ချာလီချက်ပလင် ငိုတဲ့သင်္ကြန်
မဟာချိုင် ယာဉ်တိုက်မှု မြန်မာများ သေဆုံး ဒဏ်ရာရ
မဟာချိုင်တွင် မြန်မာအလုပ်သမားများ စီးလာသည့် ကြိုပို့ကား အတိုက်ခံရပြီးနောက် တွေ့ရစဉ်
ကိုခိုင်ကျော်ကျော် သည် မြန်မာရွှေ့ ပြောင်း အလုပ်သမားများကို ကူညီပေးသော အဖွဲ့ တခုဖြစ်သည့် မိုနိုထိုင်း အဖွဲ့ မှ စေ တနာ့ ၀န်ထမ်းတဦးဖြစ်ပြီး ကားတိုက်မှုကြောင့် သေဆုံးသူများနှင့် ဒဏ်ရာရှိသူများကို လက်ခံကုသပေးသည့် မဟာချိုင် ဆေးရုံသို့ ရောက်ရှိနေသူဖြစ်သည်။
“အခု ကျနော် ဒီမှာ ရောက်တော့ အလောင်း ၉ လောင်းရှိနေပြီ။ ဒဏ်ရာ အပြင်းအထန်ရလို့ အသည်းအသန်ကုနေတဲ့သူက ၃၀ ကျော်တယ်လို့ သိရတယ်”ဟု ၎င်းက ဆိုသည်။
ယင်း ၉ လောင်းအပြင် နောက်ထပ် ၆ လောင်း ရောက်ရှိလာသည်ဟု သိရကြောင်းလည်း ကိုခိုင်ကျော်ကျော်က ပြောသည်။
မြန်မာအလုပ်သမား ကိုအေးရွှေကလည်း“ဂါလန် စက်ရုံက နယ်ဝေးရပ်ကွက်မှာ ရှိတယ်။ အလုပ်သမားတွေက နေ့တိုင်း အဲဒီကို ဖယ်ရီ(ကြိုပို့ကား)နဲ့ သွားရတယ်။ အလုပ်ဆင်းဖို့ အသွားမှာ အတိုက်ခံရတာ။ စက်ရုံတရုံလုံး ပိတ်ပြီး အခု ဆေးရုံ ကို လာနေကြတယ်”ဟု ပြောပြသည်။
ဂါလန် ပုဇွန်စက်ရုံတွင် အလုပ်နေကြသော မြန်မာအလုပ်သမား ၇၀၀ ကျော် ရှိသည်ဟု သိရသည်။
မြန်မာအလုပ်သမား အရေး ကူညီဆောင်ရွက်ပေးသော Human Right Development Foundation (HRDF)မှ မြန်မာ ၀န်ထမ်း ဦးတိုးက“တလာကွန့်မှာက ရေက ရွှဲနေ တာ လေ။ ဆယ်ဘီးကားက ဆလစ်ဖြစ်ပြီးတိုက်တာ။ ဆယ်ဘီး ကားကြီး က အရှိန်နဲ့ မောင်းလာတာဆိုတော့။ တအားကြီး ဆောင့်တိုက်ပစ်သလို ဖြစ်သွားတာပေါ့။ ဒါရိုက်အတိုက်ခံရတဲ့ ကားမှာပဲ အလုပ်သမား ၅၀ ကျော်လောက်ပါတယ်။ အတိုက် ခံရတဲ့ ကားရဲ့ ဘော်ဒီကြီးတခုလုံး ပြုတ်ထွက်သွားတယ်။ နေရာတင် ပွဲချင်းပြီး သေတဲ့သူကသေ။ အရေးပေါ် ဆေးရုံပို့တာပို့ ပေါ့”ဟု ပြောသည်။
ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်နေကြသော ရွှေ့ ပြောင်းမြန်မာ အလုပ်သမားများမှာ ၂ သန်းခွဲမှ ၄ သန်းဝန်းကျင် ရှိကြောင်း အလုပ်သမား အဖွဲ့ အစည်းများက ခန့်မှန်းထားကြသည်။
ဖူးခက်မြို့တွင် ရဲအယောင်ဆောင် မုဒိမ်းသမားဖမ်းမိ
ပါတောင်ရှိ Jungcylon စတိုးဆိုင်တွင် အလုပ်လုပ်နေသည့် အမိသာ ကို မတ်လ ၂၈ က ထိုင်းလူမျိုး အသက် ၂၉ နှစ်အရွယ် ဖဖုံမနီရက် ဆိုသူက ရဲအဖြစ် ဟန်ဆောင် ဖမ်းဆီးခေါ်ဆောင်သွားပြီး ၄ ရက်ကြာ မတရား ပြုကျင့်ခဲ့ကြောင်း ပါတောင်မြို့နယ် ရဲက ယခုလ ၃ ရက်ကပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသွားသည်။
Thai Nepali Foundation သည် ထိုင်းနိုင်ငံရောက်
ဂေါ်ရခါး မိန်းကလေး တဦးကို ရဲအဖြစ် ဟန်ဆောင် ဖမ်းဆီး၍ ၄ ရက်ကြာ မတရားပြုကျင့်ခဲ့သူ ဖူးခက်မြို့တွင် ရဲတပ်ဖွဲ့က ဖမ်းဆီး (photo :: http://www.komchadluek.net)
“ဒီလ ၁ ရက်နေ့က အဲဒီလူက သူစခေါ်သွားတဲ့ ဒီပါတောင်မြို့ကို လာလွှတ်တယ်။ လွှတ်ပြီးနောက်မှာပဲ အမိသာ က ရဲစခန်းကို သွားအမှုဖွင့်တယ်။ ည ၇ နာရီ မိနစ် ၂ဝ လောက်မှာ မိတယ်”ဟု အဖွဲ့ အတွင်းရေးမှူး အုမ် ကမဇ္ဈိမကို ပြောသည်။
အမိသာနှင့် သူ့သူငယ်ချင်းများ မတ်လ ၂၈ ရက်နေ့ အလုပ်က အပြန်၌ ဖဖုံမနိရက် က ရဲဖြစ်ကြောင်းပြောဆိုကာ နေထိုင်ခွင့်လက်မှတ်များ တောင်းယူကြည့်ရှုခဲ့သည်ဟု ဆိုသည်။ အားလုံးတွင် လက်မှတ်များ ရှိနေသော်လည်း အမိသာ၏ နေထိုင်ခွင့် လက်မှတ်မှာ ရက်လွန်နေပြီဖြစ်၍ ရဲစခန်းသို့ လိုက်ခဲ့ရန် ပြောပြီး ကားဖြင့်ခေါ်သွားသည်ဟု ဆိုသည်။
ထို့နောက် ရဲစခန်းသို့ ခေါ်မသွားဘဲ ကပီမြို့နယ်က တည်းခိုခန်းတခုတွင် အခန်းငှားယူကာ အနိုင်အထက် ပြုကျင့်ခဲ့သည်ဟု ဆိုသည်။
ယခုလ ၁ ရက်တွင် ဖဖုံမနိရက်က အမိသာကို ၎င်းခေါ်ဆောင်လာရာ ဂျေဂျေ ပလာဇာ မျက်နှာချင်းဆိုင်ရှိ ဖန်းမွန်းဆိုင် လမ်းမပေါ် ပြန်ပို့ရာမှ လမ်းပေါ်တွင် တပ်ထားသည့် စီစီတီဗီ ကင်မရာများမှတဆင့် မှတ်တမ်းရရှိကာ အမြန်ဆုံး ဖမ်းဆီးနိုင်ခဲ့ကြောင်း ယနေ့ထုတ် ထိုင်း သတင်းစာများတွင် ဖေါ်ပြကြသည်။
ဖဖုံမနိရက်က ယခုလို ရဲဟန်ဆောင်ကာ ဂေါ်ရခါးမိန်းကလေးများကို ဖမ်းဆီး မတရားပြုကျင့်ခဲ့သည်မှာ ၆ ဦးရှိပြီဟု ရဲစခန်းတွင် ထွက်ဆိုကြောင်း ပါတောင်ရဲစခန်း မှ ရဲအရာရှိတဦးကို ကိုးကား၍ ထိုင်း သတင်းဌာန တခုဖြစ်သည့် Komchadluek က ဖော်ပြသည်။
ဖဖုံမနိရက် သည် ဘန်ကောက်အခြေစိုက် သန့်ရှင်းရေး ဆေးရည်ရောင်းသည့် ကုမ္ပဏီကြီးတခုတွင် အလုပ် လုပ်ကိုင်သူ တဦးဖြစ်ပြီး ၎င်း ပြုကျင့်ခဲ့သည့် အမျိုးသမီးအားလုံးမှာ မြန်မာပြည်ဖွား ဂေါ်ရခါးနွယ်ဝင်များ ဖြစ်ကြောင်း သိရသည်။
“အခု သူဝန်ခံခဲ့တဲ့ ၆ ယောက်ဆိုတာ တရားဝင် တိုင်တန်းခဲ့တဲ့လူတွေပဲ ရှိသေးတာ။ အမိသာ မဖြစ်ခင်ကထဲက အရင် ၅ ယောက်က ဒီစခန်းမှာ တိုင်ထားပြီးသား။ အခုမှ ဖမ်းတာ။ အရှက်တရားကြောင့် ထုတ်ဖေါ်မပြောရဲဘဲ ငုံ့ခံသွားရတဲ့ အမျိုးသမီးတွေ ဘယ်လောက်ရှိမလဲဆိုတာ မသိဘူး”ဟု အုမ် ကပြောသည်။
ဖမ်းးဆီးပြုကျင့် ခံရသူများတွင် ပါလာသည့် ဖုန်း၊ လက်ဝတ်တန်ဆာနှင့် အဖိုးတန်ပစ္စည်းများကို ယူထားလိုက်သလို အခြားမြန်မာအလုပ်သမားများကိုလည်း ဖမ်းဆီးငွေညှစ်ခဲ့ကြောင်း သိရသည်။
ပါတောင်ရဲစခန်းက ဖဖုံမနိရက်ကို အဓမ္မ ပြုကျင့်မှု အပါအဝင် လုယက်မှု၊ လိုင်စင်မပါ လက်နက်ကိုင်ဆောင်မှု၊ အစိုးရဝန်ထမ်း အယောင်ဆောင်မှုတို့ဖြင့် တရားစွဲလိုက်ပြီ ဖြစ်သည်။
မဇ္ဈိမ သတင်းဌာနမှ ကူးယူဖော်ပြပါသည်၊
ထိုင်းနိုင်ငံတောင်ပိုင်း ရေကြီး၍ မြန်မာများ ဘေးကင်းရာ ရွှေ့ပြောင်း
ထိုင်းတောင်ပိုင်းတွင် အခါမဟုတ် မိုးရွာသွန်းပြီး ရေကြီးလာတဲ့အတွက် စူရပ်ဌာနီခရိုင်၊ စူရပ်မြို့ ရှိ ဂျေကွန်မစ် ရေလုပ်ငန်း စက်ရုံက မြန်မာအလုပ်သမားတွေဟာ ဘေးလွတ်ရာကို ရွှေ့ပြောင်းခဲ့ကြရတယ်လို့ သိရပါတယ်။
Photo: AFP
မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ထိုင်းနိုင်ငံ တောင်ပိုင်း မြို့တမြို့တွင် ရေကြီးနေသည်ကို ဧပြီ ၁ ရက်နေ့က တွေ့ရပုံ ဖြစ်ပါသည်။ (Photo: AFP)
မြန်မာအလုပ်သမား ၁၀၀ ကျော်ကို ပထမပိုင်းမှာ စက်ရုံရဲ့ကုမ္ပဏီ ရုံးဝင်းထဲမှာ ပြောင်းရွှေ့ပေးထားရာက နောက်ပိုင်း မှာ သက်ဆိုင်ရာ အာဏာပိုင်တွေက စူရပ်ဌာနီ ဘန့်နော်ဒွန် ရပ်ကွက်က စစ်တပ် ကျောင်းဝင်းထဲကို ပြောင်းရွှေ့ပေးထားတယ်လို့ မြန်မာအလုပ်သမား တဦးက ပြောပါတယ်။
“အလုပ်သမားတွေ နေတဲ့ အဆောင်တွေ မျောကုန်တယ်။ တခြားရပ်ကွက်မှာပေါ့၊ တောင်ကုန်းကျတဲ့ နေရာမှာပေါ့။ စစ်တပ်ကျောင်းလို့ ပြောတာပဲ။ အဲဒီ ကျောင်းမှာက နှစ်ထပ်ဆောင် အကြီးကြီးတွေ ရှိတယ်။ အဲလိုမျိုး အပေါ်ထပ်ကြီးမှာ လာပြီး အလုပ်သမားတွေကို ထားထား ပေးထားတယ်။ ရှမ်းမန်နေဂျာတွေက သူတို့ အားလုံး စီစဉ်ပေးတယ်။ အားလုံး လူ ၁၀၀ ကျော်လောက် ရှိမယ်။ ဒီပေါ်မှာ ၂ ရက် ၃ ရက်လောက် နေရဦးမယ်လို့ ပြောတာပဲ။ ကုမ္ပဏီ ရေနစ်နေတော့ ဒီ ကျောင်းပေါ်မှာပဲ သူ့အလုပ်သမားတွေ ပေးထားတယ်။ သူတို့က အဲလိုပေါ့ မနက်စာတွေ ညနေစာတွေ သူတို့ပဲ လာလာ ပို့ပေးတယ်ပေါ့နော်။”
သူတို့စက်ရုံက အသေအပျောက် မရှိပေမဲ့ တခြားဒေသက မြန်မာအလုပ်သမားတွေ အခြေအနေ မသိရသေးကြောင်း ဆက်ပြောပြပါတယ်။
“ကိုယ်လည်း ကိုယ့်ဒုက္ခနဲ့ကိုယ် ပြေးလာရတာ ဆိုတော့လေ၊ သူများတွေတော့ အဲလို ပြောကြတာပေါ့နော်။ တချို့လည်း ရေအားကြီးလို့မို့ ရေထဲပါတယ် ဘာညာလည်း ကြားတော့ ကြားတာပေါ့။ ဒါပေမဲ့ ကျွန်တော်တို့မှာတော့ အဲလိုမျိုး သိပ်မရှိဘူး။ ရေကြီးကာစပေါ့နော်၊ ၃ လပိုင်း ၂၇၊ ၂၈၊ ၂၉၊ ၃၀ လောက်ကထိတော့ အဲလိုမျိုး ဆက်သွယ်လို့ ရနေကြတယ်ပေါ့နော်။ အခုနောက်ပိုင်းတော့ ရေကလည်း ကြီးတာနဲ့ ကိုယ်လည်း ကိုယ့်ဒုက္ခနဲ့ကိုယ် သွားနေကြတာဆိုတော့ အဲလို ဖုန်းပိတ်ထားတာတွေ များနေတော့ သိပ်ပြီးတော့ သတင်းတွေ ဘာတွေလည်း မရသေးဘူးရှင့်။”
ထိုင်းတောင်ပိုင်းတွင် အခါမဟုတ် မိုးရွာသွန်းပြီး ရေကြီးနေတဲ့အတွက် ရေလုပ်ငန်း၊ ရာဘာလုပ်ငန်းနှင့် ဆောက်လုပ်ရေး လုပ်ငန်းတွေမှာ အလုပ်လုပ်နေကြတဲ့ မြန်မာတွေ အခက်အခဲ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။
ထိုင်းတောင်ပိုင်း ပြည်နယ်များဖြစ်သော ချုံဖော်၊ နခွန်ဆီ ထမရတ်၊ ဆူရတ် ဌာနီ၊ တလန်၊ ကရာဘိနှင့် ဖတ်ထလုန်တို့မှာ မိုးရွာ ရေကြီးမှုတွေ ဖြစ်နေပြီး အနည်းဆုံး လူ ၂၅ ဦးသေဆုံးပြီး ကမ္ဘာလှည့် ခရီးသွားတွေ ထောင်နှင့်ချီ ပိတ်မိနေကြောင်း၊ ကရာဘိ မြိုနယ်တွင် မြေပြိုမှုကြောင့် ၂ ဦးသေဆုံးပြီး လူ ၂၀ ပျောက်ဆုံးနေကြောင်း ထိုင်းသတင်းများက ဖော်ပြထားပါတယ်။RFA သတင်းဌာနမှ ကူးယူဖော်ပြပါသည်။
လူကုန်ကူးခံရမှု နှစ်စဉ် တိုးလာ
ရန်ကုန်မြို့ရှိ ကာရာအိုကေဆိုင် တခုတွင် အလုပ်လုပ်နေသည့် မိန်းကလေးများ (ဓာတ်ပုံ - allmyanmar.com)
လူကုန်ကူးခံရမှုသည် ၂၀၀၆ခုနှစ်မှ စတင်ပြီး တနှစ်ထက် တနှစ်များပြားလာကြောင်း၊ ပြီးခဲ့သည့် ၂၀၁၀ပြည့်နှစ်အတွင်း မြန်မာနိုင်ငံ မှ တရုတ်နိုင်ငံသို့ လူကုန်ကူးမှုအများဆုံး ဖြစ်ပြီး ရှမ်းပြည်နယ် မြောက်ပိုင်းတွင် အများဆုံးလူကုန်ကူးမှုဖြစ်ပွားခဲ့ကြောင်း အထက်ပါ လူကုန်ကူးမှု တားဆီး နှိမ်နင်းရေးအဖွဲ့ တာဝန်ရှိသူက ပြောဆိုသည်။
၂၀၁၀ပြည့်နှစ်အတွင်း ဖမ်းဆီးရမိသော လူကုန်ကူးမှု အမှုပေါင်း ၁၇၃မှုအနက် ၁၃၃မှု(၇၆.၈ ရာနှုန်း) မှာ တရုတ်နိုင်ငံ၊ ၁၉ မှု(၁၀.၉ ရာနှုန်း)မှာ ထိုင်းနိုင်ငံ၊ ၆ မှု(၃.၄ ရာနှုန်း)မှာ မလေးရှားနိုင်ငံနှင့် ၁၅ မှု(၈.၆ ရာနှုန်း) ပြည်တွင်း လူကုန်ကူးမှုတို့ ဖြစ်သည်ဟု သိရှိရ သည်။
“လူကုန်ကူးမှုဖြစ်တာက ရှမ်းပြည်မြောက်ပိုင်း၊ ရန်ကုန်တိုင်း၊ ကချင်ပြည်နယ်၊ မန္တလေးတိုင်း၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ အဖြစ်များတာ။ အဲဒီအထဲမှာမှ ရှမ်းပြည်မြောက်ပိုင်းက ၄၁ ရာခိုင်နှုန်းရှိတယ်”ဟု လူမှုဝန်ထမ်း ဦးစီးဌာနမှ တာဝန်ရှိသူတဦးကပြော သည်။
မြန်မာနိုင်ငံတွင် ၂၀၀၆ ခုနှစ်မှ ၂၀၁၀ပြည့်နှစ် ဒီဇင်ဘာလအထိ လူကုန်ကူးမှုပေါင်း ၆၄၁ မှု ဖမ်းဆီးနိုင်ခဲ့ပြီး လူကုန်ကူးခံရသူ ၁၄၇၇ ဦးကို ကယ်တင်နိုင်ခဲ့ကြောင်း လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး ဌာန စာရင်းဇယားများအရ သိရသည်။
“ကျမတို့အနေနဲ့ လူကုန်ကူးမှုကို လေ့လာကြည့်တဲ့အခါမှာ တရုတ်နိုင်ငံကို အဓိကထားပြီး လူကုန်ကူးတာတွေ့ရပြီး လူကုန်ကူးခံရ တဲ့ သူတွေကို ကယ်တင်ဖို့ အခက်အခဲတွေ အများကြီးရှိတာတွေ့ရတယ်။ ဒီနှစ်ထဲမှာတော့ ကြိုတင်ကာကွယ်ရေး စီမံချက်တွေလုပ်သွားပါမယ်”ဟု လူမှုဝန်ထမ်း ဦးစီးဌာနမှ တာဝန်ရှိသူက ပြောသည်။
အဆိုပါ ကြိုတင်ကာကွယ်ရေး စီမံချက်လုပ်ငန်းစဉ်များတွင် ယာဉ်ရပ်နားစခန်းများ၌ ကြော်ငြာ ဆိုင်းဘုတ်ကြီးများ ထောင်ခြင်း၊ ယာဉ်ရပ်နားစခန်းများရှိ နားနေဆောင်များတွင် လူကုန်ကူးမှုပညာပေး စာရွက်များကပ်ခြင်း၊ ခရီးသည်ပို့ဆောင်ရေး ယာဉ် လုပ်သား များကို အုပ်စုငယ်ပုံစံဖြင့် လူကုန်ကူးမှု ဆိုင်ရာ ပညာပေးခြင်းများ စသည်တို့ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
လူကုန်မှုများတွင် အဓမ္မထိမ်းမြားခြင်း၊ လုပ်အားခေါင်းပုံဖြတ်ခြင်း၊ လိင်အလုပ်သမ အဖြစ်ရောင်းစားခြင်း၊ အဓမ္မ တောင်းရမ်းခိုင်း
ခြင်းနှင့် ကလေး သူငယ် လူကုန်ကူးမှု စသည့် အမျိုးအစားများ ပါဝင်ကြောင်း လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး ဗဟိုအဖွဲ့မှ တာဝန်ရှိသူတဦး က ပြောပြသည်။
ယမန်နှစ်အတွင်းက မြန်မာနိုင်ငံရှိ အနှိပ်ခန်း၊ ကာရာအိုကေ ကေတီဗီ၊ အဖျော် ယမကာနှင့် စင်တင်တေးဂီ စသော နေရာများတွင် လုပ်ကိုင်နေသော မိန်းကလေးများကို ချစ်သူရည်းစားအဖြစ် ဟန်ဆောင်၍ လိမ်လည်လှည့်ဖျားကာ ပြည်ပနိုင်ငံများသို့ ရောင်းစား သော လူကုန်ကူးမှုပုံစံမျိုး ဖြစ်ပွားခြင်းများလည်း ရှိခဲ့သည်။
မြန်မာနိုင်ငံတွင် လူကုန်ကူးမှုဆိုင်ရာ ၅ နှစ်စီမံကိန်း(၂၀၀၇-၂၀၁၁)ကိုပြဌာန်းခဲ့ပြီး စီမံချက်များရေးဆွဲဆောင်ရွက် နေသော်လည်း လူကုန်ကူးမှု ဖမ်းဆီးရမိမှုမှာ၂၀၀၆ ခုနှစ်တွင် ၅၂ မှု၊ ၂၀၀၇ တွင် ၁၂၇ မှု၊ ၂၀၀၈ တွင် ၁၃၄ မှု၊ ၂၀၀၉ တွင် ၁၅၅ မှု၊ ၂၀၁၀ တွင် ၁၇၃ မှု ဖမ်းဆီးရမိ၍ လူကုန်ကူးမှု ပမာဏမှာ နှစ်စဉ် တိုးပွားလျက် ရှိကြောင်း သိရသည်။
၂၀၀၄ ခုနှစ် အောက်တိုဘာ အတွင်းက မဲခေါင်ဒေသတွင်း လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာကို မြန်မာနိုင်ငံ အပါအ၀င် ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ ထိုင်းနှင့် ဗီယက်နမ် စသည့် ၆ နိုင်ငံမှ ၀န်ကြီးများက ရန်ကုန်မြို့တွင် လက်မှတ် ရေး ထိုးထားသည်။
ဧရာဝတီ ၀က်ဆိုက်မှ ကူးယူဖော်ပြပါသည်။
မြန်မာ ၉ ဦး ထိုင်းငါးဖမ်းလှေတွင် ရောင်းစားခံရ
ထိုင်းတောင်ပိုင်းရှိ ဆိပ်ကမ်းတခုရှိ ငါးဖမ်းစက်လှေများ (ဓာတ်ပုံ - ဧရာဝတီ)
ရောင်းစားခံရသူများမှာ ယခင်လအတွင်းက ထိုင်းနိုင်ငံတောင်ပိုင်း လဗ်ဘူရီခရိုင် ဘန်ချာမြို့နယ်အတွင်းရှိ VAK နာနတ်သီးစက်ရုံမှ ထိုင်းအာဏာပိုင်များက ဖမ်းဆီးပြီးနောက် နယ်စပ်သို့ ပြန်ပို့ခံရသူ ၂၁၆ ဦးထဲမှ ၉ ဦး ဖြစ်ကြောင်း သိရသည်။
ယင်းစက်ရုံတွင် ဖေဖော်ဝါရီလအတွင်းက အလုပ်သမား ဆန္ဒပြမှုများ ပေါ်ပေါက်ခဲ့ပြီးနောက် မတ်လ ၁၆ ရက်နေ့တွင် ပထမအကြိမ် ထိုင်းအာဏာပိုင်များက ၀င်ဖမ်းရာ အလုပ်သမား ၂၁၆ ဦး နယ်စပ်သို့ အပို့ခံခဲ့ရသည်။ မတ်လ ၂၅ ရက်နေ့တွင် နောက်တကြိမ် ထပ်မံ ဖမ်းဆီးရာ အလုပ်သမားလက်မှတ်မရှိသူ မြန်မာ ၄၀၀ ကျော် နယ်စပ်သို့ ပြန်ပို့ခံခဲ့ရသည်။
နာနတ်သီးစက်ရုံမှ ကိုခိုင်ဇော်နိုင်က “ပုလိပ်ဝင်ဖမ်းလို့ နယ်စပ်အပို့ခံရတဲ့ အလုပ်သမားတွေကို ပွဲစားတွေက ဒီမှာ အလုပ်ပြန်ရမယ် ပြန်လိုက်မလား၊ လမ်းစရိတ်ကို လုပ်အားခထဲကပဲ ပြန်ဖြတ်ယူမယ်လို့ပြောပြီး ခေါ်လာတာ။ တကယ်ကျတော့ ဒီမှာ အလုပ်ပြန်မခေါ်ဘူးလေ။ ဒါကြောင့် လမ်းစရိတ် မပေးနိုင်တော့ သူတို့ကို ချွန်ဘူရီက လှေဆိပ်မှာ ရောင်းစားလိုက်တာပေါ့။ ကျနော် စောစောကလေးကတင် ရောင်းစားခံထားရတဲ့ အထဲက တယောက်နဲ့ ဖုန်းပြောလိုက်ရတယ်။ ဘတ်ငွေ ၁ သောင်းနဲ့ ပြန်ရွေးရင် ရမယ်လို့ ပွဲစားက ပြောထားခဲ့တယ်လို့ သိရတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ရောင်းစားခံထားရသူများမှာ ကိုမြင့်နိုင် (အသက် ၃၅ နှစ်)၊ ကိုမင်း (အသက် ၃၀ နှစ်)၊ ကိုဇေယျာလင်း (အသက် ၂၉) နှစ်နှင့် မောင်သန့်ဇင်ထက် (အသက် ၁၅) နှစ် အပါအ၀င် စုစုပေါင်း ၉ ယောက်ဖြစ်ကြောင်း မောင်သန့်ဇင်ထက်၏ မိခင် ဒေါ်စိန်ရီက ပြောသည်။
“ကျမ သားလေးနဲ့အတူတူ သားမက်ရော၊ တူတွေရော ချွန်ဘူရီ လှေဆိပ်မှာ အရောင်းစား ခံထားရတယ်လို့ ဖုန်းဆက်လာတယ်။ အခု ပင်လယ်ထဲကို ၆ ယောက် ပါသွားပြီ။ ကုန်းပေါ်မှာ ကျန်တာကတော့ ၃ ယောက်ပေါ့။ အဲဒီ ၃ ယောက်ကို တယောက် ဘတ် ၁ သောင်းနဲ့ ရွေးရင်ရမယ်။ ဘတ် ၃ သောင်း ဘဏ်ထဲကို ထည့်ခိုင်းတယ်။ ကျမတို့လည်း မထည့်ရဲဘူး။ တော်ကြာ ငွေလည်းဆုံး၊ လူလည်းဆုံး ဖြစ်မယ်လေ။ နောက်ဆုံး ပြောလာတာကတော့ မြ၀တီတံတားထိပ်က ကိုမြအေးဆိုတဲ့လူကို ဘတ် ၃ သောင်း လွှဲပေးရင် ကုန်းပေါ်မှာ ကျန်နေတဲ့ ၃ ယောက်ကို လွှတ်ပေးမယ်ပေါ့။ ကျမတို့လည်း ဘာလုပ်ရမယ်မှန်းလည်း မသိတော့ပါဘူး။ သားရယ်၊ သားမက်ရယ်၊ တူတွေရယ် ပါနေတယ်ဆိုတော့ ရူးချင်စိတ်ပေါက်နေပြီ” ဟု ဒေါ်စိန်ရီက ပြောသည်။
ချွန်ဘူရီမှ ငွေပေးရန် ဆက်သွယ်လာသူမှာ ဦးမွန်ကြီးဟု ခေါ်ကြောင်း သိရသည်။ အဆိုပါ လူ ၉ ယောက်ကို ခေါ်ယူသွားသူမှာ မဲဆောက်မြို့ မယ်ပအရပ်ရှိ ပြောင်းဖူးစက်ရုံအနီးတွင် နေထိုင်သူ ပွဲစား အငယ်လေး ဖြစ်သည်ဟု ဒေါ်စိန်ရီက ပြောသည်။
ချွန်ဘူရီခရိုင် အချောင်ဒေသတွင် မြန်မာနိုင်ငံသားများကို ထိုင်း ငါးဖမ်းလှေ သူဌေးများထံ ရောင်းစားမှုများ မကြာခဏ ရှိနေပြီး ယင်းကိစ္စများကို Thai Action Committee for Democracy in Burma (TACDB) မှ ဥပဒေ အထောက်အကူပြုအဖွဲ့က စောင့်ကြည့်နေကြောင်း သိရသည်။
ပွဲစားများသည် ထိုင်း-မြန်မာနယ်စပ်မှ လူများကို အလုပ်ကောင်းကောင်းရမည်ဟု မက်လုံးပေးကာ ခေါ်ဆောင်လာပြီး ယခုကဲ့သို့ ရောင်းစားလေ့ရှိကြောင်း TACDB မှ လက်ထောက် ဒါရိုက်တာ ဦးမြင့်ဝေက ပြောသည်။
၎င်းက “ဒီကိုတက်လာတဲ့ လူတွေထဲမှာ တချို့က လမ်းစရိတ် ပေးနိုင်တယ်။ တချို့က လမ်းစရိတ် မပေးနိုင်ဘူး။ အဲဒီ မပေးနိုင်တဲ့လူတွေကို ချွန်ဘူရီ အချောင်ဒေသမှာရှိတဲ့ ထိုင်းလှေသူဌေးတွေကို ရောင်းစားကြတယ်လေ။ ပွဲစားကတော့ အပြတ်ရောင်းသွားတာပေါ့။ သူဌေးတွေကလည်း သူတို့ကို ၆ လ၊ ၁ နှစ် ပင်လယ်ထဲမှာ ခိုင်းစားတော့တာပေါ့။ ဒီ ၂ နှစ်အတွင်းမှာ ချွန်ဘူရီမှာ ရောင်းစားခံရတဲ့ သတင်းအချက်အလက်တွေ ကျနော်တို့ဆီမှာ အများကြီး ရထားတာတွေရှိတယ်။ ကျနော်တို့ ဥပဒေ အထောက်အကူပြု အဖွဲ့ရဲ့ အကူအညီကိုလိုရင်တော့ တိုင်တဲ့သူဘက်က အချက်အလက် ပြည့်ပြည့်စုံစုံ ခိုင်ခိုင်မာ ဖြစ်ဖို့တော့လိုတယ်” ဟု ဆိုသည်။
ထိုင်းနိုင်ငံအတွင်းတွင် ယခုကဲ့သို့ မြန်မာပြည်သား အချင်းချင်းက ရောင်းစားသဖြင့် ဒုက္ခရောက်ရသူများ မနည်းကြောင်း၊ အမျိုးသမီးများရော အမျိုးသမီးများကိုပါ ထိုင်းအလုပ်ရှင်ထံတွင် ကျွန်ရောင်းသကဲ့သို့ အပြတ်ရောင်းစားမှုများလည်း ရှိနေဆဲဖြစ်ကြောင်း သိရသည်။
လူကုန်ကူးမှု တိုက်ဖျက်ရေး အဖွဲ့အစည်းများဖြင့် လူရောင်းစားမှု ပပျောက်စေရန် ကြိုးစားသော်လည်း စီးပွားရေး နိမ့်ကျနေသော မြန်မာပြည်မှ လူအများအပြားသည် ပွဲစားများကို အားကိုးကာ ထိုင်းနိုင်ငံအတွင်းသို့ အဖမ်းအဆီး အစစ်အဆေးများကြားမှ နေ့စဉ် လာရောက် အလုပ်အကိုင် ရှာဖွေနေကြသည်။
အလုပ်သမား အဖွဲ့အစည်းများ၏ ခန့်မှန်းချက်အရ အနည်းဆုံး ၂ သန်းခွဲမှ ၄ သန်းဝန်းကျင်ရှိ မြန်မာရွှေ့ပြောင်း အလုပ်သမားများသည် ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။
ဧရာဝတီ ၀က်ဆိုက်မှ ကူးယူဖော်ပြပါသည်၊
လေဘေးသင့် ရေလုပ်သား တသောင်းကျော် ကယ်ဆယ်ပြီး၊ ၇၀၀ ကျော် ပျောက်ဆုံးဆဲ
ကော့သောင်းမြို့သို့ ရောက်ရှိလာသည့် ရေလုပ်သား ဒုက္ခသည်များကို မတ်လ ၂၁ ရက်နေ့က တွေ့ရစဉ်။ လေပြင်း မုန်တိုင်း တိုက်ခတ်မှုကြောင့် ပင်လယ်ထဲတွင် မျောနေသော မြန်မာရေလုပ်သားများကို မြန်မာ့ရေတပ်နှင့် ငါးဖမ်းသင်္ဘာကြီး များက ကယ်တင်ခဲ့ပြီး တနင်္သာရီတိုင်း ကော့သောင်းမြို့နှင့် ရန်ကုန်မြို့သို့ ပို့ဆောင်ပေးခဲ့သည်။ (ဓာတ်ပုံ - http://burmese.nldburma.org)
“ကျနော်တို့ ဆီမှာ ရှိတဲ့ ရေလုပ်သားစာရင်းနဲ့ ပြန်ကယ်ဆယ်လို့ ရောက်လာတဲ့ လူစာရင်းကို နုတ်လိုက်တော့ ပျောက်ဆုံးနေတဲ့ ရေ လုပ်သား ၇၀၀ ကျော် လောက်ရှိနေသေးတယ်။ ပင်လယ်ထဲ မျောသွားတဲ့ ရေလုပ်သားအများစုက ဖျာပုံမြို့ထဲက များတယ်”ဟု ၎င်း က ဆိုသည်။
မတ်လ ၁၄ ရက်နေ့မှ ၁၆ ရက်နေ့အထိ လေပြင်းတိုက်ခတ်မှုကြောင့် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ ဖျာပုံ ၊ ဒေးဒရဲ ၊ လပွတ္တာ ၊ မြောင်းမြ၊ တွံတေး၊ ကွမ်းခြံကုန်း၊ ကော့မှူး စသည့် မြို့နယ်များရှိ ရေလုပ်သားများ ပင်လယ်တွင်း မျောပါသွားခဲ့သည်။
မတ်လ ၁၄ ရက်နေ့ မှ မတ်လ ၁၇ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာများတွင် မြစ်ဝကျွန်းပေါ်၊ မုတ္တကွေ့ ၊ မွန်ပြည်နယ်နှင့် တနင်္သာရီ ကမ်းရိုးတန်း တလျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တခါတရံအရှေ့ဘက်မှ လေပြင်းများကျရောက်ပြီး လှိုင်းအသင့် အတင့် မှ လှိုင်းကြီးနိုင်ကြောင်း၊ လေပြင်းကျစဉ် ရေပြင်မြေပြင်လေသည် တနာရီ ၃၅ မိုင် တိုက်ခတ်မည်ဖြစ်ကြောင်း ဖော်ပြခဲ့ သည်။
သို့သော် လေပြင်းတိုက်ခတ်မှုနှုန်းမှာ ၁ နာရီ မိုင် ၆၀ မှ ၇၀ နှုန်း ရှိခဲ့သောကြောင့် ဧရာဝတီတိုင်းအတွင်းရှိ ရေလုပ်သားများသည် ကော့သောင်း ၊ ကျိုက္ခမီ ၊ ကိုကိုးကျွန်း ၊ ဟိုင်းကြီးကျွန်းနှင့် ရန်ကုန်မြို့ စသည့် ဒေသအနှံ့သို့ ရောက်ရှိ သွားခဲ့ကြောင်း သိရသည်။
“ဖျာပုံမြို့နယ်မှာတင် ကျေးရွာ အုပ်စုတွေက အများကြီး၊ အဲဒီမှာ ရေလုပ်သားတွေကလည်း အများကြီးဆိုတော့ ဧရာဝတီတိုင်း တခု လုံးအနေနဲ့ တွက်ရင် ရေလုပ်သား ၁ သောင်းခွဲနဲ့ ၂ သောင်းကြားမှာ ရှိနေတယ်”ဟု ဖျာပုံမြို့နယ် ကျားပိုက်လုပ်ငန်းရှင်များအဖွဲ့ တာဝန်ရှိသူက ပြောသည်။
ဖျာပုံမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်သွယ်ရေး ဦးစီးဌာနမှ စာရင်းအရ ခန့်မှန်းခြေ ကျေးရွာအုပ်စု ၄၃ အုပ်စု ၊ ကျေးရွာပေါင်း ၁၄၀ ၊ ကျေးရွာ ခွဲပေါင်း ၉၇ ခု ရှိကြောင်း စုံစမ်း သိရှိရသည်။
ဖျာပုံမြို့နယ်၌ အင်္ဂလန်ကျားဖောင် လုပ်ငန်း လုပ်ကိုင်သူ ၂၅၀၀ ရှိပြီး အဆိုပါ ကျားဖောင်တစီးလျှင် လူ ၃ ဦးမှ ၄ ဦး ပျမ်းမျှ လိုက် ပါလေ့သည်ဟု ဖျာပုံမြို့နယ် မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်၏ စာရင်းက ဆိုသည်။
“ဒေသအခေါ်အရ အင်္ဂလန် ကျားဖောင် ဆိုတာ ၀ါးဖောင်အကြီးကြီးတွေဖွဲ့ပြီး ကမ်းစပ်မှာ စိုက်ပြီး ပုစွန် ၊ ငါးနုတ် ၊ ငါးသေး လေး တွေ အဓိက ဖမ်းပြီး အသက်မွေးဝမ်းကျောင်းတဲ့ သူတွေပေါ့။ ၀ါးဖောင်ပေါ်မှာ တဲအိမ်လေးတွေဆောက်ပြီး မိသားစုပါ ချက်ပြုတ်စားပြီး နေကြတာပေါ့”ဟု ဖျာပုံမြို့နယ်ရှိ မြန်မာနိုင်ငံငါးလုပ်ငန်း မှ တာဝန်ရှိသူတဦးက ပြောသည်။
အဆိုပါ အင်္ဂလန် ကျားဖောင် လုပ်ငန်း လုပ်ကိုင်လိုပါက သက်ဆိုင်ရာ ဒေသရှိ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်တွင် ကျပ် ၄၀၀၀ မှ ၅၀၀၀ ကြား ပေးဆောင်ကာ လိုင်စင်ထုတ်ယူနိုင်ကြောင်း၊ ငွေကြေးချို့တဲ့သည့် ဒေသခံအများစုမှာ ယင်း ကျားဖောင် လုပ်ငန်းဖြင့် သာ အသက်မွေးကြကြောင်း သိရသည်။
“ဒေသခံ ရေလုပ်သားအများစုကတော့ ဘာငါးဖမ်းစက်လှေမှ မပိုင်သလို ၊ ငါးဖမ်းလှေလည်း မရှိဘူး။ အားလုံးကချို့တဲ့တော့ ကျားဖောင်နဲ့ပဲ ငါးဖမ်းတာများတယ်။ ငါးဖမ်း စက်လှေက မြင်းကောင်ရေပေါ်မူတည်ပြီး ကျပ် ၁ သိန်းကနေ ၄ သိန်း ပေးရတယ် ဆိုတော့ ဘယ်သူမှလည်း မ၀ယ်နိုင်ဘူး။ အများစုကတော့ စီးပွားရေးလုပ်ငန်းရှင်တွေပဲ ပိုင်တာ များတယ်”ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်းတာဝန် ရှိ သူက ဆက်ပြောသည်။
ယမန်နေ့အထိ ပင်လယ်ငါးဖမ်းစက်လှေများမှ ရန်ကုန်မြို့ နန်းသီတာ ဆိပ်ကမ်းသို့ ကယ်ဆယ်ရရှိလာသည့် ရေလုပ်သား အရေ အတွက်မှာ ၄၀၀၀ ကျော်ရှိပြီး ယနေ့ အထိ ထပ်မံ ကယ်ဆယ်ရလာခြင်းမရှိသေးဟု ၎င်းက ဆိုသည်။
“ပထမ ခန့်မှန်းခြေ ပင်လယ်ထဲမှာ မျောနေတာ ၇၀၀၀ လောက်ရှိမယ် ထင်တာ၊ ဖျာပုံတမြို့တည်းတင် ကျားစီး ဖောင်လိုင်စင်ရှိတဲ့ အရေအတွက် ၊ ဖောင်ပေါ်ပါတဲ့ ရေလုပ်သား အပါအ၀င် သူတို့တွေက အိမ်ဆောက်နေတာဆိုတော့ မိသားစုတွေ အပါအ၀င် ခန့်မှန်းခြေ ၁၁၀၀၀ ကျော်လောက်ရှိတယ်”ဟု အထက်ပါ ငါးလုပ်ငန်းတာဝန်ရှိသူက ပြောသည်။
မတ်လ ၂၂ ရက်နေ့ထုတ် အစိုးရသတင်းစာများတွင် လေဘေးသင့် ရေလုပ်သားများကို ပင်လယ်ပြင်တွင် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ယနေ့အထိ တပ်မတော်(ရေ) စစ် ရေယာဉ်များ၊ ပင်လယ်ပြင်အတွင်း ငါးဖမ်းရေယာဉ်များနှင့် ဒေသခံ ငါးဖမ်းစက်လှေများက ရေလုပ်သား ၃၃၇၄ ဦးကို ကယ်တင်နိုင်ခဲ့ကြောင်း၊ ၎င်း ရေလုပ်သားများ အနက် ၃၁၅၂ ဦးကို သက်ဆိုင်ရာ နေရပ်များသို့ ပို့ဆောင်ပေးခဲ့ကြောင်း၊ ကျန်ရှိနေသော ရေလုပ်သား၂၂၂ ဦးကိုမူ တာဝန်ရှိသူများက လိုအပ်သော ဆေးဝါး ကုသမှု များ၊ အ၀တ် အထည်များ၊ စားသောက်ဖွယ်ရာများဖြင့် ထောက်ပံ့ကူညီ စောင့်ရှောက်ပေးထားကြောင်း ရေးသားထားသည်။
“ကျားဖောင်တွေက များသောအားဖြင့် ကမ်းနဲ့ ၁၅ မိုင် နဲ့ မိုင် ၃၀ လောက် အကွာ မုတ္တမ ပင်လယ်ဝ ၊ ကပ္ပလီ ပင်လယ် တွေမှာ ဆိုက်ထားပြီး ငါးဖမ်း၊ ပုစွန်ဖမ်းလုပ်ကြတာ။ ကြေညာထားတဲ့ လေတိုက်နှုန်းက ၃၅ မိုင် လောက်ပဲ ရှိမယ်ဆိုတော့ ကျားဖောင် တွေက မိုင် ၅၀ လောက် အထိ လေတိုက်နှုန်းကို ခံနိုင်တယ်။ ဒီတော့ ပုံမှန်ပဲ နေနေကြတာ”ဟု ငါးဖမ်း လုပ်ငန်း လုပ်ကိုင်သူတဦးက ပြောသည်။
၎င်းက ဆက်၍ “ငါးဖမ်းစက်လှေကြီးတွေ ၊ ငါးဖမ်းသဘောင်္ကြီးတွေ အများစုက အင်တာနက် က သတင်းတွေ ဖတ်တယ်။ နောက် ယိုးဒယား လိုင်းက မိုးလေ၀သ သတင်းတွေနားထောင်ဖြစ်တော့ အချိန်မီ ကမ်းကပ်နိုင်သွားတယ်။ ဒါကြောင့်လည်း ဘာမှ မဖြစ် တာ”ဟု ပြောဆိုသည်။
ရန်ကုန်အခြေစိုက် ဂျာနယ်သတင်းထောက် တဦးကလည်း“တနေ့ကအထိတော့ နန်းသီတာ သဘောင်္ဆိပ်ကို ရောက်လာတဲ့ ရေ လုပ်သားတွေကို ငါးလုပ်ငန်းက စီစဉ်ပေးထားတဲ့ ကားနဲ့ နေရပ်ကို ချက်ချင်း ပြန်လွှတ်တာ”ဟု ပြောသည်။
လေပြင်း တိုက်ခတ်မှုများကြောင့် ရန်ကုန်တိုင်းအတွင်း နေအိမ် အလုံး ၁၁၀၊ တဲ ၃၈ လုံးနှင့် ဧရာဝတီတိုင်းအတွင်း အိမ်ခြေ ၂၀ ခန့် ပြိုကျပျက်စီးသွားခဲ့ကြောင်း မတ်လ ၁၃ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။
ယမန်နေ့ထုတ် နိုင်ငံပိုင်သတင်းစာတွင် ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်းတခုဖြစ်ပေါ်နေပြီး အဆိုပါ လေ ဖိ အားနည်း ရပ်ဝန်းအရှိန်ကြောင့် မြစ်ဝကျွန်းပေါ် ၊ မုတ္တမကွေ့၊ မွန်ပြည်နယ်နှင့် တနင်္သာရီ ကမ်းရိုးတန်းတလျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင် တို့တွင် မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ကြောင်း ၊ မိုးသက်လေပြင်းကျ ရောက် စဉ် ရေပြင် မြေပြင်လေသည် တနာရီ ၃၅ မိုင်မှ မိုင် ၄၀ ထိ တိုက်ခတ်နိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ထားသည်။
ဧရာဝတီ ၀က်ဆိုက်မှ ကူးယူဖော်ပြပါသည်၊
အနှိမ်ခံ မြန်မာ ရေလုပ်သားများ
(ဓာတ်ပုံ - သန်းထိုက်ဦး / ဧရာဝတီ)
ကမ်းနားမှာ တန်းစီ ရပ်ထားတဲ့ အဲဒီ ငါးဖမ်းလှေတွေထဲမှာ မြန်မာပြည် ကော့သောင်းဘက်က လာပြီး ခတ္တဆိုက်ကပ်ထားတဲ့ မင်းမင်းတိုး၊ သုခမောင်၊ အောင်ချမ်းနောင်၊ ဂျွန်နသန်၊ ကျော်ဆန်းလင်း၊ စိုးကိုလွင် ဆိုတဲ့ ငါးဖမ်းလှေတွေလည်း တွေ့နိုင်ပါတယ်။
ဒီဆိပ်ကမ်းမှာ အလုပ်လာလုပ်တဲ့ သူတွေဟာ မြန်မာနိုင်ငံ တနင်္သာရီတိုင်းက ထားဝယ်မြို့သားတွေ အများဆုံး ဖြစ်ပြီး ရန်ကုန်မြို့၊ မော်လမြိုင်မြို့၊ ကော့သောင်းမြို့ဒေသတွေက လာရောက် အလုပ်လာလုပ်ကြတဲ့ တိုင်းရင်းသားတွေလည်း ရှိပါတယ်။
အလုပ်လာလုပ်ကြသူတွေအနက် ဆိပ်ကမ်းမှာ ငါးလုပ်ငန်းကို လုပ်ကိုင်နေကြတာရှိသလို့ တချို့ကလည်း ပင်လယ်ထဲမှာ နှစ်ရှည် ငါဖမ်းလှေတွေမှာ အလုပ်လုပ်နေတဲ့ ရေလုပ်သားတွေလည်း ရှိပါတယ်။ အဲဒီ ရေလုပ်သားတွေကတော့ အိမ်ထောင်မရှိတဲ့ လူလတ်ပိုင်တွေ များပါတယ်။
၁၀ နှစ်ကျော်ကြာ ရေလုပ်သားအဖြစ် လုပ်ကိုင်နေတဲ့ အသက်၂၈ အရွယ် ကိုသားကြီးက “အခု ငါးဖမ်းလှေလောကမှာက မြန်မာတွေပဲ များတယ်။ ပဲ့နင်းတွေဆိုရင် တချို့လှေတွေမှာ ထိုင်း ပဲ့နင်း ၂ ယောက်လောက်ပဲ ရှိတယ်။ ကျနော် အခုစီးနေတဲ့လှေက မြန်မာ ၈ယောက်၊ ပဲ့နင်းက ထိုင်းတယောက်နဲ့ မြန်မာ တယောက် အားလုံး ၁၀ ယောက်ရှိတယ်” လို့ ပြောပါတယ်။
ကိုသားကြီးဟာ ရန်ကုန်မြို့က ဖြစ်ပြီး အသက် ၁၇ နှစ် အရွယ်ကတည်းက ကျောင်းထွက်ကာ ရနောင်းမြို့ကို ရောက်ရှိလာတာဖြစ်ပါတယ်။
“ကျနော် ၁၀ တန်း စာမေးပွဲဖြေပြီးတော့ ထွက်ခဲ့တာ။ ကျောင်းဆက် မတက်ဖြစ်တော့ဘူး။ ဒီလိုပဲပေါ့၊ ငွေရေးကြေးရေး အခက်အခဲကြောင့် မြန်မာပြည်မှာ ကျောင်းဆက်တက်လည်း ဘွဲ့ရတယောက်က ဘာမှသုံးစားလို့ မရတာ။ အလုပ်မရှိတဲ့ လူတွေလည်း တပုံကြီးပဲရှိတယ်” လို့ ကိုသားကြီးက ပြောပါတယ်။
ပင်လယ်ထဲကို ငါးဖမ်းထွက်တဲ့အခါ မြန်မာရေလုပ်သားတွေကို ထိုင်းတွေက အနိုင်ကျင့်မှုတွေအပြင် ထိုင်းလှေပိုင်ရှင် သူဌေးက ခွဲခြားဆက်ဆံတာတွေလည်း ရှိတယ်လို့ သူက ဆိုပါတယ်။
“ထိုင်း ပဲ့နင်းတယောက်နဲ့ မြန်မာ ပဲ့နင်းတယောက် အလုပ်လုပ်တာချင်း အတူတူပဲ။ ဒါပေမယ့် လစာကတော့ ကွာသွားပြန်ရော မြန်မာပဲ့နင်းတွေကိုတော့ တလကို ဘတ်ငွေ ရှစ်ထောင်၊ ကိုးထောင်ပဲ ပေးတယ်။ ထိုင်းပဲ့နင်းတွေကိုတော့ တသောင်း၊ တသောင်းနှစ်ထောင်ပေးတယ်” လို့ ကိုသားကြီးက ပြောပါတယ်။
“ထိုင်းတွေက မြန်မာဆိုရင် လူလို့ထင်တာမှ မဟုတ်တာ၊ မြန်မာတယောက် ဒုက္ခရောက်တာကို သူတို့ မွေးထားတဲ့ ခွေးတွေ လောက်တောင် ဂရုစိုက်တာ မဟုတ်ဘူး။ အရင်တုန်းက သတ်တယ်။ အခုကတော့ သတ်တယ်ဆိုတာ မရှိတော့ဘူး။ ဒါပေမယ့် ရိုင်းရိုင်းစိုင်းစိုင်း ဆဲဆိုတယ်၊ ရိုက်နှက်တယ်” လို့ သူက ဆက်ပြောပါတယ်။
ထိုင်းနိုင်ငံသား အယောက် ၁၀၀ မှာ အယောက် ၃၀ လောက်ကသာ စိတ်ကောင်း ရှိကြပါတယ်လို့ သူက ဆိုပါတယ်။
မြန်မာ ရေလုပ်သားတွေဟာ တခါတလေ ပိုက်ဆံအပြည့် မရတာ၊ ပွဲစားတွေကတဆင့် ရောင်းစားခံရလည်း ရှိတယ်လို့ ရေလုပ်သားတွေဆီကနေ သိရပါတယ်။ ပင်လယ်ထဲမှာ ငါးဖမ်းလှေတွေဟာ လနဲ့ချီပြီးတော့ ငါးဖမ်းကြတာရှိသလို နှစ်နဲ့ချီပြီးတော့ ငါးထွက်ဖမ်းတဲ့ လှေတွေလည်း ရှိပါတယ်။
ကိုသားကြီးကတော့ သူလုပ်နေတဲ့ ငါးဖမ်းလှေမှာတော့ မြန်မာ ရေလုပ်သားတွေ ရောင်းစားခံရတာမျိုး မရှိကြောင်း၊ ဒါပေမယ့် နှစ်နဲ့ချီပြီးတော့ ပင်လယ်ထဲထွက်တဲ့ ငါးဖမ်းလှေတွေမှာတော့ ရောင်းစားခံရတာတွေ ရှိတယ်လို့ ကြားဖူးကြောင်း ပြောပါတယ်။
“ရနောင်းမြို့မှာ အဲဒီလို ရောင်းစားတာတွေကတော့ ခုနှစ်လ၊ ရှစ်လကြာထွက်တဲ့ လှေတွေမှာတော့ ခပ်ရှားရှားပဲ။ ကမ်းနားကို ခဏခဏ ၀င်နေတယ်ဆိုတော့ ရောင်းစားတဲ့ ကိစ္စကတော့ သိပ်မရှိဘူး။ အင်ဒိုတို့၊ ဆောင်ခလာတို့ဘက်ကို နှစ်နဲ့ချီထွက်တဲ့ လှေတွေကျတော့ နှစ်ပြည့်သွားလို့ ကမ်းဝင်သွားပေမယ့်လည်း မြန်မာ လှေသားတွေကို တချို့လှေတွေဆီမှာ ထားခဲ့လိုက်တယ်။ အဲဒီလို မျိုးတွေရှိတယ်” လို့ ကိုသားကြီးက ဆိုပါတယ်။
ငါးဖမ်းလှေတွေ အများစုကတော့ ရနောင်းမြို့ ရေပိုင်နက်ထဲမှာ ငါးဖမ်းကြတာရှိသလို ငါးများများ မရတဲ့အခါ မြန်မာ ရေပိုင်နက်ထဲကို ကျူးကျော်ပြီး ငါးခိုးဖမ်းတာတွေ ရှိတယ်လို့ သိရပါတယ်။ တခါတရံ ငါးခိုးဖမ်းလို့ မြန်မာစစ်သားတွေက လိုက်တဲ့အခါ ထိုင်းရေပိုင်နက်ထဲကို မြန်မြန်မောင်းပြေးနိုင်တာ ရှိသလို အဖမ်းခံရတဲ့ လှေတွေလည်း ရှိပါတယ်။
တခြား ငါးဖမ်းလှေတစီးမှာ အလုပ်လုပ်နေတဲ့ မော်လမြိုင်မြို့နယ်က အသက် ၃၀ ကျော်အရွယ် ရေလုပ်သားတဦးက သူ့ရဲ့အတွေ့အကြုံနဲ့ ပတ်သက်ပြီး “ငါးခိုးဖမ်းနေတာကို မြင်ရပြီဆိုတာနဲ့ မြန်မာစစ်သင်္ဘောက ပစ်တာပဲ။ တချို့လှေသားတွေ သေနတ်ထိတဲ့လူတွေလည်း ရှိတယ်။ လှေပေါ်က ရေလုပ်သားတွေ ခုန်ချလိုက်ပြီဆိုရင် စစ်သင်္ဘောတွေက လှေနားကို ကပ်လာပြီး လှေတွေကို သိမ်းလိုက်တာတွေရှိတယ်” လို့ ပြောပါတယ်။
မြန်မာ စစ်သင်္ဘောတွေက ပစ်ခတ်ပြီး ၀င်ဖမ်းပြီးဆိုရင် ရေထဲခုန်ချတဲ့အခါ နှစ်ရက်လောက် ရေထဲမှာပဲ နေရတာမျိုးရှိကြောင်း၊ လှေနဲ့ လာကြိုတဲ့လူတွေရှိသလို့ တခါတလေ ကျွန်းတွေမှာ သောင်တင်နေတာတွေရှိကြောင်းနဲ့ တချို့ရေလုပ်သားတွေလည်း အသက်ဆုံးရှုံးရတာမျိုးရှိကြောင်း သိရပါတယ်။
မြန်မာ ရေလုပ်သားတချို့ကို ထိုင်းနိုင်ငံမှာ တရားဝင် အလုပ်လုပ်ဖို့အတွက် ထိုင်းအလုပ်ရှင်တွေက အလုပ်သမားလက်မှတ် လုပ်ပေးတာရှိသလို မလုပ်ပေးတာတွေလည်း ရှိပါတယ်။ အလုပ်ရှင်က လုပ်ပေးထားရင် လကုန်မှာ အလုပ်ရှင်ကို အရစ်ကျ ပြန်ဆပ်ရပါတယ်။
ရေလုပ်သားတွေ နေထိုင်မကောင်းဖြစ်ရင်၊ ထိခိုက်မှုဖြစ်ရင် ကျန်းမာရေး စောင့်ရှောက်မှုနဲ့ ပတ်သက်လို့ ကိုသားကြီးက “ဆေးရုံတင်ပေးတယ် ဆိုပေမယ့်လည်း တချို့သူဌေးတွေဆိုရင် ဆေးရုံကိုရောက်အောင် တင်မပေးဘူး၊ မိသားစုရှိရင် မိသားစုက လာခေါ်သွားရတယ်” လို့ ပြောပါတယ်။
(ဓာတ်ပုံ - သန်းထိုက်ဦး / ဧရာဝတီ)
ပင်လယ်ထဲမှာ ငါးဖမ်းလှေနဲ့ လိုက်ရာမှာ ဒုက္ခခံရတာတွေ ရှိကြောင်း၊ အသက် အန္တရာယ် စိုးရိမ်ရတာတွေလည်း ကြုံခဲ့ရကြောင်း ရေလုပ်သားတွေက ပြောကြပါတယ်။
ဥပမာ အနေနဲ့ပြောရရင် ရေလုပ်သားတွေ ပင်လယ်ထဲမှာ အစာရေစာ ငတ်မွတ်ပြီးတော့ လူ ၃၉ ယောက် အသက်ဆုံးရှုံးသွားတဲ့ အမူမျိုးပါ။
၂၀၀၆ ခုနှစ်လောက်က ထိုင်းတယောက် ပိုင်တဲ့ ငါးဖမ်းလှေတစီး အင်ဒိုနီးရှား ရေပိုင်နက်အနီးမှာ ငါးဖမ်းထွက်နေစဉ် လှေပေါ်ပါလာသော လူ ၁၀၀ လောက် ၃ လကြာ အစာရေစာငတ်မွတ်ပြီး မြန်မာနိုင်ငံသားများ အပါအ၀င် ၃၉ ယောက် သေဆုံးသွားတဲ့ကိစ္စ ဖြစ်ပါတယ်။
ရေလုပ်သားတွေဟာ အင်ဒိုနီးရှားနိုင်ငံမှာရှိတဲ့ ရဲတွေကို ကြောက်ပြီး လှေကို ကမ်းမကပ်ဘဲ ထိုင်းနိုင်ငံဘက် ပြန်လာနေစဉ် လမ်းခုလတ်မှာ အခုလို အစာရေစာ ပြတ်လပ်တဲ့ အဖြစ်အပျက်မျိုး ကြုံတွေ့ခဲ့ကြတာဖြစ်တယ်လို့ သတင်းတွေက ရေးပါတယ်။
အဲဒီအချိန်က အသက်ဆုံးရှုံးသွားတဲ့ ရေလုပ်သား ၃၇ ယောက်ကို ပင်လယ်ထဲ ပစ်ချခဲ့ပြီး ကျန်တဲ့ ၂ ယောက်ကို ကျွန်းတခုမှာ မြေမြှုပ်ခဲ့ပါတယ်။ အသက် မသေဘဲ ရှင်ကျန်ခဲ့တဲ့ ရေလုပ်သားတွေကလည်း ဆိပ်ကမ်းကို ပြန်ရောက်တဲ့အခါ အစာရေစာငတ်တဲ့ နောက်ဆက်တွဲ ဝေဒနာတွေ ခံစာခဲ့ရပါတယ်။
ဝါရင့်လှေလုပ်သားတယောက် ဖြစ်နေတဲ့ ကိုသားကြီးကတော့ မြန်မာပြည်သားတွေ အနေနဲ့ ထိုင်းကိုလာပြီး လှေလိုက်စားတဲ့အလုပ်ကို မလုပ်တာ အကောင်းဆုံးပဲလို့ အကြံပေးပါတယ်။
“လှေလုပ်သား ဘ၀မှာ အသက်အန္တရာယ်များတယ်။ ကိုယ်ဘယ်နေ့ သေမယ်ဆိုတာ မသိဘဲ အသက် အာမခံချက်လည်း မရှိဘူး။ ကိုယ်က ပင်လယ်ထဲမှာ ရောက်နေတဲ့အချိန် ကမ်းမှာ ရှိနေတဲ့ မိသာစုတွေ တခုခုဖြစ်ပြီးဆိုရင် ဘာမှကူညီလို့ မရဘူး။ သူသတ်မှတ်ထားတဲ့ အချိန်ရောက်မှပဲ ကိုယ်က ကမ်းပြန်ဝင်ရတာ ဖြစ်တယ်” လို့ ကိုသားကြီးက ပြောပါတယ်။ ။
ဧရာဝတီ ၀က်ဆိုက်မှ ကူယူဖော်ပြပါသည်၊
ထိုင်းတောင်ပိုင်း မိုးများ၍ ရေကြီး၊ မြန်မာများလည်း ဒုက္ခရောက်
ထိုင်းတောင်ပိုင်း ဖတ်ထလုံ ပြည်နယ်တခုတွင် ရေကြီးသဖြင့် လှေဖြင့် သွားလာနေသော ထိုင်းရွာသားတဦး (ဓာတ်ပုံ - Getty Images)
ထိုင်းတော်ဝင်ရေတပ်က ကူညီကယ်ဆယ်ရေးအတွက် သင်္ဘောလေးစီး၊ လေယာဉ်နှင့် ရဟတ်ယာဉ်များကို ပို့လွှတ်ထားကြောင်း သိရသည်။
မြန်မာများ သိန်းနှင့်ချီ၍ အလုပ်လုပ်ကိုင်နေသော ထိုင်းနိုင်ငံတောင်ပိုင်း အခြေအနေနှင့် ပတ်သက်၍ Thai Action Committee for Democracy in Burma (TACDB) မှ လက်ထောက် ဒါရိုက်တာ ဦးမြင့်ဝေ က “လောလောဆယ် တောင်ပိုင်းမှာ မိုးတွေကသည်းလို့ တချို့နေရာတွေဆို တောင်တွေ ပြိုတယ်၊ လမ်းတွေ ပျက်တယ်လေ။ ဒါကြောင့် ကျနော်တို့နဲ့  တချို့တွေဟာ အဆက်သွယ်တောင် ပြတ်တောက်နေတယ်။ အဲဒီဒေသတွေမှာ ရာသီဥတုဆိုးလို့  ကျနော်တို့ မြန်မာတွေ အတော်လေး အခက်အခဲ ရှိနေကြတယ်” ဟု ပြောသည်။
ရာသီဥတု ဆိုးရွားနေမှုကြောင့် နိုင်ငံခြားသား ခရီးသွားများနှင့် ထိုင်းများကို တာဝန်ရှိသူများက လာရောက်ခေါ်ယူကာ ဘေးကင်းရာသို့ရောက်အောင် ကူညီနေကြသော်လည်း မြန်မာ၊ လာအိုနှင့် ကမ္ဘောဒီးယားနိုင်ငံတို့မှ ရွှေ့ပြောင်းအလုပ်သမားများကိုမူ ကူညီသည်ဟု မကြားရသေးကြောင်း ဦးမြင့်ဝေက ဆက်လက်ပြောသည်။
ချုံဖော်ခရိုင် ပါနန်းအရပ်တွင် ပိုက်ဆရာအဖြစ် လုပ်ကိုင်နေသူ ကိုခိုင်ကျော်သန်းက “လှေတွေ မထွက်နိုင်တာ ၇ ရက် လောက်ရှိနေပြီ။ လေပြင်းတော့ လှေတွေ မထွက်နိုင်ဘူး။ ပင်လယ်ထဲက လှေတွေလည်း နီးရာကျွန်းတွေမှာ ၀င်ခိုနေကြတယ်။ လှေမထွက်ရတော့ လှေသားတွေလည်း အလုပ်မလုပ်ရသလို ငါးစက်ရုံတွေလည်း အလုပ်မလုပ်ရဘူးပေါ့” ဟု ပြောသည်။
ချုံဖော် ရေလုပ်ငန်းတွင် မြိတ်၊ ထားဝယ်၊ ရခိုင်၊ မွန်နှင့် ကရင်ပြည်နယ်တို့မှ ဒေသခံများ လာရောက်လုပ်ကိုင်လျှက်ရှိသည်။
ရွှေ့ပြောင်းအလုပ်သမား အများစုသည် ရရှိငွေများကို မိသားစုထံ ပြန်ပို့သဖြင့် လက်ထဲတွင် စုဆောင်းငွေ၊ ပိုလျှံငွေဟူ၍ မရှိတတ်ကြကြောင်း၊ ယခုကဲ့သို့ အလုပ်ပျက်၊ အကိုင်ပျက်ကာလတွင် အခက်အခဲကြုံနေရကြောင်း ဖူးခက်မှ ကိုသန်းမောင်က ပြောသည်။
၎င်းက “မိုးတွေက တအားရွာထားတော့ အပြင်ကို ထွက်ဖို့တောင် မလွယ်ဘူး။ ကျနော်တို့ မြန်မာပြည်သားတွေလုပ်တဲ့ ပန်းရံအလုပ်ကလည်း မိုးရွာရင် လုပ်မရဘူးလေ။ အခုလို ရေတွေပါလျှံနေတော့ အလုပ်အားလုံး နားရပြီပေါ့။ ဖူးခက်တမြို့လုံးက ဆောက်လုပ်ရေးအားလုံး နားနေရတယ်။ လူငယ်လေးတွေကတော့ ငါးရှာ ဖားရှာ ထွက်ကြတာပေါ့” ဟု ဆိုသည်။
ကိုသန်းမောင်သည် အလုပ်သမား ၃၀ ခန့်ကို ဦးဆောင်လုပ်ကိုင်နေသူ ပန်းရံဆရာဖြစ်ပြီး လေးဝတီ ရခိုင်လူငယ်အသင်း (ဖူးခက်) ၏ အတွင်းရေးမှူးလည်း ဖြစ်သည်။
ဖန်ငတွင် ရာဘာအစေးခြစ် လုပ်ငန်း၌ လုပ်ကိုင်နေသော ပဲခူးတိုင်း ဒိုက်ဦးမြို့နယ်မှ မမိမိခိုင်ကလည်း “မိုးရွာတော့ အစေးခြစ်မရဘူးလေ။ အစေးမခြစ်ရရင် ပိုက်ဆံ မရတော့ဘူးပေါ့။ စိတ်ညစ်ပါတယ်။ ရွာမှာလည်း မိုးဖျက်လို့ ပဲတွေ အရမ်းပျက်တယ် ကြားတယ်။ ဒီနှစ်တော့ ဘယ်လို ဖြစ်ကြမလဲ မသိဘူး။ ဒီလိုဖြစ်နေရင် ကျမတို့လည်း မပို့နိုင်ဘူး။ ရွာမှာလည်း ပဲတွေ၊ ဘာတွေ ပျက်တော့ စီးပွားပျက်၊ ဒီမှာလည်း ဒုက္ခတွေရောက်” ဟု ပြောသည်။
ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်နေသော မြန်မာအလုပ်သမား၂ သန်းခွဲမှ ၄ သန်းအထိ ရှိနိုင်ကြောင်း အလုပ်သမားအဖွဲ့ အစည်းများက ခန့်မှန်းထားကြသည်။
ဧရာဝတီ ၀က်ဆိုက်မှ ထပ်မံ ကူးယူဖော်ပြပါသည်၊
