မင်္ဂလာပါ ... ကြွရောက်လာကြသော မိတ်သင်္ဂဟအပေါင်းတို့ကို "မြန်မာအလုပ်သမားများကွန်ယက်" ဆိုဒ်မှ နွေးထွေးစွာဖြင့် ကြိုဆိုပါတယ်ခင်ဗျာ....

အာဠာဝက သခင်ဘိုးလှကြီး


၁၃ဝဝ ပြည့်အရေးတော်ပုံ (၁၉၃၈-၃၉)သည် မြန်မာ့လူ့ဘောင် ၏သမိုင်းတွင် ထင်ရှားသောမှတ်တိုင်တခု အဖြစ်ဖြင့် တည်ရစ် ပေသည်။

၁၃ဝဝ ပြည့်အရေးတော်ပုံ၏ ထူးခြားသော အခြင်းအရာများ အနက် အထူးအခြားဆုံးသော အခြင်းအရာမှာ မြန်မာ့ လူ့ဘောင် သမိုင်းတွင် ပထမဆုံးအကြိမ် မာ့က်စ်ဝါဒနှင့် အလုပ်သမားလူတန်းစားတိုက်ပွဲ ပေါင်းစပ်မိခြင်းဖြစ်သည်။ မာ့က်စ်ဝါဒ၏ လက်တွေ့နှင့် သဘောတရားညီညွတ်ခြင်းကို သက်သေထူလိုက်သော အခြင်းအရာဖြစ်ပေသည်။

ထို့ကြောင့် ၁၃ဝဝ ပြည့် အရေးတော်ပုံသည် မာ့က်စ်ဝါဒကို သက်ဝင်ယုံကြည်၍ လက်တွေ့ကျင့်သုံးသော ခေါင်းဆောင်အများကို မွေးထုတ်ပေးခဲ့ပေသည်။ ၄င်းတို့အနက် ယခုအခါ ကွယ်လွန်ပြီဖြစ်၍ ထိုစဉ်က ထင်ရှားသော အာဠာဝကသခင်ဘိုးလှကြီးအကြောင်းကို ရေးသားလိုပေသည်။

သခင်ဘိုးလှကြီးသည် အလုပ်သမားလူတန်းစားကြီးမှ ပေါက်ဖွားလာသော မာ့က်စ်ဝါဒီခေါင်းဆောင် တဦးဖြစ် သည်ဟု ဆိုအပ်ပေသည်။ သူသည် ရေနံမြေ ဘီအိုစီလုပ်ငန်း၌ အနောက်နိုင်ငံအခေါ်အားဖြင့် ကော်လာဖြူ အလုပ်သမား၊ မြန်မာအခေါ်အားဖြင့် စာရေးကလေး၊ အလုပ်သမားသမဂ္ဂအသုံးအနှုံးဖြင့် ရုံးအလုပ် သမားတယောက်ဖြစ်ပေသည်။

ရုံးအလုပ်သမားဖြစ်ရုံသာမကသေး စက်ရုံအလုပ်သမားများ သပိတ်မှောက်သောအခါ တသွေးတသားတည်း ပါဝင်ခဲ့ပေ သည်။ သပိတ်မှောက် အလုပ်သမားများက ရေနံမြေမှ ရန်ကုန်သို့ ဆန္ဒပြချီတက်လာသောအခါ ရေနံမြေသပိတ် တပ်ကြီးကို ခေါင်းဆောင်ခဲ့ပေသည်။ အလုပ်သမားသည် တိုင်းပြည်၏ လွတ်လပ်ရေးကို အများဆုံး လိုလားသူဖြစ်ရာ သူသည် ရေနံမြေ ဒို့ဗမာအစည်းအရုံး၌ စောစွာပါဝင်ခဲ့ပြီး သခင်ခေါင်းဆောင်တဦး ဖြစ်ခဲ့လေသည်။

သူ့အား ရေနံမြေသပိတ်တပ်ကြီးကို ခေါင်းဆောင်လာသူတဦးအဖြစ်ဖြင့်လည်းကောင်း၊ အဟောအပြော၊ အဆူအပူတွင် သူမတူကောင်းသူအဖြစ်ဖြင့် လည်းကောင်း၊ တတိုင်းပြည်လုံးက သိခဲ့ကြလေသည်။ သူ၏ သဘောတရား နိုင်ငံရေးအယူအဆများကိုကား ပြည်သူလူထုက နှံ့နှံ့စပ်စပ်သိခဲ့ကြခြင်း ရှိအံ့မထင်။

သူသည် ၁၃ဝဝ ပြည့် အရေးတော်ပုံများအတွင်းက ‘သပိတ်စစ်ပွဲ’ဟူသော စာအုပ်ကိုရေးသား ထုတ်ဝေခဲ့သည်။ ထိုစာအုပ်တွင် သူ၏သဘောတရား၊ နိုင်ငံရေးအယူအဆများကို တွေ့မြင်နိုင်လေသည်။ ယင်း သဘောတရား၊ နိုင်ငံရေးအယူအဆများကို ထောက်သော် မာ့က်စ်ဝါဒီတယောက်ဟု မှတ်ယူနိုင်လေသည်။

ထိုစာအုပ် စာမျက်နှာ ၄ တွင် သူတို့မျက်မှောက်ရှိ ဘီအိုစီဓနရှင်ကို ‘ဘီအိုစီဓနရှင်ကုမ္ပဏီ၏ မိုက်ကြေး’ ဟူသော ခေါင်းစဉ်ဖြင့် ဝေဖန်ပိုင်းခြားပြရင်း ဓနရှင်စနစ်၏ သဘောသကန်သဘာဝ ဥပဒေကို ဖော်ထုတ်ပြသခဲ့သည်။

ဘီအိုစီကုမ္ပဏီသည် ၁၉၃၇ခုနှစ်တွင် ငွေပေါင်း ၇ ကုဋေမြတ်၍ အလုပ်သမားအတွက်ပေးရသော အခငွေမှာ ၅ သန်းသာဖြစ်ကြောင်း ဖော်ပြခဲ့ပေသည်။ ယင်းသို့ဖော်ပြရင်း မာ့က်စ်ဝါဒ အစွန်းထွက်တန်ဖိုး သဘောတရားကို အောက်ပါအတိုင်းရှင်းပြခဲ့သည်။

‘ငွေပေါင်း ၈ ကုဋေရရန်အတွက် လုပ်ကိုင်ရသော အလုပ်ချိန်အနက် အလုပ်သမားတို့သည် မိမိတို့၏ လုပ်ခ အတွက် အချိန်တာဝန် မည်၍မည်မျှ လုပ်ကြရသည်ကိုတွက်ကြည့်သော် အလုပ်သမားတို့၏ ဝေပုံစုသည် ၁၆ ပုံမှ ၁ ပုံသာဖြစ်၏။ အချိန်နာရီအရ ခွဲစိတ်လိုက်လျှင် အလုပ်သမားတို့သည် တနေ့လျှင် ၈ နာရီ လုပ်ရသည့် အနက် ၇ နာရီခွဲသည်ကား ဓနရှင်တို့၏ အနိုင်အထက်မိုက်ကြေးခွဲ၍ အမြတ်ရရန်ခိုင်းသော အချိန်ဖြစ်သည်။ မိမိတို့အတွက် ကား နာရီဝက်သာ လုပ်ရ၏’

ယင်းကဲ့သို့ ဘီအိုစီက အမြတ်ထုတ်ယူသလို အခြားသော နယ်ချဲ့ဓနရှင်ကုမ္ပဏီများက အမြတ်ထုတ် ယူနေကြသော ကြောင့် မြန်မာပြည်သူလူထု ဒုက္ခဆင်းရဲခံရပုံကို ကွက်ကွက်ကွင်းကွင်း ဖော်ပြလေသည်။

‘ဗမာပြည်သို့ ပြန်လမ်းမရှိသော ထွက်ကုန်များ’ ဆိုသော ခေါင်းစဉ်ဖြင့် နယ်ချဲ့စနစ်သည် အမြတ်အဖြစ်ဖြင့် မြန်မာ့ ထွက်ကုန်တွေယူသွားပုံကို ဖော်ပြ၏။ နယ်ချဲ့စနစ်ကြောင့် မြန်မာပြည် ရေလွှမ်းဘေးဆိုက်ပုံ၊ ငှက်ဖျားထူထပ်လာ ပုံ၊ ဆင်းရဲသားတို့ လုံးပါးပါးပုံ၊ မိန်းမတယောက်ကို ဆန်တတင်းဖြင့် ဝယ်နိုင်ပုံ၊ ပန်းဦးဆက်ခေတ်ကြီး ပြန်ဆိုက် လာပုံ၊ ပါးစပ်တွင် ခြင်း အစွပ်ခံရသော ကျွဲနွားများနှင့် တူလာပုံကို ကွက်ကွက်ကွင်းကွင်း ဖော်ပြသည်။

‘ဓနရှင်စနစ် တည်တံ့နေသမျှကာလပတ်လုံး အဆွေတို့ ငါတို့ ပါဏုပေတံ မွဲဇာတာမလှန်နိုင်အောင် ကျွန်ဘဝအောက် သဘောက်ဘဝ၌ ရောက်ရှိနေကြပေတော့၏’ (စာမျက်နှာ -၁၇)

၎င်းနောက် ဆန်စပါးကို စတီးဘူလိမ်ဂျာပူးလ် စသော ဓနရှင် များက လက်ဝါးကြီးအုပ်ပုံ၊ ချစ်တီးများအား ၄င်းတို့ကခေါ်ခဲ့ပြီး ငွေချေးပုံ၊ မြန်မာတောင်သူလယ်သမားတွေ မြေမဲ့ယာမဲ့ဖြစ်ပုံ၊ မြန်မာပြည်ရှိ ဘဏ် တိုက်ကြီး များကို နယ်ချဲ့ဓနရှင်တို့က အုပ်ထားပုံ စသည်များဖော်ပြပြီး ‘မြေရှင်နှင့် ဓနရှင်တို့ပင်း၍ ညှဉ်းပုံ’ ကိုရေးသား လေသည်။

နယ်ချဲ့ဓနရှင်နှင့် မြေရှင်တို့၏ ပယောဂကြောင့် လူ့ဘောင် လူတန်းစားများ အခြေအနေမညီမျှပုံကို အောက်ပါအတိုင်း ဖော်ပြလေသည်။

‘နိုင်ငံချဲ့သမားတို့၏ လက်ပါးစေကျွန်ယုံအပေါင်းတို့တွင် သင်းကျစ်ဦးခိုင် မဏ္ဍိုင်ဥက္ကဋ္ဌဖြစ်သော ဘုရင်ခံကြီးသည် မိမိတကိုယ်ရေတကာယတည်း နေထိုင်ရန်အတွက် စတုရန်းပေပေါင်းတသိန်းခန့် ကျယ်သည့် ဝင်းခြံကြီးအတွင်း … မန်နေဂျာ၊ ဒါရိုက်တာများ ပေပေါင်းငါးသောင်းခန့်ကျယ်ဝန်းသော ခြံဝန်းကြီးများဖြင့် သိုက်မြိုက်တင့်တယ်စွာ နေထိုင်ခွင့်ရှိကြ၏။

ဆင်းရဲသားတို့မှာကား ခြေသလုံးအိမ်တိုင်ကိုယ်ပိုင် ပစ္စည်းဟူ၍ ရွေးစေ့ခန့်မျှမရှိကြသဖြင့် လမ်းကြိုလမ်းကြား တိုက်ကြိုတိုက်ကြားတို့တွင် ပုလိပ်ပတ်တရောင်တို့ကို တိမ်းရှောင်၍နေရသူက နေရ၏။ လခဖြင့် ငှား နေပြန်ပါကလည်း စတုရန်းပေပေါင်း ၃ဝဝ ခန့် ကျယ်ဝန်းသော အခန်းကျဉ်းကလေးများတွင် ၅ဝ ခန့်သော အလုပ်သမားတို့ ပြွတ်သိပ် တင်းကြမ်း။ ညအခါတွင် တပိုတပါး သွားချင်ပါသော်လည်း သွားလမ်းမရှိ။ အိပ် နေသူကို တက်နင်းမိမည်စိုးရသဖြင့် မလွယ်အပ်သော အန္တရာယ်ကိုပင် အနိုင်နိုင်အောင့်ကာ လွယ်၍ထား ရသူကားထားရ၏”(စာမျက်နှာ-၂၃)

တောင်သူလယ်သမားနှင့် အလုပ်သမား ဆင်းရဲသားလူထုကြီးအကြောင်း ရေးခြယ်ပြပြီးနောက် လူလတ်တန်းစား အလွှာအမျိုးမျိုးတို့၏ ဒုက္ခဆင်းရဲကိုလည်း ရေးခြယ်ပြသည်။ ထို့နောက် ၄င်းတို့၏ကံကြမ္မာသည် ဆင်းရဲသား တို့၏ကံကြမ္မာနှင့် ဆက်စပ်နေပုံကို ရှင်းပြသည်။

“ဘာကြောင့် စစ်ကူပေးရမည်နည်း”ဟူသော ခေါင်းစဉ်ဖြင့် အောက်ပါအတိုင်း နှိုးဆော်ထား၏။

“ထို့ကြောင့် စာရေးစာချီ၊ ကုန်သည်ပွဲစား၊ရှေ့နေ ရှေ့ရပ်များနှင့် ဈေးဆိုင်ကနား ခေါင်းရွက်ဗျက်ထိုး ထမ်းပိုးထမ်း လျှောက်မှုဖြင့် ရောင်းဝယ်ဖောက်ကားကာ အသက်မွေးကြသူများသည် အလုပ်သမားဆင်းရဲသားများနှင့် စီးပွားရေးတွင် ကြောင်းကျိုးဆက်စပ် ထပ်တူ ထပ်မျှဖြစ်၏ … ။

ဆင်းရဲသားများ အရေးသည် ငါတို့အရေး၊ ဆင်း ရဲသားများ တိုက်ပွဲသည် ငါတို့တိုက်ပွဲဟု စွဲမှတ်အပ်ပေသည်” (စာမျက်နှာ-၂၈)

ကျောင်းသားများကလည်း ယင်းတိုက်ပွဲတွင်ပါဝင်ရန် တိုက်တွန်းသည်။ ဆင်းရဲသားလူထုနှင့် ကျောင်း သား ကံတူအကျိုးပေးဟု ဆိုသည်။ ၄င်းနောက် တပ်ပေါင်းစုသဘောကို အောက်ပါအတိုင်း ရေးသားထား၏။

“တပ်ဦးမှနေ၍ နိုင်ငံချဲ့စနစ်ကို တွန်းလှန်ဖြိုဖျက်နေသော ဆင်းရဲသားတို့ကို ကျောင်းသားများက တပ်တောင်တာ ဗိုလ်ထုနှင့် တသံတည်း ရဲဘော်စုရုံမိစေပြီးလျှင် စစ်ကူပေးခြင်း၊ အကြံဉာဏ်ပေးခြင်း … ၊ တပ်ပေါင်း၍ တိုက်ရ တော့မည်ကား မလွှဲသာသော မဟာဝတ္တရားကြီး ဖြစ်သတည်း။ ” (စာမျက်နှာ-၄၆)

အထက်ပါ ကောက်နုတ်ချက်တွင် စာရေးသူသည် ဆင်းရဲသား၊ အလုပ်သမားအား တပ်ဦးမှ နေရာပေးထားသည်ကို သတိပြုရာသည်။

စာမျက်နှာ ၄ဝ ၌ -

“အစိုးရ၏ ပြကတေ့”ဟူသော ခေါင်းစဉ်ဖြင့် နိုင်ငံအစိုးရ၏ အဖြစ်သနစ်အမှန်ကို အောက်ပါအတိုင်း ဖော်ပြထားသည်။

“ခေတ်သစ်အစိုးရသည် ဓနရှင်စီးပွားအတွက် ဆောင်ရွက်ရန်ခန့်ထားသော အလုပ်အမှုဆောင်အဖွဲ့ မျှသာဖြစ်သည်ဟု လွန်ခဲ့သောနှစ်ပေါင်းတရာကျော်ခန့်ကပင် ကားလ်မာ့က်စ်ပြောခဲ့ဘူး၏။ ထိုစကားသည် တစ်သွေမတိမ်းအောင် မှန် ကြောင်း အဆွေတို့ငါတို့ နိုင်ငံချဲ့စနစ်နှင့် စစ်ခင်းတိုင်း တွေ့ရှိရပေသည်”

“ကြီးစွာသော အလုံးအရင်းနှင့် ချီတက်တိုက်ခိုက်လာသော ပစ္စည်းမဲ့များကို သွေးရူးသွေးတမ်း ငန်းဖမ်း သကဲ့သို့ နိုင်ငံချဲ့သမားတို့က အရမ်းမဲ့လိုက်၍ နှိမ်နှင်းနေပေတော့၏။ သို့နှိမ်နှင်းခြင်းပင်လျှင် နိုင်ငံနယ်ချဲ့စနစ်ကို အမြန်ဆုံးပျက်စီးစေရန် စေ့ဆော်ခြင်းပင်ဖြစ်၏”

ဓနရှင်နယ်ချဲ့သမားတို့သည် အစိုးရ၏ နှိပ်ကွပ်ရေးအာဏာဖြင့် ပစ္စည်းမဲ့တို့၏ ချီတက်လာမှုကြီးထွားလာမှုကို ဖြိုဖျက်ရုံမက သွေးခွဲမှုဖြင့်လည်း ဖြိုဖျက်သည်။ သွေးခွဲမှုအမျိုးမျိုးအနက် လူမျိုးစုံ ပစ္စည်းမဲ့သွေးစည်းရေးကို လူမျိုးရေးဖြင့် သွေးခွဲသည်။ ၁၃ဝဝ ပြည့်နှစ်၊ ၁၉၃၈ခု ဇူလိုင်လတွင် ကုလား-ဗမာအဓိကရုဏ်းကို ဖန်တီးပေးခဲ့သည်။ ယင်း အဓိကရုဏ်းနှင့်ပတ်သတ်၍ သခင်ဖိုးလှကြီးက -

“လူမျိုးရေး အဓိကရုဏ်းကိစ္စသည် နိုင်ငံချဲ့စနစ် အဆိပ်ဖြေဆေးကြီးတည်း”ဟု ဆို၏။ “ကုလား-ဗမာ အဓိကရုဏ်း ဖြစ်ပွားခဲ့သည့်နေ့မှစ၍ အဆွေတို့ ငါတို့ လုံးဝလွတ်လပ်ရေးလုပ်ငန်းကြီး၏ အစိတ်အပိုင်းဖြစ်သော ရေနံမြေသပိတ် အရေးတော်ပုံကြီး မထင်မရှားသောအဖြစ်မှ မှေးမှိန်သောအဖြစ်သို့ ရောက်ရှိခဲ့လေပြီ” (စာမျက်နှာ-၃၇)

မြန်မာပြည်သို့ ကုလားများ ဘာကြောင့်၊ ဘယ်သူ့ကြောင့်၊ ဘယ်သူ့အကျိုးငှာ ရောက်လာခဲ့ရပုံကို ရှင်းပြ၏။

“လွန်ခဲ့သော နှစ်ပေါင်း ၆ဝ ခန့်က နိုင်ငံချဲ့သမားတို့သည် ငွေသန်းပေါင်းများစွာ အကုန်အကျခံ၍ အိန္ဒိယပြည်တွင် ဆင်းရဲနွမ်းပါးသော ကုလားလူမျိုးတို့ကို ဗမာပြည်သို့လာရောက်ရန် ခရီးစရိတ်နှင့် စားစရိတ်ပါ ကြိုတင်ပေး၍ခေါ် ၏။ ထိုအခါ ဓနရှင်တို့ လက်ငင်းကြံရွယ်ချက်သည် အလုပ်သမားတို့ကို လခပေါပေါပေး၍ စေခိုင်းရန်ဖြစ်၏။” “လူဝင်ရေး ဥပဒေတည်းဟူသောအစေ့ကို ဓနရှင်တို့ စိုက်ပျိုးခဲ့သဖြင့် အမြတ်အစွန်း မြောက်များစွာရရှိခြင်း၊ သွေးခွဲမှုဖြင့် နိုင်ငံရေးအရ လွယ်ကူစွာ အုပ်ချုပ်နိုင်ခြင်းတည်းဟူသော အသီးအပွင့်တို့ကို ဓနရှင်တို့ သုံးစွဲခံစားကြ ကုန်၏”

ယင်းကဲ့သို့ လူမျိုးရေးအဓိကရုဏ်း၏ သရုပ်ဇာစ်မြစ်ကိုဖော်ပြပြီးသော် အဓိကရုဏ်းကိုရှောင်ကြဉ်ရန် တိုက်တွန်း၏။

“အဆွေတို့ ငါတို့သည် ကျွန်ကျွန်ချင်း ခွက်စောင်းခုတ်၍ ဘာမျှဂုဏ်လည်းမရှိ၊ အရေးလည်း မရောက်၊ ဗမာ-ကုလား အဓိကရုဏ်းဖြစ်မှုကြောင့် အဆွေတို့၊ ငါတို့လွတ်လပ်ရေး ဝေးသထက်ဝေးလေပြီ။ ဘာသာရေး၊ လူမျိုးရေးဝင်နှောက် သဖြင့် ဆင်းရဲသား အရေးကွယ်ပျောက်ရသည်ကို အဆွေတို့ ငါတို့ နှလုံးပိုက်မိသင့်လေပြီ” (စာမျက်နှာ-၃၉)

“လူတမျိုးနှင့်တမျိုး မသင့်မတင့်ဖြစ်အောင်၊ တဘာသာနှင့်တဘာသာ ခိုက်ရန်ဖြစ်ပွားလေအောင်၊ တိုင်းပြည်နိုင်ငံ နယ်နမိတ်တို့ကို ခွဲခြမ်းကာ လူတို့၏စိတ်တွင် သွေးကွဲမှုဖြစ်အောင် စီမံဖန်တီးနေသော ကလိမ်ချုံ နယ်ချဲ့စနစ်ကြီး ကွယ်ပျောက်မှသာ အဆွေတို့ ငါတို့ သင့်တင့်ငြိမ်းချမ်းစွာ နေနိုင်ကြပေလိမ့်မည်”

ဤကဲ့သို့ လူမျိုးစုညီညွတ်ရေး၊ ကမ္ဘာ့အလုပ်သမားအားလုံး ညီညွတ်ရေးတရားဟောပြီးသော် -

“ယခုအခါ ဗမာတပြည်လုံးတွင် အနှံ့အပြားဖြစ်ပွားနေသော အလုပ်သမား၊ လယ်သမားနှင့် ကျောင်းသား လူများစု လူထုကြီး၏ သပိတ်အရေးတော်ပုံကြီးသည် နေ့ရက်မခြားကြီးထွားလာသည်ကို အဆွေတို့၊ ငါတို့ သတိချပ်ကြရပေ လိမ့်မည်။ ခေတ်သစ်ပြောင်းက ခေတ်ဟောင်းသေဆိုသကဲ့သို့ သက်တမ်းစေ့ပြီဖြစ်သော နိုင်ငံချဲ့စနစ်ကြီးသည် ရုပ်၊ နာမ်၊ ခန္ဓာ သင်္ခါရတရားအရ ဌီတွင်မတန်ဘင်သို့ပင် ဆက်ခံ၍ နောင်လာမည့် ရာဇဝင်တွင် အက္ခရာတင်လောက်အောင် ခွန်အားကြီးမား တန်ခိုးထွားနေသည့် ဆင်းရဲသား ခေတ်ကြီးကို နေရာပေးရတော့မည်ကား-မချွတ်တည်း” (စာမျက် နှာ-၇ဝ)

ဤကဲ့သို့ ယုံကြည်ချက်ကိုဖော်ပြပြီး သခင်ဘိုးလှကြီးသည် ဆောင်ပုဒ်သုံးရပ်ဖြင့် အဆုံးသတ်လိုက်၏။

ဓနရှင်စနစ် ဖျက်ဆီးလော့။
သပိတ် သပိတ် မှောက် မှောက်။
အုပ်ချုပ်ရေးအသစ် ဖျက်ဆီးလော့။

မာ့က်စ်ဝါဒနှင့် အလုပ်သမားတိုက်ပွဲ ပထမဆုံး ဆက်စပ်ရာဖြစ်သော ၁၃ဝဝ ပြည့်နှစ်အရေးတော်ပုံကား ၁၅ နှစ် ပြည့်မြောက်လေပြီ။ မြန်မာ့တော်လှန်ရေးကို မာ့က်စ်ဝါဒဦးဆောင်မှုရရန် လုံးပမ်းအားထုတ်ခြင်းမှာ ၁၅ နှစ်ပြည့် လေပြီ။ ၁၅ နှစ်အတွင်း တိုက်ပွဲအမျိုးမျိုး၊ အတွေ့အကြုံအမျိုးမျိုး၊ သင်ခန်းစာအမျိုးမျိုးဖြင့် သွန်းလုပ်အပ်သော မာ့က်စ်ဝါဒ ခေါင်းဆောင်မှုသည် ရင့်ကျက်ရန် အချိန်တော်လေပြီ။


သိန်းဖေမြင့်
၂၄၊ ဇွန်၊ ၁၉၅၃
အိုးဝေမဂ္ဂဇင်း- အတွဲ ၁ အမှတ် ၆

သခင်ဖိုးလှကြီးဂျာနယ်
ဇွန်လ ၂၀၀၁ ခုနှစ်

0 comments:

Post a Comment