ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းမြို့ရှိ စဖန်းပလားလို့ ခေါ်တဲ့ ဆိပ်ကမ်းတနေရာမှာ ပင်လယ်ထဲကို ငါးဖမ်းထွက်ဖို့ နှစ်ထပ် ငါးဖမ်းလှေကြီးရဲ့ အပေါ်ဆုံးထပ်မှာ ရာနဲ့ချီတဲ့ ပုံးပြာပြာတွေကို ရေလုပ်သားတွေက ပြင်ဆင်နေကြသလို တချို့လှေတွေက ရေခဲတွေကို စက်နဲ့ လှေထဲထည့်နေကြပါတယ်။
ကမ်းနားမှာ တန်းစီ ရပ်ထားတဲ့ အဲဒီ ငါးဖမ်းလှေတွေထဲမှာ မြန်မာပြည် ကော့သောင်းဘက်က လာပြီး ခတ္တဆိုက်ကပ်ထားတဲ့ မင်းမင်းတိုး၊ သုခမောင်၊ အောင်ချမ်းနောင်၊ ဂျွန်နသန်၊ ကျော်ဆန်းလင်း၊ စိုးကိုလွင် ဆိုတဲ့ ငါးဖမ်းလှေတွေလည်း တွေ့နိုင်ပါတယ်။
ဒီဆိပ်ကမ်းမှာ အလုပ်လာလုပ်တဲ့ သူတွေဟာ မြန်မာနိုင်ငံ တနင်္သာရီတိုင်းက ထားဝယ်မြို့သားတွေ အများဆုံး ဖြစ်ပြီး ရန်ကုန်မြို့၊ မော်လမြိုင်မြို့၊ ကော့သောင်းမြို့ဒေသတွေက လာရောက် အလုပ်လာလုပ်ကြတဲ့ တိုင်းရင်းသားတွေလည်း ရှိပါတယ်။
အလုပ်လာလုပ်ကြသူတွေအနက် ဆိပ်ကမ်းမှာ ငါးလုပ်ငန်းကို လုပ်ကိုင်နေကြတာရှိသလို့ တချို့ကလည်း ပင်လယ်ထဲမှာ နှစ်ရှည် ငါဖမ်းလှေတွေမှာ အလုပ်လုပ်နေတဲ့ ရေလုပ်သားတွေလည်း ရှိပါတယ်။ အဲဒီ ရေလုပ်သားတွေကတော့ အိမ်ထောင်မရှိတဲ့ လူလတ်ပိုင်တွေ များပါတယ်။
၁၀ နှစ်ကျော်ကြာ ရေလုပ်သားအဖြစ် လုပ်ကိုင်နေတဲ့ အသက်၂၈ အရွယ် ကိုသားကြီးက “အခု ငါးဖမ်းလှေလောကမှာက မြန်မာတွေပဲ များတယ်။ ပဲ့နင်းတွေဆိုရင် တချို့လှေတွေမှာ ထိုင်း ပဲ့နင်း ၂ ယောက်လောက်ပဲ ရှိတယ်။ ကျနော် အခုစီးနေတဲ့လှေက မြန်မာ ၈ယောက်၊ ပဲ့နင်းက ထိုင်းတယောက်နဲ့ မြန်မာ တယောက် အားလုံး ၁၀ ယောက်ရှိတယ်” လို့ ပြောပါတယ်။
ကိုသားကြီးဟာ ရန်ကုန်မြို့က ဖြစ်ပြီး အသက် ၁၇ နှစ် အရွယ်ကတည်းက ကျောင်းထွက်ကာ ရနောင်းမြို့ကို ရောက်ရှိလာတာဖြစ်ပါတယ်။
“ကျနော် ၁၀ တန်း စာမေးပွဲဖြေပြီးတော့ ထွက်ခဲ့တာ။ ကျောင်းဆက် မတက်ဖြစ်တော့ဘူး။ ဒီလိုပဲပေါ့၊ ငွေရေးကြေးရေး အခက်အခဲကြောင့် မြန်မာပြည်မှာ ကျောင်းဆက်တက်လည်း ဘွဲ့ရတယောက်က ဘာမှသုံးစားလို့ မရတာ။ အလုပ်မရှိတဲ့ လူတွေလည်း တပုံကြီးပဲရှိတယ်” လို့ ကိုသားကြီးက ပြောပါတယ်။
ပင်လယ်ထဲကို ငါးဖမ်းထွက်တဲ့အခါ မြန်မာရေလုပ်သားတွေကို ထိုင်းတွေက အနိုင်ကျင့်မှုတွေအပြင် ထိုင်းလှေပိုင်ရှင် သူဌေးက ခွဲခြားဆက်ဆံတာတွေလည်း ရှိတယ်လို့ သူက ဆိုပါတယ်။
“ထိုင်း ပဲ့နင်းတယောက်နဲ့ မြန်မာ ပဲ့နင်းတယောက် အလုပ်လုပ်တာချင်း အတူတူပဲ။ ဒါပေမယ့် လစာကတော့ ကွာသွားပြန်ရော မြန်မာပဲ့နင်းတွေကိုတော့ တလကို ဘတ်ငွေ ရှစ်ထောင်၊ ကိုးထောင်ပဲ ပေးတယ်။ ထိုင်းပဲ့နင်းတွေကိုတော့ တသောင်း၊ တသောင်းနှစ်ထောင်ပေးတယ်” လို့ ကိုသားကြီးက ပြောပါတယ်။
“ထိုင်းတွေက မြန်မာဆိုရင် လူလို့ထင်တာမှ မဟုတ်တာ၊ မြန်မာတယောက် ဒုက္ခရောက်တာကို သူတို့ မွေးထားတဲ့ ခွေးတွေ လောက်တောင် ဂရုစိုက်တာ မဟုတ်ဘူး။ အရင်တုန်းက သတ်တယ်။ အခုကတော့ သတ်တယ်ဆိုတာ မရှိတော့ဘူး။ ဒါပေမယ့် ရိုင်းရိုင်းစိုင်းစိုင်း ဆဲဆိုတယ်၊ ရိုက်နှက်တယ်” လို့ သူက ဆက်ပြောပါတယ်။
ထိုင်းနိုင်ငံသား အယောက် ၁၀၀ မှာ အယောက် ၃၀ လောက်ကသာ စိတ်ကောင်း ရှိကြပါတယ်လို့ သူက ဆိုပါတယ်။
မြန်မာ ရေလုပ်သားတွေဟာ တခါတလေ ပိုက်ဆံအပြည့် မရတာ၊ ပွဲစားတွေကတဆင့် ရောင်းစားခံရလည်း ရှိတယ်လို့ ရေလုပ်သားတွေဆီကနေ သိရပါတယ်။ ပင်လယ်ထဲမှာ ငါးဖမ်းလှေတွေဟာ လနဲ့ချီပြီးတော့ ငါးဖမ်းကြတာရှိသလို နှစ်နဲ့ချီပြီးတော့ ငါးထွက်ဖမ်းတဲ့ လှေတွေလည်း ရှိပါတယ်။
ကိုသားကြီးကတော့ သူလုပ်နေတဲ့ ငါးဖမ်းလှေမှာတော့ မြန်မာ ရေလုပ်သားတွေ ရောင်းစားခံရတာမျိုး မရှိကြောင်း၊ ဒါပေမယ့် နှစ်နဲ့ချီပြီးတော့ ပင်လယ်ထဲထွက်တဲ့ ငါးဖမ်းလှေတွေမှာတော့ ရောင်းစားခံရတာတွေ ရှိတယ်လို့ ကြားဖူးကြောင်း ပြောပါတယ်။
“ရနောင်းမြို့မှာ အဲဒီလို ရောင်းစားတာတွေကတော့ ခုနှစ်လ၊ ရှစ်လကြာထွက်တဲ့ လှေတွေမှာတော့ ခပ်ရှားရှားပဲ။ ကမ်းနားကို ခဏခဏ ၀င်နေတယ်ဆိုတော့ ရောင်းစားတဲ့ ကိစ္စကတော့ သိပ်မရှိဘူး။ အင်ဒိုတို့၊ ဆောင်ခလာတို့ဘက်ကို နှစ်နဲ့ချီထွက်တဲ့ လှေတွေကျတော့ နှစ်ပြည့်သွားလို့ ကမ်းဝင်သွားပေမယ့်လည်း မြန်မာ လှေသားတွေကို တချို့လှေတွေဆီမှာ ထားခဲ့လိုက်တယ်။ အဲဒီလို မျိုးတွေရှိတယ်” လို့ ကိုသားကြီးက ဆိုပါတယ်။
ငါးဖမ်းလှေတွေ အများစုကတော့ ရနောင်းမြို့ ရေပိုင်နက်ထဲမှာ ငါးဖမ်းကြတာရှိသလို ငါးများများ မရတဲ့အခါ မြန်မာ ရေပိုင်နက်ထဲကို ကျူးကျော်ပြီး ငါးခိုးဖမ်းတာတွေ ရှိတယ်လို့ သိရပါတယ်။ တခါတရံ ငါးခိုးဖမ်းလို့ မြန်မာစစ်သားတွေက လိုက်တဲ့အခါ ထိုင်းရေပိုင်နက်ထဲကို မြန်မြန်မောင်းပြေးနိုင်တာ ရှိသလို အဖမ်းခံရတဲ့ လှေတွေလည်း ရှိပါတယ်။
တခြား ငါးဖမ်းလှေတစီးမှာ အလုပ်လုပ်နေတဲ့ မော်လမြိုင်မြို့နယ်က အသက် ၃၀ ကျော်အရွယ် ရေလုပ်သားတဦးက သူ့ရဲ့အတွေ့အကြုံနဲ့ ပတ်သက်ပြီး “ငါးခိုးဖမ်းနေတာကို မြင်ရပြီဆိုတာနဲ့ မြန်မာစစ်သင်္ဘောက ပစ်တာပဲ။ တချို့လှေသားတွေ သေနတ်ထိတဲ့လူတွေလည်း ရှိတယ်။ လှေပေါ်က ရေလုပ်သားတွေ ခုန်ချလိုက်ပြီဆိုရင် စစ်သင်္ဘောတွေက လှေနားကို ကပ်လာပြီး လှေတွေကို သိမ်းလိုက်တာတွေရှိတယ်” လို့ ပြောပါတယ်။
မြန်မာ စစ်သင်္ဘောတွေက ပစ်ခတ်ပြီး ၀င်ဖမ်းပြီးဆိုရင် ရေထဲခုန်ချတဲ့အခါ နှစ်ရက်လောက် ရေထဲမှာပဲ နေရတာမျိုးရှိကြောင်း၊ လှေနဲ့ လာကြိုတဲ့လူတွေရှိသလို့ တခါတလေ ကျွန်းတွေမှာ သောင်တင်နေတာတွေရှိကြောင်းနဲ့ တချို့ရေလုပ်သားတွေလည်း အသက်ဆုံးရှုံးရတာမျိုးရှိကြောင်း သိရပါတယ်။
မြန်မာ ရေလုပ်သားတချို့ကို ထိုင်းနိုင်ငံမှာ တရားဝင် အလုပ်လုပ်ဖို့အတွက် ထိုင်းအလုပ်ရှင်တွေက အလုပ်သမားလက်မှတ် လုပ်ပေးတာရှိသလို မလုပ်ပေးတာတွေလည်း ရှိပါတယ်။ အလုပ်ရှင်က လုပ်ပေးထားရင် လကုန်မှာ အလုပ်ရှင်ကို အရစ်ကျ ပြန်ဆပ်ရပါတယ်။
ရေလုပ်သားတွေ နေထိုင်မကောင်းဖြစ်ရင်၊ ထိခိုက်မှုဖြစ်ရင် ကျန်းမာရေး စောင့်ရှောက်မှုနဲ့ ပတ်သက်လို့ ကိုသားကြီးက “ဆေးရုံတင်ပေးတယ် ဆိုပေမယ့်လည်း တချို့သူဌေးတွေဆိုရင် ဆေးရုံကိုရောက်အောင် တင်မပေးဘူး၊ မိသားစုရှိရင် မိသားစုက လာခေါ်သွားရတယ်” လို့ ပြောပါတယ်။
ပင်လယ်ထဲမှာ ငါးဖမ်းလှေနဲ့ လိုက်ရာမှာ ဒုက္ခခံရတာတွေ ရှိကြောင်း၊ အသက် အန္တရာယ် စိုးရိမ်ရတာတွေလည်း ကြုံခဲ့ရကြောင်း ရေလုပ်သားတွေက ပြောကြပါတယ်။
ဥပမာ အနေနဲ့ပြောရရင် ရေလုပ်သားတွေ ပင်လယ်ထဲမှာ အစာရေစာ ငတ်မွတ်ပြီးတော့ လူ ၃၉ ယောက် အသက်ဆုံးရှုံးသွားတဲ့ အမူမျိုးပါ။
၂၀၀၆ ခုနှစ်လောက်က ထိုင်းတယောက် ပိုင်တဲ့ ငါးဖမ်းလှေတစီး အင်ဒိုနီးရှား ရေပိုင်နက်အနီးမှာ ငါးဖမ်းထွက်နေစဉ် လှေပေါ်ပါလာသော လူ ၁၀၀ လောက် ၃ လကြာ အစာရေစာငတ်မွတ်ပြီး မြန်မာနိုင်ငံသားများ အပါအ၀င် ၃၉ ယောက် သေဆုံးသွားတဲ့ကိစ္စ ဖြစ်ပါတယ်။
ရေလုပ်သားတွေဟာ အင်ဒိုနီးရှားနိုင်ငံမှာရှိတဲ့ ရဲတွေကို ကြောက်ပြီး လှေကို ကမ်းမကပ်ဘဲ ထိုင်းနိုင်ငံဘက် ပြန်လာနေစဉ် လမ်းခုလတ်မှာ အခုလို အစာရေစာ ပြတ်လပ်တဲ့ အဖြစ်အပျက်မျိုး ကြုံတွေ့ခဲ့ကြတာဖြစ်တယ်လို့ သတင်းတွေက ရေးပါတယ်။
အဲဒီအချိန်က အသက်ဆုံးရှုံးသွားတဲ့ ရေလုပ်သား ၃၇ ယောက်ကို ပင်လယ်ထဲ ပစ်ချခဲ့ပြီး ကျန်တဲ့ ၂ ယောက်ကို ကျွန်းတခုမှာ မြေမြှုပ်ခဲ့ပါတယ်။ အသက် မသေဘဲ ရှင်ကျန်ခဲ့တဲ့ ရေလုပ်သားတွေကလည်း ဆိပ်ကမ်းကို ပြန်ရောက်တဲ့အခါ အစာရေစာငတ်တဲ့ နောက်ဆက်တွဲ ဝေဒနာတွေ ခံစာခဲ့ရပါတယ်။
ဝါရင့်လှေလုပ်သားတယောက် ဖြစ်နေတဲ့ ကိုသားကြီးကတော့ မြန်မာပြည်သားတွေ အနေနဲ့ ထိုင်းကိုလာပြီး လှေလိုက်စားတဲ့အလုပ်ကို မလုပ်တာ အကောင်းဆုံးပဲလို့ အကြံပေးပါတယ်။
“လှေလုပ်သား ဘ၀မှာ အသက်အန္တရာယ်များတယ်။ ကိုယ်ဘယ်နေ့ သေမယ်ဆိုတာ မသိဘဲ အသက် အာမခံချက်လည်း မရှိဘူး။ ကိုယ်က ပင်လယ်ထဲမှာ ရောက်နေတဲ့အချိန် ကမ်းမှာ ရှိနေတဲ့ မိသာစုတွေ တခုခုဖြစ်ပြီးဆိုရင် ဘာမှကူညီလို့ မရဘူး။ သူသတ်မှတ်ထားတဲ့ အချိန်ရောက်မှပဲ ကိုယ်က ကမ်းပြန်ဝင်ရတာ ဖြစ်တယ်” လို့ ကိုသားကြီးက ပြောပါတယ်။ ။
ဧရာဝတီ ၀က်ဆိုက်မှ ကူယူဖော်ပြပါသည်၊
0 comments:
Post a Comment