မင်္ဂလာပါ ... ကြွရောက်လာကြသော မိတ်သင်္ဂဟအပေါင်းတို့ကို "မြန်မာအလုပ်သမားများကွန်ယက်" ဆိုဒ်မှ နွေးထွေးစွာဖြင့် ကြိုဆိုပါတယ်ခင်ဗျာ....

မဲဆောက်မြို့က ချစ်သူများနေ့

အရောင်အသွေး စုံလင်လှသော နှင်းဆီပန်းများမှာ ထုပ်ပိုးမှု ပုံစံအမျိုးမျိုးဖြင့် မဲဆောက်မြို့က ချစ်သူများ အတွက် လှပစွာ အဆင်သင့် ဖြစ်နေကြပြီ။

သာမန် ရက်များတွင် ပန်းတပွင့် ၁ ဘတ်ကျော် (ကျပ် ၃၀ ခန့်) သာ ပေးရသည့် နှင်းဆီပန်းများသည် ချစ်သူများနေ့တွင် ပန်း၏ အရောင်အသွေးနှင့် အမျိုးအစားပေါ် မူတည်ပြီး တပွင့်ကို ၁၅ ဘတ် (ကျပ် ၄၅၀ ခန့်) မှ ဘတ် ၅၀ (ကျပ် ၁၅၀၀) အထိ ၀ယ်သူ အကြိုက်ဖြစ်စေရန် ထုပ်ပိုး ရောင်းချကြသည်ကို ထိုင်း - မြန်မာနယ်စပ် မဲဆောက်မြို့တွင် မြင်တွေ့ရသည်။

valentines_day_2011_1

မဲဆောက်မြို့တွင် ချစ်သူများနေ့အတွက် ရောင်းချရန် နှင်းဆီပန်းများကို ဤသို့ ပြင်ဆင်ထားကြသည် (ဓာတ်ပုံ - ဧရာဝတီ)

ချစ်သူများနေ့ကို ခါတော်မီကာ ဘတ်ငွေ သိန်းသန်းချီ အကျိုးအမြတ်ရသွား သူများမှာ မဲဆောက်မြို့နှင့် ကီလိုမီတာ ၃၀ ကျော်ခန့်သာ ကွာဝေးသည့် ဖုတ်ဖရမြို့နယ်ရှိ နှင်းဆီခြံ ပိုင်ရှင်များ ဖြစ်သည်။

ဖုတ်ဖရ မြို့နယ်ထဲကထွက်သည့် နှင်းဆီများကို မဲဆောက်နှင့် ဘန်ကောက်ကို လက်ကားဖြန့်သည့် ပွဲရုံပိုင်ရှင် တဦးက “ချစ်သူများနေ့ မတိုင်ခင် ရက်ပိုင်းအလိုမှာ တနေ့ကို အပွင့်ရေ သန်းချီပြီး ပို့ရပါတယ်။ ဒီက ထွက်တဲ့ ပန်းတွေကို ထိုင်းကနေ ပြည်ပကို တင်ပို့တာတွေလည်း ရှိပါတယ်။ ဒီပွဲတော်အချိန်ကတော့ ခြံပိုင်ရှင်တွေ ငွေထုပ်ပိုက်တဲ့ အချိန်လို့ ပြောလို့ရတယ်” ဟု ရှင်းပြသည်။

နှင်းဆီခြံဧက ထောင်နှင့်ချီရှိသည့် ဖုတ်ဖရမြို့နယ်အတွင်းရှိ ခြံများတွင် အရည်အသွေး ကောင်းသည့် ပန်းများ ထွက်စေရန် အန္တရာယ်များလှသည့် ပိုးသတ်ဆေးများနှင့် နေ့စဉ် လုပ်ကိုင်နေရသော မြန်မာ ရွှေ့ပြောင်း အလုပ်သမား များ၏ ဝင်ငွေမှာ တိုးတက်မှုမရှိဘဲ တနေ့လျှင် ဘတ် ၆၀ (ကျပ် ၁၈၀၀ ခန့်) မှ ၉၀ (ကျပ် ၂၇၀၀) ထက်မပိုသည့် လုပ်အားခနှင့် လုပ်ကိုင်နေကြရသည်။

ပန်းအထွက်ကောင်းစေရန် ပေါင်းသင်၊ မြက်ရှင်း၊ ဆေးဖြန်း၊ ပန်းခူးပြီး ပွဲရုံရောက်သည်အထိ ထုပ်ပိုးရသော အလုပ်များကို နေထွက်ချိန်မှ နေ၀င်သည်အထိ ပင်ပင်ပန်းပန်း လုပ်ကိုင်ကြရသော်လည်း အလုပ်အကိုင် ရှာရခက်ခဲသည့် ဒေသဖြစ်သောကြောင့် အန္တရာယ်များသော်လည်း တခြား ရွေးချယ်စရာ မရှိကြောင်း ညောင်လေးပင်သူ မသင်းသင်းက ပြောသည်။

သူက “နေထိုင်မကောင်းလို့ တရက်၊ နှစ်ရက် နားတဲ့လူတွေကို ခြံရှင်က အကြောင်းမဲ့ အလုပ် ထုတ်လိုက်တာတွေ ရှိတယ်။ တချို့ဆိုရင် ဆေးဖြန်းနေရင်းနဲ့ ဆေးမူးပြီး လဲသွားတာတွေ ရှိတယ်။ ခြံရှင်က ဘာမှအကူအညီ မပေးတဲ့အပြင် လုပ်အားခ ဖြတ်တာလည်းရှိတော့ ဒီလိုပဲ သတိဝီရိယလေး ထားပြီး လုပ်နေကြရတယ်” ဟု ရှင်းပြသည်။

ချစ်သူများနေ့ အပြီး နှင်းဆီခြံရှင်များ တိုက်ဆောက်၊ ကားသစ် ၀ယ်ကာ လုပ်ငန်းချဲ့ထွင် နိုင်ကြသော်လည်း မြန်မာ အလုပ်သမားများ၏ ဘ၀မှာမူ လက်ရှိအနေအထားထက် ထူးခြား တိုးတက်မှု ရှိမလာကြောင်း နှင်းဆီ ခြံတွင် လုပ်သက် ၁၀ နှစ်ကျော်ခဲ့ပြီဖြစ်သည့် ကိုအုန်းကပြောပြသည်။

“ခြံရှင်တွေက ခါတော်မီပြီး တနှစ်တခါ ထိုင်းထီကြီးပေါက်သလို အကျိုးအမြတ်တွေ ရကြပါတယ်။ ချစ်သူများနေ့ မဟုတ်တဲ့ အချိန်တွေမှာလည်း တနှစ်ပတ်လုံး ပန်းတွေ ရောင်းရပါတယ်။ တချို့ ခြံကြီးတွေ ဆိုရင် တနေ့ကိုအပွင့်ရေ တသိန်းကျော် ရောင်းထွက်တယ်” ဟု ကိုအုန်းက ဆိုသည်။

မဲဆောက်မြို့ တောင်ဘက်ရှိ ဖုတ်ဖရမြို့သည် စိုက်ပျိုးရေး လုပ်ငန်းကို အဓိက လုပ်ကိုင်ကြသည့် နေရာဖြစ်ပြီး ထိုဒေသမှ ထွက်သည့် နှင်းဆီများနှင့် ကောက်ပဲသီးနှံများကို ပြည်တွင်း ပြည်ပသို့ တင်ပို့ကြကြောင်း၊ ဖုတ်ဖရမြို့ လုပ်ငန်းခွင်ထဲတွင် မြန်မာရွှေ့ပြောင်း အလုပ်သမား ၇ သောင်းနီးပါး အလုပ်လုပ်ကိုင် နေကြကြောင်း သိရသည်။

valentines_day_2011_2

ထိုင်းနိုင်ငံအနှံ့ တင်ပို့ရောင်းချမည့် နှင်းဆီပန်းများကို ပြုစုနေရသော မြန်မာ ရွှေ့ပြောင်း အလုပ်သမားများ (ဓာတ်ပုံ - ဧရာဝတီ)

အသက်အန္တရာယ်ရှိသည့် ပိုးသတ်ဆေးများနှင့် လုံးထွေး လုပ်ကိုင်နေရသည့် စိုက်ပျိုးရေး ဒေသမှ အလုပ် များကို ဒေသခံထိုင်းလူမျိုးများက မလုပ်ကြသည့်အတွက် လုပ်အားခ ဈေးပေါပေါနှင့် လိုသလောက် လုပ်အား ရနိုင်သည့် မြန်မာများကို အလုပ်ရှင်များက အားထားနေရခြင်း ဖြစ်သည်ဟု မြန်မာ အလုပ်သမားအရေး ဆောင်ရွက်နေသည့် အဖွဲ့များက ပြောကြသည်။

ဖုတ်ဖရမှ မဲဆောက်သို့ နေ့စဉ် နှင်းဆီလာပို့သည့် မြန်မာယာဉ်မောင်းတဦးက “ချစ်သူများနေ့မှာ အမြတ်တနိုးနဲ့ အချစ်ရဲ့ သင်္ကေတအဖြစ် နှင်းဆီကို တန်ဘိုးထား အသိအမှတ်ပြုကြတယ်။ ဒါပေမယ့် ဒီပန်းတွေကို ပြုစုပျိုးထောင်ပေးရတဲ့ ရေခြားမြေခြားက အပယ်ခံ ဥယျာဉ်မှူးတွေရဲ့ ဘ၀တွေကို သူတို့ သိနိုင်ကြမှာ မဟုတ်ပါဘူး” ဟု ဆိုသည်။

ရောမ ခေတ်က ချစ်သူ ၂ ဦးကို တိတ်တဆိတ် ထိမ်းမြားပေးခဲ့သောကြောင့် သေဒဏ်ပေးခံခဲ့ရသည့် ဘုန်းတော်ကြီး St. Valentine ကို ဂုဏ်ပြုသည့်အနေနှင့် ဖေဖော်ဝါရီ ၁၄ ရက်နေ့ကို ချစ်သူများနေ့အဖြစ် သတ်မှတ်ကာ နှစ်စဉ် ကမ္ဘာနှင့်အဝန်း ကျင်းပကြသည်။ ထိုနေ့တွင် အမျိုးသားများက ချစ်သူ အမျိုးသမီး များကို အထိမ်းအမှတ်အဖြစ် နှင်းဆီပန်းများ လက်ဆောင်ပေးကြသည်။

ဧရာဝတီ သတင်းဌာန မှ ကူးယူဖော်ပြပါသည်၊

0 comments:

Post a Comment