ရန်ကုန်မြို့၊ ဒဂုံဆိပ်ကမ်း စက်မှုဇုံ၊ ဒေါ်ဖွားရှင်လမ်းရှိ မြန်မာဂလိုဘယ်လ် အထည်ချုပ်စက်ရုံက အခြေခံ အထည်ချုပ် လုပ်သားများအား ပေးတဲ့လစာငွေဟာ လက်ရှိ မြန်မာနိုင်ငံရဲ့ စီးပွားရေး အခြေအနေနဲ့ နှိုင်းယှဉ်ရင် နည်းပါးနေပြီး အလုပ်သမားအခွင့်အရေးများ ဆုံးရှုံးနေကြောင်း ယနေ့မြန်မာက စုံစမ်း သိရှိရပါတယ်။
အခုလို အလုပ်သမား အခွင့်အရေး ဆုံးရှုံးနေခြင်းနဲ့ ပတ်သက်ပြီး ဖြစ်စေချင်တဲ့ ပြောင်းလဲမှု၊ လက်ရှိ အလုပ်သမားများရဲ့ အခြေအနေကိုစက်ချုပ်အလုပ်သမားတဦးအား မေးမြန်းရာ “စက်ရုံက အလုပ်ချိန်လည်း နည်းစေချင်တယ်။ ထမင်းစားချိန် ၄၅ မိနစ် ပေးထားရတာလည်းသိတ် မကြိုက်ဘူးပေါ့ နော်။ ထမင်းဖိုးကလည်း နှစ်ရာလောက် ရစေချင်တယ်။ အခုက ထမင်းဖိုးက တရာပဲ ရတာလေ။ ပေးတဲ့အခြေခံလစာက နည်းထားတယ်။ အနည်းဆုံး လခရတဲ့ အလုပ်သမား တယောက်က တလလုံး ပျက်ရက်မရှိ အလုပ်ဆင်းနိုင်မှ သုံးသောင်းခုနှစ်ထောင် (ကျပ် ၃၇,၀၀၀ (အမေရိကန်ဒေါ်လာ ၄၀ ကျော်)) ရတာ။ အလုပ်သမားတယောက်က ကိုးနှစ်လောက် လုပ်လည်း အမြဲတမ်း အလုပ်သမားတယောက် မဖြစ်သေးဘူး ပေါ့နော်။ နေ့စားလရှင်း သတ်မှတ်ပေးထားတာပေါ့။
ကျန်းမာရေးနဲ့ ပတ်သက်ပြီး ပြောရရင် အိမ်သာတွေ ဆိုရင်လည်း ပျက်စီးသွားရင် ချက်ခြင်း ပြင် မပေးဘူး။ အဲဒီ အိမ်သာကို ပိတ်ထားတယ်။အဲဒီတော့ ကျန်တဲ့ အိမ်သာကို အလုပ်သမားတွေက များတော့ တိုးဝှေ့ပြီး သုံးရတယ်။ စက်ရုံအနေအထားကလည်း ကျန်းမာရေးနဲ့ သိတ်မညီညွတ်ဘူး။ အပူချိန် အရမ်းများတယ်။ လေ၀င်လေထွက် မကောင်းဘူး။ အလုပ်ချိန် အရမ်းများတယ်။ အလုပ်သမားတွေရဲ့အကျိုးခံစားခွင့်နဲ့ ပတ်သက်ပြီး အလုပ်သမားအချင်းချင်း အကူအညီပေးရင် မကြိုက်နှစ်သက်တဲ့ပုံစံမျိုး ရှိတယ်။ မိဘတွေ၊ ဆွေမျိုးသားချင်းတွေ ကွယ်လွန်တဲ့အခါ ခွင့်ပေးတာမျိုး တွေ မရှိဘူး။ မိဘတွေ ကွယ်လွန်တဲ့အခါတော့ နာရေးကူညီငွေအဖြစ် ငါးထောင်တော့ပေးတယ်။ ခွင့်ယူရင်၊ ခွင့် တိုင် တိုင် ၊ မတိုင်တိုင် ရက်ပျက်တယ်လို့ သတ်မှတ်ပြီး လခထဲက ဖြတ်တယ်။
စက်ချုပ်အလုပ်သမားတယောက်ဆိုရင် တယောက်ရဲ့ တနာရီ၊ တနေ့ စံချိန်နဲ့ မလုပ်ရဘူး။ နင်းကန်ပြီး ခိုင်းတယ်။ အလုပ်ကြပ် (Supervisor)ကနေတဆင့် ကလေးတွေကို အရမ်း ထိမ်းချုပ်ပြီး မတန်တဆ အထည်ထွက်အောင် ခိုင်းတယ်။ ပြီးတော့ ကိုရီးယားနိုင်ငံသား စက်ရုံကိုကြီးကြပ်တဲ့ မစ္စတာဂင်းဆိုတဲ့သူက မတောက်တခေါက် မြန်မာစကားနဲ့ အလုပ်သမားတွေကို နင်းကန် ပြောတယ်။ ဆဲဆိုတာ၊နှိပ်ကွပ်တဲ့စကားမျိုး ပြောတာ ရှိတယ်။ အမှုဆောင် ဒါရိုက်တာ ဆိုတာကလည်း အလုပ်သမားတွေ ဖြစ်ပျက်နေတာကို ဘာမှ မသိဘူး။
ကျန်းမာရေး မကောင်းဘူးဆိုရင် အလုပ်သမားရုံး၊ လူမှုဖူလုံရေးရုံးက စာရွက်စာတမ်းပါမှ ခွင့်ပေးတယ်။ အဲဒီ အခွင့်အရေးကလည်းနားလည်မှ ရတာ။ စက်ရုံတာဝန်ရှိသူတွေက လုပ်ပေးတယ်ဆိုတာ မရှိဘူး။ တချို့ဆို အဲဒီ အခွင့်အရေးကို နားမလည်လို့ အလုပ်ကထွက်သွားရတာတွေ ရှိတယ်။ အလုပ်သမားတွေ အချိန်ပိုလုပ်ခ နှစ်ထောင်ဆိုတာကလည်း ၂၀၀၉ ခုနှစ်ကမှ ပေးတာပေါ့ နော်။ အရင့်အရင်နှစ်တွေကဆိုရင် အချိန်ပိုလုပ်ခကို လခထဲမှာ ထည့်ပေးတယ်ဆိုတာကိုပဲ သိရတယ်။ အလုပ်သမားအချင်းချင်း အဆင်ပြေတဲ့သူကိုလခတိုးပေးတယ်။ အဆင်မပြေတဲ့သူကို တိုး မပေးဘူး။ ခွဲခြား ဆက်ဆံမှုတွေ ရှိတယ်။
အလုပ်သမားပေါင်း နှစ်ထောင်ခန့် အလုပ်လုပ်ကိုင်နေကြပါတယ်။ သမီးတို့ မနက် ၇ နာရီခွဲကနေ ည ၈ နာရီ ၁၅ မိနစ်အထိအလုပ်လုပ်ရပါတယ်။ အလုပ်လုပ်ချိန် ၁၂ နာရီ ရှိပါတယ်။ ထမင်းစားချိန် ၄၅ မိနစ်ကို အလုပ်ချိန်ထဲက မပေးထားပါဘူး။ မနက် ၇ နာရီခွဲမှာ အလုပ် စဆင်းပြီး နေ့လည် ၁၂ နာရီကို ထမင်းစား ဆင်းပါတယ်။ နေ့လည် ၁၂ နာရီ ၄၅ မိနစ်မှာ ထမင်းစားချိန်ပြီးသွားတယ်။ ည ၈ နာရီ ၁၅ မိနစ်အထိ အလုပ် ဆက် လုပ်ရတယ်။ အလုပ်တက်ချိန် ဘဲလ် တီးတာဆိုရင် မနက် ၇ နာရီခွဲကို အလုပ်ဆင်းဖို့ ဆိုပေမယ့် ၇ နာရီမခွဲခင် ၅မိနစ်မှာ ဘဲလ်ကို ကြို တီးတယ်။ ဘဲလ်တီးတာကို ကိုရီးယားလူမျိုး မစ္စတာ ဂင်း ချုပ်ကိုင်ထားတာ။ လုပ်ငန်းက ကိုရီးယားနဲ့ မြန်မာနဲ့ ဖက်စက်လုပ်တာ။ မစ္စတာဂင်းက အလုပ်ရုံကို ကြီးကြပ်တာပေါ့။ စက်ရုံတရုံလုံးမှာ ကိုရီးယားက ၄ ယောက် ရှိတယ်။ စက်ချုပ်တဲ့ဘက်၊ အ၀တ်လျှော်တဲ့ ဘက်၊ ရုံးလုပ်ငန်းလုပ်တဲ့သူ ကိုရီးယားတွေလည်း ရှိတယ်။“ လို့ ပြောပြပါတယ်။
အခြား အလုပ်သမားတဦးကလည်း “ကျွန်တော်တို့ရဲ့ အခြေခံလစာကို တွက်လို့ မရဘူး။ ဘယ်လိုလဲဆိုတော့ ရက်ပျက်မရှိရင် တလကိုသုံးသောင်း ခုနှစ်ထောင် ရတယ်။ ရက်ပျက်ရင် ရက်မှန်ကြေး၊ ထမင်းစရိတ်၊ အပိုကြေးတွေ အကုန် နှုတ်ပစ်တယ်။ တရက်ပျက်တယ်ဆိုရင်အပိုကြေး ခြောက်ထောင်ထဲက နှစ်ထောင်ကို ဖြတ်ပစ်လိုက်တယ်။ လုပ်သက် ဆယ်နှစ်လောက်ရှိလည်း နေ့စားလိုပဲ သဘောထားတယ်။ကျွန်တော်တို့က ရက်ပျက်တယ်ဆိုရင်လည်း ခွင့်ပေးစေချင်တာပေါ့။ မစ္စတာဂင်းက မိုက်ရိုင်းတယ် ဗျ။ တခါတလေ မြန်မာလို ဆဲတယ်။အလုပ်သမားအများစုက သူ့ကို မကြေနပ်ဘူး။
အလုပ်သမားအချင်းချင်း အလုပ်သမားအခွင့်အရေးနဲ့ ပတ်သက်ပြီး တိုင်ပင်ရင် သူက မကြိုက်ဘူး။ အလုပ်သမား အခွင့်အရေးနဲ့ ပတ်သက်ပြီးအလုပ်သမားရုံးကို ဘယ်လို တင်ပြရမှန်း မသိအောင် ဖြစ်နေတယ်။ စက်ရုံအရာရှိတွေက မြန်မာတွေပါ။ အထူးသဖြင့် မန်နေဂျင်းဒါရိုက်တာဒေါ်မီမီခိုင်ဆိုရင် ကိုယ့်မြန်မာတွေဘက်က မရပ်တည်ဘဲနဲ့ နှိပ်ကွပ်တယ် ပေါ့ဗျာ။“ လို့လည်း စက်ရုံရဲ့ အခြေအနေမှန်ကို ရှင်းပြပါတယ်။
မြန်မာပြည်တွင် အထည်ချုပ်စက်ရုံများစွာ ရှိပြီး ၁၉၉၀ လွန်နှစ်များက စတင် လုပ်ကိုင်လျက် ရှိပါတယ်။ စတင် ဖွင့်လှစ်စဉ်အလုပ်သမားများရဲ့ အခြေခံလစာကို အမေရိကန်ဒေါ်လာတရာခန့်အထိ ပေးရန် ညှိနှိုင်းမှုတွေ ရှိခဲ့ပေမယ့် မြန်မာအာဏာပိုင်များဘက်ကအလုပ်သမားခများကို ဈေးနှိမ်ခဲ့ရာက အစပြုကာ အခုချိန်အထိ အခြေခံအလုပ်သမားများ ဟာ အလုပ်သမား အခွင့်အရေးအားလုံးနီးပါးဆုံးရှုံးကာ အလုပ်လုပ်ကိုင်နေကြရပါတယ်။
အခြေခံ စက်ချုပ် လုပ်သားများဟာ တနေ့ကို အလုပ်လုပ်ချိန် ၁၂ နာရီနဲ့ တပတ်ကို ၆ ရက်၊ စုစုပေါင်း အလုပ်လုပ်ချိန် ၇၂ နာရီကြာအောင်အလုပ်လုပ်ကြမှာသာ တလကို မြန်မာကျပ်ငွေ လေးသောင်းခန့်သာ ရရှိကြပါတယ်။ ရန်ကုန်နေ သာမာန်အိမ်ထောင်စု တစုရဲ့တလကုန်ကျစရိတ်ဟာ အနည်းဆုံး ကျပ်တသိန်းမှ နှစ်သိန်းကျော်အထိ ရှိတာမို့ အထည်ချုပ် စက်ရုံ အခြေခံဝန်ထမ်းများဟာ အသက်ရှင်ရပ်တည်ဖို့အတွက် ကြပ်ကြပ်တည်းတည်း ရုန်းကန်နေကြရပါတယ်။
burmatoday မှထပ်မံကူးယူဖော်ပြပါသည်၊
0 comments:
Post a Comment