မင်္ဂလာပါ ... ကြွရောက်လာကြသော မိတ်သင်္ဂဟအပေါင်းတို့ကို "မြန်မာအလုပ်သမားများကွန်ယက်" ဆိုဒ်မှ နွေးထွေးစွာဖြင့် ကြိုဆိုပါတယ်ခင်ဗျာ....

ဆို့နင့်နေသောရင်ဘတ်များ

ကျနော်သည်မဲဆောက်နာရေးကူညီမှုအသင်းတွင် လုပ်အားပေးနေသူတဦးဖြစ်သည်။ နာရေးဖြစ်၍ အကြာင်းကြား လာလျှင်လည်း နာရေးကူညီမှုအသင်း၏သက်ဆိုင်ရာတာဝန်ရှိ သူများထံ ပြန်လည်အကြောင်းကြားပေးရသည့် တာဝန်ကို လည်းယူထားပါသည်။ မနေ့က ကျနော် အခြားအလုပ်ကိစ္စများ ရှုပ်နေသဖြင့် ဖုန်းပိတ်ထားလိုက်မိသည်။ ဒီနေ့မနက်ပိုင်း တော့ ဖုန်းဖွင့်လျှင်ဖွင့်ချင်း နာရေးကူညီမှုအသင်းမှသူငယ်ချင်းဖြစ်သူကိုဇော်သူက ကျနော့်ထံဖုန်း ဆက်ပြီး
" ဒီနေ့အလောင်း နှစ်လောင်း မဲဆောက် နာရေးကူညီမှုအသင်းက သင်္ဂြိုလ်ပေး စရာရှိလို့ မဲ့ဆောက်ကျောင်းကြီးမှာ လာဝိုင်းကူပါဦးလို့" ဆိုတော့ ကျနော်လည်းနာရေး ပြင်ဆင်ထားရာ ဘုန်းကြီးကျောင်းကို အသော့နှင်ခဲ့ရသည်။
ဒီနေရာမှာမဲဆောက်နာရေးကူညီမှုအသင်းဖြစ်ပေါ်လာပုံလေးကို အနည်းငယ်ပြောပြလို ပါတယ်။ မဲ့ဆောက်ဆိုတာ မြန်မာနိုင်ငံ ၊မြ၀တီမြို့ တစ်ဖက်ကမ်းမှာရှိတဲ့ ထိုင်းနိုင်ငံ၏နယ်စပ် မြို့လေးတစ်မြို့ပါ။ ၎င်းမြို့လေးသို့ စီးပွားရေး အဆင် မပြေကြသည့် မြန်မာနိုင်ငံတွင်းရှိ အနယ်နယ်အရပ်ရပ်မှအလုပ်သမားများ လာရောက်လုပ်ကိုင်စားရာနေရာဖြစ်သလို ထိုမြို့၌ ရွှေ့ပြောင်းမြန်မာ အလုပ်သမား ၅ သိန်းခန့် နေထိုင်လျှက်ရှိသည်။ မြန်မာနိုင်ငံသား များအတွက် တနယ်တကျေး ဖြစ်သောကြောင့် မိမိတို့၏နာရေးကိစ္စများ ပေါ်လာရင် ဘယ်သူ့ကိုအကူညီ တောင်းရမှန်းမသိသလို ဘယ်ကနေစ၍ လုပ်ကိုင်ဆောင်ရွက်ရမှန်း မသိဖြစ်ရပါသည်။ မဲ့ဆောက် ဆေးရုံကြီးမှာ ကွယ်လွန်လျှင်လည်း အလောင်းကိုမည့်သို့ သင်္ဂြိုလ်ရမည်ကို မသိသဖြင့် ဆေးရုံကို ဘတ် ၅၀၀ ပေးပြီး အပ်လိုက်ရသည်။ လူ့ဘ၀ရဲ့နောက်ဆုံးအချိန်လေးမှာ သံဃာတော်တွေမပါ သရဏံဂုဏ်မတင်လိုက်ရသည့်အလောင်းများမှာ ဒုနဲ့ဒေးဖြစ်သည်။
ထို့အတူ လူမသိသူမသိနှင့် အသတ်ခံလိုက်ရသည်များလည်းရှိသည်။ အချို့ဆိုလျှင်လူပွဲစား များ၏ သတ်ဖြတ်ခံရမှု များရှိသလို ထိုင်းအာဏာပိုင်အဖွဲ့အစည်းများ၏ မတရားသတ်ဖြတ်ခံ ရမှုများမှာလည်း ဖုံးကွယ်ထားပေမယ့် မဲဆောက်မြို့ ၏မဆန်းတော့သည့် လူတိုင်းသိသတင်းများဖြစ်သည်။ လူမှုရေးဆောင်ရွက်နေကြသည့်အဖွဲ့အစည်းများနှင့် ဆက်သွယ် မိရင်တော့ ကာယကံရှင်များမှာ ကောင်းမွန်စွာ သင်္ဂြိုလ်ခွင့်ရလိုက်ပါသည်။ မှုခင်းဆိုင်ရာကိစ္စရပ်များ အတွက်လည်း နစ်နာသည့်အခွင့်အရေးများရရှိအောင် လူမှုရေး အဖွဲ့စည်းများ အနေဖြင့် စေတနာပါစွာကူညီပေးတတ်ကြသည်။ အဖွဲ့အစည်းများမှာလည်း မိမိကိုယ်ကို အနိုင်နိုင်ရပ် တည်နေကြရာ နာရေးအတွက်ဆိုလျှင် အသေးသုံးလောက် သာ, သုံးစွဲနိုင်ကြသည်။ ထို့ကြောင့် ယ္ခင်နာရေးများ,ကူညီတုန်းကဆိုလျှင် ဟိုအဖွဲ့ကိုအလှူခံရ ဒီအဖွဲ့ကိုအကူညီတောင်းရနှင့်အ တော်ပင်ဒုက္ခရောက်ရသည်။
ဒီလိုနှင့် ကျနော်တို့သူငယ်ချင်းတွေအပါအ၀င် နာရေးကိစ္စများ ကို အမြဲကူညီဆောင်ရွက် နေကြသည့် အဖွဲ့အစည်းတွေရော၊ တစ်သီးပုဂ္ဂလများပါမကျန် အဝေး ရောက်မြန်မာနိုင်ငံသားများ၏ နာရေး အခက်အခဲများကို ပိုမိုကူညီဆောင်ရွက်နိုင်အောင် “မဲဆောက်နာရေးကူညီမှုအသင်း”ကို စုဖွဲ့လုပ်ဆောင်ကြခြင်းဖြစ်ပါသည်။
ဤဒေသတွင် မြန်မာနိုင်ငံသားတစ်ယောက် နာရေးဖြစ်လာလျှင် ဘုန်းကြီးကျောင်းများတွင် ထားရလေ့ရှိသည်။ မိမိငှားရမ်းနေထိုင်သည့် အိမ်တွင်သေဆုံးလျှင်လည်း ဘုန်းကြီးသို့သာ ပို့ဆောင်၍ အလောင်းပြင်ဆင်ထားရသည်။ အဘယ်ကြောင့်ဆိုသော် ထိုင်းလူမျိုးအိမ်ပိုင် ရှင်တို့သည် ၎င်းတို့၏နေအိမ်တွင် အသုဘကိုထားခွင့်မပြုချေ။ အချို့နေရာ များတွင် အိမ်ရှင် (သို့)ခြံပိုင်ရှင်များမသိအောင် နာရေးကိစ္စကို လျို့ဝှက်စွာပြုလုပ်ရပါသည်။ စက်ရုံများ အတွင်း နာရေး ဖြစ်ပေါ်လျှင် အချို့လုပ်ငန်းရှင်များမှာ မိမိအလုပ်သမား(သို့) အလုပ်သမားမိသားစု တို့၏ နာရေးကိစ္စတွင် တာဝန်ယူ ကူညီဖို့မဆိုထားနှင့် ၎င်းတို့၏လုပ်ငန်းများနှောင့်နှေးမည် စိုးသဖြင့် နာရေးလိုက်ပါပို့ဆောင်မည့် မိတ်ဆွေသင်္ဂဟ တို့ကို လည်း ခွင့်ရက်မပေးကြပေ။
မဲဆောက်ကျောင်းကြီး ဘုန်းတော်ကြီးကျောင်းရှိ အလောင်းပြင်ဆင်ထားရာသို့ ရောက်လျှင်လိုအပ်သည်များကို ကျနော်လည်းဝိုင်းကူပေးရသည်။ ကျောင်းကြီးတွင် နာရေးကူညီမှု အသင်းမှ တာဝန်ခံရော၊ ဘဏ္ဍာရေးမှူးတို့ပါ ရောက်နှင့် လျက်ရှိသည်။ ဘာဖြစ်လို့ဆုံးတာလဲ၊ ဘယ်နေရာကလဲ၊ ဘယ်အချိန်သင်္ဂြိုလ်မှာလဲ စသဖြင့် ဘုန်ကြီးကျောင်းကို အရင် ရောက်နှင့်နေသူ ကိုဇော်သူ အား ကျနော် မေးမြန်းစပ်စုနေမိသည်။
“ ဒီအလောင်းကတော့ ရိုးရိုးဆုံးတာပါ, ဒါပြီးရင်နောက်ထပ် တစ်လောင်းမဲဆောက် ဆေးရုံကြီးကနေ ၀ပ်ဒုံကယောက် သုဿန်မှာ သင်္ဂြိုလ်ဖို့လုပ်ပေးရဦးမယ်”
“အဲဒါကရော ဘယ်လိုဖြစ်တာလဲသူငယ်ချင်း” ကျနော်လည်းသူ့ကို ဆက်လက်မေးမြန်း နေမိသည်။
“မပြောချင်တော့ပါဘူးကွာ… မယ်ကုလွမ်ဖက်မှာ မြန်မာအချင်းချင်းဓားခုတ်မှုဖြစ်တာ , မဲဆောက်ဆေးရုံမှာ ၁၉ ရက် ကြာတော့ဆုံးသွားတာ , ငါတို့ဆီအကြောင်းကြားလာတော့လည်း ဓလေ့ထုံးစံအတိုင်း ကူညီပေးရတာပေါ့ကွာ”
“မနေ့ကတည်းက ကိုရန်မျိုးတို့ သက်ဆိုင်ရာရဲဆီကနေ သင်္ဂြိုလ်ခွင့်လက်မှတ်ရအောင် ဆောင်ရွက်တာပြီးသွားပြီ, အခုလည်း သေသူရဲ့တူမမိသားစု မယ်ဆောက်ကိုလာမယ်ဆိုလို့ သွားစောင့်နေတယ်, ဟိုမှာပြောရင်းနဲ့ ကိုရန်မျိုးတို့ လာနေကြပြီ”
ကိုရန်မျိုးမှာ မဲဆောက်နာရေးကူညီမှုအသင်းတွင် ဘဏ္ဍာငွေရှာဖွေရေး တာဝန်ယူထားသူ တစ်ဦးဖြစ်သည်။ ကျနော်လည်းသူ့အနားသွားရောက်၍ နောက်ထပ်ကူညီပေးရမည့် သေဆုံးသူ၏ ကာယကံရှင်တွေ ရောက်ပြီလားဟု မေးကြည့်လိုက်ရာ……။
“ ငါ့တို့မြန်မာလူမျိုးတွေရဲ့ဒုက္ခတွေဘယ်အချိန်ကျမှ အဆုံးသတ်မယ်မသိပါဘူး ”
“ ဘယ်လိုဖြစ်လို့ လူမျိုးလိုက်ချီပြီးတော့တောင် ညည်းတွားနေရတာလဲအစ်ကို ”
“ ဟ…..ဘာဖြစ်ရမှာလဲ , သူ့ဦးလေးရဲ့နောက်ဆုံးခရီးကို သင်္ဂြိုလ်ပေးဖို့လာကြတဲ့ တူမ မိသားစုလေ, ဒီကိုအလာ လမ်းမှာ ဘတ် ( အလုပ်သမားလက်မှတ်)မရှိလို့ ရဲဖမ်းခံရတာ, အခု နှစ်ထပ်အချုပ်ထဲရောက်နေတယ်, ငါတို့လည်း သေစာရင်းကိုင်ပြီးတော့ သွားလိုက်ထုတ်သေးတယ်, သူ့တို့ကိုဖမ်းသွားတဲ့ရဲက ဒီနယ်ကမဟုတ်ဘူး ,လမ်းမှာစီမံချက်နဲ့ လိုက်ဖမ်းပြီး နီးစပ်ရာ ရဲစခန်းမှာအမှုအပ်သွားတာ, ဘယ်လိုမှထုတ်လို့မရဘူး , နောက်ပြီးသူတို့ကိစ္စက တိုင်ချက်မဖွင့်ရ သေးဘူး, အဲဒါ မနက်ဖြန်လောက်မှ လွတ်လိမ့်မယ် ”
“ ဒါဆိုပြဿနာဘဲအစ်ကို … သုဿန်မှာသင်္ဂြိုလ်ဖို့အတွက်ရော ၊ နိဗ္ဗာန်ယာဉ်ပါစီစဉ်ပြီး နေပြီ ”
“ ဘယ်တတ်နိုင်မလဲကွာ ….သူ့ကာယကံရှင်မှမပါတာ,အာလုံးကိုအကျိုးအကြောင်း ပြောပြပြီး အစီအစဉ် ဖျက်လိုက် ပေါ့, ကာယကံရှင်တွေအချုပ်ကနေလွတ်တော့မှ ၀ိုင်းကူညီကြ တာပေါ့ ”
“ လောလောဆယ် အခုကူညီပေးရမယ့် အလောင်းကိုကောင်းမွန်စွာ သင်္ဂြိုလ်လို့ရအောင် စီစဉ်လိုက်ကြစို့ ”
ကျနော်တို့အားလုံးလည်း ကိုရန်မျိုး၏ပြောပြချက်များကိုကြားသိရသောအခါ အသီးသီး ဆွံ့အနေကြသည်။ ကိုယ့်တိုင်းပြည်မဟုတ်သောနေရာ၌ ဘယ်သူ့ကိုဘယ်လိုအပြစ်တင်ရမှန်း မသိတော့ပေ။ ထို့အတူအဖြစ်အပျက်များမှာ သိလိုက်သည်ရှိသလို မသိလိုက်ရသည်များလည်း မဲဆောက်ဒေသတွင် အများအပြားရှိနေမှာပါ။ မြန်မာအမျိုးသား အချင်းချင်း ကူညီရိုင်းပင်းကြသူများရှိသလို ကိုယ့်အမျိုးကိုယ်ဖျက်သူများလည်း ဤဒေသတွင် ကျင်လည်လျက် ရှိနေ သည်။ မျိုး ဖျက်ပုဂ္ဂိုလ်များ၏ တနေ့တချိန်၌ ၎င်းတို့မကောင်းမှုများအတွက် ထွက်ပေါက်မရှိချောင်ပိတ်မိ နေမှာ အသေအချာပင် ဖြစ်ပါသည်။
ကိုယ့်နိုင်ငံ၊ ကိုယ့်ရေ၊ ကိုယ့်မြေ ၊ ကိုယ့်အမျိုး ၊ဘာသာ၊ သာသနာ၊ ကိုယ့်မိသားစုနှင့် အဆင်ပြေစွာ ပြန်လည် နေထိုင် နိုင်ရေးမှာ ရွှေ့ပြောင်း လာရောက်လုပ်ကိုင်စားကြသည့် မြန်မာနိုင်ငံသားတိုင်း၏မျှော်လင့်ချက်ပန်းတိုင်ပင်ဖြစ်သည်။ သူတပါး နိုင်ငံမှာ လာရောက်လုပ်ကိုင်နေထိုင်ရသည်မှာ ကျီးလန့်စာစားဖြစ်နေရသလို သေရသည်မှာလည်း လူသား မဆန်စွာ အမှိုက်သဖွယ်ဖြစ်ရပုံတို့ကို မြင်တွေ့ရသည်မှာ ရင်ဘတ်အတွင်းနင့်နေအောင် ဖြစ်ရပါတော့သည်။


မတ်မင်း ( လှိုင် )
၃.၇.၂၀၁၀

0 comments:

Post a Comment