သို့သော်လည်း ထိုင်းအခြေခံဥပဒေ၊ နိုင်ငံတကာ အလုပ်သမား ဥပဒေတို့တွင် ပြဋ္ဌာန်းထားချက်အရ အလုပ်သမားဆိုင်ရာ ရပိုင်ခွင့်များသည် ထိုင်းနိုင်ငံသားများသာမက ထိုင်းတွင်ရောက်ရှိနေသော မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား နိုင်ငံတို့မှ အလုပ်သမားများနှင့်လည်း အကျုံးဝင်ကြောင်း သိရသည်။
“အခြေခံ သတ်မှတ်ထားတဲ့ လစာရဖို့က လက်တွေ့မှာ နည်းနည်း ခက်တယ်၊ ဘာဖြစ်လို့လဲ ဆိုတော့ သူတို့တွေက ခွဲခြားခံနေရတယ်၊ အလုပ်ရှင်တွေကလည်း အနိမ့်ဆုံး လစာကို မပေးချင်ကြဘူး၊ ရွှေ့ပြောင်း အလုပ်သမားတွေမှာ စုစည်းထားတဲ့ သမဂ္ဂလို အဖွဲ့မျိုး မရှိတာကလည်း အနိမ့်ဆုံး လုပ်အားခ သတ်မှတ်ချက်ကို ရဖို့ မလွယ်ဘူး” ဟု လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးရေး ဖောင်ဒေးရှင်း ညွှန်ကြားရေးမှူး အန်ဒီဟောလ်က ဧရာဝတီသို့ ပြောသည်။
အနိမ့်ဆုံး လစာ သတ်မှတ်ချက်တွင် အချိန်ပို၊ အလုပ်ခွင်လုံခြုံမှု စသည့်တို့ ပါဝင်မှု ရှိမရှိ ရှင်းလင်းလင်း မသိရသေးကြောင်း၊ လာမည့်နှစ်တွင် အကောင်အထည်ဖော်နိုင်လိမ့်မည်ဟု ယူဆထားကြောင်း ၎င်းက ဆိုသည်။
အာဏာရပါတီသည် မကြာသေးမီက ရွေးကောက်ပွဲ မဲဆွယ်စဉ် နေ့တွက်ခ ဘတ် ၃၀၀ သတ်မှတ်ရန် ကတိပေးခဲ့သော်လည်း ယခု အကောင်အထည် ဖော်ဆောင်ရာတွင် အတိုက်အခံပြုမှုများနှင့် ရင်ဆိုင်နေရသည်။
လုပ်ငန်းရှင်များ နှင့် ထိုင်းဝန်ကြီးချုပ်ဟောင်း အဖိဆစ် ဝေ့ချာချီဝတို့က ယင်းအစီအစဉ် အလုပ်မဖြစ်နိုင်ကြောင်း ကန့်ကွက် ပြောဆိုထားပြီးဖြစ်သည်။
ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမား အများအပြားကလည်း ၎င်းတို့နှင့် ဘတ် ၃၀၀ အစီအစဉ် သက်ဆိုင်လိမ့်မည် မဟုတ်ဟု ဆိုသည်။
“ပေးမယ် ဆိုရင် မြန်မာ နိုင်ငံသားတွေကိုလည်း ပေးဖို့ မျှော်လင့်ပါတယ်၊ ဒါပေမယ့် မရနိုင်ဘူး ထင်တယ်၊ သတင်းကြားတာက ထိုင်းလူမျိုးတွေကိုပဲ ပေးမယ်၊ မြန်မာ နိုင်ငံသားတွေကို မပေးဘူးလို့ ကြားတယ်” ဟု ဘန်ကောက်မြို့အနီး မဟာချိုင် ဒေသရှိ ဆေးဆိုးပန်းရိုက် လုပ်ငန်းတခုတွင် လုပ်ကိုင်နေသည့် မောင်မြင့်ထွန်းက ပြောသည်။
သူက တနေ့ လုပ်အားခ ၂၁၅ ဘတ်သာ ရရှိသည်ဟု ဆိုသည်။ သူ၏ ၀င်ငွေမှာ ထိုင်းအလုပ်သမားဌာနက ထိုဒေသအတွက် သတ်မှတ်ထားသည့် အနိမ့်ဆုံးနေ့တွက်ခအတိုင်း ရရှိခြင်း ဖြစ်သည်။
အလုပ်သမား နေ့တွက်ခကို ခရိုင်အလိုက်ခွဲခြားထားရာ မြန်မာပြည်သား အလုပ်သမားအများစုမှာ သတ်မှတ်ထားချက်ထက် နည်းပါးသည့် လုပ်အားခကိုသာ ရကြသည်ဟု ထိုင်းနိုင်ငံတောင်ပိုင်း အခြေစိုက် ပညာရေးနှင့် ဖွံ့ ဖြိုး တိုးတက်ရေး ဖောင်ဒေးရှင်း ဒါရိုက်တာ ဦးထူးချစ်က ပြောသည်။
“လုပ်အားခကို ၃၀၀ သတ်မှတ်မယ် ဆိုရင်တော့ မြန်မာ အလုပ်သမားတွေလည်း အကျိုးခံစားခွင့်ရှိရမယ်၊ တကယ်လို့ အကျိုးခံစားခွင့် မရှိဘူးဆိုရင် အလုပ်သမား အရေး ဆောင်ရွက်နေတဲ့ NGO အဖွဲ့အစည်းတွေ၊ ကာယကံရှင် အစိုးရတွေကသာ အဲဒါကို ရအောင် လုပ်ပေးသင့်တယ်” ဟု ဦးထူးချစ်က ဆိုသည်။
ထိုင်းအစိုးရသစ်၏ နေ့တွက်ခ ဘတ် ၃၀၀ အစီအစဉ်ကြောင့် ကုန်းဈေးနှုန်းတက်လာနိုင်သဖြင့် အလုပ်သမားများ ယခင်ဝင်ငွေနှင့် ရပ်တည်ရန် ခက်ခဲလိမ့်မည်ဟု ဦးထူးချစ်က ဆက်ပြောသည်။
“ဒါကြောင့် ရွှေ့ပြောင်း အလုပ်သမားတွေနဲ့ ဒီထိုင်းအလုပ်သမားတွေနဲ့ တပြေးညီ ဆောင်ရွက်ပေးသင့်တယ်လို့ မြင်ပါတယ်” ဟု ၎င်းက ရှင်းပြသည်။
မြန်မာပြည်သားအလုပ်သမား အများအပြား တည်ရှိရာ မဲဆောက်မြို့တွင် နေ့တွက်ခ ၁၆၂ ဘတ် သတ်မှတ်ထားသော်လည်း ဘတ် ၁၀၀ အောက်သာ ရရှိကြသည်။
“လတ်တလော ၁၆၂ ဘတ် မရကြဘူး ဆိုတော့ နောက် ၃၀၀ ဆိုရင် ဖြစ်နိုင်ခြေ မရှိဘူးလို့ ထင်တယ်” ဟု မဲဆောက်မြို့အခြေစိုက် ရောင်ခြည်ဦး အလုပ်သမားအဖွဲ့မှ ကိုမိုးဆွေက ပြောသည်။
မကြာသေးမီက ကုလသမဂ္ဂ လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ အထူး ကိုယ်စားလှယ် Ms. Joy Ngozi Ezeilo ကလည်း ရွှေ့ပြောင်း အလုပ်သမားများကို အကာအကွယ်ပေးရန် ထိုင်းအစိုးရကို တိုက်တွန်းထားသည်။
ထိုင်းနိုင်ငံတွင် မြန်မာ ရွှေ့ပြောင်းအလုပ်သမား အရေအတွက် ၄ သန်းအထိ ရှိနိုင်ကြောင်း အလုပ်သမားအရေး ဆောင်ရွက်သူများက ခန့်မှန်းထားသည်။
ဧရာဝတီ သတင်းဌာနမှ ကူးယူဖော်ပြပါသည်။
0 comments:
Post a Comment