မင်္ဂလာပါ ... ကြွရောက်လာကြသော မိတ်သင်္ဂဟအပေါင်းတို့ကို "မြန်မာအလုပ်သမားများကွန်ယက်" ဆိုဒ်မှ နွေးထွေးစွာဖြင့် ကြိုဆိုပါတယ်ခင်ဗျာ....

ကမ္ဘာ့အလုပ်သမားလှုပ်ရှားမှု (အပိုင်း ၄)

တောင်သူလယ်သမားများကမူ တတိယအတန်းအစားကြီး၏ ၉၉ ရာခိုင်နှုန်းခန့်ရှိသည်အထိ အရေအတွက် များပြားစွာ ပါဝင်သူများ ဖြစ်ကြသည်။ လယ်ယာလုပ်ခင်းကိုင်ခင်းကြီးများ ပေါ်ပေါက်လာပြီးသည့်နောက်တွင် သူတို့၏ လယ် ယာမြေများကို လုယက်ယူငင်သွားခြင်း ခံရသည်။


ပြင်သစ်ပြည် တော်လှန်ရေးများအကြောင်းကို လေ့လာမည်ဆိုပါက ဘုရင်များအကြောင်းသာမက Estate ဟု ခေါ်ဆိုသော အတန်းအစားကြီး(၃) ရပ် ရှိနေသည့်အကြောင်းကိုလည်း နားလည်ဖို့ လိုသည်။
ပထမအတန်းအစားအဖြစ် သတ်မှတ်ထားသည်က ဘာသာရေးဆိုင်ရာ ပုဂ္ဂိုလ်များ ဖြစ်သည်။ ပြင်သစ် ဘုရင်များသည် ဘာသာရေးဂိုဏ်းများကို အားကိုးအားထားပြုသည်။ ဘာသာရေးဂိုဏ်းများကလည်း အခွင့်အာဏာကြီးမား ကြသည်။ နိုင်ငံရေး၊ ဥပဒေရေးရာနှင့် ဘဏ္ဍာရေးဘက်တို့တွင် အခွင့်အာဏာကြီးခြင်း ဖြစ်သည်။ ဆင်းရဲလယ်သမား စုစုပေါင်းတို့ ပိုင်ဆိုင်ကြသော လယ်မြေပမာဏ အချိုးအစား၏ ၁ဝ ရာခိုင်နှုန်းကို အထက်တန်းလွှာ ဘာသာရေးဝန်ထမ်း အနည်းစုတို့က ပိုင်ဆိုင်ထားကြသည်။ ၄င်းမြေယာများကို သီးစားချထားသည်။ အခွန်ကောက်သည်။ ထိုမျှသာမက အလှူခံ တာလည်း လုပ်ကြသေးသည်။
အထက်တန်းလွှာ ဘာသာရေး ပုဂ္ဂိုလ်များကို မြေရှင်ကြီးများ၊ ပဒေသရာဇ်ကြီးများဟုလည်း ဆိုနိုင်သည်။ သူတို့သည် နန်းတော်တွင်းသို့လည်း တံခါးမရှိ ဓားမရှိ ဝင်ထွက်သွားလာနိုင်သူတွေပါ။ သူတို့၏ နေထိုင်မှုဘဝတွင်လည်း ပုပ်သိုးဆွေးမြေ့မှုတွေ ပြည့်နှက်နေသည်။ ဤအတန်းအစားထဲတွင် ဘာသာရေးဂိုဏ်းချုပ်၊ ဂိုဏ်းအုပ်နှင့် အထက်တန်းလွှာ သာသနာရေးဝန်ထမ်းများသာ ပါဝင်နေကြခြင်း ဖြစ်သည်။ ကျေးလက်နေ သာသနာရေးဝန်ထမ်းများကတော့ ဆင်းရဲနွမ်းပါးကြ ပြီး အောက်တန်းလွှာထဲ ပါဝင်နေကြသူများပါ။
ပထမအတန်းအစားကြီးထဲမှာ ပါသော သာသနာ့ဝန်ထမ်းအထက်လွှာသည် အခွန်ကင်းလွတ်ခွင့် ရှိသည်။ အောက်လွှာက ဘုန်းကြီးရဟန်းများ၊ သာသနာ့ဝန်ထမ်းများကမူ သာမန်လူတန်းစားများနည်းတူ အခွန်လည်း ပေးဆောင်ရ သည်။ အခွင့်အရေးလည်း ဘာမျှ မရကြ။


ဒုတိယအတန်းအစားကြီးဆိုသည်မှာမူ ပဒေသရာဇ်များ ဖြစ်ကြသည်။ ၄င်းပဒေသရာဇ်များထဲတွင်လည်း နှစ်မျိုးနှစ်စား ကွဲပြားခြားနားနေသည်။ ပဒေသရာဇ်အဟောင်းနှင့်အသစ်ဟု ဆိုနိုင်သည်။ ပဒေသရာဇ်အဟောင်းတို့သည် ပဒေသရာဇ် ဘိုးဘွား ဘီဘင်များထံက အမွေဆက်ခံလာကြသူတွေ ဖြစ်သည်။ သူတို့ကို ဘုရင်အဆက်ဆက်က သူကောင်းပြု လာခဲ့ကြသဖြင့် ဘိုးစဉ်ဘောင်ဆက် သူကောင်းမျိုး Nobles of the sword ဟုလည်း ခေါ်ကြပါသည်။ သူတို့သည် အုပ်ချုပ် ရေးဘက်တွင် အခွင့်အရေး အမျိုးမျိုး ရရှိပြီး နန်းတွင်းမှာလည်း အရေးပါသူများ ဖြစ်ကြသည်။ သူတို့သည် သွယ်ဝိုက်ခွန် အနည်းအပါး ပေးရသည်ကလွဲပြီး အခွန်ကင်းလွတ်ခွင့် ရရှိသူများ ဖြစ်သည်။
ပဒေသရာဇ်အသစ်ဆိုသူများမှာမူ တဖြည်းဖြည်း ချမ်းသာကြွယ်ဝလာရင်းက ပဒေသရာဇ်စာရင်းဝင်လာသူ များ ဖြစ်သည်။ သူတို့ထဲက တချို့ကိုလည်း ဘုရင်က သူကောင်းမျိုး Noble of the Robe ခန့်ပါသည်။ သူတို့က အတွေး အခေါ်သစ်ကို လက်ခံကြသည်။ ပြုပြင်ပြောင်းလဲရေးကို လိုလားကြသည်။ ထို့ကြောင့် သူတို့သည် ပါလီမန်ဟု ခေါ်သော ဒေသန္တရ တရားရုံးး အဖွဲ့ဝင်များ ဖြစ်လာကြသည်။
တတိယအတန်းအစားကြီးထဲတွင်မူ ဓနရှင်လူတန်းစားများ(အသိပညာရှင်၊ အတတ်ပညာရှင်များ အပါအ ဝင်)၊ မြို့နေ အလုပ်သမားများ၊ ဆင်းရဲသားများနှင့် ကျေးလက်တောင်သူလယ်သမားများ ပါဝင်ကြသည်။ ပြင်သစ်ဓနရှင် လူတန်းစားကို ကြည့်လျှင် ပြင်သစ်ပြည်အရင်းရှင်စနစ် ဖြစ်ထွန်းတိုးတက်လာမှုနှင့် ဆက်စပ်တွဲဖက် ကြည့်မြင်ရပေလိမ့်မည်။ ပြင်သစ်ဓနရှင်များသည် ပြည်ပကုန်သွယ်ရေးဘက်တွင် ကိုလိုနီနယ်ပယ်များ စတင်တိုးချဲ့လာနေကြပြီ။ အင်္ဂလန်မှာကဲ့သို့ လယ်ယာလုပ်ခင်းကြီးများလည်း ပိုင်ဆိုင်နေကြပြီ။ စက်မှုဘက်တွင်မူ တိုးတက်ထွန်းကားမှု နှေးကွေးသည်။ ပြင်သစ်ပြည်တွင် စက်မှုတော်လှန်ရေး ပေါ်ပေါက်ခြင်းသည် အင်္ဂလန်ထက် နောက်ကျခဲ့သည်။ ပထမအကြိမ် ၁၇၈၉ ဓနရှင်တော်လှန်ရေး ပေါ်ပေါက်ပြီး နောက်ပိုင်းမှ ပြင်သစ်ပြည်မှာ စက်မှုတော်လှန်ရေး ဖြစ်လာခဲ့တာပါ။ စက်မှုတပိုင်း လက်မှုလုပ်ငန်းတွေကတော့ ထွန်းကားနေပါပြီ။
၁၇၅၇ ခုနှစ်ကျမှ ကျောက်မီးသွေးကုမ္ပဏီ စတင်ပေါ်ပေါက်လာခြင်း ဖြစ်သည်။ အလုပ်သမား ၄ဝဝဝ ခန့်ရှိသော လုပ်ငန်းပါ။ ၄င်း ကျောက်မီးသွေးကုမ္ပဏီနှင့်အတူ သံမဏိအရည်ကြိုလုပ်ငန်းလည်း တွဲဖက်ထားသည်။ စက်မှု လုပ်ငန်းအတွက် အစပျိုးမှုဟု ဆိုရမည်။
ထိုအချိန်တွင် ပြည်သစ်ပြည်မှာ ပဒေသရာဇ်စနစ်ဟောင်းပုံစံက ဆက်လက်အားကောင်းဆဲ ရှိနေတုန်းပါ။ ဓနရှင်လူတန်းစားသည် စီးပွားရေးလုပ်ငန်းများတွင် ချုပ်ကိုင်ခွင့်နှင့် လွတ်လပ်စွာလုပ်ခွင့် တစုံတရာ ရှိနေသော်လည်း နိုင်ငံရေးဘက်နှင့် အုပ်ချုပ်ရေးဘက်တွင်မူ ပါဝင်ခွင့် မရကြပေ။ ဤကိစ္စအပေါ် သူတို့က ကျေနပ်မှု မရှိကြ။ အရင်းရှင်စနစ် သည့်ထက် ပိုပြီး ဖွံ့ဖြိုးတိုးတက်ဖို့ဆိုလျှင် နိုင်ငံရေးနှင့် အုပ်ချုပ်ရေးဘက်မှာပါ သူတို့ ပါဝင်နိုင်မှ ဖြစ်ပေမည်။ စီးပွားရေးဘက် တွင် ဓနရှင်တို့ ချုပ်ကိုင်ခွင့် ရှိသည်ဆိုသည်မှာလည်း အကန့်အသတ်နှင့်သာ ဖြစ်သည်။ စက်ငန်းလုပ်ငန်းတွင် ကန့်သတ်ချက် တွေ များခဲ့သည်။ ကုန်သွယ်ရေးအခွင့်အာဏာနှင့် အသပြာသုံးစွဲမှုတွင်လည်း ကန့်သတ်ချက်များ ရှိနေသည်။ ကုန်ပစ္စည်း အခွန်၊ အမြတ်တော်ခွန် စသည့် အခွန်အတုတ် အမျိုးမျိုးကလည်း အရင်းရှင်စနစ် ဖွံ့ဖြိုးကြီးထွားရေးလမ်းကြောင်းတွင် အတားအဆီး အနှောင့်အယှက်များ ဖြစ်နေကြသည်။
အလုပ်သမားများ၊ မြို့နေဆင်းရဲသားများသည် စီးပွားရေး ကျပ်တည်းလွန်း၍ အခွန်တော် ထမ်းဆောင်နိုင် သည့် အခြေအနေပင် မရှိကြပါ။ အောက်ဆုံးလွှာ၏ အောက်အကျဆုံး အလွှာပါပဲ။ ပဒေသရာဇ်ဖိနှိပ်မှုကိုရော၊ ဓနရှင်ဖိနှိပ် မှုတွေကိုပါ ခံစားကြရသူများ ဖြစ်သည်။
တောင်သူလယ်သမားများကမူ တတိယအတန်းအစားကြီး၏ ၉၉ ရာခိုင်နှုန်းခန့်ရှိသည်အထိ အရေအတွက် များပြားစွာ ပါဝင်သူများ ဖြစ်ကြသည်။ လယ်ယာလုပ်ခင်းကိုင်ခင်းကြီးများ ပေါ်ပေါက်လာပြီးသည့်နောက်တွင် သူတို့၏ လယ် ယာမြေများကို လုယက်ယူငင်သွားခြင်း ခံရသည်။ သူတို့အားလုံး၏လယ်မြေပိုင်ဆိုင်မှုသည် လယ်ယာမြေစုစုပေါင်း၏ ၁ဝ ရာခိုင်နှုန်းလောက်တောင် မရှိကြ။ ပဒေသရာဇ်တွေကသာ မြေယာပိုင်ဆိုင်မှုကို ကြီးစိုးထားကြသည်။ လယ်သမားများအတွင်း လယ်ကျွန်စနစ်က အဓိက မဟုတ်တော့ဘဲ သီးစားဆက်ဆံမှုက အဓိက ဖြစ်သည်။
၁၈ ရာစုသို့ ရောက်ရှိသည့်အခါတွင်မူ လယ်သမားအများစုသည် မြေယာနှင့် ကုန်ထုတ်ကိရိယာများကို ပိုင်ဆိုင်လာ ကြပြီ။ သို့ရာတွင် မြေရှင်ဟောင်းကို မြေခွန်တွေ ပေးနေရဆဲ။ အစဉ်အလာအတိုင်း လယ်မြေ ရောင်းဝယ်ခွန်တွေ ပေးနေရဆဲ။ ထိုမျှသာမက မြေရှင်များပိုင်ဆိုင်သော ကြိတ်ဆုံ့ကြီးများ၊ မီးဖိုကြီးများကို အသုံးပြုနေရသည့်အတွက်လည်း အခွန်တော် ပေးနေရဆဲ။
တောင်သူလယ်သမားများက မြေရှင်ပဒေသရာဇ်အတွက် အခမဲ့ အလုပ်အကျွေး ပြုပေးကြရသည်။ ၄င်းတို့ အတွက် လိုအပ်သော လမ်း၊ တံတား စသည်တို့ ဖောက်လုပ်ပေးရသည်။ ကိုယ်ပိုင်သော မြေယာများတွင် ပဒေသရာဇ်တို့ အမဲလိုက်ခြင်းကို ခွင့်ပြုပေးရသည်။ ခြုံလိုက်လျှင် လယ်သမားတို့အတွက် ကြီးမားသည့် နစ်နာချက်များ ရှိနေသည်။
ထို့ကြောင့် ၁၇ ရာစုနှင့် ၁၈ ရာစုအတွင်းတွင် လယ်သမားပုန်ကန်မှုများ အဆက်ပြတ်သည်ဟူ၍ မရှိခဲ့။
တတိယအတန်းအစားကြီးထဲတွင် ပါဝင်ကြသည့် လူတန်းစားအားလုံးသည် အခွန်ထမ်းများချည်း ဖြစ်သည်။ ပစ္စည်း ခွန်၊ အမြတ်ခွန်နှင့်လူခွန်တို့အပြင် အကောက်ခွန်၊ ဆားခွန်နှင့် သာသနာရေးအခွန်တို့ကိုပါ ထမ်းဆောင်ရသည်။ ထို့ကြောင့် သူတို့သည် စီးပွားရေးအရ ဝန်ထုပ်ဝန်ပိုး အပိဆုံး လူတန်းစားတွေပါ။ တတိယအတန်းအစားထဲမှာ ထည့်သွင်းထား သည့် ကုန်သည် နှင့် စက်မှုတပိုင်း လက်မှုလုပ်ငန်း အရင်းရှင်များကတော့ ပိုပြီး သြဇာကြီးကြပါသည်။
တတိယအတန်းအစားကြီးထဲတွင် ပါဝင်နေကြသော လူတန်းစားများအနက် အရင်းရှင်စနစ်ဆက်လက် ဖွံ့ဖြိုးရေးအတွက် အတားအဆီးမရှိ အခွင့်အလမ်းများ ရယူလိုပြီး နိုင်ငံရေးအာဏာကိုပါ ရည်မှန်းသော ဓနရှင်လူတန်းစားက တော်လှန်ရေး ရည်ရွယ်ချက် ပိုမိုကြီးမားသော လူတန်းစား ဖြစ်နေသည်။ အလုပ်သမားများနှင့် òမ့နေဆင်းရဲသားများသည် လည်း စီးပွားရေး ကျပ်တည်းမှုအရသော်လည်းကောင်း၊ ဘဝအရ သော်လည်းကောင်း တော်လှန်ရေးမှာ အကြမ်းဖက် ရုန်း ကန်မှု ပြုသည်အထိ ပါဝင်လာကြခြင်း ဖြစ်သည်။ အခွန်ထမ်းသက်သက် ဘဝမှာသာ နေရပြီ ဘာအခွင့်အလမ်းမှ မရှိသည့် အတွက် လယ်သမားများသည်လည်း တော်လှန်ရေးကို လိုလားကြပါသည်။


ပြင်သစ်ဓနရှင်လူတန်းစားထဲမှာ ပါဝင်နေကြသော အသိပညာရှင်၊ အတတ်ပညာရှင်နှင့် အတွေးအခေါ် ပညာရှင်တို့၏ နိုင်ငံရေးအတွေးအခေါ်များကလည်း ပြည်သူလူထုထဲမှာ ပျံ့နှံ့ နေပါပြီ။
၁၈ ရာစု ပြင်သစ် ဒဿနဆရာများသည် အသိဉာဏ်ပွင့်လင်းမှုကို ရှေ့တန်းတင်ခဲ့ကြသည်။ ဉာဏ် သစ်လောင်း လှုပ်ရှားမှု လုပ်ခဲ့ကြသည်ီအထဲမှာ ထင်ရှားပေါ်လွင်သော အတွေးအခေါ်ပညာရှင် မွန်တက်စကျု (၁၆၈၉-၁၇၅၅)သည် ဥပဒေတရားသူကြီးချုပ် လုပ်ခဲ့ဖူးသလို ပြင်သစ်တက္ကသိုလ်တွင် ကျောင်းအုပ်ကြီးလည်း လုပ်ခဲ့ဖူးသည်။ သူက ဗြိတိသျှသမိုင်းကို သက်သေပြုပြီး ကန့်သတ်ချက်ချက်ဖြင့် ကြပ်မတ်ထားသော အစိုးရများ သဘောတရားကို တင်ပြသည်။ စည်းမျဉ်းခံဘုရင်စနစ်ကို သူက ပိုနှစ်သက်သည်။ နိုင်ငံတခုတွင် အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးတည်းဟူုသော အခြေခံ မဏ္ဍိုင် ၃ ရပ်သည် တခုကိုတခု အပြန်အလှန် ထိန်းချုပ်ထားရမည်ဟု ဆိုသည်။ “ပါရှားတို့၏ယုံကြည်ကိုးကွယ်မှု” “တရားဥပဒေစိတ် ဓာတ်” “ရူမေး နီးယား စည်ပင်ဖွံ့ဖြိုးခြင်းနှင့် ကျဆုံးသွားရခြင်း အကြောင်းရင်းများ” စသည့် စာအုပ်များကို ရေးသားခဲ့သည်။ ဘာသာရေးလွတ်လပ်ခွင့်ကိုလည်း တင်ပြခဲ့သည်။


ဗော်လ်တဲယား (Voltaire ၁၆၉၄ - ၁၇၇၈) ကမူ အကြွင်းမဲ့ အာဏာပိုင်စနစ်ကို ပယ်ဖျက်ပြီး ဓနရှင်တို့ ဦးဆောင်သော သမ္မတနိုင်ငံကို လိုလားခဲ့သည်။ လူသားတို့၏ မွေးရာပါ အခွင့်အရေးကို မည်သူမျှ ထိပါးခွင့်မရှိ ဟူ၍ ရေးသားခဲ့သည်။ သူ၏မှတ်တမ်းများနှင့် ဝတ္ထုများတွင် ပညာတတ်တို့၏ စိတ်နေသဘောထားကို ရေးဖွဲ့ထားသည်။
ရူးဆိုး (Rousseau ၁၇၁၂-၁၇၇၈) သည် တိုင်ကပ်နာရီ လုပ်စားသူ ဆင်းရဲသားအိမ်ထောင်စုမှ ဆင်း သက်လာသူ ဖြစ်သည်။ “လူသားတို့ တန်းတူမှု မရှိခြင်း၏ အခြေခံအုတ်မြစ်”“လူ့အဖွဲ့အစည်း၏ သဘောသဘာဝ”နှင့် “လူမှုပဋိညာဉ်”စသည့် ကျမ်းများတွင် လွတ်လပ်ရေးနှင့် တန်းတူရေးတို့ကို ထည့်သွင်းတင်ပြခဲ့သည်။ ဆင်းရဲသားများဘက်မှ ရပ်တည်ခဲ့သည်။ နိုင်ငံတော်နှင့် တရားဥပဒေတို့သည် ပုဂ္ဂလိက ပိုင်ဆိုင်မှုစနစ်၏အခြေခံပေါ်မှ ထွက်ပေါ်လာခြင်းဖြစ်သည် ဟူ၍ တင်ပြခဲ့သည်။ သူက လူသာမာန်တို့၏ စိတ်သဘောထား ကောင်းမွန်ပုံ၊ ဖြူစင်ပုံတို့ကို ရေးဖွဲ့ပြလိုက်သည့်အခါ စာဖတ်သူတို့မှာ မင်းဧကရာဇ်များကို ဆန့်ကျင်လိုသော စိတ်ဓာတ်များ ပေါက်ဖွားလာသည်။ ရူးဆိုးက “အချုပ်အခြာ အာ ဏာဆိုတာ ပြည်သူတွေထံမှာ ရှိတယ်။ အစိုးရ ဆိုတာ ပြည်သူ့ ကိုယ်စားလှယ်ပဲ။ ပြည်သူတွေက မကျေနပ်ရင် အစိုးရကို ဖြုတ်ချပိုင်ခွင့် ရှိတယ်”ဟု ရေးသားလှုံ့ဆော်ခဲ့သည်။ သူ့အတွေးအခေါ်မှာ ဒီမိုကရေစီစနစ်အပေါ် အခြေခံသည်။ တကယ် ဆန်းစစ်ကြည့်လျှင်မူ သူ့အတွေးအခေါ်သည် သမိုင်းစိတ်ဝါဒသာ ဖြစ်သည်။ သို့ရာတွင် သူသည် အဖိနှိပ်ခံများဘက်မှ ရပ် တည်ခဲ့သူဖြစ်ကြောင်းကိုမူ အသိအမှတ်ပြုရပေမည်။


(၁၇၅၁-၇၂) တွင် စွယ်စုံကျမ်းတစောင် ပေါ်ထွက်လာသည်။ ပြုစုတည်းဖြတ်သူများမှာ ဒီဒါရို Diderot (၁၇၁၃-၈၄)နှင့် အယ်လင်ဘာ Alenbert တို့ပါ။ ဤစွယ်စုံကျမ်းသည် လက်တွေ့စက်မှုနည်းပညာကို အသားပေး ဖော်ပြ ထားခြင်း ဖြစ်သည်။ သည့်နောက်တွင်မူ ‘စွယ်စုံကျမ်းဂိုဏ်း’ဟူသော အဖွဲ့တဖွဲ့ ပေါ်ပေါက်လာသည်။
ဤအတွေးအခေါ်သစ်များနှင့်အတူ နိုင်ငံရေးအတွေးအခေါ်သစ်များနှင့် စီးပွားရေးအတွေးအခေါ်သစ်များ ထပ်မံ ပေါ်ထွက်လာကြပြန်သည်။ ဘုရင်နှင့် ဓနရှင်လူတန်းစားတို့ ကူးသန်းရောင်းဝယ်ရေးဟောင်း Mercantilism ကို ဓနရှင်တို့က မကြိုက်တော့။ ဖျက်သိမ်းပစ်ချင်လာသည်။ ဓနရှင်လူတန်းစားသည် စီးပွားရေးဘက်တွင် မည်သည့် အတား အဆီးကိုမျှ အလိုမရှိတော့။ အင်္ဂလိပ် ဘောဂဗေဒ ပညာရှင် အဒမ်စမစ် Adamsmithတင်ပြသော ‘စီးပွားရေးလုပ်ငန်းတွေကို လွတ်လွတ်လပ်လပ် ပြိုင်ဆိုင်လုပ်ကိုင်ခွင့်ပေးတာ အကောင်းဆုံးပဲ’ဆိုသော အယူအဆကို သဘောကျ နှစ်သက်လာသည်။
ဤအတွေးအခေါ်များသည်လည်း ပြင်သစ်တော်လှန်ရေးကို တွန်းအားပေးသည့် အချက်များပါ။ ဉာဏ်သစ် လောင်း လှုပ်ရှားမှု သို့မဟုတ် အသိဉာဏ်ပွင့်လင်းရေးအတွေးအခေါ်များသည် ပြင်သစ်တော်လှန်ရေး၏ အခြေခံအတွေးအ ခေါ်များ ဖြစ်လာသည်။
ဤသို့ဖြင့် တော်လှန်ရေး ပေါက်ကွဲချိန် နီးကပ်လာသည်။
လူဝီ(၁၆) (၁၇၇၄-၁၇၉၂) ၏ လက်ထက်သို့ ရောက်ရှိလာသည်။

၁၇၈၉ ခုနှစ် ပြင်သစ်တော်လှန်ရေး ပေါက်ကွဲလာခြင်းကို အောက်ပါအချက်များဖြင့် ခွဲခြားကြည့်မြင် နိုင်ပါသည်။
၁။ ။ အုပ်စိုးသူလူတန်းစားအတွင်း ပဋိပက္ခများ ပိုမိုသည်းသန်ပြင်းထန်လာခြင်း။
၁၈ ရာစုအတွင်း ပြင်သစ်ပါဝင်ခဲ့သည့် (၇) နှစ် စစ်ပွဲ(၁၇၅၆-၁၇၆၃) နှင့် အမေရိကန် တော်လှန်ရေးစစ်ပွဲ (၁၇၇၆-၁၇၈၃) တို့ကြောင့် ပြင်သစ်ပြည်သည် စစ်ကြွေးများ တင်ပြီးရင်း တင်နေသည်။ သည့်အတွက် ဘဏ္ဍာရေးပြဿနာ ပေါ်လာသည်။ ပြင်သစ်နှင့် အင်္ဂလိပ်တို့သည် ၁၈ ရာစုအတွင်း တိုက်ပွဲများ အကြိမ်ကြိမ် ဖြစ်ခဲ့ရသည်။ စစ်ပွဲ၏ အဓိက အကြောင်းအချက်မှာ ကိုလိုနီလုယက်ခြင်း ဖြစ်သည်။ (၁၇၄ဝ-၄၈) စစ်ပွဲအပြီး အင်္ဂလိပ်က အမေရိကတိုက်မှ ပြင်သစ်ပိုင် ကိုလိုနီနယ်များကို လုယက်သွားသည်။ (၁၇၅၆-၁၇၆၃) အမေရိကန်နှင့် ပြင်သစ် (၇) နှစ်စစ်ပွဲကာလအတွင်းမှာလည်း အရင်းရှင်စနစ် အင်္ဂလိပ်က ပဒေသရာဇ်ပြင်သစ်ကို အနိုင်ရသွားခဲ့သည်။
အင်္ဂလိပ်တို့သည် ၁၆၈၈ ခုနှစ်ကတည်းက ဓနရှင်တော်လှန်ရေး အောင်ပြီးခဲ့ပါပြီ။ (၇) နှစ်စစ်ပွဲအပြီး အမေရိကတိုက်မှာ ရှိသော ပြင်သစ်ကိုလိုနီများထဲမှ လူဝီစီးယားနား Louisina မှအပ ကျန်ကိုလိုနီနယ်ပယ်များကို အင်္ဂလိပ်အား ပေးခဲ့ရသည်။ ယင်း‘လူဝီစီးနား’ကိုလည်း ၁၈ဝ၃ ခုနှစ်တွင် ပြင်သစ်တို့က အမေရိကန်ပြည်ထောင်စုကို ရောင်းချ ပေးခဲ့သည်။


အင်္ဂလိပ်တို့နှင့် တိုက်ရာမှာ ပထမတွင် ပြင်သစ်တို့က အသာရခဲ့သော်လည်း နောက်ပိုင်းကျတော့ ကိုလို နီနယ်ပယ်များပါ ဆုံးရှုံးကုန်သည်။ ၁၇၆၃ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ချုပ်ဆိုခဲ့သော ပဲရစ်ငြိမ်းချမ်းရေးစာချုပ်အရ အိန္ဒိယမှာ ရှိသော ပြင်သစ်ပိုင် ကိုလိုနီနယ်များကိုလည်း အင်္ဂလိပ်တို့ထံ လွှဲပေးလိုက်ရသည်။ ဤသို့ဖြင့် ပြင်သစ်တို့၏ နယ်ချဲ့ရန် ကြိုးပမ်းမှုသည် ၁၈ ရာစုတွင် အရှုံးနှင့် ရပ်တန့်သွားခဲ့ရသည်။ ၁၉ ရာစု ရောက်တော့မှ သူ၏ ကိုလိုနီနယ်ပယ်ချဲ့ထွင်ရေးကို ပြန်လည်စတင်ခဲ့ရတာပါ။
အမေရိကန်တော်လှန်ရေးတွင် ပြင်သစ်တို့ကို အမေရိကန်တို့က စစ်ကူတောင်းသဖြင့် ဝင်တိုက် ပေးခဲ့ရ သည်။ စပိန်တို့ ဟော်လန်တို့ကလည်း ပြင်သစ်ဘက်မှ ဝင်တိုက်ပေးခဲ့ရပါသည်။ အင်္ဂလိပ်တို့ လက်နက်ချသွားရသည်။ ၁၇၈၃ စက်တင်ဘာလ ၃ ရက်နေ့တွင် ပဲရစ်မြို့၌ အင်္ဂလိပ်နှင့် အမေရိကန်တို့ စာချုပ် ချုပ်ဆိုခဲ့သည်။ အင်္ဂလိပ်တို့က အမေရိ ကန်လွတ်လပ်ရေးကို အသိအမှတ်ပြုပေးရသည်။ အင်္ဂလိပ်နှင့် စပိန်၊ ပြင်သစ်တို့လည်း စစ်ရပ်စဲရေး စာချုပ်တွေ ချုပ်ဆိုခဲ့ ကြသည်။


ဤစစ်ပွဲများကြောင့် ပြင်သစ်အုပ်စိုးသူဘုရင်များအနေဖြင့် ကိုလိုနီနယ်ပယ်များ ဆုံးရှုံးကုန်သည့်အပြင် စီးပွားရေးဘက်မှာလည်း ဆုတ်ယုတ်လာကာ စစ်ကြွေးတွေ တင်လာခဲ့ခြင်း ဖြစ်သည်။ အခြားတဖက်တွင် လူဝီ(၁၆) ဘုရင်နှင့် မိဘုရားများ၊ မှူးမတ်များ အသုံးအဖြုန်းကြီး စည်းစိမ်ခံခဲ့ကြသည့်အတွက်လည်း ပြင်သစ်ပြည်၏ဘဏ္ဍာရေး ပိုမို ခန်းခြောက် လာခဲ့ရခြင်း ဖြစ်သည်။
ဤသို့ဆိုးဝါးသော ဘဏ္ဍာရေးအခြေအနေကို ပြုပြင်ပြောင်းလဲရန် လိုအပ်လာသည်။ ထို့ကြောင့် တာဂိုး (Turgot) နက်ကာ (Necker) နှင့် ကလွန်း (Calonne) တို့ကို ဘဏ္ဍာရေးဝန်ကြီးများအဖြစ် ခန့်အပ်ဖြေရှင်းစေခဲ့သည်။ Calonne က အခွန်တော်ကို အသစ်ကောက်ခံဖို့ ဥပဒေမူကြမ်းတခု ရေးဆွဲတင်ပြခဲ့သည်။ Calonne က ဓနရှင်လူတန်းစား၏ အထက်လွှာပိုင်းက ဖြစ်သည်။ (ဓနရှင်များထဲတွင် Calonne ၏ အထက်လွှာဂိုဏ်းနှင့် ဂျက်ကိုဘင်၏ အောက်လွှာဂိုဏ်းဟူ၍ ကွဲခဲ့ကြသည်။ နောက်ပိုင်းတွင်လည်း ဤဂိုဏ်းတို့၏ တိုက်ပွဲများ ဆက်လက်တည်ရှိခဲ့သည်။)


အခွန်အတုတ်တို့သည် လူထုအပေါ် အတော့်ကို ဝန်ထုပ်ဝန်ပိုး ပိနေခဲ့ပါပြီ။ ၁၇၇၄ ခုနှစ်မှသည် ၁၇၈၉ ခုနှစ်အတွင်း အခွန်တော် ၃ ဆ တိုးမြင့်လာခဲ့သည်။ လူထု မကျေမနပ် ဖြစ်နေရုံသာမက ပဒေသရာဇ်များကလည်း မကျေမနပ် ဖြစ်လာကြသည်။ (လူဝီ(၁၆) လက်ထက်တွင် ပဒေသရာဇ်အသစ် အဟောင်းတို့ လက်တွဲပြီး ဆုံးရှုံးးသွားခဲ့ရသော ပဒေသရာဇ်အာဏာများကို ပြန်လည်ရယူဖို့အတွက် ဘုရင်ကို ဆန့်ကျင်ရန် လှုပ်ရှားကြိုးပမ်းခဲ့ကြသေးသည်။ ထို့ကြောင့် လူဝီ(၁၆) က အစည်းအဝေး တက်ရောက်ဖို့ မင်းမျိုးမင်းနွယ်များနှင့် ပဒေသရာဇ်များကို ဆင့်ခေါ်သည့်အခါ ပဒေသရာဇ်များ သည် အစည်းအဝေးသို့ တက်ရောက်ခြင်း ပင် မပြုခဲ့ပေ။)


Calonne ၏ အခွန်တော်သစ် ဥပဒေကြမ်းတင်ပြချက်ကို ဘုရင်က သဘောတူသည်။ ၄င်း ဥပဒေ ကြမ်းကို ဘုရင်က ရွေးချယ်ထားသည့် ပုဂ္ဂိုလ်များအဖွဲ့ Assembly of Notable သို့ တင်ပြခဲ့သည်။ ၄င်းအဖွဲ့က ဥပဒေမူကြမ်းကို အတည်ပြုပေးဖို့ ငြင်းဆိုလိုက်သည်။ ထိုမျှမက ပြည်သူ့လွှတ်တော် Estate of General ကို ခေါ်ဆိုပေးဖို့ တောင်းဆို လိုက် ကြသည်။


လူဝီ(၁၆) က ပြည်သူ့လွှတ်တော်ကို မခေါ်ဆိုချင်ပါ။ ၁၆၁၄ ခုနှစ်ကတည်းက ပြည်သူ့လွှတ်တော်ကို မခေါ်ဆိုဘဲ ထားခဲ့ခြင်း ဖြစ်သည်။ ပြည်သူ့လွှတ်တော်တွင် အတန်းအစားကြီး(၃) ကို ကိုယ်စားပြုကာ အခြေခံထားသော လွှတ်တော်(၃) ရပ် ပါဝင်နေသည်။ ပထမလွှတ်တော်တွင် ဘာသာရေးအလွှာ ၂ လွှာက ကိုယ်စားလှယ်များ ပါဝင်သည်။ ဒုတိ ယလွှတ်တော်တွင် ပဒေသရာဇ်ကိုယ်စားလှယ်များ....တတိယလွှတ်တော်တွင်မူ သာမန်လူတန်းစား ကိုယ်စားလှယ်များ ပါဝင် ကြသည်။
ပြည်သူ့လွှတ်တော်တွင် ဥပဒေပြုခွင့်အာဏာ မရှိပါ။ ဘုရင်ကို အကြံဉာဏ်ပေးရသော အဖွဲ့အစည်းမျှသာ ဖြစ်ပါသည်။ ထိုမျှမက လွှတ်တော် ကျင်းပသည့်အခါတွင်လည်း လွှတ်တော်(၃) ရပ်စလုံး တပေါင်းတစည်းတည်း ကျင်းပ ရသည် မဟုတ်ပါ။ လွှတ်တော် တခုချင်း ခွဲပြီး ကျင်းပရသည်။ လွှတ်တော်တခုလျှင် မဲ ၁ မဲ၊ ပေါင်း ၃ မဲမှာ မဲများသော ဆုံးဖြတ် ချက်က အနိုင်ရသည်။ ထို့ကြောင့် ပထမလွှတ်တော်နှင့် ဒုတိယလွှတ်တော် ပေါင်းစည်းလိုက်လျှင် တတိယလွှတ်တော်ကို နိုင်စမြဲပါ။ ဓနရှင်၊ အလုပ်သမား၊ လယ်သမားများသည် အမြဲတမ်း အရှုံးဘက်ကချည်း ဖြစ်နေသည်။
ဤတကြိမ် လွှတ်တော်ခေါ်ဆိုသည့်အခါ ဤကိစ္စကို တော်လှန်ပစ်ရန် တတိယလူတန်းစားတွေက ပြင်ဆင် ထားကြသည်။

အရှေ့မိုးကောင်းကင်ဝက်ဆိုဒ် မှ ကူးယူဖော်ပြပါသည်။

0 comments:

Post a Comment