မင်္ဂလာပါ ... ကြွရောက်လာကြသော မိတ်သင်္ဂဟအပေါင်းတို့ကို "မြန်မာအလုပ်သမားများကွန်ယက်" ဆိုဒ်မှ နွေးထွေးစွာဖြင့် ကြိုဆိုပါတယ်ခင်ဗျာ....

ရင်နာနာနဲ့ ရေးတဲ့စာ

ရင်နာနာနဲ့ ရေးတဲ့စာ
အရှင်ဓမ္မ (ဒေလီ)

တလောက မဲဆောက်အမှိုက်ပုံကြီးကို You Tube မှာ တွေ့လိုက်ရတယ်။ တမြို့လုံးက စွန့်ပစ်ပစ္စည်း၊ အမှိုက် သရိုက်တွေဆိုတော့ အမှိုက်ပုံကြီးက တောင်လုံးအမျှပါပဲ။ ကြီးလည်းကြီး ကျယ်လည်းကျယ်။ ရှေ့၊ နောက်၊ တောင်၊ မြောက် အရပ်လေးမျက်နှာ ဘယ်နေရာက တိုက်တဲ့လေ ဖြစ်ပါစေ၊ အညှီအဟောက်အနံ့တွေ ပြင်း ပြင်းထန်ထန် နှားခေါင်းဝထံ ရောက်လာပါသတဲ့။ နံလိုက်တာ လွန်ရောတဲ့။ သြော် ... အမှိုက်ပုံပါဆို နံမှာပေါ့။ မွှေးတဲ့ အမှိုက်ပုံများ ရှိလို့လား။

ဗမာပြည်သားတွေ တွေ့နေပါရဲ့၊ အမှိုက်ပုံကြားမှာ လက်အိတ်ဗလာ တုတ်တွေနဲ့ ထိုးဆွပြီး ရွှေရှာနေသလား အောက်မေ့ရတယ် သဲသဲမဲမဲ။ မထင်လိုက်ပါနဲ့ ပလတ်စတစ်အိတ်၊ ကြွပ်ကြွပ်အိတ်၊ ရေသန့်ပုလင်း၊ အတိုအစ အဖျင်းတွေကို ရှာနေကြတာပါ။ ၀ါသနာအရတော့ ဘယ်ဟုတ်မလဲ။ ၀မ်းစာလေ ၀မ်းစာ၊ သမုဒ္ဒရာ ၀မ်းတထွာ ဆိုသကိုးဗျ၊ ရှာကြရ၊ ဖွေကြရတာပေါ့။

တချို့စေတနာရှင်တွေက တတ်အားသမျှ ကူညီစောင်မကြရှာပါတယ်။ သာဓုလည်း အခါခါ ခေါ်မိပါရဲ့၊ ပို တယ်လို့ မထင်နဲ့၊ မျက်ရည်တောင် ကျမိတယ်။ သြော် ... တို့နိုင်ငံသားတွေ ဆင်းရဲရှာတယ်၊ တာဝန်သိပုဂ္ဂိုလ် များမှာတော့ စာနာစိတ်၊ သနားစိတ်၊ ညှာတာစိတ်တွေနဲ့ ဝေခြမ်း ကျွေးမွေး အလှူအတန်းပေးနေကြတယ်။ သာဓုကွယ် ... သာဓု သာဓု။

စေတနာရှင်တယောက်က အမှိုက်ကောက်သမကို မေးတယ်။ ဘယ်ရပ်၊ ဘယ်နယ်၊ ဘယ်ဆီ၊ ဘယ်ဝယ်က လဲတဲ့။ ရေကောင်း မြေကောင်း ဆီနှစ်ပေါင်းခပြီး အသီးအနှံကြွယ်ဝတဲ့ ပဲခူးတိုင်းကပါတဲ့။ မှိုင်းပျပျ ပဲခူးရိုးမ ကြီးကို ပြေးလို့သာ မြင်မိတော့တယ်။ ဘယ့်နှယ်ကြောင့် မဲဆောက်အမှိုက်ပုံမှာ လာနေတာလဲ၊ ဟိုမှာ အဆင် မပြေလို့လားလို့ တိုးလို့မေးကြည့်တော့။ အင်း ... အဆင်တော့ပြေပါတယ်၊ လယ်ယာလည်း ရှိပါရဲ့၊ ဒါပေမယ့် ဟိုမှာက ဒီမှာလောက် ပျော်စရာမကောင်းဘူးလေ၊ ပိုက်ဆံရှားတယ်၊ ရှာရခက်တယ်။ ဒါကြောင့် ဒီမှာပျော်နေ တာပါတဲ့။

အထက်က အမှိုက်ကောက်သမရဲ့ စကားကို သတိထားမိကြမှာပေါ့။ ဗမာပြည်၊ မှိုင်းပျပျ ရိုးမအလှတွေရှိတဲ့ ပဲ ခူးတိုင်း၊ ပဲခူးပြည် ရေမကြည်တော့သလား၊ မျက်မနုတော့သလား မျက်နှာမထောက်ထားနိုင်၊ ၀မ်းစာအတွက် ခြေဦးတည့်ရာ ပြောင်းလာတဲ့နေရာက ပျော်စရာများနဲ့ မဲဆောက်အမှိုက်ပုံကြီး ဖြစ်နေပါပကောလား။ တွေးမိ ပါရဲ့ ဒါ တကယ်ပဲလားလို့။

ပဲခူးလို့ အသံမြည်လိုက်ရင်ပဲ ရွှေရောင်တ၀င်းဝင်း ငွေရောင်တပျက်ပျက်နဲ့ ဟံသာဝတီပြည်ကြီးကို တဖန် အောက်မေ့မိပြန်တယ်။ တန်ခိုးကကြီး၊ အမျိုးရိုးမြတ်ပါဘိ။ ရွှေနန်းရှင် မွန်ဘုရင်တို့ စိန်မှန်ကင်းဟာ အင်းဝ မင်းတို့၊ တောင်ငူဘုရင် တပင်ရွှေထီးတို့ လက်အောက်တော်သို့ ကျရောက်ပြန်တော့လည်း စိန်မှန်းကင်းက ၀င်းသထက်ဝင်း၊ ထိန်သထက်ထိန်လို့ သာသာယာယာ စိမ်းစိမ်းလန်းလန်း ပထမတန်းစားတွေ။ အင်္ဂလိပ်တွေ လူသူစိတ်ကင်း မိုက်ခြင်းကြီးမိုက်တဲ့အခါတောင်မှ အချွန်းချွန်းနဲ့ တို့စိန်မှန်ကင်းတွေ ထင်းမဖြစ်ရဘဲ ဒီခေတ် ထဲကျမှ ပြာကျရရှာတယ်။ ဘယ့်နှယ်ပါလိမ့် ... တစိမ့်စိမ့်တွေးကြည့်ရင်တော့ တရေးရေး မြင်မိမှာပါ။

ပဲခူးမှာ ဆင်းရဲကြုံရင် ရန်ကုန်သို့ စုန်မယ်၊ ပဲခူးမှာ အခက်တွေ့ရင် မန္တလေးတက်မယ်၊ အကြားမယ်မှာ ပြည် တော်သာ မိတ္ထီလာတောင်ရှိသေး။ အမလေး အထင်သေးလို့ ပြောတာမဟုတ်ဘူး။ ရန်ကုန်ဆိုတာ အခုချိန် ရန်ပုံဖြစ်နေပြီ၊ အထက်မန္တလေးမှာဆိုရင်လည်း ဘုန်းကြီးသွေးရဲရဲကျလို့ ဘယ်သရဲသဘက်များ ၀င်သွားသလဲ မသိ။ မိတ္ထီလာဆိုတာကလည်း ရေကန်တခုသာ ရှိတော့တာ။ ဘယ်မှာမှ လုပ်စားကိုင်စားလို့ မရတော့ဘူး။ ရန်ကုန်က အမှိုက်ပုံ၊ မန္တလေးက ပြာပုံ၊ ပျဉ်းမနားက အရိုးပုံဆိုပဲ။ အတိတ်တွေ၊ နိမိတ်တွေ၊ တဘောင်တွေ အကောင်းဆိုတာ ရှာဖွေလို့မရတော့။ ကဲ ... မရရင် ဘုရားရှင်ထံ ဦးသုံးကြိမ်တင်ပြီး တမ်းတမ်းကြီး မဲဆောက် အမှိုက်ပုံကြီးကို လစ်ကြပေတော့။

ရင်နာနာနဲ့ ရေးတဲ့စာမို့ မစို့မပို့ ဝေဒနာတချို့ပါခဲ့ရင် စာဖတ်သူ သခင် (သို့) သာကီဝင်တို့ နှလုံးစိတ်ကို ထိန်း ကာ၊ သိမ်းကာ ဖတ်ကြပါလို့ တောင်းဆိုရင်း နိဂုံးချုပ်လိုက်ပါတယ်။ လွန်တာများပါသွားသည်ရှိသော် ထောက် ပြတော်မူကြပါ၊ အကြံပေးပါ၊ ခွင့်လွှတ်ကြပါလို့ အောက်ကျို့၍ တောင်းပန်လိုက်ပါတယ်။

အရှင်ဓမ္မ (ဒေလီ)

ဒေါက်တာလွမ်းဆွေ ဘလော့ဒ်မှ ကူးယူဖော်ပြပါသည်။

0 comments:

Post a Comment