ဟန်ထိုင်း သိုးမွှေးစက်ရုံက အလုပ်သမားတိုက်ပွဲ
မဲဆောက်ကနေ အရှေ့တောင်ဘက်ကို စက်ဘီးနဲ့ နာရီဝက်ကျော် တနာရီနီးပါးလောက် နင်းလိုက်ရင် မယ်ကု ဆိုတဲ့ ရွာကြီးကို ရောက်ပါပြီ။ အဲဒီရွာကြီးနားမှာလည်း သိုးမွှေးစက်ရုံတွေ ရှိပါတယ်။ ဟန်ထိုင်း၊ ထိုင်းစန်း၊ အေစီအာ၊ အက်စ်အာ စတဲ့ ရုံတွေပါ။ ကျနော် အခုတင်ပြမှာကတော့ ဟန်ထိုင်း (Hang Thai Knitting) သိုးမွှေးစက်ရုံအကြောင်းပါ။
စက်ရုံရဲ့ လိပ်စာက အမှတ် ၆ဝ၈၊ ၇ ရပ်ကွက် မယ်ကုရွာ ဖြစ်ပါတယ်။ စက်ရုံစဖွင့်တာ ၁၉၉၆ ခုနှစ်ကတည်းကပါ။ စဖွင့်တဲ့အချိန်တုန်းကတော့ အလုပ်သမား ၃ဝဝဝ ကျော်ရှိပါတယ်။ လက်ရှိမှာတော့ အလုပ်သမား ၁၅ဝဝ လောက်ပဲ ရှိပါတော့တယ်။ မိန်းကလေးက များပါတယ်။ ယောက်ျားလေး ၂ဝဝ ကျော်လောက် ပဲရှိပါတယ်။ လက်ရှိသူဋ္ဌေးကို အလုပ်သမားတွေက အဘင် လို့ ခေါ်ပါတယ်။ အရင်တုန်းက သူ့အဖေရဲ့ စက်ရုံကို သူက ဆက်လက်လုပ်ကိုင်တာပါ။ နိုင်ငံခြားသား တရုတ်လူမျိုးတဦးပါ။
စက်ရုံကကြီးတော့ အခြားစက်ရုံတွေထက် အလုပ်ဌာနတွေလည်း ပိုများပါတယ်။ လျှော်စက်၊ မီးပူတိုက်တာတွေအပြင် မော်တာနဲ့ တံဆိပ်ကပ်ပြီး ပါကင်ထုပ်တာတွေလည်း ပါ,ပါတယ်။ စက်ရုံမန်နေဂျာက ထိုင်းလူမျိုးဖြစ်ပြီး မြန်မာလူမျိုး လူမှုရေးမန်နေဂျာ၊ အဆောင်မှူး၊ ဆရာဆရာမတွေ ခန့်ထားပါတယ်။ သူတို့ကိုတော့ သူဋ္ဌေးက အခွင့်အရေး အပြည့်အဝ ပေးထားပါတယ်။ တိုက်ခန်းနဲ့ နေရတဲ့အပြင် အဝတ်လျှော်စက်တို့၊ ကာရာအိုကေတို့ကိုပါ ထားပေးပါတယ်။
ဒါ့အပြင် အလုပ်သမားတွေအပေါ် မိုက်မိုက်ရိုင်းရိုင်း ဆက်ဆံခွင့်တွေ ပေးထားပါတယ်။ အလုပ်သမားတွေနဲ့ ခွဲခြားဆက်ဆံတဲ့ သဘောပေါ့။ အလုပ်သမားတွေကိုတော့ အရှည်ပေ ၃ဝ ၊ အကျယ် ၁၂ ပေလောက်ရှိတဲ့ အခန်းထဲမှာ လူ ၂ဝ လောက် ထားပါတယ်။ နှစ်ထပ်လုပ်ပေးထားပါတယ်။ အောက်ထပ်က လူငုတ်တုပ်ထိုင်ရင် လွတ်ရုံလောက်လေးပါ။ အိမ်ထောင်သည်တွေအတွက် ၈ ပေ၊ ၁ဝ ပေ ပတ်လည်လောက်ရှိတဲ့ အခန်း ကာပေးထားပါတယ်။
အခြားစက်ရုံတွေလိုပဲ ထမင်း တနေ့ကို ၃ ကြိမ်ပေးပါတယ်။ ဟင်းက ကိုယ့်အစီအစဉ်နဲ့ ကိုယ်ပေါ့။ တပတ်မှာ တနင်္ဂနွေ တရက်ပဲ ည ၁ဝ နာရီကျော်မှ ဟင်းချက်ခွင့် ပေးထားပါတယ်။ မီးသွေးတို့၊ ထင်းမီးတို့ သုံးခွင့် မရှိပါဘူး။ လူ ၁၅ဝဝ အတွက် ပလပ်ပေါက် ၂၄ ခု ထားပေးပါတယ်။ အဲဒီမှာ အလှည့်ကျချက်ရပါတယ်။ ကျန်တဲ့ ရက်တွေ ချက်ခွင့်မရှိပါဘူး။
စက်ရုံရဲ့ အလုပ်ချိန်ကတော့ မနက် ၈ နာရီကနေ ည ၉ နာရီအထိပါ။ (နေ့လည် ၁၂ နာရီနဲ့ ညနေ ၅ နာရီ ထမင်းစားလွှတ်)။ အလုပ်အရေးကြီးရင် ကြီးသလို ၂ ညအိပ် ၃ ရက် လုပ်ရတာတာတွေလည်း ရှိပါတယ်။ အချိန်ပို လုပ်အားခ မရပါဘူး။ အဲလို ပင်ပင်ပန်းပန်း လုပ်ရပေမယ့်လည်း နောက်နေ့တွေ ပုံမှန်အတိုင်း အလုပ်ဆင်းရပါတယ်။ စက်ရုံထဲမှာ သူ့ဌာနနဲ့သူ လိုင်းဆရာတွေက အလုပ်ဆင်းတဲ့သူတွေ စာရင်းကောက်ပေးရပါတယ်။ လစာထုတ်ရက်က လစဉ် ၁ဝ ရက်နေ့ပါ။ ဒါဇင်ပိတ်တာက ၂၅ ရက်နေ့။ ရက်ပေါင်ကြေး ၁၅ ရက် ယူထားပါတယ်။ စက်ရုံအလုပ်သမားတိုင်း စက်ရုံယူနီဖောင်း ဝတ်ရပါတယ်။ စက်ရုံက နှစ်စုံထုတ်ပေးပါတယ်။ တစုံ ကိုယ့်ဟာကိုယ် ဝယ်ရပါတယ်။ အလုပ်သမားတွေက ယူနီဖောင်း အဝါရောင်၊ ဆရာ/ဆရာမတွေက အပြာရောင်ဖြစ်ပြီး QC (Quality Control) တွေက မိုးပြာရောင် ဝတ်ရပါတယ်။
လစဉ် လစာထုတ်ပြီး နောက်တနေ့တရက်ပဲ ပိတ်ပေးပါတယ်။ တနင်္ဂနွေနေ့တွေကိုတော့ အလုပ်ဆင်းရပါတယ်။ ဒါပေမဲ့ ယူနီဖောင်းဝတ်စရာ မလိုပါဘူး။ လွတ်လပ်ခွင့် ပေးထားပါတယ်။ မန်နေဂျာနဲ့ ခွင့်တိုင်ပြီး အပြင်သွားလို့လည်း ရပါတယ်။ တနင်္ဂနွေနေ့ကို အလုပ်မခိုင်းဘူးဆိုတဲ့ သဘောမျိုးပေါက်အောင် လုပ်ထားတာပါ။ မဆင်းလို့လည်း မရပါဘူး။ လိုင်းဆရာတွေ စာရင်းကောက်တဲ့အချိန်မှာ မရှိတဲ့ရက်များရင် အလုပ်ပြုတ်ပါတယ်။ ပါကင်ထုပ်၊ ချည်ရစ်၊ ဘွိုင်လာမီးထိုး စတဲ့ နေရာတွေမှာ အလုပ်သမားတွေကို နေ့စားခိုင်းပါတယ်။ ဘွိုင်လာကတော့ မီးပူတိုက်ဖို့အတွက် ရေနွေးငွေ့ရအောင် လုပ်တာပါ။ တချို့စက်ရုံတွေမှာ ဂက်စ်နဲ့ သုံးပါတယ်။
နေ့စားအလုပ်သမားတွေကို မနက် ၈ နာရီကနေ ည ၉ နာရီအထိကို တနေ့ ဘတ် ၆ဝ ကနေ ၈ဝ ထိ ပေးထားပါတယ်။ တခြား အလုပ်သမားတွေက ဒါဇင်စားပါ။ ကိုယ်လုပ်နိုင်ရင် လုပ်နိုင်သလောက် ရပါတယ်။ အလုပ်ကောင်းတဲ့လတွေ (အထက်မှာ ပြောခဲ့သလို ၂ ညအိပ် ၃ ရက် လုပ်ရတဲ့ လတွေ) မှာ အလုပ်ကျွမ်းကျင်တဲ့ သူတွေကတော့ ၅ ထောင်၊ ၆ ထောင်လောက် ထိရကြပေမယ့် ၂ဝဝဝ၊ ၃ဝဝဝ လောက်ရတဲ့သူတွေလည်းရှိပါတယ်။ အခြားစက်ရုံများနည်းတူ အလုပ်မရှိတဲ့လတွေ လည်း ရှိပါတယ်။ အလုပ်သမားလက်မှတ်မရှိတဲ့သူတွေကို ရဲကြေးဆိုပီး တလ ၂ဝဝ ဖြတ်ပါတယ်။ လက်မှတ်ရှိတဲ့သူ တွေကိုတော့ တလ ၄ဝဝ ဘတ်ဖိုးကျေတဲ့အထိ ဖြတ်ပါတယ်။
လက်ရှိသူဋ္ဌေးရဲ့ အဖေ လက်ထက်ကတည်းက အလုပ်လုပ်လာတဲ့ သူတဦးကဆို ''ကျနော်တို့ အလုပ်စဝင်တာ ၁၉၉၆ ကပါ။ မြန်မာပြည်က တက်လာကာစဆိုတော့ စက်ဆွဲမတတ်သေးပါဘူး။ အဲဒီအချိန်မှာ မတတ်သေးတဲ့အတွက် သူဋ္ဌေးက တနေ့ကို ဘတ် ၅ဝ ပေးထားပါတယ်။ ဟင်းဖိုးလည်း ၁ဝ ဘတ် ပေးပါသေးတယ်။ အဲဒီလို ၃ လလောက် ပေးထားပါတယ်။ အလုပ်ချိန်ကတော့ မနက် ၈ နာရီကနေ ည ၁၁ နာရီအထိပါ။ စနေဆို ည ၉ နာရီအထိ။ တနင်္ဂနွေဆို ညနေ ၅ နာရီအထိ ပုံမှန်ဆင်းရတယ်'' လို့ ပြောပါတယ်။
''အလုပ်သမားလက်မှတ်လည်း လုပ်စရာမလိုတော့ သူ့အတွက် ကုန်စရာမလိုဘူး။ စဝင်တုန်းက လူ ၅ဝဝ လောက်ပဲ ရှိပါတယ်။ ရုံကလည်း သေးသေးလေးပါ။ အဲဒီတုန်းက ဒါဇင်ဈေး ကောင်းတော့ အသင်တောင်မှ တလကို ဘတ် ၄ဝဝဝ လောက် ရတယ်။ ကျနော်တို့ဆို လင်မယားနှစ်ယောက်လုပ်တာ ဒီမှာလည်း စားချင်တိုင်းစား၊ သုံးချင်တိုင်း သုံးပြီးတဲ့အပြင် မြန်မာပြည်ကိုလည်း မြန်မာငွေ ၃ဝဝဝဝ (သုံးသောင်း) လောက် ပို့နိုင်သေးတယ်။ အဲလို ပို့ပြီးတာတောင် တလကို ရွှေငါးမူးသားလောက် စုမိတယ်။ အဲဒီအချိန်မှာ ရွှေတကျပ်သားကို ဘတ် ၄ဝဝဝ ကျော်လောက်ပဲ ရှိတယ်။ ကျနော်တို့ရုံက ဖွင့်စဆိုတော့ အလုပ်လည်းကောင်း၊ ဒါဇင်ဈေးလည်း ကောင်းတော့ စက်ရုံမှာ အလုပ်ဝင်ချင်တဲ့သူတွေ တန်းစီနေတာပဲ။ စက်ရုံဝမှာ ထိုင်ကိုစောင့်နေကြတာ။ နောက်ပိုင်းမှာ လုပ်ခတွေကလည်း နည်းလာတယ်။ ဟင်းဖိုးကလည်း ဟိုတုန်းက ဟင်းတထုပ်ကို ၃ ဘတ်ပဲ ပေးရတယ်။ အခု ၅ ဘတ်၊ ၆ ဘတ်။ အလုပ်သမားလက်မှတ်အတွက်လည်း ကုန်သေးတယ်ဆိုတော့ တလကို ၁၅ဝဝ လောက်ရဖို့အတွက် မနည်းစုရတယ်။ အလုပ်မရှိရင်တော့ သွားပြီပေါ့" ဟု ၁၃ နှစ်လောက် လုပ်ခဲ့တဲ့ သူက ဆိုပါတယ်။
အလုပ်သမားတွေလည်း ကျေနပ်တာရှိသလို၊ မကျေနပ်တာတွေလည်း ရှိကြပါတယ်။ ၂ဝဝ၈ ခုနှစ် ၁၁ လပိုင်းမှာတော့ သူဋ္ဌေးက အလုပ်သမားတွေကို ဖောင်ဖြည့်ခိုင်းပါတယ်။ အဲဒီဖောင်ကလည်း အလုပ်သမားအသစ်ငှားတဲ့ စာချုပ်ပါ။ နှစ်တွေ ဘယ်လောက်ကြာကြာလုပ်ခဲ့တဲ့ အလုပ်သမားပဲဖြစ်ဖြစ် စာချုပ်အသစ် ချုပ်ခိုင်းပါတယ်။ အဲဒီစာချုပ်အရ အလုပ်သမားတွေကို ၁၁၉ ရက် အစမ်းခန့်တာဖြစ်ပြီး သူဋ္ဌေးက မကြိုက်ရင် အလုပ်ဖြုတ်မှာပါ။ အဲဒီမှာ အလုပ်သမားတွေက မခံနိုင်တော့ပါဘူး။ အဲဒီစာချုပ်မှာ တခြားမတရားတာတွေလည်း ပါပါတယ်။ အလုပ်သမားတွေ လက်မှတ် မထိုးကြပါဘူး။
အဲဒီလိုနဲ့ အလုပ်လုပ်လာခဲ့ကြတာ စက်ရုံလိုင်းဆရာတွေရဲ့ ညစ်ပတ်မှုနဲ့ အလုပ်သမား ၂၉ ယောက်ကို အလုပ်ဖြုတ်ဖို့ လုပ်ပါတယ်။ အဲဒီ ၂၉ ယောက်က အလုပ်သမားရေးတွေလုပ်လို့၊ အလုပ်သမားတွေကို လက်မှတ် မထိုးဖို့ စည်းရုံးလို့ ဆိုပြီး လုပ်တာပါ။ သူတို့ကို ရုံးခန်းထဲခေါ်ပြီး မြဝတီကတဆင့် နေပြည်တော်အထိပါ ပို့မယ်လို့ ပြောတာပါ။ အဲဒီအချိန်မှာ စက်ရုံမှာရှိတဲ့ အလုပ်သမားအကုန်လုံးက မကျေနပ်လို့ဝိုင်းပြီး ဆန္ဒပြကြတာပါ။ တရုံလုံး ပါလာတဲ့အတွက် သူဋ္ဌေးက အလျှော့ပေးလိုက်ရပါတယ်။ အဲဒီအလုပ်သမား ၂၉ ယောက်ကို ရုံးခန်းထဲမှာ တနေကုန် ခေါ်ထားပါတယ်။
အဲဒီအခြေနေတွေကို မြင်တွေ့ခဲ့ရတဲ့ အလုပ်သမတဦးကတော့ ''အဲဒီ ၂၉ ယောက်မှာ ဘာအပြစ်မှ မရှိပါဘူး။ သူတို့ တမင် အလုပ်ဖြုတ်ချင်လို့ လုပ်တာပါ။ ရုံးခန်းထဲမှာ ခေါ်ထားပြီး ထမင်းလည်း မကျွေးဘူး။ အဲဒါကို အလုပ်သမားတွေက မခံနိုင်လို့ဝိုင်းပြီး ဆန္ဒပြကြတာပါ။ မဲဆောက်မှာရှိတဲ့ ဌာနပေါင်းစုံ လာပါတယ်။ ရဲတွေကော အချုပ်ကားတွေပါ ပါ,ပါတယ်။ မိန်းကလေးတွေက အချုပ်ကားနားမှာ ပိတ်ပြီး ရပ်နေကြပါတယ်။ အဲဒီ ၂၉ ယောက်ကို ဖမ်းရင် မိန်းကလေးတွေ အားလုံးလည်း အချုပ်ကားပေါ် တက်ကြဖို့ပါ။ အဲဒီလို ရုတ်ရုတ်သဲသဲ ဖြစ်နေတုန်း ကျမတို့အထဲက ထိုင်းစကားတတ်တဲ့ သူတယောက်ကို ထိုင်းစစ်သားက မေးတယ်။ မေးတော့ သူက စာချုပ်အသစ် ချုပ်တာကို အလုပ်သမားတွေ လက်မှတ်မထိုးကြလို့ အခုလို ဖြစ်တာပါလို့ ပြန်ရှင်းပြတော့… အဲဒီစစ်သားက သူတို့ အဲဒီအကြောင်းကို မသိကြောင်း၊ သူတို့က စက်ရုံမှာ အလုပ်သမားတွေ သောင်းကျန်းနေတယ်ဆိုလို့ လာရတာပါ။ သူတို့ရောက်လာချိန်မှာ အဲလိုမဟုတ်ဘဲ သူဋ္ဌေး ညစ်ပတ်တာကို သိသွားတော့ မင်းတို့ စက်ရုံရဲ့ ပစ္စည်းတွေကို ဘာတခုမှ မဖျက်ဆီးပါနဲ့၊ ကျန်တဲ့ အခွင့်အရေးတွေ မင်းတို့ အေးအေးဆေးဆေး တောင်းဆိုကြပါဆိုပြီး ပြန်သွားတယ်။ သူဋ္ဌေးလည်း အလျှော့ပေးလိုက်ရတယ်" ဆိုပြီး ပြောပြပါတယ်။ အဲဒီအလုပ်သမား ၂၉ ယောက်စလုံးဟာ ဘတ် (အလုပ်သမား လက်မှတ်) ကိုင်ဆောင်ထားသူတွေ ဖြစ်ပါတယ်။
သူဋ္ဌေးလည်း သူလုပ်ချင်တာ မလုပ်လိုက်ရတော့ ဘယ်ကျေနပ်မလဲ။ အလုပ်သမားတွေလည်း ပုံမှန် အလုပ်ပြန်ဆင်းကြပါတယ်။ သူဋ္ဌေးကတော့ သူ့ရဲ့စာချုပ်မှာ အလုပ်သမားတွေ လက်မှတ်ထိုးအောင် အကြံထုတ်နေတာပေါ့။ အချို့အလုပ်သမားတွေကို ဆရာ/ဆရာမတွေကတဆင့် စည်းရုံးသိမ်းသွင်းတဲ့ အတွက် အရင်လောက် လူမညီတော့ပါဘူး။ တချို့လည်း အလုပ်ပြုတ်မှာ ကြောက်ကြပါတယ်။ အဲဒီလို အားနည်းနေချိန်မှာ သူဋ္ဌေးက စာချုပ်အသစ်ကို လက်မှတ်မထိုးတဲ့သူတွေ အပြင်မှာနေပါ၊ နေ့စားခအဖြစ် ထိုင်းနိုင်ငံမှာ ပြဋ္ဌာန်းထားတဲ့ ဥပဒေအတိုင်း တရက်ကို ၁၅၁ ဘတ်ပေးမယ်၊ ကိုယ့်ဟာကိုယ် နေရမယ်၊ စာချုပ်ကို လက်မှတ်ထိုးမယ့် သူတွေကတော့ အရင်အတိုင်း နေခွင့်ပြုတယ်ဆိုပြီး ပြောလာပါတယ်။ အဲဒီမှာ လက်မှတ်မထိုးတဲ့ အလုပ်သမား ၂၉ဝ ကျော်လောက် အပြင်ရောက်သွားပါတယ်။ ဘတ်မရှိတဲ့ သူတွေကိုတော့ သူဋ္ဌေးက မောင်းထုတ်လိုက်ပါတယ်။ အဲဒီနေ့ ညနေ ၅ နာရီကျော်လောက်မှာ ဘတ်မရှိတဲ့ အလုပ်သမားတွေ ပြန်သွားရပါတယ်။
အပြင်ထွက်တဲ့ ၂၉ဝ ကျော်ထဲကလည်း ၁ဝ ယောက်လောက်က မြန်မာပြည် ပြန်သွားပါသေးတယ်။ ၂၇-၁- ၂ဝဝ၉ ရက်နေ့ကစပြီး ကျန်တဲ့သူတွေ အပြင်မှာ ကိုယ့်အစီအစဉ်နဲ့နေပြီး အလုပ်တက်ရပါတယ်။ အလုပ်တက်ရင် ကားခ အသွားအပြန် ၁ဝ ဘတ် ပေးရပါတယ်။ သူဋ္ဌေးကလည်း ညစ်ပတ်တာပေါ့။ စနေ၊ တနင်္ဂနွေဆို အပြင်က အလုပ်ဆင်းတဲ့ သူတွေကို အလုပ်ပိတ်တယ်။ လုပ်အားခတွေ ပိုပေးရမှာ စိုးတဲ့အတွက်ပါ။ အလုပ်မရှိတဲ့ရက်က များပါတယ်။ အလုပ်မရှိတဲ့ရက်ဆို အလုပ်သမား ဥပဒေအတိုင်း တနေ့ကို တနေ့တာ လုပ်အားခရဲ့ ၇၅ ရာခိုင်နှုန်း ၁၁၃ ဘတ် ပေးပါတယ်။ အဲဒီနှုန်းကလည်း ၂ဝဝ၈ မှာ ပြန်ပြင်ထားတဲ့ ဥပဒေပါ။ အရင်ကဆို တနေ့တာ လုပ်အားခရဲ့ တဝက်ပဲရပါတယ်။ သိပ်ကြာကြာ အလုပ်မဆင်းလိုက်ကြရပါဘူး။ ၂၄-၂-၂ဝဝ၉ ရက်နေ့မှာ အဲဒီအလုပ်သမား ၂၉ဝ လောက်ကို အလုပ်ဖြုတ်လိုက်တော့တာပါပဲ။ အလုပ်ဖြုတ်ကြောင်းကို အလုပ်သမတဦးက ခုလိုပြောပြပါတယ်။ ''ကျမတို့ အပြင်ကနေ အလုပ်ဆင်းနေတဲ့လူတွေကို အလုပ်ဖြုတ်လိုက်ကြောင်း စက်ရုံမှာ စာကပ်ထားပါတယ်။ တိုင်ချင်တဲ့နေရာ တိုင်နိုင်တယ်လို့လည်း ပြောတယ်။"
အဲဒါနဲ့ အပြင်မှာနေတဲ့ အလုပ်သမား ၂၉ဝ ကျော်ဟာ B.L.S.O (Burma Labor Solidarity Organization) ရဲ့ အကူအညီနဲ့ ဆဝါဒီကန်ရုံးမှာ တိုင်ချက်ဖွင့်နိုင်ခဲ့ပါတယ်။ B.L.S.O ကလည်း ဒီအမှုနဲ့ပတ်သက်ပြီး ၂၅-၂-၂ဝဝ၉ နေ့မှာ ထုတ်ပြန်ကြေညာချက် ထုတ်ပါတယ်။ အဲဒီ ကြေညာချက်တစိတ်တပိုင်းမှာ… "ထိုင်းနိုင်ငံ မဲဆောက်မြို့တွင်ရှိ အကြီးဆုံး စက်ရုံတခုဖြစ်သည့် ဟန်ထိုင်းသိုးမွှေးစက်ရုံ (HANG THAI KNITTING INDUSTRIAL Co., LTD.) မှ အလုပ်သမား အခွင့်အရေး အပြည့်အဝ ရရှိရေးအတွက် တိုက်ပွဲဝင်နေကြသည့် အလုပ်သမား ၂၉၃ ယောက်ကို အကြောင်းမရှိ ဥပဒေမဲ့စွာ ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် အလုပ်မှ ထုတ်ပစ်ခဲ့ပါသည်။ ဟန်ထိုင်းစက်ရုံမှ ကြေညာချက်တွင် ပါရှိသည့် စီးပွားရေးပြဿနာ၊ အော်ဒါပျက်ကွက်၍ ကုန်ထုတ်လုပ်ရာတွင် အခက်အခဲရှိခြင်း၊ အလုပ်သမားများ အလုပ်လုပ်ရာတွင် အရည်အသွေး မပြည့်ဝခြင်း စသည့် အကြောင်းရင်းများသည် မခိုင်လုံသော၊ တရားဥပဒေမဲ့သော အကြောင်းရင်းများသာ ဖြစ်သည်။ အဓိက အကြောင်းအရင်းမှာ အလုပ်သမားအများစုသည် နှစ်ရှည်လများ စက်ရုံ၏ ဖိနှိပ်အုပ်ချုပ်မှု၊ အလုပ်သမား အခွင့်အရေး အပြည့်အဝ မရရှိခြင်း၊ လုပ်အားခနည်းခြင်း၊ OT ကြေး မရရှိခြင်း၊ အားလပ်ရက် မရှိခြင်း၊ တနေ့တာ အလုပ်ချိန်များပြားခြင်း စသည့် အကြောင်းအရင်းများကြောင့် အလုပ်သမား အခွင့်အရေး အပြည့်အဝ ရရှိရေးအတွက် တောင်းဆိုတိုက်ပွဲဝင်နေကြသော အလုပ်သမားများသာလျှင် ဖြစ်သည်" လို့ ပါရှိပါတယ်။
၃၊ ၄ လလောက် အကြာမှာတော့ ဆဒါဒီကန်ရုံးက အမိန့်ကျလာပါတယ်။ ဆဝါဒီကန်ရုံးရဲ့ အမိန့်ကို အလုပ်သမားတဦး ပြန်ပြောပြတာက ''သူဋ္ဌေးက အလုပ်သမားတွေကို သက်ညှာတဲ့အနေနဲ့ အလုပ်ခိုင်းထားတယ်။ နေ့စားခလည်း ပေးထားလို့ လျှော်ကြေးပေးစရာမလို" လို့ ရေးထားတဲ့အကြောင်း ပြောပြပါတယ်။ ဒါနဲ့ တိုက်ပွဲဝင် အလုပ်သမားတွေ အကုန်လုံး မကျေနပ်ကြလို့ L.L.C. (Labor Law Clinic) မှာ ဆက်ပြီး တိုင်ချက်ဖွင့်ကြပါတယ်။
ခုချိန်မှာတော့ ဟန်ထိုင်းစက်ရုံဟာ အထက်က ဆန္ဒပြပွဲမှာ မပါဝင်ဘဲ ဆက်လက်လုပ်ကိုင်နေတဲ့ စက်ရုံအလုပ်သမားတွေကို လျှော်ကြေးမပေးဘဲ စက်ရုံပိတ်လိုက်ကြောင်းနဲ့ ၁ဝ-၂-၂ဝ၁ဝ နောက်ဆုံးထားပြီး စက်ရုံကနေ ထွက်ခွာပေးဖို့ ဖိအားပေးနေကြောင်း သိရပါတယ်။ စက်ရုံပိတ်လိုက်ပုံနဲ့ ပတ်သက်လို့ အဲဒီစက်ရုံမှာ လုပ်ခဲ့ဖူးတဲ့ အလုပ်သမားအရေးကို ကူညီဆောင်ရွက်ပေးနေတဲ့ ကိုဝဏ္ဏက ''သူဋ္ဌေးရဲ့ လူယုံဖြစ်တဲ့ မသင်းသင်းစိုးက ဒီစက်ရုံသူဋ္ဌေးက အခြားစက်ရုံသူဋ္ဌေးကို လွှဲလိုက်ပြီးဖြစ်လို့ ၂ဝ၁ဝ ဖေဖော်ဝါရီလ ၁ဝ ရက်နေ့ကစပြီး အလုပ်သမား အားလုံး စက်ရုံက ထွက်ခွာပေးရမယ်လို့ အလုပ်သမားအားလုံးကို ကြေညာတယ်.." လို့ ပြောပြပါတယ်။
ထိုင်းနိုင်ငံမှာတင်မကဘဲ၊ နိုင်ငံတကာမှာ ရောက်နေကြတဲ့ ကျနော်တို့ မြန်မာနိုင်ငံသူ၊ နိုင်ငံသားတွေအပြင် ကိုယ့်နိုင်ငံ၊ ကိုယ့်အစိုးရနဲ့ ကျနော်တို့ မြန်မာနိုင်ငံအတွင်းမှာ အလုပ်လုပ်နေရတဲ့သူတွေ ကိုယ်တိုင်တောင်မှ အလုပ်သမား အခွင့်အရေးတွေ အပြည့်အဝမရ၊ လုပ်ခလစာတွေ အရမ်းနည်းတဲ့အတွက် အခုရက်ပိုင်းအတွင်းမှာ ဆန္ဒပြမှုတွေ နေ့စဉ်ရက်ဆက်ဆိုသလို ဖြစ်နေတာတွေကို အင်တာနက် သတင်းတွေကတဆင့် သိရှိရတဲ့အခါ ကျနော်တို့လို အလုပ်သမား လူတန်းစားတွေအတွက် အခွင့်အရေးဆိုတာ ကိုယ်ကိုယ်တိုင် တိုက်ယူရမယ့် အရာပါလားလို့ တွေးနေမိပါတော့တယ်။
မဇ္ဈိမ၀က်ဆိုက်တွင် မတ်လ 2 ရက်၊ 2010 ခုနှစ်တွင် ဖော်ပြခဲ့သော ဆောင်းပါးအားပြန်လည်ဖော်ပြခြင်းဖြစ်ပါသည်။
Labels:
အတွေးနဲ့အရေး
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment