတ်ပါဘူး။ ပြောင်းထားတာပေါ့)။ သူကလည်း ပွဲစားက တဆင့် စင်္ကာပူနိုင်ငံသား မိသားစုထံမှာ အလုပ်လုပ်နေတာ ၃ နှစ် ရှိပြီ။ သူက အလုပ်က နားပြီး အိမ်ပြန်ချင်တာ ပေးမပြန်လို့ ဇွတ် အိမ်က ထွက်ပြေးလာတယ် ဆိုတယ်။ သူက အိမ်ရှင်ဆီက ငွေအနည်းငယ်လည်း ခိုးယူလာတယ် ဆိုတယ်။
အခုလိုမျိုး အိမ်တွင်းမှုအလုပ်သမတွေမှာ ပြသနာတွေ ဖြစ်ရင် ဖြေရှင်းပေးဖို့ အဖွဲ့တွေ၊ စေတနာဝန်ထမ်းတွေ၊ ဘာသာရေးအသင်းတွေ ရှိပါတယ်။ ရှေ့နေတွေလည်း ရှိပါတယ်။ ထွက်ပြေးတာက ရိုးရိုးထွက်ပြေးတာဆို သိပ်မဆိုးပေမယ့် အိမ်ရှင်ဆီက ခိုးယူလာတာမျိုတွေဆိုရင် အမှုက ကြီးပါတယ်။ အိမ်ဖော်တွေဖက်က ကူညီင်္ပေးမယ့်သူတွေကလည်း ဒါမျိုးဆိုရင်တော့ အာဏာပိုင်တွေလက်ထဲပဲ ထည့်တာ များပါတယ်။ (မြန်မာသံရုံးကတော့ ဘာမှ ၀င်ကူခြင်း မရှိပါဘူးဆိုတာတော့ ထပ်မပြောတော့ပါဘူးနော်)။
အိမ်ရှင်ထံက အိမ်တွင်းအလုပ်သမ ထွက်ပြေးရင် ၂ ဖက်စလုံး မသက်သာပါဘူးလို့ ဆိုတယ်။ အလုပ်သမကို မိရင် ထောင်ချမယ်၊ လေယာဉ်စရိတ်ကို ပွဲစားသို့မဟုတ် အိမ်ရှင်က စိုက်ပေးရင် ချက်ခြင်း ပြန်ပို့လိုက်မယ်။ မပေးနိုင်ရင်တော့ အကျဉ်းထဲမှာ ချမှတ်ထားတဲ့ ဒဏ်အတိုင်း နေရမယ်လို့ ဆိုတယ်။ အိမ်တွင်းအလုပ်သမကို မမိတော့ရင်တော့ အိမ်ရှင်က အစိုးရထံမှာ အာမခံငွေ တင်တာ ဆုံးတယ်။ ငွေ ၁ သောင်းလောက်တောင် ဆုံးနိုင်တယ်၊ ဒဏ်ချတယ်လို့ ဆိုတယ်။ အိမ်တွင်းအလုပ်သမကို ဖမ်းမိရင်တောင်မှ အိမ်ရှင်က နောက်ထပ် အလုပ်သမငှားဖို့ မလွယ်တော့ဘူး၊ နံမယ်ပျက်စာရင်းထဲ ၀င်သွားလို့ အသနားခံစာ တင်ရ၊ ဘာညာ အလုပ်ရှုပ်တယ် ဆိုတယ်။
ကြင်ကြင်ရဲ့ အမှုကတော့ ပွဲစားကော၊ အိမ်ရှင်ကပါ ဘာမျှ ၀င်ပြီး ကူညီခြင်း မရှိလို့ အချုပ်ထဲမှာ ရက်ပြည့်အောင် နေရမယ်။ နောက်ပြီးမှ ပြည်နှင်မယ်လို့ ခန့်မှန်းကြပါတယ်။ စင်္ကာပူထောင်တို့ အချူပ်တို့ဆိုတာလည်း သက်သာလှတယ် မဟုတ်ဘူးလို့ ပြောပါတယ်။ အချုပ်ခန်းတွင်းမှာ လေအေးစက်ကို အစွမ်းကုန်မြှင့်ဖွင့်ထားလို့ အလွန်အေးစိမ့်တယ်၊ စည်းကမ်းတွေ တင်းကြပ်တယ်။ အစားအသောက် ပုံမှန် ကောင်းစွာ ကျွေးတာကလွဲလို့ တကိုယ်ရေသန့်ရှင်းရေးအတွက် ဘာမှ ကောင်းမွန်အောင် ထားမပေးဘူးလို့ အထဲ ရောက်ဖူးသူ အမျိုးသမီးအချို့က ပြောတာ ကြားရပါတယ်။
မြန်မာအသိုင်းအ၀ိုင်းထဲက မြန်မာအလုပ်သမားနဲ့ မြန်မာအလုပ်သမတွေကို ကာကွယ်ဖို့၊ ပညာပေးဖို့၊ စောင့်ရှောက်ဖို့၊ မြှင့်တင်ရေးတွေ လုပ်ဖို့ ဆောင်ရွက်နေသူတွေ လက်ချိုးရေလို့ ရပါတယ်။ အများကြီး မထွန်းကားသေးဘူး။ အခြား လူမျိုးစုတွေကတော့ သူတို့ သံရုံးတွေ အပါအ၀င် ကူညီမှုတွေ၊ စောင့်ရှောက်မြှင့်တင်မှုတွေ လုပ်နေတာရှိတယ်။ မြန်မာတွေကိုလည်း လက်တွဲ ကူညီမှုပေးတယ် ဆိုတယ်။ တချို့ကတော့လည်း အဲသည်လို ပင်ပန်းဆင်းရဲအလုပ်လုပ်နေသူ၊ ပညာဥာဏ် နဲ့ ကံအကျိုးပေး ချို့တဲ့သူတွေကို မပတ်သက်ချင်တာ ရှိတယ်။ အားနည်းတဲ့သူတို့တတွေကိုပဲ ပြန် လက်ညိုးထိုးပြီး အပြစ်တင်တာမျိုးရှိတယ်။ သူတို့ကြောင့် မြန်မာတွေ နာမည်ပျက်တယ်ပေါ့လေ။ သို့သော် လူသားတဦးအနေနဲ့ ကူညီ စောင့်ရှောက်မှုကတော့ ပေးဖို့ အားပေးဖို့တော့ လိုတယ် ထင်ပါတယ်။ မသိသေးသူတွေ၊ ဥပက္ခာပြုနေသူတွေကိုလည်း အခုလို ဆောင်းပါးမျိုးတွေနဲ့ ဗဟုသုတအဖြစ် မျှဝေပေးဖို့ လိုမယ် ထင်ပါတယ်။

မလေးရှားမှာ မြန်မာအလုပ်သမားတွေ ဆန္ဒပြ

မလေးရှားနိုင်ငံ ဂျိုဟိုးပြည်နယ်က ကြွေထည်ပစ္စည်း ထုတ်လုပ်တဲ့ INNO CERAMITEC စက်ရုံက မြန်မာ အလုပ်သမားတွေဟာ မတရား ခိုင်းစေခံရမှု၊ အလုပ်သမား အခွင့်အရေး ဆုံးရှုံးမှုတွေနဲ့ ပတ်သက်ပြီး အလုပ်မဆင်းဘဲ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြရာမှာ အာဏာပိုင်တွေက အကြမ်းဖက်ဖြိုခွဲပြီး ဆန္ဒပြခေါင်းဆောင် ၂ ဦးကို ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

(Photo: AFP)

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ နိုင်ငံခြား အလုပ်သမားများ နေထိုင်ရာ အဆောင်တခု ဖြစ်ပါသည်။ (Photo: AFP)

စက်ရုံမှာ လုပ်အားနဲ့ လုပ်ခလစာ မမျှတတာ၊ ကျန်းမာရေး စောင့်ရှောက်မှု ညံ့ဖျင်းတာတွေအပေါ် အလုပ်သမား အခွင့်အရေး တောင်းဆိုချက် ၅ ချက် တင်ပြပြီး ဧပြီလ ၁၉ ရက်ကနေ ၂၁ ရက်နေ့အထိ မြန်မာအလုပ်သမား ၆ဝ အပါအဝင် လူမျိုးစုံ စုစုပေါင်း အင်အား ၁၂ဝ လောက် ဆန္ဒပြခဲ့ကြပါတယ်။

ဒီ ဖြစ်ရပ်နဲ့ ပတ်သက်လို့ အလုပ်သမားတွေဘက်က လိုက်ပါ ဆောင်ရွက်ပေးနေတဲ့ NLD- LA မလေးရှားဌာနခွဲက ဦးဥာဏ်လင်းက ပြောပြပါတယ်။

“လုပ်အားနဲ့ လစာမမျှတာ၊ ပြီးတော့ တခြား အခွင့်အရေးတွေ ရဖို့အတွက် သူဌေးကို တောင်းဆိုတာ။ သူဌေးက ပြန်ပြီးတုန့်ပြန်တဲ့နေရာမှာ သူတိုရဲ့ အဆောင်တွေမှာ ရေဖြတ်တာတွေ လုပ်တယ်။ သူတို့က အလုပ်မဆင်းဘဲ ဆန္ဒပြတော့ သူဌေးက ရဲကိုခေါ်ပြီး အလုပ်ပြန်ဆင်းခိုင်းဖို့လုပ်တာကနေပြီး ဆန္ဒပြခေါင်းဆောင်လို့ ယူဆတဲ့ နီပေါတယောက်နဲ့ မြန်မာတယောက် ဖမ်းသွားတယ်။ ခုထက်ထိ ပြန်လွှတ်မပေးသေးဘူး”

အလုပ်သမားတွေက လုပ်အားခ မလေးရှားရင်းဂစ် ၂၅ ရင်းဂစ် အထိ တိုးပေးဖို့ တောင်းဆိုတာကို ၂၂ ရင်းဂစ် ပေးမယ့်အကြောင်းနဲ့ သောကြာနေ့ ၂၂ ရက်နေ့မှာ အလုပ်ပြန်ဆင်းဖို့ မြန်မာအေးဂျင့်က လက်မှတ်ထိုးခိုင်းခဲ့ပါတယ်။ ဒါပေမယ့် အလုပ်သမားတွေက လက်မှတ်ထိုးမပေးဘူးလို့လည်း သိရပါတယ်။ ၂၁ ရက်နေ့မှာ အလုပ်သမားတွေရှိတဲ့ အဆောင်ကို ရဲတွေရောက်လာပြီး မြန်မာအလုပ်သမား ကိုအောင်ကျော်နဲ့ နီပေါ အလုပ်သမားတဦးကို ဖမ်းသွားပါတယ်။

“သူတို့ကို အတင်းအကြပ် ဖိအားပေးတော့ နောက်ဆုံးပိတ် လက်မှတ်ထိုးလိုက်ရတယ်။ သူတို့နေတဲ့ အဆောင်အောက်ထပ် အခန်းတွေကို ရဲက ဝင်ပြီး အိပ်နေတဲ့သူတွေကို ရဲတွေ အမြဲဆောင်နေတဲ့ ငြုပ်ကောင်း စပရေးဗူးတွေနဲ့ ပက်သွားတယ်။ လူတွေက လည်ပင်းတွေနာ၊ မျက်လုံးတွေနာပြီး ကျန်နေခဲ့တယ်။ အဲဒီတော့ အားလုံးက အဲလိုဖိအားပေးခံရတော့ ကြောက်ပြီးတော့ လက်မှတ်ထိုးရတာ၊ စာချုပ်တော့မဟုတ်ဘူး။ လောလောဆယ် လုပ်တဲ့လူတွေထဲမှာ ဘယ်သူပါသလဲဆိုတာကို”

တောင်းဆိုချက်တွေကို အလုပ်ရှင်ဘက်က တစုံတရာ ဆွေးနွေးတာမရှိဘဲ အဓမ္မ အလုပ်ဆင်းခိုင်းတဲ့အတွက် သောကြာနေ့ကတော့ အလုပ်သမားတွေ အလုပ် ပြန်ဆင်းနေကြတယ်လို့ သိရပါတယ်။

အမှုနဲ့ ပတ်သက်လို့ တရားမျှတမှု ဖြစ်ပေါ်ဖို့နဲ့ မတရား အဖမ်းခံရသူတွေ လွတ်မြောက်ရေးအတွက် မလေးရှား အခြေစိုက် အလုပ်သမားအရေး ကူညီပေးနေတဲ့ NGO အဖွဲ့တွေနဲ့ NLD –LA Malaysia အလုပ်သမား ရေးရာဌာနက ဆက်လက် လိုက်ပါ ကူညီဆောင်ရွက် ပေးနေတယ်လို့ သိရပါတယ်။

RFA သတင်းဌာနမှ ထပ်မံကူးယူဖော်ပြပါသည်။

ထိုင်းတွင် တရားမဝင် လုပ်သားများ မှတ်ပုံတင်ခွင့် ခွင့်ပြုမည်

ဘန်ကောက် (မဇ္ဈိမ)။ ။ တရားမဝင် ရွှေ့ပြောင်း လုပ်သားများအတွက် မှတ်ပုံတင် အသစ်ပြုလုပ်ခွင့်ကို မကြာခင် ဖွင့်လှစ်ပေးသွားမည်ဟု ထိုင်းအလုပ်သမား ဝန်ကြီးက ဧပြီလ ၁၉ ရက် အင်္ဂါနေ့တွင် ပြုလုပ်သည့် အစည်းအဝေး တရပ်တွင် ထုတ်ဖော်ပြောဆိုခဲ့ကြောင်း ထိုင်းနိုင်ငံ အခြေစိုက် နေးရှင်းသတင်းက ရေးသားထားသည်။

ဒုဝန်ကြီးချုပ် ဆနန် ဦးဆောင်ကာ ဝန်ကြီးဌာန ၂၂ ခုမှ တာဝန်ရှိ အရာရှိများ ပါဝင်သည့် တရားမဝင် နိုင်ငံခြားသား အလုပ်သမား စီမံခန့်ခွဲရေး ကော်မတီ အစည်းအဝေးမှ သဘောတူခဲ့ပြီး၊ အစိုးရအဖွဲ့မှ နောက်ဆုံးအဆင့် အစည်းအဝေးတွင် ဝန်ကြီးချုပ်က သဘောတူလက်မှတ် ရေးထိုးမည်ဖြစ်သည်။

“ယခု ဖွင့်လှစ်ပေးမည့် မှတ်ပုံတင်အသစ် အစီအစဉ်ကို ပါဝင်ဆောင်ရွက်ရန် ပျက်ကွက်သူ မည်သူမဆို တရားဥပဒေ ချိုးဖောက်မှုဖြင့် ပြင်းထန်စွာ အရေးယူခံရမည်ဖြစ်ပြီး၊ လူကုန်ကူးမှုဖြင့်ပါ အပြင်းထန်ဆုံး အပြစ်ပေးသွားမည်” ဟု ထိုင်းအလုပ်သမား ဝန်ကြီးက ချလမ်ချိုင်း ဆီရီအွန်၏ ပြောစကားကို အင်္ဂါနေ့ထုတ် ထိုင်းဘာသာဖြင့် ရေးထားသားသော နေရှင်းက ကိုးကားထားသည်။

ဖေဖော်ဝါရီလကုန်တွင် ယာယီနိုင်ငံကူးလက်မှတ် လက်ဝယ် ပိုင်ဆိုင်ထားသူများမှ လွဲ၍ အလုပ်လုပ်ခွင့် လက်မှတ် (ဘဒ်) သက်တမ်း မဆက်တော့ဘဲ တရားမဝင် အလုပ်သမားများအဖြစ်သို့ ကူးပြောင်းသွားခဲ့သူများကို မစ္စတာ ချလမ်ချိုင်း ဆီရီအွန်က ရည်ညွှန်းပြောဆိုခြင်း ဖြစ်သည်။

ရွှေ့ပြောင်း အလုပ်သမားအရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ MWG မှ တာဝန်ခံတဦးက “နောက်အပတ် ပြုလုပ်မယ့် ကက်ဘိနက် အစည်းအဝေးကနေ တရားဝင်ကြေညာဖို့ များပါတယ်။ မဟုတ်ခဲ့ရင် နောက်လဆန်းပေါ့” ဟု မဇ္ဈိမကို ခန့်မှန်းပြောဆိုသည်။ ထို့အတွက် အလုပ်သမားများအနေဖြင့် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားရန် လိုအပ်သည်ဟု ဆိုသည်။

ဝန်ကြီးအဖွဲ့ အစည်းအဝေးကို အပတ်စဉ် အင်္ဂါနေ့တိုင်း ကျင်းပလေ့ရှိသည်။

ရောင်ခြည်ဦး အလုပ်သမားများသမဂ္ဂ တာဝန်ခံ ဦးမိုးဆွေက “ဒီကိစ္စကို ကြိုဆိုပါတယ်။ ဘာ့လို့လဲဆိုတော့ အလုပ်သမားတွေက အကြောင်းအမျိုးမျိုးကြောင့် တရားမဝင် အလုပ်သမား ဖြစ်နေကြတယ်။ ဥပမာ - ပိုင်ရှင်က အလုပ်သမားကို ထိန်းချုပ်ချင်လို့ မလုပ်ပေးတာမျိုး၊ အလုပ်ထွက်တဲ့အခါ အလုပ်သမားတွေရဲ့ လက်မှတ်ကို ပိုင်ရှင်တွေက မပေးလို့ တရားမဝင် ဖြစ်သွားတာမျိုး၊ ပွဲစားနဲ့ လုပ်ရလို့ ဈေးအရမ်းကြီးပြီး မလုပ်နိုင်တာတွေကြောင့် စသဖြင့် ဖြစ်ပါတယ်” ဟု မဇ္ဈိမကို ပြောသည်။

သူက ဆက်ပြီး ’’အလုပ်သမားတွေ ကိုယ်တိုင်က အလုပ်ရှင်ရဲ့ ထောက်ခံစာနဲ့တင်ပဲ လက်မှတ်လုပ်ခွင့်ကို ခွင့်ပြုခဲ့မယ်ဆိုရင် အလုပ်သမားတွေ အတွက်ရော၊ ထိုင်းအစိုးရအတွက်ပါ နှစ်ဦးနှစ်ဖက် အဆင်ပြေမယ်လို့ အကြံပြုလိုပါတယ်’’ ဟု ပြောသည်။

၂ဝ၁၁ ခုနှစ် ဖေဖော်ဝါရီလကုန် ဘတ်သက်တမ်း တိုးသောအခါ ဦးရေ ၅၄၃,၇၄၉ မှ ၂၉၅,၁၃၆ ဦးသာ သက်တမ်းဆက်ခဲ့သည်။ တချိန်တည်းတွင် မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား ၃ နိုင်ငံမှ ယာယီနိုင်ငံကူးလက်မှတ် ကိုင်ဆောင်၍ အလုပ်လုပ်နေသူပေါင်းမှာ ၅၅ဝ,ဝဝ၃ ဦး ဖြစ်ပြီး ထိုအထဲတွင် မြန်မာက ၃၅၂,၇၄၈ ဦး ပါဝင်ကြောင်း အလုပ်သမားဝန်ကြီးဌာန ထုတ်ပြန်သော စာရင်းဇယားကို ကိုးကား၍ နိုင်ငံတကာ ရွှေ့ပြောင်းနေထိုင်သူများရေးရာ IOM အဖွဲ့က ဧပြီလ ၁၁ ရက်နေ့တွင် သတင်းထုတ်ခဲ့သည်။

အလုပ်သမားများသည် မိမိရောက်ရှိရာ ခရိုင်များတွင် မှတ်ပုံတင်ခွင့် ရရှိမည်ဖြစ်ပြီး ကိုယ်ရေးရာဇဝင်၊ မျက်နှာပုံပန်းသဏ္ဍာန်နှင့် လက်ချောင်း ၁ဝ ချောင်း လက်ဗွေများကိုပါ ထိုင်းအစိုးရက မှတ်တမ်းတင်မည်။

ယခုဖွင့်လှစ်ပေးမည့် အလုပ်လုပ်ကိုင်ခွင့်သည် ထိုင်းနိုင်ငံတွင် ၈ ကြိမ်မြောက် ဖြစ်လာမည်ဖြစ်ပြီး၊ တချိန်တည်းမှာပင် နိုင်ငံသားစိစစ်မှုပြု၍ ယာယီနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ကာ အလုပ်လုပ်ခွင့်ပြုသည့် အစီအစဉ်ကိုလည်း ဆက်လက်ပြုလုပ်နေမည်ဖြစ်သည်။

မဇ္ဈိမ သတင်းဌာနမှ ကူးယူဖော်ပြပါသည်။

ကျွန်{သို့မဟုတ်}မြန်မာအလုပ်သမားများ

ရှေးရှေးတုန်းကတော့

နယ်ချဲ့တွေကကျွန်ပြုဖို့ ကျွန်တော်တို့ဆီကိုလာတယ် ။

ဒီဘက်ခေတ်မှာတော့
ကျွန်ခံဖို့ကျွန်တော်တို့ကိုယ်တိုင်ခရီးထွက်ရတယ် ။

လူဖြစ်ပေမဲ့…….
ရွေးချယ်ပိုင်ခွင့်ကမရှိဘူး အမေရယ် ။
ကျွန်တော့်အဖြစ်က
အိပ်မက်ထဲကကမ္ဘာကို
ကျွန်ရွာမှသွားရှာမိတဲ့အဖြစ် ။
သေရင်မြေကြီးဆိုတာကတော့မှန်ပါတယ်

ရှင်ရင်တော့
မစို့မပို့ငွေလေးက ကျွန်တ်ေတို့အတွက်
ရွှေထီးပေါ့ ။

တစ်ရွာပြောင်းပေမဲ့
သူကောင်းတော့မဖြစ်ခဲ့ပါဘူး ။
ကျွန်ပဲဖြစ်ခဲ့ရတယ်အမေ………

ကြောက်ရင်လွဲ
ရဲရင်မင်းဖြစ်သတဲ့ ။
ကျွန်တော်လေ
မေနဲ့မိသားစုအတွက်
ရဲခဲ့ပါတယ်
ခု……..ကျွန်ပဲဖြစ်နေသေးတယ် အမေ ။
ကျွန်တော်ရဲ့ရဲရင့်မှု့တွေကပဲ လွဲနေလို့လား ။
ကို့အခွင့်အရေးကိုသိဖို့နေနေသာသာ
တစ်ချို့သူငယ်ချင်းတွေဆို
ကိုယ့်အသက်ကိုယ်ဘယ်လောက်ရှိမှန်းတောင်မသိကြဘူး ။

အမေ……………
အမေပြောတော့ အလုပ်လုပ်ရင်ကြီးပွားမယ်ဆို ။
အလုပ်လုပ်လေ
ပိုပိုပြီးခိုင်းလေ
ကျွန်ဖြစ်လေလေပဲ……..အမေရဲ့ ။
လူအချင်းချင်းဆိုတဲ့အသိ
သူတို့မှာ မရှိဘူး အမေရဲ့
သွေးစုတ်ဖို့ပဲသူတို့သိတယ် ။

အမေရယ်……..
ကျွန်တော်လဲအစကတော့
ချစ်သူရဲ့မျက်နှာသုတ်ပဝါဖြစ်ဖို့
မှန်းပြီးထွက်ခဲ့တာပေါ့ ။
ခုဖြစ်လာတာက
အားလုံးရဲ့ခြေသုတ်ပဆိုး
မရှိသေးတဲ့အစွယ်တောင်ကြိုးခဲ့ပြီ ။

ခုတော့…………….
ကျွန်တော့်အသဲနှလုံးကလည်း
ကျွန်အချင်းချင်းတောင်မှ
ပြန်မစုတ်ချင်တဲ့ သရက်စေ့တစ်စေ့ပေါ့ ။

ကိုယ့်ကိုယ်ကို ကျွန်လို့သုံးလို့
မငိုလိုက်ပါနဲ့ အမေရယ်
သူတို့ဒေါသလေးတစ်ချက်ထွက်ရုံနဲ့
ရာဘာခင်းထဲ ရက်ရက်စက်စက်
အသက်ခံနိုင်ရတယ်ဆိုတာတော့
ကျွန်တော်တို့အသက်တစ်ချောင်းက
ရာဘာတစ်ပင်လောက်တောင်မှ
တန်ဖိုးမရှိဘူး……..အမေ ။
သူတို့အချစ်တော် ခွေးတစ်ကောင်လောက်
တန်ဖိုးမရှိဘူး……….အမေ ။

ဒါကို……..ကိုယ့်ကိုယ်ကို”သခင်”လို့
မျက်လုံးစုံမှိတ်ပြီး ကြွေးကြော် နေရမှာလား ။
အနာရှိတာကိုလက်ခံမှ
ဆေးထည့်လို့ရမှာ…….. အမေ ။

လူတွေကပြောတော့
မြန်မာအချင်းချင်း ရိုင်းပင်းကြတယ်ဆို၊
ကောင်းတဲ့သူတွေရှိသလို………
တစ်ချို့ဆို တော်တော်ကိုဆိုးတယ.် ……အမေ ။

ကျွန်တော်တို့……
ရွှေလို့ခြုံငုံခေါ်နေတဲ့အထဲကပဲ
ပွဲစားအချင်းချင်းရောင်းစားနေကြတာ……..အမေ ။

တိုင်းပြည်မီးလောင်လို့

အချင်းချင်း ချနင်းရက်တာလား?
ဘာပဲဖြစ်ဖြစ်…….

သူတို့လူစိတ်မရှိတာကတော့
သေခြာပါတယ်………အမေ ။

ရွှေဆိုတဲ့စကားလုံးက
အကုန်လုံးနဲ့တော့မတန်ပါဘူး ၊
သူတို့ကို………
ရွှေစာရင်းထဲက ကျွန်တော်ထုတ်တယ်……အမေ ။

ဟိုတစ်လောက………
စာအုပ်ထဲမှာ ကျွန်တော်ဖက်လိုက်ရတယ်
လင်ကွန်း{အမေရိကန်သမ္မတ}ဆိုတဲ့သူက
ကျွန်စနစ်ပပျောက်အောင်
သူလုတ်ဆောင်ပေးခဲ့သတဲ့ ၊
ဘယ်မှာဟုတ်လို့လဲ………အမေရယ် ။
သားတို့ကိုလာကြည့်စမ်းပါ
သူလုတ်နိုင်ခဲ့တာ
သူ့နိုင်ငံကွက်ကွက်လေးပဲ၊
သူ့ကိုလေးစားပေမဲ့
သူဟာ{လင်ကွန်း}
သမိုင်းတင်နိုင်လောက်အောင်
မစွမ်းဆောင်နိုင်သေးပါဘူး……….အမေရယ် ။

အမေ……..
လူ့အဖြစ်ကရခဲတယ်ဆို ၊
ရခဲတာပဲကောင်းပါတယ် အမေ
ကျွန်တော်လူမဖြစ်ချင်တော့ဘူး ။
ကွန်တော်ငှက်ကလေးတွေငေးကြည့်မိတယ်၊
ငှက်အချင်းချင်း……….
အမျိုးအနွယ်မတူလို့
မကူညီနိုင်သော်မှ
မရက်စက်ကြပါဘူး………..အမေ ။

ငှက်ကလေးတွေမှာ……..
ပြည်တွင်းစစ်မရှိဘူး ၊
ငှက်ကလေးတွေမှာ……..
ဘာသာရေးအဓိကရုန်း မရှိဘူး ၊
ငှက်ကလေးတွေမှာ……..
စီးပွားရေးနယ်ချဲ့တာမရှိဘူး ၊
ငှက်ကလေးတွေမှာ……..
ကိုယ့်အသိုက်အမြုံကို ဗိုကြပြီး
အတင်းရွေ့ခိုင်းတာမရှိဘူး ၊
ငှက်ကလေးတွေမှာ……..
ကံဆိုးမိုးမှောင်ကျပြီး
လှောင်အိမ်ထဲမှာနေရရင်တောင်
သူတို့သခင်က
သူတို့ကို အချစ်နဲ့လှောင်ထားတာ ။
ကျွန်တော်တို့ကတော့……….
အမုန်နဲ့လှောင်ထားခြင်း ခံရတယ်………အမေရယ် ။

ကမ္ဘာ့ခေါင်းဆောင်တွေကလည်း
ကျွန်တော်တို့ငိုသံတွေဘယ်လောက်ကျယ်ကျယ်
ဘယ်သူသေသေ၊ငတေမာပြီးရော
အမျိုးသားအကျိုး စီးပွားဆိုတဲ့
စကားလုံးများအောက်မှာ
နားပေါက်တွေပိတ်နေကြတယ်ထင်ပါရဲ့။

လူ့အခွင့်အရေးဆိုတဲ့ ပန်းဟာ
ဖိနှိပ်သူတွေရဲ့နှုတ်ခမ်းမှာ မပွင့်ဘူး……….အမေ ။

ကျွန်စနစ်ဟာ
စာရွက်ပေါ်မှာတောင်မှ
ပျောက်မသွားသေးပါဘူး………..အမေရယ် ။

အဓမ္မ ပိတ်လှောင် အလုပ်ခိုင်းခံရသူများ လွတ်မြောက်

ထိုင်းနိုင်ငံ ဘန်ကောက်မြို့အလယ် ဒင်ဒဲန် နယ်မြေအတွင်းရှိ အထည်ချုပ် စက်ရုံငယ် တခုတွင် မတရား အလုပ်စေခိုင်း၍ လှောင် ပိတ်ခံထားရသည့် မြန်မာ အလုပ်သမား ၆၀ ခန့်ကို ထိုင်း အစိုးရအာဏာပိုင်များက ယမန်နေ့က ကယ်တင်ခဲ့ကြောင်း သိရှိရ သည်။

Burmes_workers_BKK_11_01

ယမန်နေ့က ပြန်လည်လွတ်မြောက်လာသော ပိတ်လှောင်ခံထားရသည့် မြန်မာ အလုပ်သမားများ (ဓာတ်ပုံ - ဧရာဝတီ)


ထိုင်းအာဏာပိုင်များက ယင်းအထည်ချုပ် စက်ရုံမှ အပြင်သို့ ထွက်ပြေး လွတ်မြောက်လာသူ တဦး၏ တိုင်ကြားချက် အရ ထိုအလုပ်သမားများကို ကယ်တင်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း လွတ်မြောက်ခဲ့သော ကိုသိန်းနိုင်က ဧရာဝတီသို့ ပြောသည်။

ကယ်တင်ခဲ့သော မြန်မာ အလုပ်သမားများကို ကယ်ဆယ်ရေးစခန်းနှင့် ရဲစခန်းတွင် ထိန်းသိမ်းထားကြောင်း ၎င်းကဆိုသည်။ ကိုသိန်းနိုင်သည် ယင်းအထည်ချုပ် စက်ရုံတွင် ၃ လခန့် အကြာ အလုပ်လုပ်ကိုင်ခဲ့ရသူ တဦး ဖြစ်သည်။

“သူတို့က လစာ မပေးတာ အမှန်ပဲ၊ ကျနော်တို့ကို ခေါ်ကတည်းက ကယ်ရီခကို တလမှာ နည်းနည်းဖြတ်သွားမယ်ဆိုပြီး အိမ် စရိတ်တွေ ဘာတွေ ဖြတ်ပြီးတော့ ကျန်တဲ့ ပိုက်ဆံကိုလည်း တပြားမှ မပေးဘူး”ဟု ကိုသိန်းနိုင်က ဆက်ပြောသည်။

အလုပ်ရှင်က မြန်မာ အလုပ်သမားများကို ပိုက်ဆံ မပေးသည့်အပြင် တခြားစက်ရုံသို့ အလုပ်ပြောင်းလုပ်ရန်ကိုလည်း ခွင့်မပြု ကြောင်း သိရသည်။

မြန်မာ အလုပ်သမားများကို တလလျှင် လစာ ဘတ် ၇၀၀၀ ပေးမည်ဟု အလုပ်ရှင်က ပြောသော်လည်း တလလျှင် ဘတ် ၂၀၀ သာရကြောင်း၊ တနေ့လျှင် အလုပ် ၁၆ နာရီ လုပ်ရကြောင်း မြန်မာအလုပ်သမားများက ဆိုသည်။

ထိုင်းသတင်းများ ဖော်ပြချက်အရ အထည်ချုပ်စက်ရုံ ပိုင်ရှင်သည် တရုတ် လူမျိုး ဖြစ်ပြီး လူကုန်ကူးမှု အပါအ၀င် အလုပ်သမား အက်ဥပဒေ ပုဒ်မ ၂ ခုဖြင့် အရေးယူခံရဖွယ် ရှိကြောင်း သိရသည်။

ဒင်ဒဲန် ရဲစခန်းမှာ တာဝန်ကျနေသော ရဲတဦးက မြန်မာ အလုပ်သမား ၃၀ ခန့်ကို ရဲစခန်းတွင် ထိန်းသိမ်းထား ကြောင်း၊ မနက်ဖြန်တွင် တရားရုံးတက်ရမည်ဖြစ်ကြောင်း ပြောဆိုသည်။

ပြီးခဲ့သည့် နှစ် ဇွန်လကလည်း ထိုင်းနိုင်ငံ ဘန်ကောက် မြို့လယ်ရှိ အထည်ချုပ် စက်ရုံငယ် တခုအတွင်း မတရား အလုပ် စေ ခိုင်း ခံရသော မြန်မာ အလုပ်သမား ၆ ဦးကို ဘန်ကောက် အခြေစိုက် ရောင်ခြည်ဦး အလုပ်သမား အဖွဲ့က ကူညီ ကယ်ထုတ် ပေးခဲ့ကြောင်း သိရသည်။

၂၀၁၀ ပြည့်နှစ် ဧပြီလ၂၅ ရက်နေ့ထုတ် အစိုးရ မြန်မာ့အလင်း သတင်းစာတွင် ထိုင်းနှင့် မြန်မာ လူကုန်ကူးမှု ပူးပေါင်း တိုက် ဖျက်ရေး နားလည်မှု စာချွန်လွှာကို နှစ်နိုင်ငံ တာဝန်ရှိသူများ လက်မှတ် ရေးထိုးကြကြောင်း ဖော်ပြခဲ့သည်။

Burmes_workers_BKK_11_02

အဓမ္မပိတ်လှောင်၍ အလုပ်ခိုင်းခံထားရသည့် အလုပ်သမားများကို ကယ်ထုတ်နေစဉ် (ဓာတ်ပုံ - ဧရာဝတီ)


သို့သော် မြန်မာပြည်သားများသည် ထိုင်းနိုင်ငံ၌ အထည်ချုပ် စက်ရုံ အပါအ၀င် ဈေး၊ စားသောက်ဆိုင်၊ ဆောက်လုပ်ရေး လုပ် ငန်း၊ အိမ်ဖော်၊ လိင်ဖျော်ဖြေရေး လုပ်ငန်းများတွင် အလုပ်လုပ်ကိုင်နေကြပြီး ခေါင်းပုံဖြတ်ခံရခြင်းများ မကြာခဏ ကြုံတွေ့ နေရ ကြောင်း သတင်းများ အရသိရသည်။

ထိုင်းနိုင်ငံအတွင်း လာရောက်အလုပ်လုပ်နေသော ရွှေ့ ပြောင်းမြန်မာအလုပ်သမားများမှာ၂ သန်းခွဲမှ ၄ သန်း ၀န်းကျင် ရှိနိုင် ကြောင်း အလုပ်သမားအဖွဲ့ အစည်းများက ခန့်မှန်းပြောဆိုကြသည်။

ဧရာဝတီ သတင်းဌာနမှ ထပ်မံကူးယူဖော်ပြပါသည်