ဒီလက်မျိုး
မေ ၁၁၊ ၂၀၁၁
ပြောင်းပြန်စီးနေတဲ့မြစ်ပေါ် မေးတင်ရင်း
ရောင်းဝယ်ဖောက်ကား စည်ကားသယောင်ယောင်နဲ့
အပူရုပ်ကို ဟန်လုပ်နေရတဲ့မြို့။
တနယ်ဝင် တလှေထွက်
စက်ရုံအဆက်ဆက်မှာ
အပ်ချုပ်သမလေးတယောက်ရဲ့ငိုကြွေးသံနဲ့တေးသီပြီး
အပျက်အပျက်နဲ့ နှာခေါင်းသွေးထွက်နေရတဲ့မြို့။
အတူတူရှုခဲ့ဖူးတဲ့လေမှာတောင်
အောက်စီဂျင်နည်းပါးခဲ့ပြီး
လုစားယက်စား
အူယားဖားယားပရီးပရားဖြစ်နေတဲ့မြို့။
သိပ်လှပါတယ်လို့ပြောပြီး
ကြယ်စင်လှလှတွေနဲ့အိပ်မက်တဲ့ညမှာ
မိကျောင်းမျက်ရည်ဘားထဲ
မိကျောင်းမတွေ "စတား" ဖြစ်သွားတဲ့မြို့။
ပြီးတော့တခါ
မိကျောင်းက မိကျောင်းကိုပြန်မြိုတဲ့မြို့။
ဆိုင်ကယ်လေးတဖုတ်ဖုတ်
ကားလေးတ၀ီဝီ
ဝီစကီလေးတကြိုက်ကြိုက်နဲ့
လူတသိုက်ရဲ့ပရောပရီလုပ်တာကို ခံနေရတဲ့မြို့။
သောက်လေသောက်လေငတ်မပြေ
စေလိုရာမစေနိုင်တဲ့ သီပေါမင်းအတုတွေနဲ့
လက်ညှိုးညွန်ရာရေဖြစ်စေတဲ့
ခေတ်သစ်စုဘုရားလတ်တွေ
ငွေညစ်နေတဲ့မြို့။
ပျော်စရာသောင်းခြောက်ထောင်နဲ့
နင်လဲကျား ငါလဲဖား
နင်လဲဘုရင် ငါလဲသခင်ဘ၀မှာ
ကျားနဲ့သမင်ချစ်ကျွမ်းဝင်ခဲ့တဲ့မြို့။
မြွေက ဖားကို ချစ်ရေးဆိုတဲ့မြို့။
မြို့တကာ့မြို့ထဲမှာ ချစ်စရာအကောင်းဆုံးမြို့၊
အလှပဆုံးမြို့
အကြမ်းတမ်းဆုံးမြို့
ဒီလိုနဲ့တောက်တချက်ခေါက်မိတယ်
အိုဘယ့်
မဲဆောက် …။ ။
မေ ၈ရက် မနက်၂နာရီ
0 comments:
Post a Comment